Chapter 42
ကြက်သေသေနေသည့် ယင်ရှောင်ရှောင်းမှာ ချောမွေ့နေသည့် ကျောက်နံရံအား မျက်နှာမူကာဖြင့် သူ့ကိုယ်သူ ပြောနေလေသည်
“မကြောက်နဲ့.. မကြောက်နဲ့..”
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ‘မင်းနှမကိုပဲ မကြောက်နဲ့.. ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေမှာတုန်းကွ.. ငါက သိသိသာသာကြီး အဲဒီ အပေါက်ထဲကနေ ဝင်လာခဲ့တာလေ.. လှည့်လည်းကြည့်ရော ဘယ်လိုဖြစ်လို့ ပျောက်သွားရတာတုန်း.. အပြစ်လုပ်ခဲ့မိရင်တောင် အမှားပြန်ပြင်ခွင့်လေး မရသင့်ဘူးလား.. ဘာကိစ္စနဲ့ ချက်ချင်းကြီး ဒီနေရာမှာ ပိတ်လှောင်ပစ်လိုက်ရတာတုန်း.. အဲဒီအပြင် ငါက လွတ်နိုင်ပါတော့မလားတောင် မသေချာတော့ဘူး..’
မည်သို့ပင် အတွန့်တက်နေစေကာမူ ယခုအချိန်တွင် ထွက်ခွာရန် နည်းလမ်းမရှိပေ။ ယင်ရှောင်ရှောင်း သက်ပြင်းချက်ကာဖြင့် ထွက်သွားနိုင်မည့်လမ်း ရှိမလားဟု ရှာဖွေနေမိသည်။ ယင်ရှောင်ရှောင်း ဂရုတစိုက်နှင့် သူ၏ပတ်ပတ်လည်ကို ရှာဖွေကြည့်လိုက်သည်။ မြင်ရသမျှ အားလုံးမှာ ပိန်းပိတ်အောင် မှောင်နေသည့် အနက်ရောင်များသာ ဖြစ်သည်။ မြွေများမှာ ညဘက်မြင်နိုင်စွမ်း ရှိသလား ယင်ရှောင်ရှောင်း မသိပေ။ အမှောင်ထုအလယ်တွင် ရှိနေသည့်တိုင် ယင်ရှောင်ရှောင်း ဖြတ်ကျော်သွားနိုင်မည့် လေဟာနယ်တစ်ခုအား မြင်နေရသည်ဟု ပြောရပေမည်။ သို့သော်လည်း ဤနယ်မြေမှသာ ထွက်ခွာသွားနိုင်မည်ဆိုလျှင် ပို၍ပျော်မိမည်ဟု ယင်ရှောင်ရှောင်း ဝန်ခံမိသည်။
ယင်ရှောင်ရှောင်း သူ၏နောက်ကျောဘက်ရှိ ချောမွေ့နေသည့် ကျောက်နံရံအား ကြည့်ကာ လက်လျော့ချင်စိတ် မရှိသေးပေ။ နံရံတစ်လျှောက် ရှေ့နောက် အကြိမ်ပေါင်းများစွာ သွားခဲ့သေးသည်။ သူသွားခဲ့သည့် အရှည်အရ ဤနေရာမှာ ကျောက်တံခါး၏ အခြားတစ်ဘက်ဖြစ်လောက်မည်ဟု ယင်ရှောင်ရှောင်း ပိုမိုယုံကြည်လာမိသည်။ သို့သော်လည်း ကျောက်တံခါး၏ အောက်ခြေတွင် ရှိခဲ့သည့် သူဝင်လာခဲ့သည့် အပေါက်လေးမှာမူ လုံးလုံး ပျောက်ကွယ်သွားလေသည်။
အဆုံးတွင်မူ ယင်ရှောင်ရှောင်း လက်လျော့လိုက်ရလေပြီ။ ရွေးချယ်စရာ မရှိတော့သည်အတွက် ခေါင်းလှည့်ကာဖြင့် အဆုံးမဲ့သည့် အမှောင်ထုကိုသာ စိုက်ကြည့်နေရတော့သည်။ ထွက်သွားဖို့ရန် မဖြစ်နိုင်တော့သည်ကြောင့် ရှေ့ဆက်သွားရပေတော့မည်။ ယင်ရှောင်ရှောင်း အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ့ကိုယ်သူ အားပေးလိုက်သည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် အမှောင်ထုဆီသို့ ခြေလှမ်းလိုက်သည်။ ထိုခြေလှမ်းသေးသေးလေး လှမ်းပြီးသည်နှင့် ရုတ်တရက်ဆိုသလို သူ၏ ပတ်ဝန်းကျင်မှာ လင်းထင်းလို့လာသည်။
“အားးးးးးးးးးး”
ကြောက်ရွံ့နေသည့် ယင်ရှောင်ရှောင်းမှာ အော်ဟစ်ရင်းဖြင့် နောက်သို့ဆုတ်လိုက်သည်။ ထို့နောက်တွင် နံရံနှင့်ခေါင်း ‘ဗုန်းခနဲ’ ဆောင့်မိတော့သည်။
ယင်ရှောင်ရှောင်း မျက်ရည်များပင် ဝေ့လာပြီး နာကျင်မှုကြောင့်လား ကြောက်ရွံ့မှုကြောင့်လား မခွဲခြားတတ်တော့ချေ။
‘ရောက်လာပြီဆိုရင်လည်း ဘယ်သူ့ကို ပစ်မှားမိတာလည်း သိရအောင် ကိုယ်ထင်ပြဦးလေ.. တဟေးတန်ရေ.. ဘယ်ရောက်နေတာလဲ.. ဟင့်.. ဘယ်မှာလဲလို့.. အရမ်းကြောက်ဖို့ကောင်းတာပဲ..’
ရုတ်တရက် လင်းထိန်တောက်ပလာပြီးသည့်နောက်တွင် မည်သည့်အရာမှ ဆက်မဖြစ်တော့ချေ။ ယင်ရှောင်ရှောင်း နံရံအား ၁၀ မိနစ်ခန့် မျက်နှာမူနေပြီးနောက်တွင် နောက်သို့ပြန်လှည့်လိုက်ပြန်သည်။ မျက်လုံးတွင်မူ မျက်ရည်စတို့ ရှိနေဆဲဖြစ်သည်။ ယင်ရှောင်ရှောင်း တတ်နိုင်သည့်အရာ မရှိချေ။
သေရမှာ မကြောက်ဘူးဆို ရှေ့တိုးသွားပစ်လိုက်ပြီနော်..
အလင်းရောင်ကြောင့် သူ၏ပတ်ဝန်းကျင်အား ယင်ရှောင်ရှောင်း သတိပြုမိလာသည်။ ယင်ရှောင်ရှောင်း ရောက်ရှိနေသည့် နေရာမှာ မူသောင်ဖြစ်ပေမည်။ မူသောင်မှာ ၂ မီတာခန့် ကျယ်ပေသည်။ နံရံတစ်ဘက်တစ်ချက် စီတွင် ဆေးရေးပန်းချီများ ရှိနေသည်။ နံရံဆေးရေးပန်းချီများအပြင် နံရံများတွင် သုံးမီတာ အကွာတိုင်း၌ ဆီမီးခွက်များ ရှိနေသေးသည်။ ယခုလက်ရှိ အလင်းရောင်မှာ ထိုဆီမီးခွက်များမှ လာခြင်းဖြစ်သည်။
ယင်ရှောင်ရှောင်းမှာ မူသောင်ထဲတွင် တစ်ကောင်တည်းသော မြွေဖြစ်ပြီး ဆီမီးခွက်များကို မီးညှိသူမှာလည်း ယင်ရှောင်ရှောင်း မဟုတ်ပေ။
‘မူသောင်ထဲသို တစ်ယောက်ယောက် ဝင်လာတာနဲ့ မီးလင်းလာအောင် လုပ်ထားတာပဲဖြစ်မယ်..’
ယင်ရှောင်ရှောင်းမှာ ဖြစ်နိုင်သည် မဖြစ်နိုင်သည်အား မသိသော်လည်း ထိုသို့တွေးမိပြီးနောက် အနည်းငယ် ရဲရင့်လာသယောင် ခံစားမိလာသည်။
ထို့နောက်တွင် အလွန်နှေးကွေးစွာဖြင့် အရှေ့သို့တိုးသွားလိုက်သည်။ နံရံနှစ်ဘက်ပေါ်ရှိ ဆေးရေးပန်းချီများအားလည်း ကြည့်လိုက်သေးသည်။
ယင်ရှောင်ရှောင်း၏ ပထမဆုံး ရှာဖွေတွေ့ရှိမှုမှာ ထိုနံရံဆေးရေးပန်းချီများအား လက်ဝဲမှ လက်ယာသို့ ဖတ်ရမည် ဆိုခြင်းပင်။ ပန်းချီကားတစ်ချပ်ချင်းစီမှာ လွန်စွာကြီးမားလေသည်။ ယင်ရှောင်ရှောင်း၏ ခန့်မှန်းချက်အရ ပန်းချီကားများမှာ တစ်ချပ်လျှင် ၃ မီတာမျှ ရှိမည်။ ထိုအမြင့်မှာ ၃ မီတာရှည်သည့် နံရံတစ်ချပ်မျှ ရှိလေသည်။ ထို့နောက် ထိုပန်းချီကားချပ်များမှာ လွန်စွာရှုပ်ထွေးလှသည်။
ယင်ရှောင်ရှောင်း ပန်းချီများအား အလွန်အသေးစိတ်ကျစွာ ကြည့်လိုက်သည်။ တစ်ခါတစ်ရံတွင် သင်္ချိုင်းများနှင့် ပတ်သက်သည့် အရေးကြီး အချက်အလက်များဖြစ်သည့် ဤနေရာတွင် မည်သို့သော ပုဂ္ဂိုလ်မျိုးအား မြှုပ်နှံထားကြောင်း စသည်တို့ကို ထိုပန်းချီကားချပ်များတွင် ရှာတွေ့တတ်သည်။ ပန်းချီချပ်များကို မှီ၍ သင်္ချိုင်းပိုင်ရှင်အား ရှာဖွေနိုင်လေသည်။
ပထမဆုံးသော ပန်းချီကားချပ်မှာ ကလေးနှစ်ဦးပုံ ဖြစ်သည်။ တစ်ဦးမှာ အနည်းငယ် အသက်ပိုကြီးပြီး နူးညံ့လှပသည့် သွင်ပြင်တွင် အလိုလိုက် ဖူးဖူးမှုတ်ထားသည့်ဟန် ရှိလေသည်။ အခြားတစ်ဦးမှာ အနည်းငယ် ငယ်ရွယ်ပြီး ကလေးတစ်ဦး၏ အပြစ်ကင်းဟန်ပေါ်သည်။ နှစ်ဦးသားမှာ လက်ချင်းတွဲကာ အလွန်တောက်ပစွာ ပြုံးလျက်ရှိကြသည်။ ထိုမှတဆင့် သူတို့နှစ်ဦးထံတွင် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း ထင်မြင်ရသည်။
ဒုတိယကားချပ်တွင် အသိသာဆုံးသော အရာမှာ ခေါင်းတလားတစ်ခု ဖြစ်သည်။ ပုံပန်းသွင်ပြင်မှာ ဝမ်းနည်းခြင်းခန်းမအလယ်တွင် ဖြစ်ပေမည်။ ထို့နောက်တွင် ဒူးထောက်နေသည့် လူနှစ်ဦး ရှိသည်။ ထိုနှစ်ဦးမှာ ပထမကားချပ်မှ ကလေးနှစ်ဦး ဖြစ်ပေမည်။ ဤကားချပ်တွင် ကြည့်ရှုသူများက သူတို့နှစ်ဦး၏ နောက်ကျောကိုသာ မြင်ရသော်လည်း အရွယ်ရောက်ကြီးပြင်းလာပြီ ဖြစ်သည်။
ယင်ရှောင်ရှောင်း ရှေ့သို့တိုးသွားပြီး တတိယမြောက် ကားချပ်ရှေ့တွင် ရပ်လိုက်သည်။ ဤကားချပ်မှာ အိပ်ခန်းအတွင်း၌ ဖြစ်ရမည်။ တစ်ဦးမှာ အိပ်ယာပေါ်တွင် အိပ်နေပြီး ကျန်တစ်ဦးမှာ စားပွဲတွင် ထိုင်ကာဖြင့် မီးအိမ်ဖြင့် စာဖတ်နေလေသည်။ စာဖတ်နေသူမှာ အသက်ပိုကြီးသည့် ကလေးဖြစ်ကြောင်း ယင်ရှောင်ရှောင်း သိလာရပြီး ဤတစ်ကြိမ်တွင်မူ အသက် ၁၄နှစ်ခန့် ရှိပုံရသည်။ ထိုသို့ဆိုလျှင် အိပ်စက်နေသူမှာ ကျန်ကလေးငယ် ဖြစ်ရမည်။
စတုတ္ထမြောက်ကားချပ်မှာလည်း အိပ်ခန်းထဲ၌ ဖြစ်လေသည်။ ကလေးအကြီးမှာ အိပ်ယာနံဘေးထိုင်ကာဖြင့် မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ ထင်ဟပ်နေသည်။ အိပ်ယာထက်ရှိသူမှာ အလွန်ပြင်းထန်စွာ နေမကောင်းဖြစ်နေဟန် ရှိသည်။
ပဉ္စမမြောက်ကားချက်မှာ စစ်မြေပြင် ဖြစ်သဖြင့် ယင်ရှောင်ရှောင်းအား အလွန်အံ့အားသင့်သွားစေသည်။ စစ်တပ်နှစ်ခုမှာ တစ်ဘက်တစ်ချက်စီတွင် ရှိနေကြပြီး တစ်ဘက်ခြမ်းမှာ လူအမြောက်အများ ရှိနေပြီး ကျန်တစ်ဘက်မှာမူ နည်းပါးလေသည်။ လူများသည့်ဘက်ခြမ်းမှာ တိုက်ခိုက်နေကြဟန် သရုပ်ဖော်ထားသည်။ ဤနေရာတွင် ယင်ရှောင်ရှောင်း သတိထားမိသည်မှာ နူးညံ့လှပသည့် ကလေးငယ်လေး အရွယ်ရောက်လာပြီ ဖြစ်ပြီး အသက်အားဖြင့် ၁၄၊ ၁၅ နှစ်ခန့် ရှိမည်ပင်။ လူနည်းစုဘက်ခြမ်းရှိ လူများမှာ တစ်စုံတစ်ခုအား တူးဖော်မည်ကို ကာကွယ်စောင့်ရှောက်နေဟန်ပင်။ မည်သည့်အရာ ဖြစ်မည်ကိုမူ ယင်ရှောင်ရှောင်း မသိရချေ။
ဆဌမမြောက်ကားချပ်တွင် နိုင်ပွဲရကာ ပြန်လာသည့် စစ်တပ်၏ အောင်ပွဲခံနေပုံ ဖြစ်သည်။ နူးညံ့လှပသည့် လူငယ်လေးမှာ တပ်ဦးတွင် ရှိနေဆဲဖြစ်သည်။ သူနှင့်အခြားကလေးမှာ ပွေ့ဖက်ထားကြသည်။ အောင်ပွဲရလာသည့် အဖွဲ့အား အောင်ပွဲခံသည့် အနေဖြင့် ပွေ့ဖက်ထားခြင်း ဖြစ်မည်ဟု ယင်ရှောင်ရှောင်း တွေးမိလိုက်သည်။
သတ္တမမြောက်ကားချပ်အား ယင်ရှောင်ရှောင်း စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ကြီးမားလှသည့် မင်္ဂလာ အခမ်းအနား တစ်ခု ဖြစ်ပုံပင်။ မြင်ကွင်းမှာ များပြားလှသည့် လူများကြောင့် လွန်စွာသက်ဝင်လှုပ်ရှားလှသည်။ မင်္ဂလာသတို့သားမှာ နူးညံ့လှပသည့် လူငယ်လေးပင်။ ယင်ရှောင်ရှောင်း မသိလိုက်ခင်မှာဘဲ ကျန်ကလေးငယ်အား ရှာဖွေကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အမှန်တကယ် ကောင်းမွန်လွန်းသည်ဆိုလျှင် လူငယ်လေး၏ မင်္ဂလာပွဲကြီးအား သေချာပေါက် တက်ရောက်ပေလိမ့်မည်။ ယင်ရှောင်ရှောင်း ထိုကလေးအား ပန်းချီကားချပ်၏ ထောင့်တွင် ရှာတွေ့လိုက်သော်လည်း နားမလည်နိုင်ဘဲ ရှိနေလေသည်။ ထိုကလေး၏ မျက်နှာတွင် ဝမ်းနည်းကြေကွဲမှုတို့ ရှိနေသည်ကို မြင်တွေ့ရသည်ကြောင့် ယင်ရှောင်ရှောင်း ထိတ်လန့်သွားမိသည်။ သူတို့နှစ်ဦးမှာ မိန်းမပျိုတစ်ဦးအား အတူတကွ သဘောကျမိခဲ့ကြပြီး နူးညံ့လှပသည့် လူငယ်လေးမှ ထိုမိန်းမပျိုလေးအား လက်ထပ်ထိမ်းမြားခွင့် ရခဲ့ခြင်းကြောင့် ထိုလူငယ်အား မုန်းတီးနေခြင်းများလားဟု ယင်ရှောင်ရှောင်း တွေးမိလိုက်သည်။
အဌမမြောက်ကားချပ်တွင် နူးညံ့လှပသည့် လူငယ်လေးမှာ ကလေးတစ်ဦးအား ပွေ့ချီထားပြီး မျက်နှာအမူအရာမှာလည်း ကလေးငယ်အား ချစ်မြတ်နိုးမှု အပြည့်နှင့် ဖြစ်သည်။ ထိုလူငယ်လေး၏ ဘေးတွင်မူ အရှေ့ကားချပ်တွင် ထောင့်တစ်နေရာ၌ ပုန်းနေခဲ့သည့် ကလေးငယ်ရှိပြီး မျက်လုံးထဲတွင် မုန်းတီးမှုတို့ပြည့်နေကာ ဖုံးကွယ်ထားခြင်းပင် မရှိချေ။ ထိုမုန်းတီးမှုများမှာလည်း ပွေ့ချီထားခံရသည့် ကလေးငယ်ဆီသို့ ဖြစ်လေသည်။ လူငယ်လေးမှာ ခေါင်းငုံ့နေသည်ကြောင့် သူ၏နံဘေးတွင် ရပ်နေသည့် လူ၏ မျက်နှာအမူအရာအား မမြင်နိုင်ချေ။
ယင်ရှောင်ရှောင်း မြန်မြန်ဆန်ဆန် ရှေ့ဆက်သွားလိုက်သည်။ နဝမမြောက်ကားချပ်ရှိ မြင်ကွင်းမှာ နန်းတက်ပွဲ ဖြစ်ဟန်ပင်။ ဟုတ်သည်။ နန်းတက်ပွဲတစ်ခု ဖြစ်သည်။ ပုလ္လင်ပေါ်တွင် ထိုင်နေသူမှာ နူးညံ့လှပသည့် လူငယ်လေး ဖြစ်သည်။ ယင်ရှောင်ရှောင်း ဦးညွှတ်လျက်ရှိကြသည့် လူများအား ကြည့်လိုက်သည့်အခါ အခြားတစ်ဦးကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း နှုတ်ခမ်းတောက်လိုက်သည်။ နူးညံ့လှပသည့် လူငယ်လေးမှာ ဧကရာဇ်ဖြစ်လာပုံရပြီး ကျန်တစ်ဦးမှာလည်း ထိုလူငယ်လေးအား မမုန်းနိုင်တော့ပုံရသည်။ ယင်ရှောင်ရှောင်း အခြားသူအား သစ္စာမဲ့သူဟုခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလူမှာ ပိုးဖလံကောင်သဖွယ် သရုပ်ဆောင်နေသည်ဟု ယင်ရှောင်ရှောင်း တွေးမိသည်။
ယင်ရှောင်ရှောင်း ဒဿမမြောက်ကားချပ်အား ဆက်ကြည့်လိုက်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း မျက်တောင်ခပ်ချင်သော်ငြား မလုပ်နို်ငချေ။ ဒဿမမြောက်ကားချပ်တွင် နူးညံ့လှပသည့် လူငယ်လေးမှာ မျက်လုံးများ ပိတ်ကာဖြင့် ခေါင်းတလားတစ်ခုထဲ၌ လဲလျောင်းနေလေသည်။ သူ၏ နှုတ်ခမ်းပေါ်တွင်လည်း တစ်စုံတစ်ခု ရှိနေပုံပင်။
အဲဒီလူကာ သေသွားတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား.. ဒီလိုပဲ သေသွားတယ်ပေါ့..
ယင်ရှောင်ရှောင်း နဝမမြောက်ကားချပ်အား လှည့်ကြည့်လိုက်ပြန်သည်။ ထိုကားချပ်တွင် နန်းတက်နေခြင်းဖြစ်ကာ ယခုကားချပ်တွင်မူ သေဆုံးသွားလေပြီ။ ထိုအရာအား ယင်ရှောင်ရှောင်း လက်မခံနိုင်ပေ။
သစ္စာမဲ့သူရဲ့လက်ချက် မဟုတ်လောက်ပါဘူးနော်..
ယင်ရှောင်ရှောင်း အရှေ့သို့ မြန်မြန်ဆန်ဆန်တိုးကာ ၁၁ ချပ်မြောက် ကားချပ်အား ကြည့်လိုက်သည်။ မြင်ကွင်းမှာ သစ္စာမဲ့သူမှာ နူးညံ့လှပသည့်လူငယ်လေးကဲ့သို့ ဝတ်ဆင်ထားခြင်းဖြစ်သည်။ နူးညံ့လှပသည့် လူငယ်လေး သေဆုံးပြီးနောက် သစ္စာမဲ့သူမှာ ဧကရာဇ်ဖြစ်လာခြင်း ဖြစ်ပုံပင်။ သူ့ရှေ့တွင် လူပေါင်းများစွာ ဒူးထောက်လျက်ရှိပြီး တစ်စုံတစ်ခုအား ဆွေးနွေးနေကြပုံပင်။ ဤတစ်ကြိမ်တွင် ယင်ရှောင်ရှောင်း ပိုသေချာလာသည်မှာ ‘သစ္စာမဲ့သူသည် နူးညံ့လှပသည့် လူငယ်လေးအား သတ်လိုက်ခြင်း’ ဖြစ်ပေမည်။
၁၂ ချပ်မြောက် ကားချပ်မှာ ကြီးမားသည့် သင်္ချိုင်းကြီးတစ်ခုအား တည်ဆောက်နေသည့်ပုံ ဖြစ်သည်။ သစ္စာမဲ့သူမှာ မှုန်မှိုင်းသည့် မျက်နှာဖြင့် သင်္ချိုင်းအား ကြည့်နေသည်။ ကားချပ် နံပါတ် ၁၃ မှာ စစ်ဖြစ်နေပုံပင်။ သစ္စာမဲ့သူ၏ အင်အားစုမှာ အခြားတစ်ဘက်အား ဖိနှိပ်ထားလေသည်။ ရုတ်တရက်ဆိုသလို ယင်ရှောင်ရှောင်း ယခင် စစ်ပွဲပုံရိပ်အား အမှတ်ရမိလိုက်သည်။ နူးညံ့လှပသည့် လူငယ်လေး တိုက်ခိုက်ခဲ့သည့် စစ်ပွဲနှင့် အတူတူပင် ဖြစ်သည်။ တစ်ဘက်ရန်သူမှာ အတူတူပင်ဖြစ်သည်။ အကြောင်းမှာ တူညီသည့် ဝတ်စုံကိုသာ ဝတ်ဆင်ထားခြင်းကြောင့်ပင်။ ထို့အပြင် မျိုးနွယ်စုငယ်လေးများ ဖြစ်ပုံရသည်။ နောက်ဆုံးအချက်ကိုမူ ယင်ရှောင်ရှောင်း မသေချာပေ။
နံပါတ် ၁၄ ကားချပ်ကြောင့် ယင်ရှောင်ရှောင်း မျက်လုံးများ ပြူးကျယ်လို့သွားသည်။ ဤကားချပ်၏ အဓိကလူမှာ သစ္စာမဲ့သူ ဖြစ်နေဆဲပင်။ ထိုသစ္စာမဲ့သူသည် ဖမ်းစီးခြင်းခံထားရသည့် စစ်သည်တော်များ၊ ပြည်သူများ၊ ယောက်ျားမိန်းမ၊ လူငယ် လူအိုများရှေ့တွင် ထိုင်လျက်ရှိနေသည်။ အခြားတစ်ဘက်တွင်မူ ထိုလူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် စစ်သားများရှိလေသည်။ ထိုသူတို့၏ ဝတ်စုံများမှာတစ်ဆင့် မျိုးနွယ်စုငယ်လေး ဖြစ်ကြောင့် ယင်ရှောင်ရှောင်း သေချာသွားသည်။
အဲဒီလူက ဘာကိစ္စနဲ့ မျိုးတုန်းသတ်ဖြတ်နေရတာတုန်း..
နံပါတ် ၁၅ ကားချပ်အား ကြည့်လိုက်ပြန်သည်။ သစ္စာမဲ့သူမှာ လက်ထဲတွင် နှစ်ဘက်သွားဓားအား ကိုင်ထားပြီး မျက်နှာမှာ ရူးသွပ်မှုအပြည့်နှင့် ဖြစ်သည်။ ဓားကိုလွှဲယမ်းကာဖြင့် သူ၏အရှေ့တွင် ဒူးထောက်လျက်ရှိသည့် လူများ၏ခေါင်းများကို ဖြတ်လိုက်လေသည်။
ကားချပ် နံပါတ် ၁၆ မှာ နောက်ဆုံးသောကားချပ် ဖြစ်သည်။ သစ္စာမဲ့သူမှာ ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး မျက်နှာအမူအရာမှာလည်း အသက်မဲ့လို့နေသည်။ သို့သော်လည်း အထီးကျန်မှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို သူ၏မျက်လုံးများမှတဆင့် ယင်ရှောင်ရှောင်း မြင်နိုင်လေသည်။
နံရံဆေးရေးပန်းချီကားများ ကုန်ဆုံးသွားလေပြီ။ ယင်ရှောင်ရှောင်း သူ၏စိတ်ထဲ၌ ပြန်မြင်ယောင်မိသည်။ အားလုံးပြီးဆုံးသွားသည့်နောက်တွင် သစ္စာမဲ့သူမှာ နူးညံ့လှပသည့် လူငယ်လေးအား သတ်လိုက်ခြင်း ဖြစ်မည်ဟု ယင်ရှောင်ရှောင်း မသေချာတော့ပေ။ ပန်းချီအားလုံးကို ကြည့်ပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း၏ သစ္စာမဲ့သူအပေါ် ထားရှိသည့် သံသယမှာ ပို၍ကြီးထွားလာလေသည်။ သို့သော်လည်း နောက်ဆုံးပန်းချီကားချပ်အား မြင်ပြီးသည့်အခါ ထိုအရာအားလုံးကို လုပ်ခဲ့သူမှာ သစ္စာမဲ့သူ ဖြစ်မည်ဟု ယင်ရှောင်ရှောင်း မခံစားရတော့ချေ။
မည်သို့ပင်ဖြစ်စေ ယင်ရှောင်ရှောင်းနှင့် သက်ဆိုင်ခြင်း မရှိပါ။ ဤအဖြစ်အပျက်များမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့ခြင်းပင်။ ယင်ရှောင်ရှောင်း သိချင်နေသည်မှာ ဤတောင်ခြေ၌ ရှိနေသည့် သင်္ချိုင်းပိုင်ရှင်ကိုသာ ဖြစ်သည်။ ပိုင်ရှင်မှာ နူးညံ့လှပသည့် လူငယ်လေးလော။ သို့တည်းမဟုတ် သစ္စာမဲ့သူလော။ နှစ်ဦးစလုံးအား ဤနေရာတွင် မြှုပ်နှံထားခြင်းလော။ ယင်ရှောင်ရှောင်း ဤဖြစ်နိုင်ချေအား စဉ်းစားမိပြီးနောက် ထိုအကြောင်းအား ထွက်သွားအောင် ခေါင်းခါလိုက်သည်။ ထိုဖြစ်နိုင်ချေမှာ အလွန်နည်းပါးလှသည်။
ထို့အပြင် နူးညံ့လှပသည့် လူငယ်လေးနှင့် သစ္စာမဲ့သူတို့မှာ မည်သူများ ဖြစ်ကြသနည်း။ ယင်ရှောင်ရှောင်း ရှေးမင်းဆက်များ၏ ဧကရာဇ်များအား ပြန်တွေးမိသော်လည်း သင့်တော်သည့်အဖြေ မရခဲ့ပေ။ အဝတ်အစားများမှတဆင့် မည်သည့်မင်းဆက်ဖြစ်ကြောင်း ပြောနိုင်မည် ဖြစ်သော်လည်း ယင်ရှောင်ရှောင်း သိထားသည်မှာ အလွန်နည်းလွန်းလှသည်။
ဘာဖြစ်တယ်.. သီအိုရီနဲ့ လက်တွေက လုံးဝ တူမနေဘူးနော်.. သိထားလိုက်..
ယင်ရှောင်ရှောင်း အမြီးဖြင့် နဖူးအား ပွတ်လိုက်သည်။ ဤကမ္ဘာမှာ သူ၏ ကိုယ်ပိုင်ကမ္ဘာ မဟုတ်သည့်အတွက် ပုံမှန်မဟုတ်ကာ မတူညီသည့် သမိုင်းရာဇဝင်များ ရှိနေခြင်း ဖြစ်ပေမည်။ ထိုအကြောင်းအား များများစားစား တွေးနေရန် မလိုချေ။ ဤအခိုက်အတံ့တွင် သူထွက်သွားဖို့ရန်သာ အရေးအကြီးဆုံး ဖြစ်သည်။
မလိုအပ်သည့် အတွေးများအား ဖယ်ထုတ်ပြီးနောက် ယင်ရှောင်ရှောင်း ရှေ့ဆက်လုပ်ရမည့် အရာအား စဉ်းစားလိုက်သည်။ ထိုအချိန်မှာပင် ယင်ရှောင်ရှောင်း ကျောက်တံခါး သုံးချပ်အား မျက်နှာမူလိုက်သည်။ ယင်ရှောင်းရှောင်း ရွေးချယ်တော့မည့် ဆဲဆဲမှာပင် ထိုပြဿနာနှင့် ပတ်သက်၍ စိုးရိမ်နေရန်မလိုဟု သတိရလိုက်သည်။ အလယ်တံခါးချပ်၏ အောက်ခြေတွင် အပေါက်လေးတစ်ခု ရှိနေသည်။ ထိုအပေါက်လေးမှာ ယင်ရှောင်ရှောင်း ဝင်လာခဲ့သည့် အပေါက်လေးနှင့် တိတိကျကျ တူညီနေလေသည်။
ယင်ရှောင်ရှောင်း ငိုချင်လာမိသည်။
ဘာတွေဖြစ်နေတာတုန်း.. တခြားသူတွေကို လေးစားရမဲ့ အခြေခံ သဘောတရားလေးတောင် မရှိဘဲ အခုလို လှည့်စားနေတာ ဘယ်သူတုန်းကွ.. ငါ့ကိုလာခြောက်နေတာလား..
ဤသို့ဖြင့် ယင်ရှောင်ရှောင်း အလယ်တံခါးပေါက်ဆီသို့သွားရန် ပြင်လိုက်သည်။
ယင်ရှောင်ရှောင်း မသွားနိုင်တော့ချေ။ ဤသို့ အရှုံးမပေးလိုက်နိုင်ပါ။ ထိုလူမှာ သူ့အား ဝင်ခွင့်ပြုနိုင်မည် ဆိုလျှင် အန္တရာယ်လည်း ပေးနိုင်ပေလိမ့်မည်။ ဤသို့ဖြင့် ယင်ရှောင်ရှောင်း ကျန်တံခါးနှစ်ချပ်အား ကြည့်လိုက်သော်လည်း လမ်းကြောင်းမရှိချေ။ ယင်ရှောင်းရှောင်း လက်လျော့လိုက်ရသည်။ သူ၏ဆိုးဝါးလှသည့် ကံတရာအား လက်ခံပြီးနောက် ထိုတစ်ခုတည်းသော အပေါက်လေးထဲသို့ ဝင်သွားလိုက်လေသည်။
ထိုအပေါက်လေးအား ဖြတ်သန်းပြီးနောက် ယင်ရှောင်ရှောင်း နောက်လှည့်ကြည့်လိုက်သည့်အခါ အပေါက်ငယ်လေးမှာ သေချာပေါက် ပျောက်ကွယ်သွားလေပြီ ဖြစ်သည်။