🐍Chapter 53
“ရှောင်ရှောင်းလား..”
ယင်ရှောင်ရှောင်း၏ နားထဲသို့ အံ့အားသင့်နေသည့် အသံတစ်သံ ရောက်ရှိလာသည်။ ယင်ရှောင်ရှောင်း ဟိုဟိုဒီဒီ ရှာကြည့်သည့်အခါတွင် လန်ယိယိ၏ ဦးခေါင်း ချုံပုတ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ယင်ရှောင်ရှောင်း လန်ယိယိထံမှ ထွက်ပြေးခဲ့သည့် ထိုညအား ချက်ချင်း သတိရမိလိုက်သည်။ ယခု လန်ယိယိအား ပြန်တွေ့ရသည့်အခါတွင် အလွန်ကိုးရိုးကားယားနိုင်သလို ခံစားနေရသည်။
“ဟိုင်း.. တိုက်ဆိုင်လိုက်တာကွာ ယိယိ..”
ယင်ရှောင်ရှောင်းအား ပထမဆုံးမြင်လိုက်ရသည့် အချိန်မှာပင် လန်ယိယိ အံ့ဩဝမ်းသာ ဖြစ်မိသည်။ ထို့နောက်တွင် ဝမ်းနည်းမှုနှင့် ချစ်ခင်မှုအား ခံစားရလေသည်။
“မင်းထွက်သွားမယ်ဆိုတာ ဘာဖြစ်လို့ မပြောတာလဲ ရှောင်ရှောင်း.. မင်းပြောမယ်ဆို ငါလည်း ပျော်ပျော်ကြီး လိုက်ခဲ့ပြီး မင်းကို စောင့်ရှောက်ပေးမှာပေါ့.. မင်းထွက်သွားကတည်းက မင်းကိုလိုက်ရှာနေခဲ့တာ.. ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူးလေ.. အဲဒါကြောင့် ပြန်လာခဲ့ရတာပဲ..”
“အာ.. အဲဒါက.. ဟီးဟီး..”
ယင်ရှောင်ရှောင်းမှာ လန်ယိယိအတွက် ကောင်းမွန်သည့် အဖြေတစ်ခု ရရှိရန် ဦးနှောက်ခြောက်အောင် တွေးတောနေရသည်။ ရက်ရက်စက်စက် ပြောလိုက်မည်ဆိုလျှင် လန်ယိယိ အတော်လေး အသည်းကွဲသွားရလိမ့်မည်။ မည်သည့်စကားမျှ မဆိုလျှင်လည်း လန်ယိယိမှာ သူ့အား အတော်လေး စိတ်အနှောင့်အယှက် ပေးလာနိုင်သည်ကြောင့် မေးခွန်းထုတ်စရာများ ဖြစ်လာနိုင်သည်။
“သူက ငါ့ကိုလာရှာတာလေ.. မင်းက ဘာကိစ္စနဲ့ သူ့နောက်လိုက်နေရတာလဲ..”
ယင်ရှောင်ရှောင်း မပြောမီမှာပင် မော့လောင်တသည် မပျော်ရွှင်စွာဖြင့် မေးလိုက်သည်။ ထိုသို့ပြောနေစဉ် ယင်ရှောင်ရှောင်းအား ကြည့်နေသေးသည်။
လန်ယိယိ ကြောင်အစွာဖြင့် ကြည့်နေမိသည်။ ယခုမှသာ မော့လောင်တ၏ တည်ရှိမှုအား ရှာတွေ့မိခြင်း ဖြစ်သည်။ မော့လောင်တအား ပထမဆုံး ကြည့်မိသည့် အချိန်မှစကာ သူသိရှိလိုက်ရသည့် အဓိကအချက်မှာ ထိုမော့မြွေ၏ သတိကပ်နေသည့် အနေအထားအပြင် မော့လောင်တ၏ လေသံအရ ထိုမြွေသည် သူ၏ အချစ်ပြိုင်ဘက် ဖြစ်နိုင်သည်။
“ဒါက..”
လန်ယိယိ ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။ အမှန်ဖြစ်လာနိုင်သည့်တိုင် ထိုအဖြေအား လက်ခံရန် ငြင်းဆိုနေဆဲဖြစ်သည်။ လန်ယိယိသည် မေးဖို့လုံလောက်သည့် မျှော်လင့်ချက်အား ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ယင်ရှောင်ရှောင်း၏ ရှေ့တွင် လန်ယိယိ၏ မျှော်လင့်စောင့်စားမှုတို့ ထက်သန်နေမှုအား တွေ့လိုက်ရသည်။ သူ၏နောက်တွင် မော့လောင်တ၏ စူးစူးဝါးဝါးအကြည့်တို့ ရှိနေပြန်သည်။ ယင်ရှောင်ရှောင်းမှာ စိတ်ထဲတွင် အသည်းအသန် ရုန်ကန်နေရသည်။
မော့လောင်တ စကားမပြောပေ။ ယင်ရှောင်ရှောင်းအား ထိုလန်မြွေ၏ ရှေ့တွင် သူနှင့် ယင်ရှောင်ရှောင်း၏ ဆက်ဆံရေးအား ဝန်ခံစေချင်သည်။ ဤသည်မှာ သူ၏ ပါပါးနှင့် ဖေဖေတို့ရှေ့၌ ရှိနေခြင်းနှင့် မတူသလို ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့ရှေ့၌ ရှိနေခြင်းနှင့်လည်း မတူပေ။ မော့လောင်တမှာ သူ၏ သဘောကျရသူ ဖြစ်သည့်အကြောင်း ယင်ရှောင်ရှောင်းအား သဘောကျနေသည့်သူ၏ရှေ့တွင် ပြောဆိုမည်ဆိုလျှင် မော့လောင်တသည်လည်း သူ့နှလုံးသားထဲမှ စိုးရိမ်မှုအချို့အား လွှတ်ချလိုက်နိုင်မည် ဖြစ်သည်။ မော့လောင်တ၏ မသိစိတ်ထဲမှ ယင်ရှောင်ရှောင်းမှာ ဖိအားပေးခံရသဖြင့်သာ သူ့အား သဘောကျသည်ဟု ဆိုသည်ကို သိနေသော်လည်း အမှန်တရားအား လက်မခံချင်ပေ။ ယခုအခါတွင် ယင်ရှောင်ရှောင်းမှာ သူ၏ အချစ်ပြိုင်ဘက်ရှေ့တွင် မော့လောင်တနှင့် အတူရှိလိုကြောင်း ကြေငြာနိုင်မည်ဟု မျှော်လင့်မိသည်။ ယင်ရှောင်ရှောင်း သူ့အား သဘောမကျသည့်တိုင် အနည်းဆုံးတော့ သူတို့အတူရှိသွားလိမ့်မည်ဟု ကတိပေးနိုင်ပေလိမ့်မည်။
တဖြည်းဖြည်း အချိန်ကုန်ဆုံးလာသည်။ လန်ယိယိနှင့် မော့လောင်တတို့မှာ အသက်ရှူအောင့်ထားကြပြီး အသက်ပြင်းပြင်း ရှူမိလျှင် ယင်ရှောင်ရှောင်း ပြောသည်အား လွတ်သွားမည်ကို ကြောက်ရွံ့နေကြလေသည်။
ယင်ရှောင်ရှောင်း ဆိုသည်မှာ _ “..ငါက မော့လောင်တနဲ့ အတူနေနေတာ..”
ယင်ရှောင်ရှောင်းမှာ မော့လောင်တအား သူ၏အနာဂတ်လက်တွဲဖော်နှင့် သူသဘောကျရသူဟု မပြောခဲ့သော်ငြား ‘မော့လောင်တနဲ့ အတူနေသည်’ ဟူသည့် စကားနှင့်ပင် မော့လောင်တအား စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချစေနိုင်သည်။ တစ်ချိန်တည်းမှာပင် လန်ယိယိ၏ နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် နာကျင်ရလေသည်။
လန်ယိယိမှာ ကြောင်အစွာဖြင့် စိုက်ကြည့်နေမိသည်။ ယင်ရှောင်ရှောင်း စကားပြောပြီးသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း လန်ယိယိထံမှ မည်သည့်စကားမျှ ထွက်မလာသေးချေ။ ယင်ရှောင်ရှောင်း ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်သည်။
“အဲဒါဆိုလည်း တခြား ဘာမှမရှိတော့ဘူးဆို ငါအရင်သွားတော့မယ်နော်..”
ယင်ရှောင်ရှောင်း၏အမြီး အောက်စိုက်သွားသည်။ လန်ယိယိအား ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
မော့လောင်တသည် မထွက်ခွာမီတွင် လန်ယိယိအား အထက်စီးဆန်စွာ ပြုံးပြလိုက်သည်။
အထီးကျန်မြွေ လန်ယိယိမှာ ရူးရူးမိုက်မိုက်ဖြင့် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့၏ ပုံသဏ္ဌာန်များ ပျောက်ကွယ်သွားသည့်တိုင်အောင် ထိုနေရာတွင်သာ ရပ်နေလေသည်။
မော့လောင်တနှင့် ခရီးဆက်နေသည့် ယင်ရှောင်ရှောင်းမှာ အတော်ကြာသည့်အတိ မှုန်ကုတ်ကုတ် ဖြစ်နေလေသည်။ မော့လောင်တ ကူကယ်ရာမဲ့စွာဖြင့် ရှိနေသည်ကြောင့် အရှေ့သို့တိုးကာ လေးနက်သည့်ဟန်ဖြင့် မေးလေသည်။
“အရူးပေါက်လေး.. မင်းက အခုနက လန်မြွေနဲ့ ခွဲရတာကို မုန်းနေတာလား..”
“ဟင်..”
ယင်ရှောင်ရှောင်းသည် မှုန်မှိုင်းနေသည့် စိတ်အခြေအနေမှ မူလအခြေအနေသို့ ပြန်ရောက်လာသည်။
“မဟုတ်ပါဘူး.. သူ့နဲ့က ၁၀ နှစ်လောက်တောင် သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တာလေ.. အခု လန်ယိယိက အခုလိုမျိုး ဖြစ်သွားတော့ အရမ်းဝမ်းနည်းနေမိလို့ပါ..”
“.. မင်းက သူပိုးပန်းတာကို လက်ခံချင်နေတာမျိုးလား..”
မော့လောင်တ တိတ်တဆိတ် နှာမှုတ်လိုက်သည်။
အရူးပေါက်လေးက အဲဒီလို လုပ်ချင်တာလို့ ပြောရဲရင် ဒီကောင်လေးကို စိတ်ထဲမှာ မှတ်သွားလောက်တဲ့အထိ သင်ခန်းစာပေးပစ်လိုက်မယ်..
ယင်ရှောင်ရှောင်း မျက်လုံးလှိမ့်လိုက်သည်။
“ဘယ်ဟုတ်မှာလဲ.. သူ့ကို ကိုယ်ချင်းစာပြီး သနားနေတာလေ.. သူ့ကို သနားတာလောက်နဲ့တော့ လက်တွဲဖော်ဖြစ်ဖို့ သဘောတူဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ.. လက်တွဲဖော်ဖြစ်လာဖို့ဆိုတာ အရမ်းလေးနက်တဲ့ ကိစ္စပဲ.. ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ..”
ပြောပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းမှာ သိသိသာသာ အာရုံပျံ့လွှင့်ကာ နီရဲစွာဖြင့် တဖြည်းဖြည်း ထွက်ခွာသွားလေသည်။
မော့လောင်၏ မျက်နှာမှာ နားမလည်နိုင်မှု အတိုင်းသား ဖြစ်သည်။ “???”
မော့လောင်တသည် မိနစ်ဝက်မျှကြာအောင် ယင်ရှောင်ရှောင်း ထွက်သွားသည်ကို စိုက်ကြည့်နေမိသည်။ အဆုံးတွင် ယင်ရှောင်ရှောင်း မည်သည်ကြောင့် ရုတ်တရက် နီရဲကာဖြင့် ထွက်သွားရသည်ကို နားလည်လိုက်ပြီဖြစ်သည်။ သူ၏နှုတ်ခမ်းထောင့်များမှာ ကျယ်လောင်စွာ ဖြဲကားနေပြီး ဤတစ်ကြိမ်တွင် ယင်ရှောင်ရှောင်း နံဘေးမှ ကျော်တက်သွားသူမှာ မော့လောင်တ ဖြစ်လေသည်။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် တားမြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
“ခန်းခန်းရေ... ငါပြန်ရောက်ပြီ..”
“ရှောင်ရှောင်းးးး ကိုယ်မင်းကို အရမ်းလွမ်းနေတာ..”
“ခန်းခန်းးးး ငါလည်းမင်းကို လွမ်းနေတာလို့..”
မော့လောင်တသည် ယင်ရှောင်ရှောင်းအား ကျိခန်းနှင့် စကားပြောခွင့်ပြုလိုက်ပြီးနောက် အမဲလိုက်ရန် ထွက်သွားလေသည်။
မော့လောင်တ ထွက်သွားပြီးသည်နှင့် ကျိခန်းနှင့် ယင်ရှောင်ရှောင်းတို့မှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားလေသည်။
“အဟမ်း.. အဟမ်း.. ရှောင်ရှောင်းရေ.. မင်းအိမ်ပြန်တာ ဘယ်လိုနေလဲ..”
“အဲဒါနဲ့ပတ်သက်ပြီး ကောင်းတာဘာမှမရှိဘူး..”
ယင်ရှောင်ရှောင်း ခပ်တောင့်တောင့် ပြန်ပြောသည်။
ကျိခန်းသည်လည်း မယုံကြည်နိုင်မှုဖြင့် ခပ်ပါးပါး ညည်းညူလိုက်သည်။
ယင်ရှောင်ရှောင်းသည် ကျိခန်း၏ အတင်းအဖျင်း ပြောလိုခြင်းအား လျစ်လျူရှုကာဖြင့် ကြမ်းပြင်တွင် လှိမ့်နေသည်။
“ငါပြောချင်တာက မင်းမှာ မပြီးပြတ်သေးတဲ့အလုပ်တွေ ရှိနေတာလား.. မင်းဒီမှာရှိနေတာဖြင့် ထောင့်စုနှစ်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ..”
ယင်ရှော်ငရှောင်း၏ စိတ်ထဲတွင် ထိုကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း သံသယရှိနေခဲ့သည်။ ထို့အပြင် မပြီးပြတ်သေးသည့် ကိစ္စများ ရှိနေမည်ဆိုလျှင်ပင် ထောင်စုနှစ်အနည်းငယ် ကြာမြင့်ပြီး ဖြစ်သည့်တိုင်အောင် ထွက်သွား၍ မရနိုင်သေးချေ။
ကျိခန်း အချိန်အတော်ကြာ တိတ်ဆိတ်လို့နေသည်။ ထို့နောက်တွင် သက်ပြင်းချကာဖြင့် ပြောသည်။
“ကိုယ်ထွက်မသွားချင်လို့ မဟုတ်ပါဘူး.. ထွက်မသွားနိုင်တာ..”
ယင်ရှောင်ရှောင်း ခေါင်းစောင်းကာဖြင့် နားမလည်နိုင်ဟန် ရှိနေသည်။
ကျိခန်း ဆက်ပြောလာသည်။
“ဒီသင်္ချိုင်းဟောင်းက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ထိန်းချုပ်ထားတာကြောင့် သင်္ချိုင်းပိုင်ရှင်က လူသားအဖြစ် ပြန်လည်မွေးဖွားနိုင်စွမ်း မရှိတော့ဘူး..”
ယင်ရှောင်ရှောင်း ကြောင်အနေမိသည်။ ယင်ရှောင်ရှောင်း မည်သို့ပင် တွေးသည့်တိုင်အောင် ထိုကဲ့သို့ အဖြေမျိုးအား မျှော်လင့်မထားခဲ့မိချေ။
“ဒါ.. ဒါပေမဲ့ ဒီသင်္ချိုင်းက မင်းရဲ့ညီလေး ကျိကျောက်က ဆောက်ခဲ့တာမဟုတ်ဘူးလား.. ဘာဖြစ်လို့ သူက အခုလို လုပ်ရတာလဲ..”
ကျိခန်းမှာ အချိန်ခဏမျှ ကြာသည်အထိ နှုတ်ဆိတ်နေပြီးနောက် အားတင်းကာ ပြုံးလိုက်သည်။
“ဘုရားသခင်မှပဲ သိလိမ့်မယ်.. ဖြစ်နိုင်တာက ကျိကျောက်က ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို မဆွေးမြေ့အောင် ထိန်းထားချင်ပြီး ကိုယ့်ကို ပြန်အသက်သွင်းနိုင်တဲ့ နည်းလမ်းရှာဖို့အတွက် ဝိညာဉ်ကို ထွက်ခွာခွင့်မပေးတာ ဖြစ်ပါလိမ့်မယ်.. ဒါမှမဟုတ်ရင်လည်း ကိုယ်မသိသေးတဲ့ အကြောင်းအရင်းတွေ ရှိချင်လည်း ရှိမှာပေါ့.. ဒီသင်္ချိုင်းမှာ ကိုယ့်ရဲ့ဝိညာဉ်နိုးထလာဖို့ စောင့်နေခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ ဆိုတာတောင် မသိတော့ဘူး.. ဒီလောက်ကြီးမားတဲ့ သင်္ချိုင်းကြီးက ကိုယ့်တစ်ယောက်တည်းအတွက်ပဲ ဘာကြောင့်ဖြစ်နေရသလဲဆိုတာ သိချင်ပေမဲ့ ဘယ်သူကမျှ မဖြေပေးနိုင်ခဲ့ကြဘူး..”
“အဲဒါဆို အဲဒီတုန်းက ဘယ်လိုမျိုး သေခဲ့ရတာလဲ..”
ယင်ရှောင်ရှောင်း မမေးဘဲ မနေနိုင်တော့ချေ။
“ကွေ့ဖန်က အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ လူမျိုးစု တစ်ခုပဲ.. အရင်ကတော့ ခမည်းတော်အတွက် တစ္ဆေငါးမန်းဥကို ယူဆောင်ဖို့ တိုက်ပွဲဝင်ခဲ့ရတယ်.. သိပ်မကြာခင်မှာပဲ ကွေ့ဖန်ကျိန်စာက ကိုယ့်ခန္ဓာကိုယ်ကို ထိခိုက်လာတယ်.. မဟာကျိုးပြည်ထောင်ရဲ့ စွမ်းအားအကုန် သုံးတာတောင်မှပဲ ကိုယ့်ရဲ့ကံတရားကို နှစ်အနည်းငယ်လောက်ပဲ တားဆီးနိုင်ခဲ့တယ်..”
“အိုး..”
ဤမေးခွန်းမှာ ကျိခန်း၏ ဒဏ်ရာအား ဆွနေပုံ ရသည့်အတွက် ယင်ရှောင်ရှောင်း ဆက်မမေးတော့ချေ။ တိုက်ဆိုင်စွာပင် မော့လောင်တသည် သားကောင်အား ဆွဲကာဖြင့် ပြန်ရောက်လာခဲ့သည်။ ယင်ရှော်ငရှောင်း ကျိခန်းအား နှုတ်ဆက်ပြီးနောက် အပြစ်ရှိစိတ် အနည်းငယ်ဖြင့် ထွက်ခွာသွားလေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် တားမြစ်နယ်မြေအတွင်း၌ ကျိခန်း၏ ညည်းညူသံ ထွက်ပေါ်လာသည်။
“ကျိကျောက်ရေ.. နှစ်ပေါင်းထောင်ချီကြာနေတာတောင် ငါ့ကို လိုက်မရှာသေးဘူးလား..”
မော့လောင်တသည် ရှုံးနိမ့်နေဟန်ဖြင့် ထွက်ပြေးလာပုံရသည့် ယင်ရှောင်ရှောင်းအား ကြည့်ကာ ကြောင်အနေမိသည်ကြောင့် စကားမဆိုတော့ပေ။ ယုန်ကို ချက်ပြုတ် ကိုင်တွယ်ပြီးနောက် ယင်ရှောင်ရှောင်းအား ပေးလိုက်သည်။ ထို့နောက်တွင် ထူးမခြားနားဟန်ဖြင့် ဆိုသည်။
“ခုနက ကိုယ်အမဲလိုက်နေတုန်း သစ်ပင်တွေမှာ ပျားအုံတွေအများကြီး တွေ့ခဲ့ရတယ်.. အရင်ကတော့ အဲဒီသစ်ပင်တွေမှာ ငှက်သိုက်တွေ ရှိပေမဲ့ ပျားအုံတွေအများကြီး ရောက်လာတော့ ငှက်တွေ မရှိတော့ဘူးရယ်.. တကယ်ဆိုးလိုက်တာ..”
“ပျား ဟုတ်လား.. ပျားအုံတဲ့လား..”
ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားလာသည်။ ပျားအုံများဆိုလျှင် ပျားရည်နည်းနည်းလောက် မရနိုင်ပေဘူးလား။ ရုတ်တရက်ဆိုသလို သူ၏ စားသောက်ချင်စိတ်များ မြင့်တက်လာသည်။
“ဟုတ်တယ်.. ဟုတ်တယ်..”
“ကျွန်တော့်ကို ခေါ်သွားပေး.. အဲဒီကို ခေါ်သွားပေးလို့..”
ယင်ရှောင်ရှောင်းသည် စားသောက်ပြီးသည့် ယုန်တစ်ခြမ်းအား ဘေးသို့ပစ်ချကာ မော့လောင်တထံသို့ သွဦးလေသည်။ သူ၏မျက်လုံးများမှာ ကြယ်ကလေးများကဲ့သို့ တလက်လက် တောက်ပနေသည်။ မော့လောင်တ၏ နှလုံးသားလေးမှာ မြားဖြင့်ထိုးစိုက်ခံရသကဲ့သို့ ယားယံကာ တရွရွ ဖြစ်လာသည်။ ယင်ရှောင်ရှောင်း၏ တိုက်ခိုက်မှုအား ခုခံနိုင်စွမ်းမရှိသည်ကြောင့် ယင်ရှောင်ရှောင်းအား ခေါ်ကာ ပျားအုံများရှိရာသို့သွားရန် သဘောတူလိုက်ရသည်။
ယင်ရှောင်ရှောင်း ခေါင်းမော့ကာ သစ်ပင်ပေါ်ရှိ ပျားအုံအား ကြည့်လိုက်သည့်အခါ ပါးစပ်ထောင့်မှ တံတွေးများ စီးကျနေသည့်အတွက်ကြောင့် စိုစွတ်နေလေသည်။ မော့လောင်တမှာ အမူအရာမဲ့စွာဖြင့် ယင်ရှောင်ရှောင်းထံမှ ထွက်ခွာသွားသည်။
“တဟေးတန်.. တဟေးတန်.. ပျားရည်စားချင်တယ်လို့..”
မော့လောင်တမှာ ပျားများစုဆောင်းထားသည့် ထိုအရာအား ယင်ရှောင်ရှောင်း စားချင်နေကြောင်း သဘောပေါက်လာရန် အချိန်အတော်ကြာအောင် စဉ်းစားလိုက်ရသည်။
“ကိုယ့်ကို မင်းရဲ့ တံတွေး (အဆိပ်) တစ်စက်ပေး..”
“... ဘယ်လိုပေးရမှာလဲ..”
ယင်ရှောင်ရှောင်းမှာ သူ၏တံတွေးအား အခြားမြွေထံသို့ ပေးနိုင်သည်ဟု မည်သည့်အခါတွင်မျှ မသိခဲ့ပေ။
မော့လောင်တ ယင်ရှောင်ရှောင်အား ခေတ္တမျှ စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။
“အခု မင်းပါးစပ်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား..”
ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်သည်။
မော့လောင်တ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။
“ပါးစပ်ဟ..”
ယင်ရှောင်ရှောင်း ပြောသည့်အတိုင်း လုပ်လေသည်။
မော့လောင်တ ခေါင်းအား ရှေ့သို့ဆန့်ကာ ယင်ရှောင်ရှောင်း၏ ပါးစပ်အတွင်းသို့ မြွေလျှာအား ဆန့်ထုတ်လိုက်ပြီးနောက် ယင်ရှောင်ရှောင်း၏ ပါးစပ်အတွင်းရှိ အဆိပ်တစ်စက်အား ထုတ်ယူလိုက်သည်။
ပါးစပ်ဟနေသည့် ယင်ရှောင်ရှောင်း : “….”
မော့လောင်တ သစ်ပင်ပေါ်တက်ကာ ယင်ရှောင်ရှောင်း၏ အဆိပ်အား ပျားအုံထဲသို့ ထွေးထုတ်လိုက်သည်။ ခေတ္တမျှ စောင့်ပြီးသည့်နောက်တွင် သစ်ပင်ပေါ်မှ ပျားအုံအား အမြီးဖြင့် ဆွဲထုတ်လိုက်သည်။ သစ်ပင်ပေါ်မှ ဆင်းပြီးနောက် ပါးစပ်ဖြင့် ပျားအုံအား ကိုက်ဖွင့်လိုက်ပြီး ယင်ရှောင်ရှောင်းအား ပြောသည်။
“ဒီကိုလာ..”
စိတ်တည်ငြိမ်နေပြီဖြစ်သည့် ယင်ရှောင်ရှောင်းသည် ပျားအုံအား ကြည့်လိုက်သည်။
ဟုတ်ပြီ.. ပျားအုံထဲက ပျားတွေအားလုံး အဆိပ်သင့်ပြီး သေသွားကြပြီ..
ယင်ရှောင်ရှောင်း၏ အမူအရာမှာ ရုတ်တရက်ဆိုသလို 囧 ကဲ့သို့ ဖြစ်လာသည်။
“.. အပြင်မှာလည်း ဒီပျားအုံက ပျားတွေ ရှိနေတယ်လေ.. သူတို့ပြန်လာတဲ့အခါ တခြားအရေးပေါ်အစီအစဉ် ရှိလား..”
ယင်ရှောင်ရှောင်း မေးလိုက်ပြီးနောက် မျက်နှာမှာလည်း 囧囧 ဖြစ်နေသည်။
မော့လောင်တ၏ မျက်နှာမှာ ယခင်ကဲ့သို့ အသက်မဲ့နေဆဲ ဖြစ်သည်။
“အဲဒါက အဆင်ပြေပါတယ်.. ကိုယ်တို့ မြွေပွေးတွေကို အဲဒီအရာ သေးသေးလေးတွေက မပြစ်မှားရဲဘူးလေ..”
ယင်ရှောင်ရှောင်း : “...”
ဟေး ဟေး.. အဲဒါဆို ခုနက ဘာကိစ္စနဲ့ ပျားအုံကို ချက်ချင်းမရိုက်ချဘဲ ငါ့အဆိပ်ကို ယူသွားတာတုန်း..
မော့လောင်တသည် ယင်ရှောင်ရှောင်း၏ အတွေးများကို သိနေပုံရပြီး “အဲဒီ အကောင်သေးသေးလေးတွေက ကိုယ်တို့ကို မပစ်မှားရဲပေမဲ့ ဝိုင်းပြီးတော့ ဆက်တိုက်ဆဲဆိုနေမှာ.. အဲဒါက မြွေတစ်ကောင်အတွက်တော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာပဲ..”
ယင်ရှောင်ရှောင်း တိတ်တဆိတ် ခေါင်းငုံ့ကာဖြင့် ပျားရည်စားလိုက်သည်။
မော့လောင်တသည် ပျားရည်စားနေသည့် ယင်ရှောင်ရှောင်းအား ကြည့်ကာဖြင့် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ၏ အရူးပေါက်လေးမှာ အမှန်တကယ်ကို ဖြည့်ဆည်းပေးရန် ခက်လှပေသည်။