အပိုင်း ၁၆
Viewers 9k

Chapter 16

 ငါသူ့အတွက် အာမခံနိုင်တယ်

__


ရှုနဉ်က အိမ်ပြန်၍ အခန်းထဲတွင် တံခါးပိတ်နေလိုက်သည်။ သူ့အကောင့်ထဲတွင်ကျန်ရှိသည့် လက်ကျန်ငွေအား သူကြည့်လိုက်မိ၏။


ယခင်က အပတ်စဉ် ယွမ်နှစ်ရာစီ သူတို့ကိုပေးခဲ့သည်။ ယခုဆိုလျှင် နောက်ထပ် ယွမ်နှစ်ရာထပ်ပေါင်းလိုက်သဖြင့် တစ်ပတ်တည်းနှင့် ယွမ်လေးရာဖြစ်တော့မည်။


လစဉ်လတိုင်း နွားနို့၊ ပေါင်မုန့်၊ အခွံမာသီးနှင့် အာဟာရမှုန့်များကို နှစ်ဆဝယ်ပေးရတော့မည်ဖြစ်သည်။ ကံကောင်းစွာဖြင့် ယင်းမင်ကျန်း၏မိဘများက ကယ်ဆီယမ်ဆေးပြားနှင့်ပက်သက်ပြီး စိတ်မဝင်စားလို့တော်သေးသည်။ သူတို့က သာမာန်ဆေးဟုသာထင်သောကြောင့် ကယ်ဆီယမ်ဆေးပြားများကို နှစ်ဆထပ်ဝယ်စရာမလိုပေ။


လတိုင်း လေးပတ်ရှိလျှင် ယွမ်နှစ်ထောင်ထက် ပိုကုန်ကျနိုင်သည်။


သူ့တွင် တစ်ထောင်ကျော်ကျော်သာကျန်ရှိတော့သည်။ သူက ဘီလီယံနာအသေးစားလေးဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ဒီလိုပုံစံမျိုးနှင့် အကြာကြီးခံနိုင်မည့်ပုံမရှိချေ။ ထို့အပြင် မစ္စချိုက်နှင့် ပါပါးရှုတို့၏ ပိုက်ဆံများကို ထိုကိစ္စအတွက်ကြောင့် ဆက်ပြီးအသုံးမချနိုင်တော့ပေ။


သူပိုက်ဆံရှာရန်လိုအပ်သည်။


ကံကောင်းသည်က သူက ဂျာမာန်စကားပြောတတ်သည်။ ယခင်က ဘာသာပြန်အလုပ်လုပ်ခဲ့ဖူးသည့်အတွက် အခုပြန်လုပ်မည်ဆိုလျှင် ပြဿနာမရှိနိုင်ပေ။ အင်္ဂလိပ်စကားလည်းပြောနိုင်သော်လည်း ကံမကောင်းသည်ကတော့ အင်္ဂလိပ်ဘာသာပြန်အလုပ်က ဈေးကွက်တွင် ပြည့်လျှံလုံလောက်နေပြီဖြစ်သည်။ ဝင်ငွေရဖို့အတွက်ကတော့ ခက်ခဲသည်။ ထို့အပြင် အင်္ဂလိပ်ဘာသာပြန်များ များစွာရှိသော်လည်း လုံလောက်သည့်အလုပ်မရှိသောကြောင့် အလုပ်ရှာရန်အတွက် ခက်ခဲသည်။


အကြံညဏ်က သူ့ခေါင်းထဲပေါ်လာသည်နှင့် သူအလုပ်လုပ်မှဖြစ်မည်။ သူက အွန်လိုင်းပေါ်တွင် နှစ်ရက်တိတိ အလုပ်ရှာခဲ့သည်။ ယခင်က သူရရှိခဲ့သောအတွေ့အကြုံပေါ်မူတည်၍ လစာကောင်းသော သင့်တင့်လျောက်ပတ်သည့် ဘာသာပြန်ကုမ္ပဏီတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိသွားခဲ့သည်။ ကုမ္ပဏီက သူ၏ အရည်အချင်းများကိုမမေးခဲ့ပေ။ ထိုအစား သူတို့က အလွန်တိုက်ရိုက်ပြောတတ်ကြ၏။ ဂျာမာန်ဘာသာစကားနှင့် စာရွက်စာတမ်းတစ်ခုကိုပေးပြီး ဘာသာပြန်ဖို့ အချိန်တစ်နာရီပေးခဲ့သည်။


သူဘာသာပြန်နိုင်လျှင် အလုပ်ရမည်သာဖြစ်ပြီး မပြန်နိုင်လျှင်တော့ အလုပ်ရမည်မဟုတ်ချေ။


ရှုနဉ်က ဖိုင်ကိုကြည့်၍ စိတ်လှုပ်ရှားစွာဖြင့် စေ့စေ့စပ်စပ်ကြည့်လိုက်ကာ သာမာန်ညွှန်ကြားချက်ဖြစ်မဖြစ်ကို ကြည့်လိုက်သည်။ ထို့နောက် လျင်မြန်စွာ ဘာသာပြန်လိုက်ပြီး သူတို့ထံ ပေးပို့လိုက်သည်။ တစ်ဖက်လူက အွန်လိုင်းပေါ်တွင် ချက်ချင်းရှိနေသဖြင့် ချက်ချင်းကြည့်လိုက်သည်။ ထို့နောက် ဘာသာပြန်ဆိုမှု၏ ဦးတည်ချက်ကိုမေးလိုက်ကာ လစာကို အတည်ပြုပြီးသည်နှင့် ရှုနဉ်ကို အချိန်ပိုင်းဘာသာပြန်အဖြစ် ခန့်အပ်လိုက်ကြသည်။


ကုမ္ပဏီကပေးသည့် ဝန်ဆောင်ခက နှိုင်းယှဉ်ကြည့်လျှင် အလွန်မြင့်မားသည်။ လိုအပ်ချက်တစ်ခုသာရှိသည်။ အလျင်လိုသည့်တောင်းဆိုမှုရှိလျှင် ငြင်းဆန်ခွင့်မရှိဘဲ သတ်မှတ်ထားသည့်အချိန်အတွင်း ဘာသာပြန်ပေးရန် လိုအပ်သည်။


ရှုနဉ်က သဘောတူခဲ့သည့်အတွက် စာမျက်နှာ ၁၀၀ ရှိသည့်စာချုပ်အား ချက်ချင်းဘာသာပြန်ခိုင်းခဲ့သည်။ ယွမ်နှစ်သောင်းကျသင့်ခြင်းဖြစ်၏။ အရည်အသွေးက ထူးချွန်ရမည်ဖြစ်ပြီး ဘာသာပြန်မှုကလည်း ဝိုးတဝါးမဖြစ်စေရ၊ ရှုနဉ်လည်း ငြင်းဆန်လို့မရပေ။


ရှုနဉ်မှာ သွေးအန်လုနီးပါးပင်ဖြစ်သွားရ၏။


စာမျက်နှာပေါင်း ၁၀၀။


အလုပ်စဝင်ဝင်ချင်းမှာ ဒီလောက်ထိ ရက်စက်စရာလိုလို့လား။


ရှုနဉ်က အလုပ်ကိုလက်ခံခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါတွင် စာချုပ်ကို ဘာသာပြန်ဆိုမှု ပြီးဆုံးသွားခဲ့သည်။ ကုမ္ပဏီက သူ့အကောင့်ထဲကို ယွမ်တစ်သောင်း လျင်မြန်စွာလွှဲပြောင်းပေး၏။ နောက်ထပ် ယွမ်တစ်သောင်းကတော့ ကော်မရှင်အဖွဲ့ဝင်ဆီမှ ဝန်ဆောင်ခရပြီးမှသာ လွှဲပြောင်းပေးမည်ဖြစ်၏။


ရှုနဉ်မှာ မျက်လုံးပတ်ပတ်လည်တွင် အနက်ရောင်စက်ဝိုင်းပုံစံလေးများရှိနေသော်လည်း သူမွေးမြူထားသည့်ဗီလိန်လေးကိုတွေးလိုက်မိသောအခါ သူဘယ်လောက်ပင် ပင်ပန်းခဲ့ပါစေ၊ အားလုံးက ထိုက်တန်သည်ဟု ခံစားမိလိုက်၏။


သို့သော်လည်း ဗီလိန်လေးကို သူထောက်ပံ့ချင်စိတ်ရှိပေမယ့် ဗီလိန်အနားတွင် ကပ်ပါနေသည့် အမှိုက်စနှစ်ခုက သူ့ကိုစိတ်တိုစေသည်။


သူ့မိဘ၏ပိုက်ဆံများကို ဘယ်လိုသုံးဖြုန်းခဲ့ကြောင်းတွေးမိသောအခါ ရှုနဉ်က မစ္စချိုက်နှင့် ပါပါးရှုအတွက် လက်ဆောင်ဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။ မစ္စချိုက်အတွက်တော့ Estée Lauder မှ မိတ်ကပ်တစ်စုံဝယ်ပေးခဲ့ပြီး ပါပါးရှုအတွက်ကတော့ Calvin Klein ခါးပတ်ဝယ်ပေးခဲ့သည်။ 


မစ္စချိုက်နှင့် ပါပါးရှုတို့က လက်ဆောင်များကိုလက်ခံရရှိကြသောအခါ ပျော်ရွှင်မှုများနှင့် လွှမ်းခြုံသွားကြသည်။ သားဖြစ်သူအား အရွယ်ရောက်လာပြီဖြစ်ကြောင်း၊ စဉ်းစားချင့်ချိန်တတ်ပြီးဖြစ်ကြောင်း၊ စသဖြင့် စသဖြင့် ချီးမွမ်းထောပနာပြုကြတော့သည်။ နေ့စဉ်နေ့တိုင်း မစ္စချိုက်က သားဖြစ်သူဝယ်ပေးထားသောမိတ်ကပ်ကိုလိမ်းခြယ်ကာ ပါပါးရှုကလည်း ခါးပတ်ကို ပတ်လေ့ရှိသည်။


ကုမ္ပဏီမှပြန်စာကိုစောင့်နေရင်းနှင့် ရှုနဉ်က ဗီလိန်၏မနက်စာကိုကြည့်ရှုနေခဲ့သည်။ နွားနို့၊ ပေါင်မုန့်၊ အခွံမာသီးနှင့် အာဟာရမှုန့်များ ပြန်လည်ရောက်ရှိလာကြောင်းကို သူတွေ့လိုက်ရသည်။ နောက်ဆုံးတွင်တော့ စိတ်သက်သာရာရနိုင်ပြီး သူ့ကြိုးပမ်းမှုများ အထမြောက်သည်ဟု ခံစားရလိုက်၏။


နေ့ရက်များက ထိုသို့ကုန်ဆုံးနေပြီး တစ်နေ့ရောက်သောအခါ ရှုနဉ်က ရင်းနှီးသောလူတစ်ယောက်က ကျောင်းပေါက်ဝတွင် လာစောင့်နေကြောင်းတွေ့လိုက်ရသည်။


ထိုနေ့က မိုးဖွဲဖွဲရွာနေသည့်အတွက်ကြောင့် မြေကြီးက အနည်းငယ်ချောနေသည်။


ညနေခင်း ၅နာရီ ၅၀မိနစ်အချိန်လောက်တွင် ရှုနဉ်၊ လုံချောင်းနှင့် ဝမ်ရှန်ရှန်တို့သည် ထုံးစံအတိုင်း ကျောင်းထဲမှ ရယ်မောပြောဆိုရင်းနှင့် ထွက်လာခဲ့ကြသည်။ ကျောင်းသားများက ရေလွှမ်းမိုးသကဲ့သို့ ရောက်လာကြပြီး ကျောင်းသားထုကြီးထဲတွင် ဆူညံသောအသံများဖြင့် ပျာယာခတ်နေကြသည်။ အရပ်ရှည်ရှည်နှင့် အသက်လတ်ပိုင်းလူတစ်ယောက်က ဂျူနီယာကျောင်းသားလူအုပ်ကြားထဲတွင် ပေါ်လွင်နေသည်။


ထိုလူက အရင်က ဗီလိန်ကို ဒုက္ခပေးနှောင့်ယှက်ခဲ့သည့်လူပင်ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက ထိုလူက ထပ်ရောက်မလာတော့ပေ။ ရှုနဉ်က သူ့အကြောင်းကို‌ မေ့လုနီးပါးတောင်ဖြစ်နေသည်။ သူ့ကို ထပ်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ထိုလူက ကျောင်းဝင်ပေါက်အနီးရှိ စားစရာဆိုင်ငယ်လေးတွင် သူ့နှုတ်ခမ်းပေါ်မှ အပြုံးနှင့်အတူ ရပ်နေသည်။ မျက်မှန်နောက်မှ မျက်ဝန်းများက ငယ်ရွယ်ပြီး နူးညံ့သောကျောင်းသားများ၏ မျက်နှာကို ခေါက်တုံ့ခေါက်ပြန်ကြည့်နေခဲ့သည်။ သူ့မျက်နှာထားက ဝမ်းမြောက်ဖွယ်ဖြစ်နေ၏။


ရှုနဉ်က ထိုလူ၏မျက်ဝန်းများနှင့်ဆုံသောအခါ ထိုလူကလည်း သတိထားမိပြီး သူ့မျက်ဝန်းများက အနည်းငယ် တောက်ပသွားသည်။


ရှုနဉ်မှာ ရွံရှာလွန်းလို့ အော့အန်လုမတတ်ပင်။


ဘာလို့ ထိုလူက ကျောင်းဝင်ပေါက်မှာ ပေါ်လာရသလဲ။ သူ့ပုံစံက တစ်ယောက်ယောက်ကို စောင့်နေတဲ့ပုံပဲ။ သူဘယ်သူ့ကိုများ စောင့်နေတာလဲ။


အတွေးတစ်ခု ရှုနဉ်ခေါင်းထဲတွင် ပေါ်လာသည်။ 


သူဗီလိန်ကိုစောင့်နေတာတော့ မဟုတ်ပါဘူးနော်…


သူထိုအကြောင်းကို ပိုတွေးမိလေလေ ပို၍ ဖြစ်နိုင်လေလေဖြစ်နေသည်။ ရှုနဉ်က လုံချောင်းကိုပြောလိုက်သည်။ 


“မင်းတို့သွားနှင့်ကြ ငါလုပ်စရာရှိသေးလို့”


“အာ ရှုကော အခုတလော ဘာဖြစ်နေတာလဲ ကျွန်တော်တို့နဲ့လည်း အတူမသွားတော့ဘူး အရမ်းထူးဆန်းသလိုဖြစ်နေတယ်နော် ဘာတွေဖြစ်နေတာလဲ” လုံချောင်းက အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ 


သူက ရှုနဉ်၏ ငယ်သူငယ်ချင်းဖြစ်၏။ သူတို့နှစ်ယောက်က အတူတူကြီးပြင်းခဲ့ကြသော်လည်း ဒီရက်ပိုင်းတွင်တော့ အတူတူသိပ်မသွားဖြစ်ကြပေ။


ရှုနဉ်က သူ့ပုခုံးပေါ်ကို ပုတ်လိုက်သည်။ 


“ငါမကောင်းတာတစ်ခုခုလုပ်မလို့”


“တကယ်လား ဘာလဲ” လုံချောင်းနှင့် ဝမ်ရှန်ရှန်တို့၏မျက်ဝန်းများက ပြူးကျယ်သွားကြသည်။


“မပြောပြဘူး” ရှုနဉ်က သူတို့၏ခေါင်းများကို တွန်းလိုက်သပြီး “သွားတော့”


လုံချောင်းက ထိုအဖြေကို အားမလိုအားမရဖြစ်ကာ တစ်ခုခုပြောချင်နေသော်လည်း ဝမ်ရှန်ရှန်က ရှုနဉ်က သူတို့ကိုမပြောချင်မှန်းရိပ်မိသဖြင့် လုံချောင်းကို သူနှင့်အတူ ဆွဲခေါ်သွားတော့သည်။


ဗီလိန်က ပုံမှန်အတိုင်း အလွန်နောက်ကျသည့်အချိန်မှ ကျောင်းထဲမှထွက်တတ်သောကြောင့် ရှုနဉ်က အနီးနားက စတိုးဆိုင်ရှိ ဒိန်ချဉ်ဗူးကိုဝယ်ကာ ဝင်ပေါက်ကနေ ထိုလူကိုစောင့်ကြည့်နေလိုက်သည်။


ခဏကြာသောအခါ ကျောင်းသားများအားလုံးနီးပါး အိမ်ပြန်သွားကြပြီဖြစ်လေသည်။ ကျောင်းထွက်ပေါက်တွင် နောက်ကျန်ရစ်သူအနည်းငယ်သာရှိနေပြီး အများကြီး ငြိမ်ကျသွားခဲ့၏။


ရှုနဉ်က သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ညနေ ၆ နာရီဖြစ်သည်။ ဗီလိန်ထွက်လာရတော့မည့်အချိန်ပင်ဖြစ်၏။


ထိုလူက ကျောင်းထွက်ပေါက်တွင် စောင့်နေဆဲဖြစ်သည်။ သူက ဗီလိန်ကိုစောင့်နေမှန်း ရှုနဉ် သေချာသိသည်။


ကျောင်းသားများအားလုံးနီးပါးထွက်သွားကြသည်နှင့် ဗီလိန်လေး၏သေးသွယ်သောပုံစံလေးက ကျောင်းဝင်ပေါက်နားမှပေါ်လာသည်မှာ သေချာသည်။ သူက သန့်ရှင်းသောအပြာနှင့် အဖြူ တူညီဝတ်စုံကိုဝတ်ဆင်ထားပြီး ရုပ်ဆိုးသော ခရမ်းရောင်ဆံပင်တုလည်းပါရှိသည်။ သူ့ညာဘက်ပုခုံးပေါ်တွင် အိုဟောင်းနေသောကျောင်းလွယ်အိတ်လွယ်ထားပြီး သူ့လက်များက အိတ်ကပ်ထဲတွင်ထည့်ထားကာ ကျောင်းထွက်ပေါက်ဆီသို့ ဖြည်းညင်းစွာ လာနေသည်။


သူက အလွန်စိတ်အေးသက်သာနေပုံရ၏။


စားစရာဆိုင်ငယ်လေးနားတွင် ရပ်နေသောလူကို သတိထားမိလိုက်သောအခါ လျင်မြန်စွာ ရပ်လိုက်မိသည်။ သူက ဝင်ပေါက်နားတွင်ရပ်နေပြီး လှုပ်ရှားခြင်းမရှိပေ။ သူက သူ့လက်များကို အိတ်ကပ်ထဲမှထုတ်လိုက်ပြီး အေးဆေးတည်ငြိမ်သောမျက်နှာထားက ရေခဲသဖွယ်အေးစက်ပြီး ဥပေက္ခာပြုသောအနေအထားသို့ အသွင်ဆောင်လိုက်လေသည်။


ထိုလူက ဆိုင်နားကနေ ကျောင်းထွက်ပေါက်နားသို့ လျှောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သည်။ 


“ရှောင်ယင်း”


ရှုနဉ်က သူ့လက်ထဲက ဒိန်ချဉ်ဗူးလေးကို ဖိချေလိုက်ကာ ဘေးက အမှိုက်ပုံးထဲထည့်လိုက်သည်။ ထို့နောက် သူက လျင်မြန်စွာနှင့် လျှောက်လာ၏။


ဗီလိန်လေးက ကျောင်းထွက်ပေါက်ကနေ ထွက်လာပြီး ထိုလူကို အေးစက်စွာနှင့်ပြောလိုက်သည်။ 


“ဒီမှာ ဘာလာလုပ်နေတာလဲ”


ထိုလူက သူ့ရဲ့ ခရမ်းရောင်ဆံပင်တုကိုကြည့်လိုက်ကာ အားမရဖြစ်သွားသည်။


“ဆံပင်တုက အရမ်းရုပ်ဆိုးတာပဲ မကြိုက်ဘူး”


“မကြိုက်ဘူး” ဟုပြောလိုက်သောအခါတွင် အလွန်တည်ကြည်နေပုံရပြီး သဘာဝဆန်သည်။ 


ဗီလိန်၏ မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့်ပင်တူနေပြီး ဗီလိန်ကလည်း သူ့အကြိုက်ကို လိုက်လုပ်ရမလိုဖြစ်နေသည်။


“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားအလုပ်လား” 


ဗီလိန်လေးက ဒေါသထွက်နေသော သားရဲလေးလို ကြမ်းကြုတ်စွာပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တင်းမာနေပြီး သူ့လက်သည်းများကို ဝေ့ယမ်းနေ၏။


ထိုလူက သူ့ကိုယ်သူ ချုပ်တည်းလိမ့်မည်ဟု ရှုနဉ်က ထင်လိုက်သော်လည်း မထင်မှတ်ထားသော လှုပ်ရှားမှုဖြစ်လာကာ ဗီလိန်၏ ဆံပင်တုကို ဖမ်းဆုပ်လိုက်သည်။


ရှုနဉ်က မှင်တက်သွားမိသည်။ ထိုနေရာက ကျောင်းဝင်ပေါက်ပင်ဖြစ်၏။ သာမာန်လူဆိုလျှင် ကျောင်းဝင်ပေါက်တွင် ထိုသို့ပြုမူမည်မဟုတ်ချေ။


ထိုလူ၏ ဦးနှောက်တွင် တစ်ခုခုချို့ယွင်းနေသည်လား။


ယင်းမင်ကျန်းက နောက်ဆုတ်ကာ ‌သူ့လက်ကိုရှောင်တိမ်းလိုက်သော်လည်း ထိုလူက မရပ်မနား အနားသို့တိုးလာပြီး ဆံပင်တုကိုဆွဲချွတ်ဖို့ အတင်းလုပ်နေသည်။ လူကြီးတစ်ယောက်ဖြစ်သည့်အတွက် ယင်းမင်ကျန်းက သူ့ကို အရပ်၊ ကိုယ်အလေးချိန်နှင့် ခွန်အားများတွင် မယှဉ်နိုင်ပေ။ သူက ယင်းမင်ကျန်း၏ လက်မောင်းကိုဆွဲယူလိုက်သည်။


ယင်းမင်ကျန်းက ကျောင်းလွယ်အိတ်ကိုကောက်လိုက်ကာ ထိုလူကို ရိုက်လိုက်သည်။ အနည်းငယ်ရုန်းကန်ပြီးနောက် ထိုလူက အနိုင်ရသွားသည်။


ယင်းမင်ကျန်း၏ ဆံပင်တုက ကျွတ်သွားပြီး သူ့ရဲ့ မှောင်နက်ပြီး နူးညံ့သည့်ဆံနွယ်လေးများက ပေါ်လာသည်။


သူ့ဦးခေါင်း၏ပုံစံက လှပပြီး သူ့ဆံပင်ကလည်း ထူကာ အနက်ရောင်ဖြစ်သည်။ ပိုကြည့်လေလေ ပိုလှလေလေဖြစ်သော နမူနာပုံစံကိုပြပါဆိုလျှင် ယင်းမင်ကျန်းက အလှဆုံးဖြစ်ပေ၏။ သူ၏လှပပြီး ခံ့ညားထည်ဝါသည့်မျက်နှာက အားလုံးကို မြင်သာသွားစေသည်။


ရှုနဉ်က အခုချိန်တွင် အလွန်ဒေါသဖြစ်နေ၏။ သူက လျင်မြန်စွာရောက်လာပြီး ထိုလူကို အနောက်ကနေ ကန်လိုက်သည်။


နှစ်ယောက်လုံးက မပြင်ဆင်ထားခဲ့ချေ။ ထိုလူက ယင်းမင်ကျန်း၏ ခရမ်းရောင်ဆံပင်တုကိုကိုင်ထားရင်း အရှေ့သို့ ခလုတ်တိုက်သွား၏။


ယင်းမင်ကျန်းက ရှုနဉ်ကိုတွေ့လိုက်ရ၍ အနည်းငယ် အံ့ဩသွားကာ ခေတ္တမျှ ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူက လှည့်လိုက်ကာ ထိုလူ၏အပေါ်သို့ သားရဲအသေးစားလေးသဖွယ် ရိုက်နှက်ပြီး ထိုးကြိတ်ကာ ကန်ကျောက်တော့သည်။


ကျောင်းထွက်ပေါက်က လုံခြုံရေးများက တစ်ခုခုမှားနေကြောင်းသိလိုက်ပြီး အမြန်ရောက်လာကာ အော်ပြောတော့သည်။ 


“ဘာလုပ်နေတာလဲ ရန်မဖြစ်ရဘူး”


ယင်းမင်ကျန်းက လုံခြုံရေးများပြောတာကို နားလေးနေသလိုသာပြုမူနေ၏။ အခုချိန်တွင် သူ့မှာ တစ်ပန်းသာနေပြီး ယခင်က အတွေ့အကြုံက သူ့ပြိုင်ဘက်ကို ရက်ရက်စက်စက်ရိုက်နှက်ဖို့ အခွင့်အရေးကို လက်မလွှတ်သင့်ကြောင်းပြောနေသည်။ ပြိုင်ဘက်ကို နာလန်မထူစေလိုပေ။ သူ့ပြိုင်ဘက်သာ နာလန်ထူလာလျှင် သေမည့်သူက သူသာဖြစ်လိမ့်မည်။


သူ့လက်သီးဆုပ်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး ထိုလူ၏ မျက်နှာပေါ်သို့စိုက်ချနေသည်။ ထိုလူ၏မျက်မှန်က ဘယ်ဆီမှန်းမသိ လွင့်စင်သွားခဲ့သည်။ ထိုလူက ယင်းမင်ကျန်း၏လက်ကို ဖမ်းဖို့ကြိုးစားသော်လည်း ယင်းမင်ကျန်း၏ ရိုက်ချက်များကြောင့် မြေပြင်ပေါ်သို့ လဲနေရသည်။


ထိုလူ၏ နှာခေါင်းက စတင်၍သွေးထွက်လာတော့သည်။


ရှုနဉ်က ထိုလူတွင် သွေးထွက်နေတာကိုတွေ့သောအခါ ယင်းမင်ကျန်း အရမ်းလွန်သွားမလားဟု စိုးရိမ်သွားမိသည့်အတွက် သူ့ကိုတားရန် အလျင်အမြန်သွားလိုက်သည်။ 


“တော်တော့”


“ငါ့ကို ဘာမှလာမပြောနဲ့”


ယင်းမင်ကျန်းက ရုတ်တရက် လှည့်ကြည့်လာသည်။ သူ့မျက်ဝန်းများက နီရဲနေပြီး သူ့မျက်နှာထားကလည်း သွေးဆာနေသည်။ သူက ရှုနဉ်ကို ဘေးသို့တွန်းလိုက်ပြီး ထိုလူကိုသာ ရက်ရက်စက်စက် ဆက်ရိုက်နေသည်။


အားသုံးမှုများကာ ရှုနဉ်ကို အနောက်သို့ ခလုတ်တိုက်သွားစေသည်။ သူက အေးစက်သောလေထုကို ပြင်းပြင်းရှုလိုက်သည်။ ယခုဖြစ်နေသည့် ဗီလိန်လေး၏ပုံစံက သူ့ကို ရူးမိုက်နေသောခွေးနှင့်ပင်တူစေသည်။ ယခုလိုပုံစံနှင့်သာ ကြီးပြင်းသွားမည်ဆိုလျှင် စာအုပ်ထဲတွင် ဖော်ပြထားသည့် ရူးမိုက်ပြီး ဆင်ခြင်မှုကင်းမဲ့သောဗီလိန်လိုမျိုး အဆုံးသတ်သွားနိုင်၏။


ရန်သူကို အနိုင်ယူရန်အတွက် သူ့ကိုယ်သူအနစ်နာခံဖို့ တုံ့ဆိုင်းမည်မဟုတ်ပေ။ အတူတူသေရမည်ဆိုလျှင်တောင် အရာအားလုံးကို ရက်စက်စွာဖြင့်လုပ်သွားမည့်သူသာဖြစ်ပေသည်။


ထိုကဲ့သို့ ဗီလိန်လေး၏ပုံစံကိုကြည့်ရင်းနှင့် ရှုနဉ်က အနည်းငယ် ကြောက်ရွံ့သွားရသည်။


ထိုလူက လုံးဝ အခွင့်မသာတော့ပေ။ သူ့မျက်နှာကိုကာကွယ်ရန် လက်နှင့်အုပ်ထားရုံမှလွဲလို့ သူလုပ်နိုင်သည့်အရာမရှိပေ။


ထိုအချိန်တွင် လုံခြုံရေးများက ရောက်လာကြပြီး ယင်းမင်ကျန်းကို ဆွဲတော့သည်။ ထိုလူကို အတင်းအကျပ်ဆွဲထုတ်ပြီး ကယ်တင်သော်လည်း ယင်းမင်ကျန်းက ခြေထောက်ဆန့်ထားကာ ကန်ဖို့ကြိုးစားနေသေးသည်။


“လာခဲ့လေ သောက်နှာဗူးကောင်” သူက အော်ဟစ်လိုက်သည်။ 


သူ့လည်ပင်းပေါ်ရှိ သွေးကြောများက ခုန်ထွက်လာပြီး အရှိန်မြှင့်လာသောခံစားချက်များကြောင့် သူ့မျက်နှာက နီရဲနေသည်။ သူ့မျက်ဝန်းများက တိုက်ခိုက်မည့်အားမာန်များတက်ကြွနေပြီး အနက်ရောင် တောက်ပနေသည်။


ထိုလူက မြေပြင်ပေါ်မှထလာပြီး သွေးများကို အန်ထုတ်လိုက်သည်။ အဝေးသို့ ဒယီးဒယိုင်ဖြင့် လျှောက်မသွားခင် ယင်းမင်ကျန်းကို မှုန်မှိုင်းပြီး စွဲလမ်းသောအကြည့်ဖြင့်ကြည့်နေခဲ့သည်။


“သောက်နှာဗူးကောင် ခင်ဗျားထွက်သွားတာကောင်းလိမ့်မယ်နော် ထပ်တွေ့ရင် ထပ်ရိုက်ဦးမှာ” ယင်းမင်ကျန်းက အခုထိ သူ့ကိုအော်နေခဲ့သည်။


ထိုလူ၏မျက်ဝန်းထဲမှာ မူမမှန်သောအကြည့်က ရှုနဉ်ကို နှလုံးခုန်မြန်သွား‌စေ၏။ သူက ယင်းမင်ကျန်းဆီကို လျှောက်သွားကာပြောလိုက်သည်။ 


“တော်ပါတော့ ပြန်ရအောင်”


ကျန်ရှိနေသေးသောကျောင်းသားအနည်းစုက ဖုန်းများကိုကိုင်ထားကြပြီး ဗီဒီယိုရိုက်နေကြသည်။


ရှုနဉ်က သူတို့ထဲမှာတစ်ယောက်ဆီသို့သွားလိုက်သည်။ 


“ငါ့ကို အဲဒီဗီဒီယိုလေးပြပါ အစအဆုံးရိုက်လိုက်ရလား”


ကျောင်းသားက သူ့ဖုန်းကို ဖွက်ထားချင်နေသည်။ ရှုနဉ်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ 


“ငါ့ကိုပြ”


ကျောင်းသားက သူ့ဖုန်းကို အင်တင်တင်နှင့်မပေးခင် အပြစ်ရှိစိတ်နှင့် သူ့ကို ခေတ္တမျှကြည့်နေခဲ့သည်။ ရှုနဉ်က ဗီဒီယို၏အစကို ပြန်ကြည့်လိုက်သောအခါ နှစ်ယောက်ရန်ဖြစ်နေချိန်မှ စရိုက်ထားတာကိုတွေ့လိုက်ရသည်။ ရှုနဉ်က မကျေနပ်စွာနှင့် ပြောလိုက်သည်။


“မင်းက အစအဆုံးမရိုက်ထားဘူး ပထမဆုံးစလှုပ်ရှားတဲ့သူက အဲဒီလူပဲ”


ကျောင်းသားက ဆွံ့အသွားရသည်။


ရှုနဉ်က တခြားမိန်းကလေးနှစ်ယောက်ဆီသွားကာ ပြုံးပြလိုက်သည်။ 


“မင်းတို့မှာ အစအဆုံးရိုက်ထားတာရှိလား”


မိန်းကလေးနှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြသည်။ တစ်ယောက်က ပြောသည်။ 


“ဒါက အစအဆုံးလို့ထင်တာပဲ”


သူတို့နှစ်ယောက်က ယင်းမင်ကျန်း၏ ပရိတ်သတ်များဖြစ်ကြသည်။ သူတို့က ယင်းမင်ကျန်းကျောင်းထဲမှ ထွက်လာကတည်းက စရိုက်ထားခြင်းဖြစ်သည့်အတွက် ဗီဒီယိုအစအဆုံးရခဲ့သည်။



_



Translated By IQ-Team.