Chapter 38
ယင်ရှောင်ရှောင်း အိပ်မက်မှ နိုးလာပြီး မှင်တက်နေမိသည်။ ရုတ်တရက်ဆိုသလို သူ၏အရှေ့ရှိ အနီရောင် မီးပုံးကြီး နှစ်လုံးအား မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား အနောက်သို့ ဆုတ်သွားလိုက်သည်။ ထိုသို့ဖြင့် သူ၏ အိပ်ချင်မူးတူး ဖြစ်နေမှုများ ပျောက်ဆုံးသွားလေသည်။ ခက်ခက်ခဲခဲနှင့် ပြန်လည်တည်ငြိမ်လာခဲ့သည်။ ဂူထဲရှိ မီးလုံးများမှာ တကယ်တမ်းတွင် မော့မြွေ၏ မျက်လုံးများ ဖြစ်လို့နေသည်။ ထိုမော့မြွေ၏ မျက်လုံးများမှ ယင်ရှောင်ရှောင် သူ၏ တည်နေရာအား သိလိုက်ရသည်။
‘ဒီမှာ ငါပြောမယ်.. မင်းဆိုတဲ့ ဟေးတန်က အတော်လေးကို မှောင်နေပြီးသားလေ.. ဒါတောင်မှ ဒီလောက်နက်မှောင်နေတဲ့နေရာမှာ အိပ်ဖို့လိုသေးလို့လား.. မင်းကို ရှင်းရှင်းလင်းလင်းတောင် မမြင်ရတော့ဘူးကွ..’ ယင်ရှောင်ရှောင်းမှာ ထိုစကားများအား စိတ်ထဲတွင်သာ တွေးနေမိခြင်းဖြစ်ပြီး ထုတ်ပြောဖို့ရန် မရဲပါချေ။
မော့လောင်တမှာမူ ပျော်မနေတော့ချေ။
‘ဒီအရူးပေါက်လေးက ငါ့ကိုမြင်ပြီး ကြောက်လန့်တကြား ထခုန်သွားလိုက်တယ်ပေါ့.. ငါက အဲလောက်တောင် ကြောက်ဖို့ကောင်းနေတာလား.. ငါက အရမ်းကို ခံ့ညားချောမောပြီး နှစ်လိုဖွယ်ကောင်းလွန်းတာပါနော်.. မင်းသိရဲ့လား..’
မော့လောင်တ သူ့ကိုယ်သူ စစ်ဆေးကြည့်နေပြီး အပြစ်အနာအဆာဟူ၍ ရှာမတွေ့ချေ။ ထို့နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
‘အရမ်းကောင်းတယ်.. ငါက အတော်လေး ခံ့ညားပြီး ချောမောနေတုန်းပဲ.. ပြီးတော့ ဆွဲဆောင်မှုလည်း ရှိတယ်.. ပြောင်းလဲသွားတာ လုံးဝမရှိဘူး..’ (˘ ˘ ˘)
“အရူးပေါက်လေး.. ကိုယ့်ကိုမှတ်မိပြီလား..”
မော့လောင်တ ယင်ရှောင်ရှောင်းထံ တိုးသွားလိုက်သည်။ ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ ခန္ဓာကိုယ်နှင့် ထိနေသည်အား ခံစားမိသည်။ ထို့နောက် နောက်ဆုတ်လိုက်သည်။ ‘ငါမှတ်မိတယ်လို့ ပြောလိုက်ရင် ဒီမီးသွေးတုံးကြီးက သူ့ရဲ့သားကောင်လို့ သဘောထားပြီး လည်ပင်းတော့ ညှစ်မသတ်လောက်ပါဘူးနော်..’
“ကျ.. ကျွန်တော် မှတ်မိပါတယ်..”
ယင်ရှောင်ရှောင်းမှာ သူ၏အိပ်မက်မှတဆင့် အမှနတကယ် မှတ်မိလာခဲ့ခြင်း ဖြစ်သည်။
‘ငါ့ရှေ့က ဒီကိုယ့်ဂုဏ်ကိုယ်ဖော်နေတဲ့မြွေက ငါတစ်နှစ်သားလောက်တုန်းက ဝင်တိုးခဲ့တဲ့ မော့မြွေလေ.. ဒီစိတ်ကြီးဝင်နေတဲ့ ပုံစံက ဆယ်နှစ်လောက်ရှိတာတောင် လုံးဝမပြောင်းဘူး..’
သူ့ရဲ့အက်ရှရှအသံက နားလည်ဖို့ သိပ်မခက်ဘူးနော်.. ငါ့ရဲ့ သနားစရာ အသက်လေးက သူ့လက်ထဲ ရှိနေတာ..
“အိုး.. ဟုတ်လား.. အဲဒါဆို ကိုယ်က ဘယ်သူလဲဆိုတာ ပြောပါဦး အရူးပေါက်လေးရဲ့..”
ထိုမြွေမှာ သူ၏ခန္ဓာကိုယ်အား အနည်းငယ် နောက်ဆုတ်သွားသည်ကို ခံစားမိသဖြင့် ယင်ရှောင်ရှောင်းမှာ အနည်းငယ်မျှ စိတ်သက်သာသွားမိသည်။ ထို့နောက် _
“တဟေးတန်.. ခင်ဗျားက လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော် ဝင်တိုက်ခဲ့မိတဲ့ မော့မြွေလေ..”
မော့လောင်တ : “...”
ယင်ရှောင်ရှောင်း ထိုသို့ပြောပြီးနောက် မော့လောင်တ သူ့ထံ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရပြီး ဤတစ်ကြိမ်တွင် ပို၍ပင် နီးကပ်လာလေသည်။ သက်တောင့်သက်သာဖြစ်သွားသည့် နှလုံးသားလေးမှာလည်း တဖန်ပြန်ခုန်လာပြန်သည်။ ‘မင်းက တဟေးတန်ပါလို့ ငါမပြောလိုက်ဘူးလား.. ဘာဖြစ်ချင်နေသေးတာတုန်း..’
“အဲဒါဆို ကိုယ့်နာမည်ကကော.. မင်းလေးကို ကိုယ့်နာမည် သေသေချာချာ ပြောလိုက်မိပါတယ်နော်..”
“...”
ထိုအရာကိုမူ ယင်ရှောင်ရှောင်း အမှန်တကယ် မမှတ်မိချေ။ သူတို့နှစ်ကောင်မှ လွန်ခဲ့သည့် ၁၀ နှစ်တွင် တစ်ကြိမ်သာလျှင် တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။ သူ့အား ‘တဟေးတန်’ ဟူ၍ ခေါ်သည်ကို မှတ်မိနေသေးသည်ကပင် မလွယ်ကူလှချေ။
“ဒါ.. ဒါ လုံးဝ မတရားဘူး.. ခင်ဗျားကကော ကျွန်တော့်နာမည်ကို သိနေလို့လား.. ခင်ဗျားကတောင် ကျွန်တော့်နာမည်ကို မသိဘူးဆို ကျွန်တော်ကကော ဘာကိစ္စနဲ့ မှတ်မိပေးရမှာလဲ..”
“ယင်ရှောင်ရှောင်းလေ.. မင်းဆိုတဲ့ အရူးပေါက်လေးကို ယင်ရှောင်ရှောင်း လို့ခေါ်တယ်.. ကိုယ်မှန်ရဲ့လား..”
“...”
ယင်ရှောင်ရှောင်းမှာ ဝမ်းနည်းကာ ဒေါသဖြစ်လာသည်။
‘တာ့ကော ဟုတ်ပြီလား.. ခင်ဗျားကြီးကို တာ့ကောလို့ ခေါ်မယ်လေ.. လွန်ခဲ့တဲ့ ၁၀ နှစ်က တစ်ကြိမ်ပဲ တွေ့ခဲ့တဲ့ မြွေတစ်ကောင်ရဲ့ နာမည်ကိုတောင် မှတ်မိနေတယ်ဆိုတော့ တကယ်ကြီး အဲလောက် ဉာဏ်ကောင်းနေတယ်ပေါ့..’
“ကိုယ့်နာမည် ဘာလဲပြောလေ အရူးပေါက်လေး..”
မော့လောင်တ ယင်ရှောင်ရှောင်း နားသို့ကပ်ကာ လေသံဖြင့်ပြောလိုက်သည်။
တဟေးတန်၏ အငွေ့အသက်များမှာ သူ့အားလွှမ်းခြုံလာသည်ကို ယင်ရှောင်ရှောင်း ခံစားမိသည်။
‘သူက ငါ့ကို တကယ်ကြီး လည်ပင်းညှစ်ချင်နေတာလား..’
သူ၏အသက်လေးအား စိုးရိမ်နေသည်ကြောင့် ယင်ရှောင်ရှောင်း ဦးနှောက်အား အလျင်အမြန် အလုပ်ပေးလိုက်ရသည်။ ထို့နောက် တဟေးတန်၏ နာမည်အား အစဖော်လိုက်နိုင်သည်။
သူ့ရဲ့ အရောင်အသွေးအရ သေချာပေါက် ‘မော့’ ပဲဖြစ်မှာပေါ့..
“ကျ.. ကျွန်တော် သေချာပေါက် သိတာပေါ့လို့.. ခင်ဗျားက.. မော့... မော့...”
“ဟုတ်ပြီ.. မော့ ဘာလဲ..”
ဘော့စ်မော့ကြောင့် ယင်ရှောင်ရှောင်း စိတ်အနှောင့်အယှက်ဖြစ်လာသည်။ လူသားတင်မက မြွေများပင်လျှင် ကြံရမရဖြစ်လာသည့်အခါ ရုတ်တရက် အတွေးပေါ်လာတတ်သည်။ ထိုမြွေ၏ နာမည်မှာ ...
“လောင်တ.. မော့လောင်တ..”
မော့လောင်တ ယင်ရှောင်ရှောင်းအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရာမှ တဖြည်းဖြည်း ဖြေလျော့လိုက်သည်။
ဟွန့်.. ဒီအရူးပေါက်လေးက ကံကောင်းပြီး ငါ့နာမည်ကို မှတ်မိသွားလို့နော်.. မဟုတ်ရင် ဘာလုပ်မိမယ် မသိဘူး..
မော့လောင်တ ယင်ရှောင်ရှောင်းအား လွှတ်ပြီးနောက် ဂူဝသို့ သွားလေသည်။ ယင်ရှောင်ရှောင်း ခေတ္တမျှ တုံ့ဆိုင်းပြီး မော့လောင်တနောက်သို့ လိုက်ပါသွားသည်။
မွန်းလွဲချိန်သို့ ရောက်နေပြီ ဖြစ်သည်ကြောင့် တစ်နေ့တာ၏ အပူဆုံးအချိန် ကုန်ဆုံးသွားလေပြီ။
“မင်း တကယ်ကို အိပ်နိုင်တာနော် အရူးပေါက်လေး.. မနေ့ကလည်း တစ်နေ့လုံး အိပ်ခဲ့တာတောင် မနေ့က ညနေခင်းကနေ ဒီနေ့ မွန်းလလွဲအထိ အိပ်နိုင်တုန်းပဲ.. ကိုယ့်မှာ ဒီနေ့ နေပူဆာတောင် မလှုံလိုက်ရဘူး..”
ယင်ရှောင်ရှောင်းမှာ မော့လောင်တပြောသည်အား မကြားသည့်ပုံရှိသည်။
‘ငါ့ဘာငါ အကြာကြီးအိပ်တော့ ဘာဖြစ်တုန်း.. ငါအိပ်နေတုန်း ခင်ဗျားကို ဘယ်သူက စောင့်ခိုင်းနေလို့လဲ.. နေပူဆာလှုံချင်တာများ ကိုယ့်ဘာသာ သွားပါလား.. ခင်ဗျားကို တားနေလို့လား..’
“အရူးပေါက်လေး.. ကိုယ်မင်းကိုပြောနေတာ နားထောင်နေရဲ့လား..”
မော့လောင်တ ယင်ရှောင်ရှောင်းအနားသို့ ကပ်လာပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား ဖြတ်ကျော်သွားသည်။
“အာ.. ဘာပြောလိုက်တာလဲ..”
“ကိုယ် အစာရှာထွက်မလို့ မင်းဘာစားချင်လဲလို့ ပြောတာ..”
“အာ.. မလိုပါဘူး.. ကျွန်တော် ဗိုက်မဆာဘူး..”
မော့လောင်တ အကွာအဝေးတစ်ခုအထိ နောက်ဆုတ်လိုက်သည်။ သူထွက်သွားမည်ဆိုသည်အား ကြားပြီးသည့်နောက် ယင်ရှောင်ရှောင်း၏ မျက်နှာအမူအရာမှာ တင်းကြပ်နေရာမှာ ချက်ချင်းဆိုသလို ပြေလျော့သွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်အခြေအနေမှာ မကောင်းတော့ချေ။
“မင်းလေးက ဒီဂူထဲမှာပဲ လိမ်လိမ်မာမာ နေခဲ့နော်.. ကိုယ်ပြန်လာလို့ မင်းကို မတွေ့ဘူးဆိုရင်တော့.. မင်းကို လိုက်မရှာနိုင်ဘူးလို့ ထင်နေတာလား..”
ယင်ရှောင်ရှောင်း တုန်ယင်လာပြီး အရိုးသားဆုံး ပြုံးပြလိုက်သည်။
“ဘာလို့အဲလို လုပ်ရမှာလဲ.. ဘာလို့လဲ.. ခင်ဗျားပြန်လာတဲ့အချိန် ကျွန်တော်က သေချာပေါက် ဒီနေရာမှာပဲ ရှိနေမှာပေါ့.. ကတိပေးတယ်နော်..”
မော့လောင်တ ယင်ရှောင်ရှောင်းအား ခေတ္တစိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်.. ကိုယ်မင်းကို ယုံတယ်နော်.. ဒါနဲ့ ကိုယ်မသွားခင်လေး..”
မော့လောင်တ ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး ယင်ရှောင်ရှောင်းမျက်နှာနှင့် ၁၀ စင်တီမီတာခန့်အကွာတွင် ရပ်လိုက်သည်။
“ဘာလဲဟင်..”
မော့လောင်တ ဆက်ပြောနေသည့် စကားများအား မကြားရတော့သဖြင့် ယင်ရှောင်ရှောင်း မေးလိုက်သည်။
“ပါးစပ်ဟလိုက် အရူးပေါက်လေး..”
ယင်ရှောင်ရှောင်း မော့လောင်တအား သံသယအပြည့်ဖြင့် ကြည့်လိုက်သော်လည်း မော့လောင်တအား မြင်ပြီးနောက် မည်သည့်စကားမျှ ထွက်မလာတော့ချေ။ ရွေးချယ်စရာ မရှိတော့သည့်အတွက် မော့လောင်တ ပြောသည့်အတိုင်း နာနာခံခံဖြင့် ပါးစပ်ဟလိုက်သည်။
ယင်ရှောင်ရှောင်း၏ ပူးပေါင်းဆောင်ရွက်ပေးမှုအား မြင်သည့်အခါ မော့လောင်တမှာ အလွန်အမင်း ပျော်ရွှင်သွားသည်။ သူ၏လျှာအား ထုတ်လိုက်ပြီး ယင်ရှောင်ရှောင်း၏ ခံတွင်းထဲရှိလျှာအား ချိတ်တွယ်ကာ အကြိမ်အနည်းငယ်ခန့် ရစ်ပတ်လိုက်သည်။ စိတ်ကျေနပ်သွားသည့် မော့လောင်တမှာ ဂူထဲမှထွက်ကာ အစာရှာထွက်သွားလေသည်။
ကြက်သေသေနေသည့် ယင်ရှောင်ရှောင်းမှာ ထိုနေရာတွင်သာ မတ်တက်ရပ်ကာဖြင့် ပါးစပ်ဟပြီး လျှာတစ်လစ်နှင့် ကျန်ရစ်ခဲ့သည်။
ယင်ရှောင်ရှောင်းမှာ ခက်ခက်ခဲခဲဖြင့် အခြေအနေအား အကျဉ်းချုံး နားလည်လိုက်ပြီးနောက် စိတ်ကယောက်ကယက် ဖြစ်လာတော့သည်။
ငါ့ကို အသားယူသွားတာ ဟုတ်လား.. ဒင်းကလေ.. ငါ့ကို ဟုတ်တယ်မလား..
မြွေတစ်ကောင်ဆီကနေ အကြီးကြီး အသားယူခံလိုက်ရတာပေါ့လေ..
ဒင်းက တကယ်ကြီး အဲလိုလုပ်သွားတယ်.. အဲဒါက ပြင်သစ်အနမ်းကွ.. မြွေအနမ်းဟုတ်မနေဘူး မြွေမသားရဲ့..
ယင်ရှောင်ရှောင်း၏ သွင်ပြင်မှာ ညှိုးနွမ်းကာ ကြွေကျလာသည့် ပန်းတစ်ပွင့်အလားပင်။
မော့လောင်တ အလွန်လျှင်မြန်စွာ ပြန်ရောက်လာသည်။ ယင်ရှောင်ရှောင်းအား လက်ဆောင်ပေးဖို့ရန် ကြွက်သေတစ်ကောင် ပါလာလေသည်။ ယနေ့မှစကာ ယင်ရှောင်ရှောင်းအား တာဝန်ယူကာ စောင့်ရှောက်ကာကွယ်ပေးမည် ဖြစ်သည်။ မော့လောင်တ စိတ်ထဲ၌ ကျိန်ဆိုလိုက်သည်။
‘အရူးပေါက်လေးကို ငါကမှ မစောင့်ရှောက်ပေးရင် အနိုင်ကျင့်ခံရမှာ သေချာပေါက်ပဲ.. ငါ့လိုမျိုး မြွေကောင်းမြွေမွန် တစ်ကောင်က အရူးပေါက်လေးကို တခြားမြွေတွေ အနိုင်ကျင့်နှိပ်စက်မှာကို ကြည့်နေနိုင်တဲ့ နှလုံးသား မရှိဘူး..’
မော့လောင်တမှာ ယခုထိတိုင်အောင် မည်သည်ကြောင့် ယင်ရှောင်ရှောင်းအား ကာကွယ်ပေးလိုမှန်း သတိမပြုမိသေးချေ။
မော့လောင်တ ကြွက်သေးအား ဆွဲကာ ဂူထဲသို့ ဝင်လာပြီး ထောင့်တစ်ခုတွင် ခွေနေသည့် ယင်ရှောင်ရှောင်းအား ခေတ္တမျှ ရှာဖွေလိုက်သည်။
မော့လောင်တက ယင်ရှောင်ရှောင်း ထွက်မပြေးဘူးဆိုတာ ဘာလို့ သေချာနေတာလဲ ဟုတ်လား..
‘ဟွန့်.. ဟွန့်..’ မော့လောင်တ နှစ်ကြိမ်မျှ ပြင်းထန်စွာ နှာမှုတ်လိုက်သည်။ ‘အရူးပေါက်လေးကို ထွက်မသွားဖို့ ငါမှာခဲ့တယ်လေ.. မင်းက သူထွက်သွားမယ်လို့ ထင်နေတာလို့ မပြောနဲ့နော်..’
“ဟေး အရူးပေါက်လေး.. ဘာတွေလုပ်နေတာလဲကွ..”
မော့လောင်တ ကြွက်သေအား ဘေးသို့ပစ်ကာ ယင်ရှောင်ရှောင်းထံသို့ နီးနီးကပ်ကပ် ရွေ့သွားလေသည်။
ယင်ရှောင်ရှောင်းမှာ ရုတ်တရက် တောင့်တင်းသွားပြီး ထောင့်ထဲသို့ ပိုတိုးဝင်သွားတော့သည်။
မော့လောင်တ ယင်ရှောင်ရှောင်း၏ အပြုအမူအား မမြင်ဟန်ပြုလိုက်သည်။
“မင်းအတွက် အစာရှာလာခဲ့တယ်.. မြန်မြန်လေး သွားစားလိုက်ဦး..”
ယင်းရှောင်ရှောင်း မလှုပ်ချေ။
“ကိုယ်ပြောနေတယ်လေ အရူးပေါက်လေး.. ဘာလို့ ခက်ခက်ခဲခဲတွေ လုပ်နေရပြန်တာတုန်း..”
မော့လောင်တ စိတ်မရှည်တော့ချေ။ သူ့နှလုံးသားမှာလည်း စိုးရိမ်ပူပန်မှုကြောင့် မရပ်မနား ခုန်ပေါက်နေသည်။
ဒီအရူးပေါက်လေးက ဘာတွေဖြစ်နေတာလဲ..
ယင်ရှောင်ရှောင်း သူ၏ခေါင်းအား ဖြည်းညှင်းစွာ လှည့်လာပြီး အရည်လဲ့နေသည့် မျက်လုံးကြီးများဖြင့် မော့လောင်တအား အချိန်တစ်ခုကြာအောင် စိုက်ကြည့်ပြီးနောက် ပြန်လှည့်သွားလေသည်။
ဂူမှာအလွန်မှောင်နေသော်ငြား မော့လောင်တ၏ ကောင်းမွန်လှသည့် အမြင်အာရုံကြောင့် ယင်ရှောင်ရှောင်း၏ မျက်လုံးများအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအချိန်တွင် မော့လောင်တမှာ ယင်ရှောင်ရှောင်း မျက်လုံးမှ စီးကျလာသည့် မျက်ရည်များမှာ မည်သည့်အရာဖြစ်ကြောင်း မသိသေးချေ။ သို့သော်လည်း အလွန်အမင်း စိတ်မသက်မသာဖြစ်နေကာ ငိုကြွေးနေသည့် ယင်ရှောင်ရှောင်းကြောင့် အပြစ်ရှိစိတ်နှင့် ရှက်ရွံ့မှုတို့အား ခံစားနေရသည်။ ဤတစ်ကြိမ်တွင် သူ၏စကားများမှာ ပြတ်တောင်းပြတ်တောင်းပင် ဖြစ်နေလေသည်။
“အရူး.. ပေါက်.. ရှောင်ရှောင်းရေ.. ဘာတွေများဖြစ်နေတာလဲကွာ..”
ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားသွားသည်။ ဖြစ်နိုင်သည်မှာ မော့လောင်တထံမှ ‘အရူးပေါက်လေး’ ဟူ၍ မဟုတ်ဘဲ ‘ရှောင်ရှောင်း’ ဟု ခေါ်ခံလိုက်ရသဖြင့် အနည်းငယ်မျှ ထူးဆန်းသွားခြင်းပင် ဖြစ်သည်။
“အဲဒါ.. အဲဒါဆိုရင်.. မင်းကို အရူးပေါက်လေးလို့ခေါ်တာ မကြိုက်ဘူးဆို အခုကစပြီး မခေါ်တော့ဘူးလေနော်..”
ယင်ရှောင်ရှောင်း ခန္ဓာကိုယ်တစ်ခုလုံး လှည့်လာသည်။ မျက်ရည်များနှင့် ပြည့်နေသော မျက်လုံးကြီးများဖြင့် မော့လောင်တအား စိုက်ကြည့်နေသည်။ အလွန်အမင်း ငိုကြွေးထားခြင်းကြောင့် အသံမှာလည်း အက်ရှလို့နေသည်။
“ခင်ဗျား.. ခင်ဗျားက ကျွန်တော့်ကို အနိုင်ကျင့်တယ်..”
“ဟုတ်ပြီ.. ဟုတ်ပြီ.. ဟုတ်ပါပြီ.. ကိုယ်က အနိုင်ကျင့်တာနော်.. မင်းကို အနိုင်ကျင့်ခဲ့တာ..”
ယခုအချိန်တွင် မော့လောင်တမှာ ယင်ရှောင်ရှောင်း ပြောသမျှသာဖြစ်သည်။
ယင်ရှောင်ရှောင်း ရှိုက်ကာဖြင့် ပြတ်တောင်းပြတ်တောင်း ပြောလေသည်။
“ခင်ဗျား.. ခင်ဗျား ကျွန်တော့်ကို ဘာလို့ နမ်းသွားတာလဲ.. ပြီးတော့.. ပြီးတော့ ပြင်သစ်အနမ်းကြီးနဲ့..”
“ဒါ.. ဒါလေးပဲလား..”
မော့လောင်တမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ ထိုသို့သော အပြုအမူလေးကြောင့်နှင့် သူ့မှာ အထင်သေးခံလိုက်ရသည်။
“အဲဒါမဟုတ်ရင် ဘာလို့ ထင်နေတာတုန်း..”
ယင်ရှောင်ရှောင်း စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
အဲဒီမြွေကောင် တဟေးတန်က ခုနလေးကတင် မှားသွားတယ်လို့ သေသေချာချာလေး ဝန်ခံသွားတာ မဟုတ်ဘူးလား.. အခုကျ လေသံက ဘာဖြစ်သွားတာလဲ..
“ကိုယ်မင်းအတွက် အစာယူလာတယ်.. စားလိုက်နော်..”
မော့လောင်တ ကြွက်သေအားယူကာ ယင်ရှောင်ရှောင်းရှေ့ ချပေးလိုက်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်းအား ထိုကြွက်သေအား ယူစားရန် ညွှန်ပြလိုက်သည်။
ယင်ရှောင်ရှောင်းမှာ အလွန်စိတ်ဆိုးလာသည့်အတွက် ခေါင်းမှအမြီးထိတိုင် တုန်ယင်လာသည်။
ဒီတဟေးတန်က အရမ်းကို ရွံစရာကောင်းတယ်...
“မစားဘူး..”
“ကိုယ်မင်းအတွက် သေသေချာချာလေး ဖမ်းလာခဲ့ပေးတာ အရူးပေါက်လေးရဲ့.. မြန်မြန်လေးစား..”
အဲဒီမြွေက ခုနကလေးတင် ငါ့ကို ‘အရူးပေါက်လေး’ လို့ မခေါ်တော့ဘူးလို့ ပြောလိုက်တာလေ.. အခု သုံးမိနစ်တောင် မပြည့်သေးဘူး စကားကို ပလောင်းပလဲပြောနေပြီ..
ယင်ရှောင်ရှောင်း စိတ်ဆိုးမာန်ဆိုး ဖြစ်လာသည်။
“မစားဘူးလို့ ပြောနေတယ်လေ..”
မော့လောင်တ မျက်လုံးများ မှေးကျဉ်းသွားသည်။ ဤအရူးပေါက်လေးမှာ စိတ်ဆိုးဟန်ပင်ပြုနေလေ၏။
“စားမှာလား မစားဘူးလား..”
မော့လောင်တ၏ လေသံမှ ခြိမ်းခြောက်မှုအား ကြားလိုက်သည့်အခါ ယင်ရှောင်ရှောင်း တုန်ယင်လာပြီး ထိုတဟေးတန်မှာ မော့မြွေဖြစ်ကြောင်း အမှတ်ရလိုက်သည်။ ပါပါးနှင့် ဖေဖေတို့သည် သူ့အား မော့မြွေများကို ရှောင်ရှားရန် မှာထားခဲ့သည်။ သို့သော်လည်း ဤမော့မြွေ၏အဝေးမှာနေရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် နာခံဖို့ရန်သာ ရှိသည်။
“ကျ.. ကျွန်တော်က ကြွက်မကြိုက်ဘူး.. ငှက်ဥပဲ စားချင်တာ..”
ငှက်ဥလား..
မော့လောင်တ ခေတ္တတုံ့ဆိုင်းသွားသည်။
“ဒါဆို ဂူထဲမှာ စောင့်နေနော်.. ကိုယ် ငှက်ဥ သွားရှာလိုက်မယ်..”
မော့လောင်တ၏ ‘ငှက်ဥသွားရှာလိုက်မယ်’ ဟူသည့် စကားကြောင့် ယင်ရှောင်ရှောင်းမှာ ငိုချင်လာသော်လည်း မျက်ရည်ကျမလာချေ။ ၁၀ နှစ်နီးပါး ချက်ပြုတ်ပြီး အစာများကိုသာ စားသောက်ပြီးသည့်နောက်တွင် အစိမ်းမစားချင်တော့ပါ။
ဒါဘယ်လို နှိပ်စက်နည်းကြီးလဲလို့.. လန်ယိယိဆီက လွတ်ရုံရှိသေး ထပ်ပြီးအချုပ်ထဲရောက်သွားသလိုပဲ.. လန်ယိယိကို ထားခဲ့တာက မှားသွားတာများလား.. မိုးနတ်မင်းကြီးက ငါ့ကို အပြစ်ပေးလိုက်တာလားလို့...
ရှောင်ရှောင်းရေ.. မင်း မော့လောင်တနဲ့ မတွေ့ဘူးဆိုရင်တောင် တစ်ကောင်တည်း မီးဖိုလို့မရဘူးဆိုတာ တွေးမိသေးရဲ့လား.. အဓိကပြဿနာကို မေ့သွားတယ်လို့ မပြောနဲ့နော်..