Chapter 13
နှာဗူး
__
ရှုနဉ်က အသက်ပြင်းပြင်းရှုလိုက်ပြီး "ဒါ-ဒါ-ဒါက…မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး…”
ဘယ်လိုတောင်ကြီးမားတဲ့ အထင်လွဲမှုကြီးလဲ…
“ဒါဆို မင်းဘာလို့ ငါ့ပုံကို ခိုးရိုက်တာလဲ”
ရှုနဉ်က သူ့ဖုန်းကိုပြန်ယူလိုက်သည်။ သူက ပတ်ပတ်လည်ကိုကြည့်လိုက်ရာ စပ်စုနေကြသောမျက်လုံးပေါင်းများစွာနှင့်ဆုံလိုက်ရသည်။ သူ့တွင် အရွယ်ရောက်နေသည့်ဝိညာဉ်ရှိနေသော်လည်း မြေကြီးထဲတွင် တွင်းတူးပြီး ကိုယ့်ကိုယ်ကိုမြုပ်နှံပစ်လိုက်ချင်စိတ်များ ပြင်းပြစွာပေါ်ပေါက်လာရသည်။
ချီးပဲ…
ဓာတ်ပုံရိုက်နေတုန်းက ဘာလို့ ဖုန်းအသံပိတ်ထားဖို့ မေ့သွားရတာလဲ…
အရမ်းတုံးတာပဲ…
ကံကောင်းစွာနှင့်ပင် ရှုနဉ်၏စိတ်က လျင်မြန်စွာ လည်ပတ်အလုပ်လုပ်သွားနိုင်သည်။ သူက တည်ငြိမ်စွာ ရှင်းပြလိုက်၏။
“ကောင်မလေးတစ်ယောက်က ငါ့ကို မင်းပုံရိုက်ခိုင်းလို့… မင်းပုံက အခု အရမ်းနာမည်ကြီးနေတာလေ”
ယင်းမင်ကျန်းက သူ့ကို ပို၍ပို၍ မုန်းတီးစပြုလာသည်။
သူဘယ်လောက်တောင်အရှက်မဲ့နိုင်တာလဲ…
အစက သူ့ဆံပင်အရောင်ကိုဆိုးတယ်။ ဒါပြီးတော့ ခြေထောက်ယမ်းတာကို လိုက်တုပြီး မျက်နှာချင်းဆိုင် ရန်စတာမျိုးတောင်မှလုပ်လိုက်သေးတယ်...။
မကြာဘူး သူခြေထောက်ယမ်းတဲ့ပုံကို တခြားသူတွေနှင့်အဖွဲ့ဖွဲ့ပြီးလိုက်လုပ် လှောင်ပြောင်သရော်လိုက်သေးတယ်...။
ယခုဆိုလျှင် သူ့ပုံကိုတောင်မှ ခိုးရိုက်နေပြီ။
ယင်းမင်ကျန်းက သူ့ဒေါသများကို ဘယ်နေရာမှာမှ ထွက်ပေါက်ရှာမရ၍ ရှုနဉ်၏ ထိုင်ခုံကိုကန်လိုက်ပြီး ရှုနဉ်ကို မြေကြီးပေါ်သို့ သတိပေးခြင်းမရှိဘဲ လဲကျသွားအောင်လုပ်လိုက်သည်။
ဘေးနာက လူများက ထိတ်လန့်သွားကြ၏။
ချိန်ရှောင်ယွီက လျင်မြန်စွာထရပ်၍ ပြောသည်။
“ရန်မဖြစ်ကြပါနဲ့ ရန်မဖြစ်ကြပါနဲ့”
ချိန်ရှောင်ယွီကိုတွေ့သောအခါ ယင်းမင်ကျန်းက သူနေ့လယ်စာဝယ်မစားနိုင်စဉ်တွင် သူမက သူ့ကို ပေါင်မုန့်နှင့် ဘီစကစ်များပေးခဲ့ကြောင်းကို မှတ်မိသွားသည်။ ထို့ကြောင့် သူက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ခုံကိုဘေးသို့တွန်းကာ ထွက်လာခဲ့လိုက်သည်။
ချိန်ရှောင်ယွီကို အနည်းငယ်တော့ ထောက်ထားရန်လိုသည်။
သူက စင်္ကြံတစ်လျှောက်တွင် အသက်ကိုပြင်းပြင်းရှုပြီး သူ့နှလုံးသားထဲက မနှစ်မြို့ခြင်းကို ထိန်းချုပ်နေရသည်။
ချိန်ရှောင်ယွီသာ သူ့ကိုမတားခဲ့လျှင် အခုချိန်မှာ ရှုနဉ်ကို သူရိုက်နှက်နေလိမ့်မည်သာဖြစ်သည်။
ရှုနဉ်က ယင်းမင်ကျန်းကို အကြမ်းဖက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက လုံးဝ အံ့ဩသွားခဲ့သည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ်လဲကျသွားခဲ့သည်။ သူ့ဦးခေါင်းက မြေပြင်နှင့်ရိုက်မိပြီး တဝီဝီအသံများပေါ်ပေါက်လာရသည်။
သူ့ပေါင်ကလည်း ဇောက်ထိုးဖြစ်သွားသောထိုင်ခုံ၏ထောင့်စွန်းကြောင့် စုတ်ပြဲသွားခဲ့သည်။ တံတောင်ဆစ်ရှိ ကျဉ်ကြောကိုရိုက်မိ၍ နာကျင်မှုကြောင့် ရှုးရှုးရှဲရှဲအော်လိုက်ရသည်။
အနီးနားက အတန်းဖော်များက သူ့ကိုကူညီရန် အလျင်အမြန်ရောက်လာကြသည်။
“ရှုကော အဆင်ပြေရဲ့လား”
“ရှုနဉ် ဒဏ်ရာရသွားသေးလား”
“ဘယ်နားထိသွားသေးလဲ”
ရှုနဉ်က သူတို့ကိုလက်ခါပြကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ငါအဆင်ပြေတယ် ငါတကယ် အဆင်ပြေတယ်”
ထို့နောက် သူက တစ်စုံတစ်ခုကိုတွေးမိပြီး သူ့နားကလူများကို သတိပေးလိုက်သည်။
“ဆရာမကို သွားမပြောနဲ့နော် တစ်ယောက်ယောက်သွားပြောရင် ငါသူတို့ကို ဒီတိုင်းထားမှာမဟုတ်ဘူး”
အတန်းဖော်များက အချင်းချင်းကြည့်လိုက်ကြသည်။
ရှုနဉ်က မနာကျင်သည့်ပုံစံဖြင့် ထလိုက်သည်။ သူ့လက်မောင်းများကို ဆန့်ထုတ်ကာ ပြုံးရယ်လိုက်သည်။
“တွေ့လား ငါက အရေပြားထူပါတယ် ဒီလောက်လေးက ဘာမှမဟုတ်ဘူး”
လုံချောင်းက သူ့ကို ထိုးလိုက်သည်။
“ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေပါနဲ့”
“ယင်းမင်ကျန်းက အမြဲတမ်း အဲဒီလိုပဲ ရှုကော နောက်တစ်ခါ သူ့ကိုသွားပြီး ရန်မစနဲ့”
ရှုနဉ်က ခါးသက်စွာပြုံးလိုက်သည်။
“ဒါက ငါ့အမှားပါ ငါက အရင်သူ့ပုံကို သွားရိုက်တာကိုး”
အားလုံးက နှုတ်ဆိတ်သွားကြသည်။ ယင်းမင်ကျန်းကို နောက်ကွယ်တွင် မကောင်းပြောနေခြင်းက သိပ်မသင့်တော်ပေ။ အမှန်တော့ ရှုနဉ်က သူ့ပုံကိုခိုးရိုက်ခြင်းကြောင့် ဖြစ်သွားခြင်းသာဖြစ်သည်။
“ဟုတ်တယ် ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်တာကတော့ မှားတာပေါ့ ဒါပေမယ့်လည်း ပုံက ဖျက်ပြီးပြီလေ အကြမ်းဖက်စရာလိုလို့လား” မကျေနပ်ကြသည့် တခြားသူများရှိသေး၏။
ရှုနဉ်က ပြောလိုက်သည်။
“ဟူး...ခွင့်ပြုချက်မရဘဲ ရိုက်မိတာ ငါ့အမှားပါ မင်းတို့မှာရော သူ့ပုံရှိလား ကြည်တဲ့ပုံလေးတွေ ငါ့ကိုပေးပါ ငါအဲဒါတွေကိုလိုတယ်”
“ဘာလို့ သူ့ပုံကိုလိုတာလဲ” လုံချောင်းက မေးလိုက်သည်။
“မင်းပါးစပ်ပိတ်ပြီး ငါ့ကိုပေးစမ်းပါ”
သူ့ခုံကို အကန်ခံလိုက်ရပြီးနောက် ရှုနဉ်က သူသည် အရူးတစ်ယောက်သာဖြစ်ခဲ့ကြောင်းကို သိလိုက်ရသည်။
တခြားသူဆီက ပုံတောင်းလိုက်လည်းရရဲ့သားနဲ့ ဘာလို့များ သူ့ဘာသာခိုးရိုက်ဖို့လိုရတာလဲ။
ဆံပင်ညှပ်ပြီးနောက်တွင် ဗီလိန်က ထူးထူးခြားခြားပင် ချောမောလာခဲ့သည့်အတွက် မိန်းကလေးတော်တော်များများက သူ့ပုံများကိုရိုက်ကြသည်။ ရှုနဉ်က ဗီလိန်ကို ထိုကိစ္စကြောင့် စိတ်ဆိုးသည့်ပုံအား တစ်ခါမှမမြင်ဖူးချေ။ သူက အမြဲတမ်း လျစ်လျူရှုထားလေ့ရှိသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ဓာတ်ပုံခိုးရိုက်ခဲ့ပြီး နောက်ဆုံးတော့ ဖမ်းမိသွားခဲ့ခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။
ယောက်ျားလေးနှင့် မိန်းကလေးကြားရှိ ကွာခြားမှုကို ထိုတွင်တွေ့ရနိုင်သည်။
ဗီလိန်က ယောက်ျားလေးများက သူ့ပုံကိုရိုက်ခြင်းအား မုန်းတီးပုံရသည်။
“ရှုကော စိတ်မပူပါနဲ့ ကျွန်တော် ခဏနေကျရင် ပေးပါ့မယ် ကျွန်တော့်ကောင်မလေးက သူ့ပုံတွေ အများကြီးရှိတဲ့ကောင်မလေးနဲ့သိတယ်”
“ကောင်းတာပေါ့ ကျေးဇူးပါ”
ခေါင်းလောင်းသံမြည်လာသည့်အတွက် အားလုံးက ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ကြသည်။
ရှုနဉ်က သူ့ဘေးက လွတ်နေသည့်ခုံအားကြည့်လိုက်ပြီး တွေးလိုက်မိသည်။
ဒီလောက်ထိ စိတ်တိုသွားစရာလိုလို့လား…
သူဓာတ်ပုံခိုးရိုက်ရသည့်အကြောင်းပြချက်က ဗီလိန်၏ရှင်းလင်းကြည်လင်သောပုံကို လိုချင်သောကြောင့်ဖြစ်သည်။ ထိုမှသာ သတင်းအချက်အလက်များအားလုံးကို ဖိုင်ထဲတွင်စုထားပြီး ဝေ့မိသားစုထံသို့ ပို့နိုင်မည်သာဖြစ်၏။
ဗီလိန်လေး၏ပုံစံက ယခုအချိန်တွင် အလွန်ကြည့်ကောင်းနေပြီး ခြေထောက်များကိုလည်း လှုပ်ယမ်းခြင်းမရှိတော့ပေ။ အကျင့်ဆိုးများစွာရှိနေသေးသော်လည်း သူ၏ကြည့်ကောင်းသောပုံကိုတွေ့သည်နှင့် ဝေ့မိသားစုက ဝတ္ထုထဲကလိုမျိုး သူ့ကို ဘယ်လိုနည်းနဲ့မှမုန်းနိုင်မည်မဟုတ်ချေ။
လတ်တလောတွင် ဝေ့မိသားစု၏ သတင်းအချက်အလက်များကို သူ ရှာဖွေနေခဲ့သည်။ သူစုဆောင်းခဲ့သည့် သတင်းအပိုင်းအစများမှတစ်ဆင့် ဝေ့မိသားစုသည် အလွန်ထူးကဲသော ချမ်းသာသည့်မျိုးရိုးဖြစ်ကြောင်းသိခဲ့ရပြီး ၎င်းတို့၏လက်အောက်တွင် ပိုင်ဆိုင်သော ကုမ္ပဏီပေါင်းမြောက်များစွာလည်းရှိသည်။ လူသိများကြသောကုမ္ပဏီဖြစ်သည့် ဝေ့အဖွဲ့အစည်းသည် ဘီလီယံရာပေါင်းများစွာတန်ဖိုးရှိ၏။
တစ်နည်းနည်းဖြင့်ဆိုရလျှင် ၎င်းသည် ချမ်းသာသောမိသားစုများအကြောင်းရေးထားသော CEO ဝတ္ထုသာဖြစ်သည်။ အနည်းဆုံး ဘီလီယံဆယ်သန်းလောက်မပိုင်ဆိုင်လျှင် ချမ်းသာသည့်မိသားစုဟု သတ်မှတ်လို့မရပေ။
ဖြစ်နိုင်မည်ဆိုလျှင် ဝေ့အဖွဲ့အစည်း၏ ခေါင်းဆောင်အကြီးအကဲဖြစ်သည့် ယခင်လူကြီးမင်းဝေ့နှင့်တွေ့ရလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ ယခင်လူကြီးမင်းဝေ့က သူ့သွေးသားဆက်နွှယ်သည့်မြေးဖြစ်သူ ယင်းမင်ကျန်းကို အခိုင်အမာထောက်ပံ့ပေးခဲ့သောကြောင့်ဖြစ်သည်။
ထိုဖိုင်ထဲတွင် ဗီလိန်၏ပုံနှင့် သူ့ဆံပင်လည်း ပါဝင်ရန်လိုအပ်သည်။ ထိုနည်းလမ်းဖြင့်သာ မိဘအရင်းများဟုတ်မဟုတ် စစ်ဆေးနိုင်မည်ဖြစ်၏။
ဝေ့အိမ်တော်၏ တည်နေရာကို သူမသိသော်လည်း ကိစ္စများအားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်းက မမှားပေ။
သင်္ချာဆရာက ဒေါသမကြီးသည့်လူကြီးဖြစ်သည်။ ယင်းမင်ကျန်း၏ထိုင်ခုံနေရာလွတ်နေမှန်းတွေ့သောအခါ သူက မေးလာသည်။
“ယင်းမင်ကျန်း ဘယ်မှာလဲ”
ရှုနဉ်က ဖြေလိုက်သည်။
“ဆရာ ယင်းမင်ကျန်းက ဗိုက်အောင့်နေလို့ ဆေးပေးခန်းကိုသွားပါတယ်”
သင်္ချာဆရာက ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။
ချိန်ရှောင်ယွီက ရှုနဉ်ကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူမက ခေါင်းငုံ့၍ စာရိုက်လိုက်သည်။
[ရှုနဉ် နင်နဲ့ယင်းမင်ကျန်းကြားမှာ နားလည်မှုလွဲထားတာတွေရှိလို့လား ငါကူညီပြီး ဖျန်ဖြေပေးရမလား]
ရှုနဉ်က ယင်းမင်ကျန်းနှင့်ပက်သက်၍ အလွန်စိတ်ပူတတ်မှန်း သူမသိသည်။ သူက ယင်းမင်ကျန်းဆီသို့ ပေါင်မုန့်နှင့် ဘီစကစ်များကို သူမနှင့်တစ်ဆင့်ပေးခဲ့သည်။ သို့သော်လည်း ယခုတော့ ယင်းမင်ကျန်းက သူ့ပုံကိုခိုးရိုက်သဖြင့် ရှုနဉ်ကို ရိုက်နှက်ရန်ပင်ကြိုးစားခဲ့သည်။ ထိုကိစ္စက အတိုင်းအတာလွန်သွားသည်ဟု သူမခံစားမိနေသည်။
ရှုနဉ်က သူ့ဖုန်းတုန်ခါတာကို သိလိုက်ပြီး WeChat ကို ဖွင့်လိုက်သည်။ ချိန်ရှောင်ယွီ၏စာကိုတွေ့သောအခါ မတတ်သာဘဲ ပြုံးလိုက်မိသည်။
သူမက အလွန်ကြင်နာသောမိန်းကလေးပင်ဖြစ်ပေ၏။
ထို့နောက် သူက စာပြန်ရိုက်လိုက်သည်။
[သူ့ကို ဘာမှသွားမပြောပါနဲ့]
ဗီလိန်လေးက သူ့ကိုအလွန်မုန်းနေပြီး သူ့သိက္ခာကိုလွန်စွာဂရုစိုက်သည်။ အမှန်တရားကိုသာသိသွားလျှင် သူ့ကိုပို၍ မုန်းတီးနိုင်သည်။
[နားလည်မှု နည်းနည်းလွဲသွားတာပါ ဒါပေမယ့် အဲဒါက ငါ့အမှားပဲမို့ သူနဲ့ဘာမှမဆိုင်ပါဘူး ငါပဲဖြေရှင်းလိုက်မယ် စိတ်မပူပါနဲ့]
[နင်ဘာလုပ်လိုက်တာလဲ]
[မပြောပြဘူး ဟီးဟီး]
[...]
ရှုနဉ်က သူ့ဖုန်းကိုအဝေးသို့ပို့လိုက်ကာ ချိန်ရှောင်ယွီရှိသည့်နေရာသို့ ပြုံးပြလိုက်သည်။
ချိန်ရှောင်ယွီက သူ့ကိုလှမ်းကြည့်နေရင်းနှင့် တောက်ပသောမျက်ဝန်းလေးများက သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ယင်းမင်ကျန်းက ဒုတိယအတန်းချိန်မတိုင်ခင် ပြန်လာခဲ့ပြီး သူ့မျက်နှာထားက ရေခဲသဖွယ်အေးစက်နေသည်။
သူ့နေရာသို့လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ အစမှအဆုံးထိ ရှုနဉ်ကို တစ်စက်ကလေးမှမကြည့်သလို စကားလည်း တစ်ခွန်းမှမပြောပေ။ ရှုနဉ်က တောင်းပန်ကြောင်းပြောသောအခါ ယင်းမင်ကျန်းက ရုတ်တရက်လှည့်၍ သရော်လိုက်သည်။
“မင်းတောင်းပန်တာက အပေါစားဆန်တယ်”
ရှုနဉ်က စိတ်ပျက်အံ့အားသင့်သွားရသည်။
ဗီလိန်လေးက အဝေးသို့ငေးကြည့်နေသည်။ ရှုနဉ်ကို ပြန်မကြည့်ဘဲ လေထုသဖွယ် ဆက်ဆံထားလေ၏။
ရှုနဉ်က သူ့နှာခေါင်းကိုပွတ်လိုက်မိသည်။
အင်္ဂလိပ်ဆရာမက ဝင်လာပြီး ရှုနဉ်ကို ဓားသွားကဲ့သို့ ထက်မြက်သောအကြည့်အားပေးလိုက်သည်။ ရှုနဉ်က သူမကို ဆန့်ကျင်ပြောဆိုခဲ့ခြင်းအား ယခုအချိန်ထိ မုန်းတီးနေခြင်းဖြစ်ပုံရသည်။
ရှုနဉ်က ချက်ချင်း တည့်မတ်စွာထိုင်လိုက်ပြီး စာကြိုးစားသည့်ပုံစံအား အကောင်းဆုံးလုပ်ပြလိုက်သည်။
ယင်းမင်ကျန်း၏စကားလုံးက ရှုနဉ်ကို ပို၍ ဒုက္ခရောက်သွားစေသည်။
အမှန်ပင်ဖြစ်သည်။ သူက ဗီလိန်ကို သုံးကြိမ်တိတိ တောင်းပန်ခဲ့သည်။ ပထမအကြိမ်က ဗီလိန်ကိုမှားပြီးစွပ်စွဲမိ၍ တောင်းပန်ခြင်းဖြစ်သည်။ ဒုတိယအကြိမ်က ဗီလိန်၏ ခြေထောက်ယမ်းသည့်ပုံစံကို လိုက်လုပ်မိ၍ သူ့ခံစားချက်ကိုနာကျင်စေသောကြောင့် တောင်းပန်ခဲ့သည်။ တတိယအကြိမ်က သူ့ပုံကိုမသိအောင် ခိုးရိုက်ခဲ့၍ တောင်းပန်ခဲ့ရသည်။
အရင်ဆုံး အမှားလုပ်ပြီး နောက်ကျမှ တောင်းပန်ခြင်းဖြစ်နေသည်။ သူလုပ်ခဲ့သည့်အမှားများကို တောင်းပန်ခြင်းက မဖယ်ရှားပေးနိုင်ပေ။
ဟူး…
သူက စိတ်ကူးကမ္ဘာ၌ လွင့်မျောပြီးမှ ပြတ်သွားကာပြန်လာခဲ့ရသည်။ ဗီလိန်နှင့် နီးစပ်အောင် ကြိုးစားသည့်အချိန်တိုင်းတွင် အရာအားလုံးကို ပိုဆိုးအောင်လုပ်မိနေသလိုဖြစ်နေသည်။
မေ့လိုက်တော့… သူ့ကို မနှောင့်ယှက်ဘဲနေတာ ပိုကောင်းတယ်…
နှစ်ယောက်သားက အချင်းချင်း စကားမပြောကြတော့ပေ။ ကျောင်းချိန်ပြီးဆုံးသည်အထိ ထိုပုံစံအတိုင်းသာ နေသွားကြ၏။
ရှုနဉ်က ယင်းမင်ကျန်းနောက်ကိုလိုက်ရန် သတ္တိမရှိတော့ပေ။ သူက ကျောင်းလွယ်အိတ်ကိုထုပ်ပိုး၍ အတန်းထဲမှ လျင်မြန်စွာထွက်လာခဲ့လိုက်သည်။ သူက လုံချောင်းနှင့် တခြားအတန်းဖော်များနှင့်အတူတကွ စကားပြောကြ၊ ရယ်မောကြရင်းနှင့် ထွက်လာလိုက်သည်။ ကျောင်းထွက်ပေါက်ကိုရောက်သောအခါ ရှုနဉ်က တခြားလုပ်စရာရှိကြောင်း သူငယ်ချင်းများကိုပြောလိုက်သည်။
လုံချောင်းနှင့် တခြားသူများက ဂိမ်းဆိုင်သွားကြသည့်အတွက် နှုတ်ဆက်ကာ လမ်းခွဲသွားကြ၏။
ယင်းမင်ကျန်းက သန့်ရှင်းရေးတာဝန်ကျသည့်သူများထွက်သွားသည်အထိ စောင့်နေခဲ့သည်။ ထို့နောက် သူ့ကျောင်းလွယ်အိတ်ကို နှေးကွေးစွာကောက်ယူ၍ အတန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ကျောင်းသားအများစုက ကျောင်းထဲမှထွက်သွားကြပြီးဖြစ်သည်။ ကျောင်းဝန်းတစ်ခုလုံးတွင် ကြောင်နှစ်ကောင်၊ သုံးကောင်လောက်သာ ကျန်ရှိတော့သည်။ သူက ကျောင်းထွက်ပေါက်ဆီသို့ အေးစက်သောမျက်နှာဖြင့်လျှောက်သွားလိုက်ပြီး သူနေထိုင်ရာရပ်ကွက်ဆီသို့ ပြန်သည်။
ညနေပိုင်း ၆ နာရီကျော်ပြီပင်ဖြစ်သည်။ လူများက ဝင်ပေါက်ထွက်ပေါက်တိုင်းတွင် လာလိုက်ထွက်လိုက်ဖြင့် ဖြတ်သန်းသွားလာလျက်ရှိနေကြသည်။
ယင်းမင်ကျန်းက အိမ်မပြန်ချင်သလို ယစ်ထုတ်အိုကြီးအား မတွေ့ချင်သည့်အတွက်ကြောင့် အဝေးသို့ကြည့်ကာ တခြားလမ်းသို့ ဦးတည်လာခဲ့သည်။ သူလျှောက်နေရင်းနှင့် သူ့နာမည်ကို တစ်စုံတစ်ယောက်က ချီတုံချတုံဖြင့်ခေါ်နေခြင်းအား ကြားလိုက်ရသည်။
“ရှောင်ယင်း”
ယင်းမင်ကျန်းက ထိုအသံကိုကြားပြီး သူ့တစ်ကိုယ်လုံးက မာတောင့်သွားရသည်။ သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သောအခါ မီတာအနည်းငယ်အကွာက လမ်းဘေးကြော်ညာဆိုင်းဘုတ်အောက်တွင် ရုံးသုံးလက်ဆွဲအိတ်ကိုင်၍ရပ်နေသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်အား တွေ့လိုက်ရသည်။ သူ့နှာခေါင်းပေါ်တွင်ကျနေသည့် မျက်မှန်တစ်စုံရှိပြီး အလွန်ခံ့ညားပြီး ပညာတတ်ဖြစ်သည့်ပုံပေါ်သည်။
ယင်းမင်ကျန်းလှည့်လာတာကိုတွေ့သောအခါ ထိုလူက အနည်းငယ်ပြုံးပြလိုက်သည်။
“တကယ် မင်းပဲ မင်းပိုပိုပြီး ချောလာတာပဲကွ”
သူ့မျက်ဝန်းထဲက အကြည့်က ဖြည်းဖြည်းချင်း ရိုင်းပျလာသည်။
ရင်းနှီးနေသောအပြုံးနှင့် ရင်းနှီးနေသောမျက်နှာပင်ဖြစ်သည်။ ယင်းမင်ကျန်း၏ မျက်ဆံများက အနည်းငယ် ပြူးကျယ်လာခဲ့သည်။ ထိုညကို ပြန်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုလူကိုတွေ့ပြီးနောက် ယင်းမင်ကျန်းက လက်သီးဆုပ်ကို ကမောက်ကမဆန်စွာဖြင့်ဆုပ်လိုက်ပြီး ပြန်လှည့်ထွက်သွားလိုက်သည်။
ကားအနည်းငယ်ပိတ်နေသဖြင့် လမ်းပေါ်တွင် စီတန်းနေသောကားများက ဟွန်းတီးလျက်ရှိနေကြသည်။
“ရှောင်ယင်း” ထိုလူက သူ့နောက်ကိုလိုက်လာမြဲသာ။
အမြန်လှုပ်ရှားမှုကြောင့် ထိုသူ့ဝတ်စုံက တွန့်ကြေ၍ခေါက်ရိုးကျိုးစပြုလာသည်။
ယင်းမင်ကျန်းက ပို၍မြန်မြန်လျှောက်သွားလိုက်သည်။
လူနှစ်ယောက်ဟာ စူပါမားကတ်ကိုကျော်လာခဲ့ကြပြီး တစ်ယောက်ကထွက်ပြေးနေခြင်းဖြစ်ကာ နောက်တစ်ယောက်က လိုက်နေခြင်းဖြစ်သည်။ ရှုနဉ်က ဝမ်းဝမ်းနွားနို့ဗူးလေးကို ဘယ်ဘက်လက်တွင်ကိုင်ထားပြီး ညာဘက်တွင်တော့ ကြီးမားသောအာဟာရဖြည့်စာအိတ်ကြီးကို ကိုင်ဆောင်ထားသည်။ အားကုန်ခန်းစွာကြိုးပမ်းပြီးနောက်တွင် ပရိုမိုးရှင်းပေးနေသောလူအုပ်ကြီးကို ဖြတ်ကျော်လာနိုင်ခဲ့သည်။ ထိုအထဲတွင် ၎င်းတို့၏ နောက်ဆုံးထွက်ကုန်ကိုကြေညာနေသော ဝန်ထမ်းတစ်ယောက်ရှိသည်။
“ဈေးချနေပါတယ် အပူဓာတ်ပါတဲ့ အတွင်းခံအစုံလိုက်ကို ၉၉ ရာခိုင်နှုန်းနဲ့ပါ”
သူက ပွက်လာညံနေသောအသံများကြားတွင် ဖြတ်ကျော်လာခဲ့ပြီးနောက် မျက်ဝန်းထောင့်စွန်းများမှတစ်ဆင့် ရင်နှီးသောပုံရိပ်အားတွေ့လိုက်ရသည်။
ဗီလိန်လေးလား…
ရှုနဉ်က မော့ကြည့်လိုက်ပြီး အဝေးမှပုံရိပ်ကို အာရုံစိုက်လိုက်သည်။ သေချာပါသည်။ အပြာရောင်ကျောင်းဝတ်စုံလေးကိုဝတ်ထားသော ဗီလိန်လေးကို သူတွေ့လိုက်ရခြင်းဖြစ်သည်။ သူက ကျောင်းလွယ်အိတ်ကို ပုခုံးတစ်ဖက်ဖြင့်လွယ်ထားပြီး မာနကြီးပြီး ခေါင်းမာသည့်ပုံစံရှိစမြဲပင်။ သို့သော်လည်း ယခုအခေါက်တွင်မူ သူတစ်ယောက်တည်းမဟုတ်ချေ။ သူ့ဘေးတွင် မီးခိုးရောင်ဝတ်စုံနှင့် လူတစ်ယောက်ရှိနေပြီး မရပ်မနားဘဲ စကားများကို ရောက်တတ်ရာရာပြောနေ၏။
ဗီလိန်လေးက ခေါင်းလှည့်၍ စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အချင်းချင်း ရုန်းကန်နေကြပုံရှိသည်။
ရှုနဉ်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့နောက်ကိုလိုက်သွားလိုက်သည်။
သူတို့နှစ်ယောက်က စူပါမားကတ်တည်ရှိသော အဓိက လမ်းမကြီးအတိုင်းသွားပြီး လမ်းကြိုလမ်းကြားထဲသို့ ဝင်သွားသည်။ ထိုနေရာတွင် လူက ပိုနည်းပြီး ကားဟွန်းသံများကပင် ပို၍တိုးညင်းနေခဲ့သည်။
ထိုနေရာက အိမ်နီးချင်းရပ်ကွက်ဆီသို့သွားနိုင်သည့် ဖြတ်လမ်းလည်းဖြစ်သည်။ ဗီလိန်လေးက အိမ်ပြန်ရန် အလျင်လိုနေသောကြောင့် ထိုလမ်းအတိုင်းသွားခြင်းဖြစ်လိမ့်မည်။
ရှုနဉ်က သူတို့နှစ်ယောက်နောက်ကို အသာလိုက်သွားသည်။ သူ့အရှေ့က လူနှစ်ယောက်က ရပ်လိုက်သောကြောင့် ရှုနဉ်က အနီးနားက လမ်းကြားထဲတွင် ဝင်ပုန်းလိုက်သည်။
ဗီလိန်လေးက အန္တရာယ်ရှိသည့်အခြေအနေနှင့် ကြုံရလျှင် တစ်ယောက်ယောက်ကို သူချက်ချင်းခေါ်ပေးလို့ရသည်။
“ငါ့နောက်လိုက်မလာနဲ့ သောက်နှာဗူးကောင်” ဗီလိန်လေးက အော်ဟစ်လိုက်သည်။
ထိုလူက သူ့အနောက်ကို တစ်လျှောက်လုံး လိုက်လာခဲ့ခြင်းဖြစ်သည်။ ယခုကျမှ ဘယ်လိုလုပ် လက်လျှော့နိုင်ပါ့မလဲ။ နောက်မဆုတ်သည့်အပြင် အရှေ့တိုးလာကာ ယင်းမင်ကျန်းလက်ကိုပင် ဆွဲလိုက်သေးသည်။
ယင်းမင်ကျန်းက သူ့လက်ကိုအားဖြင့် ပုတ်ထုတ်လိုက်သည်။ သူ့ကျောင်းလွယ်အိတ်က ပုခုံးပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ သူက ထိုလူအနားတွင်မရှိချင်မှန်း သိသာလွန်းသည်။ သူ့မျက်ဝန်းများက ရေခဲသဖွယ်အေးစက်နေ၏။
“သေချင်လို့လား”
ထိုလူက သူ့ကိုငေးကြည့်လိုက်ပြီး မျက်ဝန်းများက အရူးအမူးစွဲလမ်းမှုများနှင့် ပြည့်နှက်နေသည်။
သူ့
မျက်နှာပေါ်ရှိစွဲလမ်းနေသည့်ပုံစံက ရှုနဉ်၏ဆံပင်များကိုပင် အဆုံးမရှိထောင်မတ်လာစေသည်။ သာမာန်လူတစ်ယောက်တွင်ရှိနိုင်သည့် မျက်နှာထားမျိုးမဟုတ်ပေ။ ထိုလူ၏ပုံစံက ရူးနှမ်းနေသည့်ပုံစံနှင့်တူနေသည်။
သူက ရုတ်တရက် အရေပြားပေါ်တွင် ကြက်သီးမွေးညင်းများ ထလာကြောင်းကို ခံစားမိလိုက်သည်။