အပိုင်း ၅၁
Viewers 13k


Chapter 51



ယင်ရှောင်ရှောင်း နှင့် မော့‌လောင်တ တို့သည် ယင်ရှောင်ရှောင်းတို့ မိသားစုဂူမှ မီတာရာပေါင်းများစွာအကွာတွင် ရပ်သွားကြသည်။ ယင်ရှောင်ရှောင်း က မော့‌လောင်တ ဘက်လှည့်ကာ အတည်ပြုလိုက်သည်။

"တဟေးတန်.. ခင်ဗျား ကျွန်တော်နဲ့လိုက်ချင်တာ သေချာရဲ့လား.."

မော့လောင်တ၏ တုံ့ပြန်ချက်မှာ သူ၏နောက်စေ့အား ယင်ရှောင်ရှောင်းဘက် မျက်နှာမူလိုက်ခြင်း ဖြစ်သည်။

ယင်ရှောင်ရှောင်း: “…”

ယင်ရှောင်ရှောင်း လှုပ်ရှားလိုစိတ်မရှိသည်ကို မြင်သည့်အခါတွင် မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား သူ၏ခေါင်းဖြင့် တွန်းလိုက်သည်။ ထို့နောက် ဂါရဝပြုရန်အတွက် ယင်ရှောင်ရှောင်းတို့ မိသားစုဂူသို့ ဦးဆောင်သွားလေသည်။ မော့လောင်တ ယင်ရှောင်ရှောင်းအား မပြောခဲ့သည်မှာ သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့သည့် ညနေခင်းတွင် ယင်ရှောင်ရှောင်းတို့အိမ်သို့ လိုက်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်ရှောင်ရှောင်း၏ လမ်းညွှန်မှု မရှိသည့်တိုင်အောင် မော့လောင်တသည် ယင်ရှောင်ရှောင်းတို့၏အိမ်အား သိရှိလို့နေသည်။ မော့လောင်တ ထွက်သွားသည်ကို မြင်သည့်အခါတွင် ယင်ရှောင်ရှောင်းသည် ဆောင့်အောင့်ကာဖြင့် မော့လောင်တနောက်သို့ လိုက်သွားလေသည်။

ယင်ရှောင်ရှောင်းမှာ အိမ်သို့ပထမဆုံးပြန်လာသည့်မြွေဟု မဆိုလိုပေ။ အိမ်၏အဝေးမှာရောက်နေပြီး အရာအားလုံးမှာ စိတ်ဝင်စားဖွယ်ဖြစ်နေသည့် အခြားသော မြွေငယ်လေးများနှင့် နှိုင်းစာမည်ဆိုလျှင် ဟွားရှောင်ဟွားသည် မြွေငယ်လေးများအား စိုးရိမ်ပူပန်နေမိသဖြင့် အိမ်သို့ အလွန်စောစွာ ပြန်လာခဲ့လေသည်။ ယင်တပိုင်သည်လည်း သဘာဝကျစွာပင် ဟွားရှောင်ဟွားနောက်မှ လိုက်ပါခဲ့သည်။ ဟွားရှောင်ဟွား၏ ပြန်လာမှုမှာ မထင်မှတ်ဘဲ ဖြစ်နေသည်။ ရှောင်ယိ၊ ရှောင်အာ၊ ရှောင်စန်း၊ ရှောင်စစ်နှင့် ရှောင်ဝူတို့ ဂူထဲတွင် မရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော်လည်း ဟွားရှောင်ဟွားသည် ဂူထဲတွင် လေး၊ငါးရက်ခန့် စောင့်ပြီးသည့်တိုင် ယင်ရှောင်ရှောင်းအား မတွေ့ရသဖြင့် ဟေးအာပန်၏အိမ်သို့သွားကာ ရှာဖွေသော်လည်း ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့သည်လည်း ယင်ရှောင်ရှောင်းအား လအတော်ကြာ မတွေ့ခဲ့ရကြောင်း သိလိုက်ရသည်။ ဟွားရှောင်ဟွားမှာ ခံစားချက် မကောင်းတော့ပေ။ သူ၏ အငယ်ဆုံးလေးမှာ အလွန်ပျင်းရိလွန်းသဖြင့် မြွေတစ်ကောင်ကိုပင် ဒေါသထွက်စေနိုင်ပေသည်။ မည်သည်ကြောင့် နှစ်ဝက်မျှ ထွက်ခွာသွားခဲ့ရသနည်း။

ဟွားရှောင်ဟွားမှာ အတိုင်းအတာတစ်ခုအထိ အမှန်တရားကို ပြောနေခြင်းမဟုတ်ဟု မဆိုနိုင်ပေ။ ယင်ရှောင်ရှောင်း၏ နေ့ရက်များမှ လန်ယိယိ၏ အနှောင့်အယှက်ပြုခြင်း မခံရလျှင် ထိုညတွင် ထွက်ပြေးသွားခဲ့မည် မဟုတ်ပေ။ ကနဦးတွင် ယင်ရှောင်ရှောင်းမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ထွက်ပြေးပြီးနောက် ဂူသို့ပြန်လာရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် မော့လောင်တ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုသည်ကပင် ယင်ရှောင်ရှောင်း ပြန်လာရန်မှာ ပို၍ပင် ဝေးကွာသွားခဲ့ရသည်။

ဟွားရှောင်ဟွား တွေးမိသည်မှာ ‘ငါတို့မိသားစုက ရှောင်ရှောင်းလေးက လန်ယိယိနဲ့ အတူတူနေနေတာများလား..’။ ထို့နောက် လန်ယိယိတို့ မိသားစုအိမ်သို့ အလျင်အမြန်သွားကာ ကြည့်ခဲ့သော်လည်း လန်ယိယိတို့၏အိမ်မှာ လပေါင်းများစွာတိုင်အောင် မည်သူမျှ မရှိပုံရသည်။ လန်ယိယိသည် ယင်ရှောင်ရှောင်းအား ရှာဖွေရန်အတွက် တောင်တန်းနှင့် လွင်ပြင်များရှိသည့် နေရာသို့ သွားသည်ဟူသည့်အကြောင်း ဟွားရှောင်ဟွားအား မည်သူကမျှ မပြောပြနိုင်ပေ။ လန်ယိယိတို့အိမ်သို့ သွားကြည့်ခဲ့သည့်တိုင် ယင်ရှောင်ရှောင်းအား ရှာမတွေ့ခဲ့သည်ကြောင့် ဟွားရှောင်ဟွားမှာ ယင်တပိုင်၏ စကားများကိုသာ နားထောင်ပြီး ယင်ရှောင်ရှောင်းနှင့် အခြားမြွေငယ်လေးများ ပြန်ရောက်လာမည်ကို ဂူထဲ၌ စောင့်ဆိုင်းရန်သာ ရွေးချယ်လိုက်ရသည်။

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ ပြန်လာပြီးနောက်တွင် နောက်ထပ်ရောက်ရှိလာကြသည်မှာ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ ဖြစ်ကြသည်။ ဟွားရှောင်ဟွား၏ အလျင်စလို စစ်ဆေးမှုတို့အောက်တွင် ထိုမြွေငယ်လေးနှစ်ကောင်မှာ သင့်လျော်သည့် လက်တွဲဖော်အား ရှာမတွေ့ခဲ့ကြောင်း သိလိုက်ရသည်။ နောက်ထပ် ပြန်လာသည်မှာ ယင်ရှောင်ယိဖြစ်ပြီး တစ်ကိုယ်တည်း ဖြစ်နေဆဲပင်။

ဟွားရှောင်ဟွား အလွန်စိတ်ပျက်နေမိသည်။ ဤတစ်နှစ်ပတ်လုံးတွင် ဤကလေးများဟာ မည်သည်ကြောင့် မှန်ကန်သည့်မြွေအား မတွေ့ခဲ့ရသနည်း။

ဟေ့.. ဟေ့.. သူတို့ အရွယ်ရောက်ဖို့ အဝေးကြီးလိုနေသေးတာ ဘာကိစ္စနဲ့ စိတ်ပူလွန်နေတာလဲ..

ဤအချိန်တွင် ဟွားရှောင်ဟွားသည် သူ၏မျှော်လင့်ချက် အားလုံးကို ကျန်မြွေသုံးကောင်အပေါ် ထားလိုက်သည်။

ယင်ရှောင်ရှောင်း အိမ်ပြန်ရောက်သည့်နေ့မှာ အလွန်သာယာသည့် နေ့တစ်နေ့ဖြစ်သည်။ ခေါင်းထက်တွင် နေရောင်တောက်ပလျက်ရှိပြီး ပန်းပွင့်များသည်လည်း မြွေများအား ပြုံးပြလို့နေသည်။ ဆိုးဝါးသည့် တစ်ခုတည်းသော အရာမှာ ယင်ရှောင်ရှောင်းသည် ခပ်တောင့်တောင့် အပြုံးတစ်ခုဖြင့် ဂူဝတွင် ရပ်နေခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်းမှာ မော့လောင်တအား ဖျောင်းဖျပြောဆိုပြီးနောက်တွင် မော့လောင်တ အင်တင်တင်ဖြင့် ယင်ရှောင်ရှောင်းအား အရင်ဝင်ခွင့်ပြုလိုက်ပြီး ယင်ရှောင်ရှောင်း မော့လောင်တအား ခေါ်မည့် အချိန်မှသာ ဝင်လာရမည်ဖြစ်သည်။

ယင်ရှော်ငရှောင်းသည် ဂူဝတွင် အချိန်အတော်ကြာအောင် ရပ်နေပြီး သူ့ကိုယ်သူ အားပေးနေလေသည်။ ကံအားလျော်စွာဖြင့် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့သည် သူတို့အမြီးများ တွဲလျက်ဖြင့် ထွက်လာခဲ့ကြပြီး ယင်ရှောင်ရှောင်းအား တွေ့လိုက်ရသည့်အခါ အံ့ဩဝမ်းသာ ဖြစ်သွားကြလေသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း စကားပြောသည်ကိုပင် မစောင့်တော့ဘဲ ဟွားရှောင်အာနှင့် ဟွားရှောင်ဟန်းတို့သည် ဂူထဲသို့ ပြန်ဝင်ကာ တစ်ကောင်ထက်တစ်ကောင် သာအောင် ကြိုးစားနေကြသည်။

“ပါပါး!”

“ဖေဖေ!”

ယင်ရှောင်ရှောင်း: “…”

ယခုတွင်မူ ယင်ရှောင်ရှောင်း သူ့ကိုယ်သူ အားတင်းရန် မလိုတော့ပေ။ ခေါင်းတစ်ခြမ်းငုံ့ကာဖြင့် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့နောက်မှ ဂူထဲသို့ လိုက်ဝင်လာခဲ့သည်။

မနီးမဝေးတွင် ပုန်းနေသည့် မော့လောင်တသည်လည်း အသံခပ်အုပ်အုပ်ဖြင့် ‘အရူးပေါက်လေးက နောက်ဆုံးတော့ ဂူထဲဝင်သွားခဲ့ပြီလေ..’ ဟု ပြောလေသည်။

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ အော်သံကြောင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွား ပေါ်လာခဲ့သည်။ ကြည့်လိုက်သည့်အခါတွင် ယင်ရှောင်ရှောင်းသည် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့နောက်မှ လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

အံ့ဩဝမ်းသာစွာဖြင့် ဟွားရှောင်ဟွား ကြိုဆိုလိုက်သည်။

“ရှောင်ရှောင်းလေး ပြန်လာပြီ.. မြန်မြန်လေးလာပါဦး.. ပါပါး မင်းကို ကြည့်ပါရစေဦး.. အိုး.. ဒီနှစ်မှာ သားက အများကြီး ကြီးထွားလာတာပဲ..”

ယင်ရှောင်ရှောင်း : “သား ကံကောင်းသွားတာပါ.. ဒါပေမဲ့ တကယ်က အဆီတွေများနေတာ..”

ယင်တပိုင်သည်လည်း ယင်ရှောင်ရှောင်းအနီးသို့ ကပ်သွားလိုက်သည်။

“ဝတာက ကောင်းပါတယ်.. အဲဒါက ဒီနှစ်တော့ အပြင်မှာနေရတဲ့ ဘဝက မဆိုးဘူးလို့ ထင်ရတယ်..”

“အာ.. အဆင်ပြေပါတယ်..”

ယင်ရှောင်ရှောင်း အနည်းငယ် အပြစ်ရှိစိတ် ခံစားမိသည်။ အဆီတွေများပြီး ကြီးထွားလာရသည်မှာ သူ့ကြောင့်မဟုတ်ဘဲ တဟေးတန်၏ ကျွေးမွေးမှုကြောင့်သာ ဖြစ်သည်။

ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းနောက်သို့ ကြည့်လိုက်သည်။ “ရှောင်ရှောင်းရေ.. သားက လန်ယိယိနဲ့အတူ မလာဘူးလား..”

“လန်ယိယိလား.. မဟုတ်ပါဘူး..”

လန်ယိယိကြောင့် ထွက်ပြေးခဲ့ရသည့်အချိန်ကို ယင်ရှောင်ရှောင်း မှတ်မိနေဆဲဖြစ်သည်။ ဘာကိစ္စနဲ့ လန်ယိယိနဲ့အတူ လာရမှာလဲ..

ဟွားရှောင်ဟွား အတင်းပြုံးပြလိုက်သည်။ ယင်ရှောင်ရှောင်းနှင့် လန်ယိယိတို့ နှစ်ကောင်လုံး ပျောက်နေသည့်အချိန်မှစကာ ယင်ရှောင်ရှောင်းနှင့် လန်ယိယိသည် အတူတကွ ထွက်ခွာသွားကြခြင်းဖြစ်သည်ဟု ဟွားရှောင်ဟွား ယုံကြည်နေခြင်းဖြစ်သည်။

ယင်တပိုင် မေးလိုက်သည်။

“ဒါဆို ဒီတစ်နှစ်လုံး သားဘာသာသား နေခဲ့တာလား..”

ယင်ရှောင်ရှောင်းမှာ တစ်ကောင်တည်း ရှင်သန်နိုင်မည်ဟု ယင်တပိုင် မထင်ပေ။ ဘယ်လိုလုပ်ပြီး တစ်ကောင်တည်း မီးမွှေးမှာတဲ့လဲ.. ဘယ်လိုလုပ်ပြီး တစ်ကောင်တည်း သူကြိုက်တဲ့အစာတွေကို စားနိုင်မှာတဲ့လဲ.. ဘယ်လိုဖြစ်ပြီး အဆီတွေ တိုးလာနိုင်မှာတဲ့လဲ..

“အာ.. မဟုတ်ပါဘူး.. သားက တခြားမြွေတစ်ကောင်နဲ့ နေနေတာလေ..”

“အခြားမြွေလား..”

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။

“မိတ်ဆွေအသစ်လား.. သူ့ကို ဘယ်လိုခေါ်လဲ..”

ယင်ရှောင်ရှောင်းသည် ဟွားရှောင်ဟွား၏ မေးခွန်းအား တိုက်ရိုက်မဖြေဘဲ ပြောလေသည်။

“ဖေဖေ.. ပါပါး.. အဲဒီမြွေက သားရဲ့ သူငယ်ချင်းပါ.. သူငယ်ချင်းကောင်းလေ.. ပြီးတော့ ဒီနှစ်မှာ သူက သားကို အရမ်းကို ဂရုစိုက်ခဲ့တာ.. သူ့ကြောင့်ပဲ သားဝလာတာလေ.. အရမ်းအထင်ကြီးဖို့ကောင်းတယ် မလား.. ဒါပေမဲ့ သားအပေါ်ကိုတော့ သူက အရမ်းကို ကောင်းပါတယ်..”

ဟွားရှောင်ဟွား စိတ်မရှည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ဒါဆို သူက ဘယ်သူလဲ..”

တစ်ဘက်တွင်မူ ယင်တပိုင် စကားမပြောချေ။ ယင်တပိုင်၏ စိတ်ထဲတွင် ယင်ရှောင်ရှောင်း၏ စကားများကို တွေးနေမိသည်။ တစ်ခုခု မူမမှန်ဟု ခံစားနေမိသည်။

“သူ့ကို.. သူ့ကို ခေါ်တာက..”

ယင်ရှောင်ရှောင်း အတတ်နိုင်ဆုံး အချိန်ဆွဲနေသည်။

“သူ့ကို ခေါ်နိုင်တာက..”

“မင်းက မော့မြွေနဲ့ ရှိနေတာ သေချာတယ်..”

ဝင်ပေါက်မှ အသံတစ်သံ ထွက်လာသည်။ နေရာတွင် ရှိနေသည့် မြွေများအားလုံး ဂူဝသို့ တစ်ပြိုင်နက်တည်း ရှိလိုက်ကြသည်။ ယင်ရှောင်စစ်သည် ထိုနေရာတွင် မနှစ်မြို့ဟန်ဖြင့် ရပ်နေပြီး နံဘေးတွင် လန်စန်းစန်း ရှိနေသည်။

“မော့မြွေလား..”

ဟွားရှောင်ဟွား ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် မှားယွင်းနေမှုအား သတိပြုမိလိုက်ပြီ ဖြစ်သည်။ မသိစိတ်ဖြင့် ယင်ရှောင်ရှောင်းအား လှည့်ကြည့်လိုက်သည်။ ထိုအခိုက်အတံ့တွင် ယင်ရှောင်ရှောင်း၏ အပြစ်ရှိစိတ်မှာ သူ၏မျက်နှာတစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်၏ မျက်ဆံများ ကျုံ့သွားသည်။

ယင်ရှောင်စစ်ပြောတာ အမှန်ဖြစ်နေတာလား..

“အဲဒီလိုလား ရှောင်ရှောင်း..” ယင်တပိုင်၏အသံမှာ ပြင်းထန်နေသည်။

“ငါ့ကို မေးလို့ရနေမှတော့ ရှောင်ရှောင်းကို မေးနေစရာ မလိုဘူးလေ..”

မော့လောင်တ ဂူထဲသို့မရောက်ခင် အသံကြားလိုက်ရသည်။ ယင်ရှောင်ရှောင်း ဂူထဲသို့ ဝင်သွားပြီးသည်နှင့် မော့လောင်တသည် ဂူဝတွင် အပြစ်ကင်းစွာဖြင့် ရပ်နေခဲ့ပြီး လန်စန်းစန်းနှင့် အတူပြန်လာသည့် ယင်ရှောင်စစ်သည် မော့လောင်တအား ဂူဝတွင် မြင်သည့်အခါ ခိုးကြည့်လိုက်သည်။ တစ်ကြိမ်တည်းမှာပင် ဂူထဲမှ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ယင်ရှောင်ရှောင်းနှင့် စကားပြောခန်းအား ကြားလိုက်ရသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ဂူရှေ့တွင်ရှိနေသည့် မော့မြွေမှာ မည်သူဖြစ်ကြောင်း ယင်ရှောင်စစ် သိလိုက်ရပြီး လွန်ခဲ့သည့် လပေါင်းများစွာတွင် ယင်ရှောင်ရှောင်းနှင့် အမှတ်မထင် ဆုံတွေ့ခဲ့သည်အား အမှတ်ရလိုက်မိသည်။ ထိုအချိန်တွင်လည်း ယင်ရှောင်ရှောင်းသည် စိုးရိမ်ပူပန်ကာ အပြစ်ရှိစိတ်တို့ ခံစားနေရပုံပေါ်ပြီး လန်ယိယိနှင့် အတူရှိနေဆဲဖြစ်သည်။ ယခုအခါတွင် သူစိုးရိမ်မိသည်မှာ ယင်ရှောင်ရှောင်းသည် ထိုအချိန်ကတည်းက ဤမော့မြွေနှင့် အတူရှိနေမည်ကို ဖြစ်သည်။ ထိုအခိုက်အတံ့မှာပင် ယင်ရှောင်စစ်သည် မော့လောင်တအား သတ်ဖြတ်ချင်စိတ်တို့ ထုတ်လွှတ်ကာဖြင့် လန်စန်းစန်းအား ဦးဆောင်ကာ ဂူထဲသို့ ဝင်သွားပြီး ယင်ရှောင်ရှောင်းပါးစပ်ထဲမှ စကားလုံးများကို ပြောလိုက်လေသည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တ ဝင်လာသည်ကို မြင်သည့်အခါ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိပြီး ဟွားရှောင်ဟွားထံမှ လှောင်ပြောင်သံတစ်ခု ရရှိလိုက်သည်။ ဤမြွေကြောင့် သက်ပြင်းချရခြင်း မဟုတ်ကြောင်းကို သက်သေပြရန်အတွက် ယင်ရှောင်ရှောင်း ချက်ချင်းပင် ခေါင်းမော့ကာ ရင်ကိုကော့ကာဖြင့် ရှေ့သို့ကြည့်လိုက်သည်။

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ အပြုအမူကိုမြင်ပြီး ဟွန့်ခနဲ အသာပြုကာဖြင့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့အား လေးနက်သည့်အသံဖြင့် ပြောလေသည်။

“မင်းတို့ သဘောတူတူ မတူတူ ယင်ရှောင်ရှောင်းက ငါ့ရဲ့ အနာဂတ်လက်တွဲဖော် ဖြစ်လာလိမ့်မယ်..”

ယင်ရှောင်ရှောင်း စိုးရိမ်သွားသည်။ ဘာကို လက်တွဲဖော်လဲ.. အဲလိုဖြစ်ဖို့ လုံးဝ ကတိမပေးခဲ့ဘူးနော်..။ မော့လောင်တသည် မော့လောင်အာအား ထိုသို့ပြောပြီးသည့်နောက် သူတို့နှစ်ဦးမှာ သူငယ်ချင်းများသာ ဖြစ်ကြောင်း ထပ်ခါတလဲလဲ အလေးပေး ပြောဆိုခဲ့သည်။ သို့တိုင်အောင် ယခုအခါတွင် မည်သည်ကြောင့် ‘လက်တွဲဖော်’ ဟု ဆိုနေရသနည်း။ ယင်ရှောင်ရှောင်း အလျင်စလို ငြင်းမည်ပြုသော်လည်း မော့လောင်တထံမှ အကြည့်ကြောင့် ခြိမ်းခြောက်ခြင်းခံလိုက်ရသည်။ အကြည့်တစ်ချက်မှာ စကားမပြောနိုင် မသတ်နိုင်သော်လည်း ဤအခိုက်အတံ့တွင် မော့လောင်တ၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသည့် ခံစားချက်များ ဖော်ပြနေသည့်အတွက် ယင်ရှောင်ရှောင်း၏ စကားများမှာ မော့လောင်တ၏ ကြင်နာသည့်စိတ်အား မနှစ်သိမ့်နိုင်ပါက မော့လောင်တသည် သတ်ဖြတ်ဖို့ရန် စိတ်မရှိဟု ဆိုလိုနေပုံရသည်။ ရုတ်တရက်ဆိုသလို ယင်ရှောင်ရှောင်း တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး စကားများပင် ပြန်မြိုချလိုက်ရသည်။

“မင်းတို့က ‘သူငယ်ချင်းကောင်း’ တွေပါဆို.. ဘယ်လိုဖြစ်ပြီး ‘လက်တွဲဖော်’ တွေ ဖြစ်လာရတာတုန်း..”

ယင်တပိုင်၏ အသံမှာလည်း လေးနက်လာသည်။ ရှောင်ရှောင်းအား မော့မြွေတစ်ကောင်၏ လက်တွဲဖော်ဖြစ်လာရန် တောင်းဆိုခြင်းမှာ လုံးဝ မဖြစ်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ သဘောတူမည် မဟုတ်ပေ။

“ ‘သူငယ်ချင်းကောင်း’ ဆိုတာ မဟုတ်ဘူး.. ‘လက်တွဲဖော်’ ပဲ..”

မော့လောင်တသည် ယင်ရှောင်ရှောင်းအား ကြည့်ကာဖြင့် ခပ်မှန်မှန်ပြောသည်။

“မေးနေစရာတောင်မလိုဘူး.. ငါလုံးဝ သ‌ဘောမတူဘူး..”

ဤတစ်ကြိမ်တွင် ယင်တပိုင် စကားမပြောမီ ဟွားရှောင်ဟွား အလျင်စလိုပြောလာသည်။

“ငါတို့ရဲ့ ယင်မြွေက မော့မြွေတစ်ကောင်ရဲ့ လက်တွဲဖော် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..”

“ငါက မင်းရဲ့ခွင့်ပြုချက် လိုမနေဘူး..”

မော့လောင်တ ပါးစပ်ဖွင့်လိုက်ပြန်သည်။

“ရှောင်ရှောင်းနဲ့ ငါက တွဲလို့ရတယ်.. ဒီကိစ္စက ပြောင်းလဲသွားမှာ မဟုတ်ဘူး..”

ဟွားရှောင်ဟွား ဆက်ပြောချင်သော်လည်း ယင်တပိုင် တားမြစ်လိုက်သည်။ ယင်တပိုင်သည် ခေတ္တမျှကြာအောင် တွေးတောပြီးနောက် မော့လောင်တထံ လှည့်ပြောသည်။

“မော့မျိုးနွယ်က မင်းနဲ့ ရှောင်ရှောင်းကို လက်တွဲဖော်ဖြစ်ဖို့အတွက် သဘောတူလာအောင် လုပ်နိုင်ရင် ငါပြန်စဉ်းစားမယ်..”

“ကောင်းတယ်.. ဒါဆိုရင် သဘောတူလိုက်ပြီ..”

ပြောဆိုပြီးသည့်နောက်တွင် မော့လောင်တသည် လျှပ်စီး၏ အမြန်နှုန်းဖြင့် ယင်ရှောင်ရှောင်းအား ဆွဲယူကာ သူ၏နောက်တွင် ထားလိုက်သည်။

“အဲဒါဆို ငါနဲ့ ရှောင်ရှောင်းက အရင်သွားလိုက်ပါဦးမယ်..”

မျက်စိတစ်မှိတ်အတွင်းမှာပင် မော့လောင်တသည် ယင်ရှောင်ရှောင်းအား ဦးဆောင်ကာ ဂူထဲမှ ထွက်သွားလေသည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့၏ အရှိန်ကြောင့် မော့လောင်တထံတွင် ယင်ရှောင်ရှောင်း ရှိနေသည့်တိုင် မော့လောင်တနောက်သို့ လိုက်ဖမ်းခြင်းမပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ဟွားရှောင်ဟွား၏ သွင်ပြင်မှာ အရုပ်ဆိုးနေသည်။

“မင်းတကယ်ကြီး ရှောင်ရှောင်းနဲ့ အဲဒီ မော့မြွေကောင်ကို သဘောတူလိုက်တာလား.. မော့မျိုးနွယ်က တခြားမြွေပွေးတွေကို ဘယ်လိုငြင်းပယ်တယ်ဆိုတာ မင်းသိတယ်လေ..”

ယင်တပိုင်၏ သွင်ပြင်မှာလည်း မည်သည့်နေရာတွင်မျှ ကြည့်မကောင်းချေ။ ယင်တပိုင်သည် ဂူဝကို စိုက်ကြည့်လို့နေသည်။ သူ၏အသံမှာလည်း လေးလံနေသည်။

“ကိုယ် ကတိမပေးလိုက်ပါဘူး.. မော့မြွေတွေက တခြားမြွေပွေးတွေကို ငြင်းပယ်တယ်ဆိုတဲ့အကြောင်း မင်းပြောတယ်မလား.. ပြီးတော့ အဲဒီမော့မြွေကောင်ရဲ့ အရောင်အဆင်းက ဘယ်လောက်တောင် သန့်စင်နေတယ်ဆိုတာ မင်းလည်းမြင်တာပဲ.. အဲဒီလိုဆို မော့မြွေတွေက ဒီမော့မြွေကို ရှောင်ရှောင်းနဲ့ တွဲဘက်ဖြစ်လာဖို့ သဘောတူမယ်လို့ မင်းတကယ်ထင်နေတာလား.. အဲဒီမော့မြွေကောင်က ရှောင်ရှောင်းရဲ့ လက်တွဲဖော်ဖြစ်လာမယ့်နည်းလမ်း လုံးဝမရှိဘူး.. အဲဒီကောင်က မော့မြွေတွေကို စည်းရုံးနိုင်မယ်ဆိုရင်တောင် ကိုယ်က စဉ်းစားမယ်လို့ပဲ ပြောခဲ့တာလေ.. သဘောတူမယ်လို့ မပြောလိုက်ပါဘူး..”

ဟွားရှောင်ဟွားသည် ယင်တပိုင်၏စကားကို နားထောင်ပြီးနောက် သူ၏အတွေးထဲသို့ နစ်မြုပ်သွားလေသည်။ ခက်ခက်ခဲခဲဖြင့် စိတ်ထဲရှိ ဒေါသနှင့် မပျော်ရွှင်မှုတို့အား ဖိနှိပ်ထားလိုက်ရသည်။

အဆုံးတွင် မြွေမလေးအား ဖမ်းစားလိုက်နိုင်သည့်အတွက် ဟွားရှောင်ဝူသည် ပျော်ရွှင်စွာဖြင့် ဂူထဲသို့ ခြေချလာခဲ့သည်။

“ဖေဖေ... ပါပါး.. သားလက်တွဲဖော် ရလာခဲ့ပြီ..”

သူပြောပြီးနောက်တွင် အမြီးအားယမ်းကာ ခေါင်းမတ်မတ်ထားလိုက်ပြီး ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ချီးကျူးမှုအား စောင့်မျှော်နေလေသည်။

… အချိန်အတော်ကြာပြီးနောက်။

ဟွားရှောင်ဝူ : “…”

…… အချိန်ပိုကြာပြီးနောက်။

ဟွားရှောင်ဝူ: "ဟေး ဟေး! ဘာလို့ဘယ်သူကမှ စကားမပြောတာလဲ!”

……… အချိန် ပို၍ ပို၍ ကြာပြီးနောက်။

ယင်တပိုင် ၏ မျက်နှာသည် မှုန်ကုပ်နေသေးသည်။ ဟွားရှောင်ဟွား သည် အတွေးထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။

ဟွားရှောင်ဝူ: "အမ်.. ရှောင်ရှောင်း ပြန်မလာသေးဘူးလား.."

ယင်တပိုင် နှင့် ဟွားရှောင်ဟွား ၏ မျက်လုံးများသည် ဟွားရှောင်ဝူ ဆီသို့ ဓားသွားကဲ့သို့ ရောက်လာကြသည်။ ဟွားရှောင်ဝူ မှားသွားသလို ခံစားလိုက်ရသည်။

‘ရှောင်ရှောင်း ဘာဖြစ်လို့ ပြန်မလာတာလဲလို့တောင် မမေးရသေးဘူးလေ.. ဖေဖေနဲ့ ပါပါးက သားကို ရက်စက်လိုက်တာ..’