အပိုင်း ၈၈
Viewers 6k

🍬Chapter 88



ရွှီလော့ယန်ရဲ့ ဖိနပ်သံ တရှပ်ရှပ်က ထွက်ပေါ်နေပြီး သူက လေထဲမှအနံ့ကိုရှုရှိုက်လိုက်ရင်း 


"ငါအနံရနေတယ် ဒီမှာအရသာရှိတဲ့ဟာတစ်ခုခုတော့ သေချာပေါက်ရှိနေတယ်"


"မင်းရဲ့နှာခေါင်းက အဲ့ဒီလောက်တောင်ကောင်းတယ်လား"


သူမှန်းထားတဲ့တိုင်း မှန်နေမှန်းသိလိုက်ရတော့ ရွှီလော့ယန်ရဲ့ နှလုံးသားလေးက ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်သွားရသည်။သူကပန်းကန်တွေကို စားပွဲပေါ်အမြန်တင်လိုက်ပြီး အာလူးနှင့်ချက်ထားတဲ့ ဝက်နံရိုးကို ကိုက်ကာကျေနပ်စွာစားနေလိုက်သည်။


သူကစားနေတာကို မြိုချလိုက်ပြီးနောက်


 "ချန်းအန်း နောက်ကျရင်ငါ့ကိုစောင့်နေဖို့မလိုပါဘူး၊ ငါပြန်လာတာနောက်ကျနေရင် ကြိုပြီးစားထားလို့ရတယ် မင်းရဲ့အစာအိမ်ကသိပ်ကောင်းတာမဟုတ်ဘူး မင်းဂရုစိုက်မှဖြစ်မယ်"


ချီချန်အန်းက ပန်ကန်သေးသေးလေးတစ်လုံးကို ယူလာပြီး သူ့ကို ဟင်းချိုသောက်ဖို့ပြောလေသည်။


"ကိုယ်မင်းနဲ့ အတူတူစားရတာကိုကြိုက်တယ် အဲ့ဒါကအရမ်းနွေးထွေးတယ်"


ရွှီလော့ယန်ကပြုံးလိုက်ပြီး "ငါလည်းမင်းနဲ့အတူတူစားရတာကိုကြိုက်တယ်"


ထို့နောက် ဟင်းချိုပန်းကန်လုံးကိုယူလိုက်ရင်းတစ်ခုခုကိုသတိရသွားကာ 


"ဟုတ်သား မင်းမနက်ဖြန်နေ့လည်ဘက်အားလား"


သူတို့အတူတူနေတာမှန်ပေမဲ့ ရွှီလော့ယန်အနေဖြင့် ယခုတစ်လောချီချန်အန်းဘာတွေလုပ်နေလဲဆိုတာ သေချာမသိချေ။တစ်ခါတစ်ရံမှသာ စာရင်းဇယားစာအုပ်ထူထူတွေကိုကြည့်နေတာကို တွေ့ရလေ့ရှိသည်။


"မင်းကိုယ််ကို အလိုရှိတဲ့အချိန်တိုင်း ကိုယ်က အား ပေးလို့ရတယ်"


"အဲ့ဒါဆိုရင် ငါမနက်ဖြန်နေ့လည်ဘက် ဘာအစီအစဥ်မှမရှိဘူး အိမ်မှာပဲနေပြီး ကြက်ဥပန်ကိတ်တူတူလုပ်ရအောင်"


သို့သော်လည်း ရွှီလော့ယန်က သူနှင့်ချီချန်အန်းရဲ့ စွမ်းရည်ကိုတော်တော်လေးတွက်ထားမိသည်မှာထင်ရှား၏။


"မုန့်ဖုတ်ရတာက ရုပ်ရှင်ရိုက်ရတာထက်ပိုပြီး ခက်ခဲမယ်လို့ ငါစဥ်းတောင်မစဥ်းစားခဲ့ဖူးဘူး" 


ရွှီလော့ယန် toturial ထဲက ပြထားတဲ့ပုံနှင့် သူရောစပ်ထားတဲ့မုန့်နှစ်ရည်ကို ကြည့်ပြီးတဲ့နောက်မှာတော့ ယင်းကသည်းမခံနိုင်လောက်အောင်ကြောက်ဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုပဲလို့ခံစားလိုက်ရသည်။


သူ သူ့ရဲ့လက်ကိုစိုက်ကြည့်လိုက်ပြီးနောက် အနီးနားမှာ ခရမ်းချဥ်သီးတွေကိုသေသေချာချာဆေးကြောနေတဲ့ ချီချန်းအန်းနားကို တိတ်တိတ်ဆိတ်ဆိတ်ချဥ်းကပ်လိုက်သည်။ထို့နောက်သူ့ရဲ့ဂျုံပေနေတဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချီချန်အန်းရဲ့ မျက်နှာပေါ်မှာ 'C' အကြီးကြီးကို ရေးဆွဲပေးလိုက်သည်။


မတ်တပ်မရပ်နိုင်လောက်အောင်ထိရယ်မောနေတဲ့ ရွှီလော့ယန်ကို အကူအညီမဲ့စွာစိုက်ကြည့်နေရင်း ချီချန်အန်းကဘာမှပြောမလာဘဲ ခရမ်းချဥ်သီးတစ်ခြမ်းသာကျွေးလာလေသည်။


သို့ပေမဲ့ ထိုညမှာပဲ သူတို့နှစ်ယောက်အိပ်ယာပေါ်လှဲပြီးချိန်မှာ ရွှီလော့ယန်စပြီး ကြောက်ရွံ့လာခဲ့သည်။


သူကစောင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ချီချန်အန်းကို


 " မစ္စတာချီ ၊အမှန်အတိုင်းပြောကြည့် ဒီနေ့နေ့လည်က ကိစ္စအတွက်လက်စားချေဖို့အတွက် ငါအိပ်နေတဲ့အချိန်မှာ အခွင့်အရေးမယူဘူးမလား"


ချီချန်အန်းကသူ့မျက်လုံးတွေကို လက်ဖြင့်အုပ်ပေးလိုက်ပြီး


"မယူပါဘူး ၊အိပ်တော့ ခုနှစ်နာရီကတည်းက အိပ်ချင်နေတာမလား"


ရွှီလော့ယန်က ခေါင်းညိတ်သဘောတူလိုက်သော်လည်း သူ့ရဲ့စိုးရိမ်မှုကို မစွန့်လွှတ်နိုင်သေးသဖြင့် မျက်လုံးမှိတ်ကာ အသံရှူနှုန်းကို ထိန်းညှိလိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်ကာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။


သူ့အိပ်ချင်ယောင်ဆောင်ရင်းကနေ တစ်ကယ်အိပ်ပျော်တော့မဲ့အချိန်မှာပဲ ရွှီလော့ယန် သူ့ဘေးက ချီချန်အန်းတစ်ယောက် လှုပ်ရှားသွားတာကို သတိပြုမိလိုက်သည်။


စိတ်လှုပ်ရှားမှုနှင့်ထိန့်လန့်မှုရောထွေးနေရင်း ရွှီလော့ယန် သူ့နှလုံးသားက မီတာ100အပြေးပြိုင်နေရသလိုခံစားလိုက်ရသည်။


ချီချန်အန်းကသူ့စီကိုတဖြည့်ဖြည်းချဥ်းကပ်လာတာကို အာရုံရလိုက်မိပြီးနောက် သူ့စိတ်ထဲမှာ ငါးအထိရေတွက်လိုက်ပြီး ရုပ်တရက် မျက်လုံးဖွင့်လိုက်ကာ


 " ဝိုး ငါမင်းကိုဖမ်းမိပြီ၊ ငါထင်တဲ့အတိုင်းပဲမင်းက ငါ့ကိုလက်စားချေဖို့စဥ်းစားနေတာပဲ"


ရုပ်တရက်လန့်သွားသော်လည်း ချီချန်အန်းက အလျင်အမြန်ရယ်မောလိုက်မိပြီး ရွှီလော့ယန်ရဲ့ အောင်ပွဲရအပြုံးကို မြင်လိုက်ပြီးနောက်


 "နျောင်နျောင် ကိုယ်အခုတင်အိပ်ဖို့အသင့်ဖြစ်နေပြီ မင်းကို အိပ်ရာဝင်အနမ်းပေးမလို့ လုပ်နေတာ"


"တကယ်လား"


"တကယ်ပေါ့"


ချီချန်အန်းရဲ့အမူအရာကို စစ်ဆေးပြီးနောက် ရွှီလော့ယန်က ဘာမှပြဿနာမရှိလောက်ဘူးလို့ခံစားရကာ သူ့ရဲ့မျက်လုံးတစ်ဖက်ကိုမှိတ်လိုက်ပြီး


 "အဲ့ဒါဆို ငါ့ကိုနမ်းလေ"


ထိုအချိန်မှာပဲ ချီချန်အန်းရဲ့ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ 


"ဒါပေမယ့် ကိုယ်အခုမင်းကို မနမ်းချင်တော့ဘူး အိပ်ရအောင် နျောင်နျောင် ကောင်းသောညပါ"


ဝမ်းနည်းစိတ်ဖြင့် ရွှီလော့ယန်သူ့ကိုယ်သူ စောင်ထဲမှာတင်းတင်းကျပ်ကျပ်ပတ်လိုက်ပြီး ယခုလေးတင် စည်းစိမ်နှင့်အချစ်နှစ်ခုစလုံးဆုံးရှုံးသွားရသလိုခံစားလိုက်ရ၏။


မေလ၂၂ရက်နေ့ နေ့လည်မှာ ရွှီလော့ယန် သူ့ရဲ့ခရီးဆောင်အိတ်ကိုယူကာ "ထိပ်တန်းလျှို့ဝှက်လှုပ်ရှားမှု " ပရိုဂရမ်အဖွဲ့သားတွေစီစဥ်ပေးတဲ့ ကားပေါ်သိူ့တက်လိုက်သည်။သူထိုင်ပြီးတာနှင့် ချီချန်အန်းဆ်ီကို "ငါအခုကားပေါ်ရောက်နေပြီ" ဟုပို့လိုက်သည်။


ချက်ချင်းဆိုသလိုပဲ ချီချန်အန်းက "ကိုယ်လည်းကားထဲရောက်နေပြီ၊လမ်းခရီးအစဥ်ပြေပါစေ"လို့စာပြန်လာလေသည်။


ရွှီလော့ယန်ရဲ့ မျက်နှာပေါ်ကအပြုံးကိုကြည့်ရင်း ရိုက်ကူးနေတဲ့ ကျန်းရှင်းက 


"လော့ယန် မင်းမစ္စတာချီနဲ့ စကားစမြည်ပြောနေတာလား"


လော့ယန်က ခေါင်းညိတ်လိုက်ပြီး


 "ဟုတ်တယ်၊သူနဲ့ပြောနေတာ၊ ရိုက်ကူးရေးအဖွဲ့က ကျွန်တော်တို့ကိုဘယ်ကိုပို့မလဲ ဆိုတာနဲ့ပတ်သတ်ပြီး ဆွေးနွေးနေတာ နောက်ဆုံးအကြိမ်တုန်းက ကျွန်တော်တို့ရဲ့ပန်းတိုင်ကို သိခွင့်ရသေးတယ်လေ၊အခုတစ်ခေါက်တော့ သူတို့က ထွက်ခွာမဲ့အချိန်တစ်ခုထဲပေးသိထားတော့ ကျွန်တော်အခုနည်းနည်းလန့်နေတယ်"


စိတ်လှုပ်ရှားနေသော်လည်း ဆယ်မိနစ်အတွင်းမှာပဲ ရွှီလော့ယန်ကအသက်ရှုသံမှန်မှန်နှင့် ထိုင်ခုံကိုမှီပြီးအိပ်ပျော်သွားခဲ့သည်။ကျန်းရှင်းက သူ့ကိုအံ့အားသင့်စွာစိုက်ကြည့်နေပြီးနောက် အနီးကပ်ရိုက်ချက်တစ်ချို့ယူထားဖိူ့အတွက် zoomကို ချဲ့လိုက်လေသည်။


သူတို့ရဲ့ကားက B မြို့မှမောင်းထွက်သွားပြီးနောက် ညနေစောင်းခါနီးအချိန်မှ သတ်မှတ်နေရာသို့ရောက်သွားသည်။


ကားထဲကဆင်းပြီးတဲ့နောက် ရွှီလော့ယန်က အဆုံးမရှိတဲ့ တောင်တွေနှင့်သစ်တောတွေပဲရှိတဲ့ ပတ်ဝန်းကျင်ကိုတွေ့လိုက်ရသည်။


ချီချန်အန်းအနားကိုအမြန်ပြေးသွားလိုက်ပြီး


 "ချန်အန်း၊ ချန်အန်း ငါတော့စိတ်ထဲမှာ မကောင်းတာတစ်ခုခုအာရုံံရနေပြီ"


ချီချန်အန်းက သူ့ရဲ့လေလွင့်နေတဲ့ ဆံပင်တွေကိုပေါ့ပေါ့ပါး သပ်သပ်ရပ်ရပ် ဖြစ်သွားအောင်ကူညီပေးလိုက်ပြီး" ဘယ်လိုအာရုံရနေလို့လဲ"


"ဒါရိုက်တာဝမ်က ငါတို့ကိုစားစရာမပေးဘူးလို့လေ"


အနီးအနားမှာရပ်နေတဲ့ ဒါရိုက်တာဝမ်က ရွှီလော့ယန်ကို တစ်ချက်ကြည့်လိုက်ပြီး


"မင်းဒီလိုမျိုး စောစောစီးစီး spoilerပေးနေတော့ အစီစဥ်ဆွဲတဲ့အဖွဲ့က ပရိုဂရမ်အဖွဲ့ကိုသစ္စာဖောက်သွားတာများလားလို့တောင်တွေးမိတယ်"


ရွှီလော့ယန်က တုန်လှုပ်သွားပြီး 


"ကျွန်တော်ကနောက်လိုက်တာကို၊ ဒါရိုက်တာဝမ်မှာ အဲ့လိုအတွေးမျိုးတစ်ကယ်ရှိနေမယ်လို့ဘယ်သူထင်မှာလဲ၊ ဒါကလူသားဆန်မှုကို ဖျက်စီးနေတာပဲ"


သို့ပေမယ့် ထိုစကားကိုပြောပြီးနောက်မှာပဲ ရွှီလော့ယန်ကသူ့မေးစေ့ကိုမော့ထားလိုက်ပြီး "ဒါပေမယ့်ငါမကြောက်ဘူး" ဟုပြောလိုက်ပြီးနောက် သူ့အင်္ကျီအိတ်ကပ်ကြီးထဲကိုလက်နှိုက်လိုက်ပြီး ပေါင်မုန့်နှစ်လုံးနှင့် ဖျော်ရည်ဘူးသေးသေးလေးနှစ်ဘူးကို ထုတ်ယူလိုက်ကာ ၎င်းတို့ထဲမှ တစ်စုံကို ချီချန်အန်းစီပေးလိုက်ပြီး


" ဒါကမင်းအကြိုက်ဆုံးအရသာပဲ"


ချီချန်အန်းက သူ့ထံမှအစားအစာကိုယူလိုက်ပြီးတဲ့နောက် ရွှီလော့ယန်က သူ့ရဲ့ဖျော်ရည်ဘူးကိုကိုင်ကာ အလွန်ဂုဏ်ယူနေသောမျက်နှာဖြင့် ချီချန်အန်းရဲ့ ဖျော်ရည်ဘူးဖြင့်တိုက်လိုက်သည်။


ရွှီလော့ယန်ထက်စောပြီးရောက်နေတဲ့ ကျန်းလျို့က "ရွှီကော၊ကောရဲ့အိပ်ကပ်ထဲမှာ စားစရာရှိသေးလားလို့"မေးလာသည်။


"ငါကြည့်ကြည့်လိုက်ဦးမယ်"ဟုပြောပြီးနောက် ရွှီလော့ယန်ကလက်ထဲမှာ သကြားလုံးတစ်ထုပ်ကို တွေ့လိုက်ရသည်။


သူ့လက်ဝါးပေါ်မှာရှိတဲ့ ဇီးသီးချိုချဥ်ကို ကြည့်လိုက်ပြီးနောက် နှစ်ယောက်သားအကြည့်ချင်းဖလှယ်လိုက်မိပြီး ရွှီလော့ယန်က ချီတုံချတုံဖြင့်


 " ဘယ်လို....ဟမ်..မင်းဒါလေးနဲ့ဘယ်လိုလုပ်၀မှာလဲ"


အားလုံး လူစုံတဲ့အချိန်မှာ ဒါရိုက်တာဝမ်ရဲ့အသံက အသံချဲ့စက်ကနေတစ်ဆင့်ထွက်လာလေသည်။


" 'ထိပ်တန်းလျှို့ဝှက်လှုပ်ရှားမှု' အစီအစဥ်ရဲ့ ဒုတိယပိုင်း ရိုက်ကူးရေးကနေ ကြိုဆိုပါတယ် ရိုက်ကူးရေးရဲ့တည်နေရာကတော့ အခု တာ့ဇယ် တောင်ရဲ့တောင်ခြေမှာရောက်နေတာပဲ ဖြစ်ပါတယ် ရိုက်ကူးရေးလုပ်မဲ့အချိန်က 24နာရီဖြစ်တဲ့အတွက် ဒီနေ့ညလူတိုင်းပဲ တောင်ပေါ်မှာ တစ်ညတာ အိပ်ကြရမှာဖြစ်တယ်"


ရွှီလော့ယန်က ဝမ်းသာအားရနှင့် ချီချန်အန်းကို တိုးတိုးလေးပြောလိုက်သည်။


"တောထဲမှာစခန်းချနေရမှာ ဘယ်လောက်တောင်စိတ်လှုပ်ရှားစရာကောင်းလဲ ငါတို့နှစ်ယောက်လုံးအတွက် ခြင်မကိုက်တဲ့လက်ပတ်တစ်ခုစီတောင်ယူခဲ့သေးတယ်"


သူတို့ဘေးမှာရပ်နေတဲ့ ကျန်းလျို့က ထိုစကားကိုကြားလိုက်ရပြီးနောက် သူကရွှီလော့ယန်ရဲ့ အင်္ကျီအိပ်ကပ်ထဲက လက်ပတ်တွေကိုစိုက်ကြည့်ရင်း "အဲ့ဒါက လိုတရအိတ် တစ်ခုလား" ဟုပင်တွေးလိုက်မိသည်။


သူတို့က တာဝန်အသီးသီးကိုလည်း လုပ်ဆောင်ကြရမယ်ဖြစ်၏။လူခြောက်ယောက်ကို အုပ်စုသုံးခုအဖြစ်ခွဲလိုက်ပြီး မိုးမချုပ်ခင် တဲအပြီးဆောက်ပြီး သူတို့ရဲ့ပထမဆုံးညစာအတွက်တောင်ပေါ်ကိုသွားကြရမှာပင်။


ချီချန်အန်းက အတက်ကြွဆုံးအနေဖြင့် ပထမဆုံးလက်မြှောက်လိုက်ပြီး 


"ကျွန်တော်တို့ကို ကိရိယာတွေပေးထားမှာလား၊ ဥပမာ အမဲလိုက်ဖို့ ပိုက်ကွန်လိုဟာမျိုး"


ထို့နောက် ဒါရိုက်တာဝမ်က "အရေးပေါ်သုံးဖို့ရာအတွက် ဓားနဲ့မီးခြစ်ကလွဲရင်အခြားဘာမှပေးထားမှာမဟုတ်ဘူး" ဟု အပြုံးကြီးပြုံးရင်းပြန်ဖြေလေသည်။


ကျန်းလျို့ကလည်း တစ်ဖန် အရှေ့ကိုတိုးလာပြီး "ကျွန်တော်တို့ စားစရာရှာမတွေ့ရင်ရော ဘယ်လိုလုပ်မှာလဲ"


"အဲ့ဒီတော့လည်းဗိုက်ဆာနေရုံပေါ့" ဟု ဒါရိုက်တာဝမ်ကဆိုလေ၏။


ထိုစကားနှစ်လုံးကိုကြားတော့ ရွှီလော့ယန်က ချီချန်အန်းရဲ့ပုခုံးပေါ်ခေါင်းမှီလိုက်ပြီး 


" ဒီရှိုးက အရမ်းရိုးရှင်းပြီးတော့ သဘာဝကျကျနဲ့ လုံးဝကိုစိတ်ကူးယဥ်မဆန်ဘူးဘဲ"


ချီချန်အန်းက သု့ပခုံးကို ရွှီလော့ယန်ပိုပြီးသက်သောင့်သက်သာဖြစ်စေဖို့ ချိန်ညှိလိုက်ပြီး 


"စိတ်မပူပါနဲ့၊ ကိုယ်မင်းကို ဗိုက်ဆာအောင်မထားပါဘူး"


နှစ်ယောက်အဖွဲ့တွေကိုမဲနှိုက်ပြီးတော့ ရွေးချယ်ရသည်။စုန့်ယောင် နှင့် ချင်းရှောင်ရန် တို့က ပထမအဖွဲ့ဖြစ်ပြီး ၊ဒုတိယအုပ်စုမှာ ကျန်းလျို့ နှင့် ကွမ်းရှန်း ပါဝင်ပြီး နောက်ဆုံးအဖွဲ့မှာ ရွှီလော့ယန်နှင့် ချီချန်အန်း တို့ပါဝင်လေသည်။


ရွှီလော့ယန် သူ့လက်ထဲက 'C' လို့ရေးထားတဲ့ ပလတ်စတစ်ကတ်ကို ကြည့်လိုက်ရင်း သူတို့အတွဲက ပထမပိုင်းကိုထုတ်လွှင့်ပြီးချိန်မှာ လူကြိုက်အများဆုံးအတွဲ ဖြစ်တာကြောင့် အစီအစဥ်ဆွဲတဲ့အဖွဲက သူတို့ကိုခွဲထုတ်ဖို့အစီအစဥ်မရှိဘူးဆိုတာ သူရိပ်မိခဲ့ပြီးသားဖြစ်သည်။


ရွက်ဖျင်တဲများအသီးသီးလက်ခံရရှိပြီးနောက် သူတို့ခြောက်ဦးစလုံး ရိုက်ကူးရေးအဖွဲ့ကသက်မှတ်ထားတဲ့ စခန်းချရာနေရာသို့ ထွက်ခွာခဲ့ကြသည်။အုပ်စုAနှင့် C နှစ်ခုစလုံးက တသီးတစ်ခြားစီလုပ်ဆောင်ကြပြီး တစ်ယောက်က တဲထိုးဖို့တာဝန်ယူကာ နောက်တစ်ယောက်က စားစရာရှာဖို့အတွက်တာဝန်ယူထားလေသည်။


ရွှီလော့ယန်က ချီချန်အန်းကို မေးလိုက်၏။


"ငါတို့ရောသူတို့လို ခွဲပြီးလုပ်ကြမလား၊ အဲ့ဒါက ပိုပြီးထိရောက်မယ့်ပုံပဲ"


"မလိုပါဘူး ၊မင်းကို ဒီမှာတစ်ယာက်ထဲ ထားခဲ့ဖို့အတွက် ကိုယ်စိတ်မချဘူး"


ရွှီလော့ယန်က ကင်မရာကိုကျောပေးကာပြုံးလိုက်မိပြီး သူ့ရဲ့နှလုံးသားလေးကမူ ကောင်းကင်ပေါ်ရောက်နေသလိုခံစားနေရပေသည်။


-ငါ့ရဲ့ ချန်အန်းကောကောက အရမ်းချစ်စရာကောင်းတယ်-


ပတ်ဝန်းကျင်ရှိ ပေါင်းပင်များကိုရှင်းလင်းပြီး တဲဆောက်ဖို့ရာအတွက် မိနစ်နှစ်ဆယ်ခန့်အချိန်ယူပြီးနောက် ရွှီလော့ယန်နှင့်ချီချန်အန်းတို့ နှစ်ယောက်သား တောထဲကိုတူတူသွားလိုက်ကြသည်။


လမ်းတစ်လျှောက်မှာ နှစ်ယောက်သား အေးအေးလူလူဖြင့် အကိုင်းအခက်တွေကောက်ယူကြပြီး ရံဖန်ရံခါ မြက်ပင်များပင် ရိတ်ယူကြသေးသည်။ 


သူတို့နောက်မှာပါလာတဲ့ ကင်မရာသမားတွေက အထူးအဆန်းနှင့် "မီးမွေးဖို့အတွက် ထင်းကောက်နေတာလား" ဟုစပ်စုလေသည်။


နာရီဝက်အကြာ ချီချန်အန်းလက်ထဲ လေးတစ်ချောင်းနှင့် သစ်သားမြှားငါးစင်းပေါ်လာတဲ့အချိန်မှ ကင်မရာသမားတစ်ယောက်က အံ့သြတကြီးဖြင့် 


"မင်းတို့ကလက်နက်တွေလုပ်နေတာပဲ"


ရွှီလော့ယန်က ထပ်ခါတလဲလဲခေါင်းညိတ်ပြလိုက်ပြီး " 'မတူညီသောလမ်းနှစ်သွယ်' မရိုက်ခင်က ချန်းအန်းက သစ်သားထွင်းတဲ့ပညာကိုသင်ယူခဲ့သေးတယ်လေ" 


ထိုသို့ပြောရင်းသူက သူ့လက်ထဲကမြှားတွေကိုယမ်းလိုက်ရင်း 


"ဒါကအံ့သြစရာပဲမလား ၊ ချန်အန်းက အားလုံးလုပ်နိုင်တယ်"


ချီချန်အန်းက သူ့ရဲ့ ယာယီလေးနဲ့ မြှားတွေကိုသုံးပြီး ယုန်တစ်ကောင်ကို ပစ်သတ်နိုင်သွားတဲ့အချိန်မှာတော့ အံ့အားသင့်သွားကြရသည်။ရွှီလော့ယန်က ရွှင်လန်းစွာပြေးလာပြီး ချီချန်အန်းကိုဖက်ရင်း နှစ်ကြိမ်မျှခုန်လိုက်ကာ ယုန်ကိုကြည့်ရန်ထိုင်ချလိုက်ပြီး နောက် တစ်စုံတစ်ခုကိုနားလည်သွားသဖြင့်ထုတ်လိုက်သည်။


"ပိန်နေပြီးနှေးကွေးတဲ့ ယုန်တွေက တောရိုင်း တိရစ္ဆာန်မဟုတ်ဘူးလေ အစီအစဉ်ဆွဲသူများအဖွဲ့က ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးဖို့ 80% လောက် ဆန္ဒရှိနေလို့ ဒါရိုက်တာဝမ်ကို တောင်းဆိုခဲ့ကြတယ် ထင်ပါရဲ့"


ထိုအချိန်တွင် ဒါရိုက်တာဝမ်ရဲ့ အသံက walkie-talkie မှ ထွက်ပေါ်လာပြီး


 "မင်း နှလုံးသားထဲမှာ သိရင် တော်ပြီပေါ့၊ အဲ့ဒါကိုထုတ်မပြောလို့ မရဘူးလား ဒီယုန်က အစက ပရိုဂရမ်အဖွဲ့ရဲ့ ညစာ လုပ်ဖို့ ရည်ရွယ်ထားတာ၊ ဘယ်လိုလဲ၊ ပိန်သလိုခံစားနေရသေးလား၊ စားစရာရှိရင်တောင် ကံကောင်းလှပြီကို ဇီဇာကြောင်နေသေးတယ်၊ မင်းဘာလို့ ကောင်းကင်ဘုံကို တက်မသွားသေးတာလဲ"


ချီချန်အန်းရဲ့ အင်္ကျီစကို လက်ဖြင့်ဆုပ်ကိုင်ထားရင်း ရွှီလော့ယန်က ရယ်တာကို မရပ်နိုင်တော့ပေ။


ကျန်းလျို့နှင့်ချင်းရှောင်ရန် ပြန်လာတဲ့အချိန်မှာ တောရိုင်းအသီးတွေနဲ့ မှိုကဲ့သို့သော အရာများစွာကို သယ်ယူလာခဲ့ကြသည်။သို့သော် ရွှီလော့ယန်က ယုန်သားဟင်းချိုကိုချက်နေတာကိုမြင်ရချိန်မှာတော့နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ သူ့ဘေးမှာအမြန်၀င်ထိုင်ချလိုက်သည်။


ကျန်းလျို့က သူ့လက်ထဲက အကောင်းဆုံးအသီးတွေကို လွှဲပေးလိုက်ပြီး 


"ရွှီကော၊ ကောတို့အသားစားပြီးသွားရင် ကျွန်တော်တို့ ဟင်းချိုနည်းနည်းလောက်ရနိုင်မလား"


ချင်းရှောင်ရန်ကလဲ ခေါင်းကိုတဆက်ဆက်ညိမ့်ပြလိုက်ကာ သူ့လက်ထဲက မှိုတွေကိုအလျှင်အမြန်လွှဲပေးလိုက်သည်။


ရွှီလော့ယန်က တောက်ပစွာပြုံးလိုက်ပြီး "ငါ့ကိုလာဘ်ထိုးဖို့မလိုပါဘူး" 


သူကပြင်ဆင်ထားတဲ့ ယုန်သားကို လက်ညှိုးထိုးပြလိုက်ပြီး


"ယုန်နှစ်ကောင်လုံးကို ချန်အန်းရှာထားတာ၊ငါတို့အားလုံးအတူတူစားကြပြီးတော့ ပရိုဂရမ်အဖွဲ့ကို စိတ်တိုအောင်လုပ်ကြမယ်"


ချီချန်အန်းက ယုန်တွေကိုဖမ်းမိပေမယ့် ယင်းတို့တွေကို သူတို့နှစ်ယောက်ထဲသာစားလို့ ရှိရင် အစီအစဥ်ထုတ်လွှင့်ပြီးတာနှင့်ဝေဖန်ခံရမှာဖြစ်သည်။ယခု စားစရာတွေလည်းအများကြီးရှိပြီး သူတို့နှစ်ယောက်တည်းမကုန်နိုင်တဲ့အတွက် လူတိုင်းနဲ့ဝေမျှစားလိုက်တာကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။


ထို့နောက် သူတို့ပရိုဂရမ်အဖွဲ့ထဲကနေ ငှားထားတဲ့ ပစ္စည်းတွေဖြင့် မီးမွှေးလိုက်ပြီး သူတို့ခြောက်ယောက်စလုံး အိုးပတ်ပတ်လည်မှာဝိုင်းဖွဲ့ထိုင်ကာ အိုးထဲသို့ သန့်ထားပြီးသား ယုန်သားနှင့်မှိုတွေကို ထည့်လိုက်ကြသည်။


တောရိုင်းအသီးတွေကိုကိုက်စားနေရင်း ချင်းရှောင်ရန်က 


"အသားက ကျက်ဖို့အချိန်နည်းနည်းကြာဦးမှာဆိုတော့ ငါတို့ဘာလို့တစ်ခုခုလုပ်စရာ မရှာကြရမှာလဲ"


စုန့်ယောင်က ချင်းရှောင်ရန်ရဲ့ဆွဲခေါ်ခြင်းကို ခံရပြီးနောက် သူ့မျက်နှာက မနှစ်မြို့ဖွယ်အမူအရာပေါ်နေကာ စကားဝိုင်းထဲကိုဝင်လိုစိတ်မရှိပုံပင်။ကွမ်းရှန်းနှင့် ချင်းရှောင်ရန်ကလဲ ဆက်ဆံရေးမပြည်လည်တဲ့အတွက် ကွမ်းရှန်းက တိတ်ဆိတ်နေလေသည်။


နောက်ဆုံးမှာတော့ ရွှီလော့ယန်ကပဲ ပြုံးလိုက်ပြီး "ဒါဆိုရင် ငါတို့ဘာတိုင်းကစားကြမလဲ"


အရင်က အဆင်မပြေဖြစ်နေတဲ့လေထုက ရုတ်ချည်း ပျက်ပြယ်သွားပြီး ချင်းရှောင်ရန်က 


"ပတ်ဝန်းကျင်ကမှောင်နေပြီ၊ ငါတို့ကလည်းတောနက်ထဲမှာရှိနေတာဆိုတော့၊ ဒီထက်သင့်တော်တဲ့ပတ်ဝန်းကျင်တောင်မရှိနိုင်ဘူး၊ ငါတို့ သရဲတစ္ဆေပုံပြင်တွေအလှည့်ကျပြောကြရင်ရော"


ရွှီလော့ယန်ချက်ချင်းပင် ကြောက်လန့်တကြားဖြင့် ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး ချီချန်အန်းရဲ့အနောက်မှာပြေးပုန်းလိုက်ပြီး ခေါင်းလေးပဲထွက်ထားကာ ဝမ်းနည်းစွာဖြင့်ဆိုလိုက်၏။


"ငါတို့ဒီထက်ပိုပြီး အဆင်ပြေမဲ့ ဂိမ်းကိုကစားလို့ရမလား"


သူ့ကြောက်နေတာကိုမြင်တော့ စုန့်ယောင်က ချက်ချင်းပင် စိတ်အားထက်သန်လာပြီး 


"အခုအမြင်တွေ ကွဲပြားနေတာဆိုတော့ မဲခွဲကြရအောင်"


ဆယ်စက္ကန့်အကြမှာ လူခြောက်ဦးထဲမှာ ချီချန်အန်းတစ်ယောက်ပဲ ရွှီလော့ယန်ကို ထောက်ခံကာ တစ္ဆေပုံပြင်ပြောမယ့် အကြံကို မထောက်ခံခဲ့တာပင်။


ရွှီလော့ယန်က မြန်မြန်ဆန်ဆန် တွက်ချက်လိုက်ပြီး နောက်ဆုံးမှာတော့ ဒီည သူ အိပ်မပျော်နိုင်ဘူးလို့ ကောက်ချက်ချလိုက်သည်။ ထို့နောက် သူ ချီချန်အန်းကို တိတ်တဆိတ် ကြည့်လိုက်ပြီး ညဘက်မှာချီချန်အန်းရဲ့ တဲထဲကို ဘယ်လိုခိုးဝင်ရမလဲဆိုတာကိုတွေးတောနေမိ၏။


.....................................................................


ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး : ချီချီ အပြင်ထွက်လည်ကြမလား


.................................................................................


Translated By IQ-Team.