Chapter 17
ငါကမင်းထက်အရပ်ရှည်တယ်
ရှုနဉ်က ဗီဒီယို၏အစကို ပြန်ဆွဲယူကြည့်လိုက်သည်။ ဗီလိန်က ကျောင်းပေါက်ဝကိုရောက်လာပြီး ထိုလူကို စကားပြောသည်။ ခဏကြာသောအခါ ထိုလူက လက်မြှောက်လာပြီး ဗီလိန်၏ခေါင်းကိုထိသည်။ ရှုနဉ်က ထိုလူက ဗီလိန်၏ဆံပင်တုကိုယူချင်မှန်းသိသော်လည်း ဗီဒီယိုထဲတွင်တော့ ထိုလူက ယင်းမင်ကျန်းကို ရိုက်ဖို့ကြိုးစားနေသည့်ပုံပေါ်နေသည်။
ထို့နောက် ဗီလိန်က ထိုလူ၏လက်ကိုရိုက်ထုတ်လိုက်ပြီး ကျောင်းလွယ်အိတ်ကိုကောက်ကာ ထိုလူကိုရိုက်ရန်ကြိုးစားသည်။ ထို့နောက် ထိုလူက ဗီလိန်ကိုထိန်းထားပြီး ဆံပင်တုကို ချွတ်လိုက်သည်။
“ကောင်းတယ်” ရှုနဉ်က လက်ဖြောက်တီးကာ သူ့ဖုန်းကိုယူလိုက်သည်။
“ဟေး ချစ်စရာကောင်မလေးတွေ ငါ့ကို QQ ကနေ အပ်ပြီး အဲဒီဗီဒီယိုပို့ပေးနိုင်မလား”
ချစ်စရာကောင်မလေးနှစ်ယောက်က ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။ သူတို့က ယင်းမင်ကျန်းကိုကြိုက်ကြပြီး သူ့ပရိတ်သတ်ဖြစ်သော်လည်း ရှုနဉ်ကလည်း ချောမောကာ နာမည်ကြီးသည်။ သူ့ရဲ့ QQ အကောင့်ကို အပ်ရခြင်းက အရှုံးမရှိနိုင်ချေ။
သူတို့သုံးယောက်က အချင်းချင်း QQ အကောင့်အပ်နေကြချိန်တွင် လုံခြုံရေးများက ယင်းမင်ကျန်းကို အပြစ်ဖော်ဆုံးမနေကြသည်။ ယင်းမင်ကျန်းက ခေါင်းမော့ထားဆဲဖြစ်သည်။ သူ့မျက်ဝန်းထဲမှ အကြည့်က အမြဲလိုလို ပုန်ကန်နေဆဲသာဖြစ်သည်။
လုံခြုံရေးများက သူ့ပုံစံကိုမကြိုက်၍ ဆူလိုက်သည်။ “ကျောင်းအုပ်ကြီးရောက်တော့မယ် မင်းဒီမှာ စောင့်နေ”
ခဏကြာသောအခါတွင် ကျောင်းအုပ်ကြီးနှင့် တခြားဆရာများက အခင်းဖြစ်ရာနေရာကိုရောက်လာကြသည်။ ရှုနဉ်၏ အတန်းပိုင်ဆရာမကလည်း ထိုနေရာသို့ရောက်လာသည်။ ပါဝင်နေသည့်သူက သူမအတန်းထဲမှကျောင်းသားဖြစ်ကြောင်းသိသည်နှင့် သူမမျက်နှာက ဖြူဖျော့သွားရသည်။
ကျောင်းအုပ်ကြီးက အသက်ကြီးသောလူကြီးဖြစ်သည်။ သူက တည်ကြည်စွာနှင့် ယင်းမင်ကျန်းဆီသို့သွားကာ မေးလိုက်သည်။
“မင်းက ဘယ်အတန်းကလဲ”
ယင်းမင်ကျန်းက နှုတ်ခမ်းကို စုဝိုင်းထားကာ ပြန်မဖြေပေ။
သူတို့၏ အတန်းပိုင်ဆရာမက အမြန်ပြောလိုက်သည်။
“ယင်းမင်ကျန်းက မင်းဘာလို့ ကျောင်းဝင်ပေါက်မှာ ရန်ဖြစ်နေရတာလဲ”
“ယင်းမင်ကျန်း သူပဲကိုး”
“သူမှန်းသိရလို့ မအံ့ဩတော့ပါဘူး”
တီးတိုးပြောဆိုမှုများက ပတ်ပတ်လည်မှ ရောက်ရှိလာကြသည်။
သူတို့၏ စိတ်တိုနေသောမျက်နှာထားများနှင့် သူ၏ “ကောင်းမွန်သောအောင်မြင်မှုများ” အကြောင်းကို အတင်းပြောနေတာကြားသိရင်ဆိုင်ရသောအခါ ယင်းမင်ကျန်း၏မျက်ဝန်းများက မှိန်စပြုလာပြီး နက်နဲလွန်းလှသည့် အဆုံးမရှိသော အသူတစ်ရာနက်သည့်ချောက်သကဲ့သို့ဖြစ်လာခဲ့သည်။
“... သူ့အဖေက ထောင်ကျဖူးတယ်လေ သူမူလတန်းတုန်းက လူတစ်ယောက်ရဲ့အိမ်ထဲခိုးဝင်ပြီး လုယက်ခဲ့ဖူးတယ် မိသွားတော့ သူက ဓားတောင်ကိုင်ထားတာတဲ့ ပြီးတော့ နစ်နာသူကို ခြိမ်းခြောက်ပြီး အိမ်ပြောင်းသွားအောင်လုပ်တယ်ဆိုပဲ…”
ယင်းမင်ကျန်းက သူ့လက်သီးဆုပ်ကို ဖြည်းဖြည်းချင်း တင်းမာလိုက်သည်။ သူ့နှလုံးခုန်သံများက ဖြည်းဖြည်းချင်း ကျဆင်းလာသော်လည်း အနားက လူများပြောသည့်စကားများကိုကြားပြီးသောအခါ ထပ်ပြီး ခုန်ပေါက်လာပြန်သည်။
ဒီလူတွေက…
“ပြောလေ မင်းဘာလို့ ရန်ဖြစ်တာလဲ” အတန်းပိုင်ဆရာမက သူမအတန်းထဲမှ ကျောင်းသားတစ်ယောက်က အမှားလုပ်မိခြင်းကို တွေ့ရှိသွားသောကြောင့် ရှက်ကြောက်နေသည်။
သူမရဲ့ အပိုဝင်ငွေများ နုတ်ယူခံရနိုင်ပြီး အပြစ်တင်ခံရတော့မည်ကိုတွေးမိသောအခါ ဒေါသများကို ယင်းမင်ကျန်းအပေါ်ပုံချလိုက်သည်။
“ကျောင်းအုပ်ကြီး ကျွန်တော် သူ့ကို အာမခံနိုင်ပါတယ် ယင်းမင်ကျန်းက အပြစ်မရှိပါဘူး”
ထိုအချိန်တွင် ပြတ်သားသောအသံတစ်ခု ပေါ်ထွက်လာ၏။
__
အားလုံးလှည့်ကြည့်လိုက်သောအခါ ဆံပင်ရွှေရောင်နှင့်ကောင်လေးအား တွေ့လိုက်ရသည်။ သူက ပန်းရောင် ဟယ်လိုကစ်တီဖုန်းလေးကိုကိုင်ကာ လျှောက်လာပြီးပြောသည်။
“ကျောင်းအုပ်ကြီးနဲ့ ဆရာမများကို ဒီဗီဒီယိုကြည့်ဖို့ အကြံပြုပါရစေ”
ကောင်လေး၏ပုံစံက အလွန်နှိမ့်ချရိုကျိုးလျက်ရှိသည်။ စိတ်တိုနေသောကျောင်းအုပ်ကြီးက အနည်းငယ်စိတ်သက်သာရာရသွားပြီး သူ့ကိုမေးလိုက်၏။
“မင်းက ဘယ်အတန်းကလဲ”
ရှုနဉ်က ပြုံးပြလိုက်သည်။ သူ့သွားများက အလွန်ဖြူဖွေး၏။ သူ့အသားအရေက နေရောင်ကဲ့သို့ ဝင်းပပြီး အဖြူရောင်ဂျုံစေ့ကဲ့သို့ ဖြူစင်သည်။ သူပြုံးလိုက်သောအခါ သူ့မျက်ဝန်းထဲတွင် အလင်းရောင်် အပိုင်းအစများကိုတွေ့ရသည်။ သူ့နားက လူများကို အေးဆေးတည်ငြိမ်စေသည်အထိ သူ့ပုံစံက အလွန်တောက်ပကာ မြူးကြွသည်။
“ကျွန်တော်က အတန်း ၃ Grade 7 က ရှုနဉ်ပါ ယင်းမင်ကျန်းက တစ်တန်းတည်းပါပဲ” ရှုနဉ်က အတန်းပိုင်ဆရာမကို မျက်စိမှိတ်ပြလိုက်ကာ အားလုံးအဆင်ပြေကြောင်း ပြောဆိုလိုက်သည်။
ထို့နောက် သူက ကျောင်းအုပ်ကြီးထံသို့ ဖုန်းပေးလိုက်သည်။
“ဒီမှာကြည့်ပါခင်ဗျ အဲဒီလူက ယင်းမင်ကျန်းကို အရင်ရိုက်တာပါ အဲဒါကြောင့် ယင်းမင်ကျန်းက ပြန်ရိုက်တာပါ”
ကျောင်းအုပ်ကြီးက ဖုန်းကိုယူ၍ ဗီဒီယိုကိုကြည့်လိုက်သည်။ ခဏကြာသောအခါ တင်းမာနေသော သူ့မျက်နှာထားက ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။
အတန်းပိုင်ဆရာမက ကျောင်းအုပ်ကြီး၏မျက်နှာထားကို ကြည့်ရှုနေခဲ့သည်။ သူ့မျက်နှာတည်ငြိမ်သွားသည်ကိုတွေ့မှ သူမ၏ စိုးရိမ်စိတ်များကို ဖယ်ချနိုင်တော့သည်။ သူမက ရှုနဉ်ကို ကြည့်လိုက်မိသည်။
ရှုနဉ်က သူမကို ပြန်ပြုံးပြလိုက်သည်။
အတန်းပိုင်ဆရာမက သူ့ကို မျက်ဝန်းအကြည့်များဖြင့် ဆူလိုက်သည်။
“အခုထိ ရှုပ်နေတုန်းလား”
သို့သော် သူမ၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရှိနေသည်။
ရှုနဉ်က ရွှင်ပျသောကိုယ်ကျင့်စရိုက်ရှိပြီး သူမနှင့်စကားပြောရခြင်းကိုကြိုက်ကာ သူမကိုပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲသိသည်။ အတန်းပိုင်ဆရာမက သူ့ကို အလွန်သဘောကျ၏။
သူက ယင်းမင်ကျန်းနှင့်မတူပေ။ သူ့ကို တုတ်ချောင်းနှင့်ရိုက်လျှင်တောင်မှ သူ့ဆီက စကားတစ်ခွန်းထွက်လာမည်မဟုတ်ချေ။ သူက ရန်ဖြစ်ရခြင်းကိုကြိုက်နှစ်သက်ပြီး ဆရာမက သူ့ကိုရုံးခန်းထဲခေါ်၍ ဆူလျှင် သူ့မျက်နှာထားဖြင့် အမြဲပြောတတ်သည်က “ကျွန်တော် ဘာအမှားမှမလုပ်ထားဘူး” ဟူ၍ဖြစ်သည်။
သူက သူမ၏ ဆရာမအနေနှင့်လုပ်ပိုင်ခွင့်များကို အမြဲစိန်ခေါ်လေ့ရှိသည်။ လူအများက သူ့ကိုကြိုက်နှစ်သက်ဖို့မဖြစ်နိုင်ရန် လုပ်တတ်သည်။
ဗီဒီယိုကိုကြည့်ပြီးနောက် ကျောင်းအုပ်ကြီးက ရှုနဉ်ကို ဖုန်းပြန်ပေးလိုက်သည်။
“ယင်းမင်ကျန်းက အရင်စမရိုက်တာမှန်ပေမယ့် ပြဿနာဖြစ်တယ်ဆိုရင် အေးအေးချမ်းချမ်းဖြေရှင်းလို့ရတာကို ဘာလို့ လက်ပါရတာလဲ”
ယင်းမင်ကျန်းက မျက်ခုံးပင့်ထားပြီး ခေါင်းမော့ထားသည်။
ရှုနဉ်က ဖုန်းကိုယူ၍ သူ့အတန်းပိုင်ဆရာမနှင့် တခြားဆရာမများကို ပြလိုက်သည်။ သူက စိတ်ပူစွာနှင့်ပြောသည်။
“ဆရာ သူစိမ်းလူတွေက ဒီကျောင်းပေါက်ထိလာပြီး ကျောင်းသားတွေကိုရိုက်နှက်နေရင် ကျောင်းရဲ့လုံခြုံရေးကို မထိခိုက်စေဘူးလား အဲဒီလူက ကျောင်းပေါက်ဝမှာစောင့်နေတာ ဒါပေမယ့် ဘယ်သူမှ သူ့ကို သတိမထားမိကြဘူး ပြီးတော့ ရုတ်တရက်ကြီး ကျောင်းသားကိုရိုက်တော့တာပဲ အရင်ကလည်း ကျောင်းပေါက်ဝမှာ မူလတန်းကျောင်းသားတွေကို ထိုးနှက်မှုဖြစ်တာ ကျွန်တော်ကြားဖူးတယ်…”
ရှုနဉ်၏စကားလုံးများက အားလုံးကို လန့်ဖျပ်သွားစေသည်။ အားလုံးက ထိုနည်းအတိုင်းတွေးမိသောအခါ ရှုနဉ်ပြောသည့်စကားများက မှန်ကန်ကြောင်း သိရှိနားလည်သွားကြ၏။
ကျောင်းအုပ်ကြီးသည်လည်း ကျောင်းလုံခြုံမှုအပေါ်တွင်သာ ချက်ချင်းအာရုံပြောင်းသွားခဲ့သည်။ သူက လှည့်ကြည့်ပြီး လုံခြုံရေးများကို အပြစ်ဖော်ဆုံးမလိုက်သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ အဲဒီလူက ကျောင်းပေါက်ဝမှာ ရပ်နေတာ ကြာလှပြီ ဘယ်လိုလုပ် သူ့ကို သတိမထားမိကြတာလဲ သူက အန္တရာယ်ရှိတဲ့လူဆိုရင် ဘယ်လိုလုပ်မလဲ”
လုံခြုံရေးများက လုံးဝ ထိတ်လန့်သွားကြသည်။ အပြစ်တင်ပြောဆိုမှုများက ဘာလို့ သူတို့ဆီကို ရုတ်တရက်ရောက်လာရသလဲဆိုတာကို နားမလည်နိုင်သဖြင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။
“ဆရာ သူက ဒီတိုင်း သာမာန်လူလိုပဲရပ်နေတာလေ ဘယ်သူက သူ့ကို ဒီလိုလုပ်မယ့်သူမျိုးလို့ထင်မှာလဲ”
ကျောင်းအုပ်ကြီးက ဆူငေါက်လိုက်သည်။
“ငါဗီဒီယိုကြည့်ပြီးပြီ ရန်ဖြစ်လို့ပြီးတာတောင် မင်းတို့တွေ ရောက်မလာကြဘူး တကယ်လို့များ တစ်ခုခုဖြစ်သွားခဲ့ရင် အဲဒါ မင်းတို့ရဲ့ ပေါ့ဆမှုကြောင့်ပဲ”
ကျောင်းအုပ်ကြီးက လုံခြုံရေးကို ဆက်လက်၍ ဆူပူအော်ဟစ်နေပြီး လုံခြုံရေးကလည်း သူ့ကိုယ်သူ ကာကွယ်ပြောဆိုနေသည်။
ရှုနဉ်က မီးလောင်ရာလေပင့်လိုက်၏။
“ဆရာ သူတို့နှစ်ယောက်ရန်ဖြစ်နေတဲ့အချိန်မှာ လုံခြုံရေးက ယင်းမင်ကျန်းကိုပဲတားတယ် အဲဒီလူကိုကျမတားဘူး ဟူး အဲဒီလူကြီးက အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကျိုင်းတာကို ယင်းမင်ကျန်းက ပုပုသေးသေးလေးနဲ့… လုံခြုံရေးကလည်း ကျောင်းသားကို မကူညီပေးဘူး ဘယ်ကပေါ်လာမှန်းမသိတဲ့ လူဆိုးကောင်ကို သူက ကူညီဖို့သွားနေသေးတယ် ဟူး”
မိန်းကလေးနှစ်ယောက်ကလည်း ပြောလာကြသည်။
“ဟုတ်တယ် အရမ်းကြောက်စရာကောင်းတာပဲ လုံခြုံရေးက ယင်းမင်ကျန်းကို မကူညီပေးတဲ့အပြင် သူ့ကို ဆွဲတောင်ခေါ်သွားသေးတယ် နောက်ကျတော့ အဲဒီလူက ထွက်ပြေးသွားတာကို သူက နောက်ကမလိုက်ဘူး ဒီတိုင်း ကျောင်းပေါက်ဝမှာရပ်ပြီး ယင်းမင်ကျန်းကိုပဲ ဆူနေတယ်…”
ယင်းမင်ကျန်းက ခေါင်းမော့၍ ရှုနဉ်ကိုငေးကြည့်ကာ မျက်ဝန်းများဖြင့် မေးလိုက်သည်။
ဘယ်သူက ပုပုသေးသေးလေးလဲ…
ရှုနဉ်က မမြင်ချင်ယောင်ဆောင်လိုက်သည်။
လုံခြုံရေး၏မျက်နှာက အလောတကြီးဖြစ်နေသည်။ သူ့ကိုယ်သူကာကွယ်ပြောဆိုချင်သော်လည်း သူတကယ်နောက်ကျသွားခဲ့သည့်အတွက် မပြောနိုင်သလို သူက အမှန်တကယ်ပင် ယင်းမင်ကျန်းကို ဆွဲခေါ်ကာ ထိုလူကို လွတ်မြောက်အောင်လုပ်ပေးခဲ့သည်။
သူမ၏ကျောင်းသားများက တရားခံမဖြစ်ကြောင်းကိုတွေ့သည်နှင့် အတန်းပိုင်ဆရာမက ဘေးတွင်ရပ်နေပြီး ဘာမှမပြောပေ။
လုံခြုံရေးက သူ့တွင်တာဝန်ရှိလာကြောင်းသိလိုက်သည်။ သူထိုကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် အလုပ်ပြုတ်နိုင်ချေရှိသည်။ သူက စိတ်တိုသွားပြီး ကျယ်လောင်စွာပြောလိုက်သည်။
“အဲဒီလူက တခြားလူကိုမရိုက်ပဲ ယင်းမင်ကျန်းကိုပဲရိုက်တာဆိုတော့ ယင်းမင်ကျန်းမှာ တစ်ခုခုရှိကိုရှိနေရတယ် အဲဒါ ယင်းမင်ကျန်းအမှားပဲ”
ပတ်ပတ်လည်တွင်ရှိကြသောဆရာမများက အလေးအနက်ပြန်ဖြစ်သွားကြသည်။
အမှန်ပင်ဖြစ်သည်။ ဗီဒီယိုထဲတွင် ထိုလူက ယင်းမင်ကျန်းဆီကိုသာ တည့်တည့်မတ်မတ်သွားခြင်းဖြစ်သည်။
“ဘယ်သူက ယင်းမင်ကျန်းအကြောင်းမသိဘဲနေမှာလဲ သူ့အဖေက ထောင်လည်းကျဖူးတယ် အရက်သမားလည်းဖြစ်ပြီး ပြဿနာတွေပဲ အချိန်ပြည့်ရှာနေတာ သူက ဒီနေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတာ ယင်းမင်ကျန်းက မူလတန်းကျောင်းမှာ တစ်ယောက်ယောက်အိမ်ထဲကိုဝင်ပြီး လုယက်ဖို့လည်းကြိုးစားသေးတယ် ဓားကိုင်ပြီးလည်း ခြိမ်းခြောက်တယ် သူဂြိုဟ်မွှေတာက ပုံမှန်ပဲမဟုတ်ဘူးလား”
လုံခြုံရေး၏စကားက ကျောင်းအုပ်ကြီးနှင့် ဆရာမများကို အလေးအနက်တွေးတောသွားစေခဲ့သည်။
ယင်းမင်ကျန်းက လုယက်သည့်အမှုကြောင့် ချက်ချင်းနာမည်ကြီးသွားခဲ့ခြင်းဖြစ်သည်။ အစိုးရကျောင်းမူလတန်းကျောင်းမှ ဘွဲ့ရပြီးသည်နှင့် ဂျူနီယာအထက်တန်းကျောင်းခွဲသို့ ပြောင်းရွေ့ခဲ့သည်။ အားလုံးက တစ်ရပ်ကွက်တည်းသားချင်းဖြစ်သည့်အတွက် သူ့ဆီတွင်ဖြစ်ခဲ့သောကိစ္စများကိုသိကြသည်။
ယင်းမင်ကျန်း၏မျက်နှာက နစ်မြုပ်သွားသည်။ သူက ညင်သာစွာဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းကလည်း တွန့်သွားခဲ့သည်။
ကျောင်းအုပ်ကြီးက ထိုပုံစံကိုတွေ့သောအခါ ဒေါသဖြစ်သွားသည်။
“နေပါဦး မင်းက လက်မခံဘူးပေါ့ ဟုတ်လား မင်းဘာအမှားမှမလုပ်ထားဘူးလို့ ထင်နေတာမလား”
အခြေအနေမဟန်တော့ကြောင်း ရှုနဉ်သိလိုက်သဖြင့် နှစ်ယောက်ကြားတွင် လျင်မြန်စွာ ဝင်ရောက်ကြားဖြတ်ပြောဆိုလိုက်သည်။
“ဆရာ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်ပါ ဘယ်သူပဲဖြစ်ဖြစ် အရင်ရိုက်တဲ့သူက မှားတာပဲလေ အဲဒီလူက ယင်းမင်ကျန်းနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာတောင် ကျွန်တော်တို့မသိဘူးလေ အဲဒီအပြင် ဒီနေ့ဖြစ်ခဲ့တဲ့အပေါ်မှာ ယင်းမင်ကျန်းကို အပြစ်တင်လို့မရပါဘူး”
ကျောင်းအုပ်ကြီးက နှာမှုတ်လိုက်ကာ သူ့လက်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ခါယမ်းလိုက်သည်။
“ပြဿနာရှာတဲ့အုပ်စုတွေပဲ သွား သွား သွား သွားကြတော့ ဒီမှာပဲ မနေကြနဲ့”
“ကျေးဇူးတင်ပါတယ် ဆရာ ကျေးဇူးတင်ပါတယ် ဆရာမ”
ရှုနဉ်က အတန်းပိုင်ဆရာမကို မျက်စိမှိတ်ပြလိုက်သည်။ သူမကလည်း သူမ၏ကျောင်းသားကို အလွန်ချစ်သောအကြည့်ဖြင့် ပြန်လည်မျက်စိမှိတ်အချက်ပြလိုက်သည်။ ထို့နောက် သူက ဖုန်းကို ကောင်မလေးနှစ်ယောက်ထံသို့ ပြန်ပေးလိုက်သည်။ ထို့နောက် ကြက်ဖလေးသကဲ့သို့ ခေါင်းမော့နေသောယင်းမင်ကျန်းကို ဆွဲခေါ်လာကာ အခင်းဖြစ်ရာနေရာမှ ထွက်လာခဲ့တော့သည်။
“မင်းဘာလို့ ဘာမှမပြောတာလဲ မင်းဘာမှမပြောရင် ဘယ်သူမှမင်းအကြောင်းကိုသိကြမှာမဟုတ်ဘူး”
ရှုနဉ်က သူတို့ အနည်းငယ်အဝေးရောက်သွားသည်နှင့်တစ်ပြိုင်နက်ပြောလိုက်သည်။
ယင်းမင်ကျန်းက သူ့ကို အေးစက်စွာကြည့်လိုက်သည်။ သူက ကျောင်းလွယ်အိတ်ကိုပြင်ဝတ်ပြီး အရှေ့သို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားသည်။
ရှုနဉ်က သူ့နောက်ကိုလိုက်သည်။
“ဟူး ငါစကားနည်းနည်းပဲပြောရသေးတယ် မင်းက စိတ်ဆိုးနေပြီ ငါအမှန်တိုင်းပြောနေတာ တခြားသူတွေဆိုတာ စိတ်ကိုဖတ်နိုင်ကြတာမဟုတ်ဘူး မင်းသူတို့ကိုမပြောရင် မင်းဘာတွေတွေးနေလဲဆိုတာ သူတို့ ဘယ်လိုလုပ်သိမှာလဲ”
ယင်းမင်ကျန်းက သူ့ရဲ့ ပူညံပူညံအသံကြောင့် စိတ်တိုသွားပြီး ထေ့ငေါ့ပြောဆိုလိုက်၏။
“ငါဘာတွေတွေးနေလဲဆိုတာကို တခြားသူတွေကို ဘာကိစ္စအသိပေးရမှာလဲ”
“အဲဒီမှာ မင်းမှားတာပဲ” ရှုနဉ်က သူ့လက်ချောင်းများကို ခါလိုက်သည်။
“အခုလေးတင်ဖြစ်ခဲ့တာပဲကြည့် မင်းကိုယ်မင်းမကာကွယ်ဘဲနဲ့ ငါလည်း အဲဒီနေရာမှာမရှိခဲ့ဘူးဆိုရင် အားလုံးက မင်းအမှားလို့ပဲထင်ကြမှာ”
“ငါ့အမှားဆိုတော့ရော ဘာဖြစ်လဲ”
ရှုနဉ်က စိတ်ပျက်သွားမိသည်။
ယင်းမင်ကျန်းက ရှေ့သို့ဆက်လျှောက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့အမှားဆိုပြီးပဲ အဆုံးသတ်သွားမှာပဲ”
ကောင်လေး၏ပုံစံက ငယ်ရွယ်သည့် ဖြူငယ်လေးသဖွယ် ပိန်သွယ်ကာ ခေါင်းမာသည်။ သူက များစွာသော အမုန်းတရားများကို ရင်ဆိုင်ခံစားခဲ့ရသည့်အတွက် သူ၏ဖြူဆူးကလေးများက ထောင်မတ်နေပြီး တစ်ကမ္ဘာလုံးကို ဆန့်ကျင်တိုက်ခိုက်နေသည်။
သူ့စကားလုံးများက အေးစက်ပြီး ကြမ်းတမ်းသည်။ ရှုနဉ်နေရာတွင် တခြားသူသာဆိုလျှင် ယင်းမင်ကျန်းက အဆိုးထဲမှ အကောင်းမမြင်နိုင်ကြောင်း ခံစားမိမည်ဖြစ်သည်။ သူ့ကိုကူညီဖို့ကြိုးစားတာတောင် ဒီလိုဆက်ဆံခံရ၍ စိတ်တိုနေမိမှာသေချာ၏။ သို့သော်လည်း ရှုနဉ်က သူ၏အေးစက်ပြီး ဂရုမစိုက်သောစကားလုံးများတွင် အနည်းငယ်သော နာကျည်းချက်များကို ခံစားမိသည်။
သူ့ပုံစံက ထိုသို့ပြောနေပုံရသည်။
“ငါဘာမှမပြောချင်တော့ဘူး အဲဒီတော့ ဘာဖြစ်လဲ မဟုတ်ရင်လည်း ဘယ်သူမှ နားထောင်ကြမှာမဟုတ်ဘူး”
ယင်းက သူကြုံတွေ့ခဲ့ရတာတွေအတွက် တိုက်ရိုက်ရလဒ်များပင်ဖြစ်ချေသည်။
ရှုနဉ်က မျက်ခုံးနှစ်ခုကြားရှိနေရာကိုပွတ်သပ်နေရင်းနှင့် သူ့ဘေးကနေ လျှောက်လာသည်။
“ကောင်းပါပြီ မင်းမရှင်းပြချင်ဘူးဆိုရင်လည်း မရှင်းပြပါနဲ့ နောက်ကျရင် ငါမင်းကိုကာကွယ်ပေးမယ်”
ယင်းမင်ကျန်းက လှည့်လာပြီး သူ့ကိုထူးဆန်းစွာကြည့်နေသည်။
“မင်းက ငါ့ကိုကာကွယ်ပေးမယ် ဟုတ်လား”
“အင်း” ရှုနဉ်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
“မင်းက ဘယ်လိုလူလဲဆိုတာ ငါသိတယ်”
ယင်းမင်ကျန်းက သူ့ကို လုံးဝမယုံပေ။ သူက ပြန်လှည့်ပြီး ရှေ့ဆက်လျှောက်သွားနေသည်။
မိန်းလမ်းမကြီးက ကားများနှင့် ပြည့်ကျပ်နေ၏။ ဒေါသဖြစ်နေကြသော ကားမောင်းသူများက ၎င်းတို့၏ကားဟွန်းများကို အဆက်မပြတ်တီးနေကြသည်။ မီးပွိုင့်က အနီရောင်မှ အစိမ်းရောင်သို့ပြောင်းသွားပြီး သူတို့နှစ်ယောက်က ယှဉ်လျက်လျှောက်လာကြပြီး လမ်းကူးရန်အတွက် ပျာယာခတ်နေကြသောလူအုပ်ကြီးထဲသို့ ရောထွေးသွားကြသည်။
မီးပွိုင့်မီးရောင်များအောက်တွင် လျှောက်လာကြရင်း ယင်းမင်ကျန်းက လွယ်အိတ်ကြိုးကိုဆွဲကာ ကြက်ပေါက်လေးသဖွယ် ခေါင်းမော့ထားသည်။
သူက ပြောသည်။ “ငါ့နောက်လိုက်မလာနဲ့ ငါမင်းနဲ့ စကားမပြောချင်ဘူး ငါတို့အချင်းချင်းစကားမပြောကြဖို့ ပြောထားပြီးသားပဲလေ”
ငါတို့အချင်းချင်းစကားမပြောကြဖို့ ပြောထားပြီးသားပဲလေ…
ယင်းမင်ကျန်း၏နှုတ်မှ မူလတန်းကျောင်းသားများသကဲ့သို့ ကလေးဆန်သည့်စကားထွက်လာသဖြင့် ရှုနဉ်က မနေနိုင်ဘဲ ရယ်လိုက်မိသည်။
တွေးကြည့်လျှင် သူတို့က ၇ တန်းဖြစ်သည်။ မူလတန်းကျောင်
းသားအရွယ်ထက် အနည်းငယ် အရွယ်ရောက်လာရုံသာရှိသည်။
“ကောင်းပါပြီ အချင်းချင်းစကားမပြောဘဲနေကြတာပေါ့ မင်းဒီနေ့ ငါ့ကို စကားတွေ အများကြီးပြောခဲ့ပေမယ့်လည်း…” ရှုနဉ်က တမင်တကာ ရန်စပြောဆိုလိုက်သည်။
ဗီလိန်လေးက ထိုစကားကြောင့် လန့်သွား၏။