အပိုင်း ၄၀
Viewers 13k


Chapter 40



မော့လောင်တ မီးဖိုတတ်သွားသည့်အချိန်မှစကာ ယင်ရှောင်ရှောင်း၏ အစားအသောက် စံနှုန်းမှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။ ထိုမျှသာမကဘဲ မော့လောင်တသည်လည်း ယင်ရှောင်ရှောင်းအား ပိုမိုစားရန် မတိုက်တွန်းတော့ချေ။ ဤသို့ဖြင့် ယင်ရှောင်ရှောင်းမှာ ပျော်ရွှင်တက်ကြွသည့် စိတ်အခြေအနေ၌ ရှိနေလေသည်။ ကုန်ဆုံးသွားသည့် နေ့ရက်တိုင်းကိုလည်း အထက်တန်းဆန်ဆန် ဇိမ်ကျကျ နေ့ရက်များဟု ခေါ်ဆိုနိုင်သည်။

သို့သော်လည်း အချိန်ကုန်လာသည်နှင့်အမျှ ဤသို့ဆက်နေရန် မသင့်ဟု မော့လောင်တ ခံစားမိသည်။ အရူး‌ပေါက်လေး၏ စားသောက်နေထိုင်မှု ပုံစံမှာ ဖွံ့ဖြိုးကြီးထွားဖို့ရန် အထောက်အကူ ပြုနေမည်ဆိုလျှင် မော့လောင်တအနေဖြင့် မည်သို့မျှ ပြောမည်မဟုတ်ပေ။ သို့သော်လည်း လဝက်မျှကြာသည့်တိုင် အရူးပေါက်လေး၏ အလျားမှာ ရှည်လာခြင်းမရှိပေ။ ထို့အပြင် အများကြီးလည်း မစားနိုင်ချေ။ ‘ကြွက်တွေကတောင် မင်းထက်ပိုစားနိုင်သေးတယ်’ ဟု မော့လောင်တ ပြောပစ်ချင်သော်လည်း ချုပ်ထိန်းထားရသည်။ လှုပ်လှုပ်ရှားရှား ပြုမည်ဆိုလျှင် အရူးပေါက်လေး၏ အစာစားချင်စိတ် ပိုလာကာ ဖွံ့ဖြိုးမှုလည်း မြန်ဆန်လာနိုင်ပြီး ပိုမိုသန်မာလာနိုင်မည်ဟု မော့လောင်တ တွေးမိသည်။ ထိုသို့‌ဖြင့် မနက်ဖြန်မှစကာ တောင်အနှံ့လှည့်လည်သွားလာကြမည်ဟု မော့လောင်တ အမိန့်ချလိုက်သည်။ ယင်ရှောင်ရှောင်း၏ ခက်ခဲသည့်နေ့ရက်များ စတင်လေပြီ။

ယင်ရှောင်ရှောင်း၏ အပြင်းအထန် တောင်းဆိုမှုကြောင့် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ချောင်းရှိရာသို့ သွားကြလေသည်။ ယင်ရှောင်ရှောင်းမှာ တောင်အပြင်တွင် ရှိနေသည့် ချောင်းဖြစ်နေလျှင် မည်သို့လုပ်ရမည်ကို မော့လောင်တအား မေးမြန်းခဲ့သေးသည်။ မော့လောင်တမှာ တုန်လှုပ်ခြင်းမရှိဘဲ ထိုသို့ဖြစ်လျှင် အခြားတစ်ခုထံ ပြောင်းမည်ဟု ပြောလိုက်သည်။ တောင်ခြေတွင် စမ်းချောင်းများမှာ ဟိုဟိုဒီဒီ မြင်နေရသည်။

‘ခက်ခဲသည်’ ဟူ၍ ခေါ်ဆိုရမည့် နေ့ရက်များမှာ ဤသို့သာလျှင် ဖြစ်သည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ မနက်ခင်းစောစောတွင် စတင်ထွက်ခွာကြမည် ဖြစ်ပြီး မွန်းတည့်ချိန်မတိုင်မီ ယင်ရှောင်ရှောင်း တစ်ရေးအိပ်စက်ရန် ချောင်းရှိရာသို့ အလျင်စလို သွားကြမည်။ မော့လောင်တသည်လည်း ချောင်းနံဘေးရှိ ကျောက်တုံးတစ်ခုအား ရှာဖွေကာဖြင့် တစ်ရေးအိပ်ပေမည်။ ထို့နောက် မွန်းလွဲ သုံး၊လေး နာရီလောက်တွင် နိုးထလာကာ ခြေဆန့်လက်ဆန့် လမ်းလျှောက်ကြမည်။ မော့လောင်တ ဂူတစ်လုံးရှာကာဖြင့် မှောင်လာသည့်အချိန်တွင် အိပ်စက်ကြမည်။ ဤနေ့ရက်များမှာ ယင်ရှောင်ရှောင်း စိတ်ကူးထားသကဲ့သို့ ခက်ခဲခြင်း မရှိချေ။ မော့လောင်တ နောင်တရမိသည့်အရာမှာ ယင်ရှောင်ရှောင်းသည် ပင်ပန်းဒဏ်မခံနိုင်ချေ။ ထို့ကြောင့် သွားလာနှုန်းအား တစ်ချိန်လုံး ကန့်သတ်ထားလေသည်။ သို့သော်လည်း ဆိုလိုရင်းကို ပြန်ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်း၏ အစာစားချင်စိတ်မှာ အမှန်တကယ် ကြီးထွားလာပုံရပါသည်။

လမ်းတစ်လျှောက်တွင် အခြားမြွေများကို တွေ့ခဲ့ရသော်လည်း အရေအတွက်ကိုမူ မသေချာလှပေ။ ယင်ရှောင်ရှောင်း မှတ်မိသည်မှာ အရောင်များသာ ဖြစ်သည်။ ဟုန်မြွေ (အနီရောင်)၊ လုမြွေ (အစိမ်းရောင်)၊ ဟွမ်မြွေ (အဝါရောင်)နှင့် ပိုင်မြွေ (အဖြူရောင်) တို့အား မြင်ခဲ့ရသည်။ သို့သော်လည်း မော့မြွေ (အနက်ရောင်)များကို မတွေ့ခဲ့ရပါ။ ထိုမြွေများမှာ တဟေးတန်အား မြင်သည်နှင့် ချက်ချင်းဆိုသလို အဝေးသို့ ထွက်ပြေးသွားကြပြီး ယင်ရှောင်ရှောင်းအားလည်း စာနာသနားသည့် အကြည့်များဖြင့် ကြည့်သွားကြသေးသည်။ ယင်ရှောင်ရှောင်းမှာ ဝေးလွန်းသည့် အကွာအဝေးကြောင့် ထိုအခြင်းအရာအား သတိမပြုမိချေ။ ဤသို့ဖြင့် သူတို့၏ ခရီးစဉ်တစ်လျှောက် ယင်ရှောင်ရှောင်းမှ မော့လောင်တမှတပါး အခြားသောမြွေများနှင့် စကားပြောဆိုခဲ့ရခြင်း မရှိပေ။ ယင်ရှောင်ရှောင်း စိတ်ဓာတ်ကျနေမိသည်။

ဒီလိုဖြစ်နေလို့ရမလား.. ဘာပြောရမှန်းတောင် မသိတော့ဘူး.. နှစ် ၂၀ လုံးလုံး တခြားမြွေတွေနဲ့ အပေါင်းအသင်း မလုပ်ဘဲ ဒီတောင်မှာ နေမသွားနိုင်ပါဘူးနော်..

“အရူးပေါက်လေး.. မင်းဒီမှာ နေခဲ့နော်.. ကိုယ်အစာသွားရှာဦးမယ်..”

“ဟုတ်.. ဟုတ်..”

ယင်ရှောင်ရှောင်း ရွှင်မြူးတက်ကြွပြီး စိတ်လက်ပေါ့ပါးစွာဖြင့် အမြီးအား ဘယ်ညာယမ်းနေလေသည်။ မြန်မြန်ဆန်ဆန် လှုပ်ရှားခြင်းသည် သူ့အား ဆာလောင်လာစေသည်ကြောင့် ယခုအချိန်တွင် သူမည်မျှ ဆာလောင်နေသည်ကို သူကိုယ်တိုင်မှလွဲ မည်သူမျှ သိမည် မဟုတ်ချေ။ မော့လောင်တ အဝေးသို့ရောက်သွားသည့် အချိန်တွင် ယင်ရှောင်ရှောင်းမှာ ရေချိုးရန်အတွက် စမ်းချောင်းထဲဆင်းနေပြီ ဖြစ်သည်။ ရေချိုးသည်ဟု ဆိုရာတွင် ရေထဲ၌ မှောက်ချည်လှန်ချည် ပြုလုပ်နေခြင်းသာဖြစ်သည်။ ညစ်ပတ်ပေကျံနေမည်ဆိုလျှင် အမြီးလေးအား သုံးကာဖြင့် ပွတ်တိုက်ဆေးကျောမည်။ ယင်ရှောင်ရှောင်း ရေချိုးနေစဉ် ချုံပုတ်ထဲမှ လျှောတိုက်လာသံအား ကြားလိုက်ရသည်။ တဟေးတန် မြန်မြန်ဆန်ဆန် ပြန်ရောက်လာသည်။ ယင်ရှောင်ရှောင်း ခေါင်းလှည့်ကာ စကားပြောမည် ပြုစဉ်မှာပင် အသစ်ရောက်လာသည့် မြွေ၏ခေါင်းမှာ ရေထဲသို့ ရောက်နေပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

“ဟင်.. ရှောင်ရှောင်းလား.. ဒီမှာ ဘာလုပ်နေတာလဲ..”

ယင်ရှောင်ရှောင်း ငိုချင်သော်လည်း မျက်ရည်ကျမလာပေ။

ဘာလို့များ စစ်ကောကောနဲ့ တည့်တည့်ဝင်တိုးရတာတုန်း.. ဒီတောင်က သေးသေးလေးလည်း မဟုတ်ဘဲနဲ့..

“သား.. သားက လမ်းလျှောက်ထွက်လာတာပါ..”

“လမ်းလျှောက်တာ.. မင်းတစ်ယောက်တည်းတော့ မဟုတ်ဘူးမလား..”

ယင်ရှောင်စစ် လေသံမှာ အလွန်ပြင်းထန်နေသည်။

“လွန်ခဲ့တဲ့ နှစ်ရက်က တာ့ကောနဲ့ တွေ့ခဲ့တယ်.. တာ့ကော ပြောတာကတော့ မင်းတစ်ကောင်တည်း ဂူထဲမှာ ကျန်နေခဲ့တာတဲ့.. မင်းဂူထဲမှာ နေတယ်ဆိုလို့ ကောကောတို့က စိတ်ချလက်ချ ရှိနေကြတာ.. ဘာလို့ဆို အဲဒီမှာ ဦးဦးလုနဲ့ တခြားမြွေတွေက မင်းကို စောင့်ရှောက်ပေးနိုင်တယ်လေ.. မင်းဘာသာ တစ်ကောင်တည်း ထွက်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး..”

“ဘယ်.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. သားက ဘာကိစ္စနဲ့ တစ်ကောင်တည်း ထွက်လာရမှာလဲ..”

ယင်ရှောင်ရှောင်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်လာသည်။ မည်သို့ပင်ဖြစ်စေ မော့မြွေတစ်ကောင်နှင့် သွားလာနေသည့်အကြောင်း မပြောနိုင်ပေ။ စစ်ကောကော သိသွားမည်ဆိုလျှင် သူ့အား တဟေးတန်နှင့် အတူ ရှိခိုင်းတော့မည် မဟုတ်ပါ။ ထိုသို့တွေးလိုက်မိသည့်အခါ ယင်ရှောင်ရှောင်း အလွန်အမင်း စိတ်ဖိစီးသွားတော့သည်။

“သား.. သားက လန်ယိယိနဲ့ တူတူသွားတာ.. ဟုတ်တယ်.. လန်ယိယိနဲ့ ရှိနေတာ..”

“လန်ယိယိလား..”

ယင်ရှောင်စစ် ရေရွတ်လိုက်သည်။

“အဲဒါဆို လန်ယိယိက ဘယ်မှာလဲ..”

“အဲဒါက.. လန်ယိယိက အစာသွားရှာနေတယ်..”

ယင်ရှောင်ရှောင်း အလျင်စလိုပြောသည်။

“အဲလိုလား.. ဒါဆိုလည်း ကောကောလည်း ဒီမှာပဲ လန်ယိယိ ပြန်လာတာကို စောင့်နေလိုက်မယ်.. သူနဲ့ ပြောစရာလေးတွေလည်း ရှိနေလို့လေ..”

ထိုသို့ပြောပြီးနောက် နေရာတွင်ပင် ကိုယ်ကိုခွေကာဖြင့် လှုပ်ရှားမှုမရှိတော့ဘဲ နေနေတော့သည်။ သူ၏ အမူအရာမှတဆင့် ‘လန်ယိယိကို စောင့်နေပြီနော်’ ဟု မြင်နေရသည်။

တဟေးတန်မှာ မည်သည့်အချိန်တွင်မဆို ပြန်ရောက်လာနိုင်သည်ကြောင့် ယင်ရှောင်ရှောင်း စိုးရိမ်လာတော့သည်။ တဟေးတန်နှင့် စစ်ကောကောတို့ ထိပ်တိုက်တွေ့ကြမည်ဆိုလျှင် ပြဿနာအကြီးကြီး ဖြစ်လာနိုင်သည်။

“ဘာပြောစရာရှိနေလို့လဲ စစ်ကောကော.. ကောကော သွားချင်ရင် သွားလို့ရတယ်နော်.. သားက အေးဆေး..”

ယင်ရှောင်စစ် မည်သည့်စကားမျှ မဆိုဘဲ ယင်ရှောင်ရှောင်းအား စိုက်ကြည့်လိုက်သည်။ သူလုပ်ချင်တာ မပြီးမချင်း ဤနေရာမှ မခွာဟု ဆုံးဖြတ်ထားပုံ ရသည်။ ယင်ရှောင်ရှောင်းမှာ အလွန်စိုးရိမ်လာသည်ကြောင့် ငိုချလုနီးနီးပင်။ သူ့မှာ လန်ယိယိထံမှ ထွက်ပြေးနေခြင်း ဖြစ်သော်ငြား စစ်ကောကောအတွက် လန်ယိယိအား သွားရှာပေးချင်စိတ်ပင် ဖြစ်လာမိသည်။

“စစ်ကော‌ကောရေ.. စစ်ကောကော..”

ယင်ရှောင်ရှောင်း အလွန်ထိတ်လန့်နေစဉ်မှာပင် မြွေတစ်ကောင်မှ ယင်ရှောင်စစ်အား ခေါ်နေသည်ကို ကြားလိုက်ရသည်။ သေသေချာချာလေး နားထောင်ကြည့်လိုက်သည့်အခါ လန်စန်းစန်း၏အသံ ဖြစ်နေလေသည်။ ယင်ရှောင်ရှောင်း ပျော်ရွှင်စွာဖြင့် အလျင်စလို ပြောလိုက်သည်။

“စစ်ကောကော.. လန်စန်းစန်းက ကောကောကို ခေါ်နေတာ.. မြန်မြန်လေး သွားသင့်တယ်နော်..”

ယင်ရှောင်စစ်မှာ လွန်ခဲ့သည့် အခိုက်အတံ့ကကဲ့သို့ မတည်ငြိမ်နိုင်တော့ဘဲ စတင်လှုပ်ရှားလာသည်။ အဆုံးတွင် ပါးစပ်ဖွင့်ကာဖြင့် ပြောလိုက်ရသည်။

“စန်းစန်းရေ.. ကိုယ်က မြစ်ကမ်းဘေးမှာ..”

ထိုသို့ဆိုလျှင် လန်စန်စန်းမှာ ဤနေရာသို့ ရောက်လာကာ သူနှင့်အတူ စောင့်ဆိုင်းပေမည်မှာ သံသယဖြစ်ဖွယ်ပင် မလိုချေ။

မြစ်ကမ်းဘေးသို့ မြွေတစ်ကောင် လာနေသည်ကို ယင်ရှောင်ရှောင်း ကြားလိုက်ရသည်။ ထိုလာနေသည့် မြွေမှာလည်း လန်စန်းစန်းဖြစ်သည်မှာ အသိသာပင်။ လန်စန်းစန်းသည်လည်း ယင်ရှောင်ရှောင်းအား မြင်လိုက်သည့်အခါ နှစ်ကောင်သား နွေးထွေးစွာ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် လန်စန်းစန်းသည် ယင်ရှောင်စစ်နားသို့ကပ်ကာ တစ်စုံတစ်ခုအား ပြောလိုက်သည်။ ယင်ရှောင်စစ်ထံတွင် အခြားသော ကိစ္စရပ်များ ပြုလုပ်ရန် ကြိုတင်စီစဉ်ထားပြီးသားဖြစ်ကြောင်း ယင်ရှောင်ရှောင်း သိလိုက်ရသည်။ ယင်ရှောင်ရှောင်း သံပူတုန်း ရိုက်သည့်အနေဖြင့် အလျင်စလို ပြောလိုက်သည်။

“စစ်ကောကောမှာ ကိစ္စရှိရင် သွားလေ.. ဘယ်လိုပဲဖြစ်ဖြစ် သားက ဒီတောင်မှာပဲ နေတာပဲကို.. နောက်ထပ်တွေ့ရင် တွေ့မှာပဲလေ.. စိုးရိမ်ဖို့မလိုပါဘူး.. သားဘာသား ဂရုစိုက်နိုင်ပါတယ်..”

“မင်းကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်.. ကောကောမှာ ကိစ္စလေးတွေ ရှိနေသေးတယ်..”

ယင်ရှောင်ရှောင်း၏ မျက်လုံးထဲရှိ အပြစ်ရှိစိတ်တို့အား ယင်ရှောင်စစ် မြင်လိုက်ရသော်လည်း ယင်ရှောင်ရှောင်းအား သံသယမဝင်ချင်သည့်အပြင် ထိုသို့လည်း လုပ်နိုင်စွမ်းမရှိပါ။ သို့သော်လည်း ဤအလိမ်အညာအား ယင်ရှောင်ရှောင်း မည်သို့ ဖြေရှင်းမည်ကို မြင်ချင်သော်လည်း အခြားကိစ္စတစ်ရပ် ရုတ်တရက် ပေါ်လာခဲ့သည်။ ယင်ရှောင်စစ် ဤကိစ္စအား ထားကာဖြင့် လန်စန်းစန်းနောက်သို့သာ လိုက်သွားရတော့သည်။

ယင်ရှောင်စစ် ထွက်သွားသည်ကို ကြည့်ရင်း ယင်ရှောင်ရှောင်း စိတ်လက်ပေါ့ပါးစွာ သက်ပြင်းချလိုက်သည်။

တော်ပါသေးရဲ့ တော်ပါသေးရဲ့.. စစ်ကောက တဟေးတန်နဲ့ ဝင်မတိုးလောက်ပါဘူးနော်.. အဲလိုဆို ပြီးသွားပြီပဲ..

“ကိုယ်က တခြားမြွေတွေ အမြင်မခံနိုင်ရလောက်အောင် ဆိုးနေလို့လား..”

မော့လောင်တ၏ အသံဖျော့ဖျော့ ယင်ရှောင်ရှောင်းနားထဲသို့ ရောက်လာသဖြင့် ယင်ရှောင်ရှောင်းမှာ အလန့်တကြား ထခုန်မိတော့သည်။

မော့လောင်တ၏ ပုံမှန်ထက် မည်းမှောင်နေသည့် မျက်နှာအား ကြည့်ကာ ယင်ရှောင်ရှောင်း တံတွေးမြိုချပြီး အတင်းကာရော ပြုံးလိုက်ရသည်။

“ဘယ်.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ခင်ဗျား နားလည်မှု လွဲနေတာပါ..”

မော့လောင်တ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလာသည်။

“လန်ယိယိက ဘယ်သူလဲ..”

“အိမ်နီးနားချင်းပါ.. ငယ်ငယ်ကတည်းက အတူတူကစားလာကြတာလေ..”

မော့လောင်တ အခြားမေးခွန်းများ ထပ်မမေးတော့ချေ။

“ကျွန်‌တော်တွေးနေတာ..”

ယင်ရှောင်ရှောင်း စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် ပြောလာသည်။

“ကျွန်တော်တို့ အတည်တကျနေဖို့ နေရာတစ်ခုလောက် ရှာသင့်တယ်လို့.. မြွေတွေနည်းပြီး ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး နေနိုင်တဲ့ နေရာမျိုးပေါ့.. ဒါမှမဟုတ် တခြားမြွေတွေနဲ့ ထိပ်တိုက်မတွေ့နိုင်တဲ့ ‌နေရာမျိုးလည်း ရတယ်..”

ယင်ရှောင်ရှောင်းမှာ မော့လောင်တအား ဖြားယောင်းရန်အတွက် အကြောင်းပြချက်မျိုးစုံ ရှာဖွေရင်း ဖိအားများနေတော့သည်။ သို့သော်လည်း ယင်ရှောင်ရှောင်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ မော့လောင်တ သဘောတူလိုက်သည်။

နောက်တစ်နေ့တွင် ထိုမြွေနှစ်ကောင်မှာ ကာလကြာ နေထိုင်သွားရန် သင့်လျော်သည့် နေရာတစ်ခုအား တောင်အတွင်းပိုင်းတွင် စတင်ရှာဖွေကြတော့လေသည်။


ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ သွားပြီးရင်း သွားပြီးရင်း သွားပြီးရင်း ထပ်သွားလို့နေကြသည်။ မြင်လေရာရာ သစ်ပင်မြက်ပင် စိမ်းစိမ်းများသာဖြစ်နေသဖြင့် သူတို့နှစ်ကောင်မှာ တောင်များ လွင်ပြင်များကိုဖြတ်ကာဖြင့် ပိုမိုဝေးသည့်နေရာသို့ သွားနေကြသည်ဟု ယင်ရှောင်ရှောင်း ခံစားနေမိသည်။ သူနှင့် တဟေးတန်တို့မှာ မြစ်ကြောတစ်လျှောက် လျှောက်လာခဲ့ကြသော်လည်း သစ်ပင်မြက်ပင်များသာ ရှိနေဆဲပင်။ ထို့ကြောင့် တောင်ခြေ၌သာ ရှိနေဆဲ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း မည်သည်ကြောင့် အခြားနေရာသို့ ပြောင်းရွှေ့နေသည်ဟု ခံစားနေရသနည်း။

ယင်ရှောင်ရှောင်း ကောင်းကင်သို့ ခေါင်းမော့ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ဤအချိန်ဆိုလျှင် ယင်ရှောင်ရှောင်း ပူနေလောက်ပြီ ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ကောင်းကင်တွင် နေထိန်ထိန်သာနေဆဲ ဖြစ်သော်လည်း ယခင်အတိုင်း အေးမြလန်းဆန်းမှာကိုသာ ခံစားနေရသည်။ ပုံမှန်မဟုတ်ချေ။ အေးမြလန်းဆန်းခြင်း၌ အလွန်တိတ်ဆိတ်နေရန် မလိုအပ်ပေ။ ဤအရာအား မည်သို့ ဖော်ပြရမည်နည်း။ ယင်ရှောင်ရှောင်း အချိန်အတော်ကြာ စဉ်းစားနေသော်ငြား ပုံဖော်မရနိုင်ချေ။

“တဟေးတန်ရေ.. ဒီနေရာက အပူချိန်က ပုံမှန်မဟုတ်ဘူးလို့ မထင်ဘူးလားဟင်..”

တုံ့ဆိုင်းနေခဲ့ပြီးမှ ယင်ရှောင်ရှောင်း မနေနိုင်တော့သဖြင့် မော့လောင်တအား မေးလိုက်ခြင်း ဖြစ်သည်။

မော့လောင်တ ပတ်ဝန်းကျင်တွင် သင့်လျော်သည့် ဂူတစ်ခုအား ရှာနေရင်းဖြင့် အမှတ်မထင် ပြောလေသည်။

“ဒါက ပုံမှန်ပါပဲ.. ကိုယ်တို့က အခု တားမြစ်နယ်မြေမှာ ရောက်နေတာလေ.. မင်းမသိဘူးလား..”

တကယ်တမ်းတွင် မော့လောင်တမှာ များများစားစား တွေးတောနေခြင်းမရှိဘဲ ပြောလိုက်ခြင်းဖြစ်သည်။ ဤတောင်တန်းရှိ မြွေများထဲတွင် မှတ်ဉာဏ်အမွေ မရှိသည့် မြွေဟူ၍ မရှိခဲ့ပေ။ တားမြစ်နယ်မြေ ဟု ခေါ်သော်လည်း ဤနေရာမှာ သူတို့အားလုံး ကာကွယ်စောင့်ရှောက်နေသည့်နေရာ ဖြစ်လေသည်။

ယင်ရှောင်ရှောင်း ရှုပ်ထွေးသွားသည်။

“တားမြစ်နယ်မြေလား.. ဘာတားမြစ်နယ်မြေလဲ..”

မော့လောင်တ စိတ်ထဲ၌ တွေးလိုက်သည်။ ‘ဒီအရူးပေါက်လေးရဲ့ မိုက်မဲမှုက လုံးဝကို အဖတ်ဆယ်လို့မရတဲ့ အခြေအနေကို ရောက်နေပြီ’ ထို့နောက်တွင် ရွေးချယ်စရာ မရှိတော့ဘဲ ပြောလာသည်။

“မင်းရဲ့ မှတ်ဉာဏ်အမွေထဲမှာ ပြန်ကြည့်လိုက်လေ.. ဒါတောင် မသိဘူးလားကွ..”

ယင်ရှောင်ရှောင်း ခေတ္တမျှ တုံ့ဆိုင်းနေပြီး လွန်စွာသေးငယ်သည့် လေသံလေးဖြင့် တီးတိုးပြောလေသည်။

“ကျွန်တော့်မှာ မှတ်ဉာဏ်အမွေမှ မရှိတာကို..”

ယင်ရှောင်ရှောင်း၏ အသံမှာ လွန်စွာတိုးညှင်းသော်လည်း မော့လောင်တမှာ သူနှင့် အလွန်နီးကပ်နေသည့်အပြင် ထက်မြက်သည့် အကြားအာရုံများလည်း ရှိလေသည်။ ရလဒ်အနေဖြင့် ယင်ရှောင်ရှောင်းပြောသည်အား ရှင်းရှင်းလင်းလင်း ကြားလိုက်လေသည်။ ထိုသို့ကြားပြီးသည်နှင့် သွားလာနေခြင်းအား ရုတ်တရက် ရပ်လိုက်ကာ သူ၏အနောက်တွင် ရှိနေသည့် ယင်ရှောင်ရှောင်းအား လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်တယ်.. မင်းဆီမှာ မှတ်ဉာဏ်အမွေ မရှိဘူး ဟုတ်လား..”

မော့လောင်တထံတွင် အံ့ဩမှုများသာလျှင် ရှိနေပြီး ငြင်းဆန်လိုမှုနှင့် သတိကပ်သွားခြင်းတို့အား မတွေ့ရချေ။ မည်သည်ကြောင့်ရယ်မသိ ယင်ရှောင်ရှောင်း အလွန်ပျော်ရွှင်သွားမိသည်။

“ဟုတ်တယ်.. ကျွန်တော်က မှတ်ဉာဏ်အမွေတွေ မရှိဘဲနဲ့ မွေးလာတာ..”

မျှော်လင့်မထားသည်မှာ မော့လောင်တထံတွင် ရုတ်ချည်း နားလည်သဘောပေါက်သွားသည့် အမူအရာ ဖြစ်လာခြင်းပင်။

“အိုး.. အဲဒီလိုလား.. ဒီလိုဆိုတော့ မင်းလေးက အရူးလေးဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူးလေ..”

ထိုသို့ပြောပြီးသည့်နောက်တွင် မော့လောင်တမှာ သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေဟန်ဖြင့် ရှိနေသည်။ ‘ကိုယ်က အရမ်းတော်တယ်မလား.. မင်းဘာလို့ တုံးအနေရသလဲ ဆိုတာတောင် သိနေတယ်လေ.. ချီးကျူးပေး.. ချီးကျူးပေး’ ဟူ၍ပင်။

ယင်ရှောင်ရှောင်းမှာ အော်ဟစ်ကာ ငိုယိုပစ်လိုက်ချင်မိသည်။ သူ၏ တုံးအအဖြစ်နေမှု၏ အရင်းအမြစ်အား ရှာဖွေတွေ့ရှိခဲ့သော တဟေးတန်အား ကျေးဇူးတင်ရမည်လော။