အပိုင်း ၄
Viewers 9k


Chapter-4

အိမ်တွင်းအကြမ်းဖက်မှု


______



ယင်းမင်ကျန်းအိမ်ပြန်ရောက်ချိန်တွင် သူအရက်နံ့ချဉ်စူးစူးကို ရလိုက်သည်။


မိီတာ40အခန်းကို အိပ်ခန်း2ခန်းနှင့်ဧည့်ခန်း1ခန်းအဖြစ် ဖွဲ့စည်းထားသည်။ဧည့်ခန်းက အရမ်းသေးငယ်ပြီးထမင်းစား စားပွဲကို အရှေ့တံခါးနောက်နားတွင်နေရာချထားသည်။ထမင်းစား စားပွဲက ဟင်းရံများ ၊စားကြွင်းစားကျန်များဖြင့်ပြည့်နှက်နေသည်။တံခါးကိုသာဖွင့်လိုက်လျှင်ဖြတ်သွားသည့်လူတိုင်းက သူတို့ရဲ့ဧည့်ခန်းတစ်ခုလုံးကိုမြင်ရမှာပဲဖြစ်သည်။


အခန်းတွင်းရှိပရိဘောဂများအားလုံးက တစ်ပါတ်ရစ်စျေးမှ ဖြစ်ပြီး ကြမ်းပြင်ကိုလဲ အရည်အသွေးအညံ့ဆုံးသစ်သားဖြင့် ပြုလုပ်ထားသည်။ဆယ်နှစ် သို့မဟုတ် နှစ်အနည်းငယ်ကြာပြီးနောက် ထိုသစ်သားများက အစိုဓါတ်ကြောင့်ပျက်စီးလာပြီး တချို့နေရာများတွင် အဖုအထစ်များကြောင့် မညီမညာဖြစ်နေ၏။


ပြုပြင်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။


ဆိုဖာခြေရင်းရှိကြမ်းပြင်နားတွင် လူတစ်ယောက်လှဲလျောင်းနေပြီး ကျယ်လောင်စွာဟောက်နေသည်။ကြမ်းပြင်နားတဝှိက်တွင် ဘီယာပုလင်းများနှင့်အမှိုက်များပြန့်ကျဲနေသည်။


ယင်းမင်ကျန်းက ထိုလူကို ခံစားချက်မဲ့စွာစိုက်ကြည့်လိုက်ပြီး ကျောင်းလွယ်အိတ်ကို သယ်ကာ သူ့အခန်းကျဉ်းလေးထဲသို့လျှောက်၍ဝင်သွားလိုက်သည်။


သူက ကျဉ်းမြောင်းစွာ ကန့်ထားသည့်အခန်းလေးထဲတွင် နေရသည်။ထိုအခန်းလေးက တစ်ယောက်အိပ်ခုတင်တစ်လုံးနှင့် သံဗီရိုသေးသေးလေးတို့သာ ဆန့်သည်အထိ သေးငယ်ပြီး စာအုပ်များနှင့်အခြားသောအသုံးအဆောင်အထွေထွေပစ္စည်းများက ကြမ်းပြင်ပေါ်၌စုပုံနေကြသည်။


သူ့ရဲ့ပြန်လည်ပြင်ဆင်ထားသည့်အခန်းလေးက မူလက လသာဆောင်ဖြစ်သောကြောင့် ပြတင်းပေါက်အကျယ်ကြီးများရှိသည်။အဝတ်များလှန်းရန်အတွက် သင့်တော်သည့်တစ်ခုတည်းသောနေရာမှာ သူ့အိပ်ခန်းသာဖြစ်သည်။ထို့ကြောင့်ပင် သူ့အခန်းတွင်းသို့ အဝတ်လှန်းရန်အတွက် မိသားစုဝင်များ သွားလိုက်လာလိုက်လုပ်ဖို့ နေရာအနည်းငယ်ချန်ထားရန်လိုအပ်၏။


သူ့အိပ်ခန်းအဖြစ်ပြောင်းထားသည့်လသာဆောင်လေးက ဆောင်းတွင်း၌ပိုအေး၍ နွေရာသိီ၌ပိုပူသည်။


ယင်းမင်ကျန်း ငယ်ရွယ်စဉ်တုန်းကတော့ ထိုသည်ကို သိပ်ဂရုမစိုက်ခဲ့ပေမဲ့ သူကြီးလာသည်နှင့်အမျှ ကိုယ်ရေးကိုယ်တာ အတွက် နေရာနဲနဲပိုလိုချင်လာသည်။သူက ချမ်းအေးသည့်ဆောင်းရာသီနှင့် ပူအိုက်သည့်နွေရာသီကို ခံနိုင်ရည်ရှိသော်လည်း ကျိုးကျွမ်က သူ့အခန်းတွင်းသို့တစ်ချိန်လုံး ဝင်လိုက်ထွက်လိုက်လုပ်နေသည်ကိုတော့ သူသည်းမခံနိုင်တော့ပေ။


သို့သော်လည်း သူ့အခန်းက သူတို့အိမ်ရှိတစ်ခုတည်းသောလသာဆောင်ဖြစ်ပြီး သူ့အခန်းက သူတို့အိမ်ရှိ အဝတ်များလှန်းနိုင်သည့် တစ်ခုတည်းသော နေရာလည်းဖြစ်သေး၏။


ရှပ်အင်္ကျီ၊ဘောင်းဘီ၊ခြေအိတ်နှင့် အတွင်းခံများ ဖြင့်ပြည့်နေသည့် ရှည်လျားသော အဝတ်ကြိုးတန်းတစ်ခုကို ပြတင်းပေါက်၌ချိတ်ဆွဲထားသည်။


ယင်းမင်ကျန်းက သူ့ကျောင်းလွယ်အိတ်ကို ကုတင်ဘေးရှိစားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ကုတင်ပေါ်၌လှဲနေလိုက်သည်။သူမော့ကြည့်လိုက်သောအခါ အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီက သူ့ခေါင်းပေါ်၌ လှန်းထားတာကိုတွေ့လိုက်ရသည်။သူခဏမျှစဉ်းစားပြီးသည့်နောက် ပြတင်းပေါက်နားရှိအဝတ်လှမ်းသည့်တိုင်ကို ကောက်ကိုင်လိုက်ပြီး ကျိုးကျွမ်ရဲ့အတွင်းခံကို တခြားတစ်ဖက်သို့ရွှေ့လိုက်သည်။ထို့နောက် အဝတ်လှမ်းသည့်တိုင်ကို ပြန်ချလိုက်ပြီး အိပ်ယာထက်သို့ ပြန်လှဲလျောင်းလိုက်သည်။


သူ့ လက်နှစ်ဖက်ကိုခေါင်းနောက်ပစ်လိုက်ပြီး သူ့အခန်းတွင်းရှိမျက်နှာကြက်ကို စိုက်ကြည့်နေလိုက်သည်။အဝတ်လှန်းစရာ နေရာမပါတဲ့အခန်းမျိုးကို သူလိုချင်သည်။


အခန်းကသေးပြီး ပရိဘောဂတွေ မပါရင်တောင်မှ အဆင်ပြေသည်။


အခန်းတံခါးသော့ကိုပိတ်ထားရင် အအော်မခံရဘဲ သူနဲ့သာသက်ဆိုင်တဲ့အခန်းလေးကို သူလိုချင်ရုံသာ။


သူငယ်ငယ်တုန်းကတော့ ဂရုမစိုက်ဘူးဆိုပေမဲ့ အခုတော့ သူက ကြီးလာပြီ။ တခြားသူတွေ သူ့အခန်းတွင်းသို့ဝင်လာတာကို သူမုန်းသည်။ အခန်းထဲမှ အဝတ်အစားတွေ၊အတွင်းဝတ်တွေနှင့် အောက်ခံဘောင်းဘီတွေ ပြည့်နေတာကိုလည်း သူမုန်းသည်။


ကျိုးကျွမ်က အိပ်ယာခင်းတွေကို လှန်းသည့်အခါတိုင်း အဝတ်ကြိုးတန်းကိုမှီရန်အတွက် သူ့ အိပ်ယာပေါ်သို့ခြေထောက်နှင့်တက်နင်းတတ်တာကိုလဲ သူမုန်း၏။


သူ့အိပ်ခန်းအပြင်ဘက်ရှိလူရဲ့ အော်ဟစ်သံထွက်ပေါ်လာသည်။


ရင်းနှီးနေသည့် ထိုအော်ဟစ်သံကြောင့် ယင်းမင်ကျန်းက အိပ်ယာပေါ်မှ ထလိုက်သည်။သူ့အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိဘီယာပုလင်းများကို ကောက်ယူလိုက်ကာ ရေခဲသေတ္တာ၏အနောက်ဘက်တွင် စုထားလိုက်သည်။ပိတ်ရက်တွင်ထိုအမှိုက်များကို ပြန်လည်အသုံးပြုသည့် စင်တာ၌ပိုက်ဆံဖြင့် သွားရောက်လဲလှယ်နိုင်သည်။


ဘီယာပုလင်းများအပြင် ကျိုးကျွမ်ကောက်ယူလာသည့် စက္ကူသေတ္တာများနှင့် ပလတ်စတစ်ဘူးများလဲရှိသေးသည်။အမှိုက်များကို နေရာချထားသည့်ပုံက ဖရိုဖရဲဖြစ်ကာ ပြည့်ကျပ်နေသည်။


ယင်းမင်ကျန်းက သန့်ရှင်းမှုကိုချစ်မြတ်နိုးသည်။အိမ်ရှိသန့်ရှင်းရေးကို သူတာဝန်ယူထားရသည်။ထိုသို့အမှိုက်များစုပုံထားတာကို သူမုန်းသည်။သို့ပေမဲ့ သူတိူ့အတွက် ပိုက်ဆံလိုနေသောကြောင့် သူမမြင်ချင်ယောင် ဆောင်ထားရသည်။


တစ်ခါတစ်ရံမှာတော့ ယင်းမင်ကျန်းက သူ့ရဲ့ အပျော့စား mysophobia(အညစ်အကြေးများကိုကြောက်သည့်ရောဂါ) ကြောင့် စိတ်ညစ်ရတတ်သည်။သူက ယခုကဲ့သို့ဆင်းရဲသည့်မိသားစုတွင်မွေးဖွားခဲ့ရသော်လည်း သူ့၌ အညစ်အကြေးများနှင့် ဆင်းရဲတဲ့ အခြေအနေကို သည်းခံနိုင်စွမ်းနိမ့်ပါးလွန်းနေသည်။


အပြင်မှာလျှောက်ပြီးပြသနာမရှာဘဲ အလည်အပတ်သွားခြင်းများကိုလျော့ပြီး ပိုက်ဆံရှာနိုင်သည်ကပဲ ယင်းမင်ကျန်းအတွက် တော်တော်လေးကို အဆင်ပြေနေပါသေးသည်။မိသားစုတစ်ခုလုံးကိုထောက်ပံ့ရန်အတွက် ကျိုးကျွမ်လုပ်နေသည့် ခက်ခဲပင်ပန်းသည့်အလုပ်များကို တစ်မိသားစုလုံးမှီခိုနေရသည်။ချေးငွေအတွက် လစဉ်ယွမ်နှစ်ထောင်ကိုပေးဆောင်ရသည်။အမှိုက်ကောက်ခြင်းက သူတို့အတွက် အပိုဝင်ငွေရစေမည့်နည်းလမ်းတစ်ခုပင်။


ထိုအရာက ကျိုးကျွမ်အတွက်တော့ အရမ်းကိုခက်ခဲ၏။


ကျိုးကျွမ် အိမ်ကိုနောက်ကျမှပြန်လာတာကိုမြင်သည့်အခါတိုင်း ယင်းမင်ကျန်း စိတ်ဆင်းရဲရသည်။ကျောင်းထွက်ကာ အလုပ်လုပ်ပြီး ကုန်ကျစရိတ်များရှာရန် ကျိုးကျွမ်ကို ကူညီပေးဖို့မှလွဲ၍ သူဘာကိုမှ မလိုချင်မိပေ။


အခုတလော၌ထိုစိတ်ကူးက ပိုပို၍အားကောင်းလာသည်။


အမေက ဆယ်နှစ်နှင့် အထက် မိသားစုကို မနစ်မြုပ်သွားစေရန် ကြိုးပမ်းနေခဲ့ရသည်။


ဆင်းရဲသည့်မိသားစုမှ ကလေးများက အရွယ်ရောက်စောသည်။ယင်မင်ကျန်းက ကိစ္စအများကြီးကို ခပ်စောစော နားလည်လိုက်သည်။သို့သော်လည်း သူက တခြားကလေးများထက် အကဲဆတ်ပြီး မိမိကိုယ်ကိုအထင်ကြီးတတ်သူဖြစ်သည်။


သူ့မှာ မူကြိုကျောင်းသွားဖို့တောင်ပိုက်ဆံမရှိဘူး။


ရက်ကွက်ထဲရှိ တခြားကလေးတွေအကုန်လုံးက သန့်ရှင်းချောမောကြသော်လည်း သူကတော့ ထိုကလေးများမလိုချင်သည့်အဝတ်များကိုသာ ဝတ်ဆင်ရသည့် တစ်ဦးတည်းသောသူ။ထိုကြောင့်ပင် သူအလှောင်ခံခဲ့ရဖူး၏။


သူ့မိသားစုက လောင်သွမ့်ရပ်ကွက်မှာ ဘာ့ကြောင့် နေထိုင်ရသလဲ ဟု သူအကြိမ်ပေါင်းများစွာစဉ်းစားဖူးသည်။


ဤရပ်ကွက်ရှိ အိမ်ယာများက စျေးကြီးသည်။ ယခု အိမ်ကိုရောင်း၍အခြားစျေးသက်သာသည့်ရပ်ကွက်သို့ ပြောင်းရွေ့နေထိုင်ခြင်းက သူတို့အတွက် ပို၍အဆင်ပြေနိုင်သည်။ထိုနည်းဖြင့် သူတို့ဘဝကိုပို၍လွယ်ကူစေနိုင်သော်လည်း ယင်ချန်းက ငြင်းဆန်ခဲ့သည်။


ကျိုးကျွမ်က ထိုသို့ပြုလုပ်ရန်အကြိမ်အနည်းငယ်ပြောခဲ့သော်လည်း ယင်းချန်းက သူမကို ဒါဏ်ရာများဖြင့် စုတ်ပြတ်သွားသည်အထိ ရိုက်နှက်ခဲ့၏။သူက သူမကိုကျိန်ဆဲလိုက်သေးသည်။


“မင်းက ငါ့ပိုင်ဆိုင်မှုတွေကိုလိုချင်နေတာမဟုတ်လား ခွေးမ မင်းငါ့ကိုပြန်လက်ထပ်တာဒီအိမ်ကြောင့်ပဲမဟုတ်လား မင်းမပြောင်းလဲသေးဘူးဆိုတာကို ငါမသိဘူးလို့ မထင်နဲ့ ငါတို့သာ ဒီအိမ်ကိုရောင်းပြီးနောက်ထပ်အိမ်တစ်လုံးဝယ်လိုက်ရင် အဲ့ဒီအိမ်အသစ်ရဲ့ပိုင်ဆိုင်မှုက မင်းနဲ့ပါ ဆိုင်သွားမှာပေါ့ မင်းက အစီအစဉ်ကောင်းကောင်းချထားတာပဲ”


ကျိုးကျွမ်အရိုက်ခံရသည့်အခါတိုင်း ယင်းမင်ကျန်းလေးက အလျင်စလိုထွက်လာတတ်ပြီး သူမအရှေ့တွင် မားမားမတ်မတ် ရပ်နေပေးတတ်သည်။ထို့နောက်တွင် ယင်းမင်ကျန်းကပါ ယင်းချန်း၏ အရိုက်ခံရပြန်သည်။


အရက်ပုလင်းများကို သိမ်းဆည်းပြီးသည့်နောက် ယင်းမင်ကျန်းက အော်ဟစ်ကျိန်ဆဲနေသည့် ယင်းချန်းကို လျစ်လျူရှုလိုက်ပြီး ညစာချက်ရန် မီးဖိုခန်းအသေးလေးထဲသို့ ဝင်သွားလိုက်သည်။


ယင်းမင်ကျန်းက အေပရွန်ကို သူ့ခါးတွင်ချည်လိုက်သည်။သူက ဆန်ပုံးကိုဆွဲထုတ်ပြီး ဆန်တချို့ကို ချင်တွယ်ကာ ဆေးကြောပြီး ထမင်းပေါင်းအိုးထဲသို့ထည့်လိုက်သည်။ထို့နောက် သူက ဟင်းချက်စရာတချို့ကိုယူရန် ဧည့်ခန်းထဲရှိရေခဲသေတ္တာဆီသို့ ထွက်လာလိုက်သည်။


ယင်းမင်ကျန်းက ခရမ်းချဉ်သီးနှင့်ကြက်ဥတချို့ကို မျက်နှာပြောင်ဖြင့်ဆွဲယူလိုက်သည်။ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ် ချက်ရန် မီးဖိုထဲသို့ သူဝင်လိုက်သည်။


သူတို့မှာ အစားအသောက်ချို့တဲ့နေသောကြောင့် ယင်းမင်ကျန်းက ဟင်းချက်ဖို့ ကြိုးကြိုးစားစား သင်ယူခဲ့ရသည်။သူချက်သည့်ဟင်း အရသာဆိုးလျှင် ယင်းချန်းကကျိန်ဆဲတတ်တာကြောင့် သူ့အသက်အရွယ်ရှိတခြားကလေးများနှင့်ယှဉ်လျှင် သူ့ဟင်းချက်စကေးက အံ့မခန်းပင်။


သူ့ရဲ့ကြက်ဥခွဲသည့်စကေးကအစ ကောင်းစွာလေ့ကျင့်ထားသည့်ပုံပင်။သူက ဒယ်အိုးကိုအပူပေးလိုက်ပြီး ဆီအနည်းငယ်ထည့်မွှေကာ ကြက်ဥကိုထည့်လိုက်သည်။ထို့နောက် သူက ရေအနည်းငယ်ထည့်ကာ လှီးထားသည့်ခရမ်းချဉ်သီးများကို အိုးထဲသို့ထည့်လိုက်ပြီး မီးပိတ်လိုက်ခြင်းများကို ဆက်တိုက်ဆိုသလို လုပ်လိုက်၏။


နောက်ဆုံးတွင်တော့ သူက အိုးထဲရှိ အားလုံးကို ဟင်းချိုပန်းကန်အကြီးထဲသို့ လောင်းချလိုက်သည်။


အောက်ခြေနားရှိ ပန်းကန်စင်မှ ပန်းကန်လုံးအသေးများကိုထုတ်ရန် သူခါးကိုင်းလိုက်သည်။သူက စွပ်ပြုတ်တစ်ပန်းကန်နှင့် အသီးအရွက်တစ်ပန်းကန်ကို ကျိုးကျွမ်အတွက် ချန်ထားလိုက်သည်။ကျိုးကျွမ်အတွက်ဝေစုကျန်တာ သေချာသည့်အခါမှ သူကအစားအသောက်များကို စားပွဲပေါ်သို့ သယ်သွားလိုက်သည်။


ယင်းချန်းက အရက်သောက်ထားသောကြောင့် နှိုးစက်နာရီကဲ့သို့ပင် အစာစားရန်အတွက်ကို မဖြစ်မနေတောင်းဆိုပေလိမ့်မည်။အစားအစာများကိုချက်တာနောက်ကျ၍မဖြစ်ပေ။နောက်ကျသွားပါက သူဒေါသတကြီးဖြစ်သွားပေလိမ့်မည်။


ကျိုးကျွမ်က အပြင်တွင် ခက်ခဲပင်ပန်းသည့် အလုပ်များကို လုပ်ကိုင်နေရသည်။ပုံမှန်ဆိုလျှင်တော့ သူမက ရှစ်နာရီ ထိုးပြီးမှ ပြန်လာတတ်သော်လည်း တစ်ခါတစ်ရံ ဆယ့်တစ်နာရီ၊ဆယ့်နှစ်နာရီလောက်ထိ ဖြစ်သွားတတ်သောကြောင့် ပုံမှန်အားဖြင့် သူတို့ ညစာအတူတူ မစားဖြစ်ကြပေ။


အဖေနှင့်သား နှစ်ယောက်သား တိတ်တဆိတ် ညစာစားနေကြသည်။


စားသောက်ပြီးနောက် ယင်းချန်းက ဆိုဖာပေါ်၌လှဲအိပ်ရင်းတီဗီကြည့်နေသည်။သူ့လက်၌ ရီမုကို ကိုင်ထားပြီး ခလုတ်များကိုဆက်တိုက်ဖိနှိပ်နေသည်။


သူက ခဏခဏ ရယ်နေပြီး သူဘာကိုရယ်နေလဲဆိုတာတော့ ဘယ်သူမှမသိပေ။


ယင်းမင်ကျန်းက သူ့ကိုရွံရှာစွာစိုက်ကြည့်နေမိသည်။ သူ ထမင်းစားစားပွဲကို သန့်ရှင်းပြီး ကြမ်းပြင်ကိုတံမြက်စည်းလှဲလိုက်သည်။ထို့နောက် သူက အိပ်ခန်းကျယ်အတွင်းသို့ဝင်ကာ ညစ်ပတ်နေသည့်အဝတ်အစားများကို အဝတ်လျှော်စက်ထဲသို့ထည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိ၏။


သူအသက်ပိုကြီးလာလေလေ ယင်းချန်းအကြောင်း ပိုသိလာလေလေဖြစ်ပြီး ထိုသူနှင့်ပါတ်သတ်သမျှအရာရာတိုင်းကို ပိုပို မုန်တီးလာမိသည်။


သူတစ်ခါက ကျိုးကျွမ်အား ဘာလို့ မကွာရှင်းလိုက်ရတာလဲဟု မေးဖူးသည်။


ကျိုးကျွမ်က ဖြေခဲ့သည်။


”တကယ်လို့အမေတို့သာကွားရှင်းလိုက်ရင် မင်းမှာအဖေမရှိဘဲဖြစ်သွားမှာပေါ့”


ထို့နောက် သူမကဆက်ပြောသည်။


”အမေသာကွာရှင်းလိုက်မယ်ဆိုရင် အမေတို့မှာနေစရာအိမ်မရှိတော့ဘူးလေ”


နောက်ဆုံးတွင်တော့ သူမက ဆိုလာသည်။


” အမေ့မှာမင်းရှိနေတာမို့လို့ အမေကွာရှင်းမှာမဟုတ်ဘူး။”


ယင်းမင်ကျန်း၏အတွေးထဲတွင်တော့ :: ကျွန်တော့်ကြောင့်မို့လို့ တွယ်ကပ်မနေပါနဲ့တော့ အဲ့ဒါရဲ့အကြောင်းရင်းက ကျွန်တော်အတွက် ဆိုရင်တော့ အမေထွက်သွားသင့်တယ် မဟုတ်ရင်တော့ ကျွန်တော်ဒါကိုထပ်ပြီးသည်းမခံနိုင်တော့ဘဲနဲ့ ဒီလူယုတ်မာကို သတ်ပစ်မိတော့မယ်...။


သူ့အိမ်အလုပ်တွေအကုန်ပြီးသောအခါ ရှစ်နာရီပင်ထိုးနေပြီဖြစ်သည်။


ယင်းမင်ကျန်းကသူ့အခန်းထဲကိုပြန်ဝင်သွားလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။ခေါက်စားပွဲလေးတစ်လုံးကိုအိပ်ယာပေါ်၌နေရာချထားလိုက်ပြီး သူ့အိမ်စာများကို စတင် လုပ်သည်။


အရင်ကတော့ သူဧည့်ခန်းထဲမှာ အိမ်စာလုပ်ပေမဲ့ ယင်းချန်းက အရက်သောက်ပြီး နံရံတွေကိုလျှောက်ကန်မယ် မဟုတ်ရင်လဲ တီဗီအသံကို တိုးလိုက်လျော့လိုက်လုပ်နေတတ်သည်။သူဘယ်လိုမှ အာရုံမစိုက်နိုင်တော့သောကြောင့် ခေါက်စားပွဲတစ်လုံးဝယ်ရန်ပိုက်ဆံစုလိုက်သည်။


ထိုစားပွဲက တာပေါင် မှ ဖြစ်ပြီး 17ယွမ်သာကုန်ကျကာ အလွန်စျေးပေါသည်။


အိမ်သာသုံးစက္ကူနှစ်ရွက်ကို သူနားထဲသို့ထည့်လိုက်ပြီးနောက် ကမ္ဘာကြီးကချက်ချင်းတိတ်ဆိတ်သွားသည်။


ကိုးနာရီဝန်းကျင်တွင် ကျိုးကျွမ်က အိမ်သို့ပြန်ရောက်လာပြီးယင်းချန်းနှင့်စကားအနည်းငယ်ပြောနေကြသည်။


သူတို့ဘာတွေပြောနေမှန်းယင်းမင်ကျန်းမသိပေမဲ့ ခဏအကြာတွင်တော့ အပြင်ဘက်မှ အော်ဟစ်သံကိုရုတ်တရက်ကြားလိုက်ရသည်။


ယင်းမင်ကျန်းက အိမ်သာသုံးစက္ကူကိုနားထဲမှဆွဲထုတ်လိုက်ပြီး ကုတင်ပေါ်မှခုန်ချကာ ယုန်တစ်ကောင်ကဲ့သို့ အမြန်ပြေးထွက်သွားသည်။


ဧည့်ခန်းထဲတွင်တော့ ယင်းချန်းက ကျိုးဟွမ်၏ဆံပင်ကိုဆွဲကာ သူမအားဘယ်ပြန်ညာပြန် စတင်ရိုက်နှက်နေပြီဖြစ်သည်။ကျိုးဟွမ်၏မျက်နှာပေါ်သို့ သူ့လက်ဖြင့်ရိုက်နေသည့်အသံက ဧည့်ခန်းအတွင်း ပဲ့တင်ထပ်နေသည်။


ထိုသို့မြင်လိုက်ရသောကြောင့် ယင်းမင်ကျန်းမျက်လုံးများနီရဲလာသည်။သူက ယင်းချန်းကိုထိုးလိုက်ပြီးကျိုးကျွမ်ကို ဆွဲထုတ်ကာအော်ဟစ်လိုက်သည်။


“ငါ့အမေကိုမရိုက်နဲ့”


“သေစမ်း။ငါ—&&@$&&$$” 


ယင်းချန်းက အနောက်သို့ယိုင်သွားပြီး သူ့ခြေထောက်က ကော်ဖီစားပွဲနှင့်တိုက်မိသွားသည်။သူ့မျက်နှာက နာကျင်မှုကြောင်ရှုံ့မဲ့သွားပြီး ဒေါသတကြီးဖြင့်ယင်းမင်ကျန်းဆီပြေးဝင်ကာ အမေရောသားရောနှစ်ယောက်စလုံးကို ရိုက်နှက်လိုက်သည်။


ယင်းမင်ကျန်းက ကျိုးကျွမ်ကိုကာကွယ်ပေးလိုက်သည်။နှစ်ယောက်သား သေးငယ်သည့် ဧည့်ခန်းလေးထဲတွင် ရိုက်နှက်ခြင်းမှ အကာအကွယ်ရရန်အတွက် ခန္ဓာကိုယ်ကို ကျုံ့ထားကြရသည်။


သူပြန်လည်တိုက်ခိုက်ချင်ခဲ့သော်လည်း သူက 14နှစ်အရွယ်ကောင်ငယ်လေးတစ်ယောက်သာဖြစ်သည်။ထပ်ပြောရလျှင် သူကအချိန်အကြာကြီးအာဟာရချို့တဲ့ခဲ့ပြီး ရွယ်တူများထပ်ပင် ပို၍ပိန်သည်။1.8မီတာလောက်အရပ်ရှည်သည့်ယင်းချန်း အတွက်တော့ သူက ပြိုင်ဘက်မဟုတ်တာ အရမ်းကိုရှင်းလင်းလွန်း၏။


ယင်းချန်းက ယင်းမင်ကျန်းကို ခပ်မြန်မြန်ပဲ ဆိုဖာပေါ်မှာဖိထားပြီး သူ့ကို စတင်ရိုက်နှက်နေသည်။ကျိုးကျွမ်ကမူ ဘေးနားကနေ အော်ဟစ်နေသည်။


”မရိုက်နဲ့တော့ ။မရိုက်နဲ့တော့။”


သို့ပေမဲ့ သူမကတော့ရှေ့ကိုတစ်လှမ်းလေးတောင်မတိုးရဲချေ။


ထိုကဲ့သို့သောဖြစ်ရပ်က နေ့တိုင်းလုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာသည်။ 


ကျိုးကျွမ်က ယင်းချန်းကို တနည်းနည်းဖြင့် ရန်စမယ်။ယင်းချန်းက ကျိုးကျွမ်ကိုရိုက်မယ်။ယင်းမင်ကျန်းက ကူညီဖို့ထွက်လာမယ်။ ယင်းချန်းက ယင်းမင်ကျန်းကိုရိုက်ဖို့ ကျိုးကျွမ်ကိုလွှတ်ပေးလိုက်မယ်။ယင်းမင်ကျန်း ဒါဏ်ရာရမယ်။


ငယ်ရွယ်သည့်သူများက အနာကျက်မြန်သည်။ထို့အပြင်အကုန်လုံးပြောကြသည့်အတိုင်း ယင်းချန်းက ယင်းမင်ကျန်းအား သူ့သားအရင်းဟု ထင်နေသေးသောကြောင့် အရမ်းနာကျင်အောင်မလုပ်ပေ။ထို့ကြောင့်ပင် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အကြိမ်ပေါင်းများစွာ ယင်းမင်ကျန်းက ဆေးရုံသို့ မရောက်ခဲ့ပေ။သူအရိုက်ခံရရင်တောင်မှ နောက်တစ်နေ့ကျောင်းကိုသွားနိုင်နေတုန်းပင်။


သူ့ဒါဏ်ရာများနှင့် ယောင်ယမ်းနေသည့်မျက်နှာက သူရန်ဖြစ်ခဲ့သည်ဟု တခြားသူများအားလုံးအထင်လွဲနေကြသည့်အကြောင်းရင်းဖြစ်သည်။တဖြည်းဖြည်းနှင့် သူ့ဂုဏ်သတင်းက ပိုပိုဆိုးလာသည်။ကောလဟာလများက တကယ့်ကိုစိတ်တိုစရာပင်။


အဝါရောင်ဆိုးထားသည့် သူ့ဆံပင်များကြောင့် သူက ဂိုဏ်စတားတစ်ယောက်ဖြစ်သည်ဟူသည့်ကောလဟာလက ပို၍ခိုင်မာလာ၏။


အကြောင်းပြချက်တချို့ကြောင့် ယခုအကြိမ်၌ယင်းမင်ကျန်းက ပြင်းပြင်းထန်ထန် ခုခံခဲ့သည်။


သူက ယခု အလယ်တန်းပထနှစ်သို့ရောက်နေပြီဖြစ်သောကြောင့် နှာရည်ယိုတတ်သည့်မူလတန်းကကောင်စုတ်လေးမဟုတ်တော့ဘူးဟု သူတွေးလိုက်သည်။ သည်တကြိမ်တွင်တော့ ယင်းချန်းကို သူသေချာပေါက်အနိုင်ယူနိုင်လိမ့်မည်ဟု ခံစားမိသည်။



__


Translated By IQ-Team.