အပိုင်း ၁၂
Viewers 11k

Chapter 12

ခိုးကြောင်ခိုးဝှက်ရိုက်ချက်


အိမ်ခန်းတံခါးက ပွင့်သွားပြီး ကျိုးကျွမ်ဝင်လာသည်။


ယင်းမင်ကျန်းက မော့ကြည့်လိုက်သည်။ကျိုးကျွမ်ရဲ့ပုံစံက ဒီနေ့အနည်းငယ်ထူးခြားနေသည်။


သူမက မမေးခင် ယင်းမင်ကျန်းအား ခဏ ငေးကြည့်လိုက်ပြီး “မင်ကျန်း ဒီနေ့ကျောင်းမှာ မင်းကိုမပျော်မရွှင်ဖြစ်စေတဲ့ တစ်ခုခုများ ဖြစ်ခဲ့သေးလား။”


ယင်းမင်ကျန်းက ခဏလောက် ထိတ်လန့်သွားသည်။ထို့နောက် သူခေါင်းခါပြီး ဖြေလိုက်သည်။


”မရှိပါဘူး။”


ကျိုးကျွမ်က “အိုး”ဟုသာပြောလိုက်ပြီး သူမ ဆက်မမေးတော့ပေ။


သူမ ဤကလေးနှင့် ဘယ်လိုဆက်ဆံပြောဆိုရမည်မှန်းတကယ်မသိကြောင်းကို သူမ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။သူမ ဂရုမစိုက်မိတဲ့အချိန်အတောအတွင်းမှာပဲ ယင်းမင်ကျန်းက ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်အဖြစ် ကြီးပျင်းလာခဲ့ပြီဖြစ်သည်။


“ဒါဆို မင်းအနိုင်ကျင့်ခံရသေးလား”ကျိုးကျွမ်က ထပ်မေးလိုက်သည်။


ယင်းမင်ကျန်းက ခေါင်းခါပြလိုက်သည်။


”မခံရပါဘူး”


သူက အိမ်မှာဆို ပို၍ပင် စိတ်ရှည်သည်။


ကျိုးကျွမ်က ခဏလောက် ကိုးရို့ကားရား ဖြစ်စွာ မတ်တပ်ရပ်လိုက်မိသည်။


ထို့နောက် သူမက ယင်းမင်ကျန်းဆီမှ စကားပြောထွက်လာအောင် လုပ်ရန် ဆုံးဖြတ်လိုက်ပြီး”အမေကြားတာတော့ မင်းရဲ့တချို့အတန်းဖော်တွေက မင်းကို ပုံတူကူးနေကြတယ်ဆို ဖြစ်နိုင်တာက အဲ့ဒီအတန်းဖော်တွေက မင်းကို ရယ်စရာလုပ်ဖို့မရယ်ရွယ်ပါဘူး သူတို့က ဒီတိုင်း စနေကြတာမို့ စိတ်ထဲထည့်မနေပါနဲ့ “


ယင်းမင်ကျန်းက အပြုံးဖျော့ဖျော့လေးကို ဖော်ပြလိုက်သည်။ 


“ကျွန်တော်သိပြီ”


ကျိုးကျွမ်က နည်းနည်းလောက် စိတ်ဓါတ်ကျသွားသလိုခံစားလိုက်ရသည်။


“မင်းတကယ်အနိုင်ကျင့်ခံရတယ်ဆိုရင်လည်း အမေ့ကို ပြောလေ အမေက မင်းအကြောင်းကိုအရမ်းဂရုစိုက်ပါတယ်”


“အမ်း”


ကျိုးကျွမ်က ယင်းမင်ကျန်းနှင့်ဆက်သွယ်ပြောဆိုရာ၌ အရမ်း အဆင်မပြေချေ။ဤကလေးက အသက်ပိုကြီးလာသည်နှင့်အမျှ ပိုပို၍ ဝေးကွာလာသည်ဟု သူမခံစားလိုက်ရ၏။


သူမက ယွမ်နှစ်ရာကို ယင်းမင်ကျန်း၏အိပ်ရာပေါ်တွက် တင်ပြီးပြောလိုက်သည်။


”မင်ကျန်း နေ့လည်စာမုန့်ဖိုး”


ထို့သို့ပြောပြီးနောက် သူမက အခန်းထဲမှထွက်ပြီး တံခါးပိတ်လိုက်သည်။


ယင်းမင်ကျန်းက သူ့အိပ်ရာပေါ်ရှိ ယွမ်နှစ်ရာကိုကြည့်ရင်း သူ့မျက်လုံးများ ဖြည်းဖြည်းချင်း နီရဲလာသည်။


သူကယွမ်နှစ်ရာကိုယူပြီး သူ့ကျောင်းလွယ်အိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။


မကြာသေးမီကပင် မိသားစုက ပိုပို၍ ငွေရှာရန် ခက်ခဲလာသည်။နောက်ဆုံးအကြိမ်ကဆိုလျှင် ကျိုးကျွမ်ကသူ့ကို နေ့လည်စာဖိုးပင်မပေးခဲ့သောကြောင့် သူရက်အနည်းငယ်လောက် နေ့လည်စာ စားရန် မတတ်နိုင်ခဲ့ပေ။သူ့မိသားစုက ဆင်းရဲမှန်းသူသိသောကြောင့် ပိုက်ဆံအတွက်မမေးတော့ဘဲ ဗိုက်ဟောင်းလောင်းဖြင့်သာနေရန် သူဆုံးဖြတ်ခဲ့သည်။


သို့ပေမဲ့ တစ်နေ့တော့ ကျိုးကျွမ်က သူ့ကိုရုတ်တရက်ကြီးတောင်းပန်လာသည်။ယခင်က သူမကသူ့ကိုနေ့လည်စာဖိုးပေးရန်မေ့နေခဲ့တာဖြစ်သော်လည်း ယခုသူက အသက်ပိုကြီးလာပြီဖြစ်၍ကောင်းကောင်းစားရန်လိုအပ်သည်။ထိုအချိန်မှစ၍ သူ၏ တစ်ပါတ်စာ နေ့လည်စာမုန့်ဖိုးက ယွမ်ခြောက်ဆယ်ခန့်ရှိသည့် မုန့်စျေးတန်းတွင် စျေးအပေါဆုံးအစားအသောက်ကို ဝယ်စားနိုင်သည့် ယွမ်နှစ်ရာဖြစ်သွားခဲ့၏။


အတိတ်တုန်းကတော့ သူ့ရဲ့နေ့လည်စာ က ဆယ့်နှစ်ယွမ်သာကုန်ကျသည့် မုန့်စျေးတန်းရှိ အဆိုးရွားဆုံးအစားအသောက်ဖြစ်သည်။သို့ပေမဲ့ ယခုတော့ သူက ယွမ်နှစ်ဆယ် ၊သုံးဆယ်တန်နေ့လည်စာများကို တတ်နိုင်သည့်အပြင် ပိုက်ဆံအပိုပင် ကျန်နေသေးသည်။


အရမ်းကို ဇိမ်ခံလွန်းနေသည်။ 


မူလက သူ ယွမ်တစ်ရာသာ လိုချင်ခဲ့သော်လည်း ကျိုးကျွမ်က သူ့ကို သေချာပေါက် ယွမ်နှစ်ရာသာအတင်းပေးနေခဲ့သည်။


သူက ပိုက်ဆံကို ယူခဲ့သော်လည်း ကျိုးကျွမ်ရဲ့ ဝန်ထုပ်ဝန်ပိုးများကို ကူညီရန်အတွက် တစ်ပါတ်ကို ယွမ်တစ်ရာသာသုံးခဲ့သည်။ကျန်ငွေများကို ပိတ်ရက်များတွင် အသားနှင့်အသီးအရွက်များဝယ်ရန်အတွက် သူ စုဆောင်းထားခဲ့သည်။ထိုနည်းဖြင့် သူတို့အိမ်ရဲ့အစားအသောက်များ ပိုကောင်းလာအောင် သူလုပ်နိုင်မည်ဖြစ်သည်။


သူ ဟင်းသီးဟင်းရွက်များဝယ်နေတာကိုမြင်သောအခါ ကျိုးကျွမ်က တိတ်တဆိတ် သဘောတူလိုက်သည်။


ပိတ်ရက်များတွင် ယင်းမင်ကျန်းက နံရိုးအပိုများ၊ကြက်သား၊ဘဲသားနှင့် ကျိုးကျွမ် သူမကိုယ်တိုင်အတွက် မဝယ်သည့်တချို့ပစ္စည်းများကို ဝယ်လိမ့်မည်။ထို့နောက် သူ့မိသားစု အာဟာရပြည့်ဝစေရန်အတွက် အင်တာနက်မှ စွပ်ပြုတ်နှင့်မွှေကြော်များကို မည်သို့ပြုလုပ်ရမည်ကို သင်ယူလိမ့်မည်။


သူ့ဘဝတစ်လျှောက်လုံးနေခဲ့တာထက်ပို၍ သူစိတ်ကျေနပ်နေမိသည်။


ယခင်တုန်းကဆိုလျှင် ကျိုးကျွမ်က သူကျောင်း၌မည်သို့ နေကြောင်း အများကြီး မမေးဘူးပေ။ထို့ကြောင့်ပင် ကမ္ဘာပေါ်ရှိ ဘယ်သူကမှ သူ့ကိုဂရုမစိုက်တာကြောင့် သူ့အမေကပါ သူ့ကို ဂရုမစိုက်ဘူးဟု တစ်ခါတစ်ရံတွေးမိသည်အထိ ထင်ယောင်ထင်မှားဖြစ်လာခဲ့၏။


သို့သော်လည်း ယနေ့တွင်တော့ ကျိုးကျွမ်၏နှလုံးသားထဲတွင် သူရှိနေသေးကြောင်း သဘောပေါက်သွားရသည်။


သူမသာဂရုမစိုက်ဘူးဆိုလျှင် ကျောင်းကလူတွေက သူ့ခြေထောက်လှုပ်သည့်ပုံစံကို အတုခိုးနေမှန်း သူမဘယ်လိုလုပ် သိနိုင်ပါ့မလဲ။အတန်းပိုင်ဆရာမဆီမှ သူမ မတော်တဆ သိသွားတာ ဖြစ်နိုင်သည်။


ထိုအကြောင်းကိုသိပြီးနောက် သူနာကျင်ခံစားရမည်ကို အမှန်တကယ် စိုးရိမ်သောကြောင့် သူမက သူ့ကိုစကားပြောရန် လာခဲ့တာဖြစ်နိုင်၏။


သူ့အမေက သူ့ကို တိတ်တိတ်လေး ဂရုစိုက်ပေးတယ်..။


သူ ထိုအရာကို နားလည်သွားသောအခါ ယင်းမင်ကျန်းက သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။


သူ့အမေက သူ့ကို ဗိုက်ဆာစေမည်ထက် သူမကိုယ်တိုင်သာအငတ်ခံမည်ဖြစ်ပြီး သူကျောင်း၌ ဘာတွေလုပ်နေလဲ ဆိုသည်ကို တိတ်တဆိတ် စုံစမ်းနေခဲ့သည်။သူ့အပေါ်ထားသည့် သူ့အမေ၏အချစ်ကို သံသယဝင်ရန် ဘယ်လိုအကြောင်းပြချက်မျိုး သူ့မှာ ရှိသင့်လို့လဲ။


ယင်းမင်ကျန်းက သူ၏နွေးထွေးသည့်ကျောင်းလွယ်အိတ်ကို နွေးထွေးနေသည့်နှလုံးသားလေးဖြင့် ပွတ်သတ်လိုက်သည်။


နောက်တစ်နေ့ သူကျောင်းသို့ရောက်သောအခါ ယင်းမင်ကျန်း သူ့ခုံ၌ထိုင်လိုက်သည်။ရှုနဉ်ကိုကြည့်ရသည်မှာ သူ့ကိုစကားပြောချင်ပုံရသော်လည်း ယင်းမင်ကျန်းက သူ့ကိုလျစ်လျူရှုလိုက်သည်။


ကလေးဘဝကထဲက အပြင်လူတွေက သူ့ကိုအမြဲတမ်းငြင်းပယ်ခဲ့သည်။ကမ္ဘာကြီးက သူ့ကို နွေးထွေးမှုတချို့ပေးဖို့ သူမမျှော်လင့်ထားပေ။


သူ့မှာ သူ့အမေရှိနေသရွေ့ သူ လုံလောက်သည်။


သူ့အမေရဲ့ အချစ်နှင့်နားလည်ပေးမှုကို ပိုင်ဆိုင်နေသရွေ့ တခြားသူများ ဘယ်လိုထင်မည်ကို သူစိတ်မပူချေ။


ယင်းမင်ကျန်းက သူ့ကျောင်းလွယ်အိတ်ကိုစားပွဲခုံထဲသို့ထည့်လိုက်ပြီး သူ့ခေါင်းကိုငုံ့လိုက်သည်။သူ့ရဲ့ရှည်လျားသည့်မျက်တောင်များ တဖျက်ဖျက်ခတ်နေပြီး သူ့ဘေးပုံရိပ်က ချောမောလှပသည်။


ခဏအကြာတွင် တစ်ခုခုမှားနေသကဲ့သို့ သူခံစားလိုက်ရသည်။သူခေါင်းကိုမော့လိုက်ပြီးနောက် ကောင်လေးအများစုက သူ့ကိုဝန်းရံထားမှန်း သိလိုက်ရသည်။


“မင်းတို့ဘာလိုချင်လို့လဲ။” 


ယင်းမင်ကျန်းက မတ်တပ်ရပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးကမူ တင်းမာနေသည်။


ရန်ပွဲက သူကျင့်သားရနေသည့်အရာဖြစ်သောကြောင့် သူက တိုက်ခိုက်ရန် ဘယ်သောအခါမှ မကြောက်ပေ။ထိုအစားရန်ပွဲက သူအရင်းနှီးဆုံးဖြစ်သည့် ဆက်ဆံရေးနည်းလမ်းတစ်ခုဖြစ်သည်။


သူတိုက်ခိုက်ကာအလဲထိုးရန် ပြင်ဆင်နေသည့်အချိန်တွင် ကောင်လေးများက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ရုတ်တရက်ကြီး သူတို့အားလုံးက ခေါင်းငုံ့ကာ ဦးညွတ်ပြီးတောင်းပန်လာကြသည်။


“ငါတို့တောင်းပန်ပါတယ်”


“ငါတို့ မင်းကို ပုံတူမကူးခဲ့သင့်ပါဘူး။”


“ငါတို့မင်းကိုလှောင်ပြောင်ဖို့မရည်ရွယ်ပါဘူး။”


“တောင်းပန်ပါတယ်။”


ထို့နောက် သူတို့ထွက်ပြေးသွားကြတော့သည်။


ယင်းမင်ကျန်း “…..”


ယင်းမင်ကျန်းမည်သို့တုံ့ပြန်ရမည်ကို မသိတော့။သူ့ထိုင်ခုံပေါ်သို့ ဖြည်းဖြည်းချင်း ပြန်မထိုင်မှီ ယင်းမင်ကျန်းကခဏလောက်တွေဝေပြီး ရပ်နေမိသည်။


ကောင်လေးတွေက အဘယ့်ကြောင့် သူ့ကိုရုတ်တရက်ကြီး လာတောင်းပန်လဲ ဆိုတာ သူနားမလည်နိုင်တော့ဘူး။ တကယ့်ကို နားမလည်နိုင်စရာကောင်းနေ၏။


ဒါမျိုးကက သူရင်းနှီးသည့်ကိစ္စမျိုးမဟုတ်ချေ။


တခြားသူတွေက သူ့အပေါ် အမြဲတမ်းရန်လိုတတ်ကြသည်။သူက တခြားသူတွေရဲ့ ရန်လိုမှုကိုဘယ်လိုရင်ဆိုင်ရမလဲ သိသော်လဲ သူတို့ရဲ့ ကြင်နှာမှုနှင့် ကြုံလိုက်ရသည့်အခါတော့ သူလုံးဝရှုံနိမ့်သွားသလိုခံစားရသည်။


သူ့နှလုံးက တစ်မိနစ်ကိုတစ်မိုင်နှုန်းဖြင့်ခုန်နေသည်။


သူက တစ်ယောက်ယောက်က သူ့ကို ဘာလို့လဲ ဆိုတာပြောပြပေးရန်တကယ့်ကိုလိုအပ်နေသော်လည်း မည်သူ့ကိုမေးရမယ်ဆိုတာ သူမသိချေ။


ရုတ်တရက်ဆိုသလိုပဲ သူ့ဘေးနားက လူဆီမှ တောင်းပန်သံထွက်ပေါ်လာ၏။


"ငါတောင်းပန်ပါတယ်”


ယင်းမင်ကျန်းကသူ့ခေါင်းကိုဘေးသို့လှည့်လိုက်သောအခါ ချောမောသည့်ရွှေရောင်ကောင်လေးက သူ့ကိုစိတ်ရင်းနှင့် ကြည့်နေတာကို တွေ့လိုက်ရသည်။


ယင်မင်ကျန်းက မျက်မှောင်ကြုံ့လိုက်ပြီး ”မင်းကဘာလို့တောင်းပန်တာလဲ”


ရှုနဉ်က ဖုန်းကို သူ့လက်ထဲထည့်ပေးပြီး သူ့ကို ကြည့်ဖို့ ပြောလိုက်သည်။


ယင်းမင်ကျန်းက ဖုန်းကိုဂရုတစ်ိုက်ယူလိုက်ပြီး ကျောင်းဖိုရမ်ပေါ်မှ ပို့စ်တစ်ခုကို တွေ့သွားသည်။


သူကျောင်းဖိုရမ်ကို ပုံမှန်ဆိုရင် မကြည့်ဖြစ်ချေ။ဘာပဲဖြစ်ဖြစ် ထိုဖိုရမ်မှာ သူ့ကောင်းကြောင်းပြောမဲ့သူ ဘယ်သူမှမရှိဘူးဆိုတာကိုလည်း သူသိသည်။


ပို့စ်ရဲ့ခေါင်းစဉ်က “တခြားသူတစ်ဦး၏ အနေအထိုင်၊အပြုအမူကို အတုခိုးခြင်းက အကြမ်းဖက်မှုဟု ယူဆနိုင်ပါသလား”


ထိုပို့စ်က လူအများကြီးဆီသို့ပျံ့နှံနေသည်။လူအများအပြားက ထိုပို့စ်အောက်တွင် တခြားအရာများထပ်ပေါင်းပေးထားကြပြီး တချို့က အခြားဖိုရမ်များမှ ထောက်ခံမှုမြင့်သည့် ပို့စ်တချို့၏ လင့်ခ်များကိုပေးထားကြသည်။ထိုခေါင်းစဉ်နှင့်ပတ်သတ်သည့်ဆွေးနွေးမှုများက သက်ဝင်တက်ကြွသည့်စကားဝိုင်းတစ်ခု ဖြစ်နေသည်။


“ဒီပို့စ်ကိုမြင်ပြီးတာနဲ့ ငါနဲ့အတန်းဖော်တချို့က မင်းကို ပုံတူကူးတာက အနိုင်ကျင့်ခြင်းတစ်မျိုးဖြစ်တယ်လို့ သိလိုက်ရလို့ ငါတို့တောင်းပန်ချင်တာပါ” 


ရှုနဉ်ရဲ့အသံကကြည်လင်ပြတ်သားပြီး စိတ်ရင်းမှန်သည်။


”ဒါပေမဲ့ ငါတို့က စနောက်နေရုံပါ မင်းကိုလှောင်ပြောင်ဖို့ငါတို့မရည်ရွယ်ပါဘူး မင်း ငါတို့ကိုခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”


ထိုအခါမှသာ ထိုကောင်လေးများက သူ့ကို ရုတ်တရက်ကြီး ဘာ့ကြောင့်လာတောင်းပန်ကြသလဲဆိုတာကို နောက်ဆုံးတော့ ယင်းမင်ကျန်း နားလည်သွားသည်။


ထိုပို့စ်ကြောင့် ဖြစ်သည်။


အခုတလော သူကံကောင်းလာတာဖြစ်နိုင်လား။သူ့နေ့လည်စာဖိုး တိုးလာကာ လူတွေကလဲသူကိုစတင်တောင်းပန်လာကြပြီး သူ့ကိုတိုက်ခိုက်လှောင်ပြောင်ရန်အတွက် မည်သူကမှ အတိတ်ကအကြောင်းများကို ပြန်လည်ပြောဆိုခြင်းမပြုတော့ပေ။


ယင်းမင်ကျန်းနည်းနည်းလောက်တွေဝေသွားပေမဲ့ ခဏအကြာတွင် သူအာရုံပြန်ရလာသည်။ရှုနဉ်ရဲ့ဖုန်းကိုဂရုတစိုက်ပြန်ပေးလိုက်ပြီး ခေါင်းကိုလှည့်ကာ နူးနူးညံ့ညံ့နှာခေါင်းရှုံလိုက်သည်။


“အရင်တစ်ခေါက်တုန်းကလဲ မင်းကိုငါတောင်းပန်ခဲ့တယ် မင်းငါ့ကိုခွင့်လွှတ်တယ်လို့ မပြောခဲ့ဘူး ဒီတစ်ခါလဲ ငါ့ကိုခွင့်လွှတ်တယ်လို့မပြောဘူးလား မင်းငါ့ကိုခွင့်လွှတ်ပေးနိုင်မလား။”


သူ့ဘေးရှိကောင်လေးက ဆက်မေးနေသည်။


ယင်းမင်ကျန်း နည်းနည်းလောက်စိတ်ရှုပ်ရှားသွားရပေမယ့် သူက မသိချင်ယောင်ဆောင်ဖို့ကြိုးစားပြီး “မင်းက စိတ်ရှုပ်ဖို့ကောင်းတယ်။”ဟု ပယ်ချပစ်လိုက်သည်။


“ဒါဆို ငါ့ကိုခွင့်လွှတ်လိုက်လေ”


ကောင်လေးက သူ့ဆံပင်ကိုရွှေရောင်ဆိုးထားပြီးကြည့်ရတာသူ့ကို ပုံတူကူးထားပုံပေါ်သည်။ထို့ကြောင့်ပင် သူရုံးခန်းသို့အခေါ်ခံလိုက်ရသည်။ 


ရှုနဉ်က သူတို့အတန်းပိုင်ဆရာမကို “ဆံပင်အရောင်က ကျောင်းသားတစ်ယောက်ကောင်းလား၊ဆိုးလား ဆိုတာကိုအဆုံးအဖြတ်မပေးနိုင်ဘူး။”ဟု တိုက်ရိုက်ပြောခဲ့ကြောင်း သူနောက်ပိုင်းတွင် ပြန်ကြားခဲ့ရသည်။


ရိုးရိုးသားသားပြောရလျှင် ထိုဟာက အံ့ဩဖို့ကောင်းလွန်းသည်။


သူ့တွင် ကြည့်ကောင်းပြီး တောက်ပသည့်မျက်လုံးများရှိသည်။ဆေးဆိုးထားသည့်ရွှေရောင်ဆံပင်နှင့် သူက နေမင်းအသေးစားလေးနှင့်တူသည်။


သူရယ်မောလိုက်သည့်အခါ လူအများကို မျက်ကန်းလုနီးပါးဖြစ်သွားစေ၏။


ယင်းမင်ကျန်းက သူ့ခေါင်းကိုလှည့်လိုက်ပြီး “ငါမင်းကိုဘာလို့ခွင့်လွှတ်ရမှာလဲ”


ကောင်လေးက စကားပြောနေတာကို ရပ်လိုက်သည်။


ခဏအကြာတွင်ကောင်လေးက နို့တစ်ဘူးကို သူ့စားပွဲခုံပေါ်သို့ တိတ်တဆိတ်တွန်းပို့လာပြီး”ငါတို့အားလုံးက အတန်းဖော်တွေပဲဟာကို အရမ်း အတည်ကြီးမလုပ်ပါနဲ့ ငါလဲတောင်းပန်တာပဲဟာ...”


ယင်းမင်ကျန်းက မျက်မှောင်ကျုံ့လိုက်သည်။ထိုကဲ့သို့သော စကားမျိုးကြောင့် သူစိတိအနှောင့်အယှက်ဖြစ်သွားရသည်။ကြည့်ရတာ သူကနားမလည်ပေးနိုင်၊တောင်းပန်တာကို လက်ခံမပေးနိုင်တာနှင့် သူ့အမှားဖြစ်သွားပုံရသည်။


သူက အလိမ်ခံရလောက်အောင် တုံးအလွန်းတယ်ဆိုတာ ရှင်းလင်းလို့နေသည်။ 


သူတောင်းပန်လိုက်သောကြောင့် သူ့က ခွင့်လွှတ်ပေးသင့်ပြီး အကယ်၍ ယင်းမင်းကျန်းက ခွင့်မလွှတ်ပါက သူ့(YMZ)အမှားသာ ဖြစ်သွားမည် ဆိုသကဲ့သို့ဖြစ်နေသည်။


ဘာလို့သူက ဖြစ်ရမှာလဲ။


သူကနို့ဘူးကို ဘေးရှိစားပွဲခုံပေါ်သို့တွန်းလွှတ်လိုက်ပြီး စာအုပ်ကိုပဲပြန်ကြည့်နေလိုက်သည်။


နို့ဘူးက စားပွဲပေါ်မှ လိမ့်သွားပြီး ကြမ်းပြင်ပေါ်ကျသွားသည်။ယင်းမင်ကျန်းက တဖက်ကကောင်လေးရဲ့စားပွဲနှင့်ကုလားထိုင်လှုပ်ရှားသံကိုကြားလိုက်ရသည်။ခဏအကြာတွင်တော့ နို့ဘူးကိုပြန်ကောက်ပြီးသွားပြီဖြစ်သည်။


“အိုကေ...မင်းငါ့ကိုခွင့်မလွှတ်ချင်ရင်လဲ ရပါတယ် ဒီနို့ဘူးက မင်းနဲ့ငါ့ရဲ့ လမ်းခွဲတဲ့ သင်္ကေတပဲ မင်းငါနဲ့သူငယ်ချင်းမလုပ်ချင်ရင် ပဲဖြစ်ဖြစ် မင်းငါနဲ့စကားမပြောချင်ရင်ပဲဖြစ်ဖြစ် ဒီနို့ဘူးကိုသောက်လိုက် တကယ်လို့ မင်းငါ့ကိုစကားပြောချင်ရင်….”


Bleep …bleep…..bleep (မော့သောက်လိုက်လို့ထွက်လာတဲ့အသံ)


ယင်းမင်ကျန်းက သူ့လက်ထဲကနို့ဘူးကိုယူလိုက်ပြီး တကျိုက်တည်းနှင့်အကုန်လုံးကိုသောက်လိုက်သည်။ထို့နောက် သူက နို့ဘူးကို ညှစ်ပြလိုက်ပြီး သူအကုန်လုံးသောက်လိုက်ကြောင်းရှုနဉ်မြင်အောင်ပြလိုက်ပြီး ဘေးနားရှိအမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။


ရှုနဉ်က သူ့ကိုခဏလောက်ငေးကြည့်နေမိသည်။


ထို့နောက် သူကပြုံးပြလိုက်ပြီး ”ငါနားလည်ပြီ”


ယင်းမင်ကျန်းက သူ့နှာခေါင်းအတွင်းမှလေမှုတ်ထုတ်လိုက်ပြီး စာအုပ်ဖတ်ရန်သူ့ခေါင်းကိုပြန်ငုံ့လိုက်သည်။


သူစာအုပ်ကိုကောင်းကောင်း မဖတ်နိုင်တော့သော်လည်း သူဘာဆက်လုပ်ရမလဲ ဆိုတာကိုလဲ တကယ်မသိတော့ချေ။ သူသုံးနေတဲ့ဖုန်းက ကျိုးကျွမ်ရဲ့ဖုန်းအဟောင်းဖြစ်သည်။ ဖုန်း မျက်နှာပြင်က ကွဲနေပြီး မန်မိုရီ များစွာလဲ မပါရှိပေ။ထပ်ပေါင်းရလျှင် စျေးကြီးသောကြောင့်သူက မိုဘိုင်းဒေတာအစီအစဉ်ပင် မဝယ်နိုင်ချေ။ ထို့ကြောင့် သူဂိမ်းလဲ မကစားနိုင်သလို အင်တာနက်ကိုကြည့်ရှုရန်လဲ သူစိတ်မဝင်စားပေ။


သူတို့ဆက်ဆံရေးကိုဖျက်တောက်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း သူ့ဘေးနားရှိထိုင်ခုံဖော်ကတော့ သူ့ကို အလွတ်မပေးသေးချေ။


ယင်းမင်ကျန်းက သတိမထားမိဟန်ဆောင်နေပေမယ့် သူ့ကို ထိုးဖောက်မိတော့မတတ် ငေးကြည့်နေတာကိုသိသည်။


ယင်းက သူလျစ်လျူရှုနိုင်ဖို့ခက်လွန်းလှ၏။


ယင်းမင်ကျန်း သည်းခံနိုင်မှုတွေကုန်ဆုံးသွားသည့်အခါတိုင်း သူ့ထိုင်ခုံဖော်က အဝေးသို့ ခပ်မြန်မြန် အကြည့်လွှဲသွားတတ်သည်။


ထိုအခါ ယင်းမင်ကျန်းကဒေါသထွက်ရန်မသင့်တော်သည့်အတွက် သူ့စာအုပ်ကိုသာ ပြန်ဖတ်နေလိုက်ရသည်။


ထို့နောက်တွင် သူ့ဘေးနားမှ “ကလစ်”ဟူသည့်အသံကိုကြားလိုက်ရသည်။


ယင်းမင်ကျန်းသူ့ခေါင်းကိုလှည့်လိုက်သောအခါ သူ့ထိုင်ခုံပေါ်က သူ့ဖုန်းကို အမြန်ဖွက်နေတာကို တွေ့လိုက်ရ၏။


"မင်းဘာလုပ်နေတာလဲ”ယင်းမင်ကျန်းက တုန်လှုပ်စွာမေးလိုက်သည်။


သူ့ထိုင်ခုံဖော်က စိတ်လှုပ်ရှားစွာဖြေလာသည်။


”ဘာမှမလုပ်ဘူး။”


ယင်းမင်ကျန်းက သူလိမ်နေတာကို တွေ့သွားသည်။ 


“မင်းငါ့ပုံကို ခိုးရိုက်နေတာလား။”


သူကတုန်လှုပ်သွားတာကြောင့် သူ့ရဲ့အသံက အနည်ငယ်ကျယ်သွားသဖြင့် ဘေးနားရှိအတန်းဖော်များက သူတို့ကို ဝိုင်းကြည့်နေကြသည်။


ရှုနဉ်ကအရမ်းရှက်သွားသည်။


ယင်းမင်ကျန်းက “ဖျက်လိုက်ပါ”ဟုတောင်းဆိုလိုက်သည်။


ရှူနဉ်က အမှာလုပ်မိသည့်မူလတန်းကျောင်းသားလေးနှင့်တူနေသည်။သူက ဖုန်းကို သူ့ကိုကမ်းပေးပြီး သူနှင့်အကြည့်ချင်း မဆုံအောင်ရှောင်နေသည်။သူ့မျက်ဝန်းများက ရှက်ရွံမှုအနည်းငယ်၊ကြောက်ရွံမှုအနည်းငယ်နှင့် စိုးရိမ်မှု နည်းနည်းရောစွန်းနေသည်။


ယင်းမင်ကျန်းက ရှုနဉ်၏ဖုန်းကို ရလိုက်သည့်အခါတွင် သူက ထိုသူကိုလုံးဝထိန်းချုပ်နိုင်သွားသကဲ့သို့ခံစားလိုက်ရသည်။


ထိုဟာက “ကြိုက်ခြင်း””မုန်းခြင်း”တို့နှင့်ကွာခြားသည်။


ရှုနဉ်ကို သူ့လက်ထဲ၌ကိုင်ထားနိုင်သကဲ့သို့ပင်။


သူက ထိုလူအား သူလုပ်ချင်သလိုလုပ်နိုင်သကဲ့သို့ သူမလုပ်နိုင်ရန်လည်း ထိုသူ့တွင် တားမြစ်နိုင်စွမ်းမရှိတော့သလိုပင်။


အပြည့်အဝ ထိန်းချုပ်နိုင်သည်။


သူကထိုထူးဆန်းသည့်အတွေးများကို သူ့စိတ်ထဲကနေအလျင်အမြန်ဖျောက်ပစ်လိုက်သည်။ ယင်းမင်ကျန်းက ရှုနဉ်၏ ဖုန်းအယ်ဘမ်ကိုဖွင့်လိုက်ကြည့်လိုက်သည့်အခါ ထိုအထဲ၌အမှန်ပင် သူ့ပုံတစ်ပုံရှိနေသည်။


သူ့ရဲ့ဘေးတိုက်မျက်နှာကိုရိုက်ထားခြင်းဖြစ်သည်။ သူ့မေးရိုးက သန့်ရှင်းကာကြည်လင်နေပြီး သူက မင်းသားလေးတစ်ပါးနှင့်ပင်တူနေသေး၏။


ယင်းမင်ကျ

န်းက တခြားသုများ၏အမြင်၌သူ့ကို ထိုသို့ မြင်နေကြမှန်း သူမသိခဲ့ချေ။


ယင်းမင်ကျန်းက နှာခေါင်းရှုံ့၍ သူ့ပုံကိုဖျက်လိုက်သည်။သူက လှောင်သလိုပြောလိုက်သည်။


”မင်းငါ့ပုံကိုရိုက်လိုက်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး မင်းက တကယ်ကြီးဂေးလို့တော့ ငါ့ကို လာမပြောနဲ့နော်”



____