Chapter 39
မော့လောင်တ ငှက်ဥများနှင့် ပြန်လာသည့်အတွက် ယင်ရှောင်ရှောင်းမှာ သူ၏ ‘ဖိနှိပ်ချုပ်ချယ်လွန်းသော’ အကြည့်အောက်တွင်ပင် ငှက်ဥများအား စားသောက်ဖို့ရန် ခက်ခဲလှသည်။ စားသောက်နေစဉ်တွင် ယင်ရှောင်ရှောင်းမှာ သူ့ကိုယ်သူ လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေလေသည်။ ဤသို့ဖြစ်သည်။ ယင်ရှောင်ရှောင်း၏ ဆိုးဝါးလှသော ပြဿနာကြီးတစ်ရပ်မှာ ခြိုးခြိုးခြံခြံနေရသည့် ဘဝမှ ခမ်းခမ်းနားနား ဘဝသို့ ပြောင်းလဲသွားခြင်းမှာ လွယ်ကူလှသော်လည်း ဇိမ်ကျကျ နေထိုင်နေရသည့် အဆင့်အတန်းမှ ခြစ်ခြစ်ကုတ်ကုတ် ဘဝသို့ ပြန်လည်ရောက်ရှိရန်မူ ခက်ခဲလှပေသည်။ ထိုဘဝမှာလည်း ၁၀ နှစ်တာ ကာလသာဖြစ်သည်။ ၁၀ နှစ်တာ ကုန်ဆုံးပြီးနောက်တွင် သူ့အနေဖြင့် ငှက်ဥများအား အစိမ်းစားရသည့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားရလေပြီ။ လက်တွေ့ဘဝမှာ ခါးသီးလွန်းလှသည်။
မော့လောင်တမှာ ငှက်ဥများစားရခြင်းအား နှစ်သက်ခြင်းမရှိပေ။ နှစ်ပေါင်းများစွာ ဤတောင်တန်း၌ ကျင်လည်ပြီးသည့်အခါ ငှက်ဥများနှင့် သူတို့၏ အရသာမှာ သူ့အား စိတ်ဝင်စားလာအောင် မလုပ်နိုင်တော့ချေ။ သို့သော်လည်း ယင်ရှောင်ရှောင်းမှ ငှက်ဥများ စားချင်သည်ဟု ဆိုလာသည့်အခါတွင် မဖြစ်မနေ ရှာဖွေရတော့သည်။ ကံမကောင်းစွာဖြင့် ၁၁ ဥ၊ ၁၂ ဥ ခန့်သာ ရှာတွေ့ခဲ့ရသည်။ ငှက်ဥများအား စားသောက်ပြီးနောက် မြေပေါ်တွင် လှဲလျောင်းကာ ပြည့်တင်းလွန်းသည်ကြောင့် လှုပ်ရှားနိုင်ခြင်းပင် မရှိတော့သည့် ယင်ရှောင်ရှောင်းအား ကြည့်ကာဖြင့် မော့လောင်တ မကျေမနပ် ဖြစ်နေလေသည်။
ဒီအရူးပေါက်လေးက အသက် ၁၀ နှစ် ရှိနေတာတောင် ဒီလောက် နည်းနည်းလေးပဲ စားတယ်လား.. ခန္ဓာကိုယ်က ၇ နှစ် ၈ နှစ်ကလေးလိုဖြစ်ပြီး မဖွံ့လာတာလည်း အံ့ဩစရာ ကောင်းမနေတော့ဘူး..
“ဒီတစ်ကြိမ်တော့ ရှိစေတော့.. ဒါပေမဲ့ နောက်တစ်ခါကျ ပိုစားရမယ်နော်.. နားလည်လား အရူးပေါက်လေး..”
ယင်ရှောင်ရှောင်း မြေပေါ်တွင် အကြိမ်အနည်းငယ် လှိမ့်လိုက်သည်။
“ဗိုက်တင်းနေပြီ.. ဗိုက်အရမ်းတင်းနေပြီလို့..”
ဗိုက်မဆာဘူးလို့ သေချာပေါက် ပြောထားတာကို.. ဒီတဟေးတန်က အရမ်းမုန်းစရာ ကောင်းလိုက်တာ.. သူက မေးပြီးတာနဲ့ စားနိုင်လား မစားနိုင်ဘူးလား ပြန်ဖြေတာတောင် မစောင့်တော့ဘဲ အတင်းအကြပ် စားခိုင်းလိုက်သေးတာ.. အဲဒီအပြင် နည်းနည်းလေး စားတယ်လို့တောင် ထင်လိုက်သေးတယ်.. အများကြီးစားလိုက်တာကွ.. ဟုတ်ပြီလား..
မြွေများအနေဖြင့် နေတိုင်းစားသောက်ရန် မလိုအပ်သော်လည်း ကံဆိုးလှသည့် ယင်ရှောင်ရှောင်း၏ သေးငယ်သည့် ခန္ဓာကိုယ်လေးအား မော့လောင်တ မြင်ပြီးသည့်နောက်တွင် ထိုအချက်အား ဆန့်ကျင်တော့သည်။ ယင်ရှောင်ရှောင်း၏ ခုခံမှုမှာလည်း အချည်းနှီးသာဖြစ်ရပြီး ငှက်ဥများကိုသာ စားသောက်ရပေတော့မည်။ ဤသို့ဖြင့် နောက်တစ်နေ့တွင် မော့လောင်တ ငှက်ဥများ ရှာဖွေပြန်သည်။ ယင်ရှောင်ရှောင်း ကြိတ်မှိတ်ကာဖြင့် စားသောက်ရသည်။ တတိယနေ့တွင်လည်း မော့လောင်တ ငှက်ဥများ ရှာလာပြန်ပြီး ယင်ရှောင်ရှောင်းမှာလည်း ယခင်နည်းတူ ကြိတ်မှိတ်စားသောက်ရသည်။ စတုတ္ထမြောက်နေ့တွင်လည်း မော့လောင်တ ထပ်မံရှာလာပြန်သော်လည်း ယင်ရှောင်ရှောင်း မခံစားနိုင်တော့ချေ။ နေ့စဉ်နေ့စဉ် ပြည့်ကားအောင် စားသောက်နေရခြင်းကြောင့် နာကျင်ခံစားနေရရုံတင် မကဘဲ အစိမ်းစားခြင်းနှင့် အကျင့်မဖြစ်သေးသည်ကြောင့် ခံစားနေရသည်။ လွန်ခဲ့သည့်ရက်များအတွင်း ဝမ်းပျက်ဝမ်းလျော ဖြစ်မလာခြင်းမှာ မြွေခန္ဓာကိုယ်မှာ အလွန်သန်မာနေခြင်းကြောင့်ပင်။
“မစားဘူး.. လုံးဝ မစားဘူးလို့..”
ယင်ရှောင်ရှောင်း သူ၏ အကန့်အသတ်အား ရောက်နေပြီဖြစ်သဖြင့် မြွေပြင်တွင် လှိမ့်ကာ ဆန္ဒပြတော့သည်။
“အရမ်းပင်ပန်းနေပြီ.. မကြာခင် ဗိုက်ပေါက်ပြီး သေသွားတော့မလိုတောင် ခံစားနေရပြီလို့..”
မည်းမှောင်နေသည့် မျက်နှာနှင့် မော့လောင်တမှာ ယင်ရှောင်ရှောင်းအားဆွဲကာ မျက်နှာချင်းဆိုင်လိုက်ပြီး တွန့်လိမ်နေဆဲ ခန္ဓာကိုယ်လေးအား တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ကာ ဒေါသတကြီးပြောသည်။
“အဲလိုလုပ်နေလည်း အပိုပဲ.. ကုန်တဲ့အထိ စားရမယ်..”
“မစားဘူး.. ငါမစားဘူး..”
မော့လောင်တ၏ ဖိထားခြင်းခံရသဖြင့် လှုပ်ရှားနိုင်ခြင်း မရှိသော်လည်း ယင်ရှောင်ရှောင်းမှာ အပေးအယူ မလုပ်ရန် ဆုံးဖြတ်ထားသည်။ ဗိုက်ကားကာသေသွားသည့် မြွေတစ်ကောင် ဖြစ်မလာစေရန် ယင်ရှောင်ရှောင်း သံန္နိဌာန်ချထားသည်။
အဲလိုဖြစ်ရင် အရှက်တော့ကွဲပါပြီ..
“စားမှာလား မစားဘူးလား..”
မော့လောင်တ၏လေသံမှာ နိမ့်ဆင်းလာပြီး နစ်မြုပ်သွားမယောင်ပင် ဖြစ်သည်။ (ဘယ်လိုအသံလဲ နားမလည်ပါ😁)
ယင်ရှောင်ရှောင်း အလွန်ကြောက်လန့်ကာ ချက်ချင်း နောက်ဆုတ်လိုက်သည်။ သို့သော်လည်း သုံးစက္ကန့်ကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းမှာ အားတင်းကာ လည်ဆန့်ပြီး အော်လိုက်သည်။
“မစားဘူး.. မစားဘူးဆို လုံးဝ မစားနိုင်ဘူး..”
မော့လောင်တ ပေါက်ကွဲသွားပြီဖြစ်သည်။
ဒီအရူးပေါက်လေးက အကောင်းအဆိုးကို လုံးဝ မခွဲခြားတတ်ဘူးပဲ.. သူကောင်းဖို့အတွက် လုပ်ပေးနေတာလေ.. များများစားမှာ မြန်မြန်လေး ဖွံ့လာမှာပေါ့.. မဟုတ်ရင် ဒီကောင်လေးကို တခြားမြွေတိုင်းက အနိုင်ကျင့်သွားမှာ.. အနိမ့်ဆုံးအဆင့်မှာ ရှိနေတဲ့ လုမြွေတောင် သူ့ကို ကိုက်ချင်ကိုက်သွားဦးမှာ..
“ယင်ရှောင်ရှောင်းးး မင်းလေးက လုံးဝကို ပုန်ကန်ရဲနေတယ်ပေါ့..”
သို့သော်လည်း အမှန်အတိုင်း ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်းမှ မစားဘူးဟု အဆုံးထိ ငြင်းဆန်နေမည်ဆိုလျှင် မော့လောင်တ မည်သို့မျှလုပ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း လိုအပ်လာမည်ဆိုလျှင် ယင်ရှောင်ရှောင်း၏ ပါးစပ်ထဲသို့ အစာအတင်းထိုးသွပ်ကျွေးရုံသာ ရှိတော့သည်။
မော့လောင်တမှာ ယင်ရှောင်ရှောင်းအား ခြောက်လှန့်လို့နေသည်။ မော့လောင်တမှာ စိတ်ဆိုးဒေါသထွက်ရခြင်းကို မုန်းတီးလေသည်။ ယင်ရှောင်ရှောင်းနေရာတွင် အခြားသော ယင်မြွေ၊ ဟုန်မြွေ၊ လန်မြွေ သို့တည်းမဟုတ် မော့မြွေတစ်ကောင်သာ ဖြစ်နေမည်ဆိုလျှင် နေရာတွင်ပင် ကိုက်သတ်ပစ်လိုက်မည် ဖြစ်သည်။ သို့သော်လည်း သူ၏အောက်တွင်ရှိနေသည့် မြွေလေးမှာ အခြားသူ မဟုတ်ချေ။ ထို့ကြောင့် မော့လောင်တမှာလည်း ထိုမြွေကလေးနှင့် ပတ်သက်၍ တတ်နိုင်သည့်အရာ ဘာမှမရှိပါ။ ထို့ကြောင့် ယင်ရှောင်ရှောင်း၏ မျက်နှာကိုသာ အကြိမ်အနည်းငယ်ခန့် လျက်ကာဖြင့် ဖြေရှင်းနိုင်မည့် နည်းလမ်းအား စဉ်းစားနေလေသည်။ ယင်ရှောင်ရှောင်း၏ မျက်နှာမှာ သူ၏တံတွေးများ ပေကျံနေသည်ကို မြင်လိုက်သည့်အခါတွင် မော့လောင်တ၏ စိတ်အခြေအနေမှာလည်း မည်သည်ကြောင့်ရယ်မသိ တိုးတက်လာပြီး ယင်ရှောင်ရှောင်းအား လွှတ်ပေးလိုက်လေသည်။
မော့လောင်တ ယင်ရှောင်ရှောင်းအား လွှတ်ပေးလိုက်သည့်အချိန်မှာပင် ယင်ရှောင်ရှောင်း ထံမှ အသံများ ထွက်လာသည်။
“ကိုယ်မင်းကို လွှတ်ပေးလိုက်ပြီလေကွာ.. အခုက ဘာဖြစ်နေတာလဲ..”
မော့လောင်တ မပျော်ရွှင်စွာဖြင့် မေးလိုက်သည်။
“ဗိုက်.. ဗိုက်နာလို့..”
ယင်ရှောင်ရှောင်း မြေပေါ်တွင် လှိမ့်နေလေသည်။ ဤတစ်ကြိမ်တွင် ငှက်ဥများ မစားချင်တော့၍ လှိမ့်နေခြင်း မဟုတ်ဘဲ ဗိုက်အောင့်လွန်းသောကြောင့် ဖြစ်သည်။
ဘာလို့ ဗိုက်အောင့်လာတာလဲ ဟုတ်လား.. တစ်သုတ်ပြီးတစ်သုတ် အဆက်မပြတ် စားသောက်နေရတာ အစာခြေဖို့ အချိန်တောင် မရဘူးလေ.. သုံးရက်ဆက်တိုက် ပေါက်ကွဲထွက်တော့မတတ် စားသောက်ထားရတာ သိရဲ့လား..
လွန်ခဲ့သည့် အခိုက်အတန့်က မြေပေါ်တွင်လှိမ့်ကာဖြင့် လေ့ကျင့်ခန်းပြုလုပ်နေခဲ့ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ထက် နှစ်ဆမျှ ကြီးမားသည့် မော့လောင်တ၏ ခန္ဓာကိုယ်အောက်တွင် ဖိထားခြင်း ခံလိုက်ရသည်။
ငါလေးမှ ဘာမှမဖြစ်ရင် ဘယ်သူမှ ဘာမှမဖြစ်တော့ဘူးနော် သိလား..
ယင်ရှောင်ရှောင်း ဗိုက်အောင့်သည်ဟု ကြားလိုက်ရသည်နှင့် စိုးရိမ်ပူပန်နေသည့် မော့လောင်တမှာ မြေပေါ်တွင် လှိမ့်နေသည့် ယင်ရှောင်ရှောင်းအား အပြေးကလေး ဖမ်းထိန်းလိုက်သည်။
“ဘာဖြစ်လို့လဲဟင်.. ဘာလို့ ရုတ်တရက်ကြီး ဗိုက်အောင့်လာတာလဲ..”
နာကျင်နေသည့် ယင်ရှောင်ရှောင်းမှာ ခက်ခက်ခဲခဲ ခေါင်းမော့ကာဖြင့် မော့လောင်တအား ထိခိုက်နာကျင်နေသော မျက်လုံးများဖြင့်ကြည့်ကာ အော်လိုက်သည်။
“အဲဒါ ခင်ဗျားကြီးကြောင့် မဟုတ်ဘူးလား.. ငါ့ကို ဗိုက်ပေါက်မတတ် အတင်းစားခိုင်းပြီးတော့..”
မော့လောင်တသည်လည်း ယင်ရှောင်ရှောင်း ပြောသည့်စကားအား ယုံကြည်ပြီး စိတ်မရှည်လွန်းသည့် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ ထို့နောက်တွင် နောင်တများ တစ်ပွေ့တစ်ပိုက် ဖြစ်လာတော့သည်။
“နောက် အဲလိုမဖြစ်စေရဘူးနော် ရှောင်ရှောင်း.. အခုက တော်တော်လေး နာနေတာလားဟင်..”
ယင်ရှောင်ရှောင်း မော့လောင်တမျက်နှာပေါ်ရှိ စိုးရိမ်မှုတို့အား မြင်လိုက်ရသည်။ ထို့နောက် ဤရက်များအတွင်း သူခံစားခဲ့ရသည့် မကျေနပ်ချက်များ ပေါက်ကွဲတော့သည်။ ဤတဟေးတန်မှာ သူ့အား အမြဲအနိုင်ကျင့်ခဲ့သည်။ ယင်ရှောင်ရှောင်း ကျယ်လောင်စွာ ငိုကြွေးလေသည်။
“ခင်ဗျား မကောင်းတဲ့ကောင်ကြီး.. ငါထပ်မစားနိုင်တော့ဘူးလို့ ပြောခဲ့တာတောင် အတင်းစားခိုင်းတယ်.. ဥအစိမ်းတွေကို မကြိုက်ဘူး သိရဲ့လား.. မချက်ရသေးတာတွေကိုလည်း မကြိုက်ဘူးလို့.. ပြီးတော့ ငါ့ကို အရူးပေါက်လေးလို့လည်း ခေါ်နေသေးတာ.. ငါက အရူးပေါက် မဟုတ်ဘူး..”
မော့လောင်တ နောင်တရနေလေပြီ။ ယင်ရှောင်ရှောင်း ငိုသည်အား မြင်လိုက်သည့်အခါတွင် မော့လောင်တမှာ ထိုအရာမှာ မည်သည်ဖြစ်ကြောင်း မေးလိုက်မိသည်။ ယင်ရှောင်ရှောင်း၏ အပြောအရ မျက်ရည်များပင်။ ထို့နောက်တွင် မော့လောင်တ သိလိုက်သည်မှာ ယင်ရှောင်ရှောင်း၏ မျက်ရည်များအား ကြည့်နိုင်စွမ်း မရှိဟု ဖြစ်သည်။ ယခုအခါတွင် ယင်ရှောင်ရှောင်း ငိုနေသည်အား တွေ့လိုက်ရပြန်သည်။ မော့လောင်တ အတော်လေး နောင်တရနေမိသည်။ ရှောင်ရှောင်းအား အများကြီးစားသောက်ရန် အလွန်အမင်း ဖိအားပေးမိလိုက်သည်လား။
“ဒီလိုလေး နှိပ်ပေးတာ အဆင်ပြေရဲ့လား.. ဒီနားလေးကို ပွတ်ပေးနေမယ်ဆို သက်သာသွားမှာနော်..”
မော့လောင်တ ယင်ရှောင်ရှောင်း၏ ဝမ်းဗိုက်ဆီသို့ ခေါင်းဆန့်ကာသွားလိုက်ပြီး သူ၏ခေါင်းဖြင့် ယင်ရှောင်ရှောင်း၏ ဗိုက်ကလေးအား အသာနှိပ်နယ်ပေးနေသည်။
ထိုသို့နှိပ်နယ်ပေးခြင်း ခံရသည့်အခါ ယင်ရှောင်ရှောင်း အတော်လေး သက်သာလာသည်။ အော်ဟစ်ငိုကြွေးနေရာမှ ရှိုက်သံတိုးတိုးသာ ထွက်တော့သော်လည်း ရန်လိုနေဆဲပင်။
“ခင်ဗျားရဲ့ခေါင်းက အေးတယ်လို့..”
မော့လောင်တ ခေတ္တမျှ ရပ်တံ့သွားပြီးနောက် ဆက်လက်နှိပ်နယ်ပေးလိုက်သည်။
ယင်ရှောင်ရှောင်း ပို၍သက်သာလာသော်လည်း ငိုထားခြင်းကြောင့် ပင်ပန်းနေလေသည်။ မော့လောင်တ၏ ခန္ဓာကိုယ်ပေါ် ခေါင်းတင်ကာဖြင့် အိပ်ပျော်သွားတော့သည်။ သူ၏ မျက်လုံးထောင့်တွင် မျက်ရည်စလေးများ ကျန်နေဆဲဖြစ်သည်။ သနားစဖွယ် မော့လောင်တမှာ ယင်ရှောင်ရှောင်း အိပ်မောကျသွားသည်ကို မြင်သည့်အခါ နှိပ်နယ်ပေးနေခြင်းအား ရပ်ကာဖြင့် ယင်ရှောင်ရှောင်းနံဘေးတွင်ခွေကာ အိပ်စက်ချင်မိသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းအား နှိပ်နေခြင်းမှာ ရပ်တံ့လိုက်ချိန်တိုင်းတွင် ယင်ရှောင်ရှောင်းမှာ နိုးလာပြီး ‘မရပ်နဲ့ ဆက်နှိပ်’ ဟု ပြောလေသည်။ ဤသို့ဖြင့် ထိုညတွင် မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ ဝမ်းဗိုက်အား နှိပ်နယ်ရင်းဖြင့် မိုးလင်းပေါက်ခဲ့ရသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ယင်ရှောင်ရှောင်းမှာ လန်းဆန်းလို့နေပြီဟု ဆိုရပေမည်။ ဆန့်ကျင်ဘက်အနေဖြင့် မော့လောင်တမှာမူ အဆက်မပြတ် သန်းဝေလျက်ရှိသည်။ မော့လောင်တ၏ဘဝတွင် ဤကဲ့သို့သော အခြေအနေမျိုးအား ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့ပါ။ အတိတ်ကာလတွင် မော့လောင်တမှာ ညနေခင်းများတွင် အများဆုံး အိပ်စက်တတ်သည်။ သို့သော်လည်း အနာဂတ်တွင်မူ ထိုအရာအား ရှာဖွေတွေ့ရှိသွားမည်ဆိုလျှင် နေ့ညများအပြင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် အရူးပေါက်လေးနှင့် ယှဉ်မည်ဆို နိမ့်ကျသွားပေလိမ့်မည်။
ယင်ရှောင်ရှောင်းမှာ မော့လောင်တနှင့် ပတ်သက်၍ အပြစ်ရှိစိတ်အား ရှားရှားပါးပါး ခံစားနေရသည်။ မော့လောင်တ အဆက်မပြတ် သန်းဝေနေရသည်မှာ သူ့ကြောင့်မှန်း သိနေသဖြင့် ယင်ရှောင်ရှောင်း ကြင်နာစွာ ဆိုလေသည်။
“တဟေးတန်.. တစ်ရေးလောက် သွားအိပ်လိုက်ပါလားဟင်..”
မော့လောင်တ ငေးကြည့်လာသည်။
“တစ်ရေးအိပ်ဖို့.. ကိုယ့်လိုမျိုး သန်မာပြီး ခွန်အားကြီးတဲ့အပြင် ခံ့ညားချောမောဆွဲဆောင်မှုရှိတဲ့ မော့မြွေကို မင်းလေးက တစ်ရေးအိပ်စေချင်နေတာလား.. ဘုရားရေ.. ဒါက ကိုယ့်ကို အရိုးရှင်းဆုံးနည်းနဲ့ စော်ကားလိုက်တာပဲကွ..”
ယင်ရှောင်ရှောင်း : “..”
ယင်ရှောင်ရှောင်း မော့လောင်တအား စကားပြောဖို့ရန် ငြင်းပယ်လိုက်သည်။
ဒီတဟေးတန်က တကယ်ကို မဲတူးနေတဲ့ မီးသွေးတုံးကြီး.. သူ့ဆီက ထွက်လာတဲ့ စကားမှန်သမျှကလည်း မည်းနက်နေရောပဲ.. မော့မြွေတွေက ဘာဖြစ်နေလို့လဲ.. မော့မြွေဖြစ်တာနဲ့ပဲ တစ်ရေးအိပ်စရာ မလိုဘူးပေါ့.. သန်မာတယ်.. ခွန်အားကြီးတယ်.. ခံ့ညားတယ်.. ချောမောတယ်.. ဟုတ်လား.. ငါ့မျက်စိထဲတော့ မီးသွေးတုံးကြီးပဲနော်..
ယင်ရှောင်ရှောင်မှာ သူ့အား အမှန်တကယ် လျစ်လျူရှုနေသည်ကို မြင်သည့်အခါ မော့လောင်တ ယင်ရှောင်ရှောင်းဆီသို့ အပြုံးတစ်ခု တပ်ဆင်ကာဖြင့် ချက်ချင်းသွားလိုက်သည်။
“အရူးပေါက်လေးရဲ့.. ကိုယ်အိပ်ပျော်နေတဲ့အချိန် မင်းလေး ပျင်းနေမှာ စိုးရိမ်လို့ပါကွာ.. ကိုယ်က မင်းအတွက် ပြောနေတာပါ..”
ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ ‘ပျင်းနေမှာစိုးလို့’ ဟုတ်လား။ မော့လောင်တ၏ ‘ကိုယ်က မင်းကြောင့် မအိပ်ဘဲနေတာနော်.. ကိုယ့်ကို ချီးကျူးပေး’ ဟူသည့် မျက်နှာအား ကြည့်ရင်းဖြင့် ယင်ရှောင်းရှောင်း တစ်ဘက်သို့ ခေါင်းလှည့်လိုက်ပြန်သည်။ မျှော်လင့်ထားသည့်အတိုင်း ဤတဟေးတန်မှာ အလွန်အရှက်မဲ့လှသည်။
ယင်ရှောင်ရှောင်းမှာ သူ့အား အသိအမှတ်ပြုရန် ငြင်းဆိုနေပြန်သဖြင့် မော့လောင်တ ခေါင်းစဉ်ပြောင်းလိုက်ရသည်။
“အရူးပေါက်လေးရေ.. ငှက်ဥတွေပဲ တစ်ချိန်လုံး စားနေတာ မင်းအတွက် မကောင်းဘူးနော်.. အဲဒါက အဆာပြေ စားဖို့အတွက်လောက်ပဲ ကောင်းတာလေ.. အဓိကအစာနေရာမှာ အဲဒီငှက်ဥတွေကိုပဲ အမြဲတမ်း စားနေမယ်ဆိုရင် နောက်ပိုင်းကျ မင်းလေးမှာ အာဟာရချို့တဲ့တာမျိုးတွေ ဖြစ်လာနိုင်တယ်.. တခြားဘာစားရတာ ကြိုက်သေးလဲ.. နောက်တစ်ကြိမ်ကျ ကိုယ်သေချာပေါက် ရှာပေးမယ်နော်..”
မော့လောင်တ၏ စကားများမှာ မှန်ကန်ပေသည်။ နေ့စဉ်နေ့တိုင်း ပြည့်ကားအောင် စားသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်မှာ ပိုမိုအားနည်းလာသည်ဟု ခံစားမိသည်။ အခြားမည်သည့်အရာမှ မစားသောကြောင့် ဖြစ်ပေမည်။ အစိမ်းစားဖို့ရန် မတတ်နိုင်သဖြင့် အတိတ်ကာလတွင် မီးဖုတ်၍သာ စားသောက်ခဲ့ရသည်။ ယင်ရှောင်ရှောင်း တုံ့ဆိုင်းသွားသည်။ တဟေးတန်အား ထိုအကြောင်း ပြောလိုက်ရမည်လော။ ထိုသို့တွေးမိပြီးနောက် ယင်ရှောင်ရှောင်း အကဲစမ်းသည့်အနေဖြင့် မေးလိုက်သည်။
“တဟေးတန်ရေ.. ကျွန်တော် ဒီမှာနေတာလည်း နည်းနည်းကြာပြီဆို ထွက်သွားသင့်ပြီလို့ ထင်တယ်..”
ယင်ရှောင်ရှောင်း၏ စကားများကြောင့် မော့လောင်တ၏ ပျော်ရွှင်နေသည့် စိတ်အခြေအနေမှာ မည်းမှောင်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာသို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။
“ဘာပြောတယ်.. ထွက်သွားချင်တယ်လား.. ကိုယ်မင်းကို ထွက်သွားဖို့ ပြောခဲ့မိလား.. ကိုယ်မင်းကို သဘောမကျဘူးဆို အစကတည်းက လွှင့်ပစ်လိုက်ပြီပေါ့.. အရူးပေါက်လေးက ကိုယ့်ဆီကနေ ရှောင်ပြေးဖို့ ပြောနေတာလား.. ထွက်သွားဖို့ကို မစဉ်းစားနဲ့..”
ယင်ရှောင်ရှောင်းမှာ ကြောက်လန့်တကြား နောက်သို့ဆုတ်လိုက်သည်။
‘ငါလေးက ထွက်သွားမယ်လို့ပဲ ပြောမိတာပါ.. ခင်ဗျားကို မကြိုက်လို့ ရှောင်ပြေးမယ်လို့ ဘယ်တုန်းက ပြောလိုက်မိလို့လဲ.. မရဘူးဟုတ်လား.. တခြားနည်းလမ်းလေး ရှိသေးလို့လား..’
ယင်ရှောင်ရှောင်း ဤသို့သာ တွေးနိုင်တော့သည်။ သူ၏အရှေ့တွင် ရှိနေသည့် မော့လောင်တအား ကြည့်လိုက်သည်။ ထွက်သွားမည်ဟု ပြောလိုက်စဉ်မှာပင် ထိုမော့မြွေ၏ အမူအရာမှာ မသာမယာနှင့် ကြမ်းတမ်းလာသည့်အပြင် ကွဲအက်နေသည့်အသဲနှင့်ပင် အော်လိုက်သေးသည်။ ရုတ်တရက်ဆိုသလို ဤတဟေးတန်နှင့် ဘဝတစ်လျှောက် နေသွားရမည်ဆိုလျှင် အတော်လေး ကောင်းပေမည်ဟု ခံစားမိလိုက်သော်လည်း ထိုအတွေးအား ယင်ရှောင်ရှောင်း အသက်ရှုနေစဉ်မှာပင် လျင်မြန်စွာ မေ့လျော့သွားလေသည်။
“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ဒါလေးပဲ ပြောတာကို ဘာကိစ္စနဲ့ အရမ်းတွေ စိတ်လှုပ်ရှားနေရတာလဲ..”
ယင်ရှောင်ရှောင်း မော့လောင်တအား နှစ်သိမ့်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော့်မှာ ထူးထူးဆန်းဆန်းအကျင့်တွေ အများကြီးရှိနေတာ.. တဟေးတန်က သည်းခံနိုင်မယ်ဆိုတာ သေချာလို့လား..”
မော့လောင်တ၏ မည်းမှောင်ကာ ရက်စက်ကြမ်းကြုတ်သည့် အမူအရာများမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး ခေါင်းထဲတွင် မေးခွန်းများ ပြည့်လာသည်။
“ထူးဆန်းတဲ့ အကျင့်တွေလား.. ဘယ်လိုမျိုးတွေလဲ.”
“အများကြီးပဲ..”
ယင်ရှောင်ရှောင်း သေချာစဉ်းစားပြီးနောက်တွင် ရှက်ရွံ့သွားမိသည်။
“ဥပမာဆိုရင် နေ့တိုင်းနီးပါး ရေချိုးတာမျိုး.. မွန်းတည့်နေကို မခံနိုင်တာမျိုး.. ကြွက်တွေကို မစားဘဲ ငှက်တွေ ငှက်ဥတွေနဲ့ ဖားတွေကိုပဲ စားတာမျိုး.. အဲဒါတွေကို စားရင်လည်း ချက်ပြီးမှ စားတာမျိုးပေါ့..”
ရေချိုးတာက အဆင်ပြေတယ်.. နေပူဆာမလှုံနိုင်တာလည်း ရတာပဲ.. ကြွက်တွေမစားတာလည်း အိုခေပါ.. ငှက်တွေ၊ ငှက်ဥတွေနဲ့ ဖားတွေကိုပဲ စားတာကိုလည်း လက်ခံနိုင်တယ်..
ထိုအရာများအား မော့လောင်တ နားလည်ပေးနိုင်သည်။ သို့သော်လည်း နောက်ဆုံးတစ်ခု ‘ချက်ပြီးမှစားသည်’_ မော့လောင်တ ရုတ်တရက် ယမန့်နေ့ညက ယင်ရှောင်ရှောင်း၏ အတွန့်တက်မှုများအား အမှတ်ရမိလိုက်သည်။
အဲတော့သူက ငှက်ဥတွေကို ချက်စားချင်တယ်လို့ ပြောနေခဲ့တာပေါ့..
“ချက်ပြုတ်တာလား.. ဘယ်လိုမျိုးကို ပြောတာလဲ..”
ယင်ရှောင်ရှောင်း ခေတ္တမျှ တုံ့ဆိုင်းနေလိုက်သည်။
“အဲဒါက.. ကျွန်တော်တို့က မီးဖိုပြီးတော့ အစာတွေကို မီးထဲထည့်လိုက်တယ်.. ပြီးရင် ကျက်တဲ့အချိန်ထိ ခဏလောက်စောင့်ပြီးမှ စားတာ..”
“မီးဖိုတယ်လား.. မင်းက မီးဘယ်လိုမွှေးရမလဲ သိတယ်လို့ ပြောနေတာလား..”
ယင်ရှောင်ရှောင်း တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။
မော့လောင်တ အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားသည်။ ယင်ရှောင်ရှောင်း စိုးရိမ်နေစဉ်မှာပင် ပြောလာသည်။
“အဲဒါတွေပဲဆို ဘာမှမဟုတ်ပါဘူး.. ကိုယ့်ကို မီးဖိုဖို့ သင်ပေးလေ.. ဒါဆိုရင် နောက်ပိုင်းကျ ချက်ပြုတ်ပြီး စားနိုင်ပြီ..”
မော့လောင်တ၏ တိတ်ဆိတ်မှုမှ ယင်ရှောင်ရှောင်း မီးမွှေးတတ်သည်အား သိရှိလိုက်ရခြင်းကြောင့် မဟုတ်ဘဲ ဤအရူးပေါက်လေးမှာ သူကဲ့သို့ ခံ့ညားချောမောသန်မာကာ ခွန်အားအပြည့်နှင့် ညှို့ဓာတ်ပြင်းလှသည့် မော့မြွေအား သင်ကြားပေးတော့မည် ဟူသောကြောင့်ပင်။ မျက်နှာပျက်ရချေပြီ။
ယင်ရှောင်ရှောင်းမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိပြီး နှလုံးသားထဲတွင် ချိုမြိန်မှုတို့ ကြီးထွားလာသည်။ သို့သော်လည်း ထိုအကြောင်းနှင့် ပတ်သက်၍ အများကြီး စဉ်းစားမနေတော့ဘဲ မော့လောင်တအား မီးပြုလုပ်နည်း သင်ကြားပေးရန် ပြင်တော့သည်။
မော့လောင်တ ဂူထဲမှ ထွက်သွားပြီး ယင်ရှောင်ရှောင်း ပြောသည့် မီးပြုလုပ်ရန် လိုအပ်သည့်အရာများနှင့် ပြန်လာခဲ့လေသည်။ ယင်ရှောင်ရှောင်း၏ လမ်းညွှန်မှုများအား လိုက်နာကာဖြင့် မီးမွှေးခြင်းအား အောင်မြင်ခဲ့ပြီး ယင်ရှောင်ရှောင်း အလွန်စိတ်လှုပ်ရှားနေတော့သည်။ မော့လောင်တ၏ သင်ကြားနှုန်းမှာ အလွန်အမင်း ငြင်းဆန်မရလောက်အောင် မြန်ဆန်လွန်းသည်။ ကနဦးတွင် မီးမွှေးရန်အတွက် မြွေနှစ်ကောင် လိုအပ်ခဲ့သော်လည်း မော့လောင်တမှာ သူတစ်ကောင်တည်းနှင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ထိုအခြင်းအရာမှာ သူ၏ ပါပါးနှင့် ဖေဖေတို့ထက် မြန်ဆန်လွန်းလှသည်။
ယင်ရှောင်ရှောင်းမျက်လုံးထဲရှိ လေးစားနေမှုတို့အား မြင်သည့်အခါ မော့လောင်တ ပြုံးပြုံးကြီး ကျေနပ်နေလေသည်။
အဟင်းဟင်း.. ငါက သန်မာ ခံ့ညား ချောမော ခွန်အားကြီးတဲ့ မော့မြွေပဲလေ..