အပိုင်း ၄၉
Viewers 12k


Chapter 49


ယင်ရှောင်ရှောင်းသည် နေပူဆာလှုံဖို့ရန် ဂူအပြင်ဘက်ရှိ ကွက်လပ်ကျယ်တွင် ပျင်းရိစွာလဲလျောင်းလို့နေသည်။ ဤရက်များတွင် ယင်ရှောင်ရှောင်းအား ပို၍ဖွံ့လာသလားဟု မေးမည်ဆိုလျှင် ဖွံ့လာပုံရသည်ဟု ပြန်ဖြေလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်ရှောင်ရှောင်းမှာ ခေါင်းလှည့်ကာဖြင့် ဖွံ့လာသည် မဖွံ့လာသည်ကို စစ်ဆေးကြည့်ရန် မလိုဟု ခံစားမိသည်။ ယင်ရှောင်ရှောင်း တွေးသည့်ပုံစံမှာ ယခုအခါတွင် သူ့အား အလိုအလျောက် ပြုစုစောင့်ရှောင့်ပေးလိုသည့် မြွေတစ်ကောင်ရှိနေပြီ ဖြစ်သည်ကြောင့် သူသည်လည်း နာခံရပေမည်။ ယခုအခါတွင် ယင်ရှောင်ရှောင်းမှာ ခန္ဓာကိုယ်ဖွံ့ကာ သက်သက်သာသာ ရှိလို့နေသည်။ အကယ်၍ မော့လောင်တသာ သူ့အား ထားသွားမည်ဆိုလျှင် နောက်ထပ်တစ်ကြိမ် အရိုးနှင့်အရေသာ ကျန်ပေလိမ့်မည်။

သို့သော်လည်း အဓိကအကြောင်းအရာကို ပြန်သွားရမည်ဆိုလျှင် တဟေးတန်နှင့် နေရခြင်းမှာ အမှန်တကယ် ကောင်းမွန်လွန်းလှသည်။ သူ့အနေဖြင့် စားသောက်စရာအတွက် ပူပင်ဖို့ရန် မလိုအပ်ချေ။ တစ်ခါတစ်ရံတွင် တဟေးတန်၏ စိတ်အခြေအနေမှာ မကောင်းလှသော်ငြား တဟေးတန်မှာ စက္ကူကျားသာဖြစ်ကြောင်း ယင်ရှောင်ရှောင်း သတိပြုမိသည်။ သူ့အနေဖြင့် ခေါင်းကလေးငုံ့ကာ အရှုံးပေးလိုက်မည်ဆိုလျှင် တဟေးတန်မှာ လွယ်လင့်တကူ ကျော်သွားပေးမည် ဖြစ်သည်။

ယင်ရှောင်ရှောင်းမှလွဲ၍ အခြားမည်သည့်မြွေမျှ တဟေးတန်အား ထိုကဲ့သို့ထင်မြင်ကြမည် မဟုတ်ချေ။ မြွေပွေးများသည် ဉာဏ်ရည်မြင့်မားလာကာ သက်တမ်းများရှည်လာကြပြီး လက်တွဲဖော်ကိုသာလျှင် မဖောက်မပြန် သစ္စာရှိ အားကိုးလာတတ်ကြသည့်တိုင် သူတို့၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝကို မစွန့်လွှတ်နိုင်ပါသေးချေ။ ထိုရက်စက်ကြမ်းကြုတ်သည့် သဘာဝမှာလည်း မော့မျိုးနွယ် မြွေများထံတွင် ပိုမိုရှင်းလင်းကာ နက်နက်နဲနဲ သရုပ်ထင်လေသည်။

မော့မြွေများအတွက် မောင်နှမသားချင်းများကြားတွင်ပင် သွေးသားရင်း ခံစားချက် အားနည်းကြသည်။ ကိုယ်စီလမ်းများ ရွေးချယ်ပြီးသည်နှင့် တစ်ကောင်နှင့်တစ်ကောင် အလွန်ဝေးဝေးမှပင် ရှောင်ကြလိမ့်မည်။ ထို့အပြင် မော့မြွေများ၌ မွေးရာပါရက်စက်ကြမ်းကြုတ်သည့် သဘောသဘာဝလည်း ရှိနေလေသည်။ သဘောမတူညီမှု တစ်ခုတည်းနှင့်ပင် တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်ဖို့ရန် လုံလောက်ပြီး ထိုအရာကပင် အခြားသောမြွေများမှ မော့မြွေများနှင့် ခင်မင်ပေါင်းသင်းလိုခြင်းမရှိရသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

မော့မြွေများ၏ စံပြဖြစ်သည့် မော့လောင်တအတွက်မူ သူ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများ မရှိပေ။ ယင်ရှောင်ရှောင်းရှေ့၌မူ ယခုထိတိုင်အောင် သူ၏ အသိမ်မွေ့ဆုံးဘက်ကိုသာ ပြသထားလေသည်။ သို့သော်လည်း မော့လောင်တအား အခြားမြွေတစ်ကောင်ကောင်မှ ပြစ်မှားစော်ကားလာမည်ဆိုလျှင် ၎င်းတို့ကို သတ်ဖြတ်ခြင်းမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ကျိခန်းအတွက်မူ... ဟေ့ ဟေ့.. အဲဒီလူက မြွေပွေးတွေ ကာကွယ်စောင့်ရှောက်ပေးနေရတာလေ.. မော့လောင်တက ဘယ်လိုလုပ်ပြီး ကျိခန်းကို တိုက်ခိုက်နိုင်မှာတုန်း..

ဤသည်မှာ မှတ်ဉာဏ်အမွေများ၏ နောက်ကွယ်မှ လုပ်ဆောင်ချက်ရလဒ်ပင် ဖြစ်သည်။ ဝင်္ကဘာတစ်ခု၏ နယ်နိမိတ်အတွင်း နေထိုင်ရသည့် မြွေပွေးတစ်ကောင်အနေဖြင့် မော့လောင်တအနေဖြင့် ကျိခန်းအား ကာကွယ်စောင့်ရှောက်ဖို့ရန် ငြင်းပယ်နိုင်စွမ်း မရှိပေ။

မော့လောင်တ အစာကိုဆွဲကာဖြင့် ပြန်လာသည်။ တစ်ချက်ကြည့်လိုက်သည့်အခါ နေရောင်အောက်ရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ယင်ရှောင်ရှောင်းအား တွေ့လိုက်ရသည်။ မော့လောင်တ ကူကယ်ရာမဲ့သွားသော်လည်း ရှေ့သို့တိုးကာ ယင်ရှောင်ရှောင်းအား အနမ်းပေးလိုက်သည်။ ထိုကောင်လေးအား ပိုမြင်လာသည်နှင့် ပိုမို သဘောကျနှစ်သက်လာမိသည်။ ထိုအရူးပေါက်လေးအား မြင်လေလေ စားချင်မိလေလေ ဖြစ်နေလေသည်။

မော့လောင်တ၏ သီလမရှိသည့် အပြုအမူအား အာရုံခံမိသဖြင့် ယင်ရှောင်ရှောင်းသည် သူ၏မြွေဗီဇနှင့်အညီ ပြုမူလိုက်သည်။ မှိတ်ထားသည့်မျက်လုံးများမှာ ပြူးကျယ်လာသည်။ မော့လောင်တ၏အောက်မှ ခန္ဓာကိုယ်အား နှစ်ကြိမ်ခန့်လှိမ့်ကာ ထွက်လိုက်သည်။ မော့လောင်တအားကြည့်ရင်း ခန္ဓာကိုယ်မှာလည်း မတ်လာသည်။

မော့လောင်တ၏ နှုတ်ခမ်းထောင့်များမြင့်တက်ကာ အပြုံးတစ်ခု ပေါ်လာသည်။ အရူးပေါက်လေးမှာ အလွန်သတိရှိနေဆဲ ဖြစ်သည်။ မော့လောင်တ သူတို့နှစ်ဦးကြား အစာများ ပစ်လိုက်သည်။

“ဖားနှစ်ကောင်.. ငှက်သုံးကောင်.. ယုန်တစ်ကောင်.. အိုး.. ငှက်ဥနည်းနည်းလည်း တွေ့ထားသေးတယ်.. မင်းစားချင်တယ်ဆို ကိုယ်သွားယူပေးလို့ရတယ်နော်..”

ယင်ရှောင်ရှောင်းသည် မြေပြင်ပေါ်ရှိ စားစရာများအား မကြည့်မီ မော့လောင်တအား သံသယတို့ဖြင့် ကြည့်လိုက်သည်။

“ကျွန်တော် ယုန်ယူမယ်.. ခင်ဗျား ကျန်တာစားလိုက်လို့ရတယ်.. ငှက်ဥတွေကိုတော့.. ဒီဟာတွေစားပြီးရင် ရေသွားချိုးမယ်.. ပြီးရင် ငှက်ဥတွေသွားရှာမယ်.. ညနေကျရင် ငှက်တွေကို မီးဖုတ်စားမယ်ဆို ဘယ်လိုလဲ..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ အဆိုအား သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ မီးညှိရန်ပြင်စဉ်တွင် သူ၏နောက်မှ လိုက်လာသည့် ယင်ရှောင်ရှောင်းအား ပြောလိုက်သည်။

“မင်းကို ယုန်တစ်ကောင်လုံးစားဖို့ ကိုယ်ဖိအားမပေးနိုင်ဘူးရယ်.. ဒါပေမဲ့လည်း အနည်းဆုံးတော့ တစ်ဝက်ကျော်ကျော်လောက် စားရမယ်နော်.. မင်းစားတာ အရမ်းနည်းလွန်းတယ်.. စိတ်မရှည်လို့ဆိုပြီး တစ်ခါတည်းအများကြီးစားတာမျိုးတော့ ဘယ်ဟုတ်မလဲ.. ဒါပေမဲ့လည်း တစ်ကြိမ်ထက်တစ်ကြိမ် နည်းနည်းချင်းစီ ပိုပြီးတော့ စားသင့်တယ်.. အဲဒါဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပိုပြီးတော့ စားနိုင်လာလိမ့်မယ်..”

“သိပြီ.. သိပြီ..”

ယင်ရှောင်ရှောင်းသည် မော့လောင်တအား စိတ်မရှည်စွာဖြေရင်းဖြင့် ယုန်မီးဖုတ်အားကြည့်ကာ သွားရည်ယိုနေလေသည်။

မော့လောင်တ စိတ်ထဲမထားပေ။ ကျက်နေပြီဖြစ်သည့် ယုန်အား စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် မီးထဲမှထုတ်လိုက်ပြီး အားစိုက်ထုတ်မှုများစွာမရှိဘဲ မီးငြှိမ်းလိုက်သည်။ မော့လောင်တအား လှည့်ပတ်ကာဖြင့် ယင်ရှောင်ရှောင်းမှာ စကားပြောဖို့ရန် အလျင်လိုနေခြင်း မရှိဘဲ မော့လောင်တကိုသာလျှင် စိတ်မရှည်စွာဖြင့် ကြည့်နေလေသည်။ မီးငြှိမ်းပြီးနောက်တွင် မော့လောင်တသည် ရွှံ့မံထားသည့် ယုန်မီးဖုတ်အား သူ၏အရှေ့တွင်ထားလိုက်သည်။ ထို့နောက် အမြီးဖြင့် ရွှံ့များအား ရိုက်ပုတ်လိုက်ပြီး အတွင်းရှိ ယုန်မှာလည်း အလုံးစုံပေါ်လုနီးနီးဖြစ်သည်။ ထို့နောက်တွင် မော့လောင်တသည် ရိုက်ပုတ်နေခြင်းအား ရိုက်ကာ ယုန်တွင်ကပ်နေသည့် ရွှံ့များအား သန့်စင်လိုက်သည်။

ဘာဖြစ်တယ်.. ယင်ရှောင်ရှောင်း စားလို့ရပြီးလားလို့ ပြောတာလား.. နိုး.. နိုး.. နိုး.. စားလို့ဘယ်ရဦးမလဲ.. ယုန်ကို ရွှံ့မံပြီး သေသေချာချာလေး မီးဖုတ်ထားပေမဲ့လည်း အမွေးတွေ ရှိနေသေးတယ်ဆိုတာ မမေ့ရဘူးလေ.. ယင်ရှောင်ရှောင်းက မီးမဖုတ်ခင် ယုန်ရဲ့အရေခွံကို မခွာနိုင်တာကြောင့် မော့လောင်တက အရေခွံနွှာပေးရဦးမှာ.. ပြီးတော့မှ ယင်ရှောင်ရှောင်းစားဖို့ အသားကို ချန်ထားပေးရမှာ.. မော့လောင်တကလည်း ယုန်မွေးကို မစားဘူးလေ..

“အင်း.. ဒီနေ့ယုန်က ချက်ရတာ နည်းနည်းပိုကြာတယ်နော်.. နောက်တစ်ကြိမ်ကျ အပူချိန်ကို သေချာလေး ဂရုစိုက်ပါဦး.. နည်းနည်းပိုနူးရင် အရသာရှိမှာ..”

စားသောက်နေရရုံနှင့် ယင်ရှောင်ရှောင်း၏ပါးစပ်အား ရပ်တန့်ဖို့ရာ မဖြစ်နိုင်ပေ။ စားနေရင်းနှင့်ပင် အတွန့်တက်လို့နေသေးသည်။

မော့လောင်တ ပြုံးလိုက်ပြီး မျက်နှာမှာလည်း သည်းသည်းလှုပ် ချစ်မြတ်နိုးမှုတို့နှင့် ပြည့်လို့နေသည်။

“ဟုတ်ပါပြီ.. နောက်တစ်ခါကျ နည်းနည်းလျှော့လိုက်မယ်နော်..”

ယင်ရှောင်ရှောင်းရေ.. မဟုတ်တာတွေကို လိုက်ပြီး အတွန့်တက်နေလိုက်တာနော်.. ယင်တပိုင်၊ ဟွားရှောင်ဟွားနဲ့ ကျန်တဲ့မြွေလေးငါးကောင်ဆိုရင်လည်း မင်းအတွက် အခုလိုတွေ လုပ်ပေးမှာပဲလေ..

အိုး.. ဟုတ်သားပဲ.. မြွေပွေးတစ်ကောင်က အစာစားတဲ့အခါမှာ သားကောင်ကို အရင်ကိုက်ပြီး အဆိပ်ထိုးသွင်းတယ် ဒါမှမဟုတ် တစ်ခါတည်း ကိုက်သတ်လိုက်တာမျိုး လုပ်ကြတာ.. ပြီးရင် သွားတွေနဲ့ ကိုက်ဖြတ်တာတို့ဘာတို့ မလုပ်ဘဲနဲ့ မြိုချပစ်လိုက်တယ်.. ဒါပေမဲ့ ယင်ရှောင်ရှောင်းက ဘယ်သူလဲ.. သူ့ကို သာမာန်မြွေတွေနဲ့ ယှဉ်လို့ရမှာလား.. ယုန်ကိုစားနေတဲ့ပုံကိုပဲ ကြည့်လေ.. အဲဒီယုန်ကို ပျော်ပျော်ကြီး သွားနဲ့ကိုက်ဆွဲနေတာ မဟုတ်ဘူးလား.. စစချင်းတော့ မော့လောင်တက တော်တော်လေး အံ့ဩသွားခဲ့တာ.. ဒါပေမဲ့လည်း အဲဒါကို သင်လိုက်ပြီး ယင်ရှောင်ရှောင်းထက်တောင် ပိုပြီးတော့ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ကိုက်နိုင်သေးတယ်.. မော့လောင်တက ဒီဟာကို အရမ်းကြီး လေးလေးနက်နက် မထားပေမဲ့လည်း ကိုက်ဖြတ်ခြင်းအနုပညာကို သင်ယူပြီးတော့ သားကောင်ကြီးတွေကို တိုက်ခိုက်နိုင်ပြီ ဆိုတဲ့အတွေးက တိတ်တိတ်လေး ကြီးထွားလာတယ်.. မြွေပွေးတွေက သားကောင်ကြီးတွေကို များသောအားဖြင့် မထိကြဘူးဆိုတာ သူတို့ကို ယှဉ်ပြီး မတိုက်ခိုက်နိုင်လို့ မဟုတ်ဘဲ တိုက်ခိုက်ပြီးတဲ့နောက် တစ်ကောင်လုံး မြိုမချနိုင်လို့ပဲ.. ပြီးတော့ အဲဒီသားကောင်ကြီးတွေကို ဘယ်လိုရွှေ့ရမလဲဆိုတာ မသိကြဘူးရယ်.. ဒါပေမဲ့လည်း ကိုက်ဖြတ်ပြီး ဝါးစားတာကို သင်ယူပြီးတဲ့ မော့လောင်တကတော့ ကွဲပြားသွားပြီ.. တစ်ဝက်ကိုစားပြီး ကျန်တာကို သိမ်းထားနိုင်တယ်..

မော့လောင်တသည် ထိုနည်းလမ်းနှင့်ပတ်သက်၍ စဉ်းစားရုံသာရှိနေသေးပြီး လက်တွေ့အကောင်အထည်ဖော်ရန် အတွက်မူ နောက်ပိုင်းမှသာ ဆွေးနွေးရမည် ဖြစ်သည်။

ယုန်၏ လေးပုံသုံးပုံခန့်အား အောင်မြင်စွာ စားသောက်ပြီးနောက် ယင်ရှောင်ရှောင်း အလွန်ကျေနပ်သွားလေသည်။ မော့လောင်တသည်လည်း အလွန်ကျေနပ်သွားသည်။ ယင်ရှောင်ရှောင်းကျန်သည့် ယုန်အား မော့လောင်တ မြိုချပြီးနောက် မြွေနှစ်ကောင်မှာ ဒယီးဒယိုင်ဖြင့် ချောင်းဆိသို့ ထွက်ခွာကြလေသည်။

ယခင်အတိုင်းပင် ယင်ရှောင်ရှောင်းသည် နှစ်ရက်တစ်ကြိမ် ကိုယ်လက်သန့်စင်ခြင်းနှင့် သုံးရက်တစ်ကြိမ် ရေချိုးခြင်း အလေ့အကျင့်ကောင်းအား ထိန်းသိမ်းထားဆဲဖြစ်သည်။ သို့သော်လည်း မော့လောင်တမှာမူ ယခင်ကဲ့သို့ပင် ရေထဲသို့ဆင်းရခြင်းအား နှစ်သက်ခြင်းမရှိချေ။ ချောင်းနံဘေးရှိ အေးစက်စက် စိုစိစိ ခံစားချက်အားလည်း သဘောကျခြင်း မရှိသော်ငြား ယင်ရှောင်ရှောင်း သဘောကျသည့်အတွက် မော့လောင်တမှာ ရွေးချယ်ရန်မရှိဘဲ အဖော်ပြုပေးရတော့သည်။

ကျေးဇူးပြုပြီး စိုးရိမ်မနေပါနဲ့နော်.. အဆုံးကျရင်တော့ မော့လောင်တကလည်း သေချာပေါက်ရေထဲကိုဆင်းပြီး ယင်ရှောင်ရှောင်းကို အဖော်လုပ်ပေးမှာပါ..

မော့လောင်တသည် ချောင်းအနီးရှိ ကျောက်တုံးတစ်ခုပေါ်တွင် ဝမ်းလျားမှောက်ကာ လှဲနေလေသည်။ ယင်ရှောင်ရှောင်းမှာ ကျောက်တုံးနှင့် မနီးမဝေးတွင် ရေစိမ်နေပြီ ဖြစ်သည်။ မော့လောင်တ အမြီးယမ်းလိုက်ပြီး ရုတ်တရက်ဆိုသလို ယင်ရှောင်ရှောင်းအား ပြောလေသည်။

“မင်းမှာ အစ်ကိုတွေရှိတယ်မလား အရူးပေါက်လေး..”

“ရှိတယ်လေ..”

ယင်ရှောင်ရှောင်း ခန္ဓာကိုယ်အား ရေထဲတွင် မှောက်ချည်လှန်ချည် ပြုလို့နေသည်။

“သူတို့နဲ့တွေ့ဖို့ မလိုဘူးလား..”

မော့မြွေများတွင် ထိုကဲ့သို့သော အလေ့အထမျိုး မရှိသော်လည်း ပုံမှန်မြွေ‌ပွေးများအကြားတွင် မိသားစုချစ်ခြင်းမေတ္တာသည် အလွန်အရေးကြီးကြောင်း မော့လောင်တ သတိရမိသည်။ အထူးသဖြင့် အရွယ်မရောက်သေးသည့် မြွေပွေးများအတွက် ညီအစ်ကိုမောင်နှမနှင့် မိဘများနှင့် စကားစမြည် ပြောဆိုရန်အတွက် မကြာခဏဆိုသလို အတူတူရှိတတ်ကြသည်။ မော့လောင်တမှာ တကယ်တမ်းတွင် ထိုကဲ့သို့သော အပြုအမူမျိုးအား နားမလည်နိုင်သော်လည်း ယခုအခါတွင် ယင်ရှောင်ရှောင်းမှာ သူနှင့်အတူ ရှိနေပြီဖြစ်သည့်အပြင် အပြည့်အဝ အရွယ်မရောက်သေးသည့် မြွေတစ်ကောင်ဖြစ်နေသည့်အတွက် ယင်ရှောင်ရှောင်း သူ၏မိသားစုထံ ပြန်လည်သွားရောက်လိုစိတ်ရှိမည်ဆိုလျှင် မော့လောင်တ သေချာပေါက် လိုက်ပါမည်ဖြစ်သည်။

မော့လောင်တ ယင်ရှောင်ရှောင်းနောက်သို့ လိုက်ပါချင်ရသည့် ပထမအချက်မှာ မဖြစ်မနေ လုပ်ရမည့်အရာ ဖြစ်ခြင်းကြောင့်ပင်။ ဒုတိယအချက်မှာမူ ယင်ရှောင်ရှောင်း၏ ဖေဖေနှင့် ပါပါးအား ယင်ရှောင်ရှောင်းမှာ သူနှင့်အတူ ရှိသွားလိမ့်မည် ဟူသည်အား ပြောပြချင်သောကြောင့် ဖြစ်သည်။

ဟုတ်ပါသည်။ မော့လောင်တသည် သူ၏ခံစားချက်များအား နားလည်သဘောပေါက်ကာ ယင်ရှောင်ရှောင်းအား နှစ်သက်သဘောကျနေမိသည်ကို သိရှိသွားသည့် အချိန်မှစကာ ယင်ရှောင်ရှောင်းအား သူ၏အပိုင်အဖြစ် ချက်ချင်းစဉ်းစားခဲ့သည်မှာ ကျိုးကြောင်းသင့်လှသည်။

မော့လောင်တစဉ်းစားသည်မှာ သူသည် အထူးချွန်ဆုံးသော မော့မြွေဖြစ်ပြီး အရူးပေါက်လေးအား ရှောင်တိမ်းခြင်း မရှိသည့်အပြင် နှစ်သက်သဘောကျခြင်းပင် ရှိလာခဲ့သည်ကြောင့် သူကဲ့သို့သော အလွန်အမင်း ထူးချွန်ထက်မြက်လှသည့် မော့မြွေအား အရူးပေါက်လေး သဘောမကျရန် မဖြစ်နိုင်ပေ။ သူ့အား သဘောမကျဖို့ရန်မှာလည်း လုံးဝဥဿုံ မဖြစ်နိုင်သည့်အရာပင်။ အရူးပေါက်လေးမှာ သူ့အား သေချာပေါက် သဘောကျနေပေသည်။

ထို့ကြောင့် ယင်ရှောင်ရှောင်း နောက်တစ်ကြိမ် မိသားစုပြန်လည်ပေါင်းသည်းရန် ပြန်သည့်အခါတွင် ကိစ္စရပ်များအား ရှင်းလင်းဖို့ရန်အတွက် အရူးပေါက်လေးမှာ သူ၏လက်တွဲဖော်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း အတည်ပြုမည် ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်း၏ အသက်အရွယ်အား ပြန်လည်စဉ်းစားမိသည့်အခါတွင် မော့လောင်တ သွားများပင် ကိုက်ခဲလာလေသည်။ မော့လောင်တမှာ အရွယ်ရောက်ဖို့ရန် နှစ်နှစ်သာလိုတော့သည့်အချိန်တွင် အလွန်အမင်း စိတ်တိုရသည်မှာ ယင်ရှောင်ရှောင်းမှာ အသက် ၁၀ နှစ်သာ ရှိနေသေးပြီး ပိုဆိုးသည်မှာ အရွယ်ရောက်ဖို့ရန် အနှစ် ၂၀ ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။

မော့လောင်တ၏ နှလုံးသားလေးမှာ ကိန်းဂဏန်းများကြောင့် တုန်လှုပ်ချောက်ခြားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ယင်ရှောင်ရှောင်းမှာ လုံးလုံးလျားလျား သတိမမူမိချေ။

“အိုး.. လိုတာပေါ့..”

ရေထဲရှိ ယင်ရှောင်ရှောင်းမှာ ခေါင်းညိတ်ပြီးနောက် ခေတ္တစဉ်းစားလို့နေသည်။

“အဲဒါက တစ်နှစ်အတွင်းဖြစ်လိမ့်မယ်.. အခုကနေ တစ်နှစ်အတွင်းဆိုရင်.. စဉ်းစားပါရစေဦး.. နှစ်လ သုံးလလောက် လိုဦးမယ်ထင်တယ်.. အဲဒီအချိန်ကျရင် ကျွန်တော့်အစ်ကိုတွေတင်မကဘူး ပါပါးနဲ့ဖေဖေတို့ပါ ပြန်လာကြမှာ..”

မော့လောင်တ၏ ပါးစပ်ထောင့်များ မဲ့သွားလေသည်။ ‘အစ်ကို ငါးကောင်တဲ့လား.. ယင်ရှောင်ရှောင်း အပါဆိုရင် ခြောက်ကောင်ဖြစ်မသွားဘူးလား.. အရမ်းများတာနော်..’

ဤအချိန်တွင် မော့မျိုးနွယ်၏ ဝမ်းနည်းဖွယ်အကောင်းဆုံး ကိစ္စရပ်အား ပြောပြရန်မှတပါး ရွေးချယ်ရန် မရှိပေ _ ၎င်းတို့၏ မွေးဖွားနှုန်းမှာ အလွန်နိမ့်လှသည်။ မိုးကောင်းကင်မှာ မျှတလေသည်။ ထူးချွန်ပြီး အစွမ်းထက်လှသည့် မျိုးရိုးများအတွက် မျိုးဆက်သစ်မွေးဖွားခြင်းမှာ အမြဲတမ်း ပြဿနာတစ်ခု ဖြစ်လေသည်။ ဝင်္ကဘာအတွင်း နေထိုင်ရသည့် မြွေပွေးများအတွက်ပင်လျှင် ချွင်းချက်မဟုတ်ခဲ့ပေ။ အစွမ်းအထက်ဆုံးသော မြွေပွေးမျိုးနွယ်များအတွက် မျိုးပွားမှုမှာ ပြဿနာတစ်ခုဆိုသည်ထက်ပင် ပိုလေသည်။

မော့လောင်တသည် ဖို-မ မော့မြွေမိသားစုတွင် မွေးဖွားခဲ့သူဖြစ်သည်။ မော့လောင်တမှာ အကြီးဆုံးဖြစ်ပြီး သူ၏အောက်တွင် ညီမဖြစ်သူ မော့လောင်အာနှင့် ညီဖြစ်သူ မော့လောင်စန်းတို့ရှိသည်။ မော့မြွေမျိုးနွယ်စုတွင် ကလေးသုံးကောင် မွေးဖွားနိုင်သည့် မိသားစုအား အခြားမိသားစုများမှ မနာလိုကာ မုန်းတီးကြသည်။ မော့မြွေများအတွက် သူတို့ဘဝသက်တမ်းတစ်လျှောက် ကိုယ်ဝန်မရနိုင် မီးမဖွားနိုင်သည့် မြွေအချို့ ရှိကြသည်။ အများစုမှာ တစ်ကောင်သို့မဟုတ် နှစ်ကောင်ခန့်သာ မွေးဖွားနိုင်ပြီး အလွန်သေးငယ်သည့် အစိတ်အပိုင်းသာလျှင် သုံးကောင် သို့မဟုတ် သုံးကောင်ထက်ပို၍ မွေးဖွားနိုင်ခြင်းဖြစ်သည်။ မော့မြွေသမိုင်းတွင် ကလေးအများဆုံး မွေးဖွားခဲ့သည့် မိသားစုမှာ ငါးကောင်တိတိ မွေးဖွားခဲ့ပြီး ထိုအခြင်းအရာမှာလည်း တစ်ကြိမ်သာလျှင် ရှိခဲ့ဖူးသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းထံတွင် အစ်ကိုငါးကောင်ရှိနေကြောင်း သိလိုက်ရသည့်အခါတွင် မော့လောင်တ မည်မျှအထိ ရူးသွပ်သွားသည်ကို ကောင်းကောင်းတွေးကြည့်နိုင်သည်။

“ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်..”

“အမ်..”

သူ၏ ဖေဖေနှင့် ပါပါးသည် မော့မြွေများအား အလွန်မနှစ်သက်သည်ကို ယင်ရှောင်ရှောင်း သိထားသည်။ အကယ်၍ သူသာ မော့လောင်တအား ခေါ်လာခဲ့ပါက ဖေဖေနှင့် ပါပါး၏ မျက်နှာများ မည်မျှလောက်အထိ အရုပ်ဆိုးသွားမည်ကို စိတ်ကူးနှင့်ပင် မြင်ယောင်ကြည့်နိုင်သည်။

“... မလိုက်တာ ပိုကောင်းပါတယ်.. ကျွန်တော့်ဘာသာ ပြန်သွားလို့ရတယ်..”

ယင်ရှောင်ရှောင်း တုံ့ဆိုင်းကာဖြင့် ပြောသည်။

မော့လောင်တ ယင်ရှောင်ရှောင်းအား ခပ်ပေါ့ပေါ့ ငဲ့ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို စကားပင် မပြောရဲတော့ချေ။ ‘ဟွန့်.. အဲဒီတဟေးတန်က ပါပါးနဲ့ဖေဖေ့ရဲ့ မောင်းထုတ်ခံရမှာကို မကြောက်ရင် လိုက်ခဲ့ပေါ့.. ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ..’

ယင်ရှောင်ရှောင်း နှုတ်ဆိတ်နေသည်ကို မြင်သည့်အတွက် မော့လောင်တမှာ ယင်ရှောင်ရှောင်းသည် သူနှင့်အတူ အိမ်သို့ပြန်မည်ကို သဘောတူသည်ဟု မော့လောင်တ ထင်သွားမိသည်။ ထို့နောက် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။

“ဒါဆို ကိုယ်တို့ ဒီမှာ နောက်တစ်လလောက် ထပ်နေကြမယ်.. ပြီးရင်တော့ မင်းရဲ့အိမ်ကို ပြန်ကြတာပေါ့..”