အပိုင်း ၅၀
Viewers 16k

Chapter 50


"ခန်းခန်း ငါမင်းနဲ့မခွဲချင်ဘူး!"

“ရှောင်ရှောင်း.. ကိုယ်လည်းမင်းနဲ့ မခွဲချင်ဘူး.. မသွားပါနဲ့...”

“ခန်းခန်း.. ငါလည်းမသွားချင်ဘူးလို့.. ဒါပေမဲ့ တဟေးတန်က သွားခိုင်းနေတာ..”

“မင်းလုံးဝကြောက်မနေနဲ့ ရှောင်ရှောင်း.. ကိုယ့်သင်္ချိုင်းထဲမှာ ပုန်းနေလို့ရတယ်လေ..”

……….

မော့လောင်တသည် နဖူးပေါ်တွင် ရုတ်တရက်ပေါ်လာသည့် သွေးကြောများအား အမြီးဖြင့်ဖိလိုက်ပြီး သွားများကို တင်းတင်းကြိတ်ကာဖြင့် ပြောသည်။

“အရူးပေါက်လေး.. ကိုယ်တို့က ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာမှာမှ မဟုတ်တာ.. လနည်းနည်းပဲ သွားမှာပါ.. အဲဒီထက် မပိုဘူးလေ..”

ယင်ရှောင်ရှောင်းသည် ကျိခန်းနှင့် အလွန်စိတ်ထိခိုက်ဖွယ်ရာစကားများအား ပြောဆိုနေချိန် ထိုစကားများကို ကြားလိုက်ရသည့်အခါ မျက်ရည်များအပြည့်နှင့် မျက်လုံးကြီးနှစ်လုံးအား ဖွင့်ကာဖြင့် မော့လောင်တအား လှည့်ကြည့်လိုက်သည်။

“ကျွန်တော်ထွက်သွားရင် ခန်းခန်း အထီးကျန်နေမှာ..”

မော့‌လောင်တ: “…”

ကျိခန်း : “ရှောင်ရှောင်း.. ကိုယ့်ကို ထားမသွားပါနဲ့..”

မော့လောင်တသည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် သူ၏ သန်မာထူထဲသည့် အမြီးဖြင့် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား နှစ်ကြိမ်ရစ်ပတ်လိုက်ပြီး အဝေးသို့ဆွဲခေါ်သွားလေသည်။ ကျိခန်း၏ အာရုံသိစိတ်အပြင်ဘက်သို့ ရောက်သည့်အခါမှသာ ယင်ရှောင်ရှောင်းအား လွှတ်ပေးလိုက်သည်။ ယင်ရှောင်ရှောင်း ချက်ချင်း ပြန်ပြေးသွားသော်ငြား မော့လောင်တ၏အမြီးဖြင့် တွယ်ချိတ်ထားခံရသောကြောင့် ရပ်တန့်ခဲ့ရသည်။

ယင်ရှောင်ရှောင်း ခေတ္တမျှ ခုန်ပေါက်ခဲ့သော်ငြား လွတ်မြောက်နိုင်ခြင်း မရှိပေ။ ‌ခေါင်းလှည့်ကာဖြင့် မော့လောင်တအား ရန်လိုစွာကြည့်လိုက်သည်။ ထို့နောက် ခပ်တိုးတိုး သက်ပြင်းချရင်း ‘တဟေးတန်.. တဟေးတန်.. ငါအခုလို လုပ်နေတာ ခင်ဗျားအတွက်ပဲ သိရဲ့လား.. ခင်ဗျားသာ တကယ်ကြီး ငါနဲ့ပြန်လိုက်ရင် ငါ့ပါပါးနဲ့ ဖေဖေက ဒေါသထွက်လွန်းလို့ သေသွားမှာ စိုးရတယ်.. အဲဒီအချိန်ကျရင် ငါတို့တွေ ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး..’

မော့လောင်တသည် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ဖြစ်တည်မှုအား ဂရုမစိုက်ခြင်းလား သို့တည်းမဟုတ် ထိုအကြောင်းမှာ သူ့စိတ်ထဲသို့ပင် ဝင်မလာခြင်းများလားကို မည်သူမျှ မသိနိုင်ချေ။ သို့သော်လည်း မော့လောင်တသည် ခေါင်းမာမာဖြင့် ယင်ရှောင်ရှောင်းနောက်သို့ လိုက်ရန်သာ ကပ်တွယ်နေလေသည်။

မော့လောင်တ ယင်ရှောင်ရှောင်း၏ လေးဖင့်နေသည့် အမူအရာကို ကြည့်ရင်း နှလုံးသားလေးပင် ယားယံလာသည်။ သူ၏ ရှောင်ရှောင်းလေးမှာ အမှန်တကယ်ကို နှစ်လိုဖွယ်ရာပင်။

ရန်လိုနေတဲ့ အမူအရာလေးကို ကြည့်ပါဦး.. နှုတ်ခမ်းလေးတွေကို တင်းတင်းစေ့ထားလိုက်ပုံများ.. ဘုရားရေ.. ဒီကောင်လေးက တကယ်ကို ချစ်စရာကောင်းလိုက်တာနော်.. မင်းတို့ကော အဲလိုမထင်ဘူးလား..

မော့လောင်တမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းကို အနမ်းပေးလိုက်တော့သည်။


ယင်ရှောင်ရှောင်း ပို၍ပင် ရန်လိုလာတော့သည်။ သူထိုမျှလောက်ထိအောင် စိတ်ဆိုးနေသည့်တိုင် တဟေးတန်မှာ သူ၏နှုတ်ခမ်းအား နမ်းနေဆဲဖြစ်သည်။

“မင်းစိတ်ကိုလျှော့ထားသင့်တယ် အရူးပေါက်လေးရဲ့.. မင်းရဲ့ ဖေဖေနဲ့ ပါပါးက ကိုယ့်ကို သေချာပေါက် သဘောကျမှာပါ..”

မော့လောင်တ ရိုးသားစွာ ကတိပြုလေသည်။ သူ၏စိတ်ထဲတွင် ဆက်ပြောနေသည်မှာ ‘ကိုယ်က ထူးချွန်ထက်မြက်တဲ့ မြွေတစ်ကောင်လေ.. သူတို့က ဘယ်လိုလုပ်ပြီး ကိုယ့်ကို သဘောမကျမှာတဲ့တုန်း..’

“..ဖေဖေနဲ့ ပါပါးက သေချာပေါက် စိတ်ဆိုးသွားကြမှာ.. ငါက ဦးဦးဟေးနဲ့ သူငယ်ချင်းဖြစ်တုန်းကလိုမျိုး ဖေဖေနဲ့ပါပါးက စိတ်ဆိုးသွားကြမှာ.. မော့မြွေနဲ့ ဒုတိယအကြိမ် သူငယ်ချင်းတွေ ဖြစ်နေတာကို သိရင် ဖေဖေနဲ့ပါပါးက သေချာပေါက် သူတို့အမြီးနဲ့ ရိုက်ကြမှာလို့..”

ယင်ရှောင်ရှောင်း တစ်ကိုယ်တည်း ရေရွတ်နေလေသည်။

ကံမကောင်းစွာဖြင့် မော့လောင်တ၏ အကြားအာရုံမှာ အတော်လေးကောင်းလေသည်။ ယင်ရှောင်ရှောင်း၏ တီးတိုးရေရွတ်သံအား စကားလုံးတစ်လုံးချင်းစီတိုင်းကို မော့လောင်တ ကြားလိုက်ရသည်။ “...သူငယ်ချင်း လား..”

မော့လောင်တ၏ ရုတ်တရက် ကျယ်လောင်သည့်အသံကြောင့် ယင်ရှောင်ရှောင်း ထိတ်လန့်တကြား ထခုန်မိပြီး အမြီးဖြင့် နှလုံးသားရှိရာတဝိုက်အား ပုတ်လိုက်သည်။

“ဘာကိစ္စနဲ့ အဲလိုအော်ဟစ်နေရတာတုန်း.. လန့်ပြီး သေတော့မလိုပဲ သိရဲ့လား..”

“မင်းအခုလေးတင် ပြောလိုက်တာက မင်းနဲ့ကိုယ်က သူငယ်ချင်းလို့လား..”

မော့လောင်တ၏အသံမှာ အလွန်နူးညံ့သော်လည်း ယင်ရှောင်ရှောင်း၏ နောက်ကျောတစ်ခုလုံး အေးစက်လာသည်။ စိတ်ထဲတွင် ဆိုးဝါးသည့် နိမိတ်တစ်ခုအား ခံစားလိုက်ရသည်။

“ဟုတ်.. ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ.. ကျွန်တော်တို့က သူငယ်ချင်းမဟုတ်ဘူးလား..”

မော့လောင်တ ခေတ္တမျှကြာအောင် တိတ်တဆိတ် ရပ်နေလိုက်သည်။

“မင်းရဲ့သူငယ်ချင်းတွေက မင်းကိုနမ်းလို့ရလား..”

နမ်းတာလား..။ ယင်ရှောင်ရှောင်း မလှုပ်မယှက်ဖြင့် ထိုမေးခွန်းအား စဉ်းစားလို့နေသည်။ ပြီးခဲ့သည့်လများတွင် တဟေးတန်သည် သူ၏နှုတ်ခမ်းထောင့်များအား မကြာခဏဆိုသလို အနမ်းပေးခဲ့သည်။ သို့သော်လည်း သူတွေးမိခဲ့သည်မှာ မော့လောင်တသည်လည်း အခြားမြွေများ၏ အတင်းအကြပ် အနမ်းပေးခံခဲ့ရသဖြင့် ထိုသို့ပြုလုပ်ခြင်းဖြစ်မည်ဟု သာဖြစ်ပြီး ယခုအခါတွင် မော့လောင်တ၏ အဆိုအရ ထိုသို့မဟုတ်ဟန်ရှိသည်။ ဖြစ်နိုင်သည်မှာ..

“ကျွန်တော့်ကို သဘောကျနေတာလား..”

ယင်ရှောင်ရှောင်း၏ လေသံမှာ အံ့အားသင့်မှုအပြည့်နှင့်ပင်။

မော့လောင်တမှာ ဒေါသနှင့် ရှက်ရွံ့မှုတို့ပေါင်းဆုံကာ ပေါက်ကွဲလာတော့သည်။

“ကိုယ်ကမင်းကို သဘောကျတယ်တဲ့လား.. ဟာသတွေမပြောနဲ့ကွာ.. မင်းလို အရူးပေါက်လေးကို ကိုယ်က ဘယ်လိုဖြစ်ပြီး သဘောကျမှာတဲ့တုန်း..”

အဟမ်း.. အဟမ်း.. မော့လောင်တ၏မျက်နှာမှာ နီရဲလို့နေပြီ ဖြစ်သည် သို့သော် သူ၏မျက်နှာမှာ မည်းလို့နေသည်ကြောင့် မည်းမှောင်နေဆဲဖြစ်ရာယင်ရှောင်ရှောင်း သတိမပြုမိပေ။

“ဟူး.. ဟူး.. ကံကောင်းလို့.. ကံကောင်းလို့.. ကျွန်တော့်မှာ လန့်သေတော့မလို..”

ယင်ရှောင်ရှောင်း အမြီးဖြင့် နှလုံးသားရှိရာအား ထပ်ပုတ်လိုက်သည်။ သူ၏ပါးစပ်မှာ သေလုမတတ် ကြောက်ရွံ့နေသည်ဟု ဆိုသော်ငြား စိတ်ထဲတွင်မူ စိတ်ပျက်မှုတို့ ရှိနေလေသည်။

မော့လောင်တ အေးစက်စက် နှာမှုတ်ကာဖြင့် ခေါင်းလှည့်ထွက်ခွာသွားသည်။ စကားပြောသည့် အသံမှာလည်း နာကျင်နေဟန်ရှိသည်။

“လာလေ.. အရူးပေါက်လေး..”

ယင်ရှောင်ရှောင်း သူခံစားခဲ့ရသည့် စိတ်ပျက်မှုတို့အား တွေးမနေတော့ဘဲ လျင်မြန်စွာဖြင့် မော့လောင်တအား အမီလိုက်ရန် ပြေးသွားလေသည်။

“တဟေးတန်ရေ.. ကျွန်တော်တို့ အခုပြန်မယ်ဆိုရင် နည်းနည်းလေး စောနေမှာ မဟုတ်ဘူးလား.. အိုး.. ကျွန်တော်မှတ်မိသလောက်တော့ ဒီနေရာကိုရောက်ဖို့ တစ်လခွဲလောက် ကြာတယ်လေ.. အဲဒါကလည်း သွားလိုက် ရပ်လိုက်နဲ့ မလို့ပေါ့..”

“ကိုယ်တို့ လာခဲ့တဲ့ လမ်းအတိုင်းပြန်မှာ မဟုတ်ဘူးလေ.. ပိုဝေးတဲ့ဆီက သွားကြမှာ..”

“ဘာလို့လဲဟင်.. ဖြတ်လမ်းရှိနေတာကို ဘာလို့ ပိုဝေးတဲ့ဆီက ပြန်မှာလဲ..”

ငပျင်းလေး ယင်ရှောင်ရှောင်း မကျေမနပ် ဖြစ်လာသည်။

မော့လောင်တသည် ယင်ရှောင်ရှောင်းအား ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်သည်။

“အရူးပေါက်လေး.. ဒါက မင်းအတွက် ပထမဆုံးအကြိမ် အိမ်ကနေ ထွက်လာတာ မဟုတ်လား.. ဒီတောင်တစ်လျှောက် ဘာမှတောင် များများစားစား မကြည့်ရသေးဘူးလေ.. အဲဒါကြောင့် မင်း လျှောက်ကြည့်လို့ရအောင် ကိုယ်က အဖော်လုပ်ပေးတာပါ..”

ထိုသို့ပြောရင်းနှင့် သူ၏အမူအရာမှာ ‘ကိုယ်ကမင်းကို အဖော်လုပ်ပြီး လမ်းလျှောက်ပေးတယ်ဆိုတာ မင်းအတွက် ဂုဏ်ယူသင့်တယ်နော်..’

ယင်ရှောင်ရှောင်း နှုတ်ခမ်းများ ကွေးလာသည်။

ဒီတောင်မှာ မြက်တွေ သစ်ပင်တွေ ရှိမနေဘူးနော်.. မြစ်တွေ ချောင်းတွေနဲ့ သက်ရှိသတ္တဝါတွေပဲ ရှိနေတာ.. ဘာကိုကြည့်ရမှာတုန်း..

သို့သော်လည်း ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ ဆုံးဖြတ်ချက်အား မငြင်းဆန်ရဲပါချေ။

မော့လောင်တမှာမူ ယင်ရှောင်ရှောင်းသည် သူ၏ဆုံးဖြတ်ချက်အား မေးခွန်းမထုတ်သည့်အတွက် အလွန်ကျေနပ်နေလေသည်။

မော့လောင်တမှာ ယင်ရှောင်ရှောင်းနှင့်အတူ သူတို့လာခဲ့သည့်လမ်းနှင့် ဆန့်ကျင်ရာဘက်သို့ သွားနေရင်း တကယ်ကို ပျင်းရိလာလေသည်။ ခရီးအရှည်မှာလည်း တစ်ဝက်ကျော် တိုးမြင့်လာသော်ငြား တောင်ပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူတို့သွားသည်နှင့်အမျှ အဆုံးသတ်တွင် ယင်ရှောင်ရှောင်းတို့ မိသားစုအိမ်၌ ခရီးဆုံးပေလိမ့်မည်။ တစ်ဘက်တစ်ချက်စီမှ မြင်ကွင်းများသည် ယင်ရှောင်ရှောင်းအတွက် ပထမဆုံးရောက်သည့် အချိန်နှင့် ‘အတိအကျ တူညီ’ နေလေသည်။ မည်သို့ပင်ဆိုစေ တောင်ပေါ်၌ ပင်လယ်လည်းမရှိ၊ သဲကန္တာရလည်းမရှိ သည့်အပြင် လူသားအရိပ်အယောင်မျှပင် ရှိမနေသည့်အတွင် ယင်ရှောင်ရှောင်း အလွန်စိတ်ဝင်စားလှခြင်း မရှိပေ။

တစ်နေ့ပြီးတစ်နေ့ ရွေ့လျားလာပြီးနောက် မော့လောင်တ၏မျက်နှာတွင် မကြာခဏဆိုသလို စိတ်လှုပ်ရှားပြီး စိတ်မရှည်သည့် အရိပ်အယောင်များ ပေါ်လာသည်ကို ယင်ရှောင်ရှောင်း တွေ့လိုက်ရပြီး သူတို့အနားယူစဉ်မှာပင် မော့လောင်တသည် အလွန်စိတ်မရှည်ဟန်ရလေသည်။ အခုထွက်ခွာကြမလား စသဖြင့် မေးခွန်းများအား အဆက်မပြတ် မေးလေသည်ကြောင့် ယင်ရှောင်ရှောင်း စဉ်းစားမရနိုင်ဘဲ ရှိနေသည်။

မော့လောင်တ ဘာဖြစ်နေတာလား..

ထိုပ‌ဟေဠိ၏အဖြေအား ရေတံခွန်အရှေ့တွင် သိခဲ့ရသည်။

“ဘယ်လိုလဲ.. မဆိုးဘူး ဟုတ်တယ်မလား..”

ယင်ရှောင်ရှောင်း တိတ်တဆိတ်ကြည့်လိုက်သည့်အခါ မော့လောင်တ၏ ဂုဏ်ယူကာ ကျေနပ်နေသည့် မျက်နှာအား မြင်လိုက်ရသည်။ သူ၏စိတ်ထဲတွင်လည်း ထူးဆန်းသည့် အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

တဟေးတန်က ငါ့ကို ဒီရေတံခွန်ကို မြင်စေချင်တာကြောင့် ဒီလမ်းကနေ သွားချင်ခဲ့တာများလား..

ယင်ရှောင်ရှောင်း ထိုအတွေးအား ကြိုးစားဖိနှိပ်လိုက်သည်။

“ဟုတ်တယ်.. ဟုတ်တယ်.. အရမ်းကြီးကျယ်ခမ်းနားပြီး လှလိုက်တာ..”

မော့လောင်တ၏အမြီးမှာ သူ၏နောက်တွင် လျင်လျင်မြန်မြန် လှုပ်ယမ်းလို့နေသည်။ ယခုအခါတွင် သူ၏မျက်နှာပေါ်ရှိ အမူအရာမှာ ပျော်ရွှင်ကျေနပ်မှုတို့ အပြည့်အဝပေါ်လို့နေသည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တအား ချီးကျူးရန်အတွက် ဤစကားများအား မပြောခဲ့ပေ။ သူ့အရှေ့ရှိ ရေတံခွန်မှာ အမှန်တကယ်ကို လှပသည်။ ဆယ်မီတာကျော် ကျယ်ဝန်းပြီး ရေများသည် ဆယ်မီတာ အချင်းရှိသည့် ရေကန်တစ်ခုအတွင်းသို့ ကျဆင်းလေသည်။ အမြင့်မှာ ထိပ်ဖျားမှနေ မီတာ တစ်ရာကျော်ခန့် ရှိမည်ဖြစ်သည်။ နေ့လယ်ခင်းအချိန် ဖြစ်သဖြင့် နေမင်းကြီးသည် ကောင်းကင်တွင် ချိတ်တွဲလို့နေသည်။ ရေများစီးကျကာ ပန်းပွင့်များ လေထဲသို့ခုန်ဆင်းနေပြီး နေရောင်ခြည်မှာလည်း ဖြာကျလျက်ရှိသည့်အပြင် ဆွဲမက်ဖွယ်ကောင်းသည့် သက်တံအလင်းကိုလည်း ထုတ်လွှတ်ပေးနေလေသည်။ ရေတံခွန်မှ မီတာ ၂၀၀ ကျော်တွင် ရပ်နေသည့်တိုင်အောင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည့် ရေမှုန်ရေမွှားများမှ သယ်ဆောင်လာသည့် လန်းဆန်းမှုတို့အား ခံစားနေရသည်။

“မင်းက ရေအရမ်းကြိုက်တယ်ဆိုတော့ ဒီရေထဲဆင်းလိုက်ရင် အရမ်းပျော်သွားမှာ သေချာတယ် အရူးပေါက်လေးရဲ့..”

မော့လောင်တသည် ယင်ရှောင်ရှောင်းအား ‘ကိုယ်မင်းကို ကောင်းကောင်းသိတယ်နော်.. ဟွန့်’ ဆိုသည့် လေသံဖြင့် ပြောလေသည်။

ယင်ရှောင်ရှောင်း : “…”

‘ဟေ့.. ကျေးဇူးပြုပြီးတော့နော်.. ငါက အသက်ရှင်ရတာ ပင်ပန်းလွန်းလို့ ဒီရေထဲပြေးဝင်ပြီး သက်သေချင်နေတယ်လို့များ သူထင်နေတာလား.. ရေကို အရမ်းသဘောကျနေတယ် ဆိုရင်တောင် ရေဘယ်လိုကူးရမလဲ သိမနေဘူးနော်.. ဒီရေတံခွန်ထဲကိုသာ ဆင်းသွားလိုက်မယ်ဆိုရင် သုံးမိနစ်တောင်မကြာဘူး သေသွားနိုင်တယ်သိရဲ့လား.. နောက်တစ်ကြိမ် ထပ်မသေနိုင်တော့ဘူးနော်.. ဟုတ်ပြီလား..’

ကံမကောင်းစွာဖြင့်ပင် ယင်ရှောင်ရှောင်းမှာ ထိုစကားများအား မော့လောင်တ မကြားနိုင်သည့် သူ၏စိတ်ထဲတွင် အော်ဟစ်နေခြင်းဖြစ်သည်။

“နောက်ဆိုရင် ကိုယ်တို့ ဒီကို ခဏခဏလာကြမယ်လေ.. အဆင်ပြေရဲ့လား..”

မော့လောင်တ ထပ်ပြောသည်။

နောက်ဆိုရင်လား.. ယင်ရှောင်ရှောင်း အရှေ့သို့စိုက်ကြည့်ကာ အတွေးထဲနစ်မြောသွားသည်။ ဒီနေရာကို နောက်ဆိုရင် မကြာခဏလာမယ်တဲ့လား.. မဆိုးပါဘူးလေ.. ရေတံခွန်အနားကို မသွားနိုင်ပေမဲ့လည်း အဝေးကနေ မကြာခဏ ကြည့်နိုင်မယ်ဆိုရင်ကပဲ အတော်လေး ကောင်းနေပါပြီ။ “ဟုတ်ပြီ..”

မော့လောင်တမှာ ပို၍ပင် ဂုဏ်ယူကျေနပ်လို့နေသည်။ ဟမ့်.. ဟမ့်.. ငါလေးက တကယ်ကို ဉာဏ်အကောင်းဆုံး မြွေပဲနော်.. အရူးပေါက်လေးက ဒီနေရာကို သေချာပေါက်ကြိုက်မယ်ဆိုတာ သိပြီးသား..

ဪ.. ဆိုတော့ကာ ဒီနေရာကို လာရတဲ့ အကြောင်းအရင်းက ယင်ရှောင်ရှောင်းကို ဒီရေတံခွန် ပြဖို့ပေါ့လေ ဟုတ်လား မော့လောင်တ..

မြွေနှစ်ကောင်သည် ရေတံခွန်ရှေ့တွင် အချိန်အတော်ကြာအောင် နေခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ရေတံခွန်မှာ ထွက်ပြေးသွားလိမ့်မည် မဟုတ်ပေ။ နောက်များကြလျှင် ထပ်မံလာရောက်နိုင်ပါသေးသည်။

နောက်တစ်နေ့တွင် ရာသီဥတုမှာ ယင်ရှောင်ရှောင်း၏ အဆိုအရ အလွန်ပူပြင်းလေသည်။ ကာကွယ်စောင့်ရှောက်ထားသည့်နေရာမှ ထွက်လာသည့်အချိန်မှစကာ ယင်ရှောင်ရှောင်းအတွက် ရာသီဥတုဒဏ်မှာ ပို၍ပင် သည်းမခံနိုင်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် နေ့လယ်ခင်းတိုင်းတွင် ယင်ရှောင်ရှောင်းမှာ ရေစိမ်နေရတော့သည်။ ယနေ့တွင်လည်း ထိုကဲ့သို့လုပ်ခဲ့သည်။ ယင်ရှောင်ရှောင်းသည် ရေထဲတွင်ရှိနေပြီး ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ‌မော့လောင်တမှာမူ အစာရှာရန် ထွက်သွားလေသည်။

စိုက်ကြည့်နေရင်းဖြင့် ယင်ရှောင်ရှောင်း အသံတစ်သံအား ကြားလိုက်ရသည်။ မော့လောင်တ ပြန်လာရမည့်အချိန်သို့ ရောက်နေပြီဖြစ်သဖြင့် “တဟေးတန်.. တဟေးတန်.. ယုန်တွေ့ခဲ့တာလား..” ဟုတ်သည်။ ထိုမေးခွန်းမှာ ယုန်အား ရှာတွေ့ခဲ့သည်ဖြစ်စေ မတွေ့ခဲ့သည်ဖြစ်စေ ဖမ်းမိသည်ဖြစ်စေ ဖမ်းမမိခဲ့သည်ဖြစ်စေ မေးမြန်းခဲ့ခြင်းဖြစ်သည်။ တဟေးတန်သည် ယုန်အားတွေ့ခဲ့မည်ဆိုလျှင် သေချာပေါက် ဖမ်းနိုင်လိမ့်မည်။ ယင်ရှောင်ရှောင်းမှာ ယုန်များ၊ ဖားများ၊ ငှက်များနှင့် အခြားအရာများအား စားသောက်ပြီးစီးခဲ့သည့် အချိန်မှစကာ မော့လောင်တအပေါ် အလွန်ယုံကြည်မှု ရှိလေသည်။

ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ယင်ရှောင်ရှောင်းသည် အမှန်တကယ်ကိုပင် မော့မြွေတစ်ကောင်အား မြင်လိုက်ရသည်။ သို့သော် အလွန်တုံးအကာ ရိုးသားလွန်းသည့် ယင်ရှောင်ရှောင်းပင်လျှင် ထိုမော့မြွေမှာ မော့လောင်တဖြစ်သည်ဟု မယုံကြည်နိုင်ပါ။

သူ၏မျက်စိရှေ့ရှိ မော့မြွေမှာ မော့လောင်တထက် တစ်မီတာခွဲမျှ ပိုတိုပုံရသည်။ သို့သော်လည်း အရေးအကြီးဆုံးအရာမှာ ယင်ရှောင်ရှောင်းသည် ထိုမြွေမှာ မော့လောင်တ မဟုတ်သည့်အကြောင်း ပထမဆုံး အကြည့်မှာတင် သိလိုက်ခြင်း ဖြစ်သည်။

ယင်ရှောင်ရှောင်း၏ သံသယများမှာ ထိုမော့မြွေ၏ ပြောစကားကြောင့် ပို၍ပင် မှန်သွားပုံရသည်။

“မင်းက ငါ့ကို မီးသွေးတုံးကြီးလို့ ‌ခေါ်လိုက်တာလား..”

ယင်ရှောင်ရှောင်းမှာ ထိုမတရားမှုအတွက် စိတ်ထဲမှနော် အော်ဟစ်လို့နေသည်။ ‘ငါက တဟေးတန်ကို ခေါ်တာ မင်းကိုခေါ်တာ မဟုတ်ဘူး..’

သို့သော်လည်း ထိုမော့မြွေမှာ သေချာပေါက်ပင် ထိုသို့မတွေးခဲ့ချေ။ သူ၏နားထဲတွင် တစ်ခုခုပြောသည်ကို ကြားမည်ဆိုလျှင် သူ့အား ရည်ညွှန်းသည်ဟုပင် တွေးထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အား အ‌ရှေ့ရှိ ယင်မြွေမှာ မီးသွေးတုံးဟု ခေါ်လိုက်သည်မှာ ထင်ရှားလေသည်။ ယခင်ကမော့လောင်တနည်းတူ ယခုမော့မြွေမှာလည်း မီးသွေးတုံးဟူသည့် အဓိပ္ပါယ်အား မသိသော်လည်း ‘ဟေး’ ဟူသည့် စကားလုံးကပင် သူ၏ ဒေါသအား နှိုးဆွဖို့ရန် လုံလောက်လေသည်။

မော့မြွေသည် အသက်ခပ်နိမ့်နိမ့် ရှူထုတ်ရင်း “ကံဆိုးလိုက်တဲ့ ယင်မြွေကောင်..”။ ထိုသို့ပြောပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

ယင်ရှောင်ရှောင်း၏ အလိုလိုသိစိတ်အရ ထိုမော့မြွေသည် သူ့အပေါ် မကောင်းသည့် အကြံအစည်များ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤသည်မှာ ယင်ရှောင်ရှောင်းအနေဖြင့် ရန်လိုသည့် မြွေပွေးတစ်ကောင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်း တံတွေးကို ဂရုတစိုက် မြိုချလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား ပို၍ပင် ဂရုတစိုက်ရွှေ့ကာ ရေထဲမှထွက်ကာ မြေပြင်သို့ပြန်သွားရန် ပြင်လေသည်။ ယင်ရှောင်ရှောင်းမှာ ရေကူးနည်း မသင်ခဲ့ရချေ။ သူ၏ခန္ဓာကိုယ်မှာ ရေထဲတွင် ရှိနေပြီး ခေါင်းမှာ ကျောက်တုံးပေါ်တွင် တင်ထားခြင်းဖြစ်သည်။ ထိုမော့မြွေသာ ကျောက်တုံးပေါ်သို့ တက်လာမည်ဆိုလျှင် ယင်ရှောင်ရှောင်း လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

ကံမကောင်းစွာဖြင့် ယင်ရှောင်ရှောင်း ကုန်ပေါ်သို့ပြန်ရောက်လျှင်ပင် ဤမော့မြွေအား ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ ထိုမျှသာမကဘဲ ယင်ရှောင်ရှောင်း၏ သွားလာနှုန်းမှာ သူနှင့် သက်တူရွယ်တူ ယင်မြွေများထက် အလွန်နှေးကွေးလှသည်။ ယင်မြွေတစ်ကောင်အနေဖြင့် သူ၏သွားလာနှုန်းမှာ မြန်ဆန်မည်ဆိုလျှင်ပင် မော့မြွေတစ်ကောင်အား ကျော်ဖြတ်ဖို့ရန် မလုံလောက်ပါချေ။

ကျေနပ်ဖွယ်ရာမှာ ထိုမော့မြွေသည် ယင်ရှောင်ရှောင်းအား ခုန်အုပ်လိုက်ရာ ယင်ရှောင်ရှောင်းမှာ အသိစိတ်လွတ်သွားသည်အထိ ကြောက်လန့်သွားခဲ့ရသည်။ ပို၍လျင်မြန်စွာပင် အခြားမော့မြွေတစ်ကောင်သည် ယင်ရှောင်ရှောင်းအား တိုက်ခိုက်နေသည့် မော့မြွေအား ခုန်အုပ်လာလေသည်။ ထိုမော့မြွေမှာ သဘာဝကျစွာပင် မော့လောင်တ ဖြစ်လေသည်။ မော့လောင်တသည် ယင်ရှောင်ရှောင်းအား တိုက်ခိုက်နေသည့် မော့မြွေ၏ ခန္ဓာကိုယ်အား အညှာအတာမရှိ ကိုက်ချလိုက်ပြီး အဝေးသို့ လွှင့်ပစ်လိုက်လေသည်။

“မော့လောင်အာ.. ငါ့အပိုင်ပစ္စည်းတွေကို ထိဖို့ မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ..”

မော့လောင်တ၏ အသံမှာ ပုံမှန်မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်နေသည်။ သူ၏မျက်လုံးထဲရှိ ရက်စက်မှုနှင့် အကြင်နာကင်းမဲ့သည့် အကြည့်များမှာ ထိုမော့မြွေအား ကြောက်ရွံ့တုန်လှုပ်လာစေသည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တနောက်သို့ အလျင်အမြန် ပြေးသွားလိုက်သည်။ မော့လောင်တ၏ အထောက်အပံ့နှင့် ယင်ရှောင်ရှောင်းမှာ အထိန်းအကွပ်မဲ့နေခဲ့သည်။

“တဟေးတန်ရေ.. တဟေးတန်.. အဲဒီမော့မြွေက ငါ့ကို အနိုင်ကျင့်နေတာ.. သူက ငါ့ကိုကိုက်တော့မလို့ပဲ..”

မော့လောင်အာကို ရင်ဆိုင်ရင်းဖြင့် အလွန်အမင်း ဒေါသကြီးနေသည့် မော့လောင်တသည် ခေါင်းကိုလှည့်ပြီး ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည့်အခါ သူ၏အမူအရာမှာ ပုံမှန်သွင်ပြင်သို့ ပြောင်းလဲသွားလေသည်။

“အဆင်ပြေသွားပြီနော်.. အဆင်ပြေသွားပြီ.. ကိုယ်သူ့ကို သင်ခန်းစာပေးလိုက်တယ်လေ.. မင်းမြင်တယ်မလား..”

ယင်ရှောင်ရှောင်းမှာ လှုပ်လှုပ်ရွရွရှိနေပြီး စကားမဆိုချေ။ မကြာသေးမီကပင် မော့လောင်တသည် ထိုမော့မြွေအား မော့လောင်အာဟု ခေါ်ခဲ့သည်။ မော့လောင်တနှင့် မော့လောင်အာ..။ ထိုနာမည်နှစ်ခုအား ကြားပြီးသည့်နောက် သူတို့နှစ်ကောင်မှာ ဆက်နွယ်မှုရှိမည်မှာ သေချာလေသည်။

“တာ့ကော.. ဒါက ဘာအဓိပ္ပါယ်လဲ..”

မော့လောင်တ၏ အကိုက်ခံရပြီးနောက် မော့လောင်အာသည် သူ၏ခန္ဓာကိုယ်အား ပြန်မတ်ရန် ရုန်းကန်ခဲ့ရပြီး မော့လောင်အာ၏ ဝေဒနာမှာ တွန့်ကွေးနေသည့် မျက်ခုံးများမှတဆင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

“မော့လောင်အာ.. ငါနောက်တစ်ကြိမ် ထပ်ပြောလိုက်မယ်.. ဒီယင်မြွေက ငါ့ရဲ့လက်တွဲဖော်ပဲ.. ငါ့ကို သေသေချာချာ ကြည့်ထား.. မင်းက သူ့ကို ထိခွင့်မရှိဘူး..”

မော့လောင်တ၏ စကားများမှာ မော့လောင်အာနှင့် ယင်ရှောင်ရှောင်းအား အောင်အောင်မြင်မြင် မှင်တက်သွားစေခဲ့သည်။

မော့လောင်တသည် ယင်မြွေအား သူ၏လက်တွဲဖော်ကဲ့သို့ အမှန်တကယ် ကြည့်နေသည့်အတွက် မော့လောင်အာ ကြက်သေသေနေလေသည်။ ယင်ရှောင်ရှောင်းမှာမူ.. ဟမ်.. ငါက ဘယ်တုန်းက သူ့ရဲ့ လက်တွဲဖော်ဖြစ်လာမယ်လို့ တဟေးတန်ကို ကတိပေးခဲ့လို့လဲနော်..

မော့လောင်အာ မှင်တက်နေချိန်မှာပင် မော့လောင်တသည် သူ့အား နေရာမှာတင် စွန့်ပစ်ခဲ့ပြီး ကြက်သေသေနေသည့် ယင်ရှောင်ရှောင်းအား အဝေးသို့ ဆွဲခေါ်သွားလေတော့သည်။