အပိုင်း ၄၆
Viewers 12k

Chapter 46



ယင်ရှောင်ရှောင်းမှာ ခေါင်းပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။ တကယ်တမ်းတွင် သူ့လိုလူတစ်ယောက်အဖို့ရာ အပြိုင်ကမ္ဘာများအကြောင်း စဉ်းစားဖို့ရန် မသင့်လျော်ပေ။

“မင်းဘာဖြစ်နေတာလဲ..”

ကျိခန်းမှာ ယင်ရှောင်ရှောင်းအား စိုးရိမ်စွာဖြင့် မေးလိုက်ပြီး မျက်နှာပေါ်တွင် ရှုပ်ထွေးမှုတို့ ရှိနေလေသည်။

“အာ.. အဆင်ပြေပါတယ်..”

ယင်ရှောင်ရှောင်း ပုံမှန်အနေအထားသို့ ပြန်ရောက်လာပြီးနောက် ခေါင်းမော့ကာ ကျောဆန့်လိုက်သည်။ အတတ်နိုင်ဆုံး ခံ့ညားဝံ့ကြွားနေသည့်ဟန်ပေါ်အောင် ကြိုးစားနေခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့်.. သူ.. ကျရှုံးခဲ့သည်။ သူ၏ လက်ရှိအရပ်အမြင့်မှာ သဘာဝကျစွာပင် လူသားတစ်ယောက်နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။

ဘယ်လိုဖြစ်ရတာတုန်း.. အသက်ကြီးလာတာနဲ့အမျှ ပိုပိုတိုလာတာများလား..

ကျိခန်း ပေါ့ပါးစွာ ရယ်မောလိုက်ပြန်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်းနှင့် တစ်ညီတည်းဖြစ်စေရန် အနည်းငယ် ခါးကုန်းလိုက်သည်။

“ကိုယ်မင်းကို ကျောက်စားပွဲဆီ ခေါ်သွားပေးမယ်နော်.. ဟုတ်ပြီလား..”

ယင်ရှောင်ရှောင်းမှာ သူ့အရှေ့တွင် ပြုံးနေသည့် မျက်လုံးတစ်စုံအား ကြည့်ကာဖြင့် စိတ်ရှုပ်သွားမိသည်။ ရလဒ်အနေဖြင့် ယင်ရှောင်ရှောင်းမှာ ဖျော့တော့စွာဖြင့် ခေါင်းညိတ်လိုက်ရသည်။ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား ကျိခန်း လက်ခုပ်ထဲတွင်ထည့်ကာ ပွေ့ယူလိုက်သည့်အချိန်တွင် ယင်ရှောင်ရှောင်းမှာ ယောင်ချာချာ ဖြစ်နေရာမှ ဦးနှောက်ရှင်းကာ အလွန်အမင်း ရှက်ရွံ့သွားလေသည်။

အားလုံးသိသည့်အတိုင်း မြွေများမှာ အဝတ်မဝတ်တတ်ကြချေ။ ဉာဏ်ရည်မြင့်များသည့် မြွေပွေးများပင်လျှင် အဝတ်မဝတ်တတ်ကြချေ။ လူသားတစ်ယောက်နှင့် မြွေတစ်ကောင်အား အတူထားမည် ဆိုပါက လူ့အရေပြားမှာ မြွေကြေးခွံနှင့်တူသည်။ လူသားများသည့် အရေပြားအား လာထိသည့် မည်သည့်အရာကိုမဆို ခံစားသိရှိနိုင်ကြပြီး မြွေကြေးခွံများမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် ယင်ရှောင်ရှောင်းမှာ ကျိခန်း၏ ချောမွေ့နူးညံ့သည့် လက်ဖဝါးအား ခံစားမိသည့်အခါ ရှက်ရွံ့လာတော့သည်။

အိုက်ယားယား.. ငါတို့က တကယ်ကြီး အသားချင်းထိနေကြတာ..။

ကျိခန်း၏ အသားအရေမှာ အလွန်ကောင်းမွန်လှသည်။ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ် သူ၏လက်များ ရောက်လာသည့် ခံစားချက်မှာ ကောင်းမွန်လှသည်။

အဟွတ်.. အဟွတ်.. မော့လောင်တရေ.. မင်းမိသားစုရဲ့ ရှောင်ရှောင်းက အခြားတစ်ယောက်အပေါ် တိမ်းညွတ်နေပြီလို့ ပြောပါရစေနော်..

ကျိခန်းမှာ သဘာဝကျစွာဖြင့် သူ့လက်ထဲတွင် ရှိနေသည့် ယင်ရှောင်ရှောင်း၏ မျက်နှာမှာ နီရဲလို့လာသည်ကို မြင်သော်လည်း သူတို့အသားချင်း ထိတွေ့မိရာမှ ရှက်ရွံ့သွားခြင်းကြောင့် နီမြန်းလာရသည်ကို လုံးလုံးလျားလျား သိမနေချေ။

ကျိခန်းသည့် အလွန်ဂရုတစိုက်ဖြင့် ယင်ရှောင်ရှောင်းအား ကျောက်စားပွဲပေါ်တွင် နေရာချလိုက်ပြီး သူသည်လည်း စားပွဲရှေ့ရှိ ကျောက်ခုံပေါ်တွင် ထိုင်လိုက်သည်။

ယင်ရှောင်ရှောင်းမှာ ရှက်ရွံ့နေဆဲ ဖြစ်ပြီး ဟိုဟိုဒီဒီ ကြည့်ကာဖြင့် အာရုံပြောင်းရန် ကြိုးစားလိုက်သည်။ ဤကျောက်စားပွဲအား ကုတင်၏ အရှေ့ လက်ယာဘက်ခြမ်းတွင် နေရာချထားသည်။ ထိုနေရာတွင် ကျောက်စားပွဲနှင့် ကျောက်ခုံတန်းတို့ရှိပြီး အနောက်ဘက်နှင့် ဆက်ထားသည့် စင်္ကြံရှည်တစ်ခုလည်း ရှိလေသည်။ ကျောက်စားပွဲ၊ ကျောက်ခုံတန်းနှင့် စင်္ကြံတို့အား အဖိုးတန်ကျောက်စိမ်းများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်မရလောက်အောင် ထည်ဝါလှသည်။ စင်္ကြံတစ်လျှောက်ရှိ ကျောက်စိမ်းတိုင်များတွင် ပုလဲဖြင့် ဆော့ကစားနေသည့် ကျောက်နဂါးနှစ်ကောင်ပုံ ထွင်းထုကာ ဆေးခြယ်ထားလေသည်။ ဇာမဏီနှင့် လွမ်များ မရှိသော်လည်း ကျိခန်းမှာ လက်ထပ်ဖူးသူဖြစ်ကြောင်း ယင်ရှောင်ရှောင်း သေချာပေါက် အမှတ်ရမိသည်။ စင်္ကြံအထက်ရှိ တန်းများ၊ တိုင်များတွင်လည်း သစ်ပင်ပန်းမန်များ၊ ပိုးမွှားနှင့်ငါးများ၊ အံ့ဖွယ်ရှားပါးသည့် သားရဲများစွာကို ထွင်းထုလို့ထားသည်။ ယင်ရှောင်ရှောင်း ယခင်က မမြင်ဖူးခဲ့သည့် မျိုးစိတ်များစွာအား မြင်တွေ့လိုက်ရသည်။ ထောင်စုနှစ် အနည်းငယ်မျှသာ ရှိသေးသော်လည်း မျိုးစိတ်များစွာမှာ အလွန်ပြောင်းလဲသွားပုံရသည်။

ယင်ရှောင်ရှောင်းမှာ သူ့ကိုယ်သူ ပုံမှန်ဖြစ်အောင် တွန်းအားပေးခဲ့ရပြီး ထိုအခါမှသာ ကျိခန်းအား တစ်ဖန်ပြန်ကြည့်ရဲလေသည်။ သူတို့နှစ်ဦး ပထမဦးဆုံး တွေ့ဆုံသည့် အချိန်မှစကာ ကျိခန်းသည် အလွန်နူးညံ့သိမ်မွေ့ပုံရသော်လည်း ယင်ရှောင်ရှောင်းမှာမူ ကျိခန်းအား သတိနှင့် ဆက်ဆံခဲ့ခြင်း မရှိဘဲ အထင်အမြင်ကောင်းများ ရှိနေခဲ့ခြင်းကြောင့် ဖြစ်နိုင်လေသည်။ ထို့ကြောင့် ထိတ်လန့်မှုမရှိဘဲ မေးလိုက်သည်။

“အဲဒီကုတင်ပေါ်ကလူက မင်းလားဟင်.. ကျိခန်း..”

အဓိကသင်္ချိုင်းခန်းမတွင် ကုတင်တစ်ခုတည်းသာလျှင် ရှိနေပြီး ထိုကုတင်ပေါ်တွင်လည်း လူတစ်ဦးသာလျှင် ရှိသည်။ ကျိခန်းမှာ ယင်ရှောင်ရှောင်း၏ အမေးမှာ မည်သည်ကို ဆိုလိုသည်အား သဘာဝကျကျ သိရှိလေသည်။ ကံကောင်းထောက်မစွာဖြင့် ကျိခန်း၏ စိတ်နေစိတ်ထားမှာလည်း နူးညံ့သည့်လူတစ်ဦး၏ သဘာဝအတိုင်းပင် ဖြစ်သည်။ ထို့အပြင် အဖြစ်အပျက်များမှာလည်း ထောင်စုနှစ်အနည်းငယ်ခန့် ကြာခဲ့ပြီ ဖြစ်သည်။ နာကြည်းချက်များမှာလည်း အချိန်၏ တိုက်စားမှုကြောင့် ပြိုလဲသွားခဲ့ပြီ ဖြစ်လေသည်။ သူ၏ သေဆုံးမှုနှင့် ပတ်သက်၍ အလွန်သမားရိုးကျဆန်သည့် လေသံဖြင့် ပြောလာသည်။

“အဲဒါက ကိုယ်ပါပဲ.. မင်းအခု ကြည့်နေတာက ကိုယ့်ရဲ့ဝိညာဉ်လေ.. လူတွေကတော့ သရဲလို့ ခေါ်ကြတာပေါ့..”

ယင်ရှောင်ရှောင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဝိညာဉ်တစ်ခုနှင့် အလောင်းကောင်အား ရွေးချယ်ရမည်ဆိုလျှင် ယင်ရှောင်ရှောင်းမှာ ကျိခန်း၏ ဝိညာဉ်ကိုသာလျှင် ရွေးချယ်မည် ဖြစ်သည်။ ယင်ရှောင်ရှောင်းမှာ ဝိညာဉ်တစ်ခုနှင့် အနံ့အသက်ကင်းကာ အလောင်းစားပိုးမွှားများနှင့် အရိုးများ ငေါထွက်နေခြင်းမရှိဘဲ အနည်းငယ် ကြည့်ပျော်သည့် အလောင်းကောင်တို့ကြား ရပ်တည်နေရခြင်း ဖြစ်သည်။

အာဏာရှင်တစ်ဦးဖြစ်ခဲ့သည့် ကျိခန်းအား မည်သို့ပြောနိုင်မည်နည်း။ ယင်ရှောင်ရှောင်းမှာ စိတ်ထဲတွင် အစီအစဉ်ချနေလေသည်။ ကျိခန်းမှာ သူစဉ်းစားနေသည်များကို မြင်နေရသော်လည်း ထုတ်ပြောခြင်းမပြုပေ။

“ဘယ်လိုလဲ.. ကိုယ့်အလောင်းကို မင်းကြည့်ချင်လား..”

ယင်ရှောင်ရှောင်းမှာ ပလုတ်တုတ်ကဲ့သို့ ဘယ်ညာယမ်းကာ ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး.. မကြည့်ချင်ဘူး.. ဒီနေရာကနေလည်း မင်းကိုကောင်းကောင်းမြင်ရတယ်လေ.. ဒီလောက်နဲ့တင် ကောင်းနေပါပြီ..”

ကျိခန်း၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်ရှောင်ရှောင်းအား ကောက်ယူကာဖြင့် ကုတင်ဆီသို့ လမ်းလျှောက်သွားလေသည်။ ကျိခန်း၏လက်ထဲရှိ ယင်ရှောင်ရှောင်းမှာ လူးလွန့်ကာဖြင့် မလိုလားသည့်အကြောင်းပြောရန် အပြင်းအထန် ကြိုးပမ်းလို့နေသည်။ သို့သော်လည်း ကျိခန်းမှ ပိတ်ကျဲစအား ပင့်တင်လိုက်သည့်အခါတွင် ယင်ရှောင်ရှောင်း သိသိသာသာ ရှုံးနိမ့်လို့သွားလေပြီ။ အဆုံးတွင် ကျိခန်းမှာ တစ္ဆေတစ်ကောင် ဖြစ်ပြီး ယင်ရှောင်ရှောင်းမှာ တစ္ဆေတစ်ကောင်ထက် ပိုမိုသန်မာခြင်း မရှိသည်အား ပြောဖို့ရန်ပင် မလိုတော့ချေ။ ယင်ရှောင်ရှောင်း၏ အဆိပ်ပင်လျှင် မည်သည့်သက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ချေ။

ကျိခန်းပိတ်ကျဲစအား ပင့်တင်လိုက်သည်။ ယင်ရှောင်ရှောင်း အော်ဟစ်ကာဖြင့် အလောင်းထံသို့ အကြည့်မရောက်စေရန် လည်ပင်အား အစွမ်းကုန် ဆန့်ထုတ်ထားလေသည်။ သို့သော်လည်း သေးသွယ်သွယ်ခန္ဓာကိုယ်လေးမှာ လက်နှစ်ဘက်ရှိကာ ခွန်အားကြီးမားသည့် ဝိညာဉ် ကျိခန်းအား ယှဉ်နိုင်ခြင်းမရှိပေ။ ကျိခန်းမှာ လက်တစ်ဘက်ကိုသာ အသုံးပြုပြီး ယင်ရှောင်ရှောင်း၏ခေါင်းအား အောက်သို့နှိမ့်လိုက်သည်။ ယင်ရှောင်ရှောင်း၏ ဦးခေါင်းမှာ ပို၍ပို၍ နိမ့်ကျလာပြီးနောက် ကုတင်ထက်ရှိ အရာအား လျင်လျင်မြန်မြန် တွေ့မြင်လိုက်ရသည်။ ယခုအချိန်တွင် ယင်ရှောင်ရှောင်းမှာ မျက်ခွံမရှိသည့် မြွေတစ်ကောင်၏ ဘဝအား အလွန်အမင်း အော့နှလုံးနာမိလေသည်။ မျက်ခွံများရှိနေပါက သူ့အနေဖြင့် အနည်းဆုံး မျက်စိမှိတ်ထားနိုင်ပေလိမ့်မည်။

ယင်ရှောင်ရှောင်းမှာ မှုန်တေတေမျက်နှာပေးဖြင့် အဆက်မပြတ် အော်ဟစ်နေလေသည်။

လွှတ်ပေး.. လွှတ်ပေးလို့.. အောက်မှာ အရိုးတွေပဲ ရှိနေမယ်ဆို အကောင်းဆုံးပဲနော်.. အဲဒါဆို ဆင်းပြီးတော့ ချိုးပစ်လိုက်မှာ.. အကြည့်တစ်ချက်လောက် စွန့်ကြည့်လိုက်မယ်..

သူရဲကောင်းဆန်လှသည့် ဘာမထီအာဇာနည် ယင်ရှောင်ရှောင်းမှာ အကြောက်အလန့်မဲ့စွာဖြင့် ကုတင်ပေါ်ရှိ အလောင်းအား ကြည့်လိုက်တော့သည်။ အဆုံးတွင်မူ ထိုအရာမှာ သူစိတ်ကူးထားသကဲ့သို့ သည်းမခံနိုင်လောက်သည့်ပုံစံမျိုး မဟုတ်ချေ။ ထို့အစား ကျိခန်းမှာ အိပ်ပျော်နေသကဲ့သို့ အလွန်ပုံမှန်ဖြစ်လေသည်။ သူ၏မျက်နှာမှာ အနီရောင်သန်းလို့နေသေးသည်။

ယင်ရှောင်ရှောင်းမှာ ထိတ်လန့်ကာဖြင့် မျက်လုံးပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုတို့ ထင်ဟပ်နေသည်။

“မင်းက သရဲဖြစ်လာပြီးတော့ ခန္ဓာကိုယ်ကို မပုပ်မသိုးအောင် လုပ်နိုင်တဲ့ စွမ်းရည်တွေဘာတွေ ရှိလာတာများလားဟင်.. ဘုရားရေ.. အရမ်းအံ့ဩဖို့ကောင်းလိုက်တာ.. ဟမ်.. ပါးစပ်ထဲမှာ တစ်ခုခု ရှိနေတာလား..”

ယင်ရှောင်ရှောင်းမှာ ကျိခန်းအား လှည့်ကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာများ ရှိနေသည့် ကျိခန်းအား မြင်တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း၏ မေးခွန်းအား ကြားသည့်အခါတွင် ပြန်ဖြေလေသည်။

“ကိုယ့်မှာ ဘယ်လိုလုပ်ပြီး အဲဒီလိုစွမ်းရည် ရှိမှာတုန်း.. သူတို့အလောင်းကို ကောင်းကောင်းထိန်းသိမ်းထားနိုင်သည့် သရဲတွေဘာတွေ မင်းမြင်ဖူးလို့လား..”

ကျိခန်း ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။

“ဒါပေမဲ့ မင်းပြောတာ မှန်တယ်.. ကိုယ့်ပါးစပ်ထဲမှာ တကယ်ပဲ တစ်ခုခု ရှိနေတာ.. အဲဒါက တကယ်တော့ ပုတီးစေ့ တစ်ခုလေ..”

“ပုတီးစေ့တစ်ခု ဟုတ်လား..”

ယင်ရှောင်ရှောင်း အံ့အားသင့်စွာဖြင့် မေးလေသည်။

“ကမ္ဘာပေါ်မှာ ဒီလိုပုတီးစေ့မျိုး တကယ်ရှိတာလား.. အလောင်းကို မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်တဲ့ အစွမ်းသတ္တိရှိတာမျိုးလေ..”

ကျိခန်း ခေတ္တမျှ နှုတ်ဆိတ်ပြီးနောက် ပြောလာသည်။

“ကိုယ့်ဘဝတစ်လျှောက်လုံးတော့ ဒီတစ်လုံးပဲ မြင်ဖူးခဲ့တာ.. အဲဒါက တစ္ဆေငါးမန်းဥ လို့ခေါ်တယ်.. အဲဒါက ခန္ဓာကိုယ်ကို ထာဝရတည်မြဲစေနိုင်တယ်..”

“ဒါက ထာဝရဆိုတာထက် ပိုနေပြီ မဟုတ်ဘူးလား.. မင်းကိုကြည့်ရတာ အိပ်ပျော်နေတယ်လို့တောင် ထင်ရတယ်.. အရမ်းအစွမ်းထက်တာပဲ.. ခန္ဓာကိုယ်ကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်တဲ့ အရာတွေရှိတာကို ကြားဖူးပေမဲ့ ဘယ်လိုပြောရမလဲ ကြည့်တာနဲ့တင် အလောင်းက အလောင်းပဲဆိုတာ သိသာတယ်.. အခုဟာက ဘာလဲ.. မင်းပြောတဲ့ တစ္ဆေငါးမန်းဥ ဆိုတာက မှော်ဆန်လွန်းတယ်..”

“ဒီတစ္ဆေငါးမန်းဥက တကယ်ပဲ မှော်ဆန်လွန်းတယ်..”

ကျိခန်းသက်ပြင်းချကာ ဆက်ပြောသည်။

“ဒါပေမဲ့ ငါက ဒီနေရာမှာ ချုပ်နှောင်ခံထားရတယ်လေ.. တစ္ဆေငါးမန်းဥက အဲဒီလိုဖြစ်စေခဲ့တဲ့ အကြောင်းအရင်းကြီးပဲ..”

“အာ..”

ယင်ရှောင်ရှောင်းမှာ နားလည်လှသည့် မဟုတ်သော်လည်း ခေါင်းညိတ်လိုက်သည်။ ပြောရမည်ဆိုလျှင် ထို တစ္ဆေငါးမန်းဥ ဟူသည့် အမည်အား တစ်နေရာရာတွင် ကြားဖူးခဲ့သည်ဟု ခံစားနေမိသည်။

“အမှန်အတိုင်း ပြောရရင် ဒီပုတီးစေ့ရဲ့ နာမည်က အတော်လေး တကယ်ကို ထူးဆန်းလွန်းတယ်..”

“တကယ်တော့ ဒီတစ္ဆေငါးမန်းဥက ငါ့ရဲ့ မဟာကျိုးပြည်ထောင်က မဟုတ်ဘူးရယ်.. အဲဒါက ကွေ့ဖန်ရဲ့ တိုတန်တစ်ခုပဲ.. ကွေ့ဖန်လူမျိုးတွေအတွက် အရေးအကြီးဆုံး အရာပေါ့..”

“ကွေ့ဖန် ဟုတ်လား..”

ယင်ရှောင်ရှောင်း တုံ့ဆိုင်းနေပြီးနောက် ပြောလာသည်။

“ကွေ့ဖန်ပြည်နယ်ကိုပြောတာ မဟုတ်လား.. အဲဒီမှာ လူမျိုးစုတစ်ခု ရှိတယ်လေ.. အဲဒီအကြောင်း ရှန်မင်းဆက်က မှတ်တမ်းတွေထဲမှာ ရေးထားတာကို မှတ်မိတယ်..”

ယင်ရှောင်ရှောင်း ကွေ့ဖန်အကြောင်း သိရခြင်းအကြောင်းမှာ တက္ကသိုလ်သမိုင်းဌာန၏ တွဲဖက်ပါမောက္ခတစ်ဦးကြောင့် ဖြစ်သည်။ သူ၏မျိုးရိုးမှာ ချင်ဖြစ်ပြီး သူ့အား ပရော်ဖက်ဆာ ချင် ဟု ခေါ်ကြလေသည်။ ယင်ရှောင်ရှောင်းသည် သူ၏ ရှေးခေတ်တရုတ်သမိုင်း အတန်းအများစုအား တက်ရောက်ခဲ့ပြီး အခြားသင်တန်းများမှာ ယင်ရှောင်ရှောင်း တက်ရောက်ဖို့ရန် ထူးခြားသည့် အကြောင်းပြချက် မရှိခြင်းကြောင့်ပင်။ ဤပရော်ဖက်ဆာ ချင် မှာ လူနည်းစုမျိုးနွယ်များဖြစ်ဖြစ်သည့် တိုတန်ကဲ့သို့သော သဘာဝလွန်အရာများနှင့် နက်နဲပြီး ပုံမှန်မဟုတ်သည့် ကိစ္စရပ်များအား အလွန်စိတ်ဝင်စားကာ သူ၏ သုတေသနပြုသည့် နေရာများမှာလည်း အတော်လေး ပုံမှန်မဟုတ်လှချေ။ ဥပမာဆိုရလျှင် တိုတန်များအကြောင်း ပြောရာတွင် ရှေးခေတ်ကာလတွင် လူသားများ၏ စွမ်းအင်မှာ အလွန်သေးငယ်ကာ အားနည်းလှပြီး တိုတန်များမှာ လူသားများ မအောင်မြင်နိုင်သည့် မှော်ဆန်သည့်အရာများဖြစ်သည်ဟု သုတေသနပညာရှင်များက ရှင်းရှင်းလင်းလင်း ဆိုထားသော်ငြား ပရော်ဖက်ဆာ ချင်မှာမူ အချို့မျိုးနွယ်စုများ၏ တိုတန်များမှာ ထိုသို့မဟုတ်ချေဟု ခံစားမိလေသည်။ ပရော်ဖက်ဆာ ချင် သည် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ၏ တည်ရှိမှုကို အသိအမှတ်ပြုထားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပရော်ဖက်ဆာချင်သည် ကွေ့ဖန်အကြောင်း ပြောခဲ့ဖူးသည်။

ရေးသားဖော်ပြထားသည့် သမိုင်းမှတ်တမ်းများအရ ကွေ့ဖန်မှာ ရှန်နှင့် ကျိုးမင်းဆက်များတွင် တည်ရှိခဲ့သည့် လူနည်းစုသာရှိသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ ကျိုးမင်းဆက်ခေတ်တွင် သူတို့မှာ စစ်ရှုံး၍ ထွက်ပြေးခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းတို့အား ချန်ခန်းကာလ၊ အရှေ့နှင့် အနောက်ဟန်မင်းဆက်နှင့် အခြားမင်းဆက်များ၏ သမိုင်းမှတ်တမ်းများတွင် အမည်ရေးထိုးဖော်ပြထားသည်ကို တွေ့ရှိရသည်။ မဝေးလှသည့် အတိတ်ကာလ၌ပင် ဤလူမျိုးစုအား ထည့်သွင်းရေးထိုးထားခဲ့ကြသည်။ သို့သော်လည်း ပရော်ဖက်ဆာချင်၏ အတန်းတွင် ပရော်ဖက်ဆာချင်မှာ ကွေ့ဖန်လူမျိုးစုသည် ကျိုးမင်းဆက်ခေတ်တွင် ဖျက်ဆီးခြင်းခံလိုက်ရသည်ဟု သုံးသပ်လေသည်။ ပရော်ဖက်ဆာချင်အနေဖြင့် မည်သည်ကြောင့် ကွေ့ဖန်မျိုးနွယ်စု ပျောက်ကွယ်သွားပြီဟု သေချာနေရသနည်း။ ပရော်ဖက်ဆာချင်၏ စကားများအရ ကျိုးမင်းဆက်လွန်ပြီးနောက် ကွေ့ဖန်မျိုးနွယ်ဝင်များ၏ တန်ဖိုးအရှိဆုံးနှင့် အလိုအပ်ဆုံးသော အရာအား ဆုံးရှုံးလိုက်ရခြင်းကြောင့်ဖြစ်သည်ဟု ဆိုလေသည်။ ပရော်ဖက်ဆာချင်သည် ထိုမျိုးနွယ်စုအား ကွေ့ဖန်ဟု အသိအမှတ် မပြုခဲ့ပေ။

ပရော်ဖက်ဆာချင်သည် အတန်းထဲတွင် မကြာခဏဆိုသလို ဤကဲ့သို့ ပြောတတ်သဖြင့် ယင်ရှောင်ရှောင်းမှာ ကွေ့ဖန်အား စိတ်ဝင်စားလာမိပြီး အတန်းပြီးသည့်နော်ကတွင် ကွေ့ဖန်နှင့်ပတ်သက်သည့် အချက်အလက်များအား အကြိမ်ပေါင်းများစွာ ရှာဖွေတတ်သည်။ သို့သော်လည်း အချက်အလက် အနည်းငယ်သာလျှင် ရှိပြီး အများစုမှာ အသေးစိတ် မပါရှိဘဲ ဖော်ပြထားရုံမျှသာ ဖြစ်သည်။ ထိုသည်ကပင် ကွေ့ဖန်အပေါ် ယင်ရှောင်ရှောင်း နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားလာမိခြင်း ဖြစ်သည်။ သို့သော်လည်း ရှားပါးလှသည့် သတင်းအရင်းအမြစ်ကြောင့် ယင်ရှောင်ရှောင်းမှာ ကွေ့ဖန်၏ လျှို့ဝှက်ဆန်းကြယ်သည့် ကံတရားအား ရှာတွေ့နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ပရော်ဖက်ဆာချင်ထံတွင် ကွေ့ဖန်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များစွာ ရှိနေဦးမည်မှာ သေချာသဖြင့် ယင်ရှောင်ရှောင်း ပရော်ဖက်ဆာချင်အား ရှာဖွေရန် ကြိုးစားခဲ့သည်။

ပရော်ဖက်ဆာချင်မှာ သူ့ထံသို့ လာရောက်သည့် ယင်ရှောင်ရှောင်းအား အလွန်နှစ်သက်လေသည်။ သမိုင်းဌာနတွင် ကျောင်းသားများသည် ဆယ်ကြိမ်တွင် ကိုးကြိမ်မှာ အတန်းမတက်ကြချေ။ သို့သော်လည်း ယင်ရှောင်ရှောင်း အတန်းတက်သည့် အချိန်တိုင်းတွင် အလွန်တာဝန်ကျေပွန်လေသည်။ ထပ်ပေါင်းပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်းသည် အတန်းပြီးသည့်အခါများတွင် မကြာခဏဆိုသလို မေးခွန်းမေးရန် ကျန်နေခဲ့တတ်သဖြင့် သူတို့နှစ်ဦးမှာ တဖြည်းဖြည်းချင်း သိကျွမ်းလို့လာသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းအား မြင်သည်နှင့် ပရော်ဖက်ဆာချင်မှာ ယင်ရှောင်ရှောင်းသည် ကွေ့ဖန်အကြောင်း မေးမြန်းဖို့ရန် လာရောက်ခြင်းဖြစ်ကြောင်း သိလေသည်။ အတန်းထဲတွင် ကွေ့ဖန်အကြောင်း ကြားသည့်အခါ ယင်ရှောင်ရှောင်း၏ စိတ်အားထက်သန်မှုအား သူ့မျက်မြင်ပင်ဖြစ်သည်။

ယင်ရှောင်ရှောင်း၏ မေးခွန်းများအား ဖြေရှင်းဖို့ရန် ပရော်ဖက်ဆာချင်သည် ယင်ရှောင်ရှောင်းထံသို့ ပုံတစ်ပုံ ပစ်ပေးလိုက်သည်။

ပုံထဲတွင် ရှိနေသည်မှာ ကိုးချောင်းထောက် တင်းတစ်ခု ဖြစ်သည်။ ယင်ရှောင်ရှောင်းအား တုန်လှုပ်စေသည့် အရာမှာ ထိုတင်း၏ ခြေထောက်များအား အရိုးများဖြင့် ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်။ မည်သူ၏ အရိုးများ ဖြစ်သည်ကိုမူ ယင်ရှောင်ရှောင်း မသိချေ။ သို့သော်လည်း ပရော်ဖက်ဆာချင်မှာ ယင်ရှောင်ရှောင်းအား ထိုပုံပေးလာသည်ကြောင့် ယင်ရှောင်ရှောင်းမှာ တင်းပေါ်တွင်ရှိသည့် အက္ခရာများအား ကြည့်လိုက်သော်ငြား ကံမကောင်းစွာဖြင့် ယင်ရှောင်ရှောင်း မဖတ်နိုင်ချေ။

ယင်ရှောင်ရှောင်းထံတွင် ထိုဘာသာစကားအား ဖတ်ရှုနိုင်စွမ်း မရှိသည်ကို ပရော်ဖက်ဆာချင် သိရှိထားပြီး ဖြစ်သည်။ ယင်ရှောင်ရှောင်းမှာ သူ့အားသံသယဝင်လာပြီကို မြင်သည့်အတွက် ပရော်ဖက်ဆာချင် ပြောလေသည်။

“တင်းအပေါ်မှာ ရေးထားတာက _ လူရိုင်းခေါင်းဆောင် ကိုးယောက်မှာ ဝူတင်းရှေ့တွင် ဒူးထောက်ကာဖြင့် လူပျိုစင်နှင့် အပျိုစင် သုံးထောင်အား အိုးကိုးလုံးထဲတွင် ထည့်ကာ ကောင်းကင်မှသွေးမိုးရွာကာ သွေးပင်လယ်ဖြစ်လာသည်အထိ အရှင်လတ်လတ် ယစ်ပူဇော်ခဲ့သည်။ ကပ်ဘေးများလည်း ကွေ့ဖန်တိုတန်ထဲတွင် နစ်မြုပ်သွားလေသည်။”

ပရော်ဖက်ဆာချင် ဆက်ပြောသည်။

“ဝူတင်းဘုရင်၏ နန်းသက် ၁၂ နှစ်မြောက်တွင် ရှန်မင်းဆက်၏ တပ်မဟာသည် ကွေ့ဖန်အား သုံးနှစ်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ ကွေ့ဖန်သည် ဝူတင်းအား အနိုင်ရရှိရန် ကွေ့ဖန်တိုတန်အား တိုင်တည်ခဲ့သည်.. ဝူတင်းသည် ဘုရင့် ကိုးတင်းအား သုံးကာ ကွေ့ဖန်တိုတန်အား တုံ့ပြန်လေသည်။ ထို့နောက်တွင် ရှင်မင်းဆက်မှာ ကွေ့ဖန်အား တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။ ကွေ့ဖန်တိုတန်မှာ တစ္ဆေငါးမန်းဥ ဖြစ်ပြီး တစ္တေငါးမန်းဥအား သယ်ဆောင်ထားသူ၏ ရုပ်ခန္ဓာမှာ ထာဝရတည်မြဲနိုင်မည် ဖြစ်သည်။”

ထိုသည်အား ပြန်အမှတ်ရမိသည့်အခါ ယင်ရှောင်ရှောင်း ကျယ်လောင်စွာ အော်ပြောလေသည်။

“အဲဒါက တစ္ဆေငါးမန်းဥလို့ မင်းပြောလိုက်တာလား.. ကွေ့ဖန်တိုတန်လေ.. အဲဒါက တကယ်ကြီး ဒီမှာလား..”

ကျိခန်းသည် ယင်ရှောင်ရှောင်းအား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ တစ္ဆေငါးမန်ဥအကြောင်း ပြောခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ယင်ရှောင်ရှောင်းမှာ ယခုအခါမှသာ တုံ့ပြန်လေသည်။ အမှန်တကယ်ကို မည်သို့ဆိုရမှန်း မသိတော့ချေ။

“ဟုတ်တယ်.. ပန်းချီကားချပ်တွေမှာ ဖော်ပြထားတဲ့ စစ်ပွဲက ကွေ့ဖန်ကို တိုက်ခိုက်တာလေ..”

“တစ္ဆေငါးမန်းဥကို ယူဖို့အတွက်လား..”

“ဟုတ်တယ်.. ခမည်းတော် ကျိုးချန်ဘုရင်ရဲ့ ခန္ဓာကိုယ်က ယိုယွင်းလာပေမဲ့ သူက မသေဘဲ ထာဝရရှင်သန်ချင်တယ်.. ကွေ့ဖန်တိုတန်မှာ အဲလိုအစွမ်းသတ္တိရှိတယ်လို့ သိလိုက်ရတော့ ကွေ့ဖန်ကို တိုက်ခိုက်ပြီး တစ္ဆေငါးမန်ဥကိုယူဖို့ ကိုယ့်ကို အမိန့်ပေးခဲ့တာ.. ဒါပေမဲ့ ကံမကောင်းတာက တစ္ဆေငါးမန်ဥက ခန္ဓာကိုယ်ကိုပဲ ထာဝရ တည်မြဲစေနိုင်ပြီး ဝိညာဉ်ကွယ်ပျောက်တာကိုတော့ မတားဆီးနိုင်ဘူးလေ.. ခမည်းတော် နတ်ရွာစံတော့ တစ္ဆေငါးမန်းဥကို သူနဲ့အတူ မြှုပ်နှံလိုက်တယ်..”

အမှန်အတိုင်း ဆိုရလျှင် ယင်ရှောင်ရှောင်းမှာ ပို၍ပင် ဆွံ့အလို့နေသည်။ တစ္ဆေငါးမန်းဥအား ကျိုးချန်ဘုရင်နှင့်အတူ မြှုပ်နှံထားသည်ဆိုလျှင် ကျိခန်းထံ၌ မည်သို့ရှိနေရသနည်း။ ကွေ့ဖန်တိုတန်၌ ဤမျှကြီးမားသည့် စွမ်းအားရှိနေမည်ဆိုလျှင် ကျိခန်းမည်သို့ သိမ်းယူနိုင်ခဲ့သနည်း။ ထို့အပြင် ကွေ့ဖန်မှာ အနောက်ကျိုးအင်ပါယာ၏ အမြစ်ဖြတ် သုတ်သင်ခြင်းအား အမှန်တကယ် ခံခဲ့ရခြင်းပင်လော။ ကွေ့ဖန်မှာ ဖျက်ဆီးခံခဲ့ရသည်ဟု ယူဆရမည်လော။ ယင်ရှောင်ရှောင်း၏ အတွေးရထားမှာ သစ္စာမဲ့သူထံသို့ ဆိုက်ရောက်သွားလေသည်။ ထိုသစ္စာမဲ့သူမှာ ကျိကျောက်ဖြစ်ပေမည်။ ကျိခန်း ကွေ့ဖန်းအား တိုက်ခိုက်ကာ တစ္ဆေငါးမန်းဥအား သိမ်းယူနိုင်ခဲ့ပြီး ကျိခန်းသေဆုံးပြီးနောက်တွင် ကျိကျောက်သည် ကွေ့ဖန်အား ထပ်မံတိုက်ခိုက်ခဲ့ပြန်သည်။ မည်သည်ကြောင့်နည်း။ ပန်းချီကားချပ်ရှိ မြင်ကွင်းအရ ကျိကျောက်သည် ကွေ့ဖန်အား အမြစ်ဖြတ် သုတ်သင်ခဲ့ဟန်ရှိသည်ဟု ယင်ရှောင်ရှောင်း တွေးမိစေသည်။ ထို့အပြင် လူခေါင်းပိရမစ်နှင့် အရိုးတောင်ပို့များလည်း ရှိနေသေးသည်။ ထိုလူများမှာ ကွေ့ဖန်များပင်လော။

“အပြင်က ပန်းချီတွေထဲမှာ တခြားလူတစ်ယောက်ကို တွေ့ခဲ့သေးတယ်.. သူက ကျိကျောက် ဖြစ်ရမယ်.. သူကလည်း ကွေ့ဖန်ကို တိုက်ခိုက်ခဲ့သေးတာလား..”