အပိုင်း ၆
Viewers 11k

Chapter 6

ယွမ်၂၀၀ ကောက်ရခြင်း




ရှုနဉ် ရင်ထဲမှနာကျင်မှုကိုခံစားလိုက်ရပြီး အမြန်ပြောလိုက်သည်။ 


“ပါး ကျွန်တော်လှေကားပေါ်ကပြုတ်ကျတုန်းက အမှန်တကယ်ဘာဖြစ်ခဲ့လဲဆိုတာကို မပြောပြရသေးဘူး။”


သူက ဖြစ်စဉ်တစ်ခုလုံးကို တစ်ခါထပ်ရှင်းပြရပြန်၏။


ပါးပါးရှုက တိတ်ဆိတ်သွားသည်။ထို့နောက် သူက ခဏလောက်မျက်မှောင်ကြုံကာ ပြောလိုက်သည်။


“ယင်းမင်ကျန်းက မင်းကို တွန်းတာမဟုတ်ဘူးပေါ့”


ရှုနဉ်က ခေါင်းခါလိုက်သည်။


“ဒါပေမဲ့ နောက်ဆုံးအကြိမ် ငါမေးတုန်းကတော့ မင်းနဲ့ယင်းမင်ကျန်း ငြင်းခုံကြရင်း မင်းလဲကျသွားတာလို့ ပြောခဲ့တယ်လေ”


ရှူနဉ်က အမြန်ပြန်ပြောလိုက်သည်။ 


“ယင်းမင်ကျန်းတွန်းတာလို့ ကျွန်တော်မပြောခဲ့ဘူးလေ”


“မင်းရဲ့ထိုင်ခုံဖော်၊ ကျန်းချောင်းက “ ပါးပါးရှုက တစ်ခုခုကို သဘောပေါက်သွားပြီး တံတွေးထွေးလိုက်သည်။


“သူက မယုံနိုင်စရာဘဲ အသက်ငယ်ငယ်လေးနဲ့တောင်မှ ဘယ်လိုတောင်စိတ်ပျက်စရာကောင်းနိုင်ရတာလဲ အခုတောင်ဒီလောက်ပြသနာရှာနေတာ နောင်အနာဂတ်ကျရင်ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းလာမလဲဆိုတာ ဘယ်သူကများသိပါ့မလဲ”


ရှုနဉ်က သက်ပြင်းချလိုက်သည်။ 


“ပါး ကျွန်တော်တို့က အသက်ဆယ့်လေးနှစ် ရှိနေပြီ ကလေးတွေမဟုတ်တော့ဘူး ပြီးတော့ ကလေးတွေမှာလဲမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။”


ပါးပါးရှုက ခေါင်းညိမ့်လိုက်သည်။


”မင်းမှန်တယ်။”


“ကျွန်တော့်ရဲ့ထိုင်ခုံနေရာကိုပြောင်းလို့ရမလားလို့ အတန်းပိုင်ဆရာမကို မေးပြီးသွားပြီ။” ရှုနဉ်က ပြောလိုက်သည်။


“အဲ့ဒါကောင်းတယ်”ပါးပါးရှုက ဆက်၍ဆိုသည်။


“အနာဂတ်မှာ မင်းကို တစ်ယောက်ယောက်ကအနိုင်ကျင့်ဖို့ကြိုးစားလာရင် ပါးကိုပြော ပါး မင်းအတွက် သူတို့ကိုရှင်းပေးမယ်”


ရှုနဉ်ကပြုံးလိုက်မိသည်။


” ဟုတ်ကဲ့ပါး”


ခဏအကြာတွင် ရှုနဉ်က ထပ်ပြောလိုက်သည်။


“ပါး ကိစ္စတစ်ခုရှိသေးတယ် ဘီယာပုလင်းကို ယင်းမင်ကျန်းပစ်လိုက်တာလို့ ကျွန်တော်တော့မထင်ဘူး။”


ပါးပါးရှုက သူပြောတာကို မယုံကြည်ချေ။


“သူ့အမေကိုယ်တိုင်က သူပစ်လိုက်တာလို့ပြောတယ်လေ ပြီးတော့ သူကိုယ်တိုင်ကလဲ ဝန်ခံထားသေးတယ်။”


ရှုနဉ်က သူ့ခေါင်းကို ခါလိုက်သည်။ 


“ကျွန်တော်တော့ သူလို့ မထင်ဘူး”


“ဟုတ်ပြီ ဟုတ်ပြီ။ သူပစ်လိုက်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် ပုလင်းကတော့ သူတို့အိမ်ထဲကထွက်လာတာပဲ။” 


ပါးပါးရှုက ထိုအကြောင်းကိုဆက်ပြောရန် စိတ်မရှည်တော့ပေ။


“အဲ့ဒီယင်းမင်ကျန်းက အမြဲတမ်း နံမည်ဆိုးထွက်တယ် အရင်က သူ လူတစ်ယောက်ရဲ့ အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ဘူးတယ်ဆိုတာကို မင်းမေ့နေပြီလား သူက နံမည်ပျက်ရှိလို့ အနာဂတ်မှာ မင်းကို သူနဲ့ အပေါင်းအသင်းမလုပ်စေချင်ဘူး။”


ရှုနဉ်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့အတွက် ခုခံပြောဆိုပေးချင်သော်လည်း ဘယ်ကစပြောရမည်မှန်း သူမသိပေ။


နံမည်ပျက် မကောင်းသတင်းရှိဖို့က လွယ်ကူသော်လည်း ထိုအရာကိုရှင်းလင်းဖို့ကတော့ ခက်ခဲလွန်းလှသည်။


ယင်းမင်ကျန်း၏ မကောင်းသတင်းက အခိုင်အမာတည်ရှိနေပြီးဖြစ်သည်။ထိုအရာက လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖြစ်ပွါးခဲ့သည့် အကြောင်းအရာတစ်ခုကြောင့်ဖြစ်သည်။ယင်းမင်ကျန်းက ပစ္စည်းခိုးယူရန် လူတစ်ယောက်၏အိမ်ထဲသို့ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ပိုင်ရှင်မှ တွေ့ရှိခဲ့သည်။ယင်းမင်ကျန်းက ထိုသူကို မီးဖိုချောင်ဓါးဖြင့်ခြိမ်းခြောက်ခဲ့သည်။ပိုင်ရှင်က ရဲကိုဖုန်းဆက်ခဲ့ပြီး သေးငယ်သည့်သူတို့ရက်ကွက်အိမ်နီးနားချင်းများအကြားတွင် ဂယက်ထခဲ့သည်။


ထိုအချိန်မှစ၍ယင်းမင်ကျန်းက လူယုတ်မာဖြစ်ကြောင်း လူတိုင်းက လက်ခံခဲ့ကြသည်။


ရပ်ကွက်ထဲရှိလူတိုင်းက ထိုအကြောင်းကို ပြောသည့်အခါတိုင်း အမှိုက်ကောင်ရဲ့သားကလဲ အမှိုက်ပဲဖြစ်မှာပေါ့ဟု ပြောဆိုခဲ့ကြသည်။


ရှုနဉ်က ထိုကိစ္စဖြစ်ပွါးခဲ့သည့် နောက်ကွယ်က အမှန်တရားကို သံသယဝင်မိသော်လည်း အချိန်များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ထိုကိစ္စကို သူစုံစမ်းရန် မဖြစ်နိုင်တော့ပေ။


ယနေ့ ဗီလိန်လေးက အရိုက်ခံခဲ့ရသည်။ဗီလိန်လေး၏ဒါဏ်ရာများကို သူစိတ်ပူနေသည်။ထိုအချိန်မှ အခြေအနေများကို အကဲဖြတ်ကြည့်ရလျှင် သူ့ရဲ့ဒါဏ်ရာများက သက်သက်သာသာ မဖြစ်နိုင်ချေ။သူမနက်ဖြန်ကျောင်းတက်နိုင်ပါ့မလားတောင် ရှုနဉ်မသိပေ။


နောက်တစ်နေ့ကျောင်းသို့ရောက်သေညအခါ ဗီလိန်လေးက သူ့ထိုင်ခုံ၌ထုံးစံအတိုင်း ထိုင်နေတာကို ရှုနဉ်တွေ့လိုက်ရသည်။သူ့မျက်နှာပေါ်ရှိဒဏ်ရာများက ပို၍ဆိုးနေ၏။


သူတို့ရဲ့ဆောင်းရာသီကျောင်းဝတ်စုံက ကြီးပြီး ပွသည်။


သူ့ခန္ဓာကိုယ်ရဲ့ တခြားဘယ်နေရာမှာဒဏ်ရာတွေရှိနေသေးလဲဆိုတာကို ရှုနဉ်မပြောနိုင်ချေ။


မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တွင် အတန်းပိုင်ဆရာမက ရှုနဉ်နှင့်ကျိုးရှောင်မင်ကို ခေါ်ကာ ထိုင်ခုံလဲချင်သလားဟုမေးပြီး ကျိုးရှောင်မင်က အလွယ်တကူ သဘောတူသည်။


သူက ယင်းမင်ကျန်းကို သဘောမကျပေမဲ့ ယင်းမင်ကျန်းကို ရန်စမိမှာကိုလဲ စိုးရိမ်သည်။ထို့ကြောင့်ပဲ သူထိုသဘောမကျမှုကို တိတ်တိတ်လေး စိတ်လျော့ထားလိုက်သည်။ယခုတော့ ထိုင်ခုံလဲချင်သည့် ငတုံးတစ်ယောက်ပေါ်လာသောကြောင့် သူအပျော်ကြီးပျော်ကာ သဘောတူလိုက်သည်။


သူတို့နှစ်ယောက်ပြန်ရောက်လာသည်နှင့် နှစ်ယောက်စားစားပွဲခုံများကိုရွှေ့ကာ ထိုင်ခုံနေရာလဲလိုက်ကြ၏။


ကျန်းချောင်းက ရှုနဉ်ကို ငေးကြည့်နေပြီး ရှုနဉ်ကတော့သူကို အကြည့်တစ်ချက်ကလေးပင် မပေးချေ။သူ့စားပွဲခုံကိုရွှေ့ဖို့သာ အပြည့်အဝအာရုံစိုက်နေသည်။ကျိုးရှောင်မင်က ကျန်းချောင်းဘေးသို့ သူ့စားပွဲကို ရွှေ့ပြီးသည်နှင့် ကျန်းရှောင်း၏မျက်နှာအမူအယာက ကောင်းမွန်လာသည်။


ရှုနင်က သူ့ထိုင်ခုံကိုယင်းမင်ကျန်းဘေးတွင်ထားလိုက်သည်နှင့် ယင်းမင်ကျန်းက သူ့ခြေထောက်ကို ထိုင်ခုံနှစ်ခုကြားထဲတွင် ထည့်ထားတာကို သူနားလည်သွားသည်။


“ကျေးဇူးပြုပြီးခြေထောက်ကိုဖယ်ပေးပါ”ရှုနဉ်က ပြောလိုက်သည်။


ကျိုးရှောင်မင်နှင့်ရှုနဉ်တို့ထိုင်ခုံနေရာစပြောင်းသည့်အချိန်ကထဲက အတန်းဖော်များ၏အာရုံကို ရသွားပြီဖြစ်သည်။ကိုယ်ပိုင်စာကြည့်ချိန်ကိုဘယ်သူကမှ စိတ်မပါကြတော့ပေ။


ထို့အစား သူတို့က ရှုနဉ်နှင့်ယင်းမင်ကျန်း၏အပြုအမူကို လေ့လာနေကြသည်။ယင်းမင်ကျန်းက ရှုနဉ်၏လမ်းကြောင်းကိုနှောင့်ယှက်တာကိုမြင်လိုက်ရသောအခါ သူတို့အပြုအမူများက “ထင်သလိုပါပဲ”ဟုပြောနေကြသလိုပင်။


ယင်းမင်ကျန်းက တစ်ဖက်သားကိုပစ်မှတ်မထားဘူးဆိုမှ ထူးဆန်းနေဦးမယ်။


သူ့မျက်နှာမှ ဒဏ်ရာတွေအများကြီးပဲ။သူမနေ့က ရန်ဖြစ်ခဲ့သေးတာလား။


ငါကြားဖူးတာတော့ သူကရန်ဖြစ်ရင် အရမ်းရက်စက်တယ်တဲ့ ။သူနဲ့သွားမရှုပ်တာအကောင်းဆုံးပဲ။


အတန်းသားတွေက အချင်းချင်း အဓိပ္ပါယ်အပြည့်ပါသည့်အကြည့်ဖြင့် ကြည့်နေကြသည်။


သူ့စားပွဲကိုဖြစ်သလိုထားလိုက်ရုံကလွဲပြီး ရှုနဉ်လုပ်နိုင်တာဘာမှမရှိချေ။ ရှုနဉ်၏စားပွဲနှင့် ယင်းမင်ကျန်းစားပွဲကြားတွင် လက်တစ်ဆုတ်စာကွာနေသည်။


တခြားကျောင်းသားတွေသာ သူ့ဘေးကဖြတ်သွားချင်တယ်ဆိုရင် သူ့စားပွဲထောင့်နှင့်သူတို့အမြဲလိုလိုတိုက်မိနေလောက်သည်။ထိုအကြောင်းကိုတချိန်လုံးတွေးမိသည့်နောက် ရှုနဉ်က တော်တော်လေး အဆင်မပြေဖြစ်လာရ၏။


ရှုနဉ်က နည်းနည်းလောက်ကူကယ်ရာမဲ့နေသလိုခံစားလိုက်ရသည်။ကြည့်ရတာဗီလိန်လေးက သူ့ကို ကျိုးရှောင်မင်ထက်ပင်ပို၍မထီမဲ့မြင်လုပ်နေပုံရသည်။


သူ့ကိုကောလဟာလတွေဖြန့်တယ်လို့မှားယွင်းစွပ်စွဲမိလို့များ သူဒေါသထွက်နေတာလား။


လူအများရှေ့မှာသူ့ကိုတောင်းပန်လိုက်တာကမလုံလောက်သေးဘူးလား။


ထိုသို့စဉ်းစားလိုက်မှပဲ ထိုအချိန်က သူတောင်းပန်လိုက်သော်လည်း ဗီလိန်လေးက “ရပါတယ်” “ငါခွင့်လွှတ်ပါတယ်” ဟူ၍ တစ်ခါမှ မပြောခဲ့ပေ။


ရှုနဉ် စိတ်နည်းနည်းပူသွားရသည်။


ဗီလိန်လေးက သူ့ကိုငြင်းတာပုံမှန်ပဲဆိုပေမဲ့ ပြသနာက ဗီလိန်လေးက ဒဏ်ရာရထားသည်။ဝတ္တုထဲတွင်တော့ ယင်းချန်းက ဗီလိန်လေးနှင့်သူ့အမေကို ရိုက်နှက်သည့်အသေးစိတ်ကို မဖော်ပြထားပေ။မနေ့ညက ရှုနဉ်သူ့မျက်လုံးများဖြင့်ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါမှသာ မည်မျှပြင်းထန်ကြောင်း သူသဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။


မတော်တဆများ သူ့ဒဏ်ရာက ပြင်းထန်နေခဲ့ရင် ဒါမှမဟုတ် သူအတွင်းဒဏ်ရာရသွားခဲ့လျှင်...


နေ့လည်ခင်းတွင်ရှုနဉ်က သူတို့အတန်းပိုင်ဆရာမကိုရှာရန် ရုံးခန်းထဲသို့ထပ်သွားလိုက်သည်။


“ဆရာမလိီ ယင်းမင်ကျန်းဒဏ်ရာရထားတယ် သူ့ကြည့်ရတာ နာနေသလိုပဲ။”


အတန်းပိုင်ဆရာမက ယင်းမင်ကျန်းဒဏ်ရာများဖြင့် အတန်းထဲသို့ရောက်လာတတ်တာကို အချိန်အကြာကြီး ကျင့်သားရနေပြီဖြစ်သည်။သူမက မျက်မှောင်ကြုတ် ပြီးမေးလိုက်သည်။


“သူတစ်ယောက်ယာက်နဲ့ရန်ထပ်ဖြစ်ပြန်ပြီလား”


ရှုနဉ်က တုံ့ဆိုင်းသွားသည်။ 


“ကျွန်တော်မသိဘူး။”


ယင်းမင်ကျန်းက မာနဘယ်လောက်တောင်ကြီးလဲဆိုတာကို သူမသိဘူး။သာမာန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က တခြားသူများ သူ့အပေါ်နားလည်မှုလွဲမှာထက်စာရင် အိမ်မှာပြသနာတွေရှိနေတာကို သိခွင့်ပြုလိုက်မှာ မဟုတ်ပေ။


သူက ယင်းမင်ကျန်းရဲ့အောက်ခြေလိုင်း(သည်းခံနိုင်မှုအနည်းဆုံးပမာဏ)ကိုမသိရသေးဘဲ သူ့မိသားစုကိစ္စကို အလျင်စလိုမဖော်ထုတ်ချင်ပေ။


“ကျွန်တော်တို့ သူ့ကိုကျောင်းဆေးပေးခန်းကိုခေါ်သွားလိုက်ရမလား။”ထိုအရာက ရှုနဉ်လာရသည့်ရည်ရွယ်ချက်ဖြစ်သည်။


ဗီလိန်လေးကဆေးရုံကိုသူကိုယ်တိုင်မသွားချင်သောကြောင့် သူ့ကိုဆေးခန်းသွားဖို့ပြောရန်လုံလောက်သည့် အာဏာရှိသောတစ်ယောက်ယောက်ကို ရှာရမည်။


အတန်းပိုင်ဆရာမက ခဏလောက်ငြိမ်သွားသည်။ထို့နောက်သက်ပြင်းချလိုက်သည်။အစကတော့ သူမ စိတ်မဝင်စားပေမဲ့ တစ်ယောက်ယောက်က သတင်ပို့လာသည့်အတွက် ကြည့်ပေးရုံမှလွဲ၍ရွေးချယ်စရာမရှိတော့ပေ။


“ကောင်းပြီလေ မင်းသူ့ကိုကျောင်းဆေးပေးခန်းကိုခေါ်သွားလိုက်ပါ။”


“ကျွန်တော် ကြိုးစားခဲ့ပေမဲ့ သူက ကျွန်တော်ပြောတာနားမထောင်ဘူး။”


အတန်းပိုင်ဆရာမက အသက်ပြင်းပြင်းရှုလိုက်သည်။


”ဘယ်လိုတောင်လဲ” ထို့နောက် သူမက ထရပ်လိုက်သည်။


”ငါမင်းနဲ့အတူတူလိုက်ခဲ့မယ်”



ရှုနဉ်က 7တန်း၊အခန်း3 သို့ အတန်းပိုင်ဆရာမ၏နောက်မှ စိတ်လှုပ်ရှားစွာ လိုက်သွားသည်။


ဗီလိန်လေးက သူ့စားပွဲပေါ်၌ အိပ်နေသည်။ သူ့မျက်နှာကို တစ်ဖက်သို့စောင်းထားပြီး မျက်မှောင်လေးကြုတ်ထားသည်။သူ့ကိုကြည့်ရတာ အတော်လေး မသက်မသာဖြစ်နေပုံပေါ်၏။


“ယင်းမင်ကျန်း”


အတန်းပိုင်ဆရာမ အတန်းထဲသို့ဝင်လာသည်နှင့်တပြိုင်နက် မူလက ဆူညံနေသည့်အတန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ထိုအချိန်တွင် ဗီလိန်လေးက ခုနှစ်တန်း ကျောင်းသားတစ်ယောက်သာဖြစ်သည်။သူက အတန်းပိုင်ကို ကြောက်လန့်ရိုသေနေသေးသည့်အချိနိဖြစ်သောကြောင့် မတ်တပ်ရပ်ဖို့မှလွဲ၍သူ့တွင်ရွေးချယ်စရာမရှိပေ။


“မင်းနေလို့မကောင်းဘူးဆိုရင် ကျောင်းဆေးပေးခန်းကိုသွားလိုက်” အတန်းပိုင်ဆရာမက ပြောလိုက်သည်။


ထို့နောက်သူမက ရှုနဉ်၏စားပွဲက လျှောက်လမ်းဘက်သို့ထွက်နေသည်ကိုတွေ့လိုက်သောအခါရှုနဉ်ကိုပြောလိုက်သည်။


“မင်းရဲ့စားပွဲကိုနေရာပြန်ချလိုက် တခြားကျောင်းသားတွေကို လမ်းပိတ်မထားနဲ့”


ရှုနဉ်က ခဲတစ်လုံးတည်းဖြင့်ငှက်နှစ်ကောင်ပစ်မိရန် မမျှော်လင့်ထားမိပေ။သူက ယင်းမင်ကျန်း၏ရေခဲလိုအေးစက်သည့်အကြည့်အောက်တွင် သူ့ခုံကိုရွှေ့လိုက်သည်။


အတန်းပိုင်ဆရာမက ဆက်ပြောလိုက်သည်။


“ယင်းမင်ကျန်း အခုကစပြီးရှုနဉ်နဲ့မင်းက အတန်းဖော်တွေပဲအနာဂတ်မှာ မင်းသူနဲ့ သင့်မြတ်အောင် ကြိုးစားသင့်တယ် ရှုနဉ် ၊ယင်းမင်ကျန်းကို ကျောင်းဆေးပေးခန်းကို ခေါ်သွားပေးလိုက် သူမသွားဘူးဆိုရင် ငါသူ့မိဘတွေကို ခေါ်လိုက်မယ်”


ရှုနဉ်က ပြန်ဖြေလိုက်သည်။


”ဟုတ်ကဲ့၊ဆရာမ”


“မိဘခေါ်မယ်” ဆိုသည်က အနိုင်ကွက် ဖြစ်သည်။


ယင်းမင်ကျန်းလုပ်နိုင်သည့်တစ်ခုတည်းသောအရာက အလိုမကျစွာဖြင့် ရှုနဉ်နောက်မှ ဆေးပေးခန်းသို့လိုက်သွားရန်သာဖြစ်သည်။သူတို့နှစ်ယောက်ထဲရှိသောအခါတွင်တော့ ယင်းမင်ကျန်းက နှာခေါင်းရှုံ့လိုက်သည်။


”မင်းက အရာရာတိုင်း ဆရာမကို တိုင်ပြောနေတာပဲ ဘာလဲ မင်းက ဆရာမရဲ့အချစ်တော်(အိမ်မွေးတိရိစ္ဆာန်)လေးလား"

______


ကျောင်းသားတွေမျက်လုံးထဲမှာတော့ “ဆရာတွေရဲ့ အချစ်တော်လေး” လို့ အခေါ်ခံရခြင်းက အကြီးမားဆုံးသော အရှက်ခွဲစော်ကားခြင်းမျိုးသာ ဖြစ်သည်။


ရှုနဉ်ကသူ့ဆီက ထို့သို့အခေါ်ခံရပြီးနောက်မှာ သူ့ကိုစိတ်ဆိုးလိမ့်မည်လို့ ယင်းမင်ကျန်းတွေးထားခဲ့သည်။ သို့ပေမဲ့ သူမသိခဲ့တာက ရှုနဉ်မှာအရွယ်ရောက်နေပြီဖြစ်တဲ့ စိတ်ဝိညာဉ်ရှိနေတယ် ဆိုတာကိုပဲ။


ထိုသို့သော ကလေးဆန်သည့်တိုက်ခိုက်မှုမျိုးက အရွယ်ရောက်သူတို့အတွက်တော့ ဘာမှမဖြစ်ချေ။


ထို့ကြောင့် သူကအမှုမဲ့အမှတ်မဲ့ ပြုံးလိုက်မိပြီး “ဟုတ်တယ်”လို့ ပြန်ဖြေလိုက်သည်။


“@¥%&%” 


သူဝါဂွမ်းကို သွားထိုးလိုက်မိတယ်လို့ ယင်းမင်းကျန်းခံစားလိုက်ရသည်။သူတိုးတိုးလေး ကျိန်ဆဲလိုက်ရုံကလွဲပြီးဘာမှ မတတ်နိုင်တော့ချေ။


သူ့ရဲ့ကျိန်ဆဲသံကိုကြားလိုက်တဲ့ ရှုနဉ်က တုန်လှုပ်သွားရသည်။


ရှုနဉ်က အရွယ်ရောက်ပြီးသူဖြစ်၍ ဆဲဆိုစကားများပြောဆိုကြသည်ကို များစွာကြားဖူးသော်လည်း ယခုလောက် ရိုင်းဆိုင်းသည့်စကားမျိုးကို တစ်ခါမျှမကြားဖူးခဲ့ချေ။


ချက်ချင်းဆိုသလိုပဲ ရှုနဉ်နားလည်သွားသည်။ ဝေ့မိသားစုက ဗီလိန်လေးကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီးတာတောင်မှ သူ့ကိုဘယ်တုန်းကမှ သဘောမကျခဲ့ဘဲ အစစ်အမှန် သခင်ငယ်လေးနှင့် အတုအယောင် တို့ရဲ့ကြားမှာ ဆက်ပြီး တွေဝေနေတာ ဘာကြောင့်လဲ ဆိုတာကိုရောပေါ့ ။


စိတ်တိုစရာဆံပင်ပုံစံ ၊ညစ်ညစ်ပါတ်ပါတ်ပုံသဏ္ဌာန် ၊ လှုပ်ယမ်းနေတတ်တဲ့ခြေထောက်တွေ၊ မိုက်မိုက်ရိုင်းရိုင်းဆဲဆိုတတ်တာ၊ အဆုံးမသတ်နိုင်လောက်တဲ့ ကောလဟာလနှင့် အတင်းအဖျင်းတွေကြောင့်ပင်။


သူတို့တွေက သူ့ကိုမကြိုက်တာ အံ့ဩစရာမရှိတော့ချေ။


အတုအယောင်သခင်လေးက ယဉ်ကျေးပြီးအပြုအမူကောင်းများရှိသည်။မတူတာကတော့ ဗီလိန်လေးကသူနှင့်ယှဉ်လို့တောင်မရ။ ထို့ကြောင့်ပဲ ဝေ့မိသားစုတွေဝေနေသည်ဆိုတာ အံ့ဩစရာမဟုတ်ပေ။


နဂိုကတော့ ရှုနင်က ဗီလိန်လေးကို အမှန်အတိုင်းပြောပြဖို့အခွင့်အရေးကိုရှာပြီးသူ့ကို ဝေ့မိသားစုဆီသို့ပြန်န်ပို့ဖို့ စီစဉ်ထားခဲ့တာဖြစ်သည်။ သို့ပေမဲ့ ယခုတော့ ထိုအကြံအစီ ကိုလက်လျော့လိုက်ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ အကယ်၍ ဗီလိန်လေးသာယခုလိုပုံစံဖြင့် ဝေ့မိသားစုဆီကိုပြန်သွားမယ်ဆိုရင် နောက်တော့ ဝေ့မိသားစုကသူ့ကိုအသိအမှတ်မပြုခဲ့လျှင် သူနောက်တစ်ကြိမ်ထပ်ပြီးဆိုးဆိုးဝါးဝါးသေဆုံးသွားပေမည်။


ရှုနဉ်က သူ့ရဲ့အကျင့်ဆိုးတွေကို အရင်ဆုံးပြုပြင်ပေးဖို့ဆုံးဖြတ်ချက်ချလိုက်သည်။


နှစ်ယောက်သား ကျောင်းဆေးပေးခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်သွားကြသည်။ကျောင်းဆရာဝန်က ယင်းမင်ကျန်းအား အထွေအထူးဖြစ်စဉ် အကြောင်းအားမေးလိုက်သည်။ 


ယင်းမင်ကျန်းက “ကျွန်တော်ရန်ဖြစ်ခဲ့တာ” ဟုဖြေလိုက်သည်။ 


“မင်းဘယ်နားနာနေတာလဲ “


“တစ်ကိုယ်လုံးပဲ “


ကျောင်းဆရာဝန်နှင့် ရှုနဉ်တို့ နှစ်ယောက်လုံးလန့်သွားကြသည်။ ကျောင်းဆရာဝန်က ပြောလိုက်သည်။


“အဲ့လိုဆိုမှတော့ ငါတစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ လိုလိမ့်မယ်” 


ယင်းမင်ကျန်းက ငြင်းလိုက်သည်။ 


“မလိုပါဘူး ဒါက ခြစ်ရာနဲနဲလေးတွေပါပဲ ကျွန်တော့်ကို ဆေးနဲနဲလောက်သာပေးလိုက် သက်သာသွားလိမ့်မယ် “


ရှုနင်က သူပြောတာကိုနားထောင်ပြီးနောက် ယခုလိုလုပ်နေလို့မဖြစ်ဘူးလို့ ခံစားလိုက်မိတာကြောင့် ကျောင်းဆရာဝန်ကိုသူကိုယ်တိုင်ပဲ ပြောလိုက်သည်။


“သူက မကြာခဏဆိုသလို ရန်ဖြစ်တတ်ပါတယ် သူအရင်ကရခဲ့တဲ့ ဒါဏ်ရာတွေကနေ နောက်ဆက်တွဲသက်ရောက်မှု (ဒါဏ်ဖြစ်တာမျိုး) ရှိလာနိုင်တယ်” 


ယင်းမင်ကျန်းက သူ့ကို ရက်စက်မှုနှင့်ရန်လိုမှု အပြည့်ပါသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


ရှုနဉ်က သူ့ရဲ့ ခြိမ်းခြောက်သလိုအကြည့်ကို မမြင်ချင်ယောင်ဆောင်ပြီး ကျောင်းဆရာဝန်အားဆက်ပြောသည်။


“သူနဲ့ရန်ဖြစ်ခဲ့တဲ့သူက သူ့ထပ်လူကောင်ပိုကြီးပြီး ပိုသန်မာတယ် သူလုံးဝ မခုခံနိုင်ခဲ့ဘူး”


ယင်းမင်ကျန်းက သူ့ရဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး တိတ်တဆိတ်ပဲ လက်သိီး ဆုပ်လိုက်သည်။ သူက ရှုနဉ်ကို အသံတိုးတိုးဖြင့် သတိပေးသလိုပြောလိုက်သည်။


“မင်းကိစ္စပဲ မင်းစိတ်ပူစမ်းပါ”


ကျောင်းဆရာဝန်က ချက်ချင်းဆိုသလိုပဲ အရမ်းစိတ်ပူသွားသည်။ 


“အခုလိုကိစ္စမှာ ငါတို့ တစ်ကိုယ်လုံးကိုစစ်ဆေးမှုလုပ်ရမယ် မင်းရဲ့ခေါင်းမှာဒါဏ်ရာရခဲ့တယ်ဆိုရင် MRI Scan(ဦးခေါင်းဓါတ်မှန်) ရိုက်လိုက်တာ က အကောင်းဆုံးပဲ ဝမ်းဗိုက်ပိုင်းအတွက်ကတော့ အာထရာဆောင်း ရိုက်လို့ရတယ် တခြားဒါဏ်ရာတွေအတွက်ဆိုရင်တေ

ာ့ တခြားစမ်းသပ်မှုတွေကနေတဆင့် ရောဂါရှာဖွေပေးလို့ရတယ် ဒါပေမဲ့ ငါတို့ကျောင်းမှာက ဒီစစ်ဆေးမှုတွေလုပ်ဖို့အတွက် စက်တွေ တပ်ဆင်ထားတာမျိုးမရှိဘူး ဆိုတော့ မင်းဆေးရုံကိုသွားမှ ရလိမ့်မယ်“


ရှုနဉ်က ဆရာဝန်ပြောသမျှ အရာအားလုံးကို တစ်ခုပြီးတစ်ခု မှတ်သားထားလိုက်သည်။