အပိုင်း ၇
Viewers 9k

Chapter 7



သူတို့နှစ်ယောက်သား ဆေးပေးခန်းထဲမှ ထွက်လာလိုက်ကြသည်။ယင်းမင်ကျန်းက ဆူပုပ်ပုပ် မျက်နှာပေးနှင့် စာသင်ခန်းများရှိရာသို့ လျှောက်သွားသည်။ရှုနဉ်က သူ့ကို အနောက်ဘက်သို့ပြန်ဆွဲခေါ်ပြီး မေးလိုက်သည်။


“မင်းကဘယ်ကိုသွားမလို့လဲ ဆရာဝန်က ငါတို့ကိုဆေးရုံကနေ ဆေးစစ်ချက်တွေသွားယူဖို့ ပြောထားတယ်လေ”


“မသွားဘူး”


ယင်းမင်ကျန်းက နောက်ဘက်ကိုလှည့်ပြီးသူ့လက်ကို ခါချလိုက်သည်။(T/N - ရှုရှုက သူ့လက်ကိုဆွဲပြီးခေါ်ထားလို့ သူက ခါထုတ်ပလိုက်တာကွာ ။ )



“မင်းမှာဒါဏ်ရာရနေရင်…….”


“မင်းနဲ့ဘာဆိုင်လို့လဲ”


ယင်းမင်ကျန်းက အေးတိအေးစက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


ဒီ ကောင်လေးရဲ့ အရပ်က သိပ်လဲမရှည်ဘူး။သူ့ရဲခန္ဓာကိုယ်က ပိန်သွယ်ပြီး သူ့မှာချောမောတဲ့မျက်နှာလေးလဲ ရှိတယ်။ အကယ်လို့ သူ့ကိုသာစကပ်ဝတ်ပေးလိုက်မယ်ဆိုရင် မိန်းကလေးတစ်ယောက်လိုမျိုး လှနေမှာ သေချာပေါက်ပဲ။


“မင်းငါ့ကိုမုန်းနေတာမဟုတ်ဘူးလား ငါ့အဖေက ထောင်ကျသွားပြီဆိုတော့ ငါလည်းသေချာပေါက် ထောင်ထဲမှာပဲ အဆုံးသတ်ရမှာလို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား ဘာလဲ အခုမှ မင်းက ရုတ်တရက်ကြီး လာ သနားဂရုဏာသက် ပြနေတာလား ”


ရှုနဉ်က အံ့ဩထိတ်လန့်သွားပြီး သတိလက်လွတ်ဖြင့် သူ့လက်ကိုလွှတ်လိုက်သည်။ 


ထိုကောင်လေးကမူ လှည့်ထွက်သွားတော့သည်။ကျောခိုင်းပြီးအဝေးကိုလျှောက်သွားသည့်ထိုပုံရိပ်လေးတွင် ခေါင်းမာခြင်းနှင့်မာနကြီးခြင်း နှစ်မျိုးစလုံးကို မြင်တွေ့နိုင်သည်။


ရှုနဉ်က အားကစားကွင်းထဲရှိ ပြေးလမ်းပေါ်တွင် ရပ်နေမိသည်။ သူ မယုံနိုင်လောက်အောင်ကိုဘဲ စိတ်ပျက်သွားရသည်။


သူရုတ်တရက်ဆိုသလို သူနဲ့ ဗီလိန်လေးရဲ့ကြားက ခုနှစ်နှစ်တာ ဝေးကွာနေမှု ကို သူမေ့သွားခဲ့တယ်ဆိုတာ သဘောပေါက်သွားသည်။ထို ခုနှစ်နှစ်အတွင်းမှာ သူက ဗီလိန်လေးကို အနိုင်ကျင့်ပြီး ခွဲခြားပစ်ပါယ်ထားတဲ့သူတွေထဲက တစ်ယောက်ဖြစ်နေခဲ့သည်။


ဟိုးအရင်ကထဲက သူက ဗီလိန်လေးရဲ့ blacklist ထဲမှာ ပါနေခဲ့တာပဲ။


သူက ဗီလိန်လေးကို အစပိုင်းမှာ ထိုသို့(အနိုင်ကျင့်)ဆက်ဆံဖူးခဲ့သည်။ သို့ပေမဲ့ ယခုတော့ သူက အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး သူ့အပေါ် ကောင်းပေးနေသည်။ အယောင်ဆောင်နေတယ်လို့ ထင်ခံရတာက လုံးဝကို သဘာဝကျတဲ့ အရာသာဖြစ်သည်။


သူကသာ ဗီလိန်လေးနှင့်နီးစပ်ရန် ကြိုးစားနေပါက သူ့အပေါ်တွင် ပိုမိုစက်ဆုတ်မုန်းတီးခြင်းသာ ဖြစ်လာလိမ့်မည်။


ထို့အပြင် ဗီလိန်လေးက ဆေးရုံကိုသွားဖို့ငြင်းဆန်ခဲ့တာကလည်း သူတကယ်ပဲ မသွားချင်လို့လား သို့မဟုတ် ပိုက်ဆံခြွေတာရန် အတွက်လား။


ပိုက်ဆံအတွက်ပဲ ဖြစ်နိုင်သည်။


ရှုနဉ် အကူအညီမဲ့သလိုခံစားလိုက်ရသည်။ ထို့ကြောင့်ပဲ သူက ဆေးပေးခန်းကို တိတ်တဆိတ် ပြန်လျှောက်သွားပြီး ဒါဏ်ရာတွေ အတွက် ဆေးတချို့ ကို ပေးရန် ဆရာဝန်ဆီကနေ တောင်းဆိုလိုက်သည်။ထို့နောက် ဆေးတွေကို သူတို့ရဲ့အတန်းပိုင်ဆရာဆီသို့ ယူသွားပြီး ဗီလိန်လေးကို ပေး ပေးရန် အတန်းပိုင်ဆရာအား တောင်းဆိုလိုက်၏။


အတန်းပိုင်ဆရာရဲ့ အာဏာအောက်တွင်တော့ ဗီလိန်လေးသည် ဆေးများကိုသေချာပေါက် လက်ခံယူထားရလိမ့်မည်ပင်။


ရှုနဉ် နည်းနည်းလောက်တော့ စိတ်သက်သာရာ ရသွားသည်။


နောက်ရက်များတွင်တော့ ရှုနဉ်က သူနှင့်ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက် ရန်အတွက် ဗီလိန်လေးအားနှောက်ယှက်နေတာကို ရပ်တန့်လိုက်သည်။


ဖြစ်နိုင်တာကတော့ ယင်းမင်ကျန်းအတွက်တော့ သူ(SN) ရဲ့ တည်ရှိနေမှုကိုက ဒါဏ်ရာတစ်ခုလိုဖြစ်နေလောက်သည်။ထို့ကြောင့်ပဲ သူ့ကိုသွားပြီးမနှောင့်ယှက်တာကဘဲ အကောင်းဆုံးလုပ်နိုင်တဲ့ အရာပင်။


သူအရင်က တွေးခဲ့မိတဲ့နည်းလမ်းတွေကို ပြန်ပြီးစဉ်းစားကြည့်လိုက်မိသည်။


သူ့ရဲ့ ခြေထောက်တွေလှုပ်နေတာကိုမကြိုက်ဘူး...သူဆဲဆိုနေတဲ့ အခါလဲ မကြိုက်ဘူး...သူ့ရဲ့ စိတ်တိုစရာဆံပင်ပုံစံကိုလဲ မကြိုက်ဘူး... ဒါပေမဲ့ သူ့ကိုမကြိုက်ရအောင် သူရှူမဥ်မှာ ဘာအရည်အချင်းတွေများရှိနေလို့လဲ။


သူ့ကိုမကြိုက်ဘူးလို့ဆိုရအောင် ငါကရော ဘာမို့လို့လဲ။


မကြိုက်ဘူးဆိုတာကလဲ ခွဲခြားဆက်ဆံခြင်းရဲ့ပုံစံတစ်မျိုးပဲ။


သူက ယင်းမင်ကျန်းကို ပြောင်းလဲပေးရန်အတွက်တောင် ကတိသစ္စာပြုခဲ့သေးသည်။


သူ့ရဲ့ မူလရည်ရွယ်ချက်က ကောင်းပေမဲ့ ထိုသို့လုပ်ရအောင် သူက ဘယ်သူဖြစ်နေလို့လဲ။


ရှုနဉ် ဘာလုပ်ရမည်ကိုပင်မသိတော့ပေ။ သူဘာ့ကြောင့် ဝတ္ထုထဲကိုရုတ်တရက်ကူးပြောင်းလာရသလဲဆိုတာကို မသိသလို သူဘာ့ကြောင့် ယင်းမင်ကျန်းကိုပြောင်းလဲပေးဖို့ဆိုတဲ့အတွေး ပေါ်လာမှန်းလည်း သူမသိဘူး။


ယင်းမင်ကျန်းရဲ့ စိတ်ပျက်ဝမ်းနည်းစရာအဆုံးသတ်ကို သူ လက်မခံနိုင်တာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ 


အကယ်လို့ သူ့ရဲ တကိုယ်ကောင်းဆန်တဲ့ ဖြောင့်မတ်မှန်ကန်မှုက သာ ယင်းမင်ကျန်းကို မသက်မသာဖြစ်စေခဲ့မယ်ဆိုရင် သူ့ကိုသွားပြီး မနှောက်ယှက်တာကမှ ပိုကောင်းပါသေးတယ်။


ရှုနဉ်က သူ့ကိုထပ်ပြီး အနှောင့်အယှက်မပေးသင်းတော့ဘူးဆိုတာ သဘောပေါက်သွားလို့ ဖြစ်နိုင်သည်။ယင်းမင်ကျန်းက သူ့ကို ထပ်ပြီးရန်သူလိုမျိုးမဆက်ဆံတော့ချေ။သူတို့နှစ်ယောက်စလုံးက သီးသန့်ခွဲခြားထားတဲ့ စစ်တပ်စခန်းတွေလိုမျိုး တစ်ယောက်နှင့်တစ်ယောက်နည်းနည်းလေးမှ အနှောင့်အယှက်မပေးကြတော့ချေ။တကယ့်ကိုမှ မလိုအပ်ဘူးဆိုရင် အချင်းချင်း စကားတောင်မှ မပြောကြတော့ပေ။


ယင်းမင်ကျန်းက အတန်းထဲမှာလဲ သင်ခန်းစာတွေကို အာရုံမစိုက်ဘဲ ဆက်အိပ်၍သာနေသည်။သူကဆေးရုံကိုမသွားဘူးဆိုပေမဲ့ သူ့မျက်နှာက ဒါဏ်ရာတွေကတော့ တဖြည်းဖြည်း သက်သာလျော့နည်းလာသည်။ ယခင်ကပုံစံထက်လဲ အများကြီး ပိုကြည့်ကောင်းလာခဲ့သည်။


ကြည့်ရတာ ဒဏ်ရာက အပေါ်ယံ အရေပြားဒါဏ်ရာလောက်ပဲ ဖြစ်နိုင်တယ်။ 


ရှုနဉ်က တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။


နေ့လည်ခင်းရောက်တော့လည်း ယင်းမင်ကျန်းက သူ့ရဲ့စာရေးစားပွဲပေါ်မှာပဲ လှဲအိပ်နေမြဲသာ။


ရှုနဥ်နေ့လည်စာစားပြီးပြန်လာတဲ့ အချိန်မှာ ယင်းမင်ကျန်းက သူ့ရဲ့စာရေးစားပွဲပေါ်မှာပဲ မလှုပ်မယှက် လှဲအိပ်နေဆဲဆိုတာကိုတွေ့လိုက်ရသည်။


သူနေ့လည်စာသွားမစားဘူးလား။


နေ့လည်စာသင်ချိန် စတဲ့အချိန်အထိ တစ်လျှောက်လုံး ယင်းမင်ကျန်းက စာသင်ခန်းထဲကနေ တစ်ခါလေးပင် မထွက်ချေ။


သူတစ်နေ့လုံးဘာမှမစားရသေးဘူး။ သူဗိုက်မဆာဘူးလား။


ပထမစာသင်ချိန်ပြီးတဲ့နောက် ရှုနဥ်က ဝမ်းဝမ်းပေါင်းမုန့်အထုပ်ကြီးနှစ်ထုပ်ဝယ်ဖို့အတွက် မုန့်ဖိုးတချို့ကို ထုတ်လိုက်သည်။သူက အတန်းခေါင်းဆောင် ချိန်ရှောင်ယွီကို အတန်းထဲရှိ လူများအားလုံး အထူးသဖြင့် ယင်းမင်ကျန်းကို မုန့်များဝေပေးရန် တောင်းဆိုလိုက်သည်။


ထို့နောက် သူမအား ထိုကိစ္စကိုလျို့ဝှက်ထားဖို့လဲ ကတိပြုခိုင်းခဲ့လိုက်သည်။


ချိန်ရှောင်ယွီက တခြားအတန်းဖော်တွေကို ပေါင်မုန့်ဝေပေးလိုက်သည်။သူမရဲ့ မိသားစုက အများကြီးဝယ်မိသွားပြီး မကုန်နိုင်တဲ့အတွက် လူတိုင်း တစ်ခုစီရမယ် လို့ ပြောလိုက်၏၏။


“အတန်းခေါင်းဆောင် အသက်ရှည်ပါစေ”


အတန်းထဲကကောင်ဆိုးလေးတွေအကုန် စိတ်လှုပ်ရှားသွားကြသည်။


ချိန်ရှောင်ယွီက အတန်းထဲတွင် နာမည်အကြီးဆုံး မိန်းကလေးဖြစ်သည်။သူမက လှပပြီး စိတ်နေစိတ်ထားလဲနူးညံ့သိမ်မွေ့သည်။ယင်းမင်ကျန်းက ချိန်ရှောင်ယွီအပေါ် အတန်းထဲက တခြားသူတွေထက် ပိုကောင်းတဲ့ သဘောထားရှိတာကို ရှုနဉ်သတိပြုမိသည်။


ချိန်ရှောင်ယွီက ယင်းမင်ကျန်းအလှည့်ရောက်သည်အထိ တစ်လျှောက်လုံး မုန့်တွေဝေပေးနေသည်။ထို့နောက် သူမက ယင်းမင်ကျန်းကို တစ်ခုလှမ်းပေးလိုက်သည်။


“နင်စားရမယ်နော် ဟုတ်ပြီလား”


ချိန်ရှောင်ယွီက ယင်းကျန်းမင်းကို ညှင်သာစွာပြောလိုက်သည်။


ယင်းမင်ကျန်းက ခေါင်းမော့လိုက်ပြီး သူ့စာရေးစားပွဲပေါ်ရောက်လာတဲ့ ပေါင်မုန့်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ ပေါင်မုန့်က လက်ဖဝါးအရွယ်ရှိပြီး ဘဲဥပုံသဏ္ဌာန်ရှိကာ ပလတ်စတစ်ဖြင့် ထုတ်ပိုးထားသည်။ကြည့်ရတာ တကယ့်ကို အရသာရှိပုံပေါ်သည်။


ချိန်ရှောင်ယွီက ရှုနဉ်ကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူမပြန်လှည့်သွားပြီး ပေါင်မုန့်များကို ဆက်၍ဝေပေးနေသည်။


ယင်းမင်ကျန်းက ပေါင်မုန့်ကို ခဏလောက် ငေးကြည့်နေသည်။လူတိုင်းက ပေါင်မုန့်တွေကိုစားနေတာကို မြင်မှပဲ မုန့်ထုပ်ကိုဖွင့်ပြီး တစ်ကိုက်ထဲနဲ့ အပြီးစားလိုက်သည်။


သူ့ရဲ့ စားသောက်တဲ့ ပုံစံအမူအကျင့်က သိပ်ပြီးကြည့်မကောင်းချေ။အကယ်လို့ သူသာ ဝေ့မိသားစုရဲ့အသိအမှတ်ပြုမှုကိုလိုချင်တယ်ဆိုရင် ကျင့်ဝတ် အစရှိတာတွေကို သင်ကြားဖို့လဲ လိုအပ်သည်။


ရှုနဉ်က သူ့ရဲ့အတွေးတွေကို မြန်မြန်ပဲ ရပ်လိုက်သည်။


အချိန်အတော်ကြာအောင် ချီတုံချတုံ ဖြစ်ပြီးနောက် ယင်းမင်ကျန်းကို သူ့ရဲ့ပေါင်မုန့်လှမ်းပေးပြီး ပြောလိုက်သည်။


“ငါဗိုက်မဆာဘူး မင်းယူလိုက်”


ချစ်စရာကောင်စုတ်လေးက သူ့ရဲ့ဖတ်စာအုပ်တွေကို သူတို့စာရေးခုံနှစ်ခုရဲ့ အလယ်မှာ ပုံထားလိုက်ပြီး သူတို့ကြားမှာ ရှင်းရှင်းလင်းလင်းပဲ စည်းတစ်ခုတားလိုက်သည်။ 


ရှုနဉ် စနိုးစနှောင့်နှင့် ပေါင်မုန့်ကိုပြန်ယူလိုက်သည်။


ရက်အတော်ကြာပြီးနောက် ယင်းမင်ကျန်းဟာ နေ့လည်စာစားရန်အတွက် စားသောက်ခန်းကို ဘယ်တုန်းကမှမသွားဘူးဆိုတာကို ရှုနဉ် သတိထားမိသွားသည်။


အရင်တုန်းကတော့ ယင်းမင်ကျန်းက နေ့လည်စာအမြဲတမ်းသွားစားခဲ့ပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်မှာစ၍ မစားတော့ချေ။ သူ့ပုံစံက နေမကောင်းဖြစ်ကာ ဖျားနာနေတာနှင့်လည်း မတူပေ။


သူ့မှာပိုက်ဆံမရှိတာများ ဖြစ်နိုင်လောက်လား...။


သူ့မှာ နေ့လည်စာစားဖို့တောင် ပိုက်ဆံမရှိဘူးလား...။


ဒါမှမဟုတ် တခြားတစ်ခုခုအတွက်များ နေ့လည်စာဖိုးတွေကို ခြွေတာနေတာလား...။


ရှုနဉ်ဆက်ပြီးစောင့်ကြည့်နေလိုက်သည်။ယင်းမင်ကျန်း၌ လက်ဖွာစွာသုံးစွဲတတ်သောအလေ့အထလဲ မရှိပေ။သူက အဆာပြေမုန့်တွေနှင့် အရုပ်တွေကိုတောင်ဘယ်သောအခါမှ ဝယ်တတ်သူမဟုတ်။တခြားကောင်လေးများ မကြာခဏသွားလေ့ရှိသည့် အင်တာနက်ကဖေးဆိုင်များသို့ပင် မသွားတတ်ချေ။အမြဲတမ်းလိုလိုကျောင်းဆင်းသည်နှင့် အိမ်တန်းပြန်တတ်သည်။ တစ်ခါတစ်ရံတော့ အိမ်ထဲမဝင်ခင် မိုးချုပ်သည်အထိ အနီးအနားရှိ လမ်းများ သို့မဟုတ် အိမ်နီးနားက အဆောက်အဦးများ အနီးတဝိုက်တွင်လျှောက်သွားနေတတ်သည်။


ယင်းမင်ကျန်းက နေ့လည်စာမစားသည်မှာ ရက်ပေါင်းများစွာ ဆက်တိုက်ဆိုသလို ဖြစ်နေသည်။ရှုနဉ်က သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အတွက် အရမ်းစိုးရိမ်လာသည်။


သူက ချိန်ရှောင်ယွီမှ တဆင့် ယင်းမင်ကျန်းဆီသို့အဆာပြေမုန့်များ ပေးပို့ခဲ့သော်လည်း ဘီစကစ်နဲ့ပေါင်မုန့်များက တကယ့်အစားအသောက်နေရာကိုဘယ်လိုလုပ် အစာထိုးနိုင်ပါ့မလဲ။ 


အလယ်တန်းအရွယ်သည် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အရေးကြီးသောအချိန်အပိုင်းအခြားဖြစ်သည်။သူအစာမစားဘဲ ဆက်နေလို့ မဖြစ်ပေ။ 


ဖြစ်ချင်တော့ ရှုနဉ်နှင့်ယင်းမင်ကျန်းတို့နှစ်ယောက်စလုံး သန့်ရှင်းရေးတာဝန်ကျတာကြောင့် သူတို့နှစ်ယောက်သား ခဏလောက် နောက်ကျနေခဲ့ကြသည်။ သန့်ရှင်းရေးတာဝန်ကျသည့် တခြားအတန်းဖော်နှစ်ယောက် ပြန်သွားပြီးနောက်မှာ ရှုနဉ်လည်း အမြန်ထွက်သွားလိုက်သည်။သူက ယွမ်နှစ်ရာကို စကြင်္န်လမ်းပေါ်ကို ပစ်ချလိုက်ပြီး လှေကားထစ်ဆီသို့မြန်မြန်ပြေးကာ ပုန်းလိုက်သည်။


ပါးပါးရှုက ပရိဘောဂပစ္စည်းအရောင်းဆိုင်ဖွင့်ထားပြီးစီးပွါးရေးကလဲ တော်တော်ကောင်းသည်။သူက တင်းကြပ်တဲ့ ပုံပေါ်သော်လည်း သူ့သားကို အမှန်တကယ်ချစ်မြတ်နိုးပြီး မုန့်ဖိုးလဲမကြာခဏပေးလေ့ရှိသည်။


ရှုနဉ်ရဲ့ လက်ထဲတွင် ပိုက်ဆံအများကြီးရှိနေပြီး စုဆောင်းထားတဲ့ ထောက်ပံ့ကြေးအမြောက်အများလဲရှိသည်။အထူးသဖြင့် သူ၏အခြားသောအတန်းဖော်များနှင့် နှိုင်းယှဉ်ပါက ဘီလီယံနာအငယ်စားလေး ဟုပင် ပြောနိုင်၏။


ခဏအကြာတွင် စင်္ကြံလမ်းပေါ်က လှုပ်ရှားသံများကို ရှုနဉ် ကြားလိုက်ရသည်နှင့် ကြည့်ရှုရန်အတွက် သူ့ခေါင်းကို ဂရုတစိုက် ထုတ်ကာ ချောင်းလိုက်သည်။ယင်းမင်ကျန်းက အခန်းထဲမှ ထွက်လာပြီး သူ့အနောက်ဘက်ရှိအခန်းတံခါးကို ပိတ်နေတာကို မြင်လိုက်ရသည်။ထို့နောက် ယင်းမင်ကျန်း ခေါင်းငုံ့လိုက်ချိန်တွင် ကြမ်းပြင်ပေါ်ကယွမ်နှစ်ရာကို မြင်သွားသည်။


သူကခေါင်းမော့ပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ခဏအကြာတွင်တော့ ထိုပိုက်ဆံကိုကောက်ယူလိုက်သည်။


သူ ပိုက်ဆံကိုကောက်သွားတာ မြင်တော့ ရှုနဉ် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ထို့နောက် သူ သူခိုးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုးဝှက်ဖြင့် တိတ်ဆိတ်စွာ လှေကားမှ ဆင်းလာခဲ့လိုက်သည်။


သူ ခြေလှမ်းနှစ်လှမ်းတောင်ပြည့်အောင်မလှမ်းနိုင်သေးခင်မှာဘဲ ရုတ်တရက် သူ့အနောက်က အော်ခေါ်တဲ့အသံကိုကြားလိုက်ရသည်။


“ရှုနဉ်”


ထိုအသံက တည်ငြိမ်ပြီးရှင်းလင်းသည်။


ရှုနဉ်လဲ ရပ်ပြီး မော့ကြည့်လိုက်သည်။


ဆံပင်အဝါရောင်ဆိုးထားတဲ့ကောင်လေးက လှေကားအတိုင်း ဆင်းလာနေသည်။ ရှင်းလင်းနေတဲ့ လှေကားဝန်းကျင်မှာ သူ့ခြေသံက ကြည်လင်ပြတ်သားနေသည်။


ယင်းမင်ကျန်းက ဘာခံစားချက်မှ မပါတဲ့မျက်နှာဖြင့် သူ့ဆီလျှောက်လာပြီး ယွမ်နှစ်ရာကိုပေးလိုက်၏။


“ မင်းရဲ့ပိုက်ဆံ ပြုတ်ကျခဲ့တယ်”


ရှုနဉ်မှာ နှလုံးတုန်ယင်သွားရသည်။


သူ အလျင်စလိုပဲ အိတ်တွေကို စစ်ကြည့်ချင်ယောင်ဆောင်ပြီး “တကယ်ကြီးလား ငါတော့ မဟုတ်ဘူးထင်တာပဲ”


ယင်းမင်ကျန်းရဲ့မျက်လုံးများကကြည်လင်ပြီး မျက်ရစ် ပါးပါးလေးရှိသည်။သူ့ရဲ့တောက်ပတဲ့ အမဲရောင် မျက်ဝန်းကို နှစ်ထပ်မျက်ရစ်များဖြင့် အားဖြည့်ထားသည်။တစ်စုံတစ်ယောက်ကိုအာရုံစိုက်ရန်အတွက် ထိုမျက်ရစ်များကိုပင့်ကြည့်လိုက်လျှင် ၎င်းတို့ထံမှ အေးစက်စက်အငွေ့အသက်ကို အတိုင်းသား ခံစားရ၏။


“ပိုက်ဆံတွေက စင်္ကြံလမ်းရဲ့အလယ်မှာ ပြုတ်ကျနေတာ တခြားတာဝန်ကျတဲ့နှစ်ယောက် အဲ့ဒါကိုမြင်မသွားကျဘူး ဆိုလိုတာက အဲ့ဒီနှစ်ယောက်ရဲ့နောက်မှ အတန်းထဲကနေထွက်သွားတဲ့သူက ပိုက်ဆံပြုတ်ကျခဲ့တာပဲ သူတို့ထဲက တစ်ယောက်ယောက် ကျနေခဲ့တာဆိုရင်လဲ သူတို့နောက်ကနေ လိုက်သွားတဲ့မင်းက မမြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး အဲ့တော့ သူတို့ထဲက တစ်ယောက်ယောက် ပြုတ်ကျတာမဟုတ်ဘူးလို့ဆိုလိုတာပဲ”


“မင်းစာသင်ခန်းထဲကနေ ထွက်သွားပြီးကထဲက စင်္ကြံလမ်းမှာ ဘယ်သူမှ မရှိဘူး ဖြစ်နိုင်တာက ..”


ယင်းမင်ကျန်းက အနီရောင်ပိုက်ဆံနှစ်ရွက်ကို ရှုနဉ်ဆီ ဖြေးဖြေးချင်းကမ်းပေးလိုက်သည်။


“မင်းကျခဲ့တာပဲ”


ရှုနဉ်:: “………”


ဗီလိန်လေးက IQ အရမ်းမြင့်တာပါပဲ Q~Q...


ဗီလိန်လေးရဲ့ ပိုင်းခြားသိမြင်နိုင်တဲ့အကြည့်နဲ့ရင်ဆိုင်ရပြီးနောက် ရှူနဉ်ဆက်ပြီးမငြင်းနိုင်တော့ပေ။ သူ့ကျောင်းဝတ်စုံ ရှပ်အင်္ကျီအိပ်ကပ်ကို တမင်တကာ ထိလိုက်ပြီး အံ့ဩချင်ယောင်ဆောင်လိုက်၏။


“အိုး ဟုတ်သားပဲ ငါ့အင်္ကျီအိတ်ထဲမှာ ယွမ်နှစ်ရာရှိတာ ငါမေ့တော့မလို့”


သူက အနားကိုသွားပြီး ကောင်လေး၏ လက်ထဲရှိပိုက်ဆံနှစ်ရွက်ထဲမှ တစ်ရွက်ကိုယူလိုက်ပြီး ကျေးဇူးတင်စွာပြုံးပြလိုက်သည်။


“ငါ့ပိုက်ဆံကိုကောက်ထားပေးလို့ ကျေးဇူးတင်ပါတယ် ကျေးဇူးဆပ်တဲ့အနေနဲ့ ငါမင်းကိုတစ်ဝက်ပေးမယ်လေ”


ယင်းမင်ကျန်းက သူ့ကို ခဏလောက် စိုက်ကြည့်နေသည်။ရှုနဉ်ရဲ့ အပြုံး ပျောက်ကွယ်သွားတော့မဲ့အချိန်မှာပဲ ယင်းမင်ကျန်းက ကျန်တဲ့ပိုက်ဆံကို ရှုနဉ်၏ရှပ်အင်္ကျီအိတ်ကပ်ထဲကို ထည့်လိုက်သည်။ထို့နောက် သူ့ရဲ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး လှေကားမှ အေးအေးဆေးဆေး ဆင်းသွားသည်။


သူ၏ ဂရုမစိုက်သောအမူအယာနှင့်မာနကြီးသောသဘောထားက “ ငါမင်းရဲ့ ပိုက်ဆံတွေကိုလိုမနေဘူး”ဟု ပြောနေသယောင်ပင်။


ရှုနဉ်က အနီရောင် ပိုက်ဆံတွေကိုကိုင်နေရင်း ရုတ်တရက်ကြီး “ငါက တစ်ချိန်လုံး လူပျက်ကြီးဖြစ်နေခဲ့တာပဲ”ဟူသော အင်တာနက် meme တစ်ခုကို တွေးမိသွားသည်။


သူက ထိုနေရာမှာ ခဏလောက်ရပ်နေမိသည်။သူ ပိုက်ဆံတွေကို ဖြည်းဖြည်းချင်းပဲ သိမ်းလိုက်ပြီး အိတ်ကိုလွယ်ကာ လှေကားမှဆင်းလာလိုက်တော့သည်။


ဗီလိန်လေးက သူပိုက်ဆံပြတ်နေတဲ့အချိန်ဖြစ်နေတာတောင်မှ သူ့ရဲ့ပိုက်ဆံကိုပြန်ပေးလိမ့်မယ်လို့ ရှုနဉ် မထင်ထားခဲ့ချေ။ဒါကို သူလုံးဝမမျှော်လင့်ထားခဲ့မိဘူး။


တစ်ခုခုကိုကောက်ရခြင်းက ခိုးခြင်းနှင့် လုံးဝကိုမတူချေ။ထပ်ပြောရမယ်ဆိုလျှင် ဒါက ထောင်နဲ့သောင်းနဲ့ချီနေတဲ့ ပိုက်ဆံတွေလည်း မဟုတ်၊ ယွမ်နှစ်ရာ မျှသာဖြစ်သည်။


ပိုက်ဆံကောက်ယူလိုက်ခြင်းကို ရာဇဝတ်မှုလို့ သတ်မှတ်ဖို့ နေနေသာသာ ကိစ္စကြီးတစ်ခုလို့ပင်ဆုံးဖြတ်လို့မရ။


ပိုက်ဆံလိုအပ်မနေတဲ့ သာမာန်လူတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင် “ကံကောင်းပြီဟေ့” လို့ အော်ဟစ်ပြီး ကိုယ့်ဘာသာအဆာပြေမုန့်ဝယ်စားဖို့အတွက် ပိုက်ဆံကိုကောက်ထားလိုက်မှာပဲ ဖြစ်သည်။


သို့ပေမဲ့ ယင်းမင်ကျန်းကမူ သူစားဖို့တောင်မတတ်တဲ့အနိုင်ချိန်မှာ ပိုက်ဆံကို သူ့ကိုပြန်ပေးဖို့ဆုံးဖြတ်ခဲ့သည်။


ဒီလိုလူစားမျိုးက ခိုးဝှက်တတ်လိမ့်မယ်လို့ ရှုနဉ် လုံး၀ ဥသုံမယုံကြည်ချေ။


နေဝင်သွားသောအခါ...


ရှုနင်က သူတို့နှစ်ယောက်ကြားက အကွာအဝေးကို အနည်းဆုံး သုံးမီတာလောက် အမြဲခြားပြီး ယင်းမင်ကျန်းနောက်က တိတ်တဆိတ်လိုက်သွားသည်။


ယင်းမင်ကျန်းက တကယ့်ကိုဖြေးဖြေးချင်းသာလျှောက်နေသည်။သူက ဘယ်တုန်းကမှ အိမ်ကိုပြန်ဖို့ အလျင်မလိုခဲ့ပေမဲ့ အတန်းထဲက တစ်ခြားကောင်လေးတွေနှင့်အတူတူ ဂိမ်းဆော့တာ သီချင်းဆိုတာနှင့် အပြင်ထွက်ပြီးစားကြတာမျိုးလဲ မလုပ်ချေ။ထိုသို့သော ကိစ္စများက သူမတတ်နိုင်လောက်အောင် စျေးကြီးလွန်းသည်။


ရှုနဉ်က သူ့ကိုကျော်တတ်သွားဖို့အရမ်းရှက်နေတာကြောင့် သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ယင်းမင်ကျန်းရဲ့ခြေလှမ်းအတိုင်း တူညီတဲ့ အရှိန်ကိုထိန်းထားပြီး သူ့နောက်ကနေ တစ်လျှောက်လုံးလိုက်နေရုံသာ။


ကောင်လေးနှစ်ယောက်က ဆူညံပွက်လောရိုက်နေတဲ့လမ်းတစ်လျှောက် ဖြေးဖြေးမှန်မှန်ပဲ

လျှောက်လာကြသည်။


အရှေ့ကတစ်ယောက်က ရပ်လိုက်ရင် အနောက်ကလူကလည်းလိုက်ရပ်သည်။ အရှေ့ကတစ်ယောက်က ဆက်လျှောက်ရင် အနောက်လူကလဲ ဆက်လျှောက်သည်။ ထိုအရာကပင် မမျှော်လင့်ဘဲ လိုက်ဖက်ညီတဲ့ပန်းချီကားတစ်ချပ် ဖန်တီးနေသကဲ့သို့ ဖြစ်နေ၏။ 



___