အပိုင်း ၁၀
Viewers 11k

Chapter 10

ပုံတူကူးတယ်ဆိုတာကလဲ အနိုင်ကျင့်ခြင်းတစ်မျိုးပဲ



ဗီဒီယို ပွင့်လာပြီးနောက် ရှုနဉ်က တစ်ဒါဇင်လောက်ရှိသည့် အမှိုက်ဂိမ်းကြော်ငြာများကို ကျော်လိုက်ပြီး နောက်ဆုံးတွင် ပထမပိုင်း စလာတော့သည်။


ရှုနဥ်က ဗီဒီယိုမှာရှိသည့် ကြည့်ရှုသူအရေအတွက်ကို တစ်ချက်ကြည့်လိုက်သည်။


ကျစ်...


သူသိသလောက်ပြောရလျှင် ထိုတီဗွီဇာတ်လမ်းတွဲထွက်သည်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကထဲကဖြစ်သည်။


ဘာလို့များ ကြည့်ရှုသူက တစ်သောင်းထက်နည်းနေရတာလဲ။


လူကြိုက်မများဘူးဆိုတာ သေချာသည်။


မှတ်ချက်ပေးထားသည်များက ဇာတ်လမ်းတွဲမျက်နှာပြင်၌ပေါ်လာသည်။မှတ်ချက်တွေက သိပ်များများစားစားမရှိဘဲ အကုန်လုံးက တညီတညာတည်း ဇာတ်လမ်းတွဲ ကို လှောင်ပြောင် ပြောဆို ထားကြ၏။


“နာမည်ဆိုးနဲ့ကြော်ကြားတဲ့ခြေထောက်လှုပ်နည်းကိုလာကြည့်ကြပါဦး”


“2:33 ကနေစပြီးကြည့်ဖို့ ငါအကြံပေးလိုက်မယ်”


ရှုနဉ်က ထိုအကြံပြုချက်အတိုင်းဗွီဒီယို ဘားတန်းလေးကို 2:33 သို့ရွှေ့လိုက်သည်။ဇာတ်လိုက် ဩဂတ် က ကျပန်းကျေးရွာတချို့၏တောင်ခါးပန်း ပေါ်၌ရပ်နေသည်။ခြေထောက်တစ်ဖက်ကို ရှေ့သို့ဆန့်ထားပြီး သူ့မေးစေ့ကို မော့လိုက်ကာ သူ့မျက်လုံးများကို မှေးလိုက်ပြီး ကြုံးဝါးလိုက်သည်။ 


“မင်းတို့အားလုံးက သေဖို့တောင်းဆိုနေကြတာပဲ”


ထို့နောက် သူ့ခြေထောက်တွေကို စလှုပ်လိုက်သည်။


ရှုနဉ်လဲ ထိုဟာကို ဗီလိန်လေးရဲ့ခြေထောက်လှုပ်သည့်စွမ်းရည်နှင့်နှိုင်းယှဉ်ကြည့်လိုက်မိသည်။ထိုဟာက တကယ်ကြီးကို စောက်ရမ်းထပ်တူကျနေမှန်း သူသိလိုက်ရ၏။


သေစမ်း...ဗီလိန်လေးက ခြေထောက်လှုပ်နေတဲ့အချိန်မှာ သူ့ကိုယ်သူ မဟာဩဂတ် လို့ထင်နေတာလား...။


“ဟဟဟဟဟ”


အတန်းတစ်ခုလုံး ရှုနဉ်ကို ထိတ်လန့်စွာဖြင့်လှည့်ကြည့်လိုက်ကြသည်။


“ရှုနဉ်...”


ဒေါသထွက်နေသည့်အမျိုးသမီး၏အသံက ရှူနဉ်ကို အာရုံပြန်ရသွားစေသည်။သူခေါင်းမော့ကြည့်လိုက်သည့်အခါ အတန်းတစ်ခုလုံးက သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။


သူတို့ရဲ့မျက်လုံးတွေက “မင်းတော့သွားပြီ” နှင့် “ငါတို့စိတ်မကောင်းပါဘူး”လို့ လက်တွေ့ကျကျ ပြောနေကြသည်။


သူဗီလိန်လေးကိုကြည့်ရန်အတွက် သတိလက်လွတ်ဖြင့်ခေါင်းလှည့်ကြည့်လိုက်မိတဲ့အခါ ဗီလိန်လေးရဲ့ တစ်ဝက်အပြုံး(မဲ့ပြုံး)နှင့် ရင်ဆိုင်လိုက်ရသည်။သူ့မျက်လုံးထဲမှာ သူကံမကောင်းတာကိုပျော်ရွှင်နေသည့်အရိပ်အယောင်ကိုပင် အထင်းသားမြင်တွေ့နေရသည်။


ရှုနဉ်က လည်ပင်းကိုပုခုံးဆီသို့ကျုံလိုက်ပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။


အင်္ဂလိပ်ဆရာမက စည်းကမ်းကြီးတယ်လို့ နာမည်ကြီးသည်။


ကျောင်းသားတွေက သူမကို “သီလရှင် မြဲ့ကြွယ်”လို့ တိတ်တိတ်လေး ခေါ်ကြသည်။


[ မြဲ့ကြွယ်ရှီထိုက် - သီလရှင်မြဲ့ကြွယ်ကိုတော်တော်များများသိကြမှာပါ မသိသေးတဲ့သူတွေကိုပြောပြချင်တာကတော့ သူမက စာရေးဆရာကြီး ကျင်းယုံရေးတဲ့ Heavenly Sword And Dragon Slaying Saber [ မြန်မာနိုင်ငံကလူတွေအခေါ် - နဂါးနိုင်ဓား ] ထဲကဇာတ်ကောင်ပါ သူမက သီလရှင်သာဖြစ်နေတာ တစ်ကိုယ်ကောင်းဆန်ပြီး သူမထင်တာမှန်ရင်အဲ့ဒီအတိုင်းလုပ်တဲ့သူမျိုးပါ စည်းကမ်းလည်းမတရားကြီးပြီးရက်စက်ပါတယ် သူမ မကောင်းဘူးထင်ရင် သူမ အချစ်ဆုံးတပည့်တင်မကဘူး သူမကိုယ်သူမ စတေးပစ်ဖို့တောင်၀င်မလေးတဲ့သူမျိုးပါ ]


သူမသာ မင်းကိုဖမ်းမိသွားတာနဲ့ မင်းတော့ သေပြီပဲ။


မင်းအသက်ရှင်နေဦးမယ်ဆိုရင်တောင် မင်းတွေ့ကြုံခဲ့ရတာတွေက ချီးထွက်ကျသွားနိုင်တယ်...။


“ငါပြောလိုက်တာ အရမ်းရယ်စရာကောင်းနေလို့လား” အင်္ဂလိပ်ဆရာမက သူ့ကိုစပြီး ကျိမ်းမောင်းတော့သည်။


ရှုနဥ်က ပလုတ်တုတ်လေးကဲ့သို့ပင် သူ့ခေါင်းကို ခါလိုက်သည်။


“မင်းအခု ဘာတွေ ကြည့်နေတာလဲ။”


“ကျွန်...ကျွန်တော် ဘာမှ မကြည့်ပါဘူး။”


“ငါမင်းကိုထပ်မေးမယ် မင်း ဘာတွေကြည့်နေတာလဲ”


အင်္ဂလိပ်ဆရာမက ထိတ်လန့်ဖွယ်အရှိန်ဖြင့် အနားရောက်လာတာကို တွေ့လိုက်သည်နှင့် ရှုနဉ် ရှုံးနိမ့်တာကို ဝန်ခံပြီး ကိုယ်တိုင်ပဲ အရှုံးပေးလိုက်ရသည်။


”ကျွန်တော့်ရဲ့ဖုန်းကိုပါ”


“တော်တော်မှ စိတ်ဝင်စားဖို့ကောင်းရဲ့လား။”


ရှုနဉ်အမြန်ပဲ အသနားခံလိုက်ပသည်။


”ဆရာမ ကျွန်တော်မှားပါတယ်။”


အင်္ဂလိပ်ဆရာမက သူ့ဆီလာပြီး စားပွဲခုံအောက်မှဖုန်းကို အပြင်သို့ထုတ်လိုက်သည်။ထို့နောက် ဖုန်းကို သူ့ဆီ ကမ်းပေးလိုက်သည်။ 


“လော့ ဖွင့်လိုက်။”


ရှုနဉ်လည်း စိတ်ပျက်လက်ပျက်နှင့် လော့ ဖွင့်လိုက်ပြီး နောက် ဗီဒီယို မျက်နှာပြင်က ပေါ်ထွက်လာသည်။


“မဟာဩဂတ်လား မင်းကအတန်းထဲမှာ တီဗီ ဇာတ်လမ်းတွဲ ကြည့်နေတာလား”


အင်္ဂလိပ်ဆရာမက ဖုန်းအသံကို ချဲ့လိုက်သည်။ဇာတ်ကားအတွင်းမှ ဓါးချင်းခုတ်သံများပေါ်ထွက်လာသည်။


ချလွင်-ချလွင်-ချလွင် ဟူသည့်အသံများက ဖုန်းလေးထဲမှ ထွက်ပေါ်လာသည်။


”ဟမ့် မင်းက အပိုင်းဆယ့်ငါးကိုတောင်ရောက်နေပြီပဲ ရှုနဉ် မင်းက ခုနှစ်တန်းကိုတောင်ရောက်နေပြီလေ ဘာလို့ကလေးဆန်ပြီး ပျင်းဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲကို ကြည့်နေရသေးတာလဲ”


ရှုနဉ် အစကတော့ သူ့အမှားကိုဝန်ခံပြီး တောင်းပန်ဖို့ စီစဉ်ထားခဲ့ပေမဲ့ သူမထိုသို့ ပြောတာကိုကြားပြီးနောက် သူတိတ်မနေနိုင်တော့။


ဗီလိန်လေးက ထို တီဗီဇာတ်လမ်းတွဲမှ သူ့ရဲ့ ခြေထောက်လှုပ်သည့် အလေ့အကျင့်ကို သင်ယူခဲ့တာကို သူနားလည်သည်။ဇာတ်လမ်းတွဲ၏ဇာတ်ကြောင်းကို ကြည့်လိုက်လျှင် ဗီလိန်လေးဘာကြောင့် ယခုလို အမှိုက်ဇာတ်လမ်းတွဲကို ကြိုက်မှန်း သူနားလည်ဖို့ မခက်တော့ပေ။သူ့ခြေထောက်လှုပ်သည့်အကျင့်က မကောင်းဘူးလို့ပြောဖို့ အဆင်ပြေသော်လည်း သူစိတ်ဝင်စားသည့်အရာကို ပုတ်ခတ်တာကတော့ အဆင်မပြေပေ။


ရှုနဉ်က ဗီလိန်လေးကို ခိုးကြည့်လိုက်သည်။ဗီလိန်လေးက သူနှင့်ဆရာမကိုသာ စိုက်၍ကြည့်နေတာကိုတွေ့လိုက်ရသည်။


ထိုဟာက သူနှင့် ဗီလိန်လေး၏ မကျေနပ်မှုကို ရှင်းလင်းရန် အခွင့်ကောင်းတစ်ခုဖြစ်မှန်း ရှုနဥ် သဘောပေါက်လိုက်သည်။


သူက သူ့အင်္ကျီကို သေသပ်အောင်ပြုပြင်လိုက်ရင်း “ဆရာမ စွန်း ကျွန်တော့်ကိုစော်ကားလို့ရပေမဲ့ မဟာသြဂတ် ကိုတော့ စော်ကားလို့မရဘူး မဟာဩဂတ်က သူ့အမေကို နတ်ဆိုးဘုရင်ရဲ့လက်ကနေ ကယ်တင်ဖို့အတွက် အလက်အခဲနဲ့ အန္တရာယ်အများကြီးကို ရင်ဆိုင်ခဲ့တယ် သူ့ရဲ့ သန်မာပြီး အလျော့မပေးတတ်တဲ့စိတ်ဓါတ်က ငြီးငွေ့ပြီး ကလေးမဆန်ပါဘူး အဲ့ဒါက လေ့လာဖို့ ထိုက်တန်ပါတယ်”


သူ့ရဲ့စကားလုံးတွေက ခံစားချက်အပြည့်နှင့်ဖြစ်သည်။


အင်္ဂလိပ်ဆရာမက အံ့အားသင့်သွားသည်။


တစ်တန်းလုံးလဲ အံ့အားသင့်သွားကြသည်။


သူတို့ကို တိတ်တဆိတ် ကြည့်နေတဲ့ ဗီလိန်လေးတောင်မှ အံ့အားသင့်သွားသည်။


ရှုနဉ်က အတန်းထဲရှိလူများ၏ မျက်လုံးများထဲမှ မတူညီသည့် စိတ်ခံစားချက် သုံးမျိုးကို သူဖတ်ရှုလိုက်နိုင်သည်။


အင်္ဂလိပ်စာဆရာမ “ ဝှက်သယ်ဖက် ”


အတန်းဖော်များ “ခွေးကောင်”


ဗီလိန်လေး-“သူက မဟာဩဂတ်ကို တကယ်ကြီးကြိုက်တာလား”


ထိုအချိန်၌ ရှုနဉ်မှာ သူက တစ်ကမ္ဘာလုံးနှင့်ဆန့်ကျင်ပြီး ဟိမဝန္တာတောင်ထိပ်၌ရပ်နေသကဲ့သို့ခံစားလိုက်ရသည်။


သူက “ငါက တစ်ကမ္ဘာလုံးမှာ နံပါတ်တစ်ပဲ” ”ငါဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ငါက မဟာဩဂတ်ရဲ့ဖန်ပဲ” ဟူသည့် သူရဲကောင်းဆန်ဆန် ခံစားချက်မျိုးကို ရလိုက်၏။


ထို့ကြောင့် သူ့ခြေထောက်ကိုဆန့်ထုတ်လိုက်ပြီးနောက် လှောင်ပြုံး ပြုံးကာ သူ့ခြေထောက်များကို လှုပ်ယမ်းပြလိုက်တော့သည်။ 


(T/N - Chuuni disease ဖြစ်နေတာ ဗီလိန်လေးလား ရှင်လားတောင် မသဲကွဲတော့ပါလား ရှုနဉ်ရယ်) 

[ ZuZu - ရယ်ရတာသေတော့မယ် ]

______


ကြီးမြတ်လှတဲ့ “မဟာ ရှုနဉ် "ကတော့ သူ့မိဘတွေ အခေါ်ခံလိုက်ရသည်။မာမားချိုက်က အတန်းပိုင်ဆရာမရဲ့ တရားဟောပြီး အကြံဉာဏ်ပေးတာတွေကို လေးလေးနက်နက် နားထောင်နေရင်း တချိန်ထဲမှာပဲ သူမရဲ့ မျက်လုံးကနေတဆင့် ရှုနဉ်ကို အပိုင်းပိုင်း ဖြတ်ချင်သလို ကြည့်နေသည်။


ရှုနဉ်က သူ့အမြှီးကို ခြေထောက်ကြားထဲတွင် အသာလေး ဝှက်ထားလိုက်သည်။ အမှားလုပ်မိသည့် ဟက်စကီး တစ်ကောင်နှယ်။


နာရီဝက်ကြာ အဆုံးအမ ခံပြီးချိန်တွင်တော့ မာမားချိုက်က “မဟာရှုနဉ်”၏နားရွက်ကိုဆွဲ၍ ရုံးခန်းထဲမှ ထွက်လာတော့သည်။


“ဘုရားရေ ပထမဆုံး မင်းက ဆံပင်ကိုအရောင်ဆိုးတယ် ပြီးတော့ မင်းတော့ အတန်းထဲမှာတောင် ဇာတ်ကားကြည့်လိုက်သေးတယ် ဇာတ်ကားကြည့်ရုံပဲတောင်မဟုတ်ပဲ မင်းက ဆရာမကိုတောင်ဆန့်ကျင်လိုက်သေးတယ်ပေါ့လေ ဟုတ်စ”


“မစ္စချိုက် မစ္စချိုက် တော်ပါတော့ ကျွန်တော့်နား ပြတ်ကျတော့မယ်”


[ ရှုနဥ်ကသူ့အမေကိုအဲ့ဒီလိုပဲခေါ်တာပါနော် မစ္စချိုက် ဆိုပြီး ]


မစ္စချိုက်က သူ့ရဲ့အော်ဟစ်သံကိုနားထောင်ပြီး နားရွက်ကို ပို၍ပင် ဆွဲလိမ်လိုက်သည်။


“နာတယ် နာတယ်။” ရှုနဥ် အော်ဟစ်သံက မြေကြီးပင် တုန်သွားသည်။


“ပြော...နောက်ဆို မင်းရဲ့ဆရာကို ဆန့်ကျင်ဦးမှာလား။”


“မလုပ်ပါဘူး မလုပ်တော့ပါဘူး။”


“အတန်းထဲမှာ ဇာတ်ကားကြည့်ဦးမှာလား။”


“မကြည့်ဘူး မကြည့်ဘူး မကြည့်တော့ပါဘူး။”


“ပြီးတော့ ဆေးဆိုးထားတဲ့ဆံပင်ကိုရောဘယ်လိုလုပ်မလဲ”


“……..”


မစ္စချိုက်က အရမ်းစိတ်ဆိုးသွားသည်။ နားရွက်ဆွဲမည့်အစား ခါးနားရှိ ယားတတ်သည့်နေရာနားကို ဆွဲဆိတ်လိုက်သည်။


ရှုနဉ် အော်ဟစ် ရယ်မောလိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့မျက်နှာပေါ်၌ နာကျင်သည့်အမူအယာပေါ်လာသည်။


အမေတွေက သူ့ကလေးရဲ့အားနည်းချက်ကို အကောင်းဆုံး သိတယ်ဆိုတာ တကယ်သေချာသည်။သူမက သူအနာကျင်ဆုံးဖြစ်မဲ့နေရာကို ကောင်းကောင်းရွေးချယ်ခဲ့ပေမဲ့ သူ့ကို တကယ်တမ်း အရမ်းကြီးတော့ မနာကျင်စေခဲ့ပေ။


“ကျွန်တော်မဆိုးရဲတော့ပါဘူး မလုပ်တော့ပါဘူး။”


ရှုနဉ်က သူမကို အာမခံပေးလိုက်သည်။


”ချိုက်ချိုက်ကသာ အလှပဆုံး ချိုက်ချိုက်ကသာ အမေတက အမေတွထဲမှာ အကောင်းဆုံးနဲ့အတော်ဆုံး ကျေးဇူးပြုပြီး အခုကျွန်တော်ကို သွားခွင့်ပြုပါတော့ မားရဲ့သားလေးက မားကို အရမ်းချစ်တယ်လေနော် မွမွမွ”


ရှုနဉ်နှင့် သဘောတူညီချက်ယူပြီးတဲ့နောက် မစ္စချိုက်က သူ့ကိုလွှတ်ပေးလိုက်ပြီးနောက် ပြန်သွားသည်။


ရှုနဉ်က သူ့နားရွက်တွေကိုပွတ်လိုက်ပြီး အတန်းဆီသို့ပြန်သွားသည်။


လူတိုင်းက သူအနောက်တွင်ရွှေရောင်စက်ဝန်းရှိနေသည့် အာဇာနည်ကဲ့သို့ သူ့ကို ဝိုင်းကြည့်နေကြ၏။


“ကလပ်”


လုံချောင်းက စ၍လက်ခုပ်တီးလိုက်သည်။


တခြားသူများကလဲ လိုက်၍ လက်ခုပ်တီးကြသည်။


နောက်ဆုံးတွင် တစ်တန်းလုံးက သူ့အားလက်ခုပ်ဩဘာပေးကြတော့သည်။


ရှုနဥ်က ဗီလိန်လေးအားကြည့်လိုက်သောအခါ ဗီလိန်လေးက သူ့အားထူးထူးဆန်းဆန်းအကြည့်ဖြင့်ကြည့်နေတာကိုတွေ့လိုက်ရသည်။


ရှုနဉ်က သူ့အား”မင်းဘယ်လိုထင်လဲ ငါအရမ်းမိုက်တယ်မလား”ဟူသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။


သူက ဗီလိန်လေးဆီမှ အသိအမှတ်ပြုမှုကိုမျှော်လင့်ခဲ့သော်လည်း သူသာစိတ်ပျက်သွားရသည်။ဗီလိန်လေးက အဝေးကိုကြည့်ကာ စာဖတ်ရန်အတွက် ခေါင်းငုံ့လိုက်သည်။


ဟမ်...


ငါက “မဟာဩဂတ်”ကို ကြိုက်နှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့ပါတယ်..။ ဘာလို့ သူက လုံးဝအဖတ်မလုပ်ရတုန်း...။


ရှုနဉ်က သူ့ထိုင်ခုံဆီသို့ ပြန်လျှောက်လာရင်းတွေးလိုက်မိသည်။


”ငါသုံးတဲ့နည်းလမ်းက မှားသွားတာများလား”


တူညီသည့်ဝါသနာတစ်ခုရှိခြင်းက ယောကျ်ားလေးနှစ်ယောက်ကြားတွင် ခင်မင်မှုရရှိစေရန် အမြန်ဆုံးနည်းလမ်းဟု သူထင်ခဲ့သည်။ယင်းက ကလေးတွေ အာထရာမန်းကိုကြည့်ပြီး သူငယ်ချင်းဖြစ်သွားကြတဲ့ ပုံစံမျိုးနှင့်တူသည်။


ဗီလိန်လေးကကြတော့ ဘာလို့မတူရတာလဲ။


သူငယ်ချင်းမိတ်ဖွဲ့သည့်နည်းဗျူဟာက ကျရှုံးသွားပြန်၏။


ငါတို့တွေ သူငယ်ချင်းမဖြစ်နိုင်တော့ဘူးဆိုကထဲက ရန်သူတွေပဲဖြစ်လိုက်ကြရအောင်လေ...။


ရှုနဉ်က “မဟာဩဂတ်”ကြောင့် သီလရှင် မြဲ့ကြွယ် ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သဖြင့် လူတိုင်းက “မဟာဩဂတ်”က ဘယ်လိုဇာတ်လမ်းတွဲမျိုးလဲဆိုတာကိုသိချင်သွားပြီး သွားကြည့်လိုက်ကြသည်။


သေချာပေါက်ကိုပဲ ထို အမှိုက် *Chuunibyou တီဗီဇာတ်လမ်းတွဲက ခုနှစ်တန်းကျောင်းသားများကြားတွင် နံမည်ကြီးသွားသည်။ယောင်္ကျားလေးတွေကြားမှာပဲ နံမည်ကြီးတာမဟုတ်၊ တချို့မိန်းကလေးများပင် ထိုဇာတ်လမ်းကို ကြည့်ရှုကြသည်။


ရှုနဉ်က ရည်းစားစာတစ်စောင်ရခဲ့သည်။ လှို့ဝှက်စာရေးသူက ပန်းရောင်စာရွက်ပေါ်တွင် သူ၏ဝါသနာမှာလဲ “မဟာဩဂတ်”ကို ကြည့်ရတာကြိုက်ခြင်းဖြစ်ကြောင်း အသေအချာအသားပေး ရေးထားပေသည်။ 


ရှင်းရှင်းလင်းလင်းကိုပဲ တူညီသည့်ဝါသနာပေါ်တွင် အခြေခံ၍ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။


Pooh...


ဒီနည်းလမ်းက သူ့အပေါ်မှာ အလုပ်မဖြစ်ဘူး...။ သူက ဗီလိန်လေးအပေါ်ကို အဲ့ဒီနည်းလမ်းသုံးတုန်းကတောင် အဆင်မပြေတာကို သူ့အပေါ် ဒီနည်းလမ်း သုံးလို့အလုပ်ဖြစ်မယ်လို့ ဒီမိန်းကလေး ဘယ်လိုများတွေးလိုက်ပါလိမ့်။


သူက ရည်းစားစာကိုဆုတ်ဖြဲလိုက်ပြီး အနီးရှိအမှိုက်ပုံးထဲသို့ထည့်လိုက်သည်။


“မဟာဩဂတ်”က လုံပန်းရှာအလယ်တန်းကျောင်း၌ရေပန်းစားလာပြီး ခြေထောက်လှုပ်ခြင်းကလဲ ကျောင်းသားများအကြား၌ရေပန်းစားလာသည်။


ထို့နောက် ကောင်လေးများက အရင်တုန်းက သတိမထားမိသည့် အသေးစိတ်အချက်များကိုသတိပြုမိလာကြသည်။


“ပြောရရင် ယင်းမင်ကျန်းက ငါတို့အတန်းမှာ ပထမဆုံးခြေထောက်လှုပ်တဲ့သူပဲ ဟုတ်တယ်မလား။”


“သူက အဲ့လိုအပြုံးလဲ ပြုံးတတ်တယ်” လှောင်ပြုံးပြုံးတတ်ဖို့အကောင်ဆုံးကြိုးစားနေသည့်ကောင်လေးက ပြောလိုက်၏။


“သူလဲမဟာဩဂတ်ကိုကြည့်တာလား”


“သူ့ရဲ့အရင်ကဆံပင်ပုံစံက မဟာဩဂတ်ထဲကတစ်ယောက်ရဲ့ဆံပင်ပုံစံနဲ့တူတယ်လို့ မထင်ဘူးလား”


“တကယ်ကြီးဟုတ်တာပဲ”


ကောင်လေးတွေက လျှောက်လမ်းမှာစကားပြောနေကြသည်။


“မပြောနဲ့တော့ သူရောက်လာပြီ။”


ကောင်လေးအုပ်စုက စကားပြောတာကို ရပ်လိုက်သည်။


ယင်းမင်ကျန်းနှင့်ရှုနဉ်က သန့်စင်ခန်းထဲကနေ ရှေ့ဆင့်နောက်ဆင့်ထွက်လာပြီး အတန်းဆီသို့ဖြေးဖြေးချင်း ပြန်လာနေကြသည်။သဘာဝကျကျပဲ သူတို့ကကောင်လေးတွေပြောနေတာကို ကြားလိုက်၏။


ယင်းမင်ကျန်းက သူတို့ကို လျစ်လျူရှုလိုက်ပြီး စာသင်ခန်း နောက်တံခါးဆီသို့သာ ဦးတည်လိုက်သည်။


ယောကျ်ားလေးတွေထဲမှာ အသက်ဆက်ရှင်ရမှာ ပင်ပန်းနေတဲ့ အတန်းထဲက လူပျက် တစ်ယောက်တော့ ရှိသည်။သူက ရုတ်တရက်ကြီး ယင်းမင်ကျန်းအရှေ့သို့ခုန်ထွက်လိုက်ပြီး ခြေထောက်တစ်ဖက်ကိုချဲ၍ လှောင်ပြုံးပြုံးလိုက်ပြီး သူ့ခြေထောက်ကို စတင်လှုပ်ယမ်းပြလိုက်သည်။


သေစမ်း...


ရှုနဉ် အသက်ရှုကြပ်သွားရသည်။


ယင်းမင်ကျန်းက ခဏလောက် ကြက်သေသေသွားပြီး ထို့နောက် သူ့မျက်နှာက ဖြည်းဖြည်းချင်း နီရဲလာသည်။သူ့ရဲ့ မသိစိတ်ကနေ ထိုသူ့ခြေထောက်ကို ဆွဲဖယ်လိုက်ချင်ပေမဲ့ တဖက်လူက သူ့ခြေထောက်ကို စလှုပ်နေပြီဖြစ်သည်။


သူ့ခြေထောက်ကိုလှုပ်ယမ်းတာ လှောင်ပြုံးပြုံတာတွေက အခုအရေးမပါတော့ဘူး။


တစ်ဖက်လူက သူ့ကိုအလဲထိုးလိုက်ပြီဖြစ်သည်။


ထို့အပြင် တစ်ဖက်လူက သူ့အရှေ့မှာရည်ရွယ်ချက်ရှိရှိဖြင့်လုပ်နေတာပင်။


သူ့ကို လာပြီး လှောင်ပြောင်နေတာလား...။


ယင်းမင်ကျန်း မျက်နှာက ပိုပို၍နီရဲလာသည်။


သူ့ရဲ့ အထိန်းအမှတ်ပုံစံက လုယူခံ လိုက်ရပြီးသူ့ကို လှောင်ပြောင်သည့်လက်နက်ဖြစ်လာသည်။ယခုမူ သူက တခြားသူများကိုခြိမ်းခြောက်ပြီး လွှမ်းမိုးပြရန်နှင့် သူ့ကိုယ်သူဖော်ပြရန် မည်သည့်အမူအရာကိုဖော်ပြရမည်မှန်း မသိတော့ပေ။


ဗီလိန်လေးက သူ့ရဲ့ဆံပင်ကိုညှပ်လိုက်တာကြောင့်သူ့မှာ”ကျောင်းလူဆိုး”ရဲ့ ပုံစံမျိုးမရှိတော့။သူ့ရဲ့ မျက်နှာပုံသဏ္ဍာန်က သိမ်မွေ့ပြီးလှပသည်။


သူ့ရဲ့အရပ်ကအရမ်းလည်းမရှည်၊ အခြေခံကျကျပြောရမည်ဆိုလျှင် သူက လုံးဝ ခြိမ်းခြောက်နိုင်တဲ့ပုံမပေါ်တော့ဘူး။


ယခုမူသူ့ရဲ့ ခြိမ်းခြောက်တဲ့အမူအရာတွေပါ အခိုးခံလိုက်ရပြီဖြစ်သည်။သူ ထိုနေရာ၌အကြောင်သားလေးရပ်နေမိပြီး သူ့အသားအရေကမူ ဒေါသကြောင့် နီမြန်းလာသည်။


သူရဲ့ပွက်ပွက်ဆူနေသော ဒေါသကြောင့် သူ့အနက်ရောင် မျက်၀န်းတွေမှာ စိုစွတ်လာသည်။အပြာနှင့်အဖြူရောင်ကျောင်းဝတ်စုံက သူကို ပိန်ပိန်ပါးပါးနှင့် ခပ်ယဲ့ယဲ့အားနည်းပုံနေပေါ်စေသည်။


သူပုံစံလေးက အရမ်းဖြူစင်ပြီးသနားစဖွယ်ကောင်းနေသည်။


ကျောင်းသားအုပ်စုလည်း အံ့အားသင့်သွားရသည်။


ရှုနဉ်က ဗီလိန်လေးအရှက်ရသွားတာကို နားလည်သောကြောင့် သူ့အရှေ့သို့တက်ကာဗီလိန်လေးကို ဘေးသို့တွန်းထုတ်လိုက်သည်။ထို့နောက် ဒေါသတကြီးဖြင့် သူ့မျက်ခုံးကိုပင့်လိုက်ကာ ခြေထောက်ထုတ်၍ စတင်လှုပ်ယမ်းတော့သည်။


”လာစမ်းပါ...ဘယ်သူကပိုကောင်းလဲ ကြည့်ရအောင်”


အတန်းရဲ့လူပျက်က ရယ်မောလိုက်သည်။သူက ဘယ်သူ့ကိုမှ အနိုင်ကျင့်ဖို့ မရည်ရွယ်ခဲ့ပေ။


သူ့ဘာဘာမိမိုက်စေလို၍အစပြုလိုက်ခြင်းသာဖြစ်ပြီး ယင်းမင်ကျန်း၏တုံ့ပြန်မှုက သူ့ကို အနည်းငယ်အဆင်မပြေသည့်အနေအထားကို ရောက်သွားစေခဲ့သည်။


ယခုမူ ရှုနဉ်က ထွက်လာပြီး ပုံမှန်ပဲ သူ့ခြေထောက်များကို သူနှင့်အပြိုင်လိုက်၍ လှုပ်ယမ်းလာသဖြင့်ကျေနပ်သွားတော့သည်။


တခြားကောင်လေးများကလည်း ရယ်မောပြီး အတူပါဝင်လာကြသည်။ကောင်လေးအုပ်စုက သူတို့ခြေထောက်များကိုလှုပ်ယမ်းနေရင်း ရယ်မောနေကြ၏။


ယင်းမင်ကျန်းက သူ့ထိုင်ခုံဆီသိုပြန်သွားပြီး လျှောက်လမ်းရှိကောင်လေးများကို စူးရှစွာကြည့်လိုက်သည်။အနာဂတ်တွင် သူ့ခြေထောက်များကို ဘယ်သောအခါမှ မလှုပ်တော့ဟု သူ့ကိုယ်သူ ကျိန်ဆိုလိုက်သည်။


ရယ်မောသံများက ဓါးတစ်လက်ကဲ့သို့ ထက်ရှပြီး သူနှလုံးသားကို ထိုးစိုက်နေသည်။


သူနားမလည်တော့ချေ။မဟာဩဂတ်ကိုကြိုက်တာဘာမှားလို့လဲ...။သူ့ခြေထောက်တွေကိုလှုပ်ယမ်းတာကရော ဘာမှားနေလို့လဲ။


အဲ့ဒီအမူအရာက မမိမိုက်လို့လား...။


အမှန်ပဲ...အဲ့ဒါက အရမ်း မိုက်တယ်။


သို့ပေမဲ့ ယခုမူ ထိုဟာကိုတခြားသူတွေယူသွားပြီ။


ပြီးတော့ သူက ရယ်စရာကောင်တောင်ဖြစ်သွားသေးသည်။


ယင်းမင်ကျန်းက တခြားသူများကိုလျစ်လျူရှုလိုက်ပြီး သူ့စားပွဲခုံပေါ်၌လှဲအိပ်လိုက်သည်။


ရှုနင်က ထိုနားတဝိုက်တွင် အရှုပ်တွေလုပ်ပြီးနောက် ပြသနာကြီ

းကြီးမားမားဖြစ်နေမှန်း သိလိုက်သည်။


မဟာဩဂတ်ရဲ့ခြေထောက်လှုပ်ခြင်းက ရေပန်းစားလာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ဗီလိန်လေးက စိတ်ထိခိုက်လွယ်သည်။ သူသာ လူအများကြီးက သူ့ကို အတုခိုး၍ခြေထောက်လိုက်လှုပ်နေပါက သူ့ကိုလှောင်ပြောင်နေသည်ဟု ထင်သွားနိုင်လောက်တယ်မလား။


ကောင်လေးတွေကြောင့် အခုမှ သူ နားလည်သဘောပေါက်သွားသည်။