Chapter-3
သူမှားယွင်းခဲ့တယ်
______
ရှုနဉ်သည် သူ့ဒါဏ်ရာတွေက ဗီလိန်လေးနဲ့ဘာမှမဆိုင်ဘူးဆိုတာကိုရှင်းပြခဲ့သော်လည်း သူ့အတန်းဖော်များက မယုံကြည်ကြချေ။
အတန်းဖော်ကောင်မလေးကပြောလိုက်သည်။
”ကျန်းချောင်းက သူ့ကိုမြင်ခဲ့တယ်။ နင့်ကိုတွန်းလိုက်တာ သူပဲ”
ထိုအချိန်၌လှေကားပေါ်တွင်ရှိသည့်တစ်ဦးတည်းသောသက်သေက ကျန်းချောင်းဖြစ်သည်။ထိုအဖြစ်အပျက်ပြီးနောက်တွင် ရှုနဉ်က ဆေးရုံတက်လိုက်ရကာ ကျန်းချောင်းက ရှုနဉ်ကိုတွန်းလိုက်သူက ဗီလိန်လေးဖြစ်ကြောင်း ကြေငြာခဲ့သည်။
“ရှုနဉ်က အရမ်းကြင်နာတတ်တာပဲ အခုလိုဖြစ်သွားတာတောင်မှ သူက ယင်းမင်ကျန်းကို ကာကွယ်ပေးနေသေးတယ်”
ရှုနဉ်က အမှတ်တမဲ့နဲ့နောက်ဆုံးတန်းမှာရှိနေတဲ့ဗီလိန်လေးကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ဗီလိန်လေးက သူ့စားပွဲပေါ်မှာ ခေါင်းချပြီးလှဲနေသည်။ဆောင်းတွင်းရဲ့သန့်စင်တဲ့နေရောင်က သူ့ရဲ့အဝါရောင်ဆံပင်တွေပေါ်မှာ တောက်ပနေ၏။
ဗီလိန်လေးရဲ့ရုပ်ရည်သွင်ပြင်က အရမ်းကြည့်ကောင်းသည်။သူ့အသားအရေက နှင်းလိုဖြူသဖြင့် သူ့ဆံပင်ကိုအဝါရောင်ဆိုးပြီးတဲ့နောက်မှာ ပိုလို့တောင်ဖြူလာသေးသည်။ကံမကောင်းစွာနှင့် သူ့ဆံပင်က ရုပ်ဆိုးလွန်းနေသည်။သူ့ခေါင်းပေါ်မှာငှက်သိုက်တစ်ခုတင်ထားသည်နှင့်တူနေပြီး ရှည်လျားကာ နေရာတိုင်းမှာ စေးကပ်(အဆီပြန်)နေသည်။ထိုပုံစံက 2000ခုနှစ်အစောပိုင်းက ခေတ်မစားခဲ့တဲ့ ဆံပင်ပုံစံတွေထက်တောင်ဆိုးရွားနေသေးသည်။
သူ့ရုပ်ရည်က ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း ထိုဆံပင်ပုံစံကိုတော့ မကယ်တင်နိုင်ပေ။
ထို့အပြင် သူ့ဝတ်စားဆင်ယင်ပုံကလဲ ပြသနာဖြစ်ပြီး သူ့ရဲ့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ လမ်းလျှောက်တတ်တဲ့ပုံစံက သူ့ကို ပြီးပြည့်စုံစွာ ဂိုဏ်းစတားတစ်ယောက်နှင့် အလွန်တူသွားစေသည်။သူကတခြားသူတွေကို မထီမဲ့မြင်ပြုသည့်အပြုအမူမျိုးလုပ်လေ့ရှိသောကြောင့် ယေဘူယျအားဖြင့်ပြောရမယ်ဆိုရင် လူတိုင်းက သူ့ကိုသဘောမကျကြပေ။
ရှုနဉ်ရဲ့အဆင့်တွေက အရမ်းမကောင်းပေမယ့် ဗီလိန်လေးကလဲ အတန်းတစ်ခုလုံးရဲ့ နောက်ဆုံး အဆင့်ဖြစ်သည်။
တူညီတဲ့ အလယ်တန်းကျောင်းကိုရောက်လာပြီးတဲ့နောက်မှာ ကျောင်းသားဆိုးနှစ်ယောက်က တူညီတဲ့အတန်းမှာ နေရာချပေးခံလိုက်ရသည်။
မူလတန်းကျောင်းမှာ သူတို့ပထမဆုံးဆုံခဲ့တုန်းကလဲ ဗီလိန်လေးက သူနှင့်အတန်းတူတူပဲဆိုတာကိုရှုနဉ်သတိရသွားသည်။သူက မူကြိုတစ်ခါမှ မတက်ဘူးသောကြောင့် ကျောင်းတက်ဖို့ကိုစိတ်အားထက်သန်ပြီး စာကြိုးစားခဲ့သည်။သူ့ကိုကြည့်ရသည်မှာ သင်ယူဖို့အခွင့်အရေးကိုတကယ်ချစ်မြတ်နိုးပြီး သူ့အဆင့်တွေကလဲကောင်းမွန်သည်။ထို့ကြောင့်ဆရာ၊ဆရာမတွေရဲ့ ချီးကျူးခြင်းကိုတောင် ခံခဲ့ရသည်။
သူ့မျက်နှာ၌တောက်ပသည့်အကြည့်နှင့် ထူးချွန်ဆုလက်မှတ်ကိုင်ဆောင်ပြီးစင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေသည့် ဗီလိန်လေးကိုပင် ရှုနဉ်မှတ်မိနေသေးသည်။
သို့ပေမဲ့ အဆင့်ကောင်းတွေရှိခြင်းက အရာအားလုံးဟု မဆိုလိုပေ။နေရာတိုင်းလိုလို၌ခွဲခြားဆက်ဆံခံရသည်။ဆရာ၊ဆရာမတွေကပင် သူ့ကိုအရမ်းသဘောမကျကြပေ။ထို့အပြင် သူ့အကြောင်းကောလဟာတွေအများကြီးရှိသေးသည်။သူ့အဖေက ထောင်ကျဖူးပြီး ဂန်းစတားတစ်ယောက်ဖြစ်တယ်လို့ လူသိများ၏။
4တန်းနှင့် 5တန်းသို့ရောက်သည့်အခါတွင်တော့ ဗီလိန်လေးက စာမကြိုးစားတော့သည့်အပြင် သူ့အဆင့်များက အောင်ခြေသို့ရောက်သွားသည်။ထို့အပြင် တခြားအဖြစ်အပျက်များစွာဖြစ်ပွားခဲ့သည်ကိုပါ ထပ်ပေါင်းလိုက်တဲ့အခါ ဗီလိန်လေး၏အဆင့်က တစ်တန်းလုံးရဲ့နောက်ဆုံးအဆင့်ဖြစ်သွားသည်။
လေးလေးနက်နက်ပြောရမည်ဆိုလျှင် ရှုနဉ်နှင့်ဗီလိန်လေးတို့က အများကြီးတည်ငြိမ်သည်။(ကတောက်ကဆမရှိတာကိုဆိုလိုတာပါ။)သူပထမဆုံးကူးပြောင်းလာသည့်အချိန်ကစ၍ ဗီလိန်လေးအား ပြုစုပျိုးထောင်ပေးမည်ဆိုပါက ဗီလိန်လေးက သူအခုဖြစ်နေသည့်ပုံစံမျိုးဖြစ်လာမည်မဟုတ်ပေ။
သူ့မှတ်ဉာဏ်တွေပျောက်သွားတာက အရမ်းဆိုးရွားလွန်းသည်။
ဘာလို့များ သူအတိတ်မေ့သွားရတာလဲ...။
ရှုနဉ် လက်သီးဆုပ်လိုက်မိသည်။
“အတန်းထဲမှာရှိတဲ့တချို့လူတွေက ပန်းသီးပုပ်တွေလိုပဲ သူတို့က တစ်တန်းလုံးကို ဖျက်ဆီးလိမ့်မယ်”
ဗီလိန်လေးက သူပြောတာကို မကြားမှာစိုးသကဲ့သို့ ကျန်းချောင်က သူကအသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်သည်။
”ငါကပြောပြတာပါ တချို့လူတွေက အဆင့်တွေမကောင်းရုံတင်မကဘူး အမြဲတမ်းလိုလို ပြသနာရှာနေကြတယ် အဲ့ဒီလိုလူမျိုးတွေက ထွက်သွားသင့်တာကြာပြီ”
ဗီလိန်လေးက ကျန်းချောင်ပြောနေတာကို မကြားရသကဲ့သို့ သူ့စားပွဲပေါ်မှာ အေးအေးဆေးဆေး အိပ်နေသည်။
ရှုနဉ်က မတ်တပ်ရပ်လိုက်ပြီး သူ့အနားက လူတွေကို လေးလေးနက်နက်ပြောလိုက်သည်။
”ဒါက ယင်းမင်ကျန်းနဲ့ဘာမှမဆိုင်ဘူး ဒါက ငါ့ရဲ့ပြသနာပဲ”
လူတိုင်းအံ့ဩသွားကြသည်။
“လွန်ခဲ့တဲ့ ရက်တွေတုန်းက ယင်းမင်ကျန်းက ငါကဂေးဆိုပြီး ကောလဟာလတွေလိုက်ဖြန့်နေတယ်လို့ကျန်းချောင်က ငါ့ကိုပြောခဲ့တယ် အဲ့ဒါကြောင့် ငါက ယင်းမင်ကျန်းကို ဝန်ခံခိုင်းတော့ သူကငါ့ကို လျစ်လျူရှူသွားတယ် ဒါနဲ့ ငါသူကို လှမ်းဆွဲလိုက်လို့ လှေကားပေါ်ကနေ မတော်တဆပြုတ်ကျသွားတာ”
“ဒါက အဖြစ်မှန်ပဲ ယင်းမင်ကျန်းဖြန့်တယ်လို့ပြောနေကြတဲ့ ကောလဟာလတွေကလဲ ဘယ်သူကဖြန့်လဲဆိုတာကို ငါနားလည်သွားပြီ”
ရှုနဥ်က ကျန်းချောင်ကို ကွဲပြားစွာ စိုက်ကြည့်ပြီး အတန်းဖော်များကိုပြောလိုက်သည်။
”ဘယ်သူလဲဆိုတာကို ငါတွေးမိပြီးသား...”
သူကထိုင်ခုံကိုနောက်သို့တွန်းလိုက်ပြီး ယင်းမင်ကျန်းရှိရာနောက်ဆုံးတန်းသို့ သွားလိုက်သည်။ယင်းမင်ကျန်းက စားပွဲပေါ်၌ လှဲလျောင်းနေသေးပြီး သူ့နောက်ကျောက မတ်နေသောကြောင့် သူ့ပုခုံးနှစ်ဖက်၏အကွာအဝေးကို ထင်ရှားစေသည်။
“ယင်းမင်ကျန်း” ရှုနဉ်က သူ့ပုခုံးကို ပုတ်လိုက်သည်။
ယင်းမင်ကျန်းက အိပ်ပျော်နေသလို မလှုပ်မယှက်ဖြစ်နေသည်။
သို့ပေမဲ့ သူအိပ်ပျော်မနေဘူးဆိုတာကို ရှုနဉ်သိနေသည်။ထိုမျှကြီးမားသည့်ရုန်းရင်းဆန်ခတ်မှုများဖြစ်နေတာကို မည်သူက အိပ်ပျော်သွားပါ့မလဲ။
သူက သူ့ကို ဂရုမစိုက်ချင်ရုံသာ...
ရှုနဉ်က အရှုံးမပေးဘဲ သူ့ပုခုံးကို ဆက်ပုတ်နေလိုက်သည်။ဗီလိန်လေးက သူ့ကို ဆက်ပြီး လျစ်လျူရှုရင် သူကလဲ ဆက်ပုတ်နေလိုက်မည်။
နောက်ဆုံးတော့ ဗီလိန်လေးက သည်းမခံနိုင်တော့သဖြင့် ခေါင်းမော့လာသည်။သူ့မျက်နှာက မည်းမှောင်နေကာ မတ်မတ်ထိုင်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် တံတွေးထွေးလိုက်သည်။
”ထွက်သွား”
ဘယ်လိုတောင် စိတ်တိုနေရတာလဲ...
အနားတွင်ရှိသည့်လူတိုင်း လန့်သွားကြသည်။
ယင်းမင်ကျန်းမျက်နှာက ဒေါသများဖြင့်ပြည့်နေပြီး မယုံနိုင်လောက်အောင်ဒေါသထွက်နေပုံရသည်။သူစိတ်လွတ်သွားပြီး တစ်ယောက်ယောက်ကိုနာကျင်အောင်လုပ်လိုက်မည်ကို လူတိုင်းက စိုးရိမ်နေကြ၏။
ယခင်က ရှုနဉ်သာဖြစ်မည်ဆိုလျှင် သူကြောက်လန့်ပြီးနောက်ဆုတ်သွားမှာဖြစ်သည်။ သူနှင့်စကားသွားပြောဖို့ သတ္တိပင်ရှိမှာမဟုတ်ချေ။သို့သော်လည်း ယခု ရှုနဉ်ကမူ လူကြီးတစ်ယောက်ရဲ့စိတ်ဝိဉာဏ်ရှိနေသည်။ကြောက်ဖို့ကောင်းသည့်ခုနှစ်တန်းကျောင်းသားလေးက သူ့အတွက်တော့ ဘာမှမဟုတ်ပေ။
“မင်းနိုးလာပြီလား”ရှုနဉ်က ဘာမှမဖြစ်သလိုပြုံးလိုက်သည်။
ဗီလိန်လေးက သူ့ခြေထောက်တွေကို လှုပ်ယမ်းလိုက်သည်။သူက ခေါင်းကိုငုံ့၍ဘေးတိုက်ကြည့်ကာ ကြမ်းကြမ်းတမ်းတမ်းမေးလိုက်သည်။
”မင်းဘာလိုချင်လို့လဲ”
ရှုနဉ် သူ့မျက်လုံးကိုလှန်လိုက်မိသည်။ လူတွေ သူတို့ခြေထောက်ကို လှုပ်နေတာမျိုးကို သူအတော်မုန်း၏။
သို့ပေမဲ့ ဗီလိန်လေးကမူ သူ့ခြေထောက်တွေကို လှုပ်ယမ်းတာက အရမ်းမိုက်ပြီး ခြိမ်းခြောက်နိုင်တယ် လို့ ထင်နေပုံရသည်။သူက သူ့စားပွဲနဲ့ထိုင်ခုံတွေပါလှုပ်သွားသည်အထိ သူ့ခြေထောက်များကို အားကြိုးမာန်တက် လှုပ်ယမ်းနေသည်။
သူက တကယ့်ကိုအရိုက်ခံရဖို့တောင်းဆိုနေတာပဲ...။
ရှုနဉ်က သူ့ပေါင်တွေကိုဖိထားချင်စိတ်ကို အတင်းတွန်းလှန်ပြီး လေးလေးနက်နက် ခိုင်းကိုင်းကာဦးညွတ်လိုက်သည်။
သူက ရိုးသားစွာတောင်းပန်စကားဆိုလိုက်သည်။
”အရင်ကဖြစ်ခဲ့တာတွေကငါ့အမှားပါ ငါတောင်းပန်ပါတယ် ငါမင်းကိုတောင်းပန်ချင်ပါတယ်”
တုန်ခါနေသည့်စားပွဲနှင့်ထိုင်ခုံကရုတ်တရက် ရပ်တန့်သွားသည်။ဗီလိန်လေးက သူ့ခြေထောက်လှုပ်နေတာကို ရပ်တန့်လိုက်သည်။သူရဲ့ မျက်လုံးလှလှလေးတွေက ပြူးသွားပြီး တအံ့တဩဖြစ်နေဟန်ဖြင့်ကြည့်လာသည်။ခဏအကြာတွင်တော့ သူက ရယ်မောလိုက်ပြီး သူ့အသက်ရှင်ခြင်းက ခြေထောက်လှုပ်ခြင်းအပေါ်မှီခိုနေရသကဲ့သို့ လှုပ်ယမ်းနေပြန်သည်။
”သောက်ရူးကောင်...”
သူ့ခြေထောက်လှုပ်နှုန်းက အထင်ကြီးလောက်စရာပင်။
ရှုနဉ်အသက်ကိုပြင်းပြင်းရှူပြီး သူ့ကိုယ်သူပြောလိုက်သည်။
အနာဂတ်မှာ သူ့ရဲ့အဲ့ဒီအကျင့်ဆိုးကို ငါသေချာပေါက်ပြုပြင်ပေးမှရမယ်...။
“ငါတောင်းပန်ပါတယ်”
ရှုနဥ်က နောက်တစ်ကြိမ်ထပ်ပြောပြီးနောက် သူ့ထိုင်ခုံဆီသို့ပြန်သွားလိုက်၏။
ရှုနဥ်ရဲ့ဤအပြုအမူက အတန်းတစ်ခုလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားစေသည်။သူ့ကိုနှစ်သိမ့်စကားပြောရန်လာကြသည့်လူများကလဲ ရုတ်တရက်ကြီးဘာလုပ်ရမှန်းမသိဖြစ်သွားကာ လူစုခွဲလိုက်ကြပြီး ကိုယ့်ထိုင်ခုံရှိရာသို့ ပြန်သွားကြသည်။ကျန်းချောင်၏အမူအရာကလဲ အရမ်းထူးဆန်းနေပြီး ရှုနဉ်ကို ချောင်း ချောင်း ကြည့်နေသည်။
ရှုနဉ်က ပုံနှိပ်စာအုပ်ကိုဖွင့်ပြီးသူ့ကို လျစ်လျူရှုလိုက်သည်။
ဒေါင်ဒေါင်~
အတန်းစချိန်ရောက်လာသည်။
အင်္ဂလိပ်စာသင်ချိန်ဖြစ်သည်။ရှုနဉ်က ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး သူက ကောလိပ်၌အချိန်ပိုင်းကျူတာ တစ်ယောက်အဖြစ်ပင် လုပ်ခဲ့သေးသည်။သူက အခြေခံသင်ခန်းစာတွေကိုလဲ မမေ့ချေ။ထို့ကြောင့် သူကဖတ်စာအုပ်ကို လှန်လိုက်ရုံဖြင့်ပင် အယူအဆ အများအပြားကို သူမှတ်မိသွားပြီဖြစ်သည်။
ခုနှစ်တန်း တန်းခွဲ 3 က ကျောင်းသားဆိုးများအပြည့်ဖြစ်သည်။ဗီလိန်လေးက အတန်းတစ်ခုလုံး၏နောက်ဆုံးအဆင့် ဆိုတာကို တွေးကြည့်ရလျှင် သူ့ကို ပြင်ဆင်ထားသည့် သင်ခန်းစာများ ပေးရန် အခွင့်အရေးရှာရမည်ဟု ရှုနဉ်တွေးလိုက်သည်။
ဝတ္တုထဲတွင်တော့ ဗီလိန်လေးက အင်္ဂလိပ်စာ မတတ်ချေ။ဝေ့မိသားစု၏အသိအမှတ်ပြုမှုကို ခံရပြီးသည့်နောက် သူက ရွယ်တူများ၏လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။သူ့အကျင့်စရိုက်က ရှက်စရာကောင်းလွန်သည်ဟု ဝေ့မိသားစုက ခံစားခဲ့ရ၏။
အတုအယောင် သခင်လေး ဝေ့ရှီမင်းက ဘာသာစကား6မျိုးပြောတတ်နေတယ် မဟုတ်ပါလား...။
ရှုနဉ်က ဗီလိန်လေးအင်္ဂလိပ်စာကိုလေ့လာဖို့ကို ပထမဆုံးလုပ်ရမည်ဟု စဉ်းစားလိုက်သည်။ထိုနည်းဖြင့် ယှဉ်ကြည့်မည်ဆိုလျှင် ဗီလိန်လေးက အရမ်း မိုက်မဲတုံးအပုံမရနိုင်တော့ပေ။
သူတို့၌ကျန်သေးသည့်အချိန်ကိုတွက်ချက်ကြည့်ရမည်ဆိုလျှင် ဗီလိန်လေးကိုဝေ့မိသားစုမှ ပြန်လာ၍မခေါ်သေးခင်အထိ အချိန်3နှစ်နှင့်အထက် ကျန်သေးသည်။
ရှုနဉ်က ဗီလိန်လေးကို ဝေ့မိသားစုဆီသို့စောစောပြန်ပို့ဖို့ နည်းလမ်းကို သူရှာသင့်သလား ဟု စဉ်းစားနေခဲ့သည်။ နောက်ဆုံးတော့ သူ့လက်ရှိမိသားစုအခြေအနေက အရမ်းကြောက်စရာကောင်းနေ၏။
အစစ်အမှန်သခင်ငယ်လေးရဲ့အမှန်တရားအကြောင်းကိုဖော်ထုတ်ချင်သည်ဆိုပါက မိုင်ထောင်ချီဝေးသည့်မြို့တော်မှ ဝေ့မိသားစုနှင့်ဆက်သွယ်ရမည်ဖြစ်သည်။သူတို့နှင့် သူက ဘယ်လိုလုပ်ဆက်သွယ်နိုင်ပါ့မလဲ။ပြီးတော့ သူတို့ကို မိဘအရင်းအချာဖြစ်ကြောင်းစစ်ဆေးမှုပြုလုပ်ရန် ဘယ်လိုများ ပြောဆို ရပါ့မလဲ။
ရှုနဉ်က ကျောင်းမဆင်းမချင်း သူ့အနာဂတ်အစီအစဉ်များအကြောင်း စဉ်းစားနေလိုက်သည်။သူ့ထိုင်ခုံဖော်ကိုပင် စကားတစ်ခွန်းမှ မပြောဖြစ်ပေ။
ကျန်းချောင်က သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေပေမဲ့လသူကသူ့ကို စိတ်ထဲထည့်မထားချေ။
ကျောင်းဆင်းသောအခါ ကျန်းချောင်က သူ့ကိုယ်သူ မထိန်းနိုင့်တော့သဖြင့် အသံတိုးတိုးနှင့်မေးလိုက်သည်။
”မင်းသိနေတာလား”
ရှုနဉ်က အနဲငယ် လန့်သွားသည်။
သူဘာမှမဖြေလိုက်...။
ကျန်းချောင်ကပြောလိုက်သည်။
”မင်းဆေးရုံကပြန်လာကတည်းက ငါ့ကို လျစ်လျူရှုထားတယ်...မင်းကိုတစ်ယောက်ယောက်က တစ်ခုခု ပြောလိုက်လို့လား”
ရှုနဉ်က တစ်စက္ကန့်လောက်စဉ်းစားလိုက်သည်။ထို့နောက်သူက ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး စတင်ဟန်ဆောင်လိုက်သည်။
”လေလုံတဲ့ နံရံဆိုတာမျိုးကမရှိဘူး”(နံရံတိုင်းမှာနားတွေရှိတယ်ဆိုတာမျိုးပြောချင်တာပါ)
ကျန်းချောင်က ခဏတာမျှ အံ့အားသင့်သွားရသည်။ထို့နောက် သူ့ခေါင်းကိုငုံ့ပြီးပြောလာ၏။
“ငါတောင်းပန်ပါတယ် ငါက ကောလဟာလကိုဖြန့်တဲ့သူပါ”
ရှုနဉ်က ဒီလောက်ကတော့ ခန့်မှန်းနိုင်မိပြီးသားဖြစ်သည်။ယခု အတည်ပြုလိုက်နိုင်ပြီဖြစ်၍သူအရမ်းစိတ်ဆိုးသွားသည်။
“ ငါသိချင်တာက ဘာလို့လဲ”
“ဒါက ဟာသသက်သက်ပါပဲ။”
ကျန်းချောင်က အလျင်စလိုရှင်းပြလာသည်။
”ငါလူတချို့နဲ့စကားပြောနေရင်းနဲ့ အဲ့ဒါကို ပေါ့ပေါ့ပါးပါးပဲပြောလိုက်မိတာ သူတို့က တကယ်ကြီးအတည်ထင်ပြီးတော့ နေရာတိုင်းကိုလျှောက်ဖြန့်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ငါတကယ့်ကိုမရည်ရွယ်ပါဘူး”
ရှုနဉ်က မျက်ခုံးပင့်ပြီးပြောလိုက်သည်။
”ဒါဆိုမင်းဘာလို့ ယင်းမင်ကျန်းကိုလွှဲချရတာလဲ ပြီးတော့ မင်းက ငါတို့နှစ်ယောက်ရန်ဖြစ်အောင်လုပ်ဖို့ကြိုးစားနေတာလား”
ကျန်းချောင်ရဲ့မျက်နှာက နီရဲသွားသည်။ပြီးနောက် သူ့မှာရှင်းပြစရာမရှိတော့ပေ။
”ငါတောင်းပန်ပါတယ်”
“မင်းကတောင်းပန်တာလား”
ရှုနဉ်က ပတ်တီးစီးထားဆဲဖြစ်သည့်သူ့ခေါင်းကိုလက်ညှိုးဖြင့်ထိုးပြလိုက်သည်။
”ငါက ဒါဏ်ရာ ရသွားလို့ဆေးရုံတောင်တက်လိုက်ရတာကို မင်းပြောနိုင်တာက တောင်းပန်တာ...အကုန်လုံးက တောင်းပန်တာပဲလား”
ကျန်းချောင်က သူ့စိတ်ရှည်မှု တွေအားလုံးစတင်ကုန်ဆုံးလာတော့၏။
”ငါတောင်းပန်ပါတယ်လို့ပြောပြီးပြီလေ မင်းကဘာထပ်လိုချင်သေးလို့လဲ”
ရှုနဉ်က အံ့ဩသွားသည်။
ကျန်းချောင်က ထပ်ပြောသည်။
”ဒါ့အပြင် သူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ သွားတဲ့သူကလဲမင်းပဲ လှေကားပေါ်ကနေ ကိုယ့်ဘာသာကိုယ်ပြုတ်ကျတဲ့သူကလဲ မင်းပဲ ငါနဲ့ဘာဆိုင်လို့လဲ”
ရှုနဉ်”……”
ရှုနဉ်က သူ့ရဲ့ယုံကြည်မှုရှိတဲ့ပုံစံကြောင့် လန့်သွားသည်။
ကျန်းချောင်က သူအမှားလုပ်ထားတယ်လို့ တကယ်ကြီး မထင်ဘူးလား။
“ငါတောင်းပန်ပြီးပြီလေ ဒါပေမဲ့ မင်းကဘာလို့လက်မလွှတ်နိုင်သေးရတာလဲ မင်းရဲ့သဘောထားက ဘာလဲ ငါကပဲ မင်းကိုတွန်းလိုက်တာ ဒါမှမဟုတ် တစ်ခုခု လုပ်လိုက်တဲ့သူလို မင်းကဘာလို့သရုပ်ဆောင်နေရတာလဲ အဲ့ဒါက ဟာသတစ်ခုပဲလေ ကောလဟာလတွေလွှင့်ဖို့လဲ ငါမရည်ရွယ်ပါဘူး မင်းကဘာထပ်လိုချင်သေးလို့လဲ”
ရှုနဉ်”….”
ရှုနဉ်က ဘာမှမပြောတော့ချေ။သူကစာသင်ခန်းအပြင်ဘက်သို့ထွက်သွားပြီး အတန််းပိုင်ဆရာမနှင့်တွေ့ရန် ရုံးခန်းဘက်သို့မြန်မြန်လျှောက်သွားလိုက်သည်။
အတန်းပိုင်ဆရာမက သူ့ထိုင်ခုံနေရာကို စီစဉ်နေသည်။
သူမက ရှုနဉ်ကိုမြင်လိုက်သောအခါ ပြုံးပြလိုက်ပြီး”ရှုနဉ် ဘာကိစ္စရှိလို့လဲ”
“အမ်...ကျွန်တော် ထိုင်ခုံနေရာပြောင်းချင်လို့ပါ”
ရှုနဉ်က တည့်တိုးပဲပြောလိုက်သည်။
သူ့အတန်းပိုင်ဆရာမက စိတ်ရှုပ်သွားသည်။
”မင်းကဘာလို့ရုတ်တရက်ကြီးထိုင်ခုံပြောင်းချင်ရတာလဲ”
ရှုနဉ်က ပြောလိုက်သည်။
”ကျန်းချောင်က လူကောင်းတစ်ယောက်မဟုတ်ဘူး။”
ပထမအတန်းချိန်ပြီးသွားပြီဖြစ်သောကြောင့် ရုံးခန်းအတွင်း၌ဆရာ၊ဆရာမများ ရှိနေသည်။ရှုနဉ်၏စကားကိုကြားလိုက်သောအခါ သူတို့က ခေါင်းများလှည့်၍ကြည့်လိုက်ကြ၏။
သူ့အတန်းပိုင်ဆရာမက သူမမျက်မှန်ကို မျက်နှာပေါ်မှ ချွန်လိုက်သည်။
”ရှုနဉ် မင်းအတန်းဖော်တွေကို မင်းစိတ်တိုင်းကျ ကျိန်ဆဲလို့မရဘူးနော်”
“အမ်...ကျွန်တော်က ဂေးဆိုပြီးကောလဟာလဖြန့်တဲ့သူက ကျန်းချောင်ပဲ သူကိုယ်တိုင်ဝန်ခံပြီးသွားပြီ ထပ်ပြောရရင် သူက ယင်းမင်ကျန်းကို အပြစ်ပုံချပြီး ကျွန်တော့ကိုလဲ သူနဲ့ရန်ဖြစ်ဖို့တွန်းအားပေးခဲ့တာ ခုနကတုန်းက ရုံးခန်းထဲမှာလဲ ယင်းမင်ကျန်းကိုစွပ်စွဲဖို့သူက အရိပ်အယောင်ပြခဲ့သေးတယ်”
ရှုနဉ်က ထိုအဖြစ်အပျက်တစ်ခုလုံးကိုရှင်းလင်းအောင် ညီညွတ်သောနည်းလမ်းဖြင့် ရှင်းပြလိုက်၏။
”သူ့မှာယင်းမင်ကျန်းနဲ့ အာဃာတရှိတာနဲ့ပဲ သူ့ကိုရှင်းဖို့အတွက် ကျွန်တော့်ကို အသုံးချဖို့ကြိုးစားခဲ့တယ် သူက ကျွန်တော့်အကြောင်းကောလဟာလတွေတောင်ဖြန့်ခဲ့သေးတယ် အခုလိုလူမျိုးက ထိုင်ခုံဖော်ဖြစ်လာတယ်ဆိုတော့...ကျွန်တော်အတွက် တကယ် မလွယ်ကူပါဘူး”
သူ့စကားလုံးများကရုံးခန်းထဲရှိ ဆရာဆရာမများကို လန့်သွားစေသည်။
“မင်းပြောတာအမှန်တွေလား”
အတန်းပိုင်ဆရာမက ဆုံလည်ကုလားထိုင်ပေါ်ထိုင်ရင်း လေးနက်သည့်အမူအရာဖြင့် မေးလာ၏။
“သူကအခုလေးတင်ဝန်ခံလိုက်တာ ဒါပေမဲ့ ဆရာမသာသူ့ကိုမေးလိုက်ရင် သူကသေချာပေါက် ဝန်ခံမှာမဟုတ်ဘူး”
အတန်းပိုင်ဆရာမက သူမနှာခေါင်းကိုဖိလိုက်ပြီး ”မင်းကအခုထိုင်ခုံပြောင်းချင်တာဆိုရင်…”
“ကျုံးရှောင်မင်းက ယင်းမင်ကျန်းရဲ့ဘေးမှာတစ်ခါမှ မထိုင်ချင်ဘူး သူက ကျန်းချောင်နဲ့ဆက်ဆံရေးကောင်းတယ် ကျွန်တော်ကျုံးရှောင်မင်းနဲ့ထိုင်ခုံနေရာလဲလိုက်လို့ရတယ်” ရှုနဉ်ကပြောလိုက်သည်။
အတန်းထဲကဘယ်သူကမှ ဗီလိန်လေးကို မကြိုက်ကြဘူး ပြီးတော့ ဘယ်သူကမှဗီလိန်လေးနဲ့ထိုင်ခုံအတူတူ မထိုင်ချင်ကြဘူး။
ကျုံးရှောင်မင်က အကြီမ်ရေတော်တော်များများလောက် ငြိီးငြူတိုင်တန်းခဲ့သည်။
အတန်းပိုင်ဆရာမက အနည်းငယ်ထိတ်လန့်သွားသည်။
”မင်းက ယင်းမင်ကျန်းနဲ့ထိုင်ခုံအတူတူ မျှသုံးချင်တာလား”
ရှုနဉ်က ရယ်ပြလိုက်ပြီးယုံကြည်ချက်ရှိရှိပြောလိုက်သည်။
”ဟုတ်ကဲ့”
__
Translated By IQ-Team.