အပိုင်း ၁၈
Viewers 9k

Chapter 18

အဖေနဲ့သားရဲ့ကြားက စစ်ပွဲ



မီးပွိုင့်က နီသွားပြီး အလုပ်ဆင်းလာကြသောလူအုပ်ကြီးက အရှေ့ကိုတိုးလာကြကာ ကြောင်ကြည့်နေသောယင်းမင်ကျန်းကို ဘေးသို့တိုး၍ ဆက်သွားကြသည်။ သူက လျင်မြန်စွာဖြင့် ဘေးသို့ကပ်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်ကာ ခြေလှမ်းကျဲဖြင့် ရှေ့ဆက်သွားသည်။


ရှုနဉ်က သူ့ဘာသာရယ်လိုက်မိပြီး ယင်းမင်ကျန်းနောက်မှပြေးလိုက်သွားသည်။ 


“ယင်းမင်ကျန်း ယင်းမင်ကျန်း”


ယင်းမင်ကျန်းက သူ့ကိုလျစ်လျူရှုပြီး တိတ်တဆိတ်ရှေ့ဆက်သွားနေကာ ခြေလှမ်းက ပို၍မြန်လာသည်။ သူ့ပုံစံက နည်းနည်းရှက်နေပုံလည်းရသည်။


ရှုနဉ်က ပြုံးကာ သူ့အနောက်တွင် ကပ်နေသည်။ ရုတ်တရက် သူက အသံစာစာဖြင့် ထပြောသည်။ 


“ယင်းမင်ကျန်း မင်းအရပ်ရှည်လာပြီလား”


ယင်းမင်ကျန်းက ချက်ချင်းလှည့်ကြည့်ပြီး မျက်ဝန်းများက တောက်ပနေသည်။ 


“တကယ်လား”


ရှုနဉ်က ရယ်ချင်စိတ်ကိုထိန်းထားသည်။ သူ့နားကိုလျှောက်သွားလိုက်ပြီး လက်ဖြင့် လက်ဟန်ခြေဟန်လုပ်ပြလိုက်သည်။ 


“ငါမှတ်မိပါတယ်… ငါတို့က အရပ်အတူတူလောက်ပဲဆိုတာကို”


သူက ဗီလိန်လေးရှေ့တွင်ရပ်လိုက်သည်။ ကောင်လေး၏ အသားအရေက ဖျော့တော့ကာ နှာတံက ဖြောင့်စင်းပြီး ဆံပင်တိုကာ လှပသည်။ သူ့ပုံစံက… အမှန်တကယ်ကို အရပ်ရှည်လာပုံပေါ်၏။


“ဖိနပ်ကြောင့်များလား” ရှုနဉ်က ခေါင်းငုံ့ကာ ခြေထောက်ဆန့်လိုက်သည်။ 


“ငါစီးတဲ့ဖိနပ်က ဖိနပ်ခုံမပါဘူး”


သူက အဖြူရောင်ရှုးဖိနပ်ကို စီးထားခြင်းဖြစ်သည်။ ထိုဖိနပ်များက အရပ်သိပ်မမြင့်စေပေ။


ဗီလိန်ကလည်း သူ့ခြေထောက်ကိုဆန့်လိုက်ကာ သူ၏ အဝါရောင်သန်းသော အပြာရောင်ရှုးဖိနပ်လေးကိုပြလိုက်၏။


“ငါ့ဟာလည်း ဖိနပ်ခုံမပါပါဘူး”


“မင်းဖိနပ်ရဲ့အမြင့်က ငါ့ထက်မြင့်တယ်”


ဗီလိန်လေးက အလွန်စိတ်တိုနေသည်။ 


“ဘယ်မှာမြင့်လို့လဲ မင်းဟာထက်နိမ့်နေတာ အသိသာကြီးကို မင်းမယုံရင် ယှဉ်ကြည့်လို့ရတယ်”


သူက ပြောရင်းနှင့် ရှုနဉ်ကို လမ်းဘေးရှိ မြေပြန့်ပေါ်သို့ဆွဲကာ သူ့ဖိနပ်နှင့် ရှုနဉ်ဖိနပ်ကို ယှဉ်ထားလိုက်သည်။ ဖိနပ်နှစ်ရံက အချင်းချင်း ယှဉ်ထားကြသောအခါ ယင်းမင်ကျန်း၏ အပြာရောင်ရှုးဖိနပ်က နှိုင်းယှဉ်မှုအရ ပို၍ဟောင်းနွမ်းနေသည်။


ရှုနဉ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး သူဗီလိန်ကို ဖိနပ်တစ်ချို့နှင့် အဝတ်အစားများ ဝယ်ပေးသင့်လားတွေးလိုက်မိသည်။


“... တွေ့လား မင်းဖိနပ်ရဲ့အမြင့်က ငါ့ထက်မြင့်နေတာ” 


ဗီလိန်လေးက ခေါင်းငုံ့ပြီး ဖိနပ်နှစ်ရံကို ဂရုတစိုက် နှိုင်းယှဉ်နေကာ သူ့အသံထဲရှိ ပျော်ရွှင်မှုက ဖုံးကွယ်မရပေ။ 


“ငါတကယ် အရပ်ရှည်လာတာ”


ရှုနဉ်က အသိပြန်ဝင်သွားရသည်။ သူ့ရဲ့စိတ်အားထက်သန်နေသည့် မှတ်ချက်စကားကိုကြားသောအခါ သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးလေးတစ်ခုပေါ်လာရသည်။ 


“မင်းဖိနပ်က ငါ့ထက်ကြီးတယ် မင်းဘယ်ဆိုဒ်စီးတာလဲ”


“ငါက ၃၉ မင်းရော”


ရှုနဉ်က အသက်ရှုမှားသွားခဲ့သည်။


“မင်းက တကယ်ခြေထောက်ကြီးတာပဲ ငါစီးတာက ၃၆ ပဲရှိတာ”


ဗီလိန်လေးက သူ့မျက်ခုံးကို ဂုဏ်ယူစွာဖြင့် ပင့်တင်လိုက်သည်။ “ခြေထောက်ကြီးတဲ့သူတွေပဲ အရပ်ရှည်တာလို့ ငါကြားတယ် မင်းခြေထောက်က သေးတယ်”


ထိုစကားက ရှုနဉ်ကို အနည်းငယ် စိတ်ပူသွားစေ၏။ ခြေထောက်ကြီးသည့်သူများသာ အရပ်ရှည်နိုင်ကြောင်းကို တခြားသူများပြောဖူး၍ သူကြားဖူးသလို ခြေထောက်သေးသည့်သူများက အရပ်ပုတတ်လေ့ရှိသည်။ 


သူက လူပုကလေးများဖြစ်နေမလား။


ပါပါးရှုက အရပ်ရှည်ပြီး သန်မာသည်။ သူက ကြွက်သားများပြီး ၁၈၀ စင်တီမီတာအရပ်ရှည်သည်။ သူက အရှေ့မြောက်ပိုင်းယောက်ျားပုံစံဖြစ်၏။ မစ္စချိုက်ကတော့ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိကာ တင့်တယ်သည်။ သူက ၁၅၀ စင်တီမီတာလောက်သာရှိ၏။ 


သူသာ မစ္စချိုက်၏မျိုးရိုးနှင့်တူပြီး ပါပါးရှုနှင့် မတူလျှင်…


“ငါအိမ်ပြန်ပြီး နွားနို့သောက်မယ် ကယ်ဆီယမ်အားဆေးသောက်မယ် ငါအကြောဆန့်တဲ့ လေ့ကျင့်ခန်းလည်းလုပ်မယ်” ရှုနဉ်က လက်သီးဆုပ်လိုက်သည်။ 


“ငါသေချာပေါက် အရပ်ရှည်လာမှာ”


ဗီလိန်လေးက အံ့အားသင့်သွားသည်။ 


“အကြောဆန့်တာက အရပ်ရှည်စေတာလား”


“ဒါပေါ့ ဘတ်စကတ်ဘောကစားတာနဲ့ အကြောဆန့်တာတွေအားလုံးက အရပ်ရှည်စေတယ် မင်းငါပြောတာမယုံရင် အွန်လိုင်းမှာရှာကြည့်လိုက်” ရှုနဉ်က ပြောလိုက်သည်။


ဗီလိန်လေးက ရှုနဉ်၏စကားကို တိတ်တဆိတ်မှတ်ထားလိုက်သည်။


“မင်းအခု အရပ်ဘယ်လောက်လဲ” ရှုနဉ်က မေးလိုက်သည်။


ဗီလိန်လေးက ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ 


“လွန်ခဲ့တဲ့နှစ်လကတော့ ငါ့အရပ်က ၁၆၆ စင်တီမီတာပဲ”


ရှုနဉ်က အံ့ဩသွားသည်။ 


“ငါ့ထက်ပုတာလား ငါအရင်က ၁၆၇ စင်တီမီတာရှိတာ”


ဗီလိန်ရဲ့နှုတ်ခမ်းထောင့်စွန်းက တွန့်သွားသည်။ 


“မဖြစ်နိုင်တာ ငါတို့က အတူတူပါပဲ”


ရှုနဉ်က ပြောလိုက်သည်။ “ဒါဆို အခုသွားတိုင်းရအောင်”


နှစ်ယောက်လုံးက မရှုံးနိမ့်စေလိုသည့်အတွက် အရပ်တိုင်းတာရန် ဆေးဆိုင်ကိုသွားကြသည်။ ဗီလိန်လေးက သူ့အရပ်ကိုတိုင်းဖို့ မစောင့်နိုင်တော့ပေ။


“... မင်းရဲ့ ကိုယ်အလေးချိန်က ၅၃ ကီလိုဂရမ်နဲ့ အရပ်က ၁၇၀ စင်တီမီတာ”


သူက ၁၇၀ စင်တီမီတာရှိသော်လည်း အလေးချိန်ကတော့ ၅၃ ကီလိုပဲရှိသည်တဲ့လား။


ရှုနဉ်က မျက်မှောင်ကြုတ်လိုက်မိ၏။


“မင်းတိုင်းကြည့်မလား” ဗီလိန်လေးက တိုက်တွန်းလိုက်သည်။


“ကောင်းပြီလေ” ရှုနဉ်က ပြောလိုက်သည်။


ဗီလိန်လေးက တိုင်းတာသည့်စက်ပေါ်မှဆင်းလိုက်ပြီး သူ့ကျောင်းလွယ်အိတ်ကြိုးကို ဆွဲလိုက်သည်။ သူက ဂရုမစိုက်ဟန်ဖြင့်ပြောသည်။ 


“ငါ ၄ စင်တီမီတာရှည်လာတယ် မဆိုးပါဘူး”


ရှုနဉ်က တိုင်းတာသည့်စက်ပေါ်တက်လိုက်သည်။


“... မင်းရဲ့ ကိုယ်အလေးချိန်က ၆၇ ကီလိုဂရမ်နဲ့ အရပ်က ၁၆၇ စင်တီမီတာ”


ဗီလိန်လေးက ခေါင်းခါလိုက်သည်။ သူက ဘာမှမပြောသော်လည်း သူ့မျက်ဝန်းထဲက စိတ်ကြီးဝင်မှုကတော့ အားလုံးကိုပြောနေသည်။


ရှုနဉ်က တိုင်းတာသည့်စက်ပေါ်မှထ၍ ခက်ထန်သောအကြည့်ဖြင့်ကြည့်လိုက်ကာ ဘာမှမပြောဘဲ ဟိုဘက်လှည့်သွားသည်။


ဗီလိန်လေးက ဘောင်းဘီအိတ်ကပ်ထဲသို့ သူ့လက်ကိုထည့်ထားပြီး သူ့အနောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာသည်။ သူက လေးတွဲ့စွာဖြင့်ပြောလိုက်သည်။ 


“ကျစ်...တစ်ယောက်ယောက်ကတော့ သူများကို အပြစ်တင်ပြီး အရှုံးသမားဖြစ်နေပြီ”


ရှုနဉ်က အရှေ့က လျှောက်နေပြီး သူ့မျက်နှာပေါ်တွင် ကလိမ်ကကျစ်အပြုံးလေးတစ်ခုက ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ ဗီလိန်လေးက သတိပင်မထားမိချေ။ 


သူက ရှုနဉ်ကို အရင် စကားစပြောခဲ့၏။


-----------

ကျောင်းပေါက်ဝတွင်ဖြစ်ခဲ့သောအမှုက အချိန်မီဖြေရှင်းနိုင်ခဲ့သည့်အတွက် ကြီးမားသည့်ကိစ္စရပ်မဟုတ်ခဲ့ပေ။ တစ်ယောက်ယောက်က စပြောလျှင်တောင်မှ ယင်းမင်ကျန်းအပြစ်မဟုတ်ကြောင်းပြောကြလိမ့်မည်ဖြစ်သည်။ ယခင်က ယင်းမင်ကျန်းသည် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ကျောင်းကိုလာသောအခါ လူတွေအားလုံးက သူ့ကိုရန်ဖြစ်လာသည်ဟုသာ ယူဆခဲ့ကြသည်။ ယခုတော့ သူတကယ်ရန်ဖြစ်ခဲ့ခြင်းဖြစ်သော်လည်း လူအများစုက သူ့ဘက်တွင်ရပ်တည်ခဲ့ကြသည်။


ထိုသည်က ဝတ္ထု၏ တကယ့်အတွေ့အကြုံပင်ဖြစ်၏။


ကိစ္စများအားလုံး ထိုသို့အဆုံးသတ်သွားခြင်းက သူ့အတန်းဖော်မှာ အချိန်မီ သက်သေယူလာပေးနိုင်ခဲ့သောကြောင့်ဖြစ်သည်။ 


ထိုအချိန်မှစ၍ ရှုနဉ်အပေါ်ထားရှိသည့် ယင်းမင်ကျန်း၏အပြုအမူက ပိုကောင်းလာခဲ့သည်။ သူတို့က အခုထက်ထိတိုင် စကားပြောနေကြတုန်းပင်။


အပတ်စဉ် အလှူဒါနကိုပေးအပ်ရမည့်အချိန်ရောက်ပြီဖြစ်သည်။


ရှုနဉ်က ရေပန်းဘေးရှိ ခုံတန်းလျားပေါ်တွင်ထိုင်နေပြီး ဖုန်းကိုကိုင်လျက် စောင့်နေသည်။


ဆောင်းရာသီ၏ညခင်းက အေးစိမ့်စိမ့်ဖြစ်သည်။ ကံကောင်းသည်က ချူကျိုးက တောင်ဘက်တွင်တည်ရှိပြီး အပူချိန်က တစ်နှစ်ပတ်လုံး ဇီးရိုးဒီဂရီအထက်ဖြစ်သည်။ ဆောင်းရာသီတွင်တောင်မှ အလွန်မအေးပေ။


ရှုနဉ်က အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ထားသည်။ သူထိုင်နေသောခုံဘေးတွင်တော့ ရှုးဖိနစ်တစ်စုံ၊ ဘောင်းဘီနှင့် အပြာရောင်ဂျာကင်ရှိသည်။


ဗီလိန်က ဖျော့တော့သည့်အသားအရေရှိသည့်အတွက်ကြောင့် အပြာရောင်နှင့် ကြည့်ကောင်းပေလိမ့်မည်။


ဗီလိန်က ဘာအရောင်ကြိုက်မှန်းမသိသည့်အတွက် ရှုနဉ်က သူကြိုက်သည့်အရောင်ကိုသာ ဝယ်လာခဲ့ခြင်းဖြစ်၏။


သူက ကလေးများကိုပျိုးထောင်ရသည့် ပျော်ရွှင်ခြင်းကို စတင်၍ သိရှိလာပြီဖြစ်သည်။ ကလေးငယ်ကို အရသာရှိသည့် စားစရာများကျွေးမွေးပြီး အေးချမ်းသောအဝတ်အစားများကို ဝတ်ဆင်ပေးရမည်။ အဝေးကနေ သူ့ကိုကြည့်လျှင်တောင်မှ မရှင်းပြနိုင်သော ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေတတ်သည်။


ဖြစ်နိုင်သည်ကတော့ အဖေတစ်ယောက်၏ခံစားချက်က ဒီလိုပင်ဖြစ်လိမ့်မည်။


ဟိုတစ်နေ့က ဗီလိန်၏ အရပ်၊ ကိုယ်အလေးချိန်နှင့် ဖိနပ်ဆိုဒ်ကိုသိရခဲ့ခြင်းက အလွန်ကောင်းမွန်ခဲ့သည်။ သို့မဟုတ်လျှင် ဘယ်လိုအဝတ်အစားဆိုဒ်ကို ဝယ်ပေးရမည်မသိချေ။ သူ ကလေးအရွယ်တုန်းက ကျိုးကျွမ်က အမှိုက်ပုံထဲမှ အဝတ်အစားများကိုကောက်ယူကာ ဆင်ပေးခဲ့ဖူးကာ ရှုနဉ်သည် ဗီလိန်ကို ကောင်းကောင်းမွန်မွန်ဝတ်စားခြင်းအား တစ်ခါမှမတွေ့ဖူးပေ။ ထိုသည်က ကျိုးကျွမ် ဘယ်လောက်ကပ်စေးနှဲကြောင်းကို ပြသနေ၏။


ကံကောင်းသည်ကတော့ ခွဲခြားဆက်ဆံခြင်းမှကာကွယ်နိုင်ရန်အတွက် ကျောင်းသားများအားလုံးကို တူညီသည့်အဝတ်အစားများ ဝတ်ဆင်စေခဲ့သည်။ သို့မဟုတ်လျှင် ဗီလိန်၏အဝတ်အစားများကြောင့် အနိုင်ကျင့်စရာနောက်တစ်ခုပေါ်ပေါက်လာမှာသေချာပေါက်ပင်။


တခြားကလေး၏ အဝတ်အစားများကိုခိုးယူသည်ဟု ဗီလိန်ကို အထင်လွဲခဲ့သည့်ဖြစ်ရပ်က ရှုနဉ်၏စိတ်ထဲတွင် အခုထိ အမှတ်ရနေဆဲဖြစ်သည်။ ဗီလိန်လေးက ထိုကိစ္စကြောင့် အလွန်နာကျင်ခဲ့ရသည်။


ဟုတ်တယ်...သူ့အဝတ်အစားများကို ခိုးယူသည်ဟု ဗီလိန်ကိုစွပ်စွဲခဲ့သူက လုံချောင်းဖြစ်သည်။


သူနှင့် ခင်မင်ခဲ့သည့်နှစ်ပေါင်းများအရ လုံချောင်းက ထိုကိစ္စကိုမှတ်မိတော့မည်မဟုတ်ကြောင်းကို ရှုနဉ်သေချာသိနေသည်။ ဗီလိန်လည်း အခုထိ မှတ်မိနေသေးလားဆိုတာကို သူမသိတော့ချေ။


၈နာရီခွဲလောက်ရောက်သောအခါ ကျိုးကျွမ်က ဝင်ပေါက်မှ လျှောက်လှမ်းလာသည်။ ရှုနဉ်ကိုတွေ့သောအခါ သူမ၏မျက်နှာပေါ်တွင် အနည်းငယ်သောအပြုံးရိပ်များပေါ်လာခဲ့သည်။


သူမအပေါ်ဆက်ဆံသည့် ရှုနဉ်၏ စိတ်နေသဘောထားကို အမှန်တကယ် မနှစ်သက်သော်လည်း လှူဒါန်းမှုတွင် တာဝန်ရှိသည်က ရှုနဉ်သာဖြစ်သည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးရမည်ဖြစ်၏။ အကယ်၍ သူသာ အလှူရှင်ကို မကောင်းတာတွေသွားပြောလိုက်လို့ ဆက်မလှူတော့ရင် ဘယ်လိုလုပ်မလဲ။


အလှူပစ္စည်းများနှင့် ထောက်ပံ့ငွေများ၏ အကူအညီကြောင့် သူတို့စားဝတ်နေရေးက မဖြစ်စလောက်လေး တိုးတက်လာရခြင်းဖြစ်၏။ ထို့အပြင် ယင်းမင်ကျန်း၏ နေ့လယ်စာအတွက်လည်း ပိုက်ဆံကုန်ကျခံစရာမလိုတော့ပေ။ သူမ၏ဘဝက အချိန်နှောင်းမှ ပိုမိုကောင်းမွန်လာခြင်းဖြစ်သည်။


“ရှုနဉ်” ကျိုးကျွမ်က ရှုနဉ်ဆီသို့ လျှောက်လာသည်။ 


ခုံတန်းလျားပေါ်တွင်တင်ထားသော အထုပ်ကြီးငယ်များကိုတွေ့သောအခါ သူမ၏မျက်ဝန်းများက အရောင်တောက်ပသွားရသည်။


ရှုနဉ်က သူမကို ယွမ်လေးရာပေးပြီး စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းသည်။ ပုံမှန်အတိုင်းလုပ်ဆောင်ပြီးသည်နှင့် ရှုနဉ်က ခုံတန်းလျားပေါ်ရှိ အထုပ်များကိုယူကာ ကျိုးကျွမ်ကိုပေးလိုက်သည်။


ကျိုးကျွမ်က ပျော်ရွှင်စွာဖြင့် လက်ခံလိုက်သည်။ သူမက အိတ်ကိုဖွင့်ပြီး ဆယ်ကျော်သက်အရွယ်စီးသည့် ရှုးဖိနပ်၊ အဝတ်အစားများနှင့် ဘောင်းဘီကိုတွေ့သောအခါ မျက်နှာပျက်သွားရသည်။


လမ်းမီးများက တောက်ပနေသည့်အတွက် ရှုနဉ်က သူမမျက်နှာပေါ်က ဖြတ်ပြေးသွားသော အမူအရာတိုင်းကို မြင်ရသည်။ သူက မထိန်းနိုင်ဘဲ သူမကို အထင်သေးသည့်အမြင်ဖြင့် ကြည့်လိုက်မိသည်။


လူကြီးနှစ်ယောက်အတွက် မဟုတ်သည့်အလှူပစ္စည်းများကြောင့် သူမက စိတ်ပျက်သွားလေခြင်းလား။


ကျိုးကျွမ်က ယင်းမင်ကျန်း၏ပစ္စည်းများကိုမယူရန် ကတိကဝတ်ပြုထားသည့်အတွက်ကြောင့် ရှုနဉ်က နွားနို့၊ ပေါင်မုန့်နှင့် အခွံမာသီး စသည့်ပစ္စည်းများကို နှစ်ကြိမ်သာပြင်ဆင်ပေးခဲ့သည်။ သို့သော်လည်း ယခုဖြစ်သွားသည့် ကျိုးကျွမ်၏မျက်နှာထားက သူမ လိမ်ညာခဲ့မှန်း သိသာစေလွန်းခဲ့သည်။ ထိုအစားအစာတစ်ချို့ကို ကျိုးကျွမ်စားနေသည်ဆိုလျှင် ယင်းမင်ကျန်းအတွက် လုံလောက်မည်မဟုတ်ချေ။


ယင်းမင်ကျန်းက ထွားကျိုင်းရမည့်အရွယ်ကိုရောက်နေခြင်းဖြစ်သည်။ လုံလောက်သည့်အစာအာဟာရများကို စားသုံးရန်လိုအပ်ပေသည်။ သို့သော်လည်း ရှုနဉ်က သူ့ကို အဝတ်အစားများ၊ စားစရာများနှင့် ပိုက်ဆံပေးလျှင်တောင်မှ အမှိုက်စနှစ်ခု၏ အမြတ်ယူခြင်းကိုခံရမည်ဖြစ်ပေသည်။


ကမ္ဘာပေါ်တွင် စိတ်တိုစရာအကောင်းဆုံးသောအရာက ကိုယ်မကြိုက်သည့်သူအပေါ်ကို ပိုက်ဆံများဖြုန်းတီးပေးရခြင်းသာဖြစ်သည်။ ကိုယ်ကြိုက်နှစ်သက်သည့်သူသာဆိုလျှင် ပိုက်ဆံတွေအများကြီးဖြုန်းရခြင်းက ကိစ္စမရှိပေ။ သို့သော်လည်း ကိုယ်မကြိုသည့်သူဆိုလျှင်တော့ တစ်ပြားလောက်လေးအကုန်ခံရတာတောင် စက်ဆုပ်ဖွယ်ကောင်းစေသည်။


“ယင်းမင်ကျန်းရဲ့ဆိုဒ်အတိုင်း ဝယ်လာခဲ့တာ” ရှုနဉ်က ပြောလိုက်သည်။


ကျိုးကျွမ်က ရှုးဖိနပ်ကိုယူကြည့်လိုက်သည်။ 


“နည်းနည်းကြီးမယ့်ပုံပဲ”


“မကြီးပါဘူး ဆိုဒ် ၃၉ ပဲ”


ကျိုးကျွမ်က ခေါင်းခါလိုက်သည်။ 


“အရမ်းကြီးလွန်းတယ် ငါဖိနပ်ဝယ်ရင် တစ်ဆိုဒ် နှစ်ဆိုဒ်လောက်ပိုတာပဲ ဝယ်နေကျ… ဒါပေမယ့် ဒီဟာက တကယ်ကြီးတယ်”


ရှုနဉ်က သူမရှင်းပြစရာမလိုဘဲ ဖိနပ်ဆိုဒ်ကိုသိနှင့်ပြီးဖြစ်သည်။ ထိုသည်က ပိုက်ဆံစုဆောင်းရန်အတွက်ဖြစ်၏။


ရှုနဉ်က မှင်တက်သွားရသည်။ 


“ဒါဆို သူက ဘယ်ဆိုဒ်စီးတာလဲ”


ကျိုးကျွမ်က ခေတ္တမျှ စဉ်းစားလိုက်သည်။ 


“ဆိုဒ် ၃၃ လား မမှတ်မိတော့ဘူး”


သားဖြစ်သူ၏ ဖိနပ်ဆိုဒ်ကိုတောင် မမှတ်မိသည့် သူမပုံစံကိုကြည့်ပြီး ရှုနဉ်က စိတ်တိုစွာဖြင့် အံကြိတ်လိုက်သည်။ 


ဘယ်လိုအမေက… မဟုတ်ဘူး… သူမက အမေအရင်းတောင်မဟုတ်ဘူး…


ယင်းမင်ကျန်း၏ အရပ်နှင့် ကိုယ်လုံးကိုယ်ပေါက်အရ ဘယ်လိုလုပ် ဆိုဒ် ၃၃ ဖြစ်နိုင်မည်လဲ။ သူ့ကို အခုထိ လမ်းလျှောက်တတ်ခါစ ကလေးအရွယ်ဟု ထင်နေလေသလား။


သူက စိတ်ဆိုးခြင်းများကို ထိန်းချုပ်ကာပြောလိုက်သည်။ 


“သူ့ကို အရင်စီးကြည့်ခိုင်းလိုက်ပါ မတော်ဘူးဆိုလည်း ပြန်လဲလို့ရတာပဲ ယင်းမင်ကျန်းက အခုရက်ပိုင်း အရပ်ရှည်လာတာဆို‌တော့ ဘယ်ပြောလို့ရမလဲ ဖိနပ်က တော်တာလည်းဖြစ်နိုင်တာပဲ”


ကျိုးကျွမ်က သူ့အမူအရာကို လျစ်လျူရှုထားပြီး ခေါင်းညိတ်လိုက်သည်။ တခြားသူများဆီမှ ညစ်ညမ်းသည့်အကြည့်များနှင့် နေသားကျနေသောကြောင့် မဖြုံတော့ပေ။ အရေးကြီးဆုံးအရာက အကျိုးအမြတ်များကို လက်ဆုပ်လက်ကိုင်ရယူရန်သာဖြစ်သည်။


ပိုက်ဆံနှင့် ပစ္စည်းများကိုပေးပြီးသည့်နောက် ရှုနဉ်က စိတ်တိုစွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။


ရှုနဉ်၏လက်ဆောင်များကိုရပြီးသည့်နောက်တွင် မစ္စချိုက်က အလွန်ပျော်နေခဲ့သည်။ သူမ၏ စကားသံများကတောင်မှ အရင်ကထက်ပို၍ ညင်သာလာခဲ့သည်။ သူ၏ မပျော်ရွှင်သောမျက်နှာထားကိုတွေ့သောအခါတွင်တော့ သူမက မေးလိုက်သည်။ 


“နဉ်နဉ် ဘာဖြစ်လို့လဲ”


ရှုနဉ်က ဒေါသများကို ထိန်းချုပ်ထားသည်။ သူက အပြုံးကိုဖျစ်ညှစ်ပြီး လုပ်ယူပြုံးလိုက်ကာ ပြောလိုက်၏။


“ဘာမှမဖြစ်ပါဘူး”


သူက သူ့အိပ်ခန်းထဲသို့ဝင်သွားကာ တံခါးပိတ်လိုက်သည်။ သူက ကွန်ပျူတာပေါ်တွင် ဝေ့မိသားစုနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို အပြင်းအထန်ရိုက်ရှာသော်လည်း မတွေ့ခဲ့ရပေ။ ထို့နောက် ဝေ့ပေါ်သို့ ဝင်ကြည့်သည်။ ဝေ့ပေါ်တွင် တရားဝင်ဖြစ်သည့်သားနှင့် ဝေ့မိသားစု၏ ဒုတိယမြောက်အခွဲဖြစ်သည့် တရားဝင်သားဖြစ်သူတို့သည် အချင်းချင်းသာလွန်အောင် ပက်ပက်စက်စက်ရန်ဖြစ်တိုက်ခိုက်နေကြသည်။ ဝေ့မိသားစုနှင့်ပက်သက်ပြီး သူတို့တင်ထားသည့်ပုံများနှင့် သတင်းဆောင်းပါးများတွင် ဝေ့မိသားစုနှင့်ပက်သက်ပြီး မသဲကွဲသည့်အချက်အလက်များကို ရယူနိုင်ခဲ့သည်။


ဝေ့မိသားစု၏ ပထမအခွဲဖြစ်သည့်အမျိုးသမီးအကြောင်းကိုလည်း သတင်းများမှတဆင့်ရှာဖွေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယင်းမင်ကျန်း၏အမေအရင်းကိုရှာဖွေနေခြင်းဖြစ်ကာ သူမ အရင်က ပေါ်ခဲ့သည့်နေရာများကို ဇာစ်မြစ်လိုက်နေခြင်းဖြစ်သည်။ 


ယင်းမင်ကျန်း၏အဖေအရင်းကတော့ သူနှင့်ပက်သက်သည့် သတင်းအချက်အလက်များအားလုံးက ဝေ့မိသားစု၏စီးပွားရေး အဖွဲ့အစည်းလုပ်ငန်းများနှင့်ဆက်စက်မည့်ပုံပေါ်သည်။


စုံစမ်းပြီးသည့်နောက်တွင် သူတို့ရှိလောက်သည့်နေရာကို အကြမ်းဖျင်းအားဖြင့် ရရှိသွားသည်။ သူက အချက်အလက်စာရွက်စာတမ်းများကိုပြင်ဆင်ပြီး ဆောင်းရာသီပိတ်ရက်တွင် မြို့ပေါ်သို့သွားရန်ဆုံးဖြတ်လိုက်၏။


ရုတ်တရက် သူ့အခန်းတံခါးကို တံခါးလာခေါက်သည်။ ရှုနဉ်က တံခါးထဖွင့်လိုက်သောအခါ မစ္စချိုက်က တံခါးအပြင်ဘက်တွင် စွပ်ပြုတ်ကိုင်၍ ပြုံးကာရပ်နေသည်။


ရှုနဉ်က စွပ်ပြုတ်ကိုတွေ့သောအခါ ခေါင်းကိုက်သလိုခံစားလိုက်ရသည်။ ကမ္ဘာပေါ်တွင် အရသာအရှိဆုံးအစားအစာဆိုလျှင်တောင်မှ နေ့တိုင်းစားသောက်နေရပါက ပင်ပန်းလာသည်။