Chapter 48
ယင်ရှောင်ရှောင်းသည် သင်္ချိုင်းဟောင်းနံဘေးတွင် အိမ်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအိမ်မှာလည်း ကျိခန်း၏ အာရုံသိစိတ်၏ အပြင်ဘက်တွင် သေချာပေါက် ရှိရမည် ဖြစ်သည်။ သို့မဟုတ်လျှင် သူ့အား နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေသူ တစ်ယောက်ရှိနေပြီး ဖြစ်ပျက်သမျှ အကြောင်းအရာများအား တတွတ်တွတ်ပြောနေခြင်းအား ကြားရမည်မှာ အလွန်ကြောက်စရာကောင်းလှဿည်။
မော့လောင်တသည်လည်း ယင်ရှောင်ရှောင်း၏ ဆုံးဖြတ်ချအား အံ့ဩခြင်းမရှိ သဘောတူလေသည်။ ဤနေရာရှိ အပူချိန်မှာ အနည်းငယ်နိမ့်ကျသော်လည်း မော့လောင်တ၏ ခန္ဓာကိုယ်ရှိ အနက်ရောင်အသွေးအမွေးမှာ အလှပြဖို့သက်သက်သာ မဟုတ်ဘဲ သာမန်ထက်လွန်ကဲသည့် အပူစုပ်ယူနိုင်စွမ်း ရှိလို့နေသည်။ ထို့ကြောင့် အပူချိန် နိမ့်သည်ဖြစ်စေ မြင့်သည်ဖြင်စေ သူ့အတွက် အရေးမပါလှဘဲ ယင်ရှောင်ရှောင်းသည်လည်း ထိုအရာအား သတိပြုမိခြင်း မရှိပေ။
ယင်ရှောင်ရှောင်း မော့လောင်တအား ပြောသည်မှာ ဤသို့ဖြစ်သည်။
“တဟေးတန်ရေ.. ကျွန်တော်တို့တွေ ဒီတားမြစ်နယ်မြေထဲမှာ ဂူတစ်ခုလောက် ရှာနိုင်ပါ့မလားဟင်.. အဲဒါက ကျယ်လည်းကျယ်ရမယ်.. နက်လည်းနက်ရမယ်.. လေဝင်လေထွက်လည်း ကောင်းရမယ်.. ဂူရဲ့အရှေ့မှာလည်း နေပူဆာလှုံဖို့ နေရာကျယ်ကျယ်လည်း ရှိရဦးမှာနော်.. အိုး.. ဟုတ်သားပဲ.. ချောင်းဘေးမှာတို့ ချောင်းနဲ့နီးတာတို့ဆို အကောင်းဆုံးပေါ့.. တောအုပ်နားမှာဆိုလည်း ကောင်းတာပဲ.. သေးသေးကြီးကြီး အရေးမကြီးဘူးရယ်.. အဲဒါဆိုရင် ကျွန်တော်တို့တွေ နေ့တိုင်းနေ့တိုင်း ငှက်ဥနဲ့ ငှက်တွေ စားလို့ရပြီ.. စိမ်းစိမ်းလန်းလန်း မြက်ပင်တွေကြားမှာဆိုလည်း မဆိုးဘူးရယ်.. အဲဒီအခါကျ တခြားမြွေတွေက ကျွန်တော်တို့ အသိုက်ကို လွယ်လွယ်ကူကူ ရှာမတွေ့နိုင်တော့ဘူး.. ဘလာ ဘလာ ဘလာ..”
မော့လောင်တမှာ ယင်ရှောင်ရှောင်းပြောသည်အား နားထောင်ရင်း ရယ်မောမိလိုက်သည်။
ငါတို့ရဲ့ အသိုက်တဲ့လား.. ဒီအရူးပေါက်လေးက ငါနဲ့တူတူ နေချင်နေတာပဲ.. ကောင်းတယ်.. ကောင်းတယ်.. ဟီးဟီး..
အရူးပေါက်လေး နှစ်ရက်ကြာအောင် ပျောက်သွားခဲ့သည့် ကျောက်နံရံရှေ့တွင် စောင့်နေရင်းဖြင့် မော့လောင်တမှာ အရူးပေါက်လေးအပေါ်တွင် ထားရှိသည့် သူ၏ခံစားချက်များအား သတိမပြုမိဘူးဆိုပါက သူ့အနေဖြင့် မြွေပွေးများ၏ အနာဂတ်အရှင်သခင် ဖြစ်နိုင်တော့မည် မဟုတ်ချေ။ အရူးတစ်ယောက်ပင်လျှင် ထိုမျှတုံးအမည် မဟုတ်ပါ။
ထို့ကြောင့် မော့လောင်တသည် ယင်ရှောင်ရှောင်းအား အရယူရန် စိတ်ပိုင်းဖြတ်ထားလေသည်။ ‘ဟမ့်.. ငါက အရမ်းကို ခံ့ညားတယ်.. ချောမောတယ်.. ခွန်အားကြီးတယ်.. သန်မာတယ်.. ညှို့ဓာတ်ပြင်းတယ်.. ငါ့လိုမြွေမျိုးကို သဘောမကျဘူးဆိုတဲ့မြွေ ဘယ်လိုရှိနိုင်မှာလဲ.. အဲဒီ အရူးပေါက်လေး ယင်ရှောင်ရှောင်းက ငါ့ကို သေချာပေါက် သဘောကျနေတာပဲ.. လုံးဝသေချာတယ်..’
ဟုတ်ပါပြီ မော့လောင်တရေ.. အခုလို ယုံကြည်မှုတွေကို မင်းဘယ်ကနေရနေမှန်းတော့ မသိဘူးရယ်.. ဒါပေမဲ့ ယင်ရှောင်ရှေဦင်းက မင်းအပေါ်မှာ ထင်မြင်ချက်ကောင်းကောင်း ရှိနေရုံကလွဲလို့ တခြားခံစားချက်တွေ ရှိမနေပါဘူးနော်.. ဒါပေမဲ့ ဆက်လုပ်ပေါ့.. ဘာဖြစ်တယ်.. ယင်ရှောင်ရှောင်းက မော့လောင်တအပေါ် ထင်မြင်ချက်ကောင်းရှိရုံနဲ့တင် ဘာကိစ္စအတူတူနေချင်တာလဲ လို့ မေးနေတာလား.. အဟွတ်.. အဟွတ်.. အဲဒါက အရမ်းကို သိသာနေပြီးသား မဟုတ်ဘူးလား.. အစကတည်းက ယင်ရှောင်ရှောင်း မော့လောင်တနဲ့ အတူတူရှိနေရတာက မော့လောင်တရဲ့ အတင်းအကြပ် ဖိအားပေးထားခံရလို့လေ..
အဟမ်း.. အဟမ်း.. အဓိကအချက်ကို ပြန်သွားကြပါစို့။ ယင်ရှောင်ရှောင်းသည် အလွန်တိကျသည့် တောင်းဆိုချက်များ ပြီးစီးသည့်အခါတွင် မော့လောင်တသည် ထိုအချက်များနှင့် ပြည့်စုံသည့် ဂူတစ်လုံးအား အကောင်းဆုံးကြိုးစား ရှာဖွေလေသည်။ ယင်ရှောင်ရှောင်း၏ တောင်းဆိုချက်များမှာ သိသိသာသာ အားစိုက်ထုတ်ရန် လိုအပ်လှသော်လည်း တားမြစ်နယ်မြေမှာ တားမြစ်ထားခံရသဖြင့် ဤနေရာတွင် မည်သည့်မြွေမျှ နေထိုင်ခြင်း မရှိပေ။ အဆုံးတွင် မော့လောင်တသည် ယင်ရှောင်ရှောင်း ဆန္ဒနှင့် ကိုက်ညီသည့် နေရာတစ်ခုအား အမှန်တကယ် ရှာတွေ့ခဲ့ပါသည်။ ယင်ရှောင်ရှောင်း ပျော်ရွှင်စွာဖြင့် ဂူထဲသို့ ဝင်လာခဲ့ပြီး မော့လောင်တလည်း လိုက်ပါလာခဲ့သည်။ မော့လောင်တမှာ တဟီးဟီး ရယ်မောနေဆဲ ဖြစ်သည်။
နေထိုင်ဖို့ရန် အခြေကျပြီးသည့်အခါ အစားအသောက် ပြဿနာမှာလည်း အနီးပတ်ဝန်းကျင်ကြောင့် ဖြေရှင်းပြီး ဖြစ်လေသည်။ ယင်ရှောင်ရှောင်းမှာ သူ၏နေထိုင်မှုပုံစံသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ ဤနေရက်များတွင် သူအဝေးဆုံး သွားခဲ့သည်မှာ မြ်စကမ်းနံဘေးတွင် ရေချိုးဖို့ရန်သာ ဖြစ်သည်။ ကျန်သည့်အချိန်များတွင် ဂူထဲရှိ အသိုက်ထဲတွင်သာ အချိန်ဖြုန်းခဲ့သည်။ ထပ်ဆောင်းဖော်ပြရမည်ဆိုလျှင် ယင်ရှောင်ရှောင်းမှာ အစာစားသည့် အချိန်၌ပင် မော့လောင်တအား ခွံ့ကျွေးစေချင်မိသေးသည်။
ငှက်ဥများ ချက်ပြုတ်ပြီးသည့်နောက်တွင် မော့လောင်တသည် ယင်ရှောင်ရှောင်းအတွက် ငှက်နှင့်ဖားများ ချက်ပြုတ်ပေးပြန်သည်။ သူ၏အချက်အပြုတ်စွမ်းရည်မှာလည်း ကြယ်တစ်ပွင့်အဆင့်ရှိ စားဖိုးမှူးအထိ သိသိသာသာ တိုးတက်လာခဲ့သည်။
အဲဒီအဆင့်ကနေ ဘာလို့မတက်တာလဲ ဟုတ်လား.. တဆိတ်လောက်ခင်ဗျ.. အစာတွေကို ချက်ပြုတ်ပြီးပေမဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ရှိမနေတော့ အရသာက ကောင်းမနေဘူးလေ..
ဂရုတစိုက်စဉ်းစားပြီးနောက် ယင်ရှောင်ရှောင်း မည်သည်ကြောင့် ချက်ပြုတ်ထားသည့် ကြွက်များကိုပင် မစားရသည်အား မေးမြန်းကြည့်ပြီးသည့်အခါ မော့လောင်တ ယုန်တစ်ကောင်အား ဖမ်းယူခဲ့သည်။ ယင်ရှောင်ရှောင်းမှာ ယုန်အားမြင်သည့်အခါ သွားရည်ယိုလာလေသည်။ ယုန်အား မြိုချစားသောက်ပြီးနောက်တွင် ယင်ရှောင်ရှောင်းမှာ ယုန်မှာ ကြီးလွန်းသည်ဟု ဆိုပြီး သူ့အနေဖြင့် ဖားတစ်ကောင် သို့မဟုတ် ငှက်သေးသေးတစ်ကောင်ကိုသာ စားသောက်နိုင်တော့မည်ဟု ဆိုလေသည်။ မော့လောင်တ ထိုသည်အား သဘောတူလက်ခံသော်ငြား သူ၏စိတ်ထဲတွင် ယင်ရှောင်ရှောင်းအား ယုန်နှစ်ကောင်ခန့် စားသောက်နိုင်ရန် မည်သို့လုပ်ဆောင်ရမည်ကို တွက်ချက်လို့နေသည်။
ဤသို့သော နေ့ရက်များမှာ တစ်လနီးပါး ကြာအောင် ရှိခဲ့သည်။ နေသာလှပသည့် တစ်မနက်ခင်းတွင် ယင်ရှောင်ရှောင်းသည် ဂူအပြင်ဘက်နေရာကျယ်တွင် မော့လောင်တနှင့် ဘေးချင်းကပ် အိပ်လို့နေပြီး သူ၏ သူငယ်ချင်းအသစ်ထံသို့ သွားရောက်လည်ပတ်သင့်သည်ဟု ခံစားမိလိုက်သည်။ ထိုသူငယ်ချင်းထံ တစ်လနီးပါး အလည်မသွားမိခြင်းမှာ အနည်းငယ် မသင့်လျော်လှဟု ခံစားမိသောကြောင့် ဖြစ်သည်။
ထို့နောက်တွင် နေ့လယ်ခင်းထိတိုင်အောင် ပြန်လည်အိပ်စက်လိုက်သည်။ ယင်ရှောင်ရှောင်း သမ်းဝေကာဖြင့် နိုးထလာပြီး မူးနောက်နောက်နှင့် မော့လောင်တနောက်မှ လိုက်ပါက ရေချိုးဖို့ရန် မြစ်ဆိပ်သို့ဆင်းလေသည်။ ထို့နောက် မော့လောင်တအား ပြောလိုက်သည်။
“တဟေးတန်ရေ.. ကျွန်တော်တို့ ဒီနေ့ သင်္ချိုင်းကို သွားကြမယ်လေ.. ဟုတ်ပြီလား..”
မော့လောင်တ မျက်မှောင်ကြုတ်မိသည်။ နောက်ဆုံးအကြိမ် ယင်ရှောင်ရှောင်း ပျောက်ကွယ်သွားသည်မှာ သင်္ချိုင်းဟောင်းအတွင်းသို့ ဝင်သွားခဲ့ခြင်း ဖြစ်သည်ကို မော့လောင်တ သိရှိထားပြီး ဖြစ်သည်။ (ယင်ရှောင်ရှောင်းသည် မော့လောင်တအား သင်္ချိုင်းဟောင်းဟူသည့် စကားလုံးအား ရှင်းပြခဲ့သည်။ မြွေများသေဆုံးပြီးသည့်နောက်တွင် သင်္ချိုင်းတွင် မြှုပ်နှံကြခြင်း မရှိပေ။) ထို့အပြင် ထိုသင်္ချိုင်းထဲတွင် တစ္ဆေတစ်ကောင်နှင့် သူငယ်ချင်းဖွဲ့ခဲ့သေးသည်။ (မော့လောင်တမှာ တစ္ဆေဟူသည့် စကားလုံးအား လုံးလုံးနားမလည်ခဲ့သော်လည်း ယင်ရှောင်ရှောင်း၏ အဆိုအရ ထိုတစ္ဆေမှာ မြွေပွေးမျိုးနွယ်စု စောင့်ရှောက်နေရသည့်အရာ ဖြစ်သည်ဟု မော့လောင်တ နားလည်ထားသည်။) မော့လောင်တ ကြုံတွေ့ခံစားခဲ့ရသည့် အတွေ့အကြုံကြောင့် သူ၏နှလုံးသားထဲမှနေ ထိုသင်္ချိုင်းဟောင်းအနီးသို့ သွားဖို့ရန် မလိုလားချေ။ သို့သော်လည်း ယခင်ကဆိုခဲ့သည့်အတိုင်းပင် မော့လောင်တမှာ ယင်ရှောင်ရှောင်း ပြောသမျှအား နာခံသည့်အတွက် ထိုနေရာသို့ မသွားလိုသည့်တိုင် ရွေးချယ်ရန်မရှိဘဲ သွားရလေသည်။
“ဟုတ်ပြီ.. ဒါပေမဲ့ အရင်ကဖြစ်ခဲ့သလိုမျိုး မင်းတစ်ကောင်တည်း ပြေးဝင်သွားဖို့ကို ကိုယ်ခွင့်မပြုဘူးနော်..”
ယင်ရှောင်ရှောင်းက “ကိစ္စမရှိဘူး” ဟု ပြောပြီးနောက် ပျော်ရွှင်မှုတို့အပြည့်နှင့် သင်္ချိုင်းဟောင်းဆီသို့ ထွက်ခွာသွားလေသည်။
ကျိခန်း၏ အာရုံသိစိတ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ယင်ရှောင်ရှောင်း၏ နားထဲတွင် ကျိခန်း၏အသံ ထွက်ပေါ်လာသည်။
“ယင်ရှောင်ရှောင်း.. မင်းလာဖို့ သိနေသေးတယ်ပေါ့..”
ယင်ရှောင်ရှောင်း လည်ပင်းပုဝင်သွားသည်။
ကျိခန်းက ဘယ်လိုစိတ်အခြေအနေမျိုး ရှိနေတာလား.. ငါရောက်လာတာကို ဘာဖြစ်လို့ စိတ်ဆိုးနေရတာတုန်း..
ယင်ရှောင်ရှောင်း အလွန်တည်ငြိမ်စွာဖြင့် ကျိခန်းအား အသံကျယ်ကျယ်ဖြင့် ပြန်အော်လိုက်သည်။
“ဘာဖြစ်လို့ လာအော်နေတာလဲ.. မြန်မြန်လေး တံခါးဖွင့်လိုက်..”
ကျိခန်း နှာမှုတ်လိုက်သော်လည်း ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ရှေ့တွင် ကျောက်တံခါးထဲရှိ ဝင်ပေါက်လေးမှာ ပွင့်နေပြီး ဖြစ်သည်။
“အဲဒါဆိုလည်း ဝင်.. ဝင်..”
မော့လောင်တမှာ သူ့ထက် အများကြီး ပိုကြီးထွားသည်ကို ဝန်မခံချင်သော်လည်း ယင်ရှောင်ရှောင်းမှာ ဖြစ်ရပ်မှန်အား ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ရွေးချယ်ရန်မရှိဘဲ ကျိခန်းအား အော်ပြောရလေသည်။
“.. မင်း ခပ်ကျယ်ကျယ်ဖွင့်ပေးလို့ ရမလား.. ငါက ဝင်လို့ရပေမဲ့ တဟေးတန်က ဝင်မရဘူးရယ်..”
ကျိခန်း : "... "
မော့လောင်တမှာ ဤအဖြစ်အပျက်များ ဖြစ်နေစဉ်အတွင် နှုတ်ဆိတ်နေခဲ့သော်ငြား နားလည်မှုလွဲခြင်း မရှိခဲ့ပါ။ မော့လောင်တသည် ကျိခန်း၏အသံအား ကြားသော်လည်း မည်သို့ပြောရမည်အား မသိချေ။ မော့လောင်တမှာ ကျိခန်းအား ရန်လိုနေမိသည်။ ထိုကျိခန်းကြောင့်သာ ယင်ရှောင်ရှောင်း နှစ်ရက်တိတိ ပျောက်ဆုံးခဲ့ရသည်အား သူမမေ့ပါလေ။
.. သို့သော်လည်း သက်ပြင်းချဖို့ရန်မှလွဲ၍ ရွေးချယ်ရန် မရှိချေ။ မော့လောင်တသည် အမှန်တကယ်ကို အလွန်သဘောထားကျဉ်းမြောင်းလှသည်။
မော့လောင်တ မူသောင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသည့်အခါ ဘေးတစ်ဘက်တစ်ချက်စီတွင် ရှီနေသည့် ဆေးရေးပန်းချီများအား အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ထိုအခြင်းအရာမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟု သူတွေးမိခဲ့သည့် အရာများကို မော့လောင်တအား ပြချင်မိသည့် ယင်ရှောင်ရှောင်းအား သုန်မှုန်လာစေသည်။ ‘ဟွန့်.. အဲဒီ တဟေးတန်က မြွေတစ်ကောင် ပီသလွန်းတယ်.. နှစ်ထောင်ချီနေတဲ့ ပန်းချီကားချပ်တွေကိုတောင် သူ့ခမျာ မခံစားတတ်ရှာဘူး.. ဒီမှာသိလား.. တခြားကမ္ဘာမှာဆိုရင် ဒီပန်းချီကားတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဆိုတာ သိရဲ့လား..’
သူတို့သည် အလွန်လျင်မြန်စွာဖြင့် ဒုတိယမူသောင်သို့ ရောက်ရှိလာခဲ့သည်။ ယင်ရှောင်ရှောင်း ရှေ့ဆက်သွားတော့မည့် တဟေးတန်အား ဆွဲကာ ရပ်လိုက်သည်။
“ကျိခန်းရေ.. ဒီဒုတိယမူသောင်မှာ ထောင်ချောက်ရှိနေတုန်းပဲ.. ဘယ်လိုသွားရမလဲဟင်..”
“ဟမ့်.. အဲဒါရှိနေသေးတယ်လို့ မင်းဘယ်လိုသိလဲ.. အစကတော့ မင်းကို အဲဒီလို ထပ်ကြုံစေချင်သေးတာ..”
ကျိခန်း မလိုမုန်းထားဟန်ဖြင့် ပြန်ဖြေသည်။
ယင်ရှောင်ရှောင်းနှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ပထမနှင့် ဒုတိယထောင်ချောက်များနှင့် ပတ်သက်၍ သူမသိသော်လည်း တတိယမြောက် ထောင်ချောက်မှာမူ ရှိနေဆဲဖြစ်သည်။ ထိုနေရာသို့ ထပ်မသွားချင်တော့ပါ။
“ဟိုနားလေးမှာ အပေါက်တစ်ခု ရှိနေတယ်..”
မော့လောင်တ အသံခပ်နိမ့်နိမ့်ဖြင့် ပြောလေသည်။
ယင်ရှောင်ရှောင်း မော့လောင်တ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည့်အခါ လက်ဝဲဘက်နံရံတွင် အပေါက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း ဦးဆောင်ကာ ထိုအပေါက်တွင်းသို့ ဝင်လိုက်သည်။ ယင်ရှောင်ရှောင်း ဝင်လိုက်သည်နှင့် “ဘုန်း..”
"ဟာဟားဟားဟား-" ကျိခန်း ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
ယင်ရှောင်ရှောင်း အပေါက်ထဲမှ ခေါင်းထုတ်လိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလာလေသည်။ နာတယ်.. တကယ်ကြီး နာတာလို့..
မော့လောင်တ နှလုံးသားမှာ နာကျင်လို့သွားပြီး ချက်ချင်းဆိုသလို ယင်ရှောင်ရှောင်းနံဘေးသို့ သွားလေသည်။ သူ၏အမြီးဖြင့် ယင်ရှောင်ရှောင်း၏ ဦးခေါင်းထိပ်အား ညင်သာစွာ ပွတ်ပေးလိုက်သည်။ ထိုသို့ပွတ်နေစဉ်တွင် “ကျွတ်.. ကျွတ်.. မနာတော့ဘူးနော်.. မနာတော့ဘူး..”
ယင်ရှောင်ရှောင်း မျက်လုံးများ ကွေးညွတ်သွားပြီး ရွှေရောင်ပဲစေ့နှစ်စေ့မှာ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ ချော့လေလေ ပိုငိုလေလေဟူသည့် လူစားမျိုးအား မြင်တွေ့ဖူးသည် မဟုတ်ပါလော။ ယင်ရှောင်ရှောင်းမှာ ထိုကဲ့သို့ အမျိုးအစားဖြစ်သည်။
မကျေနပ်ချက်အား ဘေးဖယ်ကာ ယင်ရှောင်ရှောင်း အမြီးယမ်းလိုက်သည်။ မော့လောင်တ ဦးဆောင်ကာဖြင့် ဝင်ပေါက်လေးထံသို့ ဦးတည်သွားလေသည်။
မော့လောင်တ အတွင်းသို့ ချောင်းကြည့်လိုက်ပြီးနောက် ယင်ရှောင်ရှောင်းအား လှည့်ပြောသည်။
“အရူးပေါက်လေးရေ.. ဒီအပေါက်လေးက အရှေ့တည့်တည့် ၃၀၊ ၄၀ စင်တီမီတာလောက်လေးပဲ အဖြောင့်အတိုင်းရှိနေပြီး ညာဘက်ကို ချိုးသွားတာ..”
ထို့နောက်တွင် ရဲရဲဝံ့ဝံ့ ရှေ့သို့ချီတက်ဖို့ရန် ယုံကြည်မှုတို့ ရှိနေသည့် ယင်ရှောင်ရှောင်းမှာ မကျေနပ်မှုနှင့် ဝမ်းနည်းမှုတို့ ပြည့်လာလေသည်။
ထို့ကြောင့် ရဲရင့်စွာ ရှေ့သို့ ချီတက်မည်ဟု ယုံကြည်သော ယင်ရှောင်ရှောင်းထံတွင် ဝမ်းနည်းခြင်းတို့ ပြည့်နှက်လာသည်။
ယင်ရှောင်ရှောင်း မော့လောင်တနောက်မှ လိုက်ပါကာ ဝင်ပေါက်လေးထဲသို့ ဝင်သွားလေသည်။ ထောင့်ချိုးသို့ ရောက်သည့်အခါတွင် ယင်ရှောင်ရှောင်း ထိတ်လန့်သွားလေသည်။
“အာာာာာ.. သောက်ကျိုးနည်း.. ကျိခန်း.. မင်းဒီဟာကို ၉၀° ထောင့်ဖြစ်အောင် လုပ်လိုက်တယ်ပေါ့လေ.. ငါမင်းကို သေအောင်မုန်းတယ်နော်.. အားးးးးးးးးးးးးးးး”
“ဟားဟားဟားဟား—-” ကျိခန်း အလွန်အကျူး ရယ်မောပြန်သည်။
မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ဝင်ပေါက်လေးအား ဖြတ်သန်းပြီးသည့်နောက်တွင် ကျိခန်း၏ သင်္ချိုင်းတွင်းသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားလေသည်။ ယင်ရှောင်ရှောင်း နောက်ဆုံးအကြိမ် ဝင်သွားခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အပူချိန်နည်းပါးသည့် အလင်းများသည် အဓိကသင်္ချိုင်းခန်းတစ်ဝက်အား လင်းထိန်သွားစေသည်။ ကျိခန်းသည် လူလုပ်ရေကန်နံဘေးတွင် စောင့်ဆိုင်းနေသည်။ ကျိခန်းမှာ သူနှင့် တဟေးတန်အား စောင့်နေခြင်းဖြစ်ကြောင်း ယင်ရှောင်ရှောင်း သိသော်လည်း ကျိခန်းသည် တစ်စုံတစ်ဦးအား နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သည် ဟူသည့် မရေမရာ ခံစားချက်မျိုးလည်း ရရှိနေလေသည်။
“ဘာတွေကြောင်နေတာလဲ ရှောင်ရှောင်း..”
ကျိခန်း ပြုံးလျက်နှင့်မေးသည်။ သို့သော်လည်း ကျိခန်း၏ အကြည့်မှာ မော့လောင်တထံတွင် ရပ်တန့်သွားသည်။ ဤမြွေပွေးများမှာ သူ၏သင်္ချိုင်းအား စောင့်ရှောက်ကာကွယ်နေကြခြင်းဖြစ်သည် ဟူသည့် အချက်မှတပါး ကျိခန်းသည် မြွေပွေးများနှင့် ပက်သက်၍ များများစားစား သိထားခြင်း မရှိပေ။ သူသိထားသည့် အခြားသော အချက်အလက်တစ်ခုမှာ သွေးနှောခြင်းမရှိသည့် မြွေနှစ်ကောင် အတူရှိနေမည်ဆိုလျှင် ၎င်းတို့မှာ မိတ်ဖက်များဖြစ်ကြသည် ဟူခြင်းပင်။ ဤသည်အားလည်း ထောင်စုနှစ် အနည်းငယ်ခန့် ဤနေရာတွင် နေထိုင်ပြီးနောက်တွင် တားမြစ်နယ်မြေသို့လာကာ သူတို့စောင့်ကြပ်နေရသည့်ဟူသည့် အရာအား လာရောက်ရှာဖွေကြသည့် မောင်နှမသားချင်းများနှင့် မိတ်ဖက်များအား စောင့်ကြည့်ခြင်းမှ သိရှိလာခဲ့ခြင်း ဖြစ်သည်။
မော့လောင်တသည် ယင်ရှောင်ရှောင်းအား အဝေးသို့ခေါ်ဆောင်သွားခဲ့သည့် ထိုသူငယ်ချင်းကောင်းအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ အဆုံးတွင် သူ၏ လေ့လာမှုအား စကားတစ်ခွန်းဖြင့် နိဂုံးချုပ်လိုက်သည်။
“အရမ်းရုပ်ဆိုးတယ်..”
ကျိခန်း : "... "
ယင်ရှောင်ရှောင်း : "ဘွားဟားဟားဟားဟား-"
ကျိခန်း ရုပ်ဆိုးသည်၊ ကြည့်ကောင်းသည် နှင့်ပတ်သက်၍ သူ၏အမူအရာမှာ ရှုံ့မဲ့သွားလေသည်။ ယင်ရှောင်ရှောင်းမှာမူ မိုးထိအောင် ရောက်နေလေပြီ။ သေဆုံးသွားသည်မှာ နှစ်ထောင်နှင့်ချီကာ ကြာမြင့်ခဲ့ပြီဖြစ်သည့် လူတစ်ဦးမှာ သူ၏ရုပ်ရည်အပေါ် ဂရုစိုက်နေဆဲဖြစ်လေသည်။
ကျိခန်း၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်ရောက်လာခဲ့ပြီးနောက် ပြောလေသည်။
“ရှောင်ရှောင်းရေ.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကိုယ်နေတဲ့နေရာကို မင်းသေသေချာချာ မကြည့်ရသေးဘူးမလား.. ဒီနေ့ လိုက်ပြမယ်လေ..”
ထိုသို့ပြောပြီးသည့်နောက်တွင် ရှေ့သို့တိုးကာ ယင်ရှောင်ရှောင်းအား ကောက်ယူလိုက်သည်။
မော့လောင်တ ဒေါသထွက်လာသည်။ ‘မင်းက ငါ့မြွေကို ဘာကိစ္စနဲ့ အခုလို ကိုင်ရတာတုန်း..’ မော့လောင်တမှာ အလွန်အမင်း စိတ်သောကရောက်နေရသည်။ ကံမကောင်းစွာဖြင့် ကျိခန်းနှင့် ယင်ရှောင်ရှောင်းတို့သည် မော့လောင်တအား လျစ်လျူရှုထားကြလေသည်။
ဘာကို စိတ်သောကရောက်တာလဲ.. မြွေပွေးများ၏ ကာကွယ်စောင့်ရှောက်ပေးခြင်းခံရသည့် တစ္တေတစ်ကောင်အနေဖြင့် ကျိခန်းထံတွင် စိတ်သောကဟူသည့်အရာ မရှိချေ။ ကျိခန်း၏ သယ်ဆောင်ထားခံရသဖြင့် ယင်ရှောင်ရှောင်းမှာ သင်္ချိုင်းခန်းမအား ပုံမှန်အနေအထားဖြင့် ရှုမြင်နိုင်လေသည်။ ယင်ရှောင်ရှောင်းထံတွင် ထိုအရာအား လျစ်လျူရှုထားရမည်ဟူသည့် ထင်မြင်ချက်တစ်ခု ရှိလေသည်။ ထိုသို့ဖြင့် မော့လောင်တမှာ ကျိခန်းနောက်သို့ တစိုက်မတ်မတ် လိုက်ပါရုံသာ တတ်နိုင်တော့သည်။
ကျိခန်းသည် ကျောက်စားပွဲအနီးရှိ စင်္ကြံသို့သွားရန် ရွေးချယ်ခြင်း မရှိဘဲ လူလုပ်ရေကန်နံဘေးရှိ ကျောက်လမ်း (အဖိုးတန်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားပုံရသည့်) အတိုင်းသာ လျှောက်သွားလေသည်။ ထိုလမ်းမှာ အနောက်ဘက်သို့သွားရာလမ်းဖြစ်သည်။ ကျိခန်း၏လက်ထဲတွင် ပွေ့ထားခံရသည့် ယင်ရှောင်ရှောင်းမှာ ကျိခန်းလမ်းလျှောက်နေစဉ် အလင်းရောင်မှာ ပိုမိုဖျော့တော့ကာ မှောင်ရိပ်သန်းလာသည့်ကောင်းကင်အား မြင်တွေ့ရသဖြင့် အံ့အားသင့်နေမိသည်။
ယင်ရှောင်ရှောင်း ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်သည်။ အပေါ်ဘက်ဆီမှ အလင်းရောင်သည် တောက်ပသည့် နေ၏အလင်းရောင် မဟုတ်ဘဲ နေဝင်ချိန်ဖြစ်လို့နေသည်။ လိမ္မော်ရောင်နှင့် အဝါရောင် ဆိုးဆေးအား အသုံးပြုထားခြင်းကြောင့် ကန့်လန့်ကာနှင့်တူသည့် တိမ်တိုက်များမှာ လိမ္မော်ရောင်ဖျော့ဖျော့ သန်းနေသည်။
“ကိုယ်တို့အနောက်ဘက်ကို သွားလေလေ နေကပိုဝင်လာလေလေပဲ.. မျက်နှာချက်ရဲ့ အရှေ့ဘက်အခြမ်းက မိုးကုတ်စက်ဝိုင်းမှာ လပြည့်ပေါ်လာလိမ့်မယ်.. ရှေ့ဆက်သွားမယ်ဆိုရင် ညအချိန် လုံးဝရောက်သွားပြီဆိုတာနဲ့ ကြယ်ရောင်စုံ တလက်လက်တောက်ပနေတဲ့ လပြည့်ညကို အပြည့်အဝခံစားနိုင်မှာ..”
“ဝိုး.. ဒီဟာက နေ့နဲ့ည တစ်လှည့်စီ ပြောင်းလဲနေတဲ့ ကောင်းကင်ကြီးပေါ့.. အရမ်းမှော်ဆန်တာပဲ..”
ကျိခန်းသည် သူ၏လက်ထဲတွင်ပွေ့ချီထားသည့် ယင်ရှောင်ရှောင်းအား ငုံ့ကြည့်လိုက်သည်။
“အရမ်းမှော်ဆန်တာပေါ့.. ဒါပေမဲ့လည်း ဘယ်လောက်ပဲ မှော်ဆန်နေပါစေ အဆုံးကျတော့ ဒါက တကယ့်ကောင်းကင်ကြီး ဟုတ်မနေဘူးလေ..”
ယင်ရှောင်ရှောင်းမှာ ကျိခန်းအတွက် စိတ်မကောင်းဖြစ်စေမည့် အကြောင်းအရာအား ပြောမိမည်ကို စိုးရိမ်မိသည့်အတွက် စကားမပြောတော့ပေ။ သူ့အားမြှုပ်နှံထားသည့် အခန်းထဲတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ဤအကြောင်းအရာမှာ ပျော်ရွှင်စေနိုင်မည့် အကြောင်းတစ်ခု မဟုတ်ချေ။
ယင်ရှောင်ရှောင်း အရာအားလုံးကို ကြည့်နေမိသည်။ လူလုပ်ရေကန်အား ကျော်လွန်ပြီးနောက်တွင် ကောင်းမွန်စွာထွင်းထုထားသည့် သစ်ပင်များ ရှိလို့နေသည်။ ထိုသစ်ပင်များအလယ်တွင် မြက်ပင်များ၊ ပန်းများနှင့် ပိုးမွှားများ ရှိနေပြီး ထိုအရာများအား အရည်အသွေးအမြင့်ဆုံးသော ကျောက်စိမ်းများဖြင့် ထွင်းထုထားခြင်း ဖြစ်လေသည်။ ယင်ရှောင်ရှောင်း အံ့ဩမှုကြောင့် တိတ်ဆိတ်မှင်သက်လို့နေသည်။ စေ့စေ့စပ်စပ် ကြည့်လိုက်သည့်အခါ ပန်းများ၊ သစ်ပင်များအကြားရှိ အမှိုက်များကိုပင် ကျောက်မှုန်များဖြင့် ကောင်းမွန်သေချာစွာ ပြုလုပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအရာများအား ကြည့်နေရင်းဖြင့် ယင်ရှောင်ရှောင်းမှာ အံ့ဩနေဖို့ရန်သာ တတ်နိုင်လေသည်။
ကျိုးမင်းဆက်က အဲလောက်တောင် ချမ်းသာနေခဲ့တာလား.. ဒီနေရာမှာတင် အဖိုးတန်ကျောက်စိမ်းတွေ ရေလို့တောင်မရဘူး.. တစ်ခုတစ်လေလောက်များ ယူသွားလို့ရမယ်ဆို လုံးဝအဖိုးဖြတ်နိုင်မှာ မဟုတ်ဘူးနော်...
သူတို့ပြန်လာသည့် လမ်းတစ်လျှောက်မြင်ကွင်းမှာ ညအချိန်ဖြစ်လေသည်။ လပြည့်ညအလင်းရောင်နှင့် ကြယ်ရောင်တောက်ပမှုကြောင့် အရာအားလုံးမှာ လရောင်ဖုံးလွှမ်းနေပြီး ညအချိန်ဟူ၍ပင် တွေးမိမည် မဟုတ်တော့ချေ။ လူအများစုမှာ ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးအား မြင်တွေ့ဖူးကြလိမ့်မည် မဟုတ်ချေ။
ယင်ရှောင်ရှောင်း မကျေမနပ်နှင့် သက်ပြင်းချလိုက်သည်။ ကျိခန်းမှာ လှောင်ပြောင်မှုတို့ပါဝင်နေသည့် ရယ်သံတစ်ခု ပြုလိုက်သည်။ အဆုံးတွင် မော့လောင်တ၏ မျက်နှာမူ အမူအရာကင်းမဲ့လို့နေလေသည်။