🐍Chapter 52
မော့လောင်တသည် ယင်ရှောင်ရှောင်းအား အမြီးဖြင့် ရစ်ပတ်ပြီး အလျင်စလို ဆွဲယူသွားလေသည်။ ယင်ရှောင်ရှောင်းမှာ စိတ်ရှုပ်ထွေးလို့နေသည်။
“နေပါဦး.. ဟေး.. နေပါဦးလို့..”
မော့လောင်တမှာ ယင်ရှောင်ရှောင်းတို့ မိသားစုအိမ်နှင့် အလွန့်အလွန် ဝေးသည့်နေရာသို့ မရောက်မချင်း နားမကြားယောင် ဆောင်နေခဲ့သည်။ ထို့နောက်တွင်မှ မော့လောင်တ ရပ်တံ့သွားသည်။
ယင်ရှောင်ရှောင်း မူးဝေနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာ စက်ဝုင်းသဏ္ဍာန် ယိမ်းထိုးနေသည်။ သူ၏ နှလုံးသား အောက်ခြေမှနေ ပြတ်ပြတ်သားသား ကျိန်ဆိုလိုက်သည် _ တဟေးတန်က ဘယ်လောက်ပဲ မြန်မြန် နောက်များကျ အဲဒီမော့လောင်တကို သူ့ကို ဆွဲယူသွားဖို့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး.. မြွေတစ်ကောင်အတွက် အရမ်းကို ခက်ခဲလွန်းတယ်.. ဟုတ်ပြီနော်..။
မော့လောင်တမှာ သူ၏အပြုအမူများအတွက် အနည်းငယ်မျှပင် အပြစ်ရှိစိတ် မခံစားရသည့်အပြင် ယင်ရှောင်ရှောင်းကိုပင် အနည်းငယ် စောဒကတက်နေလေသည်။
“အရူးပေါက်လေး.. မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားနည်းလွန်းတယ်.. မင်းပိုပြီးတော့ လေ့ကျင့်ဖို့ လိုပြီထင်တယ်..”
မှင်တက်နေဆဲ ယင်ရှောင်ရှောင်းမှာ သူ၏ နာကြည်းမှုအား ဖော်ပြဖို့ရန်ပင် စကားလုံးများ ပျောက်ရှနေပြီး စိတ်ထဲ၌သာ ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်နေမိသည်။
‘ပုပ်အဲ့နေတဲ့ တဟေးတန်.. ဆိုးဝါးလွန်းတဲ့ တဟေးတန်.. ခင်ဗျားက ငါ့ကို အနိုင်ကျင့်ဖို့ပဲ သိနေတာ..’
မော့လောင်တသည် မတ်တက်ရပ်ကာ ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက် ယင်ရှောင်ရှောင်း၏ ထင်မြင်ချက်ကိုပင် မတောင်းဆိုတော့ဘဲနှင့် ဦးတည်ရာကို ရွေးကာ ပြောလိုက်သည်။
“ဟုတ်ပြီ.. ကိုယ်တို့ အခု အိမ်ပြန်ကြမယ်..”
မော့လောင်တ၏ နောက်မှလိုက်လာသည့် ယင်ရှောင်ရှောင်းမှာ နာနာခံခံဖြင့် ‘အိုး’ ဟု ရေရွတ်ပြီးနောက် မော့လောင်တနောက်မှနေ နာခံစွာ လိုက်ပါသွားလေသည်။
သွားလာနေစဉ်တွင် မော့လောင်တသည် ခေါင်းလှည့်ကာဖြင့် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည့်အခါ ကြောင်အသွားလေသည်။ ယင်ရှောင်ရှောင်းသည် နာခံစွာဖြင့် သူ့နောက်သို့ လိုက်လာသည်အား မြင်တွေ့ရသည့်အခါ မော့လောင်မှာ မမေးဘဲ မနေနိုင်တော့ချေ။
“အရူးပေါက်လေး.. မင်းကို အိမ်ကနေ ဆွဲခေါ်လာတဲ့အတွက် ကိုယ့်ကို အပြစ်မတင်ဘူးလား..”
ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ စကားကို ကြားပြီးနောက် စိုက်ကြည့်နေမိသည်။ ထို့နောက်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိ ပြောလာသည်။
“ခင်ဗျားက ကျွန်တော်နဲ့ ပြန်မယ်လို့ ပြောတဲ့အချိန်ကတည်းက ပါပါးနဲ့ ဖေဖေက ခင်ဗျားနဲ့ သူငယ်ချင်းလုပ်ဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်က ချက်ချင်းပဲ သိလိုက်တာ.. အဆုံးကျတော့ ခင်ဗျားက ကျွန်တော့်ကို ဆွဲခေါ်သွားခဲ့တယ်.. အဲဒါက..”
ယင်ရှောင်ရှောင်း ခဏရပ်လိုက်သည်။
“ဖေဖေနဲ့ ပါပါးက ကျွန်တော့်ကို ခင်ဗျားနဲ့ သူငယ်ချင်းဖြစ်ခွင့်မပြုလို့ အရမ်းမကျေမနပ်ဖြစ်နေတာ ကျွန်တော်သိတယ်.. ဒါပေမဲ့ ကျွန်တော့်ကို ခင်ဗျားရဲ့ လက်တွဲဖော်ပါဆိုပြီးတော့ နောက်မနေသင့်ဘူးလေ.. ဖေဖေနဲ့ ပါပါးက အဲဒါက အလေးအနက်ထားလိုက်ရင် ဘယ်လိုလုပ်မလဲ..”
ယင်ရှောင်ရှောင်း ပြောသည်အား နားထောင်ရင်း မော့လောင်တသည် ကနဦးတွင် အလွန်တည်ငြိမ်နေခဲ့သည်။ ယင်ရှောင်ရှောင်း ပြောပြီးသွားသည့်အခါတွင် မော့လောင်တ၏ မျက်နှာတစ်ခုလုံး စိမ်းဖန့်လို့လာသည်။
ဒီအရူးပေါက်လေးကတော့.. ဒီအရူးပေါက်လေးကို လက်ထပ်ချင်ပြီး လက်တွဲဖော် ဖြစ်ချင်ပါတယ်လို့ ဟွားရှောင်ဟွားနဲ့ ယင်တပိုင်ကို ပြောခဲ့တာတောင် အခုထိ နောက်နေတယ်လို့ ထင်နေတုန်းပဲ..
မော့လောင်တ သွားနေခြင်းအားရပ်ကာ လှည့်လိုက်ပြီးနောက် ယင်ရှောင်ရှောင်း ရှေ့ရောက်သည်အထိ ဖြည်းညင်းစွာ တိုးလိုက်သည်။
“မင်းက ကိုယ့်ရဲ့ လက်တွဲဖော် ဖြစ်လာမယ်လို့ ပြောတာက ကိုယ်ဟာသလုပ်နေတယ်လို့ ထင်နေတာလား..”
မော့လောင်တ ရုတ်တရက်လှည့်ပြီး ချဉ်းကပ်လာသည့်အခါ ယင်ရှောင်ရှောင်း နောက်ဆုတ်သွားမိသည်။
“ဟုတ်နေတာပဲ မဟုတ်ဘူးလား..”
မော့လောင်တ ယင်ရှောင်ရှောင်း၏ မျက်နှာဆီသို့ ပို၍နီးကပ်အောင် တိုးသွားလိုက်သည်။ ထိုအခါတွင် ရစ်ခွေချင်နေသည့် ယင်ရှောင်ရှောင်းမှာ နေရာတွင်ပင် ကြက်သေသေနေသည်။
“သေချာနားထောင် အရူးပေါက်လေး.. ဒီတစ်ခါပဲပြောမှာ.. ကိုယ်မင်းကို သဘောကျတယ်.. မင်းကို ကိုယ့်ရဲ့ လက်တွဲဖော် ဖြစ်လာစေချင်တယ်.. မင်းလေးကရော..”
ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ အထူးတလည် စိတ်အားထက်သန်နေသည့် မျက်နှာအား ကြောင်အစွာဖြင့် ကြည့်နေမိပြီး သတိမမူမိဘဲ ‘အာ..’ ဟူသည့်အသံ ပြုလိုက်မိသည်။
မော့လောင်တသည် ယင်ရှောင်ရှောင်း၏ ‘အာ..’ ဆိုသည်ကို ကြားပြီးသည့်နောက်တွင် အလွန်အမင်း မကျေမနပ် ဖြစ်လာသည်။ မျက်ဝန်းများ မှေးကျဉ်းလိုက်ပြီးနောက် မေးသည်။
“မင်းက ကိုယ့်ကို သဘောမကျဘူးဆိုတာ ဖြစ်နိုင်လို့လား.. မင်းက ကိုယ့်ရဲ့ လက်တွဲဖော် မဖြစ်ချင်နေတာလား..”
ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ မျက်လုံးများကို ကြည့်ကာ တံတွေးမြိုချမိလိုက်သည်။ ယင်ရှောင်ရှောင်း၏ မသိစိတ်အရ တဟေးတန်အား သဘောကျခြင်းမရှိဟု ပြောလိုက်မည်ဆိုလျှင် ကင်ပြီးသား ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ယင်ရှောင်ရှောင်း အကြိမ်ကြိမ်အခါခါ ခေါင်းညိတ်လိုက်သည်။
“သဘောကျတာပေါ့.. ကျွန်တော် ခင်ဗျားကို သဘောကျတယ်..”
“တကယ်လား..”
မော့လောင်တ၏ မျက်လုံးများ မှေးကျဉ်းသွားပြန်သည်။
ယင်ရှောင်ရှောင်းမှာ တည်ကြည်လေးနက်ကာ လေးစာမှုအပြည့်ဖြင့် စိတ်အားထက်သန်စွာ ဆိုလေသည်။
“တကယ်ပါဆို.. တကယ်ကြီး လုံးဝ သံသယရှိမနေနဲ့.. ဘာလို့ ခင်ဗျားကို လှည့်စားရမှာလဲ..”
မော့လောင်တသည် ယင်ရှောင်ရှောင်းအား သံသယဖြင့် ကြည့်လိုက်သည်။ အဆုံးတွင် ခန္ဓာကိုယ်အား မတ်ကာ ယင်ရှောင်ရှောင်းအား ကျေနပ်ရွှင်မြူးသည့် အမူအရာဖြင့် ကြည့်ပြီးနောက် ပြောသည်။
“အရူးပေါက်လေးက ငါ့ကို ဘယ်လိုလုပ်ပြီး သဘောမကျဘဲ ရှိမှာလဲ.. ငါက ခံ့ညာသန်မာပြီး ဆွဲဆောင်မှုရှိတဲ့ မော့မြွေလေ.. ငါ့လိုမြွေမျိုးကို ဘယ်လိုမြွေကများ သဘောမကျဘဲ နေနိုင်မှာတဲ့လဲ.. ဟုတ်တာပေါ့.. အရူးပေါက်လေးက ငါ့ကို သဘောကျနေသမျှ တခြားမြွေတွေက ငါ့ကို သဘောကျဖို့ မလိုဘူးနော်.. ငါ့ကို အရမ်းတွေ မနာလိုဖြစ်မနေကြနဲ့..”
မော့လောင်တသည် သူ၏ အတ္တပေမဝါဒအား နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ယင်ရှောင်ရှောင်း တိတ်တဆိတ် သက်ပြင်းချပြီးနောက် မော့လောင်တနောက်သို့ လိုက်သွားလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ လိမ္မာပါးနပ်မှုကြောင့်သာ မဟုတ်ခဲ့လျှင် သူ၏ အသက်လေးမှာ ဤနေရာတွင်ပင် အဆုံးသတ်သွားပေလိမ့်မည်။
ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ နောက်ကျောအား ငေးကြည့်ရင်း အကြည့်မလွှဲနိုင်တော့ချေ။ အမှန်အတိုင်း ဆိုင်ရလျှင် တဟေးတန်သည် အနာဂတ် လက်တွဲဖော်ကောင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။ သူသည် ချစ်စရာကောင်းကာ သန်မာသည့်အပြင် ခွင့်လွှတ်တတ်သူလည်း ဖြစ်သည်။ သူနှင့် သာမန်မြွေပွေးများကြားက ခြားနားချက်များကိုလည်း နားလည်ပြီး မထိမိလျှင် ပိုကောင်းမည့် အရာများနှင့် ပတ်သက်၍လည်း မေးမြန်းလိမ့်မည် မဟုတ်ပေ။ တစ်ခုတည်းသော ကံမကောင်းသည့် အရာမှာ သူသည် မော့မြွေတစ်ကောင် ဖြစ်နေပြီး သို့တည်းမဟုတ်လျှင် ဖေဖေနှင့် ပါပါးတို့၏ ကန့်ကွက်ခြင်းခံရမည် မဟုတ်ပေ။ ထိုသို့မဟုတ်ခဲ့လျှင် ဤမျှလောက် ကြီးမားကာ အစွမ်းထက်သည့် မြွေပွေးတစ်ကောင်နှင့် ပြန်လာသည့်အတွက် ပျော်နေနိုင်လောက်သည်။
ယင်ရှောင်ရှောင်း စိုးရိမ်မိသလောက် မော့လောင်တမှာ မော့မြွေဖြစ်စေ၊ လန်မြွေဖြစ်စေ သို့တည်းမဟုတ် မည်သည့်မြွေအမျိုးအစား ဖြစ်နေပါစေ သူ့အတွက် အရေးမကြီးပေ။ ယခင်ဘဝ မှတ်ဉာဏ်များနှင့်အတူ မြွေအဖြစ် ပြန်လည်မွေးဖွားလာသည့် လူသားတစ်ဦးအနေဖြင့် မော့မြွေတစ်ကောင်ဖြစ်နေသည်ဟူသော အချက်ပေါ် အခြေခံ၍ ငြင်းပယ်မည် မဟုတ်ပေ။ သူတို့ အတူတူမရှိနိုင်ဟု သူတွေးမိသည့် အကြောင်းမှာ မော့မြွေဖြစ်နေခြင်းကြောင့် မဟုတ်ပေ။ ထို့အပြင် မြွေပွေးများ၏ သက်တမ်းမှာ အလွန်ရှည်လျားလှသည်။ အနှစ် ၂၀၀ လုံးလုံး မြွေတစ်ကောင်အဖြစ် တစ်ကောင်တည်းနေထိုင်သွားရန်မှာ အလွန်နာကျင်ရပေလိမ့်မည်။ ယင်ရှောင်ရှောင်း ထိုအရာကို မလိုချင်ပေ။
ယင်ရှောင်ရှောင်းသည် မော့လောင်တအား အနောက်မှ တိတ်တဆိတ် လှမ်းကြည့်ပြန်သည်။ သူ့အား သဘောကျသလား၊ မကျသလားအား မသိသေးသော်ငြား တဟေးတန်၏ တည်ရှိမှုသည် သူ၏ နှလုံးသားထဲတွင် မည်သည့်အနေအထားဖြင့် ရှိနေသည်ကို မသိသည့်တိုင် သူ့အတွက် သံသယဖြစ်စရာ ကောင်းလောက်အောင် ထူးခြားနေဆဲ ဖြစ်သည်။ မော့လောင်တ၏ လက်တွဲဖော် ဖြစ်ရန်မှာ မှားယွင်းနေခြင်း မရှိပေ။ ယင်ရှောင်ရှောင်းသည် မမျှော်လင့်ဘဲ မော့လောင်တ၏ လက်တွဲဖော်အဖြစ် အတူနေထိုင်သွားရန် တွေးနေမိလေသည်။ တကယ်တမ်းတွင် သူသည် မော့လောင်တနှင့် အတူတူနေထိုင်နေခြင်း ဖြစ်သည်ကြောင့် လက်တွဲဖော်များ ဖြစ်လာသည့်အခါတွင်လည်း ယခင်နှင့် ပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။
ဟုတ်ပါပြီ ယင်ရှောင်ရှောင်းရေ.. မင်းက လက်ထပ်ပြီးရင် ဖြစ်လာမယ့် အရေးအကြီးဆုံးအရာကို မေ့နေတာပဲ..
အရာအားလုံး ပြေလည်သွားပြီဟု ယုံကြည်နေသည့် ယင်ရှောင်ရှောင်းမှာ တစ်ခဏချင်းမှာပင် ရွှင်မြူးကာ စိတ်ပေါ့ပါးလာသည်။ မော့လောင်တအား အမီလိုက်ရန် လျင်မြန်စွာ သွားလိုက်သည်။
“တဟေးတန်ရေ.. အမြန်ပြန်ဖို့ မလိုပါဘူး.. ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်လေ.. ဟုတ်ပြီလား..”
တဟေးတန် : "ဟုတ်ပါပြီ.."
တစ်ချိန်တည်းမှာပင် မော့လောင်တ စိတ်ထဲ၌ တွေးနေမိသည်မှာ “အစကတော့ ကျိခန်းနဲ့ ခွဲတောင် မခွဲချင်ဘူး.. အခုကျ ကျိခန်းက မင်းစိတ်ထဲမှာတောင် ရှိနေသေးရဲ့လား..”
ယင်ရှောင်ရှောင်း၏ အမြီးမှာ နှစ်ကြိမ်ခန့် လှုပ်ယမ်းသွားသည်။ မော့လောင်တသည် သူ၏ သူငယ်ချင်းများနှင့် တွေ့ဆုံရန် သဘောတူလိုက်သည်ကြောင့် ဖြစ်ပေမည်။ ယခင်မျိုးဆက်များတွင် အကြင်လင်မယားများ၏ သူငယ်ချင်းများသည် အချင်းချင်း တဖြည်းဖြည်း တွေ့ဆုံကြသည့်အတွက် ကိုယ်တိုင်စီစဉ်ပေးခြင်းမှာ မမှားလောက်ပေ။ ယင်ရှော်ငရှောင်းသည် ရှေ့သို့နှစ်လှမ်းတိုးကာ လှည့်ပတ်ကြည့်လိုက်ပြီး လုရှောင်ဟွမ်တို့အိမ် ရှိမည့်အရပ်အား အတည်ပြုလိုက်သည်။
“အိုး.. ဒီနေရာက ဦးဦးဟေးတို့ အားလုတို့အိမ်နဲ့ သိပ်မဝေးဘူးပဲ.. မြန်မြန်လေး လိုက်ခဲ့နော်..”
ယင်ရှောင်ရှောင်းထံမှ “ဦးဦးဟေး” ဟူသည်အား မော့လောင်တ ဒုတိယအကြိမ် ကြားလိုက်ရခြင်းပင်။ ရိုးရိုးသားသား ဆိုရလျှင် မော့လောင်တသည် ဤ ‘ဦးဦးဟေး’ အား အလွန်သိချင်နေမိသည်။ သို့သော်လည်း မျိုးရိုးနာမည် ဟေး လား။ မော့လောင်တ တွေးနေမိသည်။ ဖြစ်နိုင်သည်မှာ အခြားသူသည် ဟေးမြွေ ဖြစ်ဖွယ်ပင်။
မော့လောင်တ ဟေးအာပန်အား မြင်သည့်အခါတွင် သူ၏ယူဆချက် မှန်ကန်ကြောင်း သိလိုက်ရသည်။ ဟေးအာပန်သည် အမှန်တကယ်ကို ဟေးမြွေဖြစ်ပြီး ဟေးမြွေများကြားတွင်ပင် သန်မာသည်ဟု မယူဆနိုင်ပေ။ မော့မြွေများ၏ မျက်လုံးထဲတွင် ဟေးမြွေများသည် ကြီးကျယ်မြင့်မြတ်ခြင်း မရှိပေ။ မော့မြွေများသည် ဟေးမြွေများအား အထင်အမြင်သေးသည်ဟုပင် ဆိုနိုင်သည်။ ယခင်က မော့လောင်တသည်လည်း ထိုသို့တွေးခဲ့သည်။ မှန်သည်၊ မော့လောင်တသည် ယခုထိတိုင် ထိုသို့တွေးနေဆဲ ဖြစ်သည်။ ယခုတွင်မူ ဟေးအာပန်သည် ယင်ရှောင်ရှောင်း၏ ‘ဦးဦးဟေး’ ဖြစ်နေသည့်အတွက် မော့လောင်တမှာ ဟေးအာပန်အား အခြားသော ဟေးမြွေများကဲ့သို့ မဆက်ဆံနိုင်တော့ပေ။
ဟေးအာပန်သည် ယင်ရှောင်ရှောင်း နံဘေးမှ မော့မြွေအား မြင်လိုက်သည့်အခါတွင် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။ ဟေးအာပန်၏ နံဘေးရှိ လုရှောင်ဟွမ်၏ မျက်လုံးများသည်လည်း ယင်ရှောင်ရှောင်း၏ဘေးတွင် ရှိနေသည့် မော့မြွေအား သိလိုစိတ်နှင့် စိုးရိမ်စိတ်များ ပြည့်နေသည်။
“ဦးဦးဟေး.. အားလု.. ဒါက သားရဲ့.. အနာဂတ် လက်တွဲဖော်ကောင်းပါ..”
‘ငါ့ကို မင်းရဲ့ သူငယ်ချင်းကောင်းပါလို့ ပြောမယ်ဆိုရင် ကင်ခံရပြီမှတ်’ ဟူသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် မော့လောင်တအား မြင်လိုက်ရသည့်အခါတွင် ယင်ရှောင်ရှောင်းမှာ ပြောထွက်တော့မည့် စကားများအား နောက်ဆုံးအချိန်တွင် ပြောင်းလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် အချိန်မီလေးဖြစ်သည်။ ယင်ရှောင်ရှောင်း စိတ်ထဲမှနေ သူ့ကိုယ်သူ တိတ်တဆိတ် ချီးကျူးလိုက်သည်။
ယင်ရှောင်ရှောင်း၏ မိတ်ဆက်စကားအား ကြားလိုက်ရသည့်အခါတွင် မော့လောင်တထံတွင် ရှိနေသည့် လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့၏ အကြည့်များမှာ ထူးဆန်းလာပြီး ယင်ရှောင်ရှောင်းထံသို့ လှည့်သွားလေသည်။ မြွေနှစ်ကောင်၏ မျက်လုံးများထဲတွင် သံသယနှင့် မယုံကြည်နိုင်မှုတို့ ထင်ဟပ်နေသည်။
ထိုအချိန်မှာပင် မော့လောင်တ စကားစပြောလာသည်။
“ငါက မော့လောင်တ.. ရှောင်ရှောင်းရဲ့ အနာဂတ်လက်တွဲဖော် ဖြစ်လာမယ့်သူပါ..”
ဟေးအာပန်နှင့် လုရှောင်ဟွမ်၏ အကြည့်များမှာ မော့လောင်တထံသို့ ပြန်လည်ရောက်ရှိလာပြန်သည်။ မော့လောင်တသည် ထိုမြွေနှစ်ကောင်၏ အကြည့်များကြောင့် အမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။
“ဒါ..”
လုရှောင်ဟွမ် စကားအသုံးအနှုန်းအား စဉ်းစားပြီးနောက်တွင် ဝါကျတစ်ခုသာ ပြောလာသည်။
“အရမ်း ခက်ခဲလိမ့်မယ်..”
လုရှောင်ဟွမ် ဆိုလိုသည်မှာ ‘မင်းတို့ အတူတူရှိဖို့အတွက်ဆိုရင် ငါနဲ့ အာပန်တို့ ကြုံခဲ့ရတဲ့အရာတွေထက် ပိုပြီး ခံရလိမ့်မယ်..’
ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်၏ ဆိုလိုရင်းအား နားမလည်ချေ။ မော့လောင်တမှာမူ မကျေမနပ်ဖြင့် ဟစ်ကြွေးလေသည်။
“ငါက အစွမ်းအထက်ဆုံး မော့မြွေပဲ.. ဟေးမြွေရဲ့ မထီမဲ့မြင်ပြုတာကို ခံနေမှာ မဟုတ်ဘူး..”
ထိုသို့ပြောပြီးနောက် ဟေးအာပန်အား စိုက်ကြည့်လိုက်သည်။ မော့လောင်တ၏ ဆိုလိုရင်းမှာ ‘မင်းက ဘယ်လိုဖြစ်ပြီး ငါ့ကို ဟေးမြွေတစ်ကောင်နဲ့ နှိုင်းယှဉ်နိုင်ရတာလဲ.. ငါတို့က ယှဉ်နေစရာတောင် မလိုဘူးနော်.. အရူးပေါက်လေးက ငါ့နောက်ကို လိုက်မယ်ဆို ဘယ်လိုလုပ်ပြီး နာကျင်မှုတွေ ခံစားရမှာတဲ့တုန်း..’
လုရှောင်ဟွမ်၏မျက်နှာမှာ ပို၍ပင် စိမ်းသွားလေသည်။
ဒီမော့မြွေကောင်က ဘာကိစ္စနဲ့ အာပန်ကို စော်ကားနေတာလဲ..
သို့သော်လည်း ဟေးအာပန်သည် မော့လောင်တ၏ အပြုအမူအား အမှန်တကယ်ကို သည်းခံခဲ့လေသည်။ သူရှင်သန်လာသည်မှာ ကြာညောင်းလှပြီး မော့မြွေများအား မမြင်ဖူးခြင်းဟု မဆိုနိုင်ပေ။ ထို့ကြောင့် မော့လောင်တမှာ သဘောကောင်းသည်ဟု ယူဆနိုင်သည်။ အခြားသောမော့မြွေများသာဆိုလျှင် ဟေးမြွေအား မြင်သည့်အချိန်မှာပင် သူတို့၏ စွမ်းအင်အားလုံးကို သုံးကာဖြင့် ဟေးမြွေအား သတ်ဖြတ်မည် ဖြစ်သည်။
“မင်းအနေနဲ့ ရှောင်ရှောင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်..”
ဟေးအာပန် ယင်ရှောင်ရှောင်းအား ချစ်ချင်းမေတ္တာအပြည့်ဖြင့် ကြည့်လိုက်သည်။
မော့လောင်တ ‘ဟမ်’ ဟု ပြုပြီးနောက် ယဉ်ကျေးမှုမရှိစွာ လှည့်ပြီး ပြောလေသည်။
“ငါသိပြီးသားတွေကို မင်းပြောဖို့ မလိုပါဘူး..”
ဟေးအာပန် အနည်းငယ် ပြုံးလိုက်သည်။ ဤမော့မြွေမှာ အမှန်တကယ်ကို စိတ်ဝင်စားဖွယ်ဖြစ်သည်။ ရှောင်ရှောင်း သဘောကျမိသည့် မြွေတစ်ကောင်မှာ ကြောက်မက်ဖွယ်ကောင်းလိမ့်မည် မဟုတ်ပေ၊
ဟေးအာပန် တွေးနေသည့် အရာအား ယင်ရှောင်ရှောင်း သိမည်ဆိုလျှင် ထိုမတရားမှုအား ကျယ်ကျယ်လောင်လောင် အော်ဟစ်ပေလိမ့်မည်။ ‘တွန်းအားပေးခံခဲ့ရတာလို့.. လုံးဝလုံးဝ ဒီလိုမျိုး ရွေးချယ်ခဲ့တာ မဟုတ်ဘူးလို့..’
“ဒါနဲ့.. ငါ့မှာ ကိုယ်ဝန်ရှိနေပြီ..”
လုရှောင်ဟွမ် ရုတ်တရက်ဆိုပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။
“မင်းကို အရင်ကတည်းက ပြောချင်ခဲ့တာ.. ဒါပေမဲ့ မင်းက လာမလည်ဘူးလေ.. မင်းတို့အိမ်ကို သွားတော့လည်း ရှာမတွေ့ခဲ့ဘူး.. မင်းလာလည်တဲ့ အခါမှပဲ ပြောပြတော့မယ်ဆိုပြီး စောင့်နေခဲ့ရတာ..”
“တကယ်လား..”
ယင်ရှောင်ရှောင်း အံ့ဩဝမ်းသာစွာ မေးလိုက်သည်။ လုရှောင်ဟွမ်မှာ အမှန်တကယ်ကို ရင်သွေးလိုချင်ခဲ့ကြောင်း ယင်ရှောင်ရှောင်း သိရှိထားပြီး ဟေးအာပန်၏ မျိုးပွားနိုင်သည့်အချိန် ကုန်ကာနီးဖြစ် ဖြစ်သဖြင့် လုရှောင်ဟွမ် ပိုမိုစိုးရိမ်လာခဲ့သည်။ ဟေးအာပန်မှာ ရင်သွေးလိုချင်သော်ငြား အနာဂတ်မျိုးဆက်များမှာ ဟေးမြွေဖြစ်လာနိုင်သဖြင့် အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့ခြင်း ဖြစ်သည်။ မိဘတစ်ယောက်အနေဖြင့် ဟေးအာပန်မှာ သူ၏ရင်သွေးအား သူလျှောက်ခဲ့သည့်လမ်းအတိုင်း မလျှောက်စေချင်ခဲ့ပါ။ သို့သော်လည်း လုရှောင်ဟွမ်ထံ၌ ရင်သွေးရှိနေပြီ ဖြစ်သည့်အတွက် ဟေးအာပန်မှာ သူ၏ စိုးရိမ်ပူပန်မှုများအား လုရှောင်ဟွမ်အား မြင်ခွင့်မပေးခဲ့ပေ။ ယခုအခါတွင် လုရှောင်ဟွမ် မွေးဖွားဖို့ရန်သာ ကာကွယ်ဆုတောင်းနိုင်လေသည်။
“ဟုတ်တယ်.. နှစ်လရှိပြီ.. နောက်ထပ် ခြောက်လဆိုရင် ဥ,ဥရတော့မယ်.. ပြီးရင် ကလေးတွေ အကောင်မပေါက်ခင် သုံးလလောက် စောင့်ရမယ်..”
လုရှောင်ဟွမ်၏ မျက်နှာပေါ်ရှိ ကိုယ်ဝန်ဆောင်များတွင်သာရှိသည့် မိခင်ဆန်ဆန်အပြုံးကြောင့် ယင်ရှောင်ရှောင်း မှင်တက်သွားမိသည်။
“ကောင်းလိုက်တာ.. ကလေးတွေ မွေးလာရင် သားက သူတို့နဲ့အတူဆော့လို့ရပြီ..”
အနာဂတ်တွင် လုရှောင်ဟွမ်သည် မြွေပေါက်ကလေးများ မွေးဖွားတော့မည်ကို သိလိုက်ရသဖြင့် ယင်ရှောင်ရှောင်းမှာ သူ၏အနောက်တွင် မြွေပေါက်ကလေးများ တန်းစီရှိနေတော့မည်ကို ဆန္ဒပြုရင်း စိတ်အားထက်သန်စွာ ခုန်လိုက်သည်။
လုရှောင်ဟွမ် ညင်သာစွာ ရယ်မောလိုက်သည်။ အမြဲလိုလို အမူအရာမဲ့စွာဖြင့် ရှိနေတတ်သည့် ဟေးအာပန်၏ နှုတ်ခမ်းထောင့်များပင်လျှင် ကော့တက်လို့နေသည်။ မပျော်မရွှင်ဖြစ်နေသည့် တစ်ခုတည်းသော အရာမှာ မော့လောင်တသာလျှင် ဖြစ်သည်။
‘ဟမ့်.. နောက်များကျ ငါနဲ့ ရှောင်ရှောင်းရဲ့ ကလေးတွေက ဒီဟေးမြွေရဲ့ ကလေးတွေထက် ပိုပြီးတောင် ချစ်စရာကောင်းမှာ သေချာတယ်.. ပိုပြီး အံ့ဩဖို့ကောင်းမယ်.. ပိုပြီး အစွမ်းထက်မှာ.. ပြီးတော့...’
နောက်ဆက်တွဲစကားလုံးများစွာ ရှိနေသေးသော်လည်း ယင်ရှောင်ရှောင်း အရွယ်ရောက်ဖို့ရန် နှစ်ပေါင်းများစွာ လိုနေသေးသည်ကို စဉ်းစားမိသည့်အခါ မော့လောင်တ ရုတ်တရက် မူးဝေလာတော့သည်။
လုရှောင်ဟွမ်သည် သူတို့အား မြွေကလေးများ မွေးဖွားသည့်အချိန်တွင် လာလည်ရန် နွေးထွေးစွာ ဖိတ်ကြားခဲ့ပြီးနောက် ယင်ရှောင်ရှောင်းသည် ဟေးအာပန်တို့ မိသားစုအား နှုတ်ဆက်လိုက်သည်။ ထိုအချိ်နတွင် ယင်ရှောင်ရှောင်းမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေပြီး ခြေလှမ်းတိုင်းအား ကျော်ခွပစ်ချင်မိသည်။ မော့လောင်တမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရင်း ယင်ရှောင်ရှောင်းနောက်သို့ လိုက်ပါသွားလေတော့သည်။