အပိုင်း ၄၄
Viewers 12k


Chapter 44


သင်္ချိုင်းဟောင်းထဲရှိ အမှောင်ထုမှာ မြွေတစ်ကောင်အား ကြောက်ရွံ့စေနိုင်သော်ငြား အရိုးခြောက်များနှင့် ဦးခေါင်းများ၏ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည့် ယင်ရှောင်ရှောင်းအတွက်မူ အမှောင်ထုမှာ ထိုမျှလောက် ကြောက်မက်ဖွယ် မကောင်းတော့ချေ။

ယင်ရှောင်ရှောင်း နေရာတွင် ရပ်ကာဖြင့် ပင့်သက်ရှိုက်နေလိုက်သည်။ သူ၏စိတ်ထဲ၌ တိတ်တိတ်လေး ကျိန်ဆိုမိသည်မှာ ဤနေရာမှာ ထွက်သွားပြီးသည့်နောက်တွင် သူ၏ကြံခိုင်မှု တိုးမြင့်လာစေရန် လေ့ကျင့်ခန်း မှန်မှန်လုပ်မည် ဖြစ်ပြီး တဟေးတန် သွားလေရာ တကောက်ကောက် လိုက်ပါတော့မည် ဟူ၍ပင်။ ယင်ရှောင်ရှောင်း သတိရှိရှိဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ မြွေများ၏ မျက်စိမှာ ညအချိန်တွင် လူသားများထက် ပိုကောင်းလေသည်။

ယင်ရှောင်ရှောင်း ကြည့်နေရင်းဖြင့် လက်ရှိရောက်ရှိနေသည့် နေရာမှာ အတော်ကျဉ်းကာ ချောမွေ့မှုလည်း မရှိကြောင်း သိလိုက်ရသည်။ သူရောက်နေသည့် နေရာမှာ ပိုက်လုံးတစ်ခုနှင့်တူပြီး ခပ်ရွှေရွှေအနေအထား ဖြစ်လေသည်။ ယခုအချိန်တွင် ယင်ရှောင်ရှောင်းမှာ ပိုက်အခြေ၌ ရောက်နေခြင်းဖြစ်သည်။ ဤနေရာမှ ထွက်ခွာလျှင် အပေါ်သို့တက်ရန်လိုသည်။

ယင်ရှောင်‌ရှောင်း ခေတ္တတုံ့ဆိုင်းနေပြီးနောက် စတင်တက်တော့သည်။ လတ်တလောတွင် ဤနည်းလမ်းတစ်ခုသာ ရှိလေသည်။ ယခုလေးတင် လွတ်လာခဲ့သည့် နေရာအား ပြန်မသွားချင်ပေ။ ထိုနေရာနှင့် နှိုင်းစာလျှင် ဤလမ်းကြောင်းကသာ ပိုကောင်းသေးသည်။

မည်မျှကြာအောင် တက်ရမည်ကို ယင်ရှောင်ရှောင်း မသိချေ။ အလင်းရောင်မြင်ရသည့်အခါတွင် ယင်ရှောင်ရှောင်းမှာ ကယ်တင်ခြင်းခံရပြီဟု ယုံကြည်လိုက်တော့သည်။ အရှိန်မြင့်လိုက်ပြီးနောက် ပိုက်လုံးနှင့်တူသည့် နေရာမှ အလျင်စလို ထွက်လိုက်သည်။ အလင်းရောင်နှင့် ထိတွေ့မိသည့်အခါ ပတ်ဝန်းကျင်အား ဂရုတစိုက် ကြည့်လိုက်မိသည်။ ထိုအခါတွင် သူရောက်နေသည်မှာ ယခုလေးတင် ဖြတ်ကျော်ခဲ့သည့် ဒုတိယမူသောင် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုမျှသာမကဘဲ ယင်ရှောင်ရှောင်းမှာ မူသေး၏ အဆုံးဘက်တွင် ရှိနေခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်း နောက်ပြန်ကြည့်လိုက်သည်။ သူ့အား လဲကျသွားစေသည့် အရာမှာ နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ မြွေတစ်ကောင်မှာ ဆိုးရွားလှသည့် နေရာတစ်ခုသို့ ရောက်ရှိလို့နေလေပြီ။

ယင်ရှောင်ရှောင်း စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျှော်လင့်ထားသည့်အတိုင်း သူထွက်လာခဲ့သည့် နေရာမှာ ပျောက်ကွယ်လို့သွားပြီ ဖြစ်သည်။ ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းထောင့်များ မဲ့ကျသွားသည်။

ငါ့ကိုလာကစားနေတာလား..

မေ့လိုက်တော့..

ထိုဝင်ပေါက်လေးမှာ သူ့အားကယ်တင်ဖို့ရန် ပေါ်လာခြင်းဖြစ်သည်ဟု ယင်ရှောင်ရှောင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ထိုအရာနှင့် ပတ်သက်၍ စစ်ဆေးနေခြင်း မပြုသည်က ပိုကောင်းပေမည်။ ယခုအချိန်တွင် အရေးအကြီးဆုံးသော အရာမှာ ထွက်သွားနိုင်မည့် နည်းလမ်းအား ရှာဖွေခြင်းပင်။ ဤနေရာတွင် ရောက်နေသည်မှာ မည်မျှကြာပြီကို မသိသော်လည်း အနည်းငယ် ဆာလောင်နေပြီ ဖြစ်သည်။

ယင်ရှောင်ရှောင်းမှာ မူသောင်အား စစ်ဆေးနေစဉ် တွေးနေမိသည်မှာ ဤနေရာမှ ထွက်သွားပြီးသည်နှင့် တဟေးတန်အား အရသာရှိသည့် အရာလေးများ ရှာဖွေခိုင်းမည် ဟူ၍ဖြစ်သည်။ ပထမမူသောင်ကဲ့သို့ပင် ဒုတိယမူသောင်၏ အဆုံးတွင်လည်း တံခါး သုံးချပ် ရှိနေသည်။ အလယ်တွင် တံခါးတစ်ချပ် ရှိနေပြီး ဘေးတစ်ဘက်စီတွင် တံခါးတစ်ချပ်စီ ဖြစ်သည်။ ယင်ရှောင်ရှောင်း အတော်ကြာသည်အထိ စောင့်ဆိုင်းသည့်တိုင်အောင် ဝင်ပေါက်လေး ပေါ်လာခြင်း မရှိပေ။

ဒီတစ်ခါကျ တံခါးတွေကို ရွေးရတော့မှာလား..

အဓိကခန်းမကို ရောက်ဖို့ဆိုရင် ပြောရမယ်ဆို အဲဒီလို ခန်းမတွေက အလယ်မှာပဲ ရှိတတ်တာ.. အဲတော့ သင်္ချိုင်းရဲ့ အဓိကခန်းမကို ရောက်ချင်ရင် အလယ်တံခါးက အကောင်းဆုံးပဲ.. တံခါးကို ဖွင့်လိုက်လို့ အဓိကခန်းမကို မရောက်သွားဘူး ဆိုရင်တောင် အဲဒီနေရာမှာ ခဏလောက် နေလိုက်ရုံပေါ့..

သို့သော်လည်း ယင်ရှောင်ရှောင်းမှာ အဓိကသင်္ချိုင်းခန်းမအား ရွေးချယ်ဖို့ရန် ငြင်းပယ်လိုက်သည်။ ထိုအခန်းထဲတွင် အဖိုးတန်အရာများ ရှိလိမ့်မည် ဆိုသော်ငြား သင်္ချိုင်းပိုင်ရှင်အား မြေမြှုပ်ထားမည့်နေရာလည်း ဖြစ်လေသည်။ ယင်ရှောင်ရှောင်းမှာ လတ်တလောတွင် မြွေတစ်ကောင် ဖြစ်နေသည့်အတွက် အဖိုးရန်ရတနာများအား ရယူခြင်းမှာ အကျိုးမရှိပေ။ ထိုအရာများအား ကြည့်ရှုရင်းဖြင့်သာ ဆန္ဒများကို ချိုးနှိမ်ထားရပေလိမ့်မည်။ ထိုအဓိကခန်းမတွင် သင်္ချိုင်းပိုင်ရှင်အား မြှုပ်နှံထားမည်မှာ သေချာလေသည်။ ထို့အပြင် သူ့အနေဖြင့် ထိုထဲသို့ ပြေးဝင်ကာ လူသေကောင်အား သွားကြည့်ရန်လည်း မလိုအပ်ချေ။ မည်သို့ပင်ဖြစ်စေ အရိုးခြောက်များအား မြင်တွေ့ခဲ့ပြီး ဖြစ်လေသည်။

တစ်ခုကို မြင်ပြီးတာနဲ့ ကျန်တာအားလုံးကို မြင်ပြီးပြီလို့ သတ်မှတ်လိုက်လို့ရတယ်နော်..

ယင်ရှောင်ရှောင်းမှာ အမြင်ကျယ်လွန်းလှသည့် ပျော်ရွှင်သော မြွေတစ်ကောင် ဖြစ်လေသည်။ ထို့အပြင် ရံဖန်ရံခါ ပေါ်လာတတ်သည့် ဝင်ပေါက်ငယ်လေးမှာ ယင်ရှောင်ရှောင်းအား သင်္ချိုင်း၏ အဓိကခန်းမဆီသို့ ခေါ်ဆောင်နေခြင်း ဖြစ်သည်ဟု ယင်ရှောင်ရှောင်း ခံစားမိလေသည်။ ထိုခန်းမထဲတွင် ကောင်းမွန်သည့်အရာ မရှိလောက်ဟု ယင်ရှောင်ရှောင်း စိတ်ထဲ၌ ခံစားနေရသည်။ ဝင်ပေါက်ငယ်လေး ပေါ်မလာသည်ကြောင့် ယင်ရှောင်ရှောင်း စောင့်ဆိုင်းနေလိုစိတ် မရှိတော့ပါ။ ထိုဝင်ပေါက်လေးအား ဆက်စောင့်နေမည် ဆိုပါက နောက်ကျသွားနိုင်လေသည်။

ထိုသို့ဖြင့် အလယ်တံခါးပေါက်အား ဖယ်လိုက်ပြီးနောက် ယင်ရှောင်ရှောင်း လက်ဝဲဘက်တံခါးပေါက်အား ရွေးချယ်လိုက်ပြီး အထဲဝင်မည့် နည်းလမ်းအား ရှာဖွေတော့သည်။ အံ့အားသင့်ဖွယ်ရာမှာ တံခါးဖွင့်နိုင်မည့် နည်းလမ်းမှာ ထိုတံခါး၏ အောက်ခြေတွင် ရှိနေခြင်းပင်။ ယင်ရှောင်ရှောင်း အားကုန်သုံးကာဖြင့် ကျောက်တံခါးအား တွန်းဖွင့်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ ယင်ရှောင်ရှောင်း သတိအပြည့် ရှိနေပြီး အထဲသို့ အလျင်စလို ဝင်မသွားချေ။ ပထမဆုံး လည်ဆန့်ကာဖြင့် အထဲသို့ ချောင်းကြည့်လိုက်သည်။ အန္တရာယ်ရှိသည့်အရာ မတွေ့သည်ကြောင့် ယင်ရှောင်ရှောင်း တစ်ကိုယ်လုံး ဝင်လိုက်သည်။ ကျောက်တံခါးမှာ တင်းတင်းကြပ်ကြပ် ပိတ်သွားပြန်သည်။

ယင်ရှောင်ရှောင်း ယခုရောက်ရှိနေသည့် အခန်းမှာ ယင်ရှောင်ရှောင်း စိတ်ကူးထားသည်နှင့် တူညီလေသည်။ အတိတ်ဘဝတွင် ယင်ရှောင်ရှောင်း ရုပ်မြင်သံကြားမှတဆင့် ဤကဲ့သို့သော သင်္ချိုင်းမျိုးအား မြင်တွေ့ခဲ့ဖူးသည်။ သင်္ချိုင်းထဲတွင် စစ်ရထားများ၊ မြင်းများ၊ စစ်သည်တော်များ အပြည့်နှင့် ဖြစ်သည်။ နာမည်ကိုမူ မေ့လျော့လို့နေပြီ ဖြစ်သည်။

ဘယ်လိုခေါ်ပါလိမ့်.. စစ်ရထားနဲ့ မြင်းတပ် လို့ ခေါ်တာများလား..

ယင်ရှောင်ရှောင်း ထိုအရာအပေါ် အာရုံသိပ်မရှိချေ။ ယခုအခါ ယင်ရှောင်ရှောင်းအား ဆွဲဆောင်ထားသည့် အရာမှာ သင်္ချိုင်းထဲရှိ အရာများ ဖြစ်သည်။

ဤအခန်းအတွင်းရှိ စစ်ရထားများ၊ မြင်းများနှင့် စစ်သည်တော်များ အားလုံးကို ကြေးဖြင့်ပြုလုပ်ထားသည်။ ရှေးခေတ်တွင် ဤအရာများအား မည်သို့ ထိန်းသိမ်းကြသည်ကို ယင်ရှောင်ရှောင်း မသိပေ။ ကြေးဖြင့်ပြုလုပ်ထားသည့် ဤရှေးခေတ်လက်ရာများမှာ နဂိုမူလ ကြေးရောင်အတိုင်း ရှိနေဆဲဖြစ်ပြီး မြေအောက်တွင် မြှုပ်နှံထားခြင်း ဖြစ်သည့်တိုင်အောင် အရောင်လွင့်သွားခြင်း၊ သံချေးတက်ခြင်းများ ရှိမနေချေ။ ရထားလုံးတစ်စု၏ ထိပ်တွင် မြင်း ၁၂ ကောင် ဆွဲသည့် ရထားလုံးတစ်ခု ရှိလေသည်။ မြင်းနှင်တံ ကိုင်ဆောင်ထားသည့် လူတစ်ဦးမှာလည်း ရထားလုံးအား မောင်းနှင်နေဟန် ရှိလေသည်။ သို့သော်လည်း ရထားလုံးထဲတွင် ခရီးသည် ရှိမနေချေ။ ရထားလုံးနောက်တွင် မြင်းစီးနေသည့်လူသုံးတန်း ရှိလေသည်။ ထိုလူများမှာ တည်ကြည်ကာ လေးစားမှုပြည့်နေသည့် အမူအရာများ ရှိကြသည်။ တင်းကြပ်သည့် လေထုကြောင့် ယင်ရှောင်ရှောင်း အာရုံဝေဝါးသွားရသည်။ ထိုလူများမှာ အရာရှိများ ဖြစ်ဟန်တူသည်။

မဟုတ်ရင် ဘာကိစ္စနဲ့ မြင်းစီးနေကြမှာတုန်း.. မြင်းစီးတာနဲ့ပဲ အရာရှိဖြစ်သွားတယ်လို့ ဘယ်သူပြောလဲ ဟုတ်လား.. ဒီမှာ မမြင်ဘူးလား သူတို့နောက်မှာ လက်နက်တွေ ကိုင်ထားတဲ့ စစ်သားတွေ ရှိနေတာလေ.. ဟမ့်..

ထိုမြင်းစီးစစ်သည်များနောက်တွင် မတ်မတ်ရပ်ကာ လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသားများ ရှိနေကြသည်။

ဒါကဘာလဲ.. ဧကရာဇ် စစ်ချီတဲ့ မြင်ကွင်းလား..

ယင်ရှောင်ရှောင်း အမြီးဖြင့် မေးထောက်လိုက်သည်။ ယင်‌ရှောင်ရှောင်း၏ မှတ်ဉာဏ်များအား ပြန်ခေါ်ကြည့်မည်ဆိုလျှင် ရှေးခေတ်ကာလတွင် ရထားလုံး၌ဆွဲသည့် မြင်းကောင်ရေအလိုက် လူနေမှုအဆင့်အတန်အား သိရှိနိုင်သည်။ ရာထူးကြီးလေ မြင်းကောင်‌ရေ များလေလေဖြစ်သည်။ ယင်ရှောင်ရှောင်း သေသေချာချာ မခွဲခြားနိုင်သော်ငြား မြင်း ၁၂ ကောင်မှာမူ အတော်လေး များသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဧကရာဇ်၏ ရထားလုံးဖြစ်မည်ဟု တွေးထင်မိခြင်း ဖြစ်သည်။

အိုး.. ဒါဆိုရင် ဒီသင်္ချိုင်းပိုင်ရှင်က ဧကရာဇ်ပေါ့..

ဤနေရာတွင် ယင်ရှောင်ရှောင်း သတိပြုမိလိုက်သည်မှာ ဤသင်္ချိုင်းအတွင်း၌ ကြေးသတ္တုမှတပါး အခြားသတ္တုများအား မတွေ့မမြင်ခဲ့ပါ။ မြားတွင်ပါသည့် မြားခေါင်းများပင်လျှင် ကြေးဖြင့်ပြုလုပ်ထားလေသည်။ အခြားသတ္တုများ သုံးစွဲခြင်း မရှိခြင်းနှင့် ဤသင်္ချိုင်းတွင် နေထိုင်သူ၏ အထောက်အထားတို့ ပေါင်းစပ်ကြည့်မည်ဆိုလျှင် ထိုခေတ်အခါတွင် အခြားသော သတ္တုများအား ရှာဖွေတွေ့ရှိခြင်း မရှိသေးပုံ ရ၏။ ထိုသို့ ဖြစ်မည်ဆိုပါက ဤသင်္ချိုင်းပိုင်ရှင်မှာ ကြေးခေတ်တွင် နေထိုင်ခဲ့ခြင်း ဖြစ်ပေမည်။ ထိုကာလမှာ တရုတ်ပြည်၏ ရှား၊ ရှန့်နှင့် ကျိုးမင်းဆက်များ အုပ်စိုးသည့်ကာလ ဖြစ်လေသည်။ ကျိုးမင်းဆက် ပျက်သုန်းပြီး ချင်မင်းဆက် လက်ထက်တွင် သံသတ္တုများအား စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။ တိတိပပ ဆိုရလျှင် ဧကရာဇ်ဟူသည့် အမည်နာမအား ချင်ရှစ်ဟွမ်လက်ထက်တွင် စတင်သုံးစွဲခဲ့ခြင်း ဖြစ်ပြီး ချင်မင်းဆက်မတိုင်မီ ရှား၊ ရှန့်နှင့် အနောက်ကျိုး မင်းဆက်များ အုပ်စိုးသည့် ကာလတွင် ဘုရင်ဟူသည့် အသုံးအနှုန်းဖြင့်သာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် ဤသင်္ချိုင်းပိုင်ရှင်အား ဧကရာဇ်ဟု ခေါ်ဆိုရန် မသင့်တော့ဘဲ ဘုရင်ဟူ၍သာ ခေါ်ဆိုသင့်ပေမည်။

ဟေ့.. ဟေ့.. အခုက ဘုရင်နဲ့ ဧကရာဇ်အကြောင်း စကားရည်လုနေရမဲ့အချိန် မဟုတ်ဘူးလေ ယင်ရှောင်ရှောင်းရဲ့.. အခုလုပ်ရမှာက ဒီထဲကနေ ထွက်ဖို့လေ သိရဲ့လား.. ပြီးတော့ အရင်ကမ္ဘာက သမိုင်းကြောင်းတွေကို ဒီနေရာမှာ အစားထိုးနေလို့ မရဘူးလေ.. ဒီကမ္ဘာက ဘယ်မှာလဲတောင် မသိဘဲနဲ့ ဘယ်လိုဖြစ်ပြီး ရှားမင်းဆက်တွေ ရှန့်မင်းဆက်တွေ ကျိုးမင်းဆက်တွေ ရောက်လာတာတုန်း.. ချင်ရှစ်ဟွမ်ကိုတောင် ထည့်ပြောလိုက်သေးတယ်.. ဒီနေရာကနေ နည်းနည်းလောက် ရွေ့လိုက်ပါဦးနော်.. တကယ်ပဲ ပြောစရာစကားတောင်မဲ့ရတယ်..

အခန်းပတ်လည်အား ထပ်မံကြည့်လိုက်ပြန်သည်။ ယခင်နည်းတူ ဤနေရာတွင်လည်း နံရံဆေးရေးပန်းချီများ ရှိနေလေသည်။ သို့သော်လည်း နှိုင်းယှဉ်ရမည်ဆိုလျှင် မူသောင်နှစ်ခုတွင် ရှိခဲ့သည့် ပန်းချီများမှာ ဤနေရာထက်စာလျှင် သာမန်ဖြစ်သည်ဟု ဆိုရမည်။

ဖေးထျန်း (နတ်မိမယ်) ရုပ်ပုံတွေလား..

ယင်ရှောင်ရှောင်း ဖေးထျန်းပန်းချီကားဆီသို့ ချဉ်းကပ်သွားလေသည်။

ဘာ.. ယောကျ်ားကြီးလား.. ဖေးထျန်းက ဘယ်တုန်းက ယောကျ်ားဖြစ်သွားတာတုန်း.. မိန်းမဆိုရင် ပိုသင့်တော်ဦးမယ်.. မဟုတ်ရင်လည်း ဖဲကြိုးလေးဘာလေး ထည့်ပေါ့.. အခုက ဖေးထျန်း ယောကျ်ားတဲ့လား.. ယာလိတောင်ကမှ ကြီးနေဦးမယ်..

နူးညံ့လှပသည့် လူငယ်လေး လက်ထပ်စဉ်က မြင်တွေ့ခဲ့ရသည့် အမျိုးသမီးမှလွဲ၍ အခြားပန်းချီကားချပ်များတွင် အမျိုးသမီးများကို မြင်တွေ့ခဲ့ရခြင်း မရှိပေ။

ယင်ရှောင်ရှောင်း သင်္ချိုင်းခန်းမထံသို့ ပြန်သွားရန် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် ကြေးဖြင့်ပြုလုပ်ထားသည့် စစ်သည်တော်များနှင့် နံရံဆေးရေးပန်းချီကားများသာ ရှိလေသည်။ တကယ်တမ်းတွင် ယင်ရှောင်ရှောင်းမှာ ထိုခန်းမအတွင်းသို့ သွားရမည်ကို ကြောက်လန့်နေမိခြင်း ဖြစ်သည်။

ကံဆိုးပြီး တခြားအရာတွေနဲ့ ထပ်တွေ့နေရင် ဘယ်နှယ့်လုပ်မတုန်း.. ထွက်ပြေးဖို့အချိန်တောင် ရလိုက်မှာ မဟုတ်ဘူး.. ဘာဖြစ်တယ်.. ဟိုဝင်ပေါက်လေး ဟုတ်လား.. အဲဒီအပေါက်ကလည်း ပေါ်မလာဘူးဆို ဘာလုပ်ကြမတုန်း..

ဤသို့ဖြင့် ယင်ရှောင်ရှောင်း တံခါးပေါက်ဆီသို့ တိုးသွားပြန်သည်။ ယင်ရှောင်ရှောင်း၏ ရည်ရွယ်ချက်မှာ လက်ယာဘက်ရှိ တံခါးချပ်ဖြစ်သည်။ ထိုကျောက်တံခါးမှာလည်း ယခင်အတိုင်း ဖွင့်ရခြင်း ဖြစ်သည်။ ထိုတံခါးပေါက်မှ ဝင်ပြီးသည့်နောက် ယင်ရှောင်ရှောင်း အသက်ရှုမှားသွားလေသည်။ ယင်ရှောင်ရှောင်းမှာ မြွေဘဝနှင့် ဝင်ခဲ့မိခြင်းသာ။ လူသားတစ်ဦး ဖြစ်နေမည်ဆိုပါက ထိုရတနာများအား မြင်တွေ့ရသည်နှင့်တပြိုင်နက် ချက်ချင်း အလစ်သုတ်ပြေးမည် ဖြစ်သည်။

ယင်ရှောင်ရှောင်း လက်ယာဘက်ရိ တံခါးချပ်အား ဖွင့်ပြီးသည့်နောက်တွင် သူ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ဤသို့ဖြစ်သည်။

‘လင်းနေရောပဲ.. တကယ်ကြီး လင်းထင်းနေတာ.. အရမ်းကို လင်းလွန်းနေတယ်..’

ဆီမီးအိမ်များ၏ အလင်းရောင်ကြောင့် ယင်ရှောင်ရှောင်းမှာ မျက်စိကျိန်းသွားလေသည်။ တဖြည်းဖြည်းချင်း ပြန်လည်သက်သာလာပြီးနောက် သင်္ချိုင်းခန်းမအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် သွားရည်ယိုလာတော့သည်။

ယခင်နည်းတူ နံရံတွင် ဆေးရေးပန်းချီများ ရှိလို့နေသည်။ ယခင်နည်းတူ ဆီမီးအိမ်များလည်း လင်းလို့နေသည်။ သို့သော်လည်း ဤအခန်းထဲတွင် လွန်စွာတောက်ပနေသည့် ကျောက်တုံးများလည်း ရှိနေပြန်သည်။

ဤတောက်ပြောင်နေသည့် ကျောက်တုံးများအား ကျောက်တုံးများဖြစ်မည်ဟု ယင်ရှောင်ရှောင်း မတွေးမိတော့ချေ။ ဤတစ်ကြိမ်တွင် ယင်ရှောင်ရှောင်းမှာ အန္တရာယ်ရှိမည်ကိုလည်း ဂရုမစိုက်မိတော့ပါ။ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များနှင့်အတူ ထိုတောက်ပြောင်နေသည့် ကျောက်တုံးများ ဆီသို့သာ တိုးသွားမိလေသည်။

ဒါတွေက ရွှေတုံးတွေမလား.. ဒါကတော့ ငွေတုံးပဲ ဖြစ်ရမယ်.. ဒီဟာလေးက စိန်မလားလို့.. စိန်လေ.. နားလည်ရဲ့လား.. ဒါကိုသာ ရောင်းလို့ရမယ်ဆိုရင် ဒီသံလွင်စေ့လောက်လေးရှိတဲ့ စိန်တုံးက အများကြီးရမှာလို့..

ထိုခေတ်တွင် ရှိခဲ့သည့် လူသားများမှာ ကြေးသတ္တုကိုသာ အသုံးပြုနိုင်ကြသော်လည်း ထိုလူများမှာ အတော်လေး နှံ့နှံ့စပ်စပ် ရှိပုံရကြသည်။ ရွှေ၊ ငွေများကိုပင် ရှာဖွေနိုင်ကြသည်။ မည်သို့ အသုံးပြုရမည်ကို မသိကြသော်ငြား လှပသည့် ‘ကျောက်တုံးများ’ အဖြစ် မွမ်းမံကာ ဈာပနပစ္စည်းများအဖြစ် ပြောင်းလဲခဲ့ကြသည်။

ပြီးခဲ့တဲ့ အခန်းတွေမှာ တွေ့ခဲ့တဲ့ အရိုးပုံကို မှတ်မိသေးလား.. မှတ်မိလားလို့.. အခုတော့ ယင်ရှောင်ရှောင်းလေးက ရွှေတွေ ငွေတွေ စိန်တွေကိုပဲ မြင်တော့တယ်နော်.. ဒီလို ရတနာတွေနဲ့ အဲဒီအရိုးပုံနဲ့ ဘယ်နားလေးမှ ယှဉ်မရဘူး.. အခု မြင်နေရတာလေးတွေကမှ တကယ်တန်ဖိုးရှိပြီး အဖိုးတန်တာ.. ဘာဖြစ်တယ်.. ဒါတွေက အနောက်တိုင်းသားတွေ နှစ်သက်ကြတဲ့ ပတ္တမြားတွေ၊ နီလာတွေ ဟုတ်လား.. ကြည့်ရတာတော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး..

ယင်ရှောင်ရှောင်း အထင်သေးဟန်ပြုသည်။

ဟမ့်.. ဟမ့်.. စိန်တွေ ရွှေတွေ အများကြီးပဲ.. ဒါတွေနဲ့ယှဉ်ရင် အဲဒီ ကျောက်တုံးတွေကို သေးသေးလေးတောင် စိတ်ဝင်စားမနေဘူးနော်..

စိန်နှင့်ရွှေများမှာ ကျောက်မျက်ရတနာများထက် အဖိုးတန်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ အနောက်တိုင်းသား မဟုတ်သည့် တရုတ်လူမျိုး ဖြစ်လေသည်။ ယင်ရှောင်ရှောင်းအတွက် ကျောက်မျက်ရတနာများမှာ ငွေထည်လောက်ပင် ဆွဲဆောင်မှု မရှိလှချေ။ ယင်ရှောင်ရှောင်း တရုတ်ကျောက်စိမ်းကိုသာ ပိုမိုနှစ်သက်မိသည်။ တရုတ်လူမျိုးများအတွက် ရွှေမှာ တန်ဖိုးရှိသော်လည်း ကျောက်စိမ်းမှာ အဖိုးမဖြတ်နိုင်ပေ။ အရည်အသွေးကောင်းမွန်သည့် ကျောက်စိမ်းတစ်တုံးအား ရရှိဖို့ရန် ဈေးနှုန်းမှာ ခပ်ပေါပေါ မဟုတ်ပါလေ။

ယခုအခါတွင် ယင်ရှောင်ရှောင်းမှာ ရွှေငွေစိန်နှင့် ကျောက်မျက်ရတနာများ ပြည့်နှက်နေသည့် အခန်းအား မြင်တွေ့နေရသည့်တိုင် သူ၏စိတ်များ ကျောက်စိမ်းဆီသို့ ပျံ့လွင့်လို့နေသည်။

‘ရွှေနဲ့ငွေကိုတွေ့နေပြီ ဆိုမှတော့ ဒီဘိုးဘေးရဲ့ သင်္ချိုင်းထဲမှာ ကျောက်စိမ်းကို ရှာမတွေ့ဘူးဆိုတာ မဖြစ်နိုင်တော့ဘူး.. သင်္ချိုင်းပိုင်ရှင်က အဲဒီအချိန်တုန်းက အသုံးမဝင်တဲ့ ဒီ ‘ကျောက်တုံး’ တွေကိုတောင် ရှိနေမှတော့ ကျောက်စိမ်းလည်း ပါမနေဘူးဆိုတာ မဖြစ်နိုင်တော့ဘူး.. ဒီအခန်းထဲမှာ သေချာပေါက် ကျောက်စိမ်းတစ်တုံးတုံး ရှိနေမှာ’

ယင်ရှောင်ရောင်းမှာ ထိုသို့တွေးမိပြီးနောက် အဓိကသင်္ချိုင်းခန်းမအား စိုက်ကြည့်လိုက်သည်။

အဲဒီအခန်းထဲမှာ သေချာပေါက်ကို ရှိနေမှာ.. ကျောက်စိမ်းတွေ ရှိနေရင်ကော ဟုတ်လား.. ဘာဖြစ်တယ်.. ယူသွားလို့လည်း မရပဲနဲ့လို့ ပြောနေတာလား.. ယူသွားဖို့ မဟုတ်ဘူးလေ.. မယူပါဘူးနော်.. ဒီတိုင်းလေး ကြည့်ချင်တာပါ.. (^_^)