အပိုင်း ၄၁
Viewers 13k




Chapter 41


မော့လောင်တ ချောင်းနှစ်ချက်ခန့် ဟန့်လိုက်သည်။ အရူးပေါက်လေးထံ၌ မှတ်ဉာဏ်အမွေ မရှိသဖြင့် ဤနယ်မြေအကြောင်း မသိလောက်ပေ။ ထိုသို့ဖြစ်လာပြီ ဖြစ်သဖြင့် သူ၏စိတ်အားလျော့ချကာဖြင့် ရှောင်ရှောင်းအား ရှင်းပြရပေတော့မည်။

“ဒီတားမြစ်နယ်မြေ ဆိုတာက ကိုယ်တို့တွေ ကာကွယ်စောင့်ရှောက်နေရတဲ့ နေရာလေ.. ကိုယ်တို့တွေက ဒီနေရာကို လာနိုင်ကြပေမဲ့လည်း မင်းသိတဲ့အတိုင်းပဲ ဒီနေရာရဲ့ အပူချိန်က တခြားနေရာတွေထက် ပိုနိမ့်တယ်လေ.. အကြောင်းကိစ္စတစ်ခုခု မရှိဘဲနဲ့တော့ ဒီတားမြစ်နယ်မြေကို မလာတတ်ကြဘူး..”

မော့လောင်တ စိတ်ထဲ၌ ပြောနေမိသေးသည်။ ‘အဲဒီ အပူချိန်နိမ့်တာကလွဲလို့ ဒီတားမြစ်နယ်မြေက တခြားနေရာတွေနဲ့ ဘာမှပိုထူးမနေဘူး.. ဒါပေမဲ့လည်း မြွေတွေအတွက်ကတော့ ဒီနေရာကို လာဖို့ ထူးဆန်းနေတုန်းပဲ..’

ယင်ရှောင်ရှောင်း ရုတ်တရက် နားလည်မိလိုက်သည်မှာ ပါပါးနှင့် ဖေဖေတို့ သူ့အား မသွားခိုင်းသည့် နေရာမှာ သေချာပေါက် ဤတားမြစ်နယ်မြေကို ဆိုလိုခြင်း ဖြစ်ပေမည်။ ထိုသို့တွေးမိပြီးနောက် ယင်ရှောင်ရှောင်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။

“တဟေးတန်ရေ.. အဲဒါဆို ကျွန်တော်တို့က ဒီမှာ ဘာလာလုပ်နေတာလဲဟင်..”

“ကိုယ်တို့နေဖို့ ဂူတစ်လုံး ရှာနေတာလေ.. မြွေတွေနည်းတဲ့နေရာမှာ နေချင်တယ်လို့ မင်းလေးပဲ ပြောခဲ့တာ မဟုတ်ဘူးလား.. ဒီတောင်မှာဆိုရင်တော့ ဒီနေရာက မြွေအနည်းဆုံးနေရာပဲ..”

စက္ကန့်ပိုင်းလေးအတွင်းမှာပင် တဟေးတန်မှာ သူ့အား ယင်ရှောင်ရှောင်းမှ စစ်ကောနှင့် မိတ်ဆက်ပေးခဲ့ခြင်း မရှိသည့်အတွက် လက်စားချေရန်အတွက် ဤနေရာသို့ ခေါ်လာခြင်းများလားဟု သံသယဝင်မိသည်။

ယင်ရှောင်ရှောင်း တစ်စုံတစ်ခု ပြောဖို့ပြင်စဉ်မှာပင် ကြီးမားမည်းပြောင်နေသည့် အရာတစ်ခုအား ဖြတ်ခနဲ မြင်လိုက်ရသည်။ ယင်ရှောင်ရှောင်း တောင့်တင်းသွားပြီး တစ်ချိန်တည်းမှာပင် သူ၏အရှေ့တွင် ရှိနေသည့် မော့လောင်တ၏ အမြီးအား ဆွဲရန်လည်း မမေ့ခဲ့ပေ။ မော့လောင်တ သွားနေခြင်းအား ရပ်ကာဖြင့် အနောက်သို့လှည့်လိုက်သည်။ ထို့နောက် စိတ်မရှည်စွာဖြင့် ယင်ရှောင်ရှောင်းအား မည်သည်ကြောင့်နည်းဟု မေးလေသည်။

ယင်ရှောင်ရှောင်း တံတွေးမြိုချလိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ မော့လောင်တ ခန္ဓာကိုယ်နှင့် ကပ်နေအောင် နေလိုက်သည်။ ထို့နောက် သတ္တိစုကာဖြင့် လွန်ခဲ့သည့် အခိုက်အတန့်က မြင်ခဲ့ရသော အရာအား လှည့်ကြည့်လိုက်သည်။ ပထမအကြည့်တစ်ချက်နှင့်ပင် ယင်ရှောင်ရှောင်းမှာ ကြောက်ရွံ့နေခဲ့မိသော်လည်း ရှက်ရွံ့ကာ ဆုံးရှုံသွားရသလို ခံစားနေရသည်။

“ဘာဖြစ်လို့လဲ..”

ယင်ရှောင်ရှောင်း၏ အနားကပ်လာမှုကြောင့် မော့လောင်တမှာ သိသိသာသာ ပျော်ရွှင်သွားလေသည်ကြောင့် မေးခွန်းမေးလိုက်ပြန်သည်။

ယင်ရှောင်ရှောင်း မော့လောင်တအား အာရုံစိုက်မနေချေ။ မော့လောင်တထံမှ ခွာကာ ထိုအရာဆီသို့ သွားလိုက်သည်။ ထိုအရာ၏ အခြေသို့ ရောက်သည့်အခါ မော့ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းမှာ သူ၏အမြင့်အား ပို၍ခန့်မှန်းမိခဲ့မှန်း နားလည်မိလိုက်သဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရသည်။ ထို့နောက်တွင် ထိုအရာအား ထပ်ကြည့်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ထိုအရာတစ်ခုလုံးအား ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။ ယင်ရှောင်ရှောင်းမှာ ကြည့်လေလေ ပို၍ဖျော့တော့လာလေ ဖြစ်သည်။

ယင်ရှောင်ရှောင်းမှာ ယခင်ဘဝတွင် မိဘမဲ့တစ်ယောက် ဖြစ်ခဲ့သည်။ ထို့အပြင် ကံမကောင်းစွာနှင့် သူ့အား မွေးစားမည့်သူလည်း မရှိခဲ့ပါ။ အရွယ်‌ရောက်လာသည်နှင့်အမျှ မွေးစားမည့်သူကို ရှာဖွေဖို့ရန် ပို၍ပင် ခက်ခဲလာလေသည်။ တစ်ခုတည်းသော ကံကောင်းသည့်အရာမှာ သူကြီးပြင်းခဲ့ရာ မိဘမဲ့ဂေဟာမှာ လူဦးရေထူထပ်များပြားသည့် စီးပွားရေးမြို့တစ်ခု ဖြစ်နေခြင်းပင်။ ထို့ကြောင့် အလွန်ချမ်းသာသည့် လူတစ်စုမှာ အများအမြင် တင့်တယ်စေရန်အတွက် မိဘမဲ့ဂေဟာများတွင် အလှူအဒါန်းများ ပြုလုပ်တတ်ကြသည်။

ယင်ရှောင်ရှောင်း ထိုအရာအား မှတ်မိနေဆဲပင်။ ဂေတာတွင် အလှူအတန်းများ ရှိသည့် အကြိမ်တိုင်းတွင် သတင်းမီဒီယာအများအပြားမှာ ဂေဟာသို့ရောက်တတ်ကြပြီး မိဘမဲ့ကလေးများမှာ စင်မြင့်တစ်ခုထက်တွင် စုဝေးကာဖြင့် လှူဒါန်းကြသူများအပေါ် သူတို့၏ ကျေးဇူးတင်မှုအား ဖော်ပြကြရသည်။ ပတ်ပတ်လည်တွင်လည်း ကင်မရာအလင်းရောင်များ တဖြတ်ဖြတ် လင်းလက်နေပြီး ယင်ရှောင်ရှောင်း၏ မျက်လုံးများပင် မဖွင့်နိုင်တော့သည့် တိုင်အောင် ဖြစ်ရသည်။ ထိုသို့လာရောက်လှူဒါန်းကြရမှ မိဘမဲ့ဂေဟာအနေဖြင့် အပိုဝင်ငွေများ ရရှိကာ မွေးစားခြင်းမခံရသည့် ကလေးများအား ကျောင်းတတ်ဖို့ရန် ထောက်ပံ့ပေးနိုင်ခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်း အထက်တန်းပြီးမြောက်သည့်အခါ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုပြီး တက္ကသိုလ်တစ်ခုသို့ တက်ရောက်ခဲ့သည်။ သို့သော်လည်း ဂေဟာမှာ တက္ကသိုလ်တွင် ပညာသင်ကြားဖို့ရန် အတွက်မူ ထောက်ပံ့ပေးနိုင်ခြင်း မရှိချေ။ ပြောရမည်ဆိုလျှင် အထက်တန်းပြီးမြောက်သည်နှင့် အရွယ်ရောက်သူဟု သတ်မှတ်ကာ အလုပ်လုပ်နိုင်စွမ်း ရှိလာပြီ ဖြစ်သဖြင့် ဂေဟာမှ ထောက်ပံ့ပေးရန် အကြောင်းမရှိတော့ပေ။

ကံကောင်းသည်မှာ ထိုအချိန်က ငွေကြေးချို့တဲ့သည့် ကျောင်းသားများအား တက္ကသိုလ်တက်ရောက်ရန် ပညာသင်စရိတ်ထောက်ပံ့သည့် အဖွဲ့အစည်းများ ရှိလာသဖြင့် ယင်ရှောင်ရှောင်းသည်လည်း ထိုကျောင်းသားများထဲတွင် ကံကောင်းထောက်မစွာ ပါသွားခဲ့လေသည်။ ယင်ရှောင်ရှောင်း အထူးပြုဘာသာရပ် မရွေးချယ်မီ အချိန်အတော်ကြာ ချီတုံချတုံဖြစ်ခဲ့သည်။ အဆုံးတွင် သူစိတ်ဝင်စားသည့် ဘာသာရပ်ဖြစ်သည့် သမိုင်းဘာသာရပ်အား စွန့်လွှတ်ကာ ‌ငွေကြေးဘာသာရပ်အား ရွေးချယ်ခဲ့သည်။

အိပ်မက်များမှာ သူတို့လို လူတန်းစားအတွက် မဟုတ်ဟု ယင်ရှောင်ရှောင်း သိထားနှင့်သည်။ သို့သော်လည်း ငွေကြေးဘာသာရပ်အား ရွေးချယ်ခဲ့သည့်တိုင် ယင်ရှောင်ရှောင်း၏ သမိုင်းဘာသာရပ်အပေါ် စိတ်ဝင်စားမှုကို မတားဆီးနိုင်ချေ။ တက္ကသိုလ်တွင် ပညာသင်ကြားရသည့် လေးနှစ်တာကာလအတွင်းတွင် ယင်ရှောင်ရှောင်းမှာ အတန်းများတက်ကာ သင်ယူရသည့် ပညာရပ်၏ နယ်ပယ်အား အခြေခိုင်အောင် ပြုလုပ်ခြင်းနှင့် အတန်းချိန်ပြင်ပတွင် အလုပ်လုပ်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ အချိန်ပိုရှိလာသည့်အခါ စာကြည့်တိုက်တွင် သမိုင်းစာအုပ်များဖတ်ကာ အချိန်ဖြုန်းခဲ့သည်။ ထို့ကြောင့် ကျောက်စာဖတ်သည့်ပညာကိုလည်း ခေတ္တမျှ ထိတွေ့မိခဲ့သည်။

လက်ရှိယင်ရှောင်ရှောင်းမှာ ၁.၈မီတာခန့်ရှည်ပြီး ဓားရှည်တစ်လက် ကိုင်ဆောင်ထားသည့် ကြေးရုပ်တုတစ်ခု၏ အရှေ့သို့ ရောက်နေလေသည်။ မသိလိုက်ခင်မှာဘဲ ယင်ရှောင်ရှောင်း၏အကြည့်မှာ ထိုကြေးရုပ်တုအား လူးလာခေါက်ပြန် ကြည့်နေမိပြီး ထိုအရာမှာ ဓားလွယ်ခုတ်နေဟန် တော်ဝင်အစောင့်အရှောက် ရုပ်တုတစ်ခု ဖြစ်နေသည်ကို‌ တွေ့လိုက်ရသည်။ ကြေးခန္ဓာကိုယ်မှာ လွန်ခဲ့သည့် နှစ်များစွာကပင် သံချေးများတက်နေပုံ ရသည်။ သို့သော်လည်း မူလထွင်းထုထားသည့် ပုံသဏ္ဌာန် မပျက်မယွင်း ရှိနေဆဲ ဖြစ်သည်။ ကြေးလူသား၏ မျက်နှာသွင်ပြင်မှာ ကြည်လင်အေးချမ်းကာ စူးရှသည့်ဟန် ပေါ်သည်။ အကြည့်တစ်ချက်နှင့်ပင် တုန်လှုပ်သွားစေနိုင်သည်။

“ရှန်းသောင်လား..”

ယင်ရှောင်ရှောင်း တီးတိုးရေရွတ်နေသည်။

“ဒါက တကယ် ကြေးရုပ်တုလား..”

ရှေးခေတ်အချိန်တွင် သင်္ချိုင်း၏ရှေ့တွင်ရှိသည့် ဤရှန်းသောင်များအား ဖြတ်ကျော်ပြီးမှ ဧကရာဇ်၏ သင်္ချိုင်းထံသို့ ရောက်လေသည်။ ရှန်းသောင်ဟူသည်မှာ ‘နတ်ဘုရားဆီသို့ သွားရာလမ်း’ ဟူ၍ ဖြစ်သည်။ လီရှန့် (ဘဝအချိုးအကွေ့များစွာနှင့် မင်းသားတစ်ပါး) ၏ မှတ်ချက်မှာ ဤသို့သာ။

“သင်္ချိုင်းရှေ့တွင် ရှင်းလင်းပေးသည့်အရာဖြစ်ပြီး အမှတ်အသား တစ်ခုအနေဖြင့် ကျောက်ပြား ကျောက်ချပ်များနှင့် တည်ဆောက်ထားခဲ့သောကြောင့် ထိုအရာများအား ရှန်းသောင် ဟုခေါ်တွင်စေ”

ယင်ရှောင်ရှောင်း၏ မှတ်ဉာဏ်များအရ ရှန်းသောင်များအား ဟန်မင်းဆက်နောက်ပိုင်းတွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဟန်မင်းဆက်၏ စစ်သူကြီးဟော်၏ ရှန်းသောင်မှာ တွေ့ရှိရသမျှ ရှန်းသောင်များထဲတွင် အစောဆုံးဖြစ်သည်။ ဧကရာဇ်ဝူမှ စစ်သူကြီးအား လေးစားဂုဏ်ပြုသည့်အနေဖြင့် ဟော်ချူပင်းအတွက်ဂူသင်္ချိုင်း တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုရှန်းသောင်အား ဟော်ချူပင်းသချိုင်း၏ အရှေ့ဘက်တွင် ပြုလုပ်တည်ဆောက်ခဲ့သည်။ ရှန်းသောင်၏ အခြားတစ်ဘက်တွင် ကြီးမားသည့် ကျောက်ပန်းပုလက်ရာများ ရှိလေသည်။ ရှန်းသောင်၏ အထက်တွင်မူ ရှန်းသောင်ကျောက်စာ တည်ရှိပြီး ပညာသင် မင်ချန်ကျိ၏ အဆိုအရ ‘မိသားစုတစ်ခု၌ အဆင့်အတန်းရှိပြီး သင်္ချိုင်းတစ်ခု၌ ကျောက်စာရှိရမည်။ ရှန်းသောင်မှာ ကျောက်စာတိုင်ရှိရမည်ဖြစ်ပြီး ထိုကျောက်စာတိုင်၌ ထင်မြင်သုံးသပ်ချက်များ၊ သေခြင်းတရား၊ ချီးကျူးဂုဏ်ပြုစကားများနှင့် အနစ်နာခံပေးဆပ်မှုများ ပါရှိရပါမည်။’

ရှန်းသောင်များအား ရှေးခေတ်ဧကရာဇ်များအတွက်သာ အသုံးပြုခဲ့သည်မဟုတ်ဘဲ သူကောင်းမျိုးများ၊ စစ်သူကြီးများ၊ အရာရှိအရာခံများနှင့် လူထုအကျိုးပြုမိသားစုများအတွက်လည်း ဧကရာဇ်မှ ပေးအပ်ဂုဏ်ပြုခြင်းများလည်း ရှိတတ်ပါသည်။ ရှန်းသောင်၏ ဘေးနှစ်ဘက်တွင် ကျောက်ဆစ်လူသားနှင့် ကျောက်ဆစ်သားရဲများ ရှိတတ်ကြသည်။ အများစုမှာ ကျောက်တုံးများဖြင့် ထွင်းထုတတ်ကြပြီး တစ်ခါတစ်ရံ ကြေးရုပ်တုများလည်း ရှိကြလေသည်။ ယင်ရှောင်ရှောင်း၏ အရှေ့တွင် ရှိနေသည်မှာ ကြေးဖြင့်ပြုလုပ်ထားသည့် လူနှစ်ဦးဖြစ်လေသည်။

“တဟေးတန်ရေ.. ဒီကြေးရုပ်.. အာ.. အဲဒီဟာတွေက ဒီမှာဘာလို့ ရှိနေတာလဲဟင်..”

ယင်ရှောင်ရှောင်း ‘ကြေး’ ဟူသည့်စကားပြောဖို့ရန် စဉ်းစားခဲ့သော်လည်း မော့လောင်တ နားမလည်မည် စိုးသောကြောင့် အသုံးမပြုခဲ့ပါ။ ထို့ကြောင့် သူပြောချင်သည့်အရာကို တိုက်ရိုက်သာ ပြောလိုက်လေသည်။

မော့လောင်တ ထိုအရာအားကြည့်ကာ အလွန်စိတ်လှုပ်ရှားနေပုံရသည့် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။ ထိုအရာအား ပထမဆုံးအကြိမ်မြင်သည့် မည်သူမဆို အံ့အားသင့်သွားပေလိမ့်မည်။

“ဒီဟာနဲ့ ပတ်သက်ပြီး ကိုယ်လည်း သိပ်မရှင်းဘူး.. ဒါပေမဲ့ ဟိုးအရင်တုန်းက ကြားဖူးခဲ့တာကတော့ ဒီထဲကို ဝင်သွားခဲ့ကြတဲ့ မြွေတွေ ပြောတာတော့ အဲဒါတွေ အများကြီးပဲတဲ့..”

မော့လောင်တ သူရည်ညွှန်းသည့်ဘက်သို့ ခေါင်းဖြင့်ညွှန်ပြလိုက်ပြီး ပိုများသည့်အရာများ ရှိနေသေးကြောင်း ပြောလိုက်သည်။

“ဒါပေမဲ့လည်း ရှေ့ဆက်သွားတာတေင် ဘာမှမတွေ့ခဲ့ကြတော့ လက်လျော့လိုက်ကြရော.. ဒါပေမဲ့လည်း ဒီအရာက ကိုယ်တို့တွေနဲ့ ဘာမှသကဆိုင်နေတာလည်း မဟုတ်တော့ ဘယ်မြွေကမှ ဂရုစိုက်မနေကြတော့ဘူး..”

မော့လောင်တထံမှ ထိုအရာများ ထပ်မံရှိနေသေးကြောင်း ကြားလိုက်ရ၍ ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားလာတော့သည်။

အဲဒါက ငါထင်ထားသလို ရှန်းသောင် မလား.. ဒါက သင်္ချိုင်းအခြေ ဖြစ်နိုင်မလား.. ဒါက မြွေပွေးတွေ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်လာတဲ့အရာ ဖြစ်နေတာများလား..

ဤအရာမှာ သင်္ချိုင်းဟောင်းတစ်ခု၏ အခြေဖြစ်နေမည်ဆိုသည့်တိုင် ယင်ရှောင်ရှောင်းမှာ ယခင်ဘဝ၌ ရှေးဟောင်းသင်္ချိုင်းတစ်ခုအား မြင်တွေ့ရရင် မျှော်လင့်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အချိန်တွင် အမှန်တကယ် မြင်တွေ့ခွင့်ရရှိခဲ့လေပြီ။ ထိုမျှသာမကဘဲ ဤသင်္ချိုင်းမှာလည်း တူးဖော်ထားခြင်း မခံရသေးပုံပင်။ ယင်ရှောင်ရှောင်း နှလုံးခုန်မြန်လာသည်။ ဤသို့သာဖြစ်မည်ဆိုလျှင် သင်္ချိုင်းအတွင်းသို့ ဝင်သွားခဲ့မည်ဆို ရွှေငွေအပြည့်နှင့် အဖိုးတန်အရာများစွာ ရှိနေနိုင်မည် မဟုတ်ပါလား။ ထိုသို့တွေးမိသည့်အခါ ယင်ရှောင်ရှောင်း သွားရည်ယိုလာမိသည်။

‘နဂါးတွေက တောက်တောက်ပပ အရာတွေနဲ့ တန်ဖိုးကြီးတာတွေကို သဘောကျတယ်လို့ ပြောကြတယ်မလား.. အဲဒါဆို ‘မြွေ’ လို့ ခေါ်ကြတဲ့ ငါတို့တွေကလည်း နောက်ကျန်ရစ်ခဲ့လို့ ဘယ်ရမလဲ.. ဘာဖြစ်တယ်.. လူသေ ဟုတ်လား.. စိတ်လျော့.. စိတ်လျော့.. ငါလေးက အခေါင်းဖောက်တာတို့ဘာတို့ လုပ်မှာမဟုတ်ဘူးလေ.. ပြီးတော့ တဟေးတန်ကလည်း ငါလေးနဲ့တူတူရှိနေပေးမှာ..’

ယင်ရှောင်ရှောင်းရေ.. မင်းတွေးနေတာက သင်္ချိုင်းဖောက်ဖို့နော်.. အဖမ်းခံရရင် ချွင်းချက်မရှိ ထောင်ထဲပဲ သိရဲ့လား.. ဒါပေမဲ့လည်း ဥပဒေက လူတွေအတွက်ပဲလေ.. မြွေအတွက်မှ မဟုတ်ဘဲနဲ့..

ဤတစ်ကြိမ်တွင်မူ ယင်ရှောင်ရှောင်းသည် သူ့ကိုယ်သူ မြွေတစ်ကောင်ဟု လုံးလုံးလျားလျား တွေးတော့ပစ်လိုက်သည်။

“အဲဒါဆို ကျွန်တော်တို့လည်း သွားကြည့်ကြမယ်လေ..”

ပျော်ရွှင်မှုအပြည့်နှင့် မျှော်လင့်တကြီးဖြစ်နေသည့် ယင်ရှောင်ရှောင်းမှာ ထိုသို့ပြောပြီးနောက ချက်ချင်းဆိုသလို ဦးဆောင်ထွက်သွားလေသည်။ မော့လောင်တနှုတ်ခမ်းများ တွန့်သွားပြီး သက်ပြင်းချကာဖြင့် ယင်ရှောင်ရှောင်း နောက်သို့ လိုက်ရတော့သည်။

ဘေးတစ်ဘက်စီမှာ ရှိနေတဲ့ ရုပ်ဆိုးဆိုးအကောင်တွေကို သွားကြည့်ရုံပဲ မဟုတ်လား..

ယင်ရှောင်ရှောင်းထံတွင် အချိန်ပိုများစွာ ရှိနေသဖြင့် အချိန်နည်းနည်းလောက် ဖြုန်းလိုက်ခြင်းမှာ အဆင်ပြေလေသည်ဟု မော့လောင်တ တွေးလိုက်သည်။

လမ်းတစ်လျှောက်တွင် ယင်ရှောင်ရှောင်းမှာ လမ်းနှစ်ဘက်ရှိ ကြေးရုပ်တုများအား ရေတွက်လာခဲ့ပြီး အဆုံးထိ ရောက်သည့်အခါ ၉၉ ရုပ် ရှိကြောင်း သိလိုက်ရသည်။

၉၉ လား..

ယင်ရှောင်ရှောင်း ထိုနံပါတ်အား သံသယဖြစ်စွာနှင့် ထပ်ကာထပ်ကာ ရေရွတ်မိလိုက်သည်။ ရှေးခေတ်တရုတ်ပြည်တွင် နံပါတ် ၉ ဂဏန်းအား လေးစားကြသည်။ ကြေးရုပ်တု ၉၉ ရုပ်မှာ သာမန်အားဖြင့် ကောင်းမွန်သော်လည်း ထိုသာမန်ဆန်နေမှုကြောင့် ဤသင်္ချိုင်းမှာ ဧကရာဇ်တစ်ပါး၏ သင်္ချိုင်းဖြစ်မည်ဟု ယင်ရှောင်ရှောင်းအား ပိုသေချာစေလာသည်။ သို့သော်လည်း ကြေးရုပ်တုများအား ရှန်းသောင်၏ တစ်ဘက်တစ်ချက်စီတွင် အချိုးညီညီ ချမည်ဆိုပါက စုံဂဏန်းဖြင့် အဆုံးသတ်ရပေမည် မဟုတ်ပါလော။ မည်သည်ကြောင့် ၁၀၀ ဖြစ်ရမည်အစား ၉၉ ဖြစ်နေရသနည်း။

သို့သော်လည်း သမိုင်းနှင့် ကျောက်စာပညာရပ်အား အနည်းငယ်သာ တီးခေါက်မိခဲ့သည့် လူတစ်ဦးအနေဖြင့် ယင်ရှောင်ရှောင်းမှာ ဝူရှင်းနှင့် ပါ့ကွားအား အနည်းငယ်မျှပင် နားလည်ခြင်းမရှိပါ။ ထပ်ဆောင်းပြောရမည်ဆိုလျှင် မော့လောင်တမှာ လူသားများအား မြင်တွေ့ခဲ့ဖူးခြင်း မရှိဘဲ မြွေမျိုးနွယ်စုမှာ သင်္ချိုင်းတစ်ခုအား စောင့်ရှောက်နေသည်ဟုသာ သိထားခဲ့လေသည်။ ထို့ကြောင့် ရှန်းသောင်၏ တစ်ဘက်တစ်ချက်တွင် ကြေးရုပ်တု ၉၉ ရုပ် ရှိနေသည့် အကြောင်းအား သိရှိရန်မှာ မဖြစ်နိုင်ချေ။

ယင်ရှောင်ရှောင်း စိတ်ထဲတွင် နားမလည်နိုင်အောင် ရှိနေသည့်တိုင် ထိုအခိုက်အတံ့တွင် ဤအရာနှင့် ပတ်သက်၍ အံ့အားသင့်နေဖို့ရန် အချိန်မရှိပေ။ ရှန်းသောင်၏ အလယ်တွင် တောင်နံရံတစ်ခု ရှိနေသည်။ တောင်နံရံ၏ အလျားမှာ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့၏ အမြင်တွင်ပင် အဆုံးမရှိချေ။ ထိုနံရံ၏ အောက်တွင် ကျောက်တံခါးတစ်ချပ်ရှိသည်။

ယင်ရှောင်ရှောင်းမှာ တရုတ်အတိုင်းအတာအား မည်သို့တွက်ချက်ရမည်ကို မသိချေ။ သူ၏ ခန့်မှန်းချက်အရ ပထမဆုံး တွေ့ရှိခဲ့သည့် ကြေးရုပ်တုမှာ ၁.၈ မီတာခန့် ရှိမည်။ ယင်ရှောင်ရှောင်းအား လူတော်တစ်ဦးဦးနှင့် အစားထိုးလို့ရမည်ဆိုလျှင် ထိုတံခါးမှာ တရုတ်အတိုင်းအတာ ၈ ပေနှင့် ၇ လက္မရှိကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေမည်။ ယင်ရှောင်ရှောင်း၏ ခန့်မှန်းချက်အရ ကျောက်တံခါးမှာ ၃ မီတာကျော်ကျော် မြင့်ပြီး ၂ မီတာ ကျယ်လေသည်။

ယင်ရှောင်ရှောင်းအား ပြောစရာစကားမဲ့သွားစေသည့် အရာမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် ကျောက်တံခါး၏ အောက်တွင် အပေါက်ငယ်လေးတစ်ခု ရှိနေခြင်းပင်။ ထိုအပေါက်လေးမှာ သေးသွယ်သည့် သတ္တဝါများအတွက်သာ ဝင်ဆန့်နိုင်သည်။

“တဟေးတန်ရေ.. အထဲဝင်ကြည့်ရအောင်နော်..”

ယင်ရှောင်ရှောင်း ပြောသည်။ ကျောက်တံခါးမှာ လုံးဝပိတ်နေပြီး ဝင်စရာနေရာ သေးသေးလေးမျှပင် ရှာမတွေ့ခဲ့ဘူးဆိုလျှင် ယင်ရှောင်ရှောင်းမှာ ရွေးချယ်စရာမရှိ လက်လျော့လိုက်မည် ဖြစ်သည်။ သို့သော်လည်း ကျောက်တံခါး၏ အောက်ခြေတွင် အပေါက်လေးတစ်ခု ရှိနေလေသည်။ ထိုအခွင့်အရေးအား လက်လွတ်မခံနိုင်ပါလေ။

မော့လောင်တ ယင်ရှောင်ရှောင်း ပြောသည်ကို နားထောင်ပြီး နားမလည်နိုင်ဘဲ ရှိနေသည်။

“အင်.. သွားမှာလား.. ဘယ်ကိုလဲ..”

ယင်ရှောင်ရှောင်း နောက်မလှည့်ဘဲ ရှေ့ဆက်သွားသည်။ ခြေလှမ်းအနည်းငယ်ခန့် ရှေ့တိုးသွားပြီးနောက် အပေါက်လေးထံသို့ ချဉ်းကပ်သွားပြီး စိတ်လှုပ်ရှားနေလေသည်။ ထိုအပေါက်ထဲသို့ ခန္ဓာကိုယ်ဝင်ဆံ့ကြောင်း သိရှိပြီးနောက်တွင်မှ သက်ပြင်းချနိုင်တော့သည်။

“ဒီအပေါက်လေးထဲက ဝင်ကြမယ်လေ.. မြန်မြန်လေး.. မြန်မြန်လေး.. ကျွန်တော်အရင်ဝင်ပြီ..”

ထို့နောက်တွင် ယင်ရှောင်ရှောင်း စိတ်မရှည်စွာဖြင့် ဦးဆောင်ကာဝင်သွားတော့သည်။ ထို့နောက် ပြန်လှဉ့်ကာ မော့လောင်တအား ခေါ်လိုက်သေးသည်။

“တဟေးတန်ရေ.. မြန်မြန်လေးလာလို့..”

ယင်ရှောင်ရှောင်း ကြက်သေသေသွားသည်။ လှည့်ကြည့်လိုက်ချိန်တွင် သူဝင်လာခဲ့သည့် အပေါက်လေးအား မမြင်ရတော့ပါ။ သူ၏မျက်လုံးရှေ့တွင် ချောမွေ့နေသည့် ကျောက်သားကိုသာ တွေ့နေရလေသည်။

မော့လောင်တဘက်ခြမ်းတွင်လည်း အခြေအနေမှာ ဤသို့သာ။ ယင်ရှောင်ရှောင်း ပျော်ရွှင်နေသည်ဖြစ်သဖြင့် ဤတောင်နံရံတစ်လျှောက် လျှောက်သွားလိုခြင်း ဖြစ်ပေမည်။ ထို့နောက်တွင် တောင်နံရံဆီသို့ တိုးကပ်သွားပြီး စကားတစ်ခွန်း ပြောကာဖြင့် အပေါက်ထဲသို့ဝင်သွားသည့်အပြင် သူ့အားလည်း လိုက်ပါစေချင်သေးသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း တောင်နံရံအား ဖြတ်သွားလိုနေခြင်းပင်။ ထို့နောက်တွင်.. မရှိတော့ချေ။

မော့လောင်တသည်လည်း ကြောင်အနေလေသည်။ တစ်မိနစ်ခန့် ကြောက်အနေပြီးနောက်တွင် အသိပြန်ဝင်လာပြီး ဖြစ်သွားသမျှကို နားလည်သဘောပေါက်သွားတော့သည်။ အနှစ်ချုပ် ပြောရမည်ဆိုလျှင် ‘ယင်ရှောင်ရှောင်း ပျောက်သွားလေပြီ’။

ဟော်ချူပင်း _ စစ်သူကြီး၊ စစ်သေနာပတိ
ဧကရာဇ်ဝူ _ အင်ပါယာကို အင်အားကြီးသန်မာလာစေအောင် ပြုလုပ်ခဲ့ပြီး ငွေကြေးပြောင်းလဲသုံးစွဲခြင်း၊ စစ်အင်အား တိုးချဲ့ခြင်းနှင့် ကွန်ဖြူးရှပ်ဝါဒနှင့် သင်ကြားရေးကို တိုးတက်အောင် ပြုလုပ်ခြင်းတို့ကြောင့် နာမည်ကျော်သည့် ဧကရာဇ်
မင်ချန်ကျိ _ ကဗျာရေးစပ်မှုကြောင့် နာမည်ကျော်ကြားသည့် ကွန်ဖြူးရှပ်ပညာသင်
ဝူရှင်း _ တရုတ်အတွေးအခေါ် ငါးမျိုး သို့မဟုတ် တရုတ်ဒြပ်စင် ငါးခု
ပါ့ကွား _ ပါ့ကွားအင်းကွက်