Chapter 45
ရတနာများအား ရှာဖွေရန် မစောင့်နိုင်တော့သဖြင့် ယင်ရှောင်ရှောင်း အလယ်တံခါးချပ်ရှေ့တွင် ရပ်လိုက်သော်လည်း ရုတ်တရက် တုံ့ဆိုင်းလာမိသည်။ ယင်ရှောင်ရှောင်း ကျောက်တံခါးအားဖွင့်ရန် နည်းလမ်းရှာဖွေလိုက်သည်။ ယခင်နည်းလမ်းမားကဲ့သို့ ယင်ရှောင်ရှောင်း တံခါးအောက်ခြေတွင် ရှာဖွေလိုက်သည်။
အာ.. မရှိဘူးဘဲ..
ယင်ရှောင်ရှောင်း ခေတ္တမျှ ငေးငိုက်နေမိသည်။ တံခါးဖွင့်ရန် နည်းလမ်းမှာ ယခင်အတိုင်း ဖြစ်မည်ဟု ထင်ခဲ့မိခြင်း ဖြစ်သော်လည်း အလယ်တံခါးချပ်မှာ ကျန်တံခါးများနှင့် ကွဲပြားလေသည်။ ယင်ရှောင်ရှောင်းမှာ လက်မလျော့နိုင်သည်ကြောင့် တံခါးဖွင့်နိုင်ရန် ဆက်လက်ရှာဖွေနေမိသည်။
နာရီဝက်ခန့် ရှာဖွေပြီးသည့်တိုင် ယင်ရှောင်ရှောင်း ရှာမတွေ့ခဲ့ချေ။ ယင်ရှောင်ရှောင်း စိတ်ဓာတ်ကျလာမိသည်။
ဒီတံခါးကို ဖွင့်ဖို့က တံခါးအောက်ခြေမှာ မဟုတ်တာများလား.. တံခါးထိပ်ကိုလည်း တက်သွားမကြည့်နိုင်ဘူးလေ.. ဘယ်လိုလုပ်ရပါ့မလဲနော်..
သို့သော်လည်း ယင်ရှောင်ရှောင်း အချိန်ကြာမြင့်စွာ မစဉ်းစားလိုက်ရပေ။ အခန်းအတွင်း၌ ရှိနေသည့် ရွှေငွေများအားလူကာ တံခါးရှေ့တွင် ပုံထားလိုက်မည်။ ထို့နောက် ရွှေငွေများပေါ်သို့ တက်ကာဖြင့် တံခါးထိပ်သို့ ကြည့်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ထိုကျောက်တုံးများအား ရွှေ့နိုင်လောက်သည်အထိ သန်မာခြင်း မရှိပေ။ ထိုကျောက်တုံးများအား ရွှေ့နိုင်သည့်တိုင် တစ်ခုနှင့်တစ်ခု ဆင့်စီရန်မှာ မဖြစ်နိုင်ချေ။
ယင်ရှောင်ရှောင်းမှာ စိုးရိမ်စွာဖြင့် သူ၏ခေါင်းအား အမြီးဖြင့် ပွတ်လိုက်သည်။ ဘာလုပ်ရမလဲနော်..
“ဟား..”
ဟမ်.. အခု ‘လူတစ်ယောက်’ ရယ်လိုက်တာများလား..
ယင်ရှောင်ရှောင်း၏ အမြီးမှာ သူ၏ခန္ဓာကိုယ်နောက်သို့ ပြန်ရောက်သွားသည်။ ထို့နောက် အားစိုက်ကာ နားထောင်ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် အချိန်အတော်ကြာ နားထောင်သည့်တိုင် မည်သည့်အသံကိုမျှ မကြားရချေ။ ယင်ရှောင်ရှောင်း စိတ်ဆိုးမာန်ဆိုးဖြင့် မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။
ဟမ့်.. အဲဒီအပေါက်လေးက ဘယ်တော့မှ ပေါ်လာမှာလဲ..
မြေပြင်တွင် လဲလျောင်းရင်းဖြင့် ကြည့်လိုက်သည့်အခါ ကျောက်တံခါးတွင် တံခါးပေါက်လေး ပေါ်လာသည်ကို မြင်လိုက်ရသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် ထိုတံခါးပေါက်လေးမှာ ရှိမနေချေ။ မည်သို့ပင်ဖြစ်စေ ထိုတံခါးပေါက်လေးမှာ သဲလွန်စမကျန်ဘဲ ပေါ်လာကာ သဲလွန်စမကျန်ဘဲ ပျောက်သွားပေဦးမည်။ ထိုထဲသို့ ဝင်ပြီးသည်နှင့် ထိုတံခါးပေါက်လေး ပျောက်သွားပေလိမ့်မည်။ ယင်ရှောင်ရှောင်း ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနှင့် အထဲဝင်လိုက်သည်။ ဟိုဟိုဒီဒီ တွေးနေရမည့်အချိန် မဟုတ်ပေ။
ဒါဘယ်လို နိဗ္ဗာန်ဘုံမျိုးလဲ.. ဒီလိုဟာမျိုး တစ်ခါလေးတောင် မမြင်ဖူးဘူး.. ပထမဆုံးဧကရာဇ်ရဲ့ သင်္ချိုင်းတို့ မင်ခေတ်က သင်္ချိုင်းတို့ နားလိုက်တော့နော်.. ငါ့ရှေ့မှာ ရှိနေတဲ့ သင်္ချိုင်းနဲ့ယှဉ်ရင် အားလုံးက ပုရွက်ဆိတ်သာသာပဲ..
အခန်းနံရံများအား အဖြူရောင်အလွှာပါးတစ်ခု လွှမ်းခြံထားပြီး နံရံမှာ စိမ်းပြာရောင် တောက်နေသည်။ ယင်ရှောင်ရှောင်း၏ ကောင်းမွန်လှသည့် အမြင်အာရုံကြောင့် အဖြူရောင်အလွှာပါး၏နောက် နံရံထဲတွင် တစ်စုံတစ်ခု ရှိနေကြောင်း ပြောနိုင်လေသည်။ အခန်းတစ်ခုလုံးမှာ မထင်မှတ်လောက်အောင် ကြီးမားပြီး ဘောလုံးကွင်း နှစ်ကွင်းစာ ပမာဏခန့် ရှိလေသည်။ ယင်ရှောင်ရှောင်း၏ အမြင်နှင့်ပင် ဘောလုံးကွင်း တစ်ဝက်ခန့်သာ မြင်နိုင်သည်။ အခန်းမျက်နှာကျက်တွင် နေလုံးနှင့် တိမ်များ ရေးဆွဲထားသည်။ နေလုံးအား ရေးဆွဲထားခြင်း ရှိမရှိကို သေချာမသိသော်ငြား အပူချိန် မရှိဘဲနှင့် တောက်တောက်ပပ လင်းလို့နေသည်မှာ ယင်ရှောင်ရှောင်း အခန်းတစ်ဝက်ခန့်အား မြင်နေရသည်။ အဖြူရောင်တိမ်တိုက်များပင်လျှင် ဖြူဖျော့ဖျော့ လင်းလို့နေသည်။
ထို့နောက် အလွန်ကြီးမားတင့်တယ်ကာ ခန်းစီးများ ကာရံထားသည့် အိပ်ယာအား ပထမဆုံး ကြည့်လိုက်သည်။ ထိုခန်းစီး၏ နောက်ကွယ်တွင် လှဲလျောင်းနေသည့် အရိပ်တစ်ခုအား ယင်ရှောင်ရှောင်း မြင်နေရသည်။ ထိုအရာမှာ သင်္ချိုင်းပိုင်ရှင် ဖြစ်ပုံရသည်။ ယင်ရှောင်ရှောင်း ထိုအိပ်ယာအား ငမ်းငမ်းတက် လိုချင်နေသော်ငြား သေဆုံးသွားသူအား လေးစားရမည် ဖြစ်သည်ကြောင့် ယင်ရှောင်ရှောင်း အလျင်အမြန် အကြည့်လွှဲလိုက်သည်။
ဘာဖြစ်တယ်.. ဘာကိစ္စနဲ့ အဲဒီအိပ်ယာကို လိုချင်နေရတာလဲ ဟုတ်လား.. အဲဒီအိပ်ယာကို လိုချင်နေတာက လုံးဝကို ပုံမှန်ပဲနော်.. အိပ်ယာတစ်ခုလုံးကို ကျောက်စိမ်းနဲ့ လုပ်ထားတာကွ.. ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ တွေးကြည့်စမ်း.. ဟေ့.. ငါလေးက သွားပြီးတော့ ကြည့်ချင်ရုံလေးပဲနော်..
အိပ်ယာ၏ လက်ဝဲဘက်တွင် ရေကန်တစ်ခု ရှိနေသည်။ ထိုရေကန်မှာ လူလုပ်ရေကန်တစ်ခု ဖြစ်သော်လည်း ယင်ရှောင်းရှောင်း အံ့ဩမိသည်မာ ထိုရေကန်ထဲတွင် ရေအပြည့် ရှီနေခြင်းကြောင့်ပင်။ ရေများမှာ ပုပ်သိုး၍ မနေသည့်အပြင် အလွန်ကြည်လင်ကာ အောက်ခြေကိုပင် မြင်ရသည်။ အကြည့်တစ်ချက်နှင့်ပင် ရေမှာ စီးဆင်းနေသည်ကို မြင်နိုင်ပြီး ရှေးခေတ်လက်မှုပညာသည်များ သင်္ချိုင်းအတွင်း၌ မည်သို့တည်ဆောက်သည်ကို မသိနိုင်တော့ပေ။ ရေကန်အောက်ခြေတွင် ကျောက်စရစ်ခဲများ ရှိနေသည်။
မဟုတ်ဘူးးးးး
ယင်ရှောင်ရှောင်း မျက်လုံးပြူးလာကာ ရေကန်ထဲသို့ ခုန်ဆင်းပစ်ချင်မိသွားသည်။ ထိုအရာများမှာ ကျောက်စရစ်ခဲများ မဟုတ်ချေ။ ထိုသည်မှာ ကျောက်စိမ်းတုံးများ ဖြစ်ကြသည်။ ထိုအရာများမှာ အကောင်းဆုံး အရည်အသွေးရှိသည့် ကျောက်စိမ်းနက်များဖြစ်ကာ ရေတိုက်စားမှုကြောင့် တဖြည်းဖြည်းချောမွေ့ကာ ကျောက်စရစ်ခဲများ ဖြစ်လာခြင်းပင်။ ယင်ရှောင်ရှောင်း သွားများပင် ကိုက်ခဲလာသည်။
ဘယ်လိုတွေတောင်.... ကျောက်စိမ်းနက်ကို ကျောက်စရစ်သဘောမျိုး သုံးလိုက်တယ်ပေါ့..
ယင်ရှောင်ရှောင်း၏ ဝမ်းနည်းမှုနှင့် နာကြည်းမှုတို့အား ဖော်မပြနိုင်ချေ။ ယင်ရှောင်ရှောင်း သူ၏အမြီးဖြင့် ‘ကျောက်စရစ်ခဲ’ အချို့အား ဖမ်းယူရန် ပြင်ဆင်မှာပင် ကျောက်တံခါး၏ အပြင်ဘက်တွင် ကြားခဲ့ရသော ခပ်သော့သော့ ရယ်သံအား ကြားလိုက်ပြန်လေသည်။
ယင်ရှောင်ရှောင်း မလှုပ်နိုင်ချေ။ ဤတစ်ကြိမ်တွင် ရယ်သံမှာ ယခင်ကထက် ပိုမိုကြည်လင်လို့နေပြီး ယင်ရှောင်ရှောင်း၏ အနီးတစ်ဝိုက်မှ လာခြင်းဖြစ်သည်။ လှည့်ကြည့်လိုက်မည် ဆိုပါက ထိုရယ်သံပိုင်ရှင်အား မြင်နိုင်ပေလိမ့်မည်။ သို့သော်လည်း ယင်ရှောင်ရှောင်း လှည့်မကြည့်ရဲပါချေ။ အပြင်ဘက်တွင် ထိုရယ်သံအား ကြားမိပါက ထူးဆန်းနေမည် မဟုတ်သော်လည်း ယင်ရှောင်ရှောင်း လက်ရှိရောက်နေသည်မှာ သင်္ချိုင်းထဲ၌ ဖြစ်သည်။
ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အသက်ရှိတဲ့အရာ တစ်ခုခု ရှိနေရတာတုန်း.. အသက်ထောင်ချီနေတဲ့ ကျုံးဇီများလား.. ဒါပေမဲ့ အဲဒီကျုံးဇီအိုကြီးက ရယ်နိုင်လို့လား..
ယင်ရှောင်ရှောင်း အကြားမှားခြင်းဖြစ်မည်ဟု တွေးထင်ကာ စိတ်အေးတော့မည့်ဆဲဆဲမှာပင် အသံထွက်လာပြန်သည်။ ထိုအသံမှာ ရယ်သံသက်သက် မဟုတ်တော့ချေ။
“မြစ်ကြမ်းပြင်က ကျောက်စိမ်းလုံးလေးတွေကို လိုချင်လို့လား..”
အလွန်သာယာနူးညံ့သည့် အသံတစ်သံ ဖြစ်လေသည်။ ပုံမှန်အခြေအနေတွင် ထိုအသံအား ကြားခဲ့မည်ဆိုပါက ယင်ရှောင်ရှောင်း သဘောကျနှစ်သက်မိကာ ထိုအသံပိုင်ရှင်နှင့်ပင် မိတ်ဆွေသူငယ်ချင်းများ ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း ယခုလက်ရှိမှာ သင်္ချိုင်းဟောင်းထဲ၌ ရောက်ရှိနေခြင်း ဖြစ်သည့်အပြင် အဓိကသင်္ချိုင်းခန်းမထဲ၌ ရောက်နေခြင်းလည်း ဖြစ်သည်။
အဲဒီတော့ အခုစကားပြောလိုက်တာ လုံးဝသက်ရှိမဖြစ်နိုင်တော့ဘူး..
ဤသို့ဖြင့် သနားစဖွယ် ယင်ရှောင်ရှောင်းလေးမှာ မျက်ရည်များ ရစ်သိုင်းလို့လာလေပြီ။
ဘယ်သူ့ကို ပစ်မှားမိခဲ့တာလဲလို့.. မြွေဘဝရောက်သွားတာတောင် ဘယ်ကမှန်းမသိတဲ့ကောင်က ငါ့ကို သင်္ချိုင်းဟောင်းထဲမှာ လာအနိုင်ကျင့်နေတယ်.. အူးဝါးးးးး
“ဘာလို့စကားမပြောတာလဲဟင်..”
ထိုအသံမှာ ယင်ရှောင်ရှောင်းနှင့် ပို၍နီးကပ်လာသည်။ ယင်ရှောင်ရှောင်းမှာ မျက်ရည်များ စီးကျလို့လာလေပြီ။
ဟေး.. ဖြစ်နိုင်မယ်ဆိုရင် မြွေတစ်ကောင်ကို အရမ်းတွေကြောက်အောင် မခြောက်ပါနဲ့လား..
ယင်ရှောင်ရှောင်း၏ မြင်ကွင်းထဲသို့ အနက်ရောင်ဆံပင် ရောက်ရှိလာသည့်အခါ ယင်ရှောင်ရှောင်း၏ ကြောက်လန့်မှုမှာ ထိပ်ဆုံးသို့ ရောက်သွားတော့သည်။ အစွမ်းကုန် အော်ဟစ်ကာဖြင့် လှစ်ခနဲ ထွက်ပြေးလေသည်။ ရွေးချယ်စရာ မရှိသည်ကြောင့် ထောင့်တစ်ခုထဲတွင် ကိုယ်ကိုကျုံ့ကာဖြင့် အော်ဟစ်ငိုကြွေးနေတော့သည်။
“တဟေးတန်ရေ.. ငါ့ကိုကယ်ပါဦး.. ဒီမှာ မွန်းစတားတစ်ကောင် ရှိနေတာ.. တဟေးတန်ရေ... အူးးးဟူးးးးဟူးးးဟူးးး”
ထိုအရာမှာ ယင်ရှောင်ရှောင်းအား ရေကန်နံဘေးတွင် ချန်ထားရစ်လိုက်သည်။ ခေါင်းစောင်းကာဖြင့် စဉ်းစားပြီးနောက် ရယ်လေတော့သည်။
“မီးသွေးတုံးကြီး ဆိုတာက အပြင်ဘက်မှာ ရှိနေတဲ့ အနက်ရောင်မြွေကို ပြောနေတာလား.. သူက ဝင်လို့မရဘူးလေ..”
ယင်ရှောင်ရှောင်း ပိုမိုကျယ်လောင်စွာ ငိုကြွေးလေသည်။
ထိုအရာမှာ ကြောင်အလျက်ရှိပြီး အတော်လေး စိတ်ဖိစီးနေဟန်ပင်။
“ဘာဖြစ်လို့ ငိုနေရတာတုန်း.. ကိုယ်ကမင်းကို နာကျင်အောင် မလုပ်ပါဘူး.. ခုနကလေးတင် ကယ်ပေးခဲ့တာလေ..”
ယင်ရှောင်းရှောင်း မျက်ရည်အနည်းငယ်စဲသွားပြီး ရှိုက်လို့နေသည်။
‘ငါ့ကို ကယ်ခဲ့တာ.. ခုနကလေးတင်.. အဲဒီအရာက ဝင်ပေါက်လေးတွေပေါ်အောင် လုပ်ပေးနေတာလား..’
“မင်းပြောတာ အဲဒီ အပေါက်လေးတွေကိုလား..”
“ဟုတ်တယ်.. ဟုတ်တယ်.. အဲဒါကြောင့် မငိုပါနဲ့.. ကိုယ်က နာကျင်အောင် မလုပ်ပါဘူး..”
ထို့နောက်တွင် ယင်ရှောင်ရှောင်း မငိုတော့သည့်အပြင် အလွန်အမင်း မခံမရပ်နိုင် ဖြစ်လာတော့သည်။ ထို့နောက် စိတ်လက်မာန်ပါဖြင့် နောက်သို့လှည့်ကာ မေးလေသည်။
“အဲဒီတော့ ငါ့ကို ဒီထဲကိုဝင်လာအောင်လုပ်တာ မင်းပဲမလား.. ဟမ်.. ငါ့ကို နည်းနည်းလေးတောင် မေးမြန်းတာမျိုး မလုပ်.. ဟင်.. မင်းကိုကြည့်ရတာ ရင်းနှီးနေရောနော်..”
ယင်ရှောင်ရှောင်း ထိုအရာအား မကြောက်.. မဟုတ်၊ ထိုလူအား မကြောက်ဟု ပြောသင့်သည်။ ချောမောကြည့်ကောင်းကာ ပြုံးလျက်ရှိသည့် လူတစ်ဦးအား မည်သူမျှ ကြောက်လိမ့်မည် မဟုတ်။ ယင်ရှောင်ရှောင်းမှာ အတိတ်ဘဝတွင် လူသားတစ်ဦး ဖြစ်ခဲ့သည့်အတွက် လူသားများအား ကြောက်ရွံ့ခြင်းမရှိပေ။
ထိုလူမှာ ပြုံးလျက်ရှိနေသော်လည်း မည်သည့်စကားမျှ မဆိုချေ။ ယင်ရှောင်ရှောင်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် ထိုပုဂ္ဂိုလ်အား မည်သည်ကြောင့် ရင်းနှီးနေရသည်ကို အမှတ်ရမိလိုက်လေသည်။
“မင်းက ပန်းချီကားတွေထဲမှာပါတဲ့ နူးညံ့လှပတဲ့ လူငယ်လေးပဲ..”
ထိုသို့ပြောပြီးနောက်တွင် ယင်ရှောင်ရှောင်း ထောင့်ထဲသို့ ဝင်သွားပြန်သည်။ ထိုလူမှာ ပန်းချီကားထဲမှ နူးညံ့လှပသည့် လူငယ်လေး ဖြစ်မည်ဆိုလျှင် သေချာပေါက် လူသားစစ်စစ်မဟုတ်နို်ငချေ။ ယင်ရှောင်ရှောင်း မသိလိုက်ဘဲ ထိုလူ၏ ခြေထောက်အား ကြည့်မိလိုက်သည်။ ကံမကောင်းစွာဖြင့် အောက်ခြေအနားမှာ အလွန်ထူကာ ရှည်လျားလို့နေသည်ကြောင့် ခြေထောက်များအား မမြင်နိုင်ချေ။
“အာ.. မင်းပြောနေတဲ့ ပုဂ္ဂိုလ်က တကယ်ကိုပဲ ကိုယ်ပါ..”
ယင်ရှောင်ရှောင်း ဆိုလိုသည်အား ထိုလူ ရုတ်တရက် နားလည်သွားသည်။
“ကိုယ်အရမ်းပျင်းနေတာနဲ့ အပြင်ကို ကြည့်လိုက်တာလေ.. ထွင်းထုထားတာတွေက အတော်လက်ရာမြောက်တာပဲ..”
ယင်ရှောင်ရှောင်း : “...”
သူ၏အရှေ့တွင် ရှိနေသည်မှာ လူလား သရဲလား ယင်ရှောင်ရှောင်း မခွဲနိုင်တော့သော်လည်း သူ့အား အန္တရာယ်ပြုလိုဟန် မရှိပေ။ ယင်ရှောင်ရှောင်းမှာ ပန်းချီကားထဲမှာ နူးညံ့လှပသည့် လူငယ်လေးအပေါ် အကောင်းမြင်စိတ်လည်း ရှိလေသည်။
“မင်းက အရမ်းထူးဆန်းတာပဲ.. မင်းရဲ့ ဝိညာဉ်က သေချာပေါက် လူသားပါပဲ.. ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ မြွေတစ်ကောင် ဖြစ်နေတယ်..”
ယင်ရှောင်ရှောင်း အလွန်အံ့အားသင့်သွားမိသည်။ နူးညံ့လှပသည့် လူငယ်လေးမှာ သူ၏မူလသွင်ပြင်မှာ လူသားဖြစ်ကြောင်း မြင်နိုင်သည်လော။ သို့သော်လည်း ယင်ရှောင်ရှောင်း၏ အတွေးရထားမှာ တဖန်လမ်းချော်သွားပြန်သည်။
ငါ့ရဲ့ဝိညာဥ်က လူသားဆိုတော့ ငါတစ်လျှောက်လုံး လျှောတိုက်သွားနေရတာ ငါ့ဝိညာဉ်ကလည်း မြေပြင်မှာ တွားသွားနေရတယ်လို့ ဆိုလိုတာလား..
ယင်ရှောင်ရှောင်း အတွေးအမျှင်မပြတ်တော့ချေ။ ထိုဖြစ်ရပ်အား သူလက်မခံနိုင်ပါလေ။
နူးညံ့လှပသည့် လူငယ်လေးမှာ ယင်ရှောင်ရှောင်း၏ အတွေးများအား မြင်နေရပုံပင်။ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍သိသာလာပြီး ယင်ရှောင်ရှောင်း၏ သံသယများကိုလည်း ချေဖျက်ပေးလိုစိတ် မရှိချေ။
“နှစ်တွေအများကြီး ကြာပြီးတော့မှ သင်္ချိုင်းအပြင်မှာ လူသားတစ်ယောက်ကို ရှာတွေ့ခဲ့တာလေ.. အိုး.. ကိုယ်ပြောတာက မင်းရဲ့ ဝိညာဉ်ကိုပါ.. အဲဒါကြောင့် မင်းကို ဝင်ခွင့်ပေးလိုက်တာ..”
ယင်ရှောင်ရှောင်း အသိပြန်ကပ်လာသည်။
“မြွေတွေက ကျောက်တံခါးကို မမြင်ရဘူးလား..”
“အာ.. ဖြစ်နိုင်ပါတယ်.. မြွေတွေက နှစ်တွေအကြာကြီး ဒီနေရာကို လာကြတယ်လေ.. ဒါပေမဲ့ ကျောက်တံခါးရှေ့မှတော့ ဘယ်လိုတုံ့ပြန်မှုမှ မရှိကြဘူး.. အဲဒီတော့ မင်းပြောသလို ကျောက်တံခါးကို မမြင်ကြဘူး နေမယ်..”
နူးညံ့လှပသည့် လူငယ်လေး၏ စကားများမှတဆင့် မျက်လုံးထဲ၌ တမ်းတလွမ်းဆွတ်မှုများလည်း ထင်ဟပ်လို့နေသည်။
“မင်းက ဒီနေရာက ထွက်သွားလို့ မရဘူးလား..”
နူးညံ့လှပသည့် လူငယ်လေး ခေါင်းယမ်းလိုက်သည်။
“ငါက ဒီကနေ ခွာလို့မရဘူး..”
“ဒီသင်္ချိုင်းမှာနေတာ ကြာလှပြီ မဟုတ်ဘူးလား..”
ယင်ရှောင်ရှောင်း ကြောင်အလို့နေသည်။ ဤသင်္ချိုင်းမှာ အနည်းဆုံး ထောင်စုနှစ် နှစ်ခုခန့် ရှိနေလောက်ပြီ ဖြစ်သည်။ သင်္ချိုင်းမှာ မည်မျှကြီးမားနေစေကာမူ ထောင်စုနှစ် နှစ်ခုခန့် တစ်ကိုယ်တည်း နေထိုင်ရခြင်းအား တွေးကြည့်၍ပင် မရနိုင်ချေ။ ထိုသို့တွေးမိသည့်အခါ ယင်ရှောင်ရှောင်းမှာ နူးညံ့လှပသည့် လူငယ်လေးအား သနားစာနာမိလာတော့သည်။ ထို့အပြင် ဤနူးညံ့လှပသည့် လူငယ်လေးမှာ လွန်စွာစိတ်ရှည်သူ ဖြစ်ပေမည်။ ထောင်စုနှစ် နှစ်ခုစာခန့် ထိန်းသိမ်းခံထားရသည့်တိုင် ရက်စက်ကြမ်းကြုတ်သည့် သရဲတစ်ကောင် ဖြစ်မလာခဲ့ပါ။
“အချိန်အတော်ကြာပြီဆိုတော့ ကိုယ်လည်း သိပ်မမှတ်မိတော့ဘူး.. ကိုယ့်အတွက်ကတော့ အချိန်တွေ ကုန်သွားတာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူးလေ.. မင်းကို ဘယ်လိုခေါ်ရမလဲ ပြောပါဦး..”
ယင်ရှောင်ရှောင်း တုံ့ဆိုင်းသွားသည်။ ရုတ်တရက် သူ့ကိုယ်သူ မည်သို့ခေါ်ရမည်ကို မသိတော့ချေ။
ယင်ရှောင်ရှောင်းလား.. လျိုဟော်လား..
“ငါ့နာမည်က ယင်ရှောင်ရှောင်းပါ..”
“ယင်ရှောင်ရှောင်း တဲ့လား.. အရမ်းကောင်းတဲ့နာမည်လေးပဲ.. ငါ့နာမည်က ကျိခန်းပါ..”
“ကျိခန်းလား.. မင်းရဲ့မျိုးရိုးက ကျိ ပေါ့..”
ကျိမျိုးရိုးနှင့် ပတ်သက်၍ ကျိုးမင်းဆက်၏ မျိုးရိုးမှာ ကျိ ဖြစ်သည်ကို သိထားခြင်း မရှိခဲ့လျှင် နတ်သဘင်အခမ်းအနား ဟူသည့် ဝတ္ထုအား ဖတ်ရှုပြီးသည့်တိုင်အောင် မည်သူမျှ သိရှိခြင်း မသိကြမည်ကို စိုးရိမ်မိသည်။ ယင်ရှောင်ရှောင်း ကျိုးမင်းဆက် ဘုရင်များ၏ အမည်များကို သိရှိထားသည်။ ကံမကောင်းစွာဖြင့် ကျိခန်းမှာ ကျိုးဘုရင်ဖြစ်သည့်တိုင် ထိုအမည်ကိုမူ မကြားဖူးချေ။ ကျိခန်း ကွယ်လွန်ပြီးသည့်နောက်မှသာ ပိုမိုကျော်ကြားသည့် ဘွဲ့နာမည်အား ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုသို့တွေးမိပြီးနောက် ယင်ရှောင်ရှောင်း မေးလိုက်သည်။
“ကွယ်လွန်ပြီး ချီးမြှင့်ခံရတဲ့ ဘွဲ့နာမည်လား..”
ကျိခန်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“အာ.. ကျိုးကျောင်းဘုရင်”
ယင်ရှောင်ရှောင်း တောင့်ခဲသွားလေသည်။ ကျိုးကျောင်းဘုရင်အား သူသိသည်။ ထိုဘုရင်မှာ အရှေ့ကျိုးမင်းဆက်၏ တတိယမြောက် သက်ဦးဆံပိုင်ဘုရင်ဖြစ်ကာ ကျိထိုဟူ အမည်တွင်သည်။ ၁၅ နှစ်ခန့် အုပ်စိုးခဲ့ပြီး သူနန်းတက်စဉ်အတော်အတွင်း ညီတော် မင်းသားခဲ့မှာ ပုလ္လင်အားသိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုသည်ကို ‘မင်းသားခဲ့၏ ပုန်ကန်မှု’ ဟု သမိုင်းမှတ်တမ်းတွင်သည်။ ကျိုးကျောင်းဘုရင် စစ်ချီခဲ့သော်လည်း ကွာခြားချက် ကြီးမားလှသည်။ ပထမအချက်မှာ ကျိုးကျောင်းဘုရင်၏ အမည်မှာ ကျိထိုဖြစ်ပြီး ကျိခန်း မဟုတ်ချေ။ ဒုတိယအချက်မှာ သစ္စာမဲ့သူသည် ကျိခန်း၏ညီငယ် ဖြစ်မည်ဆိုလျှင် အဓိပ္ပါယ်ရှိနိုင်သော်ငြား ‘မင်းသားခဲ့၏ ပုန်ကန်မှု’ မှာ သစ္စာမဲ့သူ၏ နန်းတက်ခြင်းနှင့် အဆုံးသတ်ခဲ့ခြင်း မဟုတ်ပေ။ ထပ်ပေါင်းပြောရမည်ဆိုလျှင် ကျိခန်း၏ သေဆုံးခြင်းမှာ သစ္စာမဲ့သူနှင့် ဆက်နွယ်ခြင်း မရှိဟု ယင်ရှောင်ရှောင်း ခံစားမိသည်။
“အဲဒါဆို မင်းအဖေကကော..”
“ကျိုးချန်ဘုရင်..”
ယင်ရှောင်ရှောင်း ပိုမိုရှုပ်ထွေးလာသည်။ ကျိူးစမ်းဘုရင်အား ယင်ရှောင်ရှောင်းသိသည်။ ကျိုးချန်ဘုရင်၏ အမည်မှာ ကျိစုန့်ဖြစ်ပြီး ကျိူးဝူဘုရင်၏ သားတော်ဖြစ်သည်။ ကျိူးဝူဘုရင်၏ အမည်မှာ ကျိဖာဖြစ်ပြီး အနောက်ကျိုးနိုင်ငံ၏ ဒုတိယမြောက် ဘုရင်ဖြစ်သည်။ သမိုင်းတွင် အလွန်ကျော်ကြားသည့် ကျိုးနယ်စားဖြစ်ပြီး သခင်လေးတစ်ယောက်အား ထောက်ပံ့ပေးသူဖြစ်ကာ ထိုသခင်ငယ်လေးမှာ ကျိုးချန်ဘုရင် ကျိစုန့်ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်း ရှင်းရှင်းလင်းလင်း သိထားသည်မှာ ကျိုးချန်ဘုရင် ကျိစုန့် နတ်ရွာစံပြီးနောက် ကျိုးချန်ဘုရင်၏ သားတော်မှာ နန်းမွေဆက်ခံသည်။ သမိုင်းပညာရှင်များ၏ မှတ်တမ်းများအရ ‘ချန်ခန်းစိုးမိုးစဉ်တွင် နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းသာယာခဲ့ပြီး နှစ်ပေါင်းလေးဆယ်ကျော်တိုင် ဆိုးဝါးသည့် ပြစ်မှုမှတ်တမ်းများလည်း မရှိခဲ့’ ဟူ၍ ဖြစ်သည်။
“အဲဒါဆို ပန်းချီကားတွေထဲက ကျန်တဲ့ လူငယ်က ဘယ်သူလဲ..”
ဤတစ်ကြိမ်တွင် ကျိခန်းမှာ သိသိသာသာ တုံ့ဆိုင်းနေပြီးမှ ပြောလေသည်။
“ကိုယ့်ရဲ့ ညီလေး ကျိကျိုး..”
အဆုံးတွင် ယင်ရှောင်ရှောင်းမှာ ကျိခန်း မည်သူဖြစ်ကြောင်း သိရှိလိုက်လေပြီ။ သမိုင်းမှတ်တမ်းများမှာ ကျိုးချန်ဘုရင် ကျိစုန့်ပြီးနောက် ကျိုးခန်းဘုရင် ကျိကျိုးကိုသာ ရေးသားဖော်ပြခဲ့သော်လည်း ထိုကျိုးချန်နှင့် ကျိုးခန်းကြားတွင် ကျိုးကျောင်းဘုရင် ကျိခန်း ရှိလေသည်။
ဘာလို့ သမိုင်းမှာ မပါတာလဲ ဟုတ်လား.. ဘယ်လိုသိတာလဲကော သိချင်နေတာလား.. ဘယ်လိုပဲဖြစ်ဖြစ် ငါရောက်နေတာ အပြိုင်ကမ္ဘာဟုတ်ချင်လည်းဟုတ်မယ်.. ဒါမှမဟုတ် ငါ့ကမ္ဘာမှာ ကျိုးကျောင်းဘုရင် ကျိခန်း ရှိနေတာ ဖြစ်ချင်ဖြစ်မှာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ်လေ နည်းနည်းတော့ သံသယဝင်စရာကောင်းတယ်နော်..
ကျိုးကျောင်းဘုရင် ကျိခန်းရဲ့ နာမည်မှာ ‘ခန်း’ ဆိုတာ ပါတယ်လေ.. အဲဒီတော့ အကျိုးသင့် အကြောင်းသင့် ပြောရမယ်ဆိုရင် ကျိုးခန်းဘုရင် ကျိကျိုးရဲ့ ဘွဲ့နာမည်က ‘ခန်း’ ဆိုတဲ့ စာလုံးကို ရှောင်ထားရတော့တာပေါ့.. ကျိကျိုးရဲ့ ဘွဲ့နာမည်မှာ ‘ခန်း’ ဆိုတဲ့စာလုံး ပါနေမယ်ဆို အရမ်းထူးဆန်းသွားမယ်လေ.. ဒီကမ္ဘာမှာ ကျိကျိုးရဲ့ ဘွဲ့နာမည်က ကျိုးခန်းမဟုတ်တာလည်း ဖြစ်နိုင်တာပဲ..
ကျုံးဇီ _ သင်္ချိုင်းတူးတဲ့သူတွေက အမျိုးမျိုးသော လူသားအကြွင်းအကျန်တွေကို ကျုံးဇီလို့ ရည်ညွှန်းကြခြင်းဖြစ်သည်။
ချန်ခန်း _ ကျိုးချန်ဘုရင်နှင့် ကျိုးခန်းဘုရင်တို့၏ ဥပဒေများကို ဆိုလိုခြင်းဖြစ်သည်။