အပိုင်း ၄၃
Viewers 13k


Chapter 43



ယင်ရှောင်ရှောင်း ခေါင်းလှည့်ကာဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

မဆိုးဘူးပဲ.. မဆိုးဘူး.. အနည်းဆုံးတော့ ငါဝင်သွားတဲ့အချိန် မီးတွေလင်းလာခဲ့တယ်လေ.. မှောင်မည်းနေတာထက် အခုလိုလေး နည်းနည်းပါးပါး လင်းလာတော့ တော်သေးတာပေါ့.. ဒါပေမဲ့လည်း ဝင်ပြီးပြီးချင်း ပြန်ထွက်လို့ရရင် အကောင်းဆုံးပေါ့.. တဟေးတန်ပါရင် ပိုတောင်ကောင်းဦးမှာနော်..

သို့သော်လည်း သူမသိလိုက်သည်မှာ သူပျောက်သွားသည့် အချိန်တွင် တဟေးတန်မှာ အသည်းကွဲလို့နေလေပြီ။ ယင်ရှောင်ရှောင်း၏ အတွေးများမှာ သူ၏ဆန္ဒကို ဆန့်ကျင်ကာ ဟိုရောက်ဒီရောက် ဖြစ်လို့နေသည်။ ထူးဆန်းလှသည်တော့ မဟုတ်ချေ။ ဖြူဖြူစင်စင် ကလေးငယ်မှာ ကြီးမားလှသည့် ဖိအားအောက် ရောက်နေသောကြောင့်ပင်။

အသိစိတ်ပြန်ဝင်လာသည့်အချိန်တွင် ယင်ရှောင်ရှောင်း သူဝင်လာခဲ့သည့် အခန်းပတ်လည်အား ကြည့်ကာ အရွယ်အစားကို တွက်ချက်လို့နေသည်။ သို့သော်လည်း မူသောင်ထဲ၌ ရှိနေဆဲဖြစ်ကာ အဆုံးကိုပင် မမြင်နိုင်သေးချေ။

ဒီမူသောင်က ဘယ်လောက်တောင် ရှည်နေတာတုန်း..

ယင်ရှောင်ရှောင်း မူသောင်နံရံများအား ကြည့်လိုက်သည့်အခါ ဆေးရေးပန်းချီများ ရှိနေသေးပြီး အံ့အားသင့်သွားလေသည်။ နံရံဆေးရေးပန်းချီများမှာ ယခင်ကားချပ်များနှင့် မတူညီတော့ချေ။ ထို့အစား နူးညံ့လှပသည့် လူငယ်လေး၏ အသွင်အပြင်များသာ ရှိနေသည်။ ယင်ရှောင်ရှောင်း ရှေ့ဆက်သွားလိုက်သည်။ ပန်းချီကားချပ်များမှာ တစ်ခုခုနှင့်တစ်ခု ခြားနားခြင်း သိပ်မရှိချေ။ နူးညံ့လှပသည့် လူငယ်‌လေး၏ ပုံများသာ ဖြစ်သည်။ အချို့ကားချပ်များတွင် ပြုံးနေပြီး အချို့တွေ ငိုနေမည်ဖြစ်သည်။ တစ်ခါတစ်ရံ ပျော်ရွှင်နေပုံရပြီး တစ်ချို့တစ်လေတွင် ဝမ်းနည်းလို့နေသည်။ ကြည်လင်ငြိမ်းအေးသည့်ပုံများ ရှိသလို အိပ်ယာထက်တွင် အိပ်စက်နေသည့်ပုံများလည်း ရှိလို့နေသည်။ ကူကယ်ရာမဲ့သည့် ဟန်ဖြင့် ရှိနေတတ်သလို ချစ်ရည်ရွှန်းလဲ့သည့် မျက်ဝန်းများလည်း ရှိနေပြန်သည်။

ယင်ရှောင်ရှောင်းမှာ နံရံဆေးရေးပန်းချီပြပွဲသို့ ဝင်လာမိသကဲ့သို့ ခံစားနေရပြီး ပြပွဲအကြောင်းအရာမှာ နူးညံ့လှပသည့် လူငယ်လေး ဖြစ်သည်။ ဤအခြင်းအရာကြောင့် ဤသင်္ချိုင်းမှာ နူးညံ့လှပသည့် လူငယ်လေးမှ သူကိုယ်တိုင်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ဟန်မတူပါ။

သူ့ကိုယ်သူ တအားချစ်လွန်းလို့ မူသောင်တစ်လျှောက် ပုံစံမျိုးစုံ ရေးဆွဲထားတာမျိုး မဟုတ်လောက်ပါဘူး..

ယင်ရှောင်ရှောင်း အတွေးထဲ နစ်မြုပ်နေစဉ်မှာပင် မမျှော်လင့်ထားသည့် အခြင်းအရာ ဖြစ်ပျက်ခဲ့သည်။ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်မှာ သူ၏ဦးနှောက်ထက်ပင် မြန်မြန်ဆန်ဆန် တုံ့ပြန်လေသည်။ မူသောင်ထဲရှိ လေထုအားဖြတ်ကာ ပစ်လွှတ်လိုက်သော မြားသံများ ကြားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ကြမ်းပြင်ပေါ်သို့ ပြားပြားဝပ်လာသည်။ ယင်ရှောင်ရှောင်း မလှုပ်ရဲချေ။ မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ခေါင်းထက်မှ ဖြတ်သွားသည့် မြားတံများအား မြင်လိုက်ရသည်။

ကံကောင်းပြီး မြွေဖြစ်နေလို့ပေါ့.. တော်ပါသေးရဲ့.. လူဖြစ်နေတုန်းဆိုရင် မြားထိလို့ ခန္ဓာကိုယ်က ပျားအုံလို အပေါက်အပေါက်ဖြစ်ပြီး မြေပေါ်လဲကျနေလောက်ပြီ..

ယင်ရှောင်ရှောင်း မြေပြင်ပေါ်လဲကာဖြင့် မြားကုန်သွားသည့် အချိန်သို့ စောင့်နေလိုက်သည်။

ငါလေးက ဘာတွေလုပ်မိလို့ မြားပစ်ခံနေရတာတုန်း..

ယင်ရှောင်ရှောင်းမှာ ရောက်တတ်ရာရာ တွေးတောရင်း ခေါင်းလှည့်ကြည့်လိုက်သည်။

အဲဒီအပေါက်သေးသေးလေး ပြန်ပေါ်လာဦးမယ်လို့ ဘယ်လိုစိတ်နဲ့ တွေးမိလိုက်တာလဲနော်..

ကံဆိုးလှသည့် ယင်ရှောင်ရှောင်းလေးထံ ထူးခြားဆန်းကြယ်မှုများ ပေါ်မလာခဲ့ပါ။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်သာ ရှေ့ဆက်သွားနေရသည်။ ဤတစ်ကြိမ်တွင်မူ ပို၍သတိကပ်ကာ လျှောက်လှမ်းနေလိုက်သည်။ သို့သော်လည်း မူသောင်ထဲ၌ ဒုတိယမြောက်ထောင်ချောက် ရှိနေပြန်သည်။

လေကိုခွင်းကာ ပစ်လွှတ်လိုက်သည့် မြားသံအား ကြားလိုက်သည်နင့် ယင်ရှောင်ရှောင်း ယခင်ကထက် မြန်ဆန်စွာ တုံ့ပြန်ပြီး ကြမ်းပြင်ပေါ် ဝပ်နေလိုက်သည်။ သို့သော်လည်း ပြုတ်ကျလာသည့် မြားအချို့ကြောင့် ယင်ရှောင်ရှောင်း စိတ်ဓာတ်ကျလာမိသည်။ ကံကောင်းသည်မှာ မြားအရေအတွက် မများခြင်းပင်။ ယင်ရှောင်ရှောင်းမှာ ရွေးစရာ မရှိတော့သည်အတွက် ဗိုက်ကိုလှန် လေထုထဲကြည့်ကာ ပြုတ်ကျလာသည့် မြားများအား ကွေ့ကာဝိုက်ကာဖြင့် ရှောင်နေရတော့သည်။

ဘယ်ဘက်ကို ကွေ့လိုက်.. ညာဘက်ဟေ့.. ညာဘက်ကို ကွေ့.. တကယ်တည်းနော်.. ဆပ်ကပ်အဖွဲ့ထဲတောင် ဝင်လို့ရနေပြီ..

ဒုတိယမြားလှိုင်း ပြီးဆုံးသွားသည့်အခါ ယင်ရှောင်ရှောင်းမှာ မလှုပ်ရှားနိုင်တော့ချေ။ နေ့တစ်ဝက်ခန့် ထိုနေရာတွင်ပင် ဗိုက်လှန်ကာ အသက်ရှူနေရသည်။

ဒါက မြွေတစ်ကောင်ရဲ့ ဘဝပေါ့လေ.. ဟမ့်.. မတရားတွေ ပင်ပန်းနေပြီနော်..

ဤသို့ ဖြစ်ရခြင်းမှာ ပုံမှန် လှုပ်ရှားမှု နည်းပါးခြင်းကြောင့်ဟု ယင်ရှောင်ရှောင်း ဝန်ခံလိမ့်မည် မဟုတ်ချေ။

ယင်ရှောင်ရှောင်းမှာ ကျန်ရှိနေသည့် လမ်းအားကြည့်ကာဖြင့် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ယင်ရှော်ငရှောင်း၏ ခန့်မှန်းချက်အရ တတိယမြားလှိုင်း လာပေဦးမည်။

ဒီတစ်ကြိမ်ကျ မြေပြင်ကနေ ပစ်မှာလား ဟမ်.. အားးးးးးးးးးးးး

ကံဆိုးလှသည့် ယင်ရှောင်ရှောင်းမှာ တတိယမြောက်ထောင်ချောက် ရှိနေသည်ကို သိသည့်တိုင်အောင် ရှေ့ဆက်သွားရပေမည်။

ယင်ရှောင်ရှောင်း အလွန်ဂရုတစိုက်နှင့် မြေပြင်ပေါ်ရှိ မြားများအား ရှောင်ရှားလို့နေသည်။ ရှေ့ဆက်သွားရင်းဖြင့် ထောင်ချောက်ခလုတ်များအား ထိမိမည်ကို သတိထားနေရသည်။ ယင်ရှောင်ရှောင်း တွေးမိသည်မှာ ဤထောင်ချောက်များမှာ သတိမမူမိဘဲ ထိမိလိုက်သည့် ခလုတ်များကြောင့် ဖြစ်လာခြင်း မဟုတ်တန်ရာ။ နယ်မြေတစ်ခုအား ဖြတ်သန်းသွားသည့် အချိန်တိုင်းတွင် ထောင်ချောက်တစ်ခု အသက်ဝင်လာခြင်း ဖြစ်ပေမည်။ ထို့ကြောင့် အခြားတစ်ဘက်သို့ သွားမည်ဆိုလျှင် မူသောင်ထဲရှိ ထောင်ချောက်များအား ဖြတ်သွားဖို့ရန် လိုအပ်လေသည်။

ယင်ရှောင်ရှောင်း၏ ခန့်မှန်းချက်မှာ မှန်ကန်လေသည်။ ဤသင်္ချိုင်းအား တည်ဆောက်ခဲ့သူသည် ဤထဲရှိ မည်သည့်အရာကိုမှ လွယ်လင့်တကူ ခိုးယူခွင့်ပြုမည် မဟုတ်ပါ။ သင်္ချိုင်းအတွင်း ဝင်လာမည့်သူတိုင်း သေဆုံးကြရပေမည်။ သို့သော်လည်း ယင်ရှောင်ရှောင်း ကဲ့သို့သော လူသားမဟုတ်သည့် အရာများ ဝင်လာနိုင်ချေ ရှိသည်ကိုမူ ထည့်စဉ်းစားခဲ့ပုံ မရချေ။

ယင်ရှောင်ရှောင်း ထင်သည့်အတိုင်းပင် တတိယမြောက်ထောင်ချောက် ရှိလို့နေသည်။ ယင်ရှောင်ရှောင်း မူသောင်အဆုံးသို့ ရောက်သွားသည့်အခါ တတိယမြောက်ထောင်ချောက် စလေသည်။

ယင်ရှောင်ရှောင်း အခက်အခဲများကြားမှ ပျော်ရွှင်မှုအား ရှာတွေ့လိုက်ရသည်။

“အခုတော့ ဒီသင်္ချိုင်းထဲက မီးတွေအားလုံး လင်းလာပြီပေါ့လေ..”

ဟုတ်သည်။ ပြုတ်ကျသွားသည့်တိုင်အောင် ယင်ရှောင်ရှောင်း သူရောက်နေသည့် အမည်မသိ နေရာမှာ လင်းထိန်လာသည်ကို သတိပြုမိလိုက်သည်။

“ဘုတ်..”

ယင်ရှောင်ရှောင်း လုံခြုံစွာ ခြေချလိုက်နိုင်သည်။

မဆိုးပါဘူးလေ.. ကံကောင်းလို့ သေကံမရောက်သေးဘူး..

ယင်ရှောင်ရှောင်း ခေါင်းမော့ကာ ပတ်ပတ်လည်အား ကြည့်လိုက်သည့်အခါ ပျော်ရွှင်နေရာမှာ သေချင်စိတ် ပေါက်သွားတော့သည်။ ယင်ရှောင်ရှောင်း အော်ဟစ်ကာဖြင့် ထောင့်တစ်ခုတွင် ပုန်းကာ ငိုနေတော့သည်။ ပန်းသီးလုံးကြီး တစ်ခုကဲ့သို့ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားလိုက်သည်။

ယင်ရှောင်ရှောင်း မြင်ခဲ့ရသည့် အရာအား ပြောကြပါစို့။

ယင်ရှောင်ရှောင်း သင်္ချိုင်းအတွင်းရှိ အလွန့်အလွန် မြင့်မားသည့် မျက်နှာကျက်များရှိကာ အလွန့်အလွန် ကြီးမားလှသည့် အခန်းတစ်ခုအတွင်းသို့ ကျသွားခဲ့ခြင်း ဖြစ်သည်။ အခန်း၏အလယ်တွင် ပိရမစ်တစ်ခု ရှိနေသည်။ ပိရမစ်အား လူခေါင်းများဖြင့် ပြုလုပ်ထားခြင်းပင်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုလူခေါင်းများမှာ အရိုးခေါင်းများ မဟုတ်ဘဲ အသွေးအသားများရှိနေသည့် လူခေါင်းများ ဖြစ်နေခြင်းပင်။

ထိုလူခေါင်းများတွင် သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ ဖြစ်ပေါ်လာသည့် အမူအရာများ အပြည့်ဖြစ်သည်။ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ နာကျင်မှု၊ နောင်တတရားနှင့် ကြောက်ရွံ့ခြင်း တို့ဖြစ်သည်။ အချို့လူများမှာ မျက်လုံးနှင့် ပါးစပ်များ ပွင့်နေဆဲဖြစ်ကာ ကွပ်မျက်တော့မည့် အချိန်တွင် အော်ဟစ်နေခဲ့ကြခြင်း ဖြစ်ပေမည်။ အချို့မှာမူ နှုတ်ခမ်းထောင့်များတွင် ထူးဆန်းသည့်အပြုံးများ ရှိနေပြီး မျက်လုံးများပွင့်ကာဖြင့် ယင်ရှောင်ရှောင်း ရှိရာဘက်သို့ စိုက်ကြည့်လျက်ရှိလေသည်။

ယင်ရှောင်ရှောင်း ဂရုတစိုက် လေ့လာကြည့်မည်ဆိုလျှင် ပိရမစ်၏ထိပ်တွင် ရှိနေသည့် ဦးခေါင်းများမှာ ပထမ မူသောင်မှ ပန်းချီကားချပ်များတွင် သစ္စာမဲ့သူ၏ ခေါင်းဖြတ်ခြင်း ခံခဲ့ရသည့်သူများ ဖြစ်နေသည်ကို တွေ့ရှိရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ယင်ရှောင်ရှောင်း၏ လေ့လာစူးစမ်းမှုမှာ ထိုမျှလောက် မဟုတ်ချေ။

ဤအခန်းထဲတွင် လူခေါင်းများဖြင့် ပြုလုပ်ထားသည့် ပိရမစ်မှလွဲ အခြားအရာ မရှိချေ။

ယင်ရှောင်ရှောင်းမှာမူ ထောင့်တစ်ခုတွင် ကပ်ကာဖြင့် အော်ဟစ်ငိုယိုလို့နေသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း တွေဝေမှုများဖြင့် အိပ်ပျော်သွားလေတော့သည်။

ဟေ့ ဟေ့.. အရမ်းကြီး မျှော်လင့်နေတာ မဟုတ်ဘူးလား..

ထို့နောက် ယင်ရှောင်းရှောင်း ထွက်ပေါက်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်လေသည်။

ယင်ရှောင်ရှောင်း ခန်းမအလယ်ရှိ လူခေါင်းပိရမစ်အား သိသိသာသာ လစ်လျူရှုလိုက်ပြီး ထွက်ပေါက်ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ခန်းမနံရံများကိုသာ ကြည့်နေလေသည်။ ဘုရားသခင်မှာ ဤမြွေကလေးအား ပစ်မထားတော့ပါလေ။ ယင်ရှောင်ရှောင်း အလွန်စိတ်လှုပ်ရှားစွာဖြင့် ကျောက်တံခါးတစ်ချပ်အား ရှာတွေ့လိုက်ရသည်။ ထိုကျောက်တံခါးမှာ လူခေါင်းပိရမစ်ဖြင့် ဖုံးကွယ်နေခြင်းဖြစ်ပြီး တစ်ပိုင်းတစ်စသာ ပေါ်ထွက်နေခြင်းပင်။ ယင်ရှောင်ရှောင်း၏ ကောင်းမွန်လှသည့် အမြင်အာရုံကြောင့်သာ မဟုတ်ခဲ့လျှင် ထိုတံခါးချပ်အား မြင်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်ရှောင်ရှောင်းအား စိတ်ဓာတ်ကျစေသည့်အရာမှာ ထိုကျောက်တံခါးသည် ယင်ရှောင်ရှောင်း ရှိနေသည့် နေရာနှင့် ဆန့်ကျင်ဘက်နေရာတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုနေရာသို့ သွားမည်ဆိုလျှင် ခန်းမအား ဖြတ်သွားရပေလိမ့်မည်။ ခန်းမအား တိုက်ရိုက်ဖြတ်သန်းသွားခြင်းသည် အတိုဆုံးလမ်း ဖြစ်သော်ငြား ယင်ရှောင်းရှောင်း ထိုသို့သွားမည် မဟုတ်ပေ။ ထို့အစား နံရံအတိုင်း ကွေ့ပတ်ကာဖြင့် ကျောက်တံခါးချပ်ဆီသို့ ဦးတည်လိုက်တော့သည်။

ယင်ရှောင်ရှောင်း ကျောက်တံခါး၏ရှေ့တွင် နေ့ဝက်ခန့် စောင့်နေခဲ့သော်ငြား ယခင်က နှစ်ကြိမ်တိတိ ပေါ်လာခဲ့ဖူးသည့် ဝင်ပေါက်ငယ်လေးမှာ ပေါ်မလာခဲ့ချေ။

အဲတော့ ငါ့ဘာသာငါ ဖွင့်ရတော့မှာလား..

ယင်ရှောင်ရှောင်း ထိုတံခါးအား ဖွင့်ဖို့ရန် နှစ်ပေါင်းတစ်ရာခန့် အချိန်ယူခဲ့ပြီး အကြိမ်တစ်သန်းခန့် ဆုတောင်းခဲ့သော်ငြား ပွင့်မလာခဲ့ချေ။ (အတိဿယဝုတ္တိနော်.. ရှောင်ရှောင်း အသက် ၁၁၀ ဖြစ်သွားပြီ ထင်မှာစိုးလို့..)

ကံကောင်းထောက်မစွာဖြင့် ယင်ရှောင်ရှောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကောင်းချီးပေးခံရတော့သည်။ ကျောက်တံခါး၏ အောက်ခြေတွင် တွန်းဖယ်လို့ရသည့် ကျောက်တုံးလေးတစ်ခု ရှိနေကြောင်း ယင်ရှောင်ရှောင်း တွေ့ရှိလိုက်လေသည်။ ကံဆိုးစွာဖြင့် ယင်ရှောင်ရှောင်းမှာ လုံလောက်အောင် သန်မာခြင်း မရှိချေ။ ထိုကျောက်တုံးအား နှစ်ကြိမ်တိတိ တွန်းဖယ်ခဲ့သော်ငြား လှုပ်မလာခဲ့ပါ။ ယင်ရှောင်ရှောင်း ထိုနေရာတွင် ရပ်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။ အသက်ပြင်းပြင်း ရှိုက်ကာဖြင့် အော်လိုက်သည်။ ထို့နောက် ကျောက်တုံးပေါ် ခေါင်းတင်ကာ အစွန်းကုန် တွန်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် အောင်မြင်သွားလေသည်။ တဖြည်းဖြည်းနှင့် ကျောက်တံခါး ပွင့်လာသည့်အခါမှ ယင်ရှောင်ရှောင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်င်တော့သည်။

“ဒုန်း.. ဒုန်း...”

ယင်ရှောင်ရှောင်း တစ်ကိုယ်လုံး တောင့်သွားသည်။ အနောက်သို့ လှည့်ကြည့်ချင်သော်ငြား မလှုပ်ရဲချေ။

ဒီအသံ.. ဒီအသံက တစ်ခုခု လှိမ့်လာတာ မဟုတ်လား.. ဒီဂူထဲမှာ တစ်ခုခု ရှိနေတာလား.. လူခေါင်းပိရမစ်ပဲ ရှိနေတာလေ.. ခုနအသံက တစ်ခုခု လိမ့်လာတဲ့အသံ မဟုတ်ဘူးလားလို့.. ဖြစ်နိုင်တာက ပိရမစ်ကနေ တစ်ခုခု ပြုတ်ကျလာတာ မဟုတ်လား..

ယင်ရှောင်ရှောင်း အော်ဟစ်လိုက်ပြန်သည်။ ကျောက်တံခါးနောက်ကွယ်တွင် မည်သည့်အရာ ရှိနေမည်ကိုပင် စဉ်းစားတွေးတောမနေတော့ဘဲ အတွင်းသို့ အလျင်စလို ပြေးဝင်လိုက်သည်။ သူဝင်ပြီးသည်နှင့် ကျောက်တံခါးမှာ မြန်မြန်ဆန်ဆန်ပိတ်သွားတော့သည်။ ယင်ရှောင်ရှောင်း ကျောက်တံခါးမှတဆင့် အလျင်စလို ထွက်ပြေးစဉ် မတော်တဆ လှည့်ကြည့်မိသည့်အခါ သူရပ်နေခဲ့သည့်နေရာနှင့် သိပ်မဝေးသည့် နေရာတွင် ဦးခေါင်းတစ်လုံးမှာ မျက်လုံးများ ပြူးကျယ်ကာဖြင့် ဒေါသတကြီးဖြင့် စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ စိတ်ထင်မိခြင်းလားဟု မသေချာသည့်တိုင် ထိုဦးခေါင်းမှာ လှုပ်နေဆဲဖြစ်သည်ဟု ယင်ရှောင်ရှောင်း ခံစားမိသည်။ ယင်ရှောင်ရှောင်း ဝင်လာခဲ့သည့် အခန်းအား ရှင်းရှင်းလင်းလင်း မြင်လိုက်သည့်အခါ အလွန်ကြောက်လန့်မိခြင်း မရှိပေ။

လူသေအရိုးများမှာ တောင်တစ်ခုကဲ့သို့ စုပုံလျက်ရှိသည်။ ယင်ရှောင်ရှောင်း သက်ပြင်းချလိုက်မိသည်။ ဤခန်းမမှာ ယခင်တစ်ခုထက် ပိုမိုကြီးမားလေသည်။ ခန်းမအလယ်တွင် အရိုးများ စုပုံထားသည့် တောင်ပို့တစ်ခု ရှိနေသည်။ လူခေါင်းပိရမစ်ကဲ့သို့ မဟုတ်ဘဲ ဤတစ်ခုမှာ လူအရိုးများဖြင့် ပြုလုပ်ထားသည့် တောင်ပို့တစ်ခုနှင့် တူလေသည်။ ယင်ရှောင်ရှောင်းမှာ ကြက်သေသေနေသော်လည်း ထိုတောင်ပို့လေးအား သေသေချာချာ ကြည့်ရှုလိုက်သည်။ အချိန်အတော်ကြာ ကြည့်ပြီးသည့်နောက်တွင် ထိုအရိုးများမှာ ပေါင်ရိုး၊ ခြေသလုံးရိုး၊ လက်မောင်းရိုး၊ ရင်ညွန့်ရိုးများ ဖြစ်ကြပြီး ဦးခေါင်းခွံမပါသည်ကို တွေ့လိုက်ရသည်။

အဲဒါက ဘာအဓိပ္ပါယ်တုန်း..

ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို သတိရမိလေသည်။ ဦးခေါင်းခွံများမှာ ယခင်သင်္ချိုင်းခန်းမအတွင်း၌ ရှိနေခြင်းဖြစ်သည်။ ထိုဦးခေါင်းများ၏ ကျန်ရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ယင်ရှောင်ရှောင်းအရှေ့တွင် ရှိနေခြင်း ဖြစ်သည်။

ထိုသို့သိရှိပြီးနောက်တွင် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာတော့သည်။ ယင်ရှောင်ရှောင်း မှာ ပုံမှန်အပူချိန်ရှိသည့် မြွေတစ်ကောင်မှသည် poikilothermic (သွေးအေး) မြွေတစ်ကောင် ဖြစ်လာပြီဟု ခံစားလိုက်ရသည်။

အခြားတစ်နည်းဖြင့် ဆိုရလျှင် ကံဆိုးခြင်းမှာ အဖော်အပေါင်းနှင့် လာလေသည်။ ယင်ရှောင်ရှောင်း တောင့်ခဲနေစဉ်တွင် တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်လာစေသည့် မြင်ကွင်းအား သူ၏ကိုယ်ပိုင် မျက်လုံးများဖြင့် တိုက်ရိုက်မြင်လိုက်ရလေသည်။ အရိုးတောင်ပို့မှ အရိုးများမှာ အသက်ဝင်လာပြီး ဦးခေါင်းခွံမပါသည့် အရိုးစုတစ်ခု ဖြစ်ပေါ်လာသည်။ ပြီးနောက်တွင် ထိုအရိုးခြောက်မှာ ယင်ရှောင်ရှောင်း ရှိရာသို့ တန်းတန်းမတ်မတ် လာလေသည်။

ပထမဆုံးသောအရိုးခြောက် အောင်မြင်ပြီးသည့်နောက် ကျန်အရိုးများမှာလည်း အရိုးခြောက်အဖြစ် စတင်ဖွဲ့စည်းကာ မတ်တတ်ရပ်လာကြပြီး ယင်ရှောင်ရှောင်းထံသို့ ရွေ့လျားလာကြလေသည်။

ယင်ရှောင်ရှောင်းရှေ့သို့ ပထမဆုံးရောက်လာသည့် အရိုးခြောက်မှာ ခါးကုန်းကာ အရိုးလက်များဖြင့် ယင်ရှောင်ရှောင်းအား ဆွဲယူရန် ကြိုးစားလေသည်။ ယင်ရှောင်ရှောင်း သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်ဖို့ရန် အသိဝင်လာပြီး အရိုးခြောက်၏ တိုက်ခိုက်မှုအား အလျင်စလို ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းထံသို့ ပိုမိုများပြားသည့် အရိုးခြောက်များ ချဉ်းကပ်လို့လာသည်။ ယင်ရှောင်ရှောင်းမှာ ထွက်လမ်းရှာဖွေရင်း အလျင်စလို ပြေးပုန်းရတော့သည်။ ကံကောင်းထောက်မစွာဖြင့် ယင်ရှောင်ရှောင်းမှာ မြွေတစ်ကောင် ဖြစ်နေခြင်းပင်။ မြန်ဆန်သည့်လှုပ်ရှားမှုနှင့် တိုလှသည့် အလျားတို့ကြောင့် လျင်မြန်စွာ ဖွဲ့စည်းလာသည့် အရိုးခြောက်တပ်စုမှာ ယင်ရှောင်ရှောင်းအား ဖမ်းမမိနိုင်ကြချေ။

ခေတ္တမျှကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ဝင်လာခဲ့သည့် ကျောက်တံခါးဆီမှ ‘ဘုန်း.. ဘုန်း.. ဘုန်းးး’ ဟူသည့် အသံအား ကြားလိုက်ရသည်။ ယင်ရှောင်ရှောင်း ပထမဆုံး တွေးမိသည်မှာ ‘အခြားတစ်ယောက် ရှိနေသည်လား’ ဟူ၍ပင်။ သို့သော်လည်း ချက်ချင်းဆိုသလို အဖြေရလိုက်သည်။

“ဘယ်လိုလုပ်ပြီး တခြားသူ ဖြစ်မှာလဲ.. အဲဒီမှာ လူခေါင်းတွေချည်း ရှိနေတာ..”

ထိုသို့တွေးမိပြီးနောက် ယင်ရှောင်ရှောင်း ဖြစ်ပျက်နေသည်များကို သိရှိသွားလေသည်။ တံခါးတစ်ဘက်ရှိ လူခေါင်းများမှာ အထဲသို့ဝင်နိုင်ရန် ကျောက်တံခါးအား ထုရိုက်နေကြခြင်း ဖြစ်သည်။

ဘာဖြစ်တယ်.. အဲဒီလူခေါင်းတွေက ဘာကိစ္စနဲ့ တံခါးကို ထုရိုက်နေတာလဲ ဟုတ်လား.. အဲဒီမှာ အရိုးတွေက သူတို့ဘာသာ ဖွဲ့စည်းနေတာ မမြင်ဘူးလား.. လူခေါင်းတွေ တံခါးကို ထုနေတာက မဖြစ်နိုင်တာမှ မဟုတ်ဘဲ.. ပြီးတော့ အဲဒီခေါင်းတွေနဲ့ အရိုးတွေက ခန္ဓာကိုယ် တစ်ခုတည်းကလာတာလေ.. ဖြစ်နိုင်တာက သူတို့တွေ ပြန်ပေါင်းစပ်ချင်နေတာပဲ နေမှာ..

နေ့ဝက်ခန့် ပြေးလွှားနေရသည့် ယင်ရှောင်ရှောင်းအတွက် ဤအခြေအနေမှာ အလွန်မကောင်းလှချေ။ ထိုအရိုးများကို ရှောင်တိမ်းနေရချိန်တွင် တံခါးအား ထုရိုက်သံများမှာလည်း ပိုမိုကျယ်လောင်လို့လာသည်။ ယင်ရှောင်ရှောင်း၏ ရုပ်ပိုင်းနှင့် စိတ်ဓာတ်ပိုင်း ခံနိုင်ရည် မရှိတော့ချေ။

ငါလေးက ဒီမှာပဲ သေသွားတော့မှာလား..

ယင်ရှောင်ရှောင်း ထိုအချက်အား လက်မခံနိုင်ပါ။ သူ၏ ပါပါး၊ ဖေဖေ၊ တာ့ကော၊ အာကော၊ စန်းကော၊ စစ်ကော၊ ဝူကော၊ အားလု၊ ဦးဦး‌ဟေး၊ ဦးဦးဟုန်၊ ဦးဦးလန်၊ လန်ယိယိ၊ ဟုန်အာအာ၊ လန်စန်းစန်း၊ လန်စစ်စစ်တို့အပြင် တဟေးတန်အားလည်း နှုတ်ဆက်ရခြင်း မရှိသေးပါ။

ဒီနေရာမှာ သေသွားလို့ လုံးဝမဖြစ်ဘူး...

ကောင်းကင်ဘုံမှ ယင်ရှောင်ရှောင်း၏ တောင်းဆိုချက်အား ကြားသွား၍လား သို့တည်းမဟုတ် ဤခန်းမထဲ၌ ယင်ရှောင်ရှောင်းအား မသေစေချင်သဖြင့်လား မသိပေ။ ယင်ရှောင်ရှောင်း လှုပ်ရှားနိုင်စွမ်း မရှိတော့သည့် အချိန်တွင် ဝင်ပေါက်ငယ်လေး တတိယအကြိမ်မြောက် ပေါ်လာပြန်သည်။

ယင်ရှောင်ရှောင်း စဉ်းစားတွေးတော မနေတော့ဘဲ ထိုဝင်ပေါက်ထဲသို့ ချက်ချင်းဝင်သွားလေသည်။ ယင်ရှောင်ရှောင်း ဖြတ်သန်းပြီးသည့်နောက်တွင် ထိုအပေါက်လေးမှာ ပျောက်ကွယ်သွားပြန်သည်။ ယင်ရှောင်ရှောင်းမှာလည်း အမှောင်ထုနှင့် ထပ်မံရင်ဆိုင်ရပြန်လေတော့သည်။