အပိုင်း ၁၄
Viewers 11k

Chapter 14

နှာဘူး



ရှုနဉ်က ထိုလူကို သိသလိုလိုရှိပုံရသော်လည်း သူ့ကိုချက်ချင်းတော့မမှတ်မိ။


ထိုလူက တီးတိုးပြောလိုက်သည်။ 


“အချိန်တွေအကြာကြီး ကြာခဲ့ပြီပဲ မင်းက အရမ်းထွားလာလိုက်တာ ပြီးတော့ ပိုပိုပြီးတော့လည်း လှလာတယ်…”


ယင်းမင်ကျန်း၏မျက်ဝန်းထဲရှိ အမုန်းတရားနှင့် ရွံရှာမှုက နေရောင်ခြည်သဖွယ် ကြည်လင်ပြတ်သားနေသည်။ 


သူက တံတွေးထွေးလိုက်ပြီး“ကျွန်တော်တို့ အချင်းချင်း ဘယ်တော့မှထပ်မတွေ့ကြရင် ပိုကောင်းမှာ”


ထိုလူက သူ့ကိုငေးကြည့်ကာ ပြောလာသည်။ 


“ငါကွာရှင်းလိုက်ပြီ”


ယင်းမင်ကျန်းက ရုတ်တရက် ကြက်သေသေသွားရသည်။ ထို့နောက် သူက ထေ့လုံးများပါဝင်သောအသံဖြင့် ပြောလိုက်သည်။ 


“ခင်ဗျားလိုနှာဗူးက ကွာရှင်းတာနဲ့ပဲ အဆုံးသတ်သွားတာ ပုံမှန်မဟုတ်ဘူးလား”


ထိုလူက သူ့ကို အလွန်ထိတ်လန့်ဖွယ်ကောင်းသောပုံစံဖြင့် ဆက်ကြည့်နေသည်။ 


“ငါ့သမီးကိုလည်း အဲဒီမိန်းမက ခေါ်သွားတယ်”


ယင်းမင်ကျန်းက အူမြူးစွာရယ်၍ လက်ခုပ်တီးပေးလိုက်သည်။ 


“ဟာ့... သတင်းကောင်းပဲ တကယ်ကိုကောင်းတဲ့ သတင်းပဲ”


“ငါရိုက်ထားတဲ့ပုံတွေကိုတွေ့တော့ အဲဒီမိန်းမက ငါ့ကိုခြိမ်းခြောက်တယ် ငါ့အိမ်ထောင်ရေးကို ဘာမှမရဘဲနဲ့ အဆုံးသတ်ခဲ့လိုက်တာ”


ယင်းမင်ကျန်းက ပြုံးရယ်လိုက်ပုံက အတော်လေးအငြှိုးတကြီးဖြစ်နေသည်။ 


“ဂုဏ်ယူပါတယ် အဲဒီတုန်းက ကျွန်တော်ပြောခဲ့တာကို ဘယ်သူမှမယုံခဲ့ကြဘူး ဒါပေမယ့် အခုတော့ ကျွန်တော့်ကိုယုံကြည်မယ့်သူတစ်ယောက်ရှိလာပြီ”


“ငါ့မှာ အခု ဘာမှမရှိတော့ဘူး” 


ထိုလူ၏မျက်နှာက ရုတ်တရက် မှုန်မှိုင်းသွားပြီး “မင်းဘာတွေ ဒီလောက်ပျော်နေတာလဲ ငါ့အိမ်ထောင်ရေးကို မင်းအတွက်ဆုံးရှုံးခဲ့ရတာ ငါ့သမီးကို မင်းအတွက်နဲ့ဆုံးရှုံးခဲ့ရတာ အရာအားလုံးဆုံးရှုံးသွားတဲ့ ငါ့ကိုမြင်ရတာကို မင်းက ဘာလို့ ဒီလောက်ပျော်မြူးနေရတာလဲ”


ယင်းမင်ကျန်းက မယုံကြည်နိုင်ခြင်းများဖြင့် ငေးကြည့်ကာ သူ့ကိုယ်သူလက်ညှိုးညွှန်ပြ၍ မေးလိုက်သည်။ 


“ကျွန်တော့်အတွက်နဲ့”


ထိုလူက ခေါင်းညိတ်လိုက်ပြီး သူ့မျက်ဝန်းများက ချက်ချင်းဆိုသလိုပင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်သွားတော့သည်။ 


“ငါမင်းကို မေ့မရနိုင်ဘူး ဒီအချိန်အထိတောင်မှ”


နေဝင်စပြုလာပြီး သူတို့၏အရိပ်က လူသွားလမ်းတွင် ပြန့်ကျလာခသည်။


နှစ်ယောက်လုံးက ယောက်ျားလေးများသာမဟုတ်လျှင်၊ တစ်ယောက်က အလယ်တန်းကျောင်းသားဖြစ်ပြီး နောက်တစ်ယောက်က သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သာ မဟုတ်လျှင် ထိုပုံစံက ချစ်သူနှစ်ယောက်ပြန်ဆုံတွေ့ကြသော အချစ်ဇာတ်လမ်းထဲကလိုမျိုးနှင့် တူနေပေလိမ့်မည်။


ရှုနဉ်က လမ်းကြားထဲတွင်ပုန်းနေပြီး သူကြားလိုက်ရသောစကားများကြောင့် အံ့ဩမှင်တက်နေခဲ့သည်။


ယင်းမင်ကျန်း၏မျက်နှာက မဲ့ရွဲ့လာသည်။ သူက အသက်ရှုသံပြင်းပြင်းဖြင့် အော်ဟစ်လိုက်သည်။ 


“အဲဒီအချိန်တုန်းက ခင်ဗျား ကျွန်တော့်ပုံကိုခိုးရိုက်ပြီး နံရံပေါ်တွေမှာ‌ လျှောက်ကပ်ထားတာတွေက ကျွန်တော့်ကိုကြိုက်လို့လား”


ထိုလူက သူ့အနားကို ပိုနီးကပ်စွာ ထပ်တိုးလာခဲ့ပြီး မျက်ဝန်းများက အရူးအမူးစွဲလမ်းမှုများကို ပြသနေ၏။


“ဒါပေါ့ အဲဒီပုံတွေကိုရိုက်ခဲ့တာ ငါမင်းကိုကြိုက်လို့လေ မင်းရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကို အချိန်တိုင်း တွေ့မြင်ချင်တယ်”


“ဒါဆို ကျွန်တော့်ကိုကြိုက်လို့ဆိုပြီး အတင်းအကျပ်လုပ်ခဲ့တာလား”


“ငါမကြိုက်တဲ့သူကိုဆို ငါအတင်းမလုပ်ပါဘူး”


ယင်းမင်ကျန်းက အလွန်ရွံရှာလွန်းသဖြင့် အန်ချင်နေသည်။ 


“ခင်ဗျားဆီက ခိုးတယ်ဆိုပြီး စွပ်စွဲတာကရော ကျွန်တော့်ကိုကြိုက်လို့ပဲလား”


ထိုလူက အနည်းငယ်အပြစ်ရှိစိတ်ဖြစ်နေပုံပေါ်ပြီး ရှင်းပြလိုက်သည်။ 


“တောင်းပန်ပါတယ် ငါအဲဒီအချိန်တုန်းက အရမ်းစိတ်တိုနေလို့ အဲဒီအပြင် မင်းဆီကလည်း လျော်ကြေးပြန်မတောင်းခဲ့ဘူးလေ ဟုတ်တယ်မလား”


ယင်းမင်ကျန်း၏မျက်ဝန်းများက နီရဲနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်သောဒေါသစိတ်များဖြင့် ဖုံးလွှမ်းနေပြီး မေးရိုးတစ်လျှောက်က သွေးကြောများက တဒုတ်ဒုတ်ကိုက်ခဲနေသည်။ သူ့ပုံစံက တစ်ယောက်ယောက်ကို သတ်ဖြတ်တော့မည့်ပုံစံပေါက်နေသည်။ 


“ထွက်သွား”


“နောက်တစ်ခေါက်ထပ်တွေ့ရင် ခင်ဗျားကို သေအောင်ရိုက်သတ်ပစ်မယ်”


သူက လက်သီးဆုပ်လိုက်ကာ ထိုလူထံသို့ ခြိမ်းခြောက်စွာဖြင့် ကြည့်လိုက်သည်။ ထိူလူ၏ အဓိပ္ပာယ်မရှိသောစကားများကို ထပ်မကြားချင်တော့သဖြင့် လှည့်ထွက်လာလိုက်သည်။


ထိုလူက နေဝင်နေသောအောက်တွင် ရပ်နေပြီး ယင်းမင်ကျန်းသွားရာလမ်းအတိုင်း ငေးကြည့်နေသည်။ သူက ထိုနေရာတွင်သာ အချိန်အတော်ကြာနေနေခဲ့သည်။ ထို့နောက် သူ့ခေါင်းကို ငိုက်စိုက်ကျကာ စိတ်ဓာတ်ကျလျက် လမ်းကြားထဲ၏အဆုံးနေရာမှ တဖြည်းဖြည်းမြင်ကွင်းထဲမှပျောက်ကွယ်သွားတော့သည်။


ခဏကြာသောအခါတွင် ရှုနဉ်က သူဝယ်လာသောပစ္စည်းများကိုကိုင်ကာ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပုန်းနေသောနေရာမှပြန်ထွက်လာလိုက်၏။


[💥သတိပေးချက် - မဒိန်းကျင့်ရန် ကြိုးပမ်းမှု💥]


ယင်းမင်ကျန်းက သူ့အိမ်ကိုပြန်လာပြီးနောက် အပေါ်ကို တဟုန်ထိုးပြေးတက်သွားသည်။ အိမ်ပြန်ချင်စိတ်ဖြစ်မိသည်က ပထမဆုံးအကြိမ်ပင်ဖြစ်သည်။


အိမ်ပြန်ရောက်သောအခါ သူ့အခန်းသို့လျင်မြန်စွာသွားပြီး တံခါးပိတ်ကာ အိပ်ရာပေါ်သို့ပစ်လဲချ၍ သူ့လက်များကို ပွေ့ပိုက်ထားလိုက်သည်။


“ညစာသွားပြင် ကောင်စုတ်လေး အခန်းထဲကထွက်ပြီး ညစာသွားပြင် ငါဗိုက်ဆာတယ်”


ယင်းချန်းက တံခါးကို သူ့လက်သီးဆုပ်ဖြင့် ဆောင့်လိုက်သည်။ 


ဒုန်း ဒုန်း ဒုန်း…


ယင်းမင်ကျန်းက သူ့နားများကိုပိတ်ထားသည်။


“အခုချက်ချင်း ထွက်လာခဲ့ ခွေးကောင်လေး”


ယင်းချန်းက တံခါးကို စတင်၍ ကန်လေတော့သည်။


ယင်းမင်ကျန်းက သူ့ကိုလျစ်လျူထား၏။


ယင်းချန်းက ရုတ်တရက် အော်ဟစ်ခြင်းကိုရပ်လိုက်သည်။ အရက်အလွန်အကျွံသောက်၍ သတိမေ့သွားသည့်ပုံရသည်။


ယင်းမင်ကျန်းက သက်ပြင်းချလိုက်သည်။ သူက လက်သည်းများကို စကိုက်နေပြီး ကြီးမားသောလက်သည်းအပဲ့ကို ကိုက်ဖြတ်မိသွားသည်။ ထိုသို့လုပ်ခြင်းက သူ့နှလုံးသားထဲတွင်ခံစားနေရသော မအီမသာဖြစ်ခြင်းနှင့် ဒေါသတရားများကို ငြိမ်းအေးစေနိုင်၏။


ထိုရွံရှာဖို့ကောင်းတဲ့ လူက ပြန်ရောက်လာပြီ။


ထိုအချိန်က ရပ်ကွက်ထဲတွင်ရှိသောလူများအားလုံးက သူ့စကားကို ငြင်းပယ်ခဲ့ကြသည်။ သူ့အဖေရဲ့ အရင်က လုပ်ရပ်များအကြောင်းပြောပြီး သူ့ကိုလည်း တချိုးတည်းဟုပြောဆိုကြကာ လူများက သူ့ကို ထူးဆန်းသောအကြည့်များဖြင့်ကြည့်ကာ ဖယ်ကြဉ်ခဲ့ကြ၏။ 


သို့သော်လည်း လူအများနှည်းတူ မဟုတ်သည့် ဦးလေးတစ်ယောက်တော့ရှိခဲ့သည်။ ထိုဦးလေးက ယင်းမင်ကျန်း ယနေ့တွေ့ခဲ့သောလူဖြစ်သည်။


သူက ယင်းမင်ကျန်းအပေါ်တွင် အလွန်ကြင်နာခဲ့သည်။


အစပိုင်းတွင်တော့ ယင်းမင်ကျန်းက သူ့ကိုလျစ်လျူရှုထားခဲ့သော်လည်း ထိုဦးလေးကို သူတွေ့သည့်အချိန်တိုင်း အာရုံစိုက်နေမိပြီး ထိုလူကလည်း သူ့ကို စားစရာမုန့်များနှင့် အရုပ်များပေးလေ့ရှိသည်။


ငယ်ရွယ်သေးသည့်ယင်းမင်ကျန်းက ဖြည်းဖြည်းချင်း စိတ်လျှော့လိုက်မိသည်။ ထိုဦးလေးက လူကောင်းဖြစ်မည်ဟု သူခံစားခဲ့မိသည်။


၅တန်းအရွယ်ရောက်သောအခါ ညနေခင်းဘက်တွင် ဦးလေးက သူ့ကို သူ့အိမ်တွင် လာကစားရန် ဖိတ်ခေါ်ခဲ့သည်။ ယင်းမင်ကျန်းက အိမ်ပြန်ပြီး အရက်မူးနေသောသူ့အဖေကို မတွေ့ချင်သည့်အတွက်ကြောင့် သဘောတူခဲ့လေ၏။


ဦးလေးရဲ့မိသားစုက ပိုက်ဆံများစွာရှိသည်။ သူနေထိုင်သည့်အိမ်ကြီးက အလွန်ကြီးမားကျယ်ပြန့်ပြီး အတွင်းဒီဇိုင်းများကလည်း ဈေးအကြီးဆုံးများသာဖြစ်လေသည်။


ယင်းမင်ကျန်းက ဦးလေး၏အိမ်ထဲကို သိချင်စိတ်များဖြင့် လှည့်ပတ်ကြည့်နေမိ၏။


ဦးလေးက သူ့ကို ဧည့်ခန်းထဲတွင် ခဏစောင့်နေရန်မှာခဲ့သည်။ သူက သောက်စရာငှဲ့ပေးရင်းနှင့် သူ့သမီးနှင့်မိန်းမ အိမ်တွင်မရှိသောကြောင့် ယဉ်ကျေးစရာမလိုကြောင်းပြောနေသည်။ ထို့နောက် သူစားရန် တစ်ခုခုလုပ်ပေးဖို့ မီးဖိုခန်းထဲသို့ဝင်သွားသည်။


ယင်းမင်ကျန်းက သောက်စရာကို ထိပင်မထိချေ။ မူလတန်းကျောင်းသားအရွယ်ပင်ရှိသေးသည့်အတွက်ကြောင့် ကြီးမားပြီးလှပသောအိမ်ထဲတွင်နေရခြင်းက မြင့်မြတ်သည့် အတွေ့အကြုံပင်ဖြစ်နေသည်။ တံခါးတစ်ဝက်ဖွင့်ထားသောအခန်းထဲသို့ရောက်သည်အထိ အိမ်ထဲကို လှည့်ပတ်ကြည့်နေမိသည်။ သူက ပွင့်နေသောတံခါးကိုတွန်း၍ အထဲသို့ဝင်သွားမိ၏။


ထို့နောက် သူက နေရာမှာတင် ကြက်သေသေသွားရသည်။


စာကြည့်ခန်းပင်ဖြစ်သည်။ နံရံတစ်ဝက်လောက်က သူ့ပုံများနှင့် ပြည့်နေ၏။ ပုံများအားလုံးက သူ့ခွင့်ပြုချက်မရဘဲ ခိုးရိုက်ထားသောပုံများသာဖြစ်သည်။


သူက ထိုနေရာတွင်ငေးကြည့်နေမိသောအခါ ဦးလေးက တိတ်တဆိတ်ပေါ်လာပြီး အနောက်ကနေ သူ့ကိုဖက်လိုက်သည်။ သူ့နာမည်ကို ထပ်ခါထပ်ခါခေါ်နေရင်း တင်းကျပ်စွာဖက်ထားလေ၏။ ပြင်းထန်သောအသက်ရှုသံက သူ့နားရွက်ဖျားကို ပွတ်တိုက်သွားပြီး အော့အန်ချင်စိတ်သာဖြစ်မိသည်။


ယင်းမင်ကျန်းက ကြောက်လန့်နေခဲ့သည်။ ဘယ်လိုတွေဖြစ်သွားမှန်း အတိအကျနားမလည်သော်လည်း မှားယွင်းနေကြောင်းကိုတော့ သူသိနေခဲ့သည်။ သူက အသည်းအသန် ရုန်းကန်နေမိ၏။ နောက်ဆုံးတွင်တော့ ထိုလူ၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်သွားခဲ့ပြီး အိမ်အပြင်သို့ပြေးထွက်လာနိုင်ခဲ့သည်။


အိမ်ပြန်လမ်းတစ်လျှောက်လုံးတွင် လေကို အပြင်းအထန်ရှုရှိုက်နေမိ၏။


အိမ်ပြန်ရောက်သောအခါ ကျိုးကျွမ်ကို ထိုအကြောင်းကိုပြောပြခဲ့သည်။ ကျိုးကျွမ်က သူ့ကို ဒုက္ခမပေးရန်သာမှာပြီး ကိစ္စက ပြီးပြတ်သွားခဲ့သည်။


ယင်းမင်ကျန်းက စိတ်ထဲတွင် မသက်မသာဖြစ်နေသည့်အတွက် ကျိုးကျွမ်ဖုန်းကို အသုံးပြု၍ အွန်လိုင်းပေါ်တွင် တိတ်တဆိတ်ရှာဖွေခဲ့လေသည်။ ထိုအခါမှသာ ကမ္ဘာပေါ်တွင် လိင်တူချစ်ကြိုက်သူတွေရှိကြောင်းသိရှိသွားခဲ့ပြီး ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာအားဖြင့် ကြိုက်နှစ်သက်သော သက်ကြီးရွယ်အိုများလည်းရှိကြောင်း ရှာတွေ့သွားခဲ့သည်။


ထိုအကြောင်းကိုတွေးမိတော့ “ကြင်နာသော” ဦးလေးနှင့် သူ့စာကြည့်ခန်းရှိနံရံပေါ်မှပုံများက ယင်းမင်ကျန်းကို ရွံရှာသည်ထက်ပိုစေခဲ့၏။


ယင်းမင်ကျန်းက ဒီတိုင်းထိုင်နေပြီး အခွင့်အရေးယူခံမည့်သူမျိုးမဟုတ်ပေ။ သူက ထိုလူကို အရိုးထဲထိအောင်မုန်းမိပြီး သူ့အိမ်ထဲမှာ သူ့ပုံများကိုလည်း မရှိစေချင်ပေ။ ထို့ကြောင့် သူက ထိုလူကို တမင်တကာချဉ်းကပ်ပြီး စာကြည့်ခန်းထဲသို့ခိုးဝင်ကာ နံရံပေါ်မှ သူ့ပုံများကို ဆုတ်ဖြဲပစ်ခဲ့သည်။ ထိုသို့နှင့် သူ့လုပ်ရပ်ကို ဖမ်းမိသွားခဲ့၏။


လုံးထွေးသတ်ပုတ်နေစဉ်အတွင်းတွင် ယင်းမင်ကျန်းက အလွန်စိတ်တိုနေသဖြင့် ထိုလူ၏ဖုန်းနှင့် ကင်မရာများကို ရိုက်ခွဲခဲ့သည်။ ထိုလူကြီး၏ မျက်ဝန်းများက ဒေါသကြောင့် နီရဲသွားသည်။ သူက ယင်းမင်ကျန်းကို ဆိုဖာပေါ်တွင်ဖိထားပြီး သူ့အပေါ်ကိုအတင်းဖိထားလိုက်သည်။


ယင်းမင်ကျန်းက ငယ်သေးသော်လည်း ထိန်းချုပ်ရမလွယ်ကူပေ။ သူ့ခန္ဓာကိုယ်က ပိန်ပြီးသေးငယ်သော်လည်း အရိုက်နှက်ခံ အဆူပူခံခဲ့ရပြီး ကြီးပြင်းခဲ့ရသူပင်။ ထိုးချက်များကိုရှောင်တိမ်းပြီး တန်ပြန်တိုက်ခိုက်နိုင်မှုများကို ဘဝတစ်လျှောက်လုံး လေ့ကျင့်သင်ယူခဲ့ပြီးဖြစ်သည်။


အရက်မူးနေသောသူ့အဖေဆီမှ သင်ယူနိုင်ခဲ့သည့်တစ်ခုတည်းသောအရာက အကြင်နာမဲ့ခြင်းသာဖြစ်သည့်အတွက် ထိုလူ၏လည်ပင်းကို ရက်စက်စွာဖြင့် ကိုက်ဖြတ်ခဲ့သည်။ ထိုလူက အော်ဟစ်ပြီး နောက်ဆုံးတွင်တော့ သူ့ကိုလွှတ်ပေးလိုက်ရသည်။


ယင်းမင်ကျန်း၏မျက်ဝန်းများက သွေးကဲ့သို့နီရဲနေခဲ့သည်။ သူက မီးဖိုခန်းထဲသို့သွားပြီး မီးဖိုချောင်သုံးဓားကိုယူလိုက်သည်။ ထို့နောက် ထိုလူကြီးကို ချိန်ရွယ်လိုက်ကာ သူ့ကိုခြောက်လှန့်လိုက်သည်။


ပြန်တွေးကြည့်လျှင် ရယ်စရာတော့ကောင်းသည်။ အသက်သုံးဆယ်ကျော်အရွယ် အပေါ်ပိုင်းအဝတ်ကင်းမဲ့နေသောလူက မူလတန်းကျောင်းသားကြောင့် ထိတ်လန့်နေခဲ့ရသည်။


ယင်းမင်ကျန်းက ပုံများအားလုံးကိုယူ၍ အိမ်ထဲမှထွက်လာခဲ့လိုက်သည်။


ထို့နောက် ထိုလူက ရဲကိုဖုန်းဆက်၍ သူ့အိမ်ထဲတွင် သူခိုးဝင်သွားကြောင်းတိုင်ကြားလိုက်သည်။ သူက ယင်းမင်ကျန်း သူ့အိမ်ထဲခိုးဝင်လာသည့် စီစီတီဗီ ဗီဒီယိုများကိုပင် ပြသခဲ့သည်။


ထိုသည်က နာမည်ကြီးသွားသည့်လုယက်မှုဖြစ်ခဲ့လေ၏။


သူ့ကိုယ်သူဖြေရှင်းပေးနိုင်သည့်အရာမရှိခဲ့ချေ။ ထိုလူက သူ့အပေါ်လုပ်ခဲ့သည့်ကိစ္စကြောင့် ရှက်နေခဲ့သည်။ ထို့အပြင် အသက်ငယ်သေးသည့်အတွက် ဘယ်သူမှ သူပြောသည့်စကားများကို ယုံမည်မဟုတ်ပေ။ တစ်ဖက်တွင်လည်း ထိုလူကြီးက စကားပြောကျွမ်းကျင်သည့်သူဖြစ်နေသည်။ သူက ရပ်ကွက်ထဲမှလူများအားလုံးကို လိမ်လည်လှည့်ဖျားခဲ့၏။


အရက်မူးနေသည့်ဖခင်ဖြစ်သူကလည်း ရှင်းပြချက်များကို လက်မခံခဲ့ဘဲ မညှာမတာရိုက်နှက်ခဲ့သည်။ ကျိုးကျွမ်က ငိုကြွေးအော်ဟစ်ပြီး ထိုလူကို အသည်းအသန်တောင်းပန်ခဲ့လေသည်။ 


နောက်ဆုံးတွင်တော့ ထိုလူက သူ့ကို “ရက်ရောစွာဖြင့်” ခွင့်လွှတ်ပေးခဲ့ပြီး လျော်ကြေးမတောင်းခံခဲ့ပေ။


ထို့နောက်တွင်တော့ ရပ်ကွက်ထဲကလူများက ပြစ်မှုကျူးလွန်သောလူ၏ သားဖြစ်သူသည် အသက်ငယ်ငယ်လေးနှင့် အိမ်ထဲသို့ခိုးဝင်သည်ဟုသာ သိထားကြတော့၏။


ယင်းမင်ကျန်းက ထိုအရွယ်က အလွန်ငယ်သေးသည်။ သူတို့၏စွပ်စွဲချက်များကို ဘယ်လိုထိထိရောက်ရောက်ချေပရမလဲမသိခဲ့သလို သက်သေယူလာရန်လိုအပ်ကြောင်းကိုလည်း နားမလည်ခဲ့ပေ။ ဖုန်မှုန့်များ အနည်ထိုင်သွားသည်နှင့် မြေကြီးလက်ခတ်မလွဲသည့်အရာဖြစ်ခဲ့လေသည်။


စိတ်ဆိုးဒေါသဖြစ်ခြင်းများ၊ စိတ်ထိခိုက်ခြင်းများနှင့် စိတ်မကောင်းဖြစ်ခြင်းများ သူ့နှလုံးသားထဲတွင် မည်မျှပင် ကိန်းအောင်းနေသော်လည်း ဘယ်သူမှ သူ့ကိုမယုံကြပေ။ 


ဖယ်ကြဉ်ခံထားရသလို ခံစားခဲ့ရ၏။


ထိုဖြစ်ရပ်ပြီး ရက်အနည်းငယ်ကြာသောအခါတွင် ယင်းမင်ကျန်းက ရောင်ကိုင်းနေသောမျက်နှာဖြင့် အိမ်ထဲမှထွက်လာပြီး ထိုလူနှင့် မိန်းမဖြစ်သူ၊ သမီးဖြစ်သူတို့ကို တားလိုက်ပြီး သူက ပြုံးရယ်ကာ ပြောလိုက်သည်။ 


“ဦးလေး ကျွန်တော်က ပြစ်မှုကျူးလွန်သူရဲ့သားပါ အဲဒီတော့ တစ်ခုပြောပါရစေ ဥပဒေအရဆိုရင် အသက် ၁၄ နှစ်အောက်လူငယ်တွေကို အပြစ်ပေးလို့မရပါဘူး ဦးလေးနဲ့ ဦးလေးမိသားစုက သေချာဂရုစိုက်ရင်ကောင်းမယ်”


သူက အခုထိ လူကြီး၏ ကြောက်ရွံ့နေသော မျက်နှာထားကို အမှတ်ရနေသေးသည်။


ထိုလူက လက်စားချေခံရမည်ကို ကြောက်လို့ပဲလား၊ ဒါမှမဟုတ် အသိတရားဝင်ကာ အပြစ်ရှိစိတ်ဖြစ်မိလို့ပဲလားဆိုတာကို ယင်းမင်ကျန်းမသိခဲ့သော်လည်း သူနှင့်သူ့မိသားစုကတော့ ရပ်ကွက်ထဲမှပြောင်းရွေ့သွားခဲ့သည်။ သူသာ ရပ်ကွက်ထဲမှာနေမည်ဆိုလျှင် ယင်းမင်ကျန်း သူ့ကို တကယ်သတ်မိလိမ့်မည်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၄ နှစ်အောက်ဖြစ်သည့်အတွက် အပြစ်ပေးခံရမည်မဟုတ်ချေ။


ထိုဖြစ်ရပ်ပြီးနောက်တွင် အားလုံးက ယင်းမင်ကျန်း၏အနားမှ ဝေးနိုင်သမျှ ဝေးဝေးနေကြ၏။


ယင်းမင်ကျန်းက အသက်ငယ်သော်လည်း ရက်စက်တတ်မှန်း သူတို့အားလုံးသိကြသည်။ သူက လူငယ်များဆိုလျှင် ဥပဒေအရအပြစ်ပေးမခံရနိုင်မှန်းကိုပင်သိထားပြီး ထိုစကားနှင့် နစ်နာသူကိုခြိမ်းခြောက်ခဲ့ကာ နစ်နာသူနှင့်သူ့မိသားစုကိုပြောင်းရွေ့ရန် တွန်းအားပေးခဲ့သည်။


ထိုသို့နှင့် သူက တစ်ကြိမ်တည်းနှင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့ရသည်။ ထိုအချိန်အတွင်းတွင် အရက်မူးနေသောဖခင်ဖြစ်သူကတောင် သူခြိမ်းခြောက်ခဲ့သောစကားကြောင့် သူ့ကိုရန်စရန် သတ္တိမရှိခဲ့ပေ။