အပိုင်း ၄၇
Viewers 13k

Chapter 47




ကျိကျောက်အကြောင်း ပြောသည့်အခါ ကျိခန်း၏မျက်နှာ် ညှိုးကျသွားသည်။ ကျိကျောက်အကြောင်း မပြောလိုသည်မှာ အလွန်သိသာလှသည်။

“ဟုတ်တယ်.. ကျိကျောက်က ကိုယ့်ရဲ့ မိဘတူတဲ့ မွေးချင်းညီလေးလေ.. ကိုယ်သေသွားပြီးတော့ ကွေ့ဖန်တွေကို သွားတိုက်ခဲ့တယ်.. ဒီသင်္ချိုင်းကိုလည်း သူဆောက်ခဲ့တာ.. ဟုတ်ပါပြီ ရှောင်ရှောင်းရေ.. မင်းဒီကို ရောက်နေတာလည်း နှစ်ရက်တောင်ရှိပြီ.. အပြင်က မြွေကလည်း မင်းကိုစောင့်နေတာ နှစ်ရက်ရှိပြီဆိုတော့ ပြန်သင့်ပြီနော်..”

‘အာ’

ကျိခန်း၏ အကျည်းတန်သည့် အမူအရာကို မြင်ပြီးနောက်တွင် လက်တလောတွင် ကောင်းမွန်သည့် စိတ်အခြေအနေ၌ ရှိမနေကြောင်း သိလိုက်ရသည်။ ယင်ရှောင်ရှောင်းမှာလည်း တစ္ဆေတစ်ကောင်၏ ဒေါသကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား သိရှိလိုခြင်း မရှိပေ။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ပြောလိုက်ရသည်။

“အဲဒါဆို ငါထပ်လာလို့ရလားဟင်..”

“ရတာပေါ့.. မင်းအမြဲတမ်းလာပြီး ငါ့ကိုအဖော်ပြုပေးလေ..”

“အဲဒါဆို တဟေးတန်.. အဲဒီအပြင်ကမြွေကော လာလို့ရလားဟင်..”

ကျိခန်း တုံ့ဆိုင်းသွားပြီးနောက်မှ ပြောလေသည်။

“ရတာပေါ့.. နောက်တစ်ကြိမ်ကျ မင်းနဲ့အတူလာခဲ့ကြပေါ့..”

ယင်ရှောင်ရှောင်း ကျေနပ်သွားလေသည်။

“ဟုတ်ပြီ.. အဲဒါဆို ငါပြန်လာခဲ့မယ်နော်..”

ထို့နောက်တွင် ပိတ်ထားသည့် ကျောက်တံခါးအား မျက်နှာမူလိုက်သည်။

“အခု ငါဘယ်လိုထွက်သွားရမလဲ..”

ကျိခန်း အင်္ကျီလက်အား ယမ်းကာဖြင့် ပြုံးလိုက်သည်။

“အခုသွားလို့ရပြီလား..”

ယင်ရှောင်ရှောင်း လှည့်ကြည့်လိုက်သည့်အခါတွင် ဝင်ပေါက်ငယ်လေးမှာ တဖန်ပြန်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

လွမ် _ ဖီးနစ် (ဇာမဏီ) နှင့်တူသည့် ဒဏ္ဏာရီလာငှက် သို့သော် အပြာရောင်အသွေးရှိသည်။
တင်း _ လက်ကိုင်နှစ်ဘက်ပါပြီး သုံးချောင်း သို့တည်းမဟုတ် လေးချောင်းထောက် ဒယ်စောက်အိုး။
ကိုးတင်း _ ရှန့်မင်းဆက်ခေတ်တွင် ဘုရင်၏ အခွင့်အာဏာကို ကိုယ်စားပြုသည်။
တိုတန် _ မြောက်အမေရိက တိုင်းရင်းမျိုးနွယ်စုတစ်ခုအား ကိုယ်စားပြုသည်။

မော့လောင်တသည် သန်မာကာ တည်ငြိမ်တတ်သူ ဖြစ်သည့်တိုင် သူ၏မျက်စိရှေ့တွင် ယင်ရှောင်ရှောင်း ပျောက်ကွယ်သွားသည်ကို လက်မခံနိုင်ပေ။ တောင်နံရံအား အကြိမ်ပေါင်းများစွာ လှည့်ပတ်နေခဲ့သည့်တိုင် ယင်ရှောင်ရှောင်း၏ ခြေရာကိုပင် ရှာမတွေ့ခဲ့ပေ။ အလွန်အမင်း အားထုတ်ကြိုးပမ်းကာဖြင့် နံရံထိပ်သို့ပင် တက်ခဲ့သေးသော်လည်း မက်စောက်သည့် တောင်စောင်းမှတပါး မည်သည့်အရာမျှ ရှိမနေချေ။ ကြိုးစားနိုင်မည့်နည်းလမ်း မကျန်တော့သည့် အခါမှသာ မော့လောင်တသည် ယင်ရှောင်ရှောင်း ပျောက်ကွယ်သွားသည့် နေရာမှာပင် နှစ်ရက် နှစ်ညတိုင်တိုင် စောင့်ဆိုင်းနေလေတော့သည်။ နံရံအား ခေါင်းဖြင့်ဆောင့်ကာ အနက်ရောင်ကြေးခွံများမှ သွေးများယိုစီးကျသည်ထိတိုင်အောင် အမြီးဖြင့် ရိုက်နေခဲ့သော်ငြား မော့လောင်တမှာ အနည်းငယ်မျှပင် မနာကျင်မိချေ။ မော့လောင်တ၏ စိတ်ထဲတွင် ဒေါသတို့ လျော့ပါးလာသည်နှင့်အမျှ စိုးရိမ်စိတ်တို့ ကြီးစိုးလာလေသည်။

နှစ်ရက်နှစ်ညတိတိ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း မော့လောင်တမှာ မည်မျှကြာအောင် စောင့်ဆိုင်းရဦးမည်အား မသိပေ။ မည်သို့ဆက်လုပ်ရမည်ကို မသိတော့သဖြင့် သူလုပ်နိုင်သမျှ အရာအားလုံးမှာ ဤနေရာတွင်သာ စောင့်ဆိုင်းရန် ဖြစ်လေသည်။ သဘာဝတရားနှင့် လူလုပ်ဘေးအန္တရာယ်များအား ရင်ဆိုင်ရသည့်အခါတွင် လူသားဖြစ်စေ၊ မြွေဖြစ်စေ မည်သည့်နည်းလမ်းနှင့်မျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ချေ။ ဤတစ်ကြိမ်သည် မော့လောင်တအတွက် လုံလောက်အောင် သန်မာခြင်းမရှိသေးကြောင်း ပထမဆုံးအကြိမ် ကြုံတွေ့ခံစားမိခြင်း ဖြစ်သည်။ ဟုတ်သည်။ မော့လောင်တမှာ မြွေမျိုးနွယ်စု၏ အသန်မာဆုံးသောမြွေဟူသည့် ဂုဏ်ပုဒ်နှင့် အပြည့်အဝ ထိုက်တန်သူ ဖြစ်သည့်တိုင် ဤတောင်ကြောတွင်မူ အသန်မာဆုံး မဟုတ်ခဲ့ပေ။ ယင်ရှောင်ရှောင်း၏ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးမှုနှင့် ရင်ဆိုင်ရသည့်အခါတွင် မော့လောင်တမှာ အားကိုးစရာပင် မရှိတော့ချေ။

အကယ်၍.. အကယ်၍ ယင်ရှောင်ရှောင်းသာ လုံလုံခြုံခြုံ ကောင်းကောင်းမွန်မွန် ထွက်ပေါ်လာမည်ဆိုပါက ယင်ရှောင်ရှောင်းအား ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်သည်။ သူ့အပေါ် မည်သည့်အန္တရာယ်မျှ ကျရောက်စေမည် မဟုတ်ပါ။ မော့လောင်တ နှလုံးသားနှင့် ဝိညာဉ်အား တိုင်တည်ကာဖြင့် ယင်ရှောင်ရှောင်း လုံခြုံဘေးကင်စွာ ပြန်ပေါ်လာစေရန်အတွက် ဆုတောင်းလို့နေသည်။ ထိုအရာမှတပါး မည်သည်ကိုမျှ မလိုချင်ပေ။

မော့လောင်တ တောင်နံရံ‌ရှေ့တွင် နှစ်ရက်နှစ်ညတိတိ မစားမသောက် မအိပ်မနေဘဲ မရပ်မနား စောင့်ဆိုင်းလို့နေသည်။ အားနည်းနွမ်းနယ်မှုသည် မော့လောင်တ၏ အာရုံကြောများကို ထိခိုင်စေသည့်တိုင် မော့လောင်တမှာ အစွမ်းကုန်တင်းခံထားလေသည်။ ယင်ရှောင်ရှောင်း ပြန်ပေါ်လာသည်နှင့် သူမြင်နိုင်မည် ဖြစ်သည်။ မော့လောင်တမှာ ယင်ရှောင်ရှောင်း ပြန်မလာတော့ဟု တစ်ကြိမ်လေးမျှပင် မတွေးခဲ့မိပါ။

မော့လောင်တ၏ စောင့်ဆိုင်းမှုမှာ အချည်းနှီး မဟုတ်ခဲ့ပေ။ သူ၏မျက်စိရှေ့မှောက်မှာပင် နံရံမှ စူးရှသည့် အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းထဲတွင် တောင်နံရံနှင့်အတူ ကျောက်တံခါးတစ်ချပ် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ မော့လောင်တ ကျောက်တံခါးအား ဂရုတစိုက် မကြည့်မိဘဲ သူ၏ အာရုံအလုံးစုံမှာ ကျောက်တံခါးအောက်ခြေတွင် ပေါ်လာသည့် ဝင်ပေါက်ငယ်လေး၏ ဖမ်းစားခြင်း ခံလိုက်ရသည်။ မော့လောင်တ ကြိုတင်နိမိတ်တစ်ခုအား ရရှိလိုက်သည်။ ယင်ရှောင်ရှောင်းသည် ထိုဝင်ပေါက်လေးမှတဆင့် ထွက်ပေါ်လာမည်မှာ သေချာပေါက်ပင်။

မော့လောင်တ၏ ခန့်မှန်းချက် မှန်ကန်လေသည်။ ထိုဝင်ပေါက်လေးမှ ယင်ရှောင်ရှောင်း၏ ဦးခေါင်းလေး ပေါ်ထွက်လာသည်ကို မြင်သည့်အခါတွင် မော့လောင်တ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ ပြည့်လျှံလာသည်။

“ရှောင်ရှောင်း.. ကိုယ့်ရဲ့ ရှောင်ရှောင်းလေးက ဒီကိုရောက်လာပြီ..”

ယင်ရှောင်ရှောင်း အပေါက်ထဲမှ အပြည့်အဝ မထွက်ရသေးခင်မှာပင် မော့လောင်တသည် ယင်ရှောင်ရှောင်းထံသို့ ပစ်ဝင်ကာ ခန္ဓာကိုယ်တစ်ခုလုံးအား သူ၏ကိုယ်လုံးဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။ မော့လောင်တ စကားမဆိုသော်ငြား သူ၏ အပြုအမူများမှတဆင့် ယင်ရှောင်ရှောင်းအား မည်မျှစိုးရိမ်ပူပန်ခဲ့ကြောင့် သိနိုင်လေသည်။ မည်သည်ကြောင့်ရယ်မသိဘဲ မော့လောင်တမှာ သူ့အားရစ်ခွေကာဖြင့် အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်ရသည့်အခါ ယင်ရှောင်ရှောင်းမှာ မျက်လုံးများ ရဲလာသည်ကို ခံစားမိပြီး ငိုသံနှင့်ပြောလေသည်။

“အထဲမှာ အရမ်းမိုက်တာပဲ သိလား တဟေးတန်..”

မော့လောင်တမှာ ယင်ရှောင်ရှောင်းအား အနည်းငယ်မျှပင် လွှတ်ပေးရန် ဆန္ဒမရှိသည့်အတွက် ပို၍တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သေးသည်။ ထို့နောက် ဝေဝါးဝါးအသံဖြင့် ပြောလေသည်။

“အရူးပေါက်လေး.. မင်းလေးက ဘယ်လိုတောင် ပြေးဝင်သွားပြီး အခုလို အရှုပ်တွေ ဖန်တီးရဲရတာလဲ.. နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်စမ်းပါ..”

ယင်ရှောင်ရှောင်းမှာ စကားပြောချင်ခဲ့သော်ငြား သူ၏နားထဲရှိ အသံတစ်သံကြောင့် ရပ်တန့်သွားလေသည်။ ဂရုတစိုက် နားထောင်ကြည့်သည့်အခါတွင် ကျိခန်း၏အသံဖြစ်နေသည်ကို သိလိုက်ရသည်။

“ရှောင်ရှောင်းရေ.. မင်းထွက်မသွားဘူးဆိုရင် အပေါက်လေးက မင်းရဲ့ခန္ဓာကိုယ်လေးကို နှစ်ပိုင်းဖြတ်မိသွားမှာ ကိုယ်စိုးရိမ်နေမိပြီနော်..”

ယင်ရှောင်ရှောင်းသည် အခုအခါမှသာလျှင် သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ မူသောင်ထဲတွင် ရှိနေသေးကြောင်း အမှတ်ရမိသဖြင့် မော့လောင်တ၏ နွေးထွေးသည့် ပွေ့ဖက်မှုအား မခံစားနိုင်တော့ပေ။ မော့လောင်တထံမှ လွတ်မြောက်ရန် ရုန်းကန်လိုက်ပြီးနောက် ကျန်ရှိနေသည့် ခန္ဓာကိုယ်တစ်ဝက်အား ဝင်ပေါက်လေးထဲမှ ဆွဲယူလိုက်သည်။ သူ၏အမြီးထွက်သွားပြီးသည်နှင့် ဝင်ပေါက်လေးမှာလည်း ပျောက်ကွယ်သွားလေသည်။ ထိုအခါမှသာ ယင်ရှောင်ရှောင်း သက်ပြင်းချနိုင်တော့သည်။

ကံကောင်းလို့.. ကံကောင်းလို့ပေါ့.. အချိန်မီလေး လွတ်သွားနိုင်တာ.. မဟုတ်ရင် နှစ်ပိုင်းပြတ်တော့မလို့.. တီကောင်တွေလိုမျိုး မြွေတွေကလည်း ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နဲ့ အသက်ရှင်နိုင်တယ်လို့ မကြားဖူးပေါင်..

ယင်ရှောင်ရှောင်း မသိလိုက်သည်မှာ သူ၏မျက်လုံးထဲတွင် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ဟန်ရှိသည့် ကျိခန်းမှာ ထိုအချိန်တွင် ခန္ဓာကိုယ်အား ရှေ့နောက်ယိမ်းကာဖြင့် ရယ်မောနေခြင်း ဖြစ်လေသည်။ ဤယင်ရှောင်ရှောင်းလေးမှာ လှည့်စားဖို့ အလွန်လွယ်လှသည်။ ဤသည်မှာ အပေါက်လေးတစ်ခုသာလျှင် ဖြစ်သည်။ ထိုအပေါက်လေးအား သူထိန်းချုပ်နိုင်စွမ်း မရှိဟု ယင်ရှောင်ရှောင်း အမှန်တကယ် ယုံကြည်နေခြင်းပေလော။

ဟွန့်.. ဟွန့်.. ဒီငွေရောင်မြွေလေး ထွက်သွားပြီး မကြာခင်မှာပဲ တခြားမြွေတစ်ကောင်က အသည်းအသန်တွေ စိုးရိမ်နေတာကို မြင်ရတာ မခံစားနိုင်ဘူးနော်..

ထိုသို့တွေးမိသည့်အခါ ကျိခန်း၏မျက်လုံးထဲတွင် ကျိကျောက်၏အသွင်အပြင် ပေါ်လာသည်။ ကျိခန်း ပြင်းပြင်းထန်ထန် ညည်းညူမိလိုက်သည်။

“မင်းအဆင်ပြေရဲ့လား အရူးပေါက်လေး..”

မော့လောင်တသည် ယင်ရှောင်ရှောင်းအား ခေါင်းမှအမြီးထိတိုင် အကြိမ်ကြိမ်အခါခါ ဂရုတစိုက် စစ်ဆေးလေသည်။ သေသေချာချာ မကြည့်မိခဲ့လျှင် အရူးပေါက်လေး၏ တစ်နေရာရာတွင် ထိခိုက်ဒဏ်ရာတစ်ခုခု ရှိနေမည်ကို မော့လောင်တ ကြောက်ရွံ့မိသည်။ ယင်ရှောင်ရှောင်း ပွန်းပဲ့ရာလေးပင် မရှိသည်ကို မြင်သည့်အခါမှသာ မော့လောင်တ စိတ်ချလက်ချ ရှိနိုင်တော့သည်။

“အိုး.. အဆင်ပြေပါတယ်..”

ယင်ရှောင်ရှောင်း ပြန်ဖြေသည်။

“ပြောရဦးမယ် သိလား တဟေးတန်.. အဲဒီမှာလေ သင်္ချိုင်းဟောင်းတစ်ခု ရှိနေတာ.. မြွေပွေးတွေ မျိုးရိုးစဉ်ဆက် စောင့်ရှောက်နေကြတဲ့အရာဖြစ်မယ်.. အဲဒီအထဲမှာလေ အရမ်းအရမ်းကို ကောင်းမွန်တဲ့ အရာတွေ အများကြီး ရှိနေတာ.. မင်းအဲဒီမှာ မရှိတာ ကံဆိုးတာပဲ.. ကျွန်တော်တစ်ကောင်တည်း ဝင်သွားတုန်းကလေ....”

ယင်ရှောင်ရှောင်းမှာ ပြောနေရင်းဖြင့် စိတ်လှုပ်ရှားမှုတို့ တိုးမြင့်လာပြီး အလွန်ကြောက်ရွံ့စိတ်ကြောင့် ငိုကြွေးခဲ့သည်ကိုပင် မေ့လျော့သွားလေသည်။

“အဲဒါက မင်းအနောက်က ကျောက်တံခါးလား..”

မော့လောင်တ ထူးမခြားနားဟန်ဖြင့် ယင်ရှောင်ရှောင်းအား ကြားဖြတ်ပြောလိုက်သည်။

ယင်ရှောင်ရှောင်း : "???"

ယင်ရှောင်ရှောင်း ခေါင်းလှည့်ကြည့်သည့်အခါတွင် ကျောက်တံခါးမှာ သူ၏နောက်တွင် အမှန်တကယ်ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ တဟေးတန်ပြောသည့်အတိုင်းဆိုလျှင် ထိုကျောက်တံခါးအား မြင်နိုင်ခြင်းများလော။

“အဲဒီဟာကို မြင်နေရတာလား တဟေးတန်..”

“အင်း..”

နောက်တစ်ကြိမ်တွင် တဟေးတန်ပါ သူနှင့်အတူ ဝင်ရောက်နိုင်မည်ဟု ကျိခန်းကတိပေးခဲ့သည်ကို ယင်ရှောင်ရှောင်း အမှတ်ရလိုက်သည်။ ချက်ချင်းဆိုသလို ယင်ရှောင်ရှောင်း နားလည်သဘောပေါက်သွားသည်မှာ ကျိခန်းသည် တဟေးတန်အား ကျောက်တံခါးကို မြင်နိုင်ခွင့်ပြုလိုက်ခြင်း ဖြစ်လေသည်။

“အရမ်းကောင်းတယ်.. နောက်ကျရင် ကျွန်တော်တို့ အဲဒီထဲဝင်ပြီး ကစားကြမယ်နော်..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ အဆိုပြုချက်အား လုံးလုံးလျားလျား စိတ်ဝင်စားခြင်း မရှိပေ။ အကယ်၍ ယင်ရှောင်ရှောင်း ပျောက်မသွားခင် အချိန်ကသာ ဖြစ်ပျက်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ကျောက်တံခါး၏ နောက်ကွယ်ရှိ တားမြစ်နယ်မြေအကြောင်းအား သိရှိနိုင်ရန် အလွန်စိတ်ဝင်စားမိမည် ဖြစ်သည်။ ဤအရာသည် မြွေပွေးများ ကာကွယ်စောင့်ရှောက်ခဲ့ရသည့်အရာ ဖြစ်နိုင်သည်။ သို့သော်လည်း နှစ်ရက်နှစ်ညတိတိ ယင်ရှောင်ရှောင်း ပျောက်ဆုံးခဲ့ပြီးနောက် ဤကျောက်တံခါးသည် မော့လောင်တအား စိတ်ဒုက္ခပေးနေခဲ့သည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းအား မြင်ပြီးသည့်နောက်တွင် မော့လောင်တမှာ ထိုကျောက်တံခါးအား ခေါင်းပင်မော့မကြည့်တော့ချေ။

မော့လောင်တထံမှ တုံ့ပြန်မှု ရှိမနေသည့်တိုင် ယင်ရှောင်ရှောင်း စိတ်ထဲမထားပေ။ တဟေးတန်၏ အကျင့်စရိုက်အား သူသိမထားသောကြောင့် မဟုတ်ပေ။ သူ့အား အလေးအနက်မထားခြင်းက ပိုကောင်းလေသည်။ ယခုအခါတွင် ယင်ရှောင်ရှောင်းထံတွင် ဂရုစိုက်ရမည့် အခြားပြဿနာတစ်ရပ် ရှိလို့နေသည်။

“တဟေးတန်ရေ.. တဟေးတန်.. ကျွန်တော်ဗိုက်ဆာနေပြီရယ်.. တစ်ခုခု ရှာပေးလို့ရမလားဟင်..”

ဤသို့ဖြင့် မော့လောင်မှာ ယင်ရှောင်ရှောင်းအတွက် အစာရှာရန် ထွက်သွားလေသည်။ ယင်ရှောင်ရှောင်းမှာ အခြားမြွေတစ်ကောင်အား အစာရှာခိုင်းခြင်းအား မှားယွင်းနေသည်ဟု မခံစားရသည့်အပြင် ရှက်ရွံ့နေခြင်းလည်း ရှိမနေပေ။

“ရှောင်ရှောင်း.. မင်းစားဖို့ကို တခြားမြွေတစ်ကောင်ကို အစာသွားရှာခိုင်းတာ တကယ်ကို မရှက်ဘူးပဲနော်..”

ယင်ရှောင်ရှောင်း၏နားထဲတွင် ကျိခန်း၏အသံ ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ကျိခန်း၏ လေသံထဲရှိ လှောင်ပြောင်မှုကိုလည်း ယင်ရှောင်ရှောင်း သေသေချာချာ ကြားမိခဲ့သည်။

“မင်းကျ စားချင်တာတောင် မစားနိုင်ဘူးမလား..”

ယင်ရှောင်ရှောင်း ထေ့ငေါ့လိုက်သည်။

“ပြီးတော့ မင်းစားနိုင်ရင်တောင် မင်းအတွက် အစာရှာပေးမဲ့သူ မရှိဘူးလေ.. ဘယ်လိုတွေလဲနော်.. ငါ့ကို မနာလိုဖြစ်နေတာလား..”

ယင်ရှောင်ရှောင်းသည် ‘အစာရှာပေးမဲ့သူ’ ဟူသည့် နေရာအား ရည်ရွယ်ချက်ရှိရှိဖြင့် အနည်းငယ်ဖိပြောလိုက်သည်။

“ဟွန့်.. မင်းကအစာစားနိုင်တယ်‌ပေါ့.. အဲတော့ဘာဖြစ်လဲ.. မင်းရဲ့ဝိညာဉ်က လူသားဖြစ်နေပေမဲ့ အစိမ်းစားနေရတယ်မလား.. ကျွတ်.. ကျွတ်.. ငါကတော့ အဲလိုစားရမယ့်အစား မစားဘဲနေလိုက်မယ်..”

ထိုအချိန်တွင် ယင်ရှောင်ရှောင်းမှာ အလွန်ဂုဏ်ယူစွာဖြင့် ပြောလေသည်။

“ဒီဦးဦးကို မင်းလျှော့တွက်လိုက်တာပဲ.. ဒီဦးဦးက မြွေတစ်ကောင်ဖြစ်နေပေမဲ့ အသားစိမ်းတွေကို ချက်ပြုတ်ဖို့ မီးကိုလွယ်လွယ်ကူကူ သုံးနိုင်တယ်လေ.. ခန့်မှန်းကြည့်ပါဦးမယ်.. မင်းကဘဝတစ်လျှောက်လုံး ဧကရာဇ်ဖြစ်ခဲ့တာ ဆိုတော့ တစ်ခါလေးတောင် မီးမမွှေးခဲ့ဖူးဘူး မဟုတ်လား..”

ကျိခန်းခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ ထို့နောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“မလုပ်ဖူးဘူးလို့ ဘယ်သူပြောလဲ..”

သို့သော်လည်း အလွန်တိုးညှင်းသည့်အသံဖြင့် ပြောနေသည့်အတွက် ယင်ရှောင်ရှောင်း မကြားနိုင်ပေ။

“မေးရဦးမယ်.. မင်းက ဘယ်လိုဖြစ်ပြီး ငါ့ကို စကားပြောနိုင်ရတာတုန်း.. ငါထွက်သွားတဲ့အခါ မင်းငါ့ကို စကားပြောလို့မရတော့ဘူး ဖြစ်ရမှာမဟုတ်ဘူးလား.. ပြီးတော့ မင်းငါ့ကို မြင်နိုင်တာလား.. ဒီမှာ ငါ့ကိုစောင့်ကြည့်ဖို့ လုံးဝကို ခွင့်မပြုဘူးနော်..”

ကျိခန်း၏မျက်နှာတွင် အနက်ရောင်လိုင်းများ ပြည့်လာသည်။ ‘မင်းက မြွေတစ်ကောင်လေ.. ဘယ်သူက နေ့တိုင်းနေ့တိုင်း မြွေတစ်ကောင်ကို စောင့်ကြည့်နေမှာတုန်း..’ ကျိခန်း မပျော်ရွှင်တော့ပေ။

“မလုပ်ပါဘူး.. မင်းက ကိုယ်အာရုံခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားရင် မင်းကို ကိုယ်မြင်လည်း မမြင်နိုင်တော့သလို စကားလည်း ပြောနိုင်မှာ မဟုတ်တော့ဘူး.. ကိုယ့်ရဲ့အာရုံခံနိုင်တဲ့အတိုင်းအတာက ကွေ့သောင်အဆုံးထိပဲ.. မင်းကွေ့သောင်ကနေ ထွက်သွားပြီဆို မင်းကို သတိပြုမိမှာ မဟုတ်တော့ဘူး..”

“ကွေ့သောင်လား.. ကွေ့သောင်က ဘာလဲ..”

“အဲဒီ ကြေးလူသား ၉၉ ရုပ်လေ.. မင်းဒီကိုလာတဲ့ လမ်းတစ်လျှောက် မတွေ့ခဲ့ဘူးလား..”

“အဲဒါက ကွေ့သောင် ဟုတ်လား.. ငါက ရှန်းသောင်လို့ ထင်နေတာ..”

ယင်ရှောင်ရှောင်း အံ့အားသင့်စွာဖြင့် မေးလေသည်။

“ဒီကွေ့သောင်က ကွေ့ဖန်တွေအတွက် ထူးခြားတယ်လေ.. ကွေ့ဖန်လူမျိုးတွေက ကွေ့သောင်လို့ ခေါ်ကြာတ.. မင်းပြောတဲ့ ရှန်းသောင်ဆိုတာကိုတော့ ကိုယ်မသိဘူးရယ်..”
“ဒီ ကွေ့သောင် က ကွေ့ဖန့် အတွက် ထူးခြားတယ်၊ ကွေ့ဖန့် လူမျိုး‌တွေက အဲဒါကို ကွေ့သောင် လို့ခေါ်ကြတယ်၊ ရှန်းသောင် လို့ခေါ်တာကို ငါမသိဘူး”

ယင်ရှောင်ရှောင်း ‘အိုး’ ဟု ဆိုကာ မော့လောင်တ ပြန်လာပြီ ဖြစ်သဖြင့် ကျိခန်းနှင့် စကားပြောနေခြင်းအား ရပ်တန့်လိုက်သည်။

မော့လောင်တသည် ချက်ပြုတ်ဖို့ရန် ကျွမ်းကျွမ်းကျင်ကျင် မီးမွှေးလိုက်ပြီးနောက် ယင်ရှောင်ရှောင်းအတွက် အဆာပြေပြုလုပ်ပေးလိုက်သည်။ မော့လောင်တမှာ အမဲလိုက်နေစဉ် ဝဝလင်လင် စားသောက်ပြီးခဲ့ပြီ ဖြစ်သည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တ ပြုလုပ်ပေးသည့် စားစရာများအား အငမ်းမရ စားသောက်လိုက်ပြီး စားသောက်နေစဉ်အတွင်း စိတ်လှုပ်ရှားမှုတို့ဖြင့် သက်ပြင်းရှိုက်လိုက်သေးသည်။ သူ့အနေဖြင့် သင်္ချိုင်းဟောင်းထဲတွင် နှစ်ရက်မျှသာ နေခဲ့ရသော်လည်း ရက်ပေါင်းနှစ်ဆယ်မျှ ကြာမြင့်သည်ဟု ခံစားနေမိသည်။ ယခုအခါတွင် အတော်လေးကောင်းမွန်သည်ဟု ဆိုရမည့် အစာများအား စားသောက်နေနိုင်လေပြီ။ ယင်ရှောင်ရှောင်းမှာ သူ၏နားထဲတွင် ကြားနေရသည့် တံတွေးမြိုချသံအား လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။

ဟွန့်.. ဟွန့်.. အဲဒီကောင် ကျိခန်းက ငါ့ရဲ့အစာတွေကို လိုချင်နေသေးတာ.. သူက သရဲဖြစ်နေလို့ ဗိုက်မဆာနိုင်ပေမဲ့ လူသားတစ်ယောက်အနေနဲ့ ဗိုက်ဆာတာမဟုတ်လို့ မစားနိုင်ရှာဘူး..

သင်္ချိုင်းအနီးရှိ အပူချိန်မှာ နေ့လယ်ခင်းဖြစ်သည့်တိုင်အောင် အလွန်နိမ့်လေသည်။ ယင်ရှောင်ရှောင်းမှာ ဤနေရာရှိ အပူချိန်မှာ အတော်လေးကောင်းသည်ဟု ထင်ခဲ့မိသော်လည်း ဤနေရာရှိ အပူချိန်မှာ မည်သည်ကြောင့် ဤမျှနိမ့်နေရကြောင်း သိရှိလိုက်ရပြီ ဖြစ်သည်။ ဤနေရာတွင် ယင်စွမ်းအင် အလွန်သိပ်သည်းသဖြင့် ယင်စွမ်းအင်များ ထုတ်လုပ်ပေးသည့်အခါ အပူချိန်မှာ မနိမ့်ဆင်းဘဲ မနေနိုင်တော့ချေ။

ဗိုက်ပြည့်သည်အထိ စားသောက်ပြီးနောက်တွင် ယင်ရှောင်ရှောင်း အိပ်ပျော်သွားလေသည်။ သင်္ချိုင်းထဲတွင် တစ်ရေးမျှ အိပ်စက်ခဲ့သော်လည်း တင်းမာနေသည့် အာရုံကြောများ ပြေလျော့သွားသည့်အတူ များပြားလှသည့် အစားအသောက်များကြောင့် ယင်ရှောင်ရှောင်း သဘာဝကျစွာဖြင့် အိပ်ချင်လာမိသည်။ မော့လောင်တသည်လည်း နှစ်ရက်နှစ်ညတိတိ အိပ်စက်ရခြင်း မရှိသောကြောင့် အလွန်နွမ်းနယ်လို့နေပြီ ဖြစ်သည်။ ထို့ကြောင့် မြွေနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်ကာဖြင့် ကျောက်တံခါးရှေ့တွင် အိပ်ပျော်သွားကြလေသည်။ သင်္ချိုင်းအတွင်းရှိ ကျိခန်းမှာ ထိုမြင်ကွင်းအား မြင်သည့်အခါ ပြုံးမိသော်လည်း ချက်ချင်းဆိုသလို သက်ပြင်းချမိလိုက်တော့သည်။

မူသောင် _ သင်္ချိုင်းသို့သွားရာလမ်း
ကွေ့သောင် _ သရဲနှင့်နတ်တို့၏လမ်းကိုအခြေခံသောဘာသာတရား