အပိုင်း ၃၇
Viewers 13k


Chapter 37



ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ထွက်သွားပြီးသည့်နောက်တွင် မြွေလေးများမှာ ပုံမှန်အနေအထားသို့ ပြန်မရောက်ခင် သုံးရက်ခန့်သာ စိတ်ဓာတ်ကျဆင်းခဲ့ကြသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ထွက်ခွာမှုမှာ ကောင်းသည်ဟူ၍ပင် စတင်ခံစားလာမိကြသည်။ ဥပမာအနေဖြင့် ဆိုရလျှင် မှောင်လာသည့်အချိန်မှ အိမ်ပြန်နိုင်ခြင်း၊ ညနေခင်းတွင် အိပ်ရာဝင်ရန်မလိုခြင်းနှင့် နေ့ခင်းအချိန်တွင် အိပ်စက်နိုင်ခြင်းတို့ပင်။ ကန့်သတ်ချုပ်ချယ်မှုများ မရှိတော့သည့်နောက်တွင် မြွေလေးများမှာ ချိုမြိန်မှုကို သိရှိလာကြပြီး ဝမ်းနည်းကြေကွဲမှုများလည်း မခံစားရတော့ချေ။

ဤသည်မှာ မြွေများ၏ ပင်ကိုဗီဇလက္ခဏာများ ဖြစ်မည်ဟု ယင်ရှောင်ရှောင်း ခံစားမိသည်။ ဤတောင်တန်းရှိ မြွေပွေးများမှာ သာမန်မြွေများ မဟုတ်ကြသော်လည်းပဲ သွေးအေးသတ္တဝါများ ဖြစ်နေဆဲပင်။ ခွဲခွာမှုကြောင့် ဝမ်းနည်းရသော်လည်း ဘဝတစ်လျှောက်လုံးအတွက် မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ခွဲခွာရခြင်းမှာ ပြန်လည်ဆုံတွေ့ဖို့ရန်သာ ဖြစ်သည်။ မြွေများ၏ စိတ်ခံစားမှုမှာ ထိုသို့ဖြစ်နိုင်သည်။ ဤဒေသတစ်ဝိုက်တွင် သူတို့အနေဖြင့် မည်သည့်ဘေးဒုက္ခမှတွေ့ကြုံရမည် မဟုတ်သော်လည်း ထွက်ခွာရန်လည်း မဖြစ်နိုင်သေးချေ။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ထွက်ခွာမှုမှာလည်း ခရီးရှည်တစ်ခုနှင့် တူလေသည်။ အဝေးသို့ ထွက်ခွာသွားသည့်တိုင် ပြန်လည်ဆုံတွေ့နိုင်သေးသည်။ ဤသည်မှတဆင့် မြွေများ၏ အံ့ဩဖွယ်ရာ စွမ်းရည်တစ်ခုအား ဖော်ပြရဦးမည်ဖြစ်သည်။ မြွေများအား သွေး သို့မဟုတ် ‌တူယှဉ်တွဲပေါင်းဖက်ခြင်းဖြင့် စပ်ယှက်ထားလေသည်။ မြွေများအကြားတွင် ရှင်းပြ၍မရနိုင်သည့် အာရုံသိစိတ်တစ်ခု ရှိပြီး နေရာအနီးအဝေးပေါ်လိုက်၍ ကွာခြားမှုရှိသည်။ အထူးသဖြင့် မြွေတစ်ကောင်ထံတွင် အန္တရာယ်နှင့် ကြုံလာမည်ဆိုပါက ထိုအာရုံသိစိတ်မှာလည်း ပို၍တုံ့ပြန်လာပေမည်။ ထိုမှတဆင့် မိသားစုဝင် သို့မဟုတ် လက်တွဲဖော်အနေဖြင့် ထိုအာရုံသိစိတ်မှတဆင့် အလျင်အမြန်သွားရောက် ကူညီနိုင်ပေမည်။

ထိုဖြစ်စဉ်အား ယင်ရှောင်ရှောင်း သိရှိပြီးနောက်တွင် သူ၏စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် ပထမဆုံးသော အတွေးမှာ ‘နောက်ပိုင်း အသုံးဝင်လာနိုင်တယ်’ ဟူ၍ပင်။

အခြားမြွေလေးများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယင်ရှောင်ရှောင်းမှာ တစ်ရက်ပိုကာ ဝမ်းနည်းမိသည်ဟု ဆိုရမည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် အချိန်အတော်ကြာ ဆက်လက်ဝမ်းနည်းနေဦးမည်ဆိုလျှင် စိတ်ဓာတ်ကျဆင်းလာနိုင်သည်။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ခွဲခွာမှုအပြီးတွင် မြွေလေးများမှာ တောင်တစ်ဝိုက် လှည့်လည်သွားလာခြင်းအား စတင်တော့သည်။ သူတို့မှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ မှာကြားခြင်း မရှိလျှင်ပင် ထိုသို့ပြုလုပ်ကြမည်သာ။ မြွေများမှာ ဂူထဲတွင်သာနေခြင်း သို့တည်းမဟုတ် နေပူဆာလှုံခြင်းတို့သာ ထာဝရ ပြုလုပ်နေမည် မဟုတ်ပေ။ ကလေးများမှာ အမြဲလိုလို စူးစမ်းလိုစိတ်ရှိပြီး စွမ်းအင်အပြည့်အဝနှင့် ဖြစ်ကြသည့်အပြင် ယခုအခါတွင် အုပ်ထိန်းသူများပါ မရှိတော့သဖြင့် ဂူထဲ၌သာ ရက်ပေါင်းများစွာ ခွေနေကြမည် မဟုတ်ပါ။

ယင်ရှောင်ရှောင်းမှာ ပျင်းရိခြင်းနှင့် နေလောင်ဒဏ်ခံမရသည့် ခန္ဓာကိုယ်တို့ကြောင့် ဂူနှင့်သိပ်ဝေးဝေး မသွားနိုင်ချေ။ ကနဦးတွင် အဖွဲ့လိုက် သွားလာခဲ့သော်လည်း ကြာလာသည်နှင့်အမျှ ဂူထဲမှ ထွက်သွားလိုစိတ် မရှိတော့ချေ။ အပြင်သို့ထွက်ရန် ဖိအားပေးခဲ့ကြသေးသည်။

ယင်ရှောင်ရှောင်း၏ ဘဝလေးမှာ ရိုးရှင်းပြီး အမှန်တကယ် ကောင်းမွန်လှသည်။ သုံး၊လေးရက်တစ်ကြိမ် အစာရှာထွက်တတ်ပြီး ဖားများ၊ ငှက်ဥများကို ဖမ်းယူကာ ဟေးအာပန်တို့ဆီသို့သွား၍ မီးဖိုမည်ဖြစ်သည်။ သူ့အနေဖြင့် တစ်ကိုယ်တည်း မီးဖိုရန် မဖြစ်နိုင်ချေ။ လုရှောင်ဟွမ်နှင့် စကားစမြည် ပြောဆိုပြီးနောက် မှောင်ရီပျိုးချိန်တွင် ဂူသို့ပြန်ကာ အိပ်စက်မည်။ တစ်ချိန်တည်းမှာပင် ကျန်မြွေလေးများလည်း ပြန်လာကြပေမည်။

အချိန်ကြာလာသည့်အခါတွင် ယင်ရှောင်ရှောင်းမှတစ်ပါး အဖွဲ့ငယ်လေးများ ကွဲလာလေသည်။ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ သူတို့သာလျှင် သိနိုင်သည့်နေရာသို့ သွားကြသည်။ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့အတွက် ထိုသို့ထွက်သွားပြီးလျှင် တစ်ပတ် ဆယ်ရက်တိုင်သည်အထိ ပြန်မလာတတ်ကြချေ။ ဟွားရှောင်ဝူမှာလည်း ဟုန်မြွေမလေးအား သဘောကျမိသည်ကြောင့် အိမ်တွင်နေ့တိုင်းမရှိပေ။ ထိုသည်မှာလည်း ထူးဆန်းလှသည် မဟုတ်ချေ။ တစ်ချိန်တည်းမှာပင် ယင်ရှောင်စစ်သည်လည်း လန်ယိယိတို့ မိသားစုမှ လန်စန်းစန်းနှင့် ဘာလိုလို ညာလိုလိုပင်။ ယင်ရှောင်ယိသည်သာ ညနေခင်းတိုင်းတွင် ဂူသို့ပြန်လာကာ ယင်ရှောင်ရှောင်းအား အဖော်ပြုပေးတတ်သည်။

အမှန်အတိုင်း ဆိုရလျှင် ယင်ရှောင်ရှောင်းစိတ်ထဲ၌ မသက်မသာဖြစ်မိသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ကဲ့သို့ မြွေလေးများလည်း ထွက်ခွာသွားကြမည်ကို သိထားခဲ့ပါသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ထွက်ခွာသွားပြီး မကြာမီတွင် သူတို့ ညီအစ်ကိုများမှာ ကိုယ့်လမ်းကိုယ် လျှောက်ကြရတော့မည်ကိုလည်း သိရှိထားပြီးသား ဖြစ်ပါသည်။ ဤအခြင်းအရာအား လန်ယိယိတို့ မိသားစုထံတွင် မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း သိရှိထားခြင်းနှင့် ကိုယ်တိုင် ကြုံတွေ့ခံစားရခြင်းတို့မှာ မတူညီကြပါ။ ယင်ရှောင်ရှောင်း အလွန်ဝမ်းနည်းခဲ့သော်လည်း အလျင်အမြန် သက်သာလာခဲ့သည်။ သူတို့မှာ ညီအစ်ကိုများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် ဘဝသက်ဆုံးတိုင်အထိ အတူနေသွားဖို့ရန်မှာ မဖြစ်နိုင်ပေ။ အဆုံးတွင် ယင်ရှောင်ရှောင်း နားလည်သဘောပေါက်လာသည်။ ထိုသည်မှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှ သူတို့အား အလျင်အမြန် လက်တွဲဖော်ကိုယ်စီ ရှာဖွေစေလိုသည့် အကြောင်းအရင်း ဖြစ်ပေလိမ့်မည်။ သူတို့အား မျိုးဆက်သစ် မွေးဖွားစေလိုသောကြောင့် မဟုတ်ဘဲ အထီးမကျန်စေလိုခြင်းကြောင့် ဖြစ်သည်။

ယင်ရှောင်ယိ ယင်ရှောင်ရှောင်းအား လဝက်ခန့် အဖော်ပြုပြီးသည့်နောက်တွင် ယင်ရှောင်ယိအား ပြောလိုက်သည်။

“တကောလည်း ဟိုဟိုဒီဒီ လျှောက်သွားလေ.. သားဘာသာသား ကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်..”

ယင်ရှောင်ယိ အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်ပြီးနောက် သဘောတူလိုက်သည်။

ထို့နောက်တွင် ယင်ရှောင်ယိသည်လည်း ရံဖန်ရံခါသာ ပြန်လာတတ်တော့သည်။

ထိုသို့သော ပုံမှန်အဖြစ်အပျက်လေးများမှာပင် ယင်ရှောင်ရှောင်းမှာ အလွန်စိတ်ထိခိုက်ကြေကွဲနေရသည်။ ယင်ရှောင်ယိလည်း ထွက်ခွာသွားပြီ ဖြစ်သဖြင့် သူတစ်ကောင်တည်းသာ ဂူကြီးထဲ၌ ကျန်ရစ်ခဲ့တော့သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းထံ၌ ဝမ်းနည်းကြေကွဲအထီးကျန်နေဖို့ရန် အချိန်မရှိချေ။ သူ့ထံသို့ မကြာခဏ ထပ်ကာထပ်ကာ လာရောက်လည်ပတ်ပြီး သောကများပေးနေသည့် မြွေတစ်ကောင် ရှိလာခြင်းကြောင့်ပင်။

ထိုမကြာခဏ ထပ်ကာထပ်ကာ လာရောက်နေသည့်မြွေမှာ လန်ယိယိပင် ဖြစ်သည်။

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ ထွက်ခွာသွားကြပြီး ကျန်မြွေလေးများလည်း ထွက်ခွာသွားပြီဖြစ်သည်။ အရေးအကြီးဆုံးမှာ ရှောင်ရှောင်းနှင့်သူ့အား ဆက်သွယ်နိုင်ခြင်းမရှိအောင် တားဆီးပိတ်ပင်နေသည့် အနှောင့််အယှက်ကောင်လည်း ထွက်သွားပြီဖြစ်သည်။ ထို့ကြောင့် ရှောင်ရှောင်းထံသို့ လာရောက်ရန် တားဆီးမည့် အကြောင်းအရင်းလည်း မရှိတော့ချေ။

“ရှောင်ရှောင်းရေ.. ဒီနေ့ ချောင်းကမ်းဘေးကိုသွားကြမယ်လေ... ဟုတ်ပြီလား..”

ထိုအသံအား ကြားလိုက်ရသည်နှင့် ယင်ရှောင်ရှောင်းမှာ ခေါင်းကိုက်လာတော့သည်။ မနက်ခင်း စောစောသာလျှင် ရှိနေသေးပြီး ယခုလေးတွင်မှ သူနိုးလာခြင်းဖြစ်သော်လည်း ထိုသတ္တဝါ လန်ယိယိမှာ ထိုသို့မေးလာနေသည်။

ယင်ရှောင်ရှောင်း အသိစိတ် အပြည့်အဝ ရလာသည့်အချိန်တွင် လန်ယိယိမှာ ယင်ရှောင်ရှောင်းရှေ့သို့ပင် ရောက်နေလေပြီ။ ထိုမျက်လုံးတစ်စုံ၏ တောက်ပမှုမှာ ယင်ရှောင်ရှောင်းအား မျက်စိကန်းသွားဖို့ရန်ပင် လုံလောက်သည်။ ယင်ရှောင်ရှောင်း နောက်သို့အနည်းငယ် ဆုတ်လိုက်သည်။ လန်ယိယိသည်လည်း လိုက်ပါကာ နှစ်ကောင်ကြားရှိ အကွာအဝေးကို ထိန်းသိမ်းထားလေသည်။

“ငါမသွားချင်ဘူး..”

“အာ.. အဲဒါဆို ငှက်ဥတွေ သွားရှာရင်ကော..”

“မသွားဘူး..”

“ဒါဆို ဟိုနားဒီနား လမ်းလျှောက်ရင်ကော.. ရှောင်ရှောင်းရေ.. မင်းက ဒီဂူကနေ ခပ်ဝေးဝေးကို သွားဖူးမှာမဟုတ်ဘူး ဟုတ်တယ်မလား..”

“ငါမင်းကို မကြိုက်ဘူးလို့ ပြောထားပြီးသားနော် လန်ယိယိ..”

ယင်ရှောင်ရှောင်းမှာ လွန်ခဲ့သည့် ရက်ပိုင်းမှစတင်ကာ ထိုအခြေအနေအား ထပ်ကာထပ်ကာ ကြုံတွေ့နေရသည်။ ထို့နောက် လန်ယိယိ ပြောလာမည့် စကားအားလည်း သူသိနေပြီးသားပင်။ မျှော်လင့်ထားသလိုပင် _

“ငါသိပါတယ်.. သိပါတယ်.. ရှောင်ရှောင်းက ငါ့ကို အခုမကြိုက်သေးပေမဲ့လည်း နောက်ပိုင်းကျ သဘောကျမလာဘူးလို့ မဆိုလိုဘူးလေ.. အခုတော့ သေသေချာချာလေး ကြိုးစားပြီး ရှောင်ရှောင်း သဘောကျလာအောင် လုပ်မှာပဲ..”

ယင်ရှောင်ရှောင်း ရှုံးနိမ့်သွားရသည်။ သူ့ဦးနှောက်မှာ ‘ဖုတ်’ခနဲ အသံမြည်အောင် ကြမ်းပေါ်သို့ ပြုတ်ကျသွားပြီး အသက်မဲ့နေသည့် မျက်လုံးများမှာလည်း ငေးငိုင်နေကာ နားများမှာလည်း လန်ယိယိ၏ ကျွတ်ကျွတ်ညံသည့်အသံများကိုသာ ကြားနေရသည်။

မင်းဘယ်တုန်းက အဲလောက်တောင် စကားများလာတာတုန်း..

ထိုသို့ဖြင့် တစ်ရက်ကုန်လွန်သွားပြန်သည်။ အပြင်ဘက်တွင်မှောင်လာသည်ကို မြင်သည့်အခါ လန်ယိယိမှာ ယင်ရှောင်ရှောင်းနံဘေးသို့ ကပ်ကာဖြင့် ခွင့်တောင်းလေသည်။

“ရှောင်ရှောင်းရေ.. ဒီနေ့ ငါမင်းကို ဒီဂူထဲမှာ အဖော်လုပ်ပေးရမလားဟင်..”

ယင်ရှောင်ရှောင်းမှာ ဆံပင်များပင်ထောင်လာသည်။ (မရှိပေမဲ့ပေါ့ :3)

“လုံးဝမရဘူး.. မင်းဒီည ဒီမှာနေ့လိုက်တာနေ့ နောက်နေ့တွေ လာစရာမလိုတော့ဘူးနော်..”

‘ဒီလောက်တောင် စကားများတာကို ဒီမှာနေချင်နေသေးတာလား.. မင်းနဲ့ အဲလောက်ကြီးလည်း ရင်းနှီးမနေဘူးနော်.. အခွင့်အရေး လာယူချင်နေသေးတာလား..’

ယင်ရှောင်ရှောင်း စိတ်ထဲ၌ ကြုံးဝါးနေသည်။

အဟွတ် အဟွတ်.. ရှောင်ရှောင်းရေ.. မင်းအသက်အရွယ်နဲ့ မတွေးသင့်သေးတာတွေ တွေးနေပုံပဲနော်.. အရွယ်တောင်မရောက်သေးဘူးလေ ရှောင်ရှောင်းရဲ့.. စိတ်အခြေအနေကော အဆင်ပြေ‌နေရဲ့လား..

လန်ယိယိမှာ ထိုအဖြေကြောင့် စိတ်ကျေနပ်ခြင်းမရှိသော်ငြား သူလုပ်နိုင်သည့်အရာ ဘာမှမရှိချေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ထွက်သွားရတော့သည်။

ယင်ရှောင်ရှောင်းမှာ လန်ယိယိ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည့်တိုင် စောင့်နေလေသည်။ ထို့နောက်တွင် လန်ယိယိ၏ ဆန့်ကျင်ဘက်အား ချက်ချင်းလှည့်ထွက်သွားသည်။

ယင်ရှောင်ရှောင်းမှာ ဤသို့ဆုံးဖြတ်ထားလေသည်။

အဲဒီလန်ယိယိက အတော်လေး လွန်နေပြီဆိုတော့ ပုန်းနေလိုက်ရမလား..

ထိုညတွင် ယင်ရှောင်ရှောင်း အိမ်မှထွက်ကာ အလျင်စလို ပြန်မလာပါဟု စိတ်ထဲ၌ ကျိန်ဆိုလိုက်သည်။

နေပူဒဏ်မခံနိုင်တော့ ဘာဖြစ်လဲ.. မြွေတွေက နေ့ဘက်မှာပဲ သွားလာရမယ်လို့ မဆိုလိုဘူးနော်.. ညဘက်မှာ မြန်မြန်လေးသွားပြီး နေ့ခင်းကျ အိပ်ပစ်လိုက်မှာပေါ့.. (*˘︶˘*).。*♡

နောက်တစ်နေ့နံနက်တွင် ပျော်ရွှင်တက်ကြွကာ မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်နှင့် ရောက်ရှိလာမည့် လန်ယိယိ၏ စိတ်ရှုပ်ထွေးနေသော မျက်နှာအား စိတ်ကူးကြည့်ပါလေ..။

ယင်ရှောင်ရှောင်း သွားသည်။ သွားပြီးရင်း သွားပြီးရင်း ဆက်သွားနေသည်။ ရောင်နီပျိူးလာသည့်အချိန်တွင် အိပ်စက်ရန် နေရာရှာသင့်ပြီဟု ခံစားမိသည်။ ယင်ရှောင်ရှောင်းမှာ သူတို့အိမ်နှင့် တူညီသည့် ဂူတစ်ခုအား ရှာဖွေလိုခဲ့သည်။ ကြီးမားကာ အေးမြသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ အလျင်အမြန်ပင် သူ၏ အရူးထမှုအား သဘောပေါက်မိသွားသည်။ ဝန်ခံဖို့ရန် မသင့်သော်လည်း ယခုသူက ထွက်ပြေးနေခြင်းပင်။

ဘာတွေမျှော်လင့်နေမိတာလဲ..
ညဘက် ခရီးမဆက်ခင် နေ့အချိန်တွင် အနားယူဖို့ရန် နေရာတစ်ခုသာ ရှာဖွေရပေမည်။ ယင်ရှောင်ရှောင်းမှာ အကြောင်းပြချက်များ ပေးနေခြင်းပင်။ အကြောင်းမှာ ထိုသို့သောဂူအား ရှာဖွေရန်မှာ အလွန်ခက်ခဲသောကြောင့်ပင်။ သူ့အနေဖြင့် ထိုအကြောင်းအား မေ့ပစ်လိုက်သင့်သည်။

ယင်ရှောင်ရှောင်း၏ လိုအင်ဆန္ဒများ လျော့နည်းသွားသော်လည်း အတော်အသင့်ကောင်းမွန်သည့် ဂူတစ်လုံးရှာရန် နာရီပေါင်းများစွာ ကုန်ဆုံးခဲ့ရသည်။ ထိုဂူအဝမှာ သိပ်မကျယ်လှဘဲ အချင်း ၁ မီတာခန့်သာရှိပြီး မည်မျှနက်ကြောင်း မသိရပေ။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ဂူထဲသို့ဝင်ကာ ရှာဖွေမည် မဟုတ်ပေ။ နေ့အချိန်တွင်သာ ခေတ္တအနားယူမည် ဖြစ်သည်။ ဂူအဝတွင် နေရုံနှင့်သာ လုံလောက်ပေသည်။ ထိုသို့ဖြင့် စိတ်သက်သာရာရပြီးနောက် အိပ်စက်ရန် လဲလျောင်းလိုက်တော့သည်။

ယင်ရှောင်ရှောင်း မသိလိုက်သည်မှာ သူဂူထဲသို့ ဝင်လာသည့်အချိန်မှာပင် ဂူအတွင်း၌ အိပ်ပျော်နေသည့် မြွေတစ်ကောင်မှာလည်း နိုးလာလေသည်။ အမှောင်ထဲတွင် ထိုသွေးနီရောင်မျက်လုံးများမှာ တလက်လက်တောက်ပလို့နေသည်။ ထိုမြွေ၏ ပါးစပ်တွင် ရက်စက်သည့်အပြုံးတစ်ခု ချိတ်ဆွဲလျက်ရှိပြီး ဂူထဲမှ တဖြည်းဖြည်း ထွက်လာလေသည်။ ဂူအဝတွင်အိပ်နေသည့် ယင်ရှောင်ရှောင်းအား မြင်သည့်အခါ ထိုမြွေမှာ ကြောက်အစွာ ကြည့်နေမိသည်။ ရေခဲတမျှအေးစက်သည့် မျက်လုံးများမှာလည်း ချက်ချင်းဆိုသလို နူးညံ့ပျော့ပျောင်းသွားလေပြီး နှုတ်ခမ်းထောင့်များသည်လည်း ပျော့ညံ့သွားသည်။ ထိုမြွေသည် ယင်ရှောင်ရှောင်းထံ တိုးကပ်သွားပြီး ယင်ရှောင်ရှောင်း၏ အသွင်ပြင်အား သေသေချာချာကြည့်ကာ ကျေနပ်စွာဖြင့် ကြီးမားသည့် မြွေခေါင်းကြီးအား ညိတ်လိုက်သည်။

ကံကြမ္မာမှလွဲ မည်သည်ဟု ဆိုနိုင်ဦးမည်နည်း။ အလွန်ကြာညောင်းသည့် အနာဂတ်ထိတိုင် ယင်ရှောင်ရှောင်းမှာ ဤနေ့၏ အသိဉာဏ်မဲ့စွာ ရွေးချယ်ခဲ့မိသည့် ဂူအကြောင်းအား နောင်တရနေပေလိမ့်မည်။ ရှေ့ဆက်သွားမည်ဆိုလျှင် သူ့အနေဖြင့် များပြားသည့် ရွေးချယ်စရာများအား တွေ့ရမည် ဖြစ်သော်လည်း မည်သည်ကြောင့် ထိုမြွေနေထိုင်သည့်ဂူအား ရွေးချယ်မိခဲ့ရသနည်း။

စာရှုသူများမှာလည်း သေချာပေါက် သိနှင့်ပြီးဖြစ်မည်ဟု ထင်ပါသည်။ ထို ‘မြွေ’ မှာ ကျွန်ုပ်တို့၏ မော့လောင်တ ပင်။ ဆယ်နှစ်ကြာညောင်းပြီးနောက် အရွယ်ရောက်ကြီးပြင်းရန် ၂ နှစ်ခန့် လိုနေသေးသည့်တိုင် မော့လောင်တမှာ ယင်ရှောင်ရှောင်းနှင့် ပြန်လည်ဆုံစည်းခဲ့ရလေပြီ။

ယင်ရှောင်ရှောင်း‌ ကောင်းမွန်စွာ အိပ်စက်ခဲ့ရပြီး နိုးလာသည့်အချိန်တွင် နေတစ်ဝက်ခန့်ပင် ဝင်လုပြီ ဖြစ်သည်။ ယင်ရှောင်ရှောင်း အကြောဆန့်လိုက်ပြီး လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် အကြိမ်အနည်းငယ်ခန့် လှိမ့်လိုက်သည်။ ထို့နောက် ကိုယ်ကိုမတ်ကာ အပြင်သို့ကြည့်လိုက်သည်။

တကယ်တမ်းတွင် ယင်ရှောင်ရှောင်းမှာ ပျင်းရိမှုကိုသာ ခံစားနေရသည်။

အိုး.. ဒီဂူထဲမှာ ကောင်းကောင်းအိပ်ပျော်ခဲ့တယ်နော်.. ထတောင် မထချင်ဘူးရယ်.. တစ်ညလုံး ခရီးဆက်လာရတာလေ.. တော်တော်ဝေးဝေး ရောက်လောက်ရောပေါ့.. ထဖို့မလိုသေးဘူးမလား..

ဆိုလိုရင်းမှာ ဤသို့သာ။ ယင်ရှောင်ရှောင်း ခရီးဆက်ချင်စိတ် မရှိတော့ပါ။

ထိုသို့ဖြင့် သူ၏မြင်ကွင်းထဲသို့ မော့လောင်တ ပေါ်လာသည့်အချိန်တွင် ယင်ရှောင်ရှောင်းမှာ ခရီးဆက်ခြင်း အမှုကိစ္စနှင့် ပတ်သက်၍ ရှုပ်ထွေးနေဆဲဖြစ်သည်။ မော့လောင်တအား သတိပြုမိသည့်အချိန်တွင် ထိုမော့လောင်တနှင့် မီတာဝက်ခန့်သာ ကွာဝေးတော့သည်။

နှေးကွေးထုံထိုင်းလွန်းသည့် ယင်ရှောင်ရှောင်းမှာ ‘ငါ့ရှေ့က မော့မြွေဟ.. မြန်မြန်လေး ထွက်ပြေးဖို့ လိုနေပြီ..’ ဟူသည့် အတွေ့အား လုံးဝမတွေးမိချေ။ ထို့အစား မော့လောင်တ၏ ခန္ဓာကိုယ်အား ခေတ္တမျှ စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် _

“အရမ်းမဲတာပဲ..”

မော့လောင်တ : “...”

ယင်ရှောင်ရှောင်းမှာ ငွေရောင်တောက်ပနေသည်ဆိုလျှင် မော့လောင်တမှာ နက်မှောင်ပြောင်လက်နေသည်ဟု ဆိုရမည်။ ယင်ရှောင်ရှောင်း၏ အတွေးမှာ ထိုသို့သာ။

“အရူးပေါက်လေ.. မင်းလေးက ဆယ်နှစ်လောက် ကြာသွားတာတောင် အခုလို အရူးလေးဖြစ်နေဦးမယ်လို့ ထင်တောင်မထားဘူး..”

“မင်းကမှ အရူး.. မင်းတို့ တစ်မိသားစုလုံးကမှ ရူးနေတာ..”

ယင်ရှောင်ရှောင်း သတိမမူမိဘဲ တုံ့ပြန်လိုက်သည်။

အာ.. နည်းနည်း ရင်းနှီးနေသလိုပဲနော်..

ဤအဖြစ်အပျက်အား တွေ့ကြုံဖူးသည်ဟု ခံစားမိသဖြင့် ယင်ရှောင်ရှောင်း အတွေးထဲ နစ်မြုပ်သွားလေသည်။

အဲလိုမျိုး ဘယ်တုန်းက ပြောခဲ့မိပါလိမ့်..

အဟမ်း အဟမ်း.. ယင်းမှာ ဤသို့သာ။ ဤဆယ်နှစ်အတောအတွင်း မော့လောင်တမှာ သူ့ရှေ့၌ ပေါ်မလာခဲ့သဖြင့် ယင်ရှောင်ရှောင်းအနေဖြင့် မော့မြွေတစ်ကောင်နှင့် ဆုံခဲ့ဖူးကြောင်း မေ့လျော့သွားခြင်းပင်။ ထို့ကြောင့် မော့လောင်တနှင့် ပြန်တွေ့သည့်အခါ ယင်ရှောင်ရှောင်းမှာ သူ့အား လုံးဝမေ့နေလေပြီ။

ယင်ရှောင်ရှောင်း၏ အမူအရာကိုကြည့်ရင်း မော့လောင်တ ဒေါသထွက်လာတော့သည်။

ဒီအရူးလေးက ငါ့ကို မေ့သွားတယ်ပေါ့..

ငါ့မှာတော့ သူ့အကြောင်းကို ၁၀ နှစ်လုံးလုံး တွေးလိုက်ရတာ.. (>_<)

“အရူးပေါက်လေ.. မင်းအခုထိ ကိုယ့်ကို မမှတ်မိသေးဘူးလား..”

မော့လောင်တ ယင်ရှောင်ရှောင်းထံသို့ ချဉ်းကပ်သွားပြီး ပွေ့ပိုက်လိုက်သည်။ သူ၏နှုတ်ခမ်းမှာလည်း ပြုံးနေပြီး အသံမှာလည်း နူးညံ့လျက်ရှိသည်။

“အာ.. ခင်ဗျားကို သိတာလား..”

ယင်ရှောင်ရှောင်း ခေါင်းမော့ကာ မေးလိုက်ပြီး မော့လောင်တ၏ အတွေးရထားအား နှောင့်ယှက်လိုက်သည်။

ငါ့ရှေ့က မော့မြွေကို တကယ်ကြီး သိနေတာများလား..

မော့လောင်တ စိတ်ဆိုးမာန်ဆိုး ရယ်လိုက်သည်။

“မင်းလေးက ကိုယ့်ကို မမှတ်မိဘူးပေါ့လေ.. ကိစ္စမရှိဘူး.. အချိန်တွေအများကြီး ရှိသေးတယ်..”

ထို့နောက်တွင် ယင်ရှောင်ရှောင်းအား အမြီးဖြင့် ပတ်ကာ ဂူထဲသို့ ခေါ်သွားလေသည်။ ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်းမှာ မော့လောင်တနောက်မှ တရွတ်တိုက် ပါသွားခြင်းသာ။

ဂူအတွင်းနက်နက်သို့ ရောက်သည့်အခါ မော့လောင်တ ရပ်တံ့လိုက်ပြီး ယင်ရှောင်ရှောင်းအား ခန္ဓာကိုယ်ဖြင့် ဖိလိုက်သည်။ ထို့နောက် စကားတစ်ခွန်းပြောလေသည်။

“ကိုယ်အိပ်နေတုန်း အဖော်လုပ်ပေး..”

ထို့နောက် ချက်ချင်းဆိုသလို ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်သွားတော့သည်။

မော့လောင်တခန္ဓာကိုယ်ဖြင့် ဖိထားခံရသည်ကြောင့် ယင်ရှောင်ရှောင်းမှာ ငိုချင်သော်လည်း မျက်ရည်ကျမလာပေ။ ‘ငါက အခုလေးတင်မှ နိုးလာတာကွ.. ဘယ်လိုလုပ်ပြီး ထပ်အိပ်ရမှာတုန်း..’ ယင်ရှောင်ရှောင်းမှာ ရုန်းထွက်ဖို့ရန် ကြိုးစားလျက်ရှိသည်။ ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ဘဲ မော့‌လောင်တ၏အောက်တွင်နေရန် ဖိထားခြင်းခံနေရသည်။

ယင်ရှောင်ရှောင်း အောင်အောင်မြင်မြင် အိပ်ပျော်သွားရန် နာရီပေါင်းများစွာ ယူလိုက်ရသည်။

ယင်ရှောင်ရှောင်း အိပ်မက်မက်ခဲ့သည်။ ထိုအိပ်မက်ထဲတွင် မော့မြွေတစ်ကောင်နှင့် ဆုံတွေ့ခဲ့ပြီး ထိုမော့မြွေမှာ သူ့အား အရူးပေါက်လေးဟု ခေါ်လေသည်။ သူသည်လည်း ထိုမော့မြွေအား တဟေးတန် ဟူ၍ ခေါ်ဆိုနေလေတော့သည်။