အပိုင်း ၁၁
Viewers 9k

Chapter 11

ခိုးကြောင်ခိုးဝှက်ရိုက်ချက်


__

ကောင်လေးတွေကြောင့် အခုမှ သူ နားလည်သဘောပေါက်သွားသည်။


ယင်းမင်ကျန်းသည် ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံခြင်းကို ခံရပြီး ကြီးပျင်းလာသူဖြစ်သည်။


သူက “အနိုင်ကျင့်ခြင်း”နှင့် “စနောက်ခြင်း”ရဲ့ကွာခြားချက်ကို နားမလည်နိုင်လောက်ချေ။အကယ်၍ သူ့စိတ်ထဲ၌ထိခိုက်သွားလျှင် သူဆိုးဆိုးရွားရွားခံစားလိုက်ရနိုင်သည် မဟုတ်ပါလား။


ရှုနဉ်မှာ နှလုံးခုန်ရင်တုန် သွားရသည်။သူက ထိုင်ခုံသို့ပြန်သွားပြီး ဗီလိန်လေးအခြေအနေကို လေ့လာလိုက်သည်။


ရက်ပေါင်းများစွာကြာသည်အထိ ဆက်တိုက်ဆိုသလို ဗီလိန်လေးက သူ့ကို စကားများများမပြောခဲ့သလို အရင်တုန်းကလိုပဲ သိပ်တော့ မကွာခြားသွား၊ ယခုလည်းသူ့ကိုစကားမဆိုချေ။


ရှုနဉ်သတိပြုမိတဲ့တစ်ခုတည်းရောအရာကတော့ ဗီလိန်လေးက သူ့ခြေထောက်တွေကို မလှုပ်ယမ်းတော့တာပဲ။


ဗီလိန်လေးက သူ့ရဲ့ ခပ်ဆိုးဆိုးဆံပင်ပုံစံကို ညှပ်လိုက်ပြီးနောက် ကြည့်ရတာ သန့်ရှင်းလတ်ဆတ်နေသည်။ 


သူ့ခြေထောက်လှုပ်တာကိုလဲ ရပ်တန့်လိုက်ပြီဖြစ်တာကြောင့် သူ့ကို ကြည့်ရသည်မှာ ကောင်းမွန်တဲ့တိုးတက်မှုဖြစ်သင့်သော်လည်း ရှုနဉ်မှာ သူ့ကိုကြည့်ရတာ လူစုလူဝေးနှင့် ပိုပို၍ဝေးကွာသွားသလိုခံစားနေရသည်။သူက သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ ပိတ်ဆို့နေပြီးတခြားသူများနှင့် ဆက်ဆံရန် ငြင်းဆိုနေ၏။


ယင်းက ကောင်းသည့်ကိစ္စမဟုတ်ပေ။


နောက်ထပ် “ထောက်ပံ့ကြေး”ပေးရန်အချိန်သို့ရောက်လာခဲ့သည်။ရှုနဉ်က ကျိုးကျွမ်နှင့်တွေ့ဖို့အချိန်ကိုစီစဉ်လိုက်သည်။ထို့နောက် သူအိမ်မှာပဲ ညစာစားလိုက်သည်။တွေ့ရမည့်အချိန်သို့ရောက်သောအခါသူက ရက်ကွက်ပန်းခြံသို့အမြန်ပြေးသွားလိုက်ပြီး ရေပန်းနားတွင်စောင့်နေသည့် ကျိုးကျွမ်ကိုတွေ့လိုက်ရသည်။


သူက သူမကိုထုံးစံအတိုင်း ယွမ်နှစ်ရာပေးလိုက်သည်။


“ထောက်ပံ့တဲ့သူက အခုတလော ယင်းမင်ကျန်း ဘယ်လိုနေလဲ သိချင်နေတယ်” ဟု ရှုနဉ်က မေးလိုက်သည်။


ကျိုးကျွမ်က ချက်ချင်းဆိုသလို အလေးအနက်ထား ပြောလာသည်။


”သူက ဘာကိုသိချင်တာလဲ”


“ယင်းမင်ကျန်းက အန်တီ့ကိုအခုတလော တစ်ခုခုပြောသေးလား။”


“မပြောပါဘူး သူကတော့ အကုန်လုံးအဆင်ပြေပါတယ်လို့ပြောတာပဲ”


ရှုနဉ်က ခေါင်းခါလိုက်ပြီး “ ကျွန်တော်က သူ့ရဲ့ ထိုင်ခုံဖော်ပါ သူ့အခြေအနေသိပ်မကောင်းဘူးဆိုတာ ကျွန်တော်သိတယ် ကြည့်ရတာ ကျွန်တော်တို့အတန်းဖော်တွေက သူ မဟာဩဂတ်ကိုကြိုက်တယ်ဆိုတာ သိသွားကြတယ် ပြီးတော့သူတို့က သူခြေထောက်လှုပ်တဲ့အတိုင်း အတုခိုးပြီးလိုက်လုပ်နေကြတယ် သူက သူ့ကိုအတန်းဖော်တွေက အနိုင်ကျင့်နေကြတယ်လို့ ထင်လောက်တယ်”


ကျိုးကျွမ်က တုံဆိုင်းသွားပြီး”ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”


ရှုနဉ်က ပြောလိုက်သည်။


”သူက ငယ်ငယ်လေးထဲက ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်ခံခဲ့ရတယ် အန်တီမသိဘူးလား”


ကျိုးကျွမ်က ခေါင်းခါလိုက်သည်။


ရှုနဉ်က နည်းနည်းစိတ်တိုသွားမိသည်။


”အခုပဲ သူ့ဆီပြန်သွားပြီး ရှင်းပြလိုက်ပါ အတန်းဖော်တွေက သူ့ကိုလှောင်ပြောင်ဖို့ မရည်ရွယ်ပါဘူးလို့”


“စိတ်မပူပါနဲ့ ငါပြောလိုက်ပါ့မယ်” ကျိုးဟွမ်က ကတိပေးလိုက်သည်။


ရှုနဥ်က ယင်းမင်ကျန်းအား သူ့အကြောင်း ဘာမှထုတ်မပြောဖို့ နောက်တစ်ကြိမ်ထပ်သတိပေးလိုက်သည်။ထို့နောက် သူစိတ်ချလက်ချ ဖြစ်သွားသည်။


“စိတ်မပူပါနဲ့” ကျိုးကျွမ်က သူ့ကိုပြုံး၍ပြောလိုက်သည်။


ထို့နောက် သူမက ပလတ်စတစ်အိတ်ကို ကောက်ယူပြီး ပြန်ဖို့ပြင်လိုက်သည်။


ရှုနဉ်က ယင်းကိုမြင်သွားပြီး ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။


”အန်တီကျိုး ဘာတွေဝယ်လာတာလဲ”


ကျိုးကျွမ်ကပြောလိုက်သည်။


”မနက်ဖြန်ညစာအတွက် အာလူးနည်းနည်းဟင်းနုနွယ်နဲ့ အသီးအရွက်တွေပါ”


ရှုနဉ်က ခဏလောက် ထိတ်လန့်အံ့ဩသွားပြီး “အန်တီ ဘာအသားမှ မဝယ်ဘူးလား”


ကျိုးကျွမ်က အားတင်းပြုံးပြီး ခေါင်းခါလိုက်သည်။


”အသားကစျေးပိုကြီးလို့ ငါတို့မတတ်နိုင်ဘူး”


ရှုနဉ်က ယင်းမင်ကျန်းက သူ့အတန်းဖော်တွေထက် အသက်ပိုကြီးပေမဲ့ ဘာလို့များ သူ့အရပ်က အတူတူ ဖြစ်နေပြီး ပိန်နေရတာလဲဟု တွေးခဲ့ဖူးသည်။ရုတ်တရက်ကြီး ရှုနဉ်ရဲ့နှလုံးသားကနာကျင်သွားရသည်။


“သူနွားနို့ရောသောက်လား”ရှုနဉ်က မေးလိုက်သည်။


“နွားနို့လား”ကျိုးကျွမ်ကခေါင်းခါပြလိုက်သည်။


”ငါတို့မတတ်နိုင်ဘူး”


ရှုနဉ်က ဒေါသကိုထိန်းလိုက်ပြီး စပ်စုလိုက်သည်။


”ယင်းမင်ကျန်းကနွားနို့မသောက်ဘူးလား”


ကျိုးကျွမ်က ထောက်ပံ့ကြေး ရဖို့အတွက် ဘာမှ မစဉ်းစားဘဲ ပြောလိုက်သည်။


”သူက ငယ်ငယ်လေးတည်းက ဘယ်တော့မှ နွားနို့မသောက်ဘူးသူက နွားနို့အနံ့မခံနိုင်ဘူး”


“သူကနွားနို့မသောက်ဘူးလား သူက ဘာစားပြီး ကြီးလာတာလဲ။” ရှုနဉ်က မေးလိုက်သည်။


ကျိုးကျွမ်ကပြန်ဖြေသည်


”အဲ့ဒီတုန်းက ငါတို့လဲ ခက်ခဲတဲ့အခြေအနေဆိုတော့ သူ့ကိုပြောင်းယာဂုတို့ အဲ့လို ပုံစံတူအစားအသောက်တွေပဲကျွေးခဲ့တာ ဒါက ကျေးလက်မှာကလေးတွေကို ပျိုးထောင်တဲ့နည်းလမ်းပဲ ချမ်းသာတဲ့သူတွေက သူတို့နည်းနဲ့သူတို့ ပျိုးထောင်ကြပေမဲ့ ဆင်းရဲတဲ့သူတွေကတော့ ငါတို့လိုပဲ”


ရှုနဉ် သူ့ခေါင်းက ပေါက်ကွဲသွားတော့မည်ဟု ထင်လိုက်သည်။ဗီလိန်ကလေးက မွေးကထဲက ကလေးချင်း အလဲခံလိုက်ရယုံတင်မဟုတ်ဘဲ သူက နို့မှုန့်တောင် မသောက်နိုင်ခဲ့ဘူး။


ကလေးများက သူတို့ရဲ့ကြီးထွားရမဲ့ကာလမှာ အာဟာရလုံလောက်စွာရနိုင်ဖို့ အလွန်အရေးကြီးသည်။ကွန်မြူနစ်တော်လှန်ရေးမတိုင်ခင်က တရုတ်လူမျိုးအများစုသည် အရပ်အရမ်းမရှည်ခဲ့ကြချေ။နိုင်ငံခြားသားများက တရုတ်လူမျိုးများသည်မျိုးရိုးဗီဇကြောင့် ဘသာဝအတိုင်း အရပ်ပုသည်ဟု ထင်ခဲ့ကြသည်။ထိုသည်က အခြေအနေများကောင်းမွန်လာပြီး နောက် ကလေးများက အာဟာရပြည့်ဝလာပြီး အရပ်များလဲ ရှည်လာကြည့်အချိန်မရောက်ခင်အထိသာဖြစ်သည်။၎င်းကသာ ထင်ကြေးများကို ပျက်ပြယ်သွားစေသည့် တစ်ခုတည်းသောအရာဖြစ်သည်။


ပို၍ထူးဆန်းသည်က အရပ်ပုသောမိဘများက အရပ်ရှည်သည့်သားကလေးများ ရှိခြင်းဖြစ်သည်။ အကြောင်းရင်းကတော့ အရပ်ပုသည့်မိဘများက အရပ်ရှည်သည့် မျိုးရိုးဗီဇကိုပိုင်ဆိုင်ထားသော်လည်း အာဟာရချို့တဲ့ခဲ့သောကြောင့် သူတို့ အရပ်ပုသွားခဲ့ခြင်းဖြစ်သည်။သူတို့၏အခြေအနေ ကပိုကောင်းလာသောအခါ ကလေးကိုအာဟာရပြည့်ဝစွာကျွေးမွေးနိုင်သောကြောင့် ကလေးက သဘာဝကျစွာပဲ အရပ်ပိုရှည်လာခဲ့သည်။


ယနေ့ခေတ်တွင် နို့မသောက်သည့်ကလေး ဘယ်လိုများ ရှိနိုင်ပါ့မလဲ။


သိသိသာသာကိုပဲ သူမက သူနို့သောက်လား မသောက်ဘူးလားဆိုတာကို ဂရုမစိုက်ခဲ့ပေ။


ရှုနဉ်က ဒေါသများ ထွက်လာသည်။ ဗီလိန်လေး၏ ပုံမှန်ထက်ပုသောအရပ်အမောင်းနှင့် ပိန်ပါးသောခန္ဓာကိုယ်အကြောင်းကို စဉ်းစားကြည့်လျှင် အနာဂတ်တွင် သူအရပ်ရှည်မလာနိုင်မည်ကိုပင် သူရုတ်တရက်ကြီး စိုးရိမ်လာသည်။


“သူကနွားနို့အနံ့ကို မကြိုက်ဘူးလား”ရှုနဉ်က သူ့ဒေါသကိုဖိနှိပ်ပြီး မေးလိုက်သည်။


“သူပြောတာပဲလေ” ကျိုးကျွမ်က တုံဆိုင်းစွာပြောလိုက်သည်။


”ငါသူ့အတွက် တစ်ခါက နွားနို့ဝယ်ပေးခဲ့ပေမဲ့ သူက မသောက်ဘူးလို့ပြောတယ်။”


“အမ် ကျွန်တော်သိပြီ။” ရှုနဉ်က ခံစားချက်မဲ့စွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။


”အန်တီပြန်ရောက်ရင် သူ့ကို အားပေးဖို့ မမေ့နဲ့ဦး အတန်းဖော်တွေက သူ့ကိုခွဲခြားဆက်ဆံဖို့ မရည်ရွယ်တဲ့အကြောင်း ပြောပေးပ။”


“ဟုတ်ပြီ ငါနားလည်တယ်။”


ကျိုးကျွမ်က သူမရဲ့ ပစ္စည်းများကိုသယ်ပြီးထွက်သွားသည်။


ရှုနဉ်က ရေပန်းနားတွင် ခဏ ရပ်နေမိသည်။ထို့နောက် သူက ဖုန်းကိုဖွင့်လိုက်ပြီး အတန်းထဲက လူပျက်အပါအဝင် အရှုပ်လုပ်(စနောက်) ရတာကို ကြိုက်သည့် တခြားကောင်လေးများဖြင့် ဝီချက် အဖွဲ့ တစ်ခု ဖွဲ့လိုက်သည်။


“ဘာဖြစ်လို့လဲ ရှုကော” အတန်းလူပျက်က အရင်တုံပြန်လာသည်။


တခြားကောင်လေး အများအပြားလဲ ပေါ်ထွက်လာပြီး ပျော်ရွှင်စွာ စကားပြောလာကြသည်။


ရှုနဉ်က ဆူပွက်နေတဲ့ သူ့ရဲ့ခံစားချက်များကို ထိန်းလိုက်သည်။သူက အဖွဲ့စကားပြောခန်းထဲမှ စာများကိုကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ စာအိတ်နီများပို့လိုက်သည်။


“ဘုရားရေ အမိုက်စားပဲ”


“ကျေးဇူးတင်ပါတယ် သူဌေးရေ”


“ကျေးဇူးတင်ပါတယ် အဖေ”


ကောင်လေးတွေက စာအိတ်နီတွေကို အလုအယက်ပဲ လုနေကြသည်။စာအိတ်နီတွေထဲမှာ ဆယ်ဒေါ်လာရှိမှန်း သိလိုက်ရသောအခါ သူတို့ ကျေနပ်သည်ထက်ပင် ပိုသွား၏။


ရှုနင်က ငွေကြေးကိုအသုံးပြု၍သံတမာန်ခင်းခြင်းနည်းလမ်းကို ကောင်းကောင်းကျွမ်းကျင်သည်။လူတိုင်းက စာအိတ်နီယူပြီးသွားတာကို သူတွေ့သောအခါ ဆက်ပြောလိုက်သည်


”ငါ့ကောင်တို့ ငါတို့ ယင်းမင်ကျန်းကို အနိုင်ကျင့်နေတယ်လို့ တစ်ယောက်ယောက်ကထင်နေတယ်”


“ယင်းမင်ကျန်းက ငါ့ရဲ့သူငယ်ချင်းကောင်းပဲ ငါတို့ဒါကို ရှင်းအောင်လုပ်ရလိမ့်မယ်”


“မနက်ဖြန် ငါတို့တွေအကုန်လုံး သူ့ကိုတောင်းပန်ပြီး ငါတို့ကို ရယ်စရာဖြစ်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာ ပြောပြရမယ်”


ရှုနဉ်ရဲ့စကားက ကောင်လေးတွေကို ရှုပ်ထွေးသွားစေသည်။


”ဟမ်...ငါတို့က သူ့ကို ဘယ်လို လှောင်ပြောင်မိလို့လဲ”


“ငါတို့သူ့ကို ရယ်စရာမလုပ်မိပါဘူး”


ရှုနဉ်က ရှင်းပြလိုက်သည်။


”ငါတို့က ယင်းမင်ကျန်းကို ပုံစံတူကူးပြီး ခြေထောက်လှုပ်ခဲ့ကြတယ်လေ”


“ဒါလား ဒါက ဟာသလေးပဲမဟုတ်ဘူးလား”


ကောင်လေးတွေက စိတ်မချမ်းမသာဖြစ်သွားသည်။


ရှုနဉ်က သက်ပြင်းချလိုက်သည်။


”တစ်ယောက်ယောက်က နားလည်မှုလွဲပြီး ဆရာမကိုပြောလိုက်တယ် ငါသာ ဆရာမဆီသွားပြီး ငါတို့အတွက် မရှင်းပြပေးခဲ့ဘူးဆိုရင် ငါတို့ထပ်ပြီး အဆူခံရလိမ့်မယ်။”


ကောင်လေး တော်တော်များများက သူ့ကို နှစ်သိမ့်ပေးကြသည်။


ရှုနဉ်က ထပ်ပြောလိုက်သည်။


”တကယ်တမ်းကျတော့လဲ...မင်းတို့ပြန်ပြီးတွေးကြည့်မယ်ဆိုရင် ငါတို့ကမှားခဲ့ကြတာပဲလေ မဟုတ်ဘူးလား။”


“ရှုကော ငါတို့က ဘာအမှားလုပ်လိုက်မိလို့လဲ”


“ငါ အွန်လိုင်းမှာရှာကြည့်တော့လဲ သိသိသာသာကိုပဲ အတန်းဖော်တစ်ယောက်ရဲ့ လှုပ်ရှားပုံ၊အသံနဲ့ ကိုယ်နေဟန်ထားတွေကို လိုက်တုပကူးယူတာကလဲ အနိုင်ကျင့်ခြင်း တစ်မျိုးပဲတဲ့။”


ကောင်လေးအများစုက အံ့ဩသွားကြသည်။


”တကယ်ကြီးလား။”


ရှုနဥ်က မြန်မြန်ပဲ ဖိုရမ်တစ်ခုကိုဖွင့်လိုက်ပြီး ကျောင်းတွင်းအကြမ်းဖက်မှုနှင့်ပတ်သတ်သည့်အကောင်းအရာများကို ရှာဖွေလိုက်သည်။မဲအများဆုံးသောအဖြေများထဲမှ ပုံတူကူးခြင်းနှင့်အတုခိုးခြင်းအကြောင်းဖော်ပြထားသည့် တစ်ခုကို အဖွဲ့ထဲ့သို့ လင့် ပို့လိုက်သည်။


သူတို့ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပြင်းပြင်းထန်ထန်ငြင်းဆိုနေသည့်ကောင်လေးများလည်း တိတ်ဆိတ်သွားကြ၏။


အတန်းလူပျက်က ပြောလာသည်။


”ဒါဆိုလဲ မနက်ဖြန်ကျရင် သူ့ကိုရှင်းပြလိုက်ကြရအောင်။


ရှုနဉ်က သက်ပြင်းတစ်ချက်ချလိုက်သည်။တခြားအတန်းများတွင်လဲ အလားတူဖြစ်ရပ်မျိုး ဖြစ်နေနိုင်သည်မှာ သေချာသည်။ထို့ကြောင့် သူကခဏလောက်တွေးပြီးနောက် ကျောင်းဖိုရမ်၌ အမည်မသိ ပို့စ် တစ်ခုတင်လိုက်သည်။


“တခြားသူတစ်ဦး၏ အနေအထိုင်၊အပြုအမူကို အတုခိုးခြင်းက အကြမ်းဖက်မှုဟု ယူဆနိုင်ပါသလား။”


သူ ပို့စ်တင်ပြီးနောက် ရှုနဉ် အချိန်တော်တော်ကြာအောင်စောင့်နေသော်လည်း ပြန်လည်ဖြေဆိုသူ တစ်ဦးမှ မရှိခဲ့ပေ။


ထို့နောက် သူတခြားအကောင့်တစ်ခုကိုဖွင့်လိုက်ပြီး သူ့ကိုယ်ပိုင် ပို့စ်၌ပြန်ဖြေလိုက်သည်။


”Opပြောတဲ့ ကိစ္စကိုလဲ အနိုင်ကျင့်မှုထဲကို ထည့်တွက်လို့ရမယ်လို့ ကျွန်တော်ထင်တယ် ကျောင်းတွင်းအကြမ်းဖက်မှုဆိုတာက နှုတ်နဲ့ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ရုံကိုပဲ မဆိုလိုပါဘူး တခြားသူတစ်ယောက်ရဲ့ အပြုအမူကို လှောင်ပြောင်ခြင်းကလဲ အကြမ်းဖက်မှုဖြစ်နိုင်တယ်”


ထို့နောက် သူက တခြားဖိုရမ်များမှ ကျောင်းတွင်းအကြမ်းဖက်မှုနှင့်ပါတ်သတ်၍မဲပေးမှုများသည့် ပို့စ်အချို့၏ လင့်ခ် ကို ချပေးလိုက်သည်။


သူစာပြန်ပြီးနောက် ပေ့ချ် ကို ပြန်အသစ်စလိုက်သည်။


အောက်တွင် ကျောင်းသားများစာပြန်ပြီးဖြစ်နေသည်။


ကျောင်းတွင်းအကြမ်းဖက်ခြင်းကအမြဲတမ်းလိုလိုပင် အထိခိုက်မခံသည့်အကြောင်းအရာဖြစ်ပြီး ထိုပို့စ်က မကြာမီပင်လူပြောများသည့်အကြောင်းအရာဖြစ်လာ၏။ဆွေးနွေးသူအများအပြားရှိခဲ့ပြီး လူအများစုက တစ်စုံတစ်ဦး၏အပြုအမူကိုပုံတူကူးပြီးစနောက်ခြင်းက ကျောင်းတွင်းအကြမ်းဖက်မှု အမျိုးအစားတစ်ခုဖြစ်မှန်း သဘောတူလာကြသည်။


အကြောင်းအရာတွေက သူလိုချင်သည့် ဦးတည်ရာသို့ ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ ရှုနဉ်က ဖိုရမ်မှ ထွက်လိုက်ပြီး သူအလုပ်ကြိုးစားခဲ့မှုအပေါ် စိတ်ကျေနပ်သွား၏။


*******


“ငါ့အမေကို ငါကယ်ချင်တယ် ဘယ်သူမှ ငါ့ကိုမတားနိုင်ဘူး”


ယင်းမင်ကျန်းက သူ့ရဲ့အိပ်ယာပေါ်၌ တင်ပျဉ်ခွေထိုင်ကာ သူ့ဖုန်းကိုခေါက်စားပွဲပေါ်၌ တင်ထားသည်။၎င်းက မဟာဩဂတ် အပိုင်းဆယ့်ငါးကို ပြသနေသည်။သူက ဇာတ်လမ်းတစ်ပိုင်းလုံးကိုဂရုတစိုက်ကြည့်ရှုခဲ့သော်လည်း အထူးတလည်ရယ်စရာကောင်းသည်ကို ရှာမတွေ့ခဲ့ပေ။


သူက ကောမန့်ဘားကိုဖွင့်လိုက်သည်။မူလက ပြောင်ဖြစ်နေသော ဖုန်းမျက်နှာပြင်က ရုတ်တရက်ကြီး ကောမန့်များတိုးလာသည်။သူတို့အားလုံးပြောနေကြသည်က (လူတိုင်း ဒီဘုရားတရမဲ့ခြေထောက်လှုပ်တဲ့စကေးကိုလာကြည့်ကြပါဦး) သို့မဟုတ်(ဒီကိုလာပြီးခြေထောက်လှုပ်တဲ့အပိုင်းကို ကြည့်ကြစမ်းပါ) ဟူသည်များသာ တလျှောက်လုံးပြောဆိုနေကြသည်။


ကောမန့်တွေအကုန်လုံးက လှောင်ပြောင်ရယ်မောနေကြတာတွေသာ။


ယင်းမင်ကျန်းက နည်းနည်းတော့ စိတ်ထိခိုက်သွားသည်။ဩဂတ်က အရမ်းမိုက်ပြီး ချစ်စရာကောင်းတယ်လို့ သူထင်သည်။ထိုလူတွေက သူ့ကို ဘာလို့များလှောင်ပြောင်ရယ်မောနေကြတာလဲ။


ဧည့်ခန်းထဲက လူက တီဗီဖွင့်ထားသည်။သူက အခန်းအပြင်ဘက်၌နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် အရက်သောက်ရင်းတီဗီကြည့်နေသည်။သူ ကလေးဘဝကထဲက ယင်းမင်ကျန်းသည် နတ်ဆိုးဘုရင်ကြီးကို အနိုင်ယူပြီး သူ့အမေကိုကယ်တင်မည်ဟု အကြိမ်များစွာ စိတ်ကူးယဉ်ခဲ့ဖူး၏။


ဖြစ်နိုင်သည်ကတော့ ထိုဟာက အနိုင်ကျင့်ခံရသည့် မိသားစုမှ ယောကျ်ားလေးတိုင်း၏ အိမ်မက်ဖြစ်နိုင်သည်။


“မဟာဩဂတ်”က အထူးကောင်းမွန်သည့် တီဗီဇာတ်လမ်းတွဲ တစ်ခုဖြစ်ပေမယ့် ယင်းကိုကြည့်ရှုသူအများကြီးမရှိချေ။


သူကမူ ထိုဇာတ်လမ်းတွဲကို တိတ်တဆိတ်ပဲ ချစ်မြတ်နိုးမိသွားသည်။ဩဂတ်ကလဲသူ့လိုပဲ တူညီတဲ့အတွေးရှိသည်။သူက သူ့အမေကို နတ်ဆိုးဘုရင်ထံမှ ကယ်တင်ခဲ့သည်။သူက မှော်ပညာနှင့်ဓါးပညာ နှစ်မျိုးစလုံးကို တတ်ကျွမ်းသည်။တစ်ယောက်ယောက်က သူ့ကိုအနိုင်ကျင့်သည့်အခါတွင် သူ့ခြေထောက်ကိုလှုပ်ယမ်း၍ သူ့ကိုဆန့်ကျင်နေသည့်လောကကြီးကို ထိပ်တိုက်ရင်ဆိုင်လိမ့်မည်။


ပြောရမည်ဆိုလျှင် ဩဂတ်က အမြဲတမ်းလိုလို အထင်လွဲခံရပြီး အနိုင်ကျင့်ခံရတတ်သော်လည်း နောက်ဆုံးတွင်တော့ သူက အမြဲတမ်းမှန်ကန်ကြောင်း သက်သေပြနိုင်လိမ့်မည်။


သူက ဒီလောက်တောင်ကောင်းတဲ့လူလေ ဘာလို့လူတိုင်းက သူ့ကို မုန်းပြီး လှောင်ပြောင်နေကြတာလဲ...။


သူစတုတ္ထတန်းအရွယ်တုန်းက ယင်းချန်းက ရုတ်တရက်ကြီးဒေါသထွက်ကာ သူနှင့်သူ့အမေနှစ်ယောက်စလုံးကိုရိုက်နှက်ခဲ့သည်။ကျိုးကျွမ်က ငို၍ယင်းမင်ကျန်းကိုဖက်ထားပေးခဲ့သော်လည်း ယင်းမင်ကျန်းက သူဘာလုပ်လို့လုပ်ရမှန်းကို မသိခဲ့။


နောက်ပိုင်းတွင် သူက သူ့အမေဖုန်းကိုသုံးနေစဉ် ထိုတီဗီစီးရီးကို မတော်တဆ တွေ့မိသွားပြီး ဇာတ်ကြောင်းနှင့်ဇာတ်လိုက်ကို အမြန်ပဲ ချစ်မိသွားခဲ့၏။


အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်လောက်အောင် သူက ဩဂတ်ဖြစ် လာသည်ဟု စိတ်ကူးယဉ်ခဲ့သည်။ယင်းချန်းရဲ့ဆိုးယုတ်မှုတွေကို အနိုင်ယူပြီး သူ့အမေကိုခေါ်၍အိမ်မှ ထွက်လာကာ ဘယ်သောအခါမှ ပြန်မလာတော့ ဟု စိတ်ကူးယဉ်ခဲ့သည်။ကံမကောင်းစွာဖြင့် ထိုဟာက စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ခဲ့သည်။


သူကအရမ်းငယ်လွန်းသေးတယ်... သူ ယင်းချန်းကို မရိုက်နှက်နိုင်သေးဘူး။


သူ့ကျောင်းမှအတန်းဖော်များနှင့်

ကောမန့်နေရာမှ လူများက ခြေထောက်လှုပ်ခြင်းသည်မှားယွင်းပြီး ယင်းကိုပျက်ရယ်ပြု လှောင်ပြောင်ပြောဆိုနေကြသည်။


ကောင်းပြီလေ အခုကစပြီး သူခြေထောက်မလှုပ်တော့ဘူး။


ယင်းမင်ကျန်းက သူ့ဖုန်းကို ချလိုက်ပြီးတိတ်တဆိတ်ပဲ သူရဲ့အိမ်စာစာအုပ်ကို ထုတ်လိုက်သည်။