အပိုင်း ၁၉
Viewers 11k

Chapter 19



သို့သော်လည်း သူက မစ္စချိုက်ကို မလွန်ဆန်ရဲသည့်အတွက် စွပ်ပြုတ်ကိုယူ၍ တစ်ကျိုက်တည်းမော့ချလိုက်သည်။ ထို့နောက် ကင်းစင်သွားသောပန်းကန်ကို မစ္စချိုက်ထံသို့ ပြန်မပေးခင်တွင် သစ်ကြားသီးနှင့် တခြားသောအာဟာရရှိသည့်အသီးများကို အကုန်စားလိုက်သည်။


ရှုနဉ်က သူ့ကိုခေါ်လိုက်သောအခါ မစ္စချိုက်က ထွက်သွားရန်ပြင်နေသည်။ 


“မာမား”


မစ္စချိုက်က သူ့ကိုလှည့်ကြည့်လာသည်။ 


“ဘာဖြစ်လို့လဲ ကလေး”


ရှုနဉ်က ပြောသည်။ “ဆောင်းရာသီပိတ်ရက်ကျရင် မြို့ပေါ်ကိုသွားချင်တယ်”


မစ္စချိုက်က ပြန်ပြောသည်။ “တရုတ်နှစ်သစ်ကူးကျရင် မြောက်ပိုင်းက အမျိုးတွေဆီ သွားလည်ကြမလို့လေ သားရဲ့အဘွားက သားကိုအရမ်းသတိရနေတာ”


ရှုနဉ်က ပြောသည်။ “တရုတ်နှစ်သစ်ကူးမတိုင်ခင် အချိန်တွေအများကြီးရှိသေးတယ်လေ မြို့တော်ကိုသွားပြီး နှစ်သစ်မရောက်ခင် လျှောက်လည်ချင်သေးတယ်”


မစ္စချိုက်က ခေါင်းခါလိုက်၏။ “သားအဖေက နှစ်သစ်မတိုင်ခင် ဘယ်လောက်အလုပ်များလဲသိရဲ့လား မာမားတို့ သားကိုမခေါ်သွားနိုင်ဘူး”


“ကျွန်တော့်ဘာသာသွားမယ်လေ” ရှုနဉ်က ပြောလိုက်သည်။


“သားကလား” မစ္စချိုက်က မျက်ခုံးပင့်လိုက်သည်။


ရှုနဉ်က ချက်ချင်း လေသံပြောင်းလိုက်သည်။ 


“ချိုက်ချိုက်လည်း သားနဲ့လိုက်ခဲ့လေ”


မစ္စချိုက်၏မျက်နှာထားက အနည်းငယ်ပိုပျော့ပြောင်းသွားသော်လည်း‌ ခေါင်းခါဆဲသာဖြစ်သည်။ 


“သားအဖေက ပိတ်ရက်မှာ အရမ်းအလုပ်များမှာ အဲဒီတော့ မာမားက ကူညီရမှာလေ”


ရှုနဉ်က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ 


“ဒါဆို သူငယ်ချင်းနဲ့အတူတူသွားမယ်ဆိုရင်ရော”


မစ္စချိုက်က မျက်ခုံးနှစ်ဖက်ကြားက နေရာလွတ်ကို ပွတ်လိုက်သည်။ 


“မင်းတို့နှစ်ယောက်လုံးက ငယ်သေးတယ် နှစ်ယောက်တည်းသွားဖို့ကိုလည်း စိတ်မချနိုင်သေးဘူး”


“ဒါဆို ကျွန်တော်တို့ကိုကြည့်ပေးဖို့ တစ်ယောက်ယောက်ရှာလို့ရတာပဲ” ရှုနဉ်က ပြုံးကာပြောလိုက်သည်။ 


“အိုး အခုမှသတိရတယ် ကျွန်တော့်သူငယ်ချင်းအဖေက မြို့ပေါ်သွားမှာတဲ့ ဒါဆို သူနဲ့လိုက်သွားလို့ရတယ်”


မစ္စချိုက်က သံသယဝင်သွားသည်။ သူမက မေးလိုက်၏။ “တကယ်လား ဘယ်သူလဲ”


“ဝမ်ရှန်ရှန်လေ မားလည်း သူ့ကိုအရင်က တွေ့ဖူးတာပဲ”


မစ္စချိုက်က သူ့ကိုမှတ်မိသွားသည်။ 


“အိုး အဲဒီကောင်လေးလား ဒါဆိုလည်း အဆင်ပြေသားပဲ”


“ဒါဆို အဲဒီလိုပဲ လုပ်လိုက်ရမလား” ရှုနဉ်က မေးလိုက်သည်။


မစ္စချိုက်က စိုးရိမ်စိတ်များမရှိတော့ပေ။ 


“ဆောင်းရာသီပိတ်ရက်နီးရင် သူတို့ကိုမေးကြည့်လို့ရတာပဲ”


ရှုနဉ်က ပြန်ပြောသည်။ “ဟုတ်ကဲ့”


ထို့နောက် မစ္စချိုက်က ထ၍ သူ့အခန်းဆီသို့ ပြန်သွားသည်။


ရှုနဉ်က အိပ်ရာပေါ်တွင် ပစ်လှဲလိုက်ကာ ဝမ်ရှန်ရှန်ထံသို့ လျင်မြန်စွာဖြင့် WeChat ကနေ စာပို့လိုက်သည်။ 


[ဝမ်ရှန်ရှန် မင်းအဖေ မြို့ပေါ်ကို အလုပ်ကိစ္စနဲ့ ခရီးသွားစရာရှိလား] 


ဝမ်ရှန်ရှန် - [မရှိဘူး ဘာဖြစ်လို့လဲ]


ရှုနဉ် - [မင်းအဖေအသစ်ရမှဖြစ်မယ် မင်းအဖေအသစ်က မြို့ပေါ်ကို အလုပ်ကိစ္စနဲ့ခရီးသွားမှရမယ်]


ဝမ်ရှန်ရှန် - [???]


ကျိုးကျွမ်က ကြီးမားသောအိတ်ကြီးဖြင့် အိမ်သို့ပြန်လာခဲ့သည်။ ယင်းချန်က သူမကိုင်ထားသည်ကိုတွေ့သောအခါ အနားသို့လျှောက်လာပြီးမေးသည်။ 


“ဘာဝယ်လာခဲ့တာလဲ”


သူက သူမလက်ထဲမှအိတ်ကိုဆွဲယူကာ ဖွင့်ကြည့်လိုက် ပစ္စည်းများကို ခပ်ကြမ်းကြမ်းမွှေနှောက်နေသည်။ ရှုးဖိနပ်တစ်စုံ၊ ဂျာကင်တစ်ထည်နှင့် ဘောင်းဘီတစ်ထည်ဖြစ်သည်။


ကျိုးကျွမ်က မပွင့်တပွင့်ပြောနေချိန်တွင် သူက ဖိနပ်စီးကြည့်ရန်ကြိုးစားနေသည်။ 


“ဖိနပ်က ဆိုဒ် ၃၉”


ယင်းချန်က အလွန်စိတ်တိုသွား၍ ဖိနပ်ကို ကြမ်းပြင်ပေါ်သို့ပစ်ပေါက်လိုက်သည်။ 


“အရမ်းသေးတာပဲ”


“အဲဒါတွေက ယင်းမင်ကျန်းအတွက်”


“သူ့မှာ စီးစရာဖိနပ်ရှိပြီးသားမဟုတ်ဘူးလား ဘာအတွက် ဝယ်လာတာလဲ မင်းသိတာက ဝယ်ဖို့ ဝယ်ဖို့ ဝယ်ဖို့ပဲ” ယင်းချန်းက ဒေါသထွက်နေခဲ့သည်။ 


“ပိုက်ဆံရော ဘယ်မှာလဲ ဟမ် ငါ့ကို ပိုက်ဆံပေး”


ကျိုးကျွမ်က သူမဒီနေ့ရလာသောပိုက်ဆံကို လျင်မြန်စွာပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမက အလျင်လိုနေသောကြောင့်ဖြစ်ပြီး ရှုနဉ် ဒီနေ့ပေးလိုက်သော ယွမ်လေးရာကိုလည်း ခွဲဖို့မေ့သွားခဲ့သည်။ ရလဒ်အနေဖြင့် သူမပိုက်ဆံအိတ်ကိုဖွင့်လိုက်သည်နှင့် အားလုံးကုန်သွားပြီဖြစ်သည်။


“ခဏလေး” ကျိုးကျွမ်က ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။


ယင်းချန်က ဒီနေ့ ယွမ်ငါးရာထက်ကျော်လွန်နေသည်ကိုတွေ့သောအခါ မျက်ဝန်းများက အရောင်လက်သွားခဲ့သည်။ 


“မင်းဒီနေ့ အများကြီးရလာတာပဲ”


သူက ပျော်ရွှင်စွာဖြင့် ပိုက်ဆံများကိုရေနေပြီး မျက်နှာထားကလည်း အများကြီးကြည့်ကောင်းလာသည်။


ကျိုးကျွမ်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ပိုက်ဆံပြန်တောင်းဖို့ သတ္တိမရှိပေ။


ယင်းချန်းက ပိုက်ဆံကို အိတ်ထဲသို့ ထိုးသိပ်ထည့်လိုက်ပြီး အိတ်ထဲမှ တခြားအဝတ်အစားများကို ဝတ်ကြည့်နေသည်။ သူက ဘောင်းဘီနှင့်မတော်သော်လည်း ဂျာကင်ကိုတော့ ကြီးမားသောခန္ဓာကိုယ်ကြီးဖြင့် ဖျစ်ညှစ်၍ဝတ်နိုင်ခဲ့သည်။ သူက ဂျာကင်ကိုယူပြီး ကျိုးကျွမ်ကို ပြောလိုက်သည်။ 


“ကျန်တာတွေကို အဲဒီကြွက်စုတ်ကောင်ကိုပေးလိုက်”


ကျိုးကျွမ်က ယင်းချန်းလက်ထဲက ဂျာကင်ကိုကြည့်နေသော်လည်း ဘာမှမပြောပေ။ အိတ်ကိုကိုင်ထားရင်းနှင့် ယင်းမင်ကျန်း၏ အခန်းထဲကို တိတ်တဆိတ်ဝင်သွားသည်။


ယင်းမင်ကျန်းက ဆူညံသံတစ်ချို့ကိုကြားသောအခါတွင် အိမ်စာလုပ်နေခဲ့ခြင်းဖြစ်သည်။ သူက ခေါင်းမော့ကြည့်လိုက်သည်။ 


“မားလား”


ကျိုးကျွမ်က အိတ်ကိုကမ်းပေးပြီး ပြောလိုက်သည်။ 


“မင်ကျန်း ဒီမှာ ဖိနပ်နဲ့ဘောင်းဘီ တော်လား ဝတ်ကြည့်လိုက်ဦးနော်”


ယင်းမင်ကျန်းက မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာကို ထုတ်ဖော်လိုက်သည်။ သူက အမြဲတမ်း လူကြားထဲဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ အေးစက်ပြီး ဂရုမစိုက်သည့်ပုံစံကိုသာ မျက်နှာပေါ်တွင်ထားရှိတတ်သည်။ သူအချစ်ရဆုံးသူနှင့် အိမ်တွင်ရှိသည့်အခါမှသာ ကလေးလိုပြုမူတတ်၏။


“ကျေးဇူးပါ မား”


သူက လျင်မြန်စွာဖြင့် အိပ်ရာပေါ်မှထကာ ဘောင်းဘီနှင့်ဖိနပ်ကို ဝတ်ကြည့်နေသည်။ 


“မား တော်တယ်”


ကျိုးကျွမ်က နားမလည်သည့်ပုံဖြစ်သွားသည်။ 


“ဖိနပ်က အရမ်းကြီးမနေဘူးလား”


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။ 


“မကြီးပါဘူး အတော်ပဲ”


ကျိုးကျွမ်က သူမဘာသာတွေးတောလိုက်သည်။ 


ဒါဆို တကယ် ဆိုဒ် ၃၉ ပဲ…


ယင်းမင်ကျန်းက သူ့ရဲ့ရှုးဖိနပ်အသစ်လေးနှင့် အနက်ရောင်ဘောင်းဘီကို ပျော်ရွှင်သောမျက်ဝန်းများဖြင့် ငုံ့ကြည့်နေသည်။ 


“တကယ် လှတယ်”


ကျိုးကျွမ်က ပြောလိုက်သည်။ “သားကြိုက်ရင် ပြီးတာပါပဲ”


ယင်းမင်ကျန်းက ဝင်းလက်တောက်ပနေသောမျက်ဝန်းများဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ 


“ကျေးဇူးပါ မား”


ကျိုးကျွမ်က အနည်းငယ် နေရခက်သွားရသည်။ တစ်ချို့သောအကြောင်းပြချက်များကြောင့် ထိုမျက်ဝန်းများကို သူမ ရင်မဆိုင်ရဲပေ။ သူမက အဝေးသို့ကြည့်ပြီး ပြောလိုက်သည်။ 


“ကျေး-ကျေးဇူးတင်ဖို့ မလိုပါဘူး”


“မား အခုတလော ပစ္စည်းတွေ အများကြီးဝယ်နေတယ်နော် ပိုက်ဆံအရမ်းမကုန်ဘူးလား” ယင်းမင်ကျန်းက ဖိနပ်ကိုချွတ်ကာ တုံ့ဆိုင်းစွာဖြင့်မေးလိုက်သည်။ 


“ဖိနပ်က ဈေးကြီးလား”


ကျိုးကျွမ်က လျင်မြန်စွာဖြေလိုက်သည်။ 


“မကြီးပါဘူး တစ်စုံမှ ယွမ်နှစ်ဆယ်ပဲရှိတာ”


ယင်းမင်ကျန်းက စိတ်သက်သာရာဖြင့် သက်ပြင်းချလိုက်သည်။ ထင်ထားသည့်အတိုင်း Nikes ဖိနပ်တစ်စုံဆိုလျှင် အနည်းဆုံး ယွမ်တစ်ရာကျော်ကျသင့်သည်။ သူ့အမေအတွက် ဝယ်ပေးရန်တတ်နိုင်မည်မဟုတ်‌ပေ။ ကူးယူထုတ်လုပ်ထားသည့် ထုတ်ကုန်အတုသာဖြစ်ရမည်။


သို့သော်လည်း အစစ်မဟုတ်လျှင်တောင်မှ သူပျော်ပါသည်။


သူ့အမေဝယ်ပေးခဲ့သည့် အရာဖြစ်ခဲ့သည်။ သူ့အမေက အရမ်းခက်ခဲခဲ့သော်လည်း နွားနို့၊ ပေါင်မုန့်နှင့် ဖြည့်စွက်စာ အာဟာရများကိုဝယ်ဖို့အတွက် လုံလောက်စွာရှာဖွေနိုင်ခဲ့သေးသည်။ အဝတ်အစားနှင့် ဖိနပ်များကိုတောင် ဆင်ပေးခဲ့သေး၏။


လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က သူ့ဘဝအတွက် အပျော်ရွှင်ဆုံးနေ့ရက်များဖြစ်ခဲ့သည်။ သူ့အမေက သူ့ကိုစိတ်ပူနေခဲ့ပြီး သူတို့၏ဘဝက စတင်၍ တိုးတက်လာကာ ကျောင်းရှိအတန်းဖော်များကတောင် သူ့အပေါ်ဆက်ဆံရေးများ ပြောင်းလဲလာခဲ့၏။ ထိုစက်ဆုပ်စရာကောင်းသည့်လူကြီးက ထပ်ပေါ်လာခဲ့သော်လည်း မောင်းထုတ်နိုင်ခဲ့သည်။


“မင်ကျန်း” ကျိုးကျွမ်က ခေတ္တမျှစဉ်းစားပြီးပြောလိုက်သည်။ 


“အဲဒါက…”


ယင်းမင်ကျန်းက ဘောင်းဘီကိုချွတ်၍ ဂရုတစိုက်ခေါက်နေသည်။ “မား ဘာလဲ”


ကျိုးကျွမ်က ပြောလိုက်သည်။ 


“... သားရဲ့နေ့လယ်စာအတွက် ပိုက်ဆံကို အခုလေးတင် မင်းအဖေယူသွားပြီ”


ယင်းမင်ကျန်းက အေးခဲသွားရသည်။ ထို့နောက် သူ့မျက်နှာက တဖြည်းဖြည်းမည်းမှောင်လာ၏။


သူစိတ်မကောင်းဖြစ်သွားသည်ကိုတွေ့သောအခါ ကျိုးကျွမ်က ဆက်ပြောသည်။ 


“သား… ပြန်တောင်းကြည့်ရင်ရော ဘယ်လိုလဲ”


ယင်းမင်ကျန်းက ညှိုးငယ်စွာဖြင့် အိပ်ခန်းတံခါးကိုဖွင့်ကာ ဧည့်ခန်းထဲသို့ ဦးတည်သွားလိုက်သည်။


ကျိုးကျွမ်က သူ့အနောက်ကနေ သက်ပြင်းချနေ၏။


ယင်းချန်းက ဆိုဖာပေါ်တွင် ဝက်လိုလဲနေပြီး ဘီယာသောက်ကာ တီဗီကြည့်နေသည်။ သူ့ဗိုက်ပေါ်တွင် အပြာရောင်ဂျာကင်တစ်ထည်လည်းရှိနေ၏။ ယင်းမင်ကျန်းအနားရောက်လာတာကိုတွေ့တာတောင် ဘာမှမတုံ့ပြန်ပေ။


ယင်းမင်ကျန်းက တိုတောင်းစွာပြောလိုက်သည်။ 


“ကျွန်တော့်နေ့လယ်စာအတွက် ပိုက်ဆံ”


ယင်းချန်းက သူ့ကို ဖျတ်ခနဲကြည့်လာသည်။ 


“မင်းအမေကိုသွားတောင်း သူ့မှာရှိတယ်”


“မားက ကျွန်တော့်အတွက်ချန်ထားတဲ့ပိုက်ဆံကို ပါးယူသွားတာလေ အခုပေးပါ” ယင်းမင်ကျန်းက လက်ဆန့်ထုတ်လိုက်သည်။


ယင်းချန်းက သရော်ပြုံးပြုံးကာ လျစ်လျူရှုထားသည်။


ယင်းမင်ကျန်းက သူ့မျက်နှာရှေ့တွင် လက်ထိုးလိုက်သည်။ 


“အခုပေး”


ယင်းချန်းက စိတ်တိုသွားရ၏။ သူက ဘီယာပုလင်းကိုယူကာ ကော်ဖီစားပွဲကို ရိုက်ခွဲလိုက်သည်။ ကျကွဲသည့်အသံက အခန်းထဲတွင် ဆူညံသွား၏။


ကျိုးကျွမ်က စတင်၍ အော်ဟစ်တော့သည်။ နှစ်ယောက်လုံးက သူမ၏အော်သံကြောင့် စတင်ကြတော့သည်။ သူတို့နှစ်ယောက်လုံး၏မျက်လုံးများက သွေးကဲ့သို့နီရဲနေကာ တိုက်ခိုက်ခြင်းများ ရုတ်တရက် ဖြစ်ပွားကြတော့၏။

__


နောက်တစ်နေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ရှုနဉ်က ကျောင်းသို့ မနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင်ရောက်ရှိလာ၏။ သူရောက်သောအခါတွင် နောက်ကျမှရောက်လေ့ရှိသည့် ဗီလိန်လေးက ပြတင်းပေါက်နားက နောက်ဆုံးတန်းခုံတွင်ထိုင်နေပြီဖြစ်သည်။ သူက ခေါင်းငုံ့ထားပြီး စားပွဲခုံပေါ်မှ တစ်ခုခုကိုရှာနေ၏။ ခေါင်းပေါ်တွင်လည်း ရုပ်ဆိုးသည့် ခရမ်းရောင်ဆံပင်တုရှိနေဆဲဖြစ်သည်။


ဗီလိန်က ဒီနေ့ စောစောရောက်လာနေခြင်းပင်။


ရှုနဉ်က နောက်ဆုံးတန်းတွင်ထိုင်နေသောအတန်းဖော်များကို နှုတ်ဆက်လိုက်ပြီး သူ့နေရာသို့ ဦးတည်သွားလိုက်သည်။ သူထိုင်လိုက်သောအချိန်တွင် ဗီလိန်လေးက စားပွဲပေါ်တွင် နွားနို့နှင့်ပေါင်မုန့်များကို တင်ထားပြီးဖြစ်သည်။ သူက ပလတ်စတစ်ပတ်ထားသည်ကိုဖြုတ်၍ နွားနို့ဗူးထဲသို့ ပိုက်ကိုစိုက်ထည့်လိုက်သည်။


သူမော့ကြည့်လာသည်နှင့် ရှုနဉ်က သူ၏ချောမောသောမျက်နှာပေါ်မှ ဒဏ်ရာများကိုတွေ့လိုက်ရသည်။


ဗီလိန်၏အသားအရေက အလွန်ဖျော့တော့သည့်အတွက်ကြောင့် ဒဏ်ရာများက အလွန်သိသာပေါ်လွင်နေသည်။


ရှုနဉ်က ခေတ္တမျှတုံ့ဆိုင်းသွားရသည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အခုရက်ပိုင်းတွင် ပိုကောင်းလာနေပြီဖြစ်သည့်အတွက် သူက ဂရုတစိုက်ဖြင့်မေးလိုက်သည်။ 


“ယင်းမင်ကျန်း မင်းမျက်နှာက ဘာဖြစ်တာလဲ”


ယင်းမင်ကျန်းက လှည့်လာပြီး မျက်တောင်ခတ်လိုက်သည်။ “ဟမ်”


ရှုနဉ်က သူ့ပါးသူညွှန်ပြလိုက်သည်။


ယင်းမင်ကျန်းက ပြုံးလိုက်ပြီး ပြန်မဖြေပေ။


ထိုအဓိပ္ပာယ်က သူမပြောချင်သည်ဟု ဆိုလိုခြင်းဖြစ်ပေ၏။


ရှုနဉ်က သူဘယ်လိုလူလဲဆိုတာကို နားလည်ထားသည်။ 


သူက အရာအားလုံးနှင့်ပက်သက်ပြီး တိတ်တဆိတ်နေတတ်သောသူဖြစ်သည်။


သူ့မိသားစုအခြေအနေကို ကျောင်းကလူများကို တစ်ခါမှမပြောပြဖူးပေ။ ယင်းချန်းက သူ့ကိုအသေရိုက်နှက်လျှင်တောင်မှ ဘာစကားမှပြောမည်မဟုတ်ပေ။ သူ့အိမ်ကအကြောင်းကိုပြောတာထက် နားလည်မှုအလွဲခံလိုက်မည်သာဖြစ်ပေ၏။


သူ့ရဲ့ ဒီကိုယ်ကျင့်စရိုက်က…


ရှုနဉ်က သက်ပြင်းချလိုက်မိသည်။


ရှုနဉ်က ဘာမေးခွန်းမှ ထပ်မမေးတော့ပေ။ ပစ္စည်းများကိုဖယ်ပြီးသည်နှင့် သူ့မနက်စာကို တိတ်တဆိတ်စားနေသည်။ အင်္ဂလိပ်စာအတန်းအတွက် ကိုယ်စားပြုသူတစ်ယောက်က အိမ်စာများကို လာကောက်ယူနေသည်။ အတန်းထဲတွင် အလွန်ဆူညံနေ၏။ ရှုနဉ်က သူ့အိမ်စာကို အတန်းကိုယ်စားပြုသူအား ကမ်းပေးလိုက်သည်။ ထို့နောက်တွင်တော့ လှုပ်ရှားမှုမရှိသေးသည့် ဗီလိန်ကိုကြည့်လိုက်သည်။


အင်္ဂလိပ်စာအတန်းကိုယ်စားပြုသူက မေးလိုက်သည်။


 “ယင်းမင်ကျန်း မင်းရဲ့ အင်္ဂလိပ်စာအိမ်စာရော”


“မလုပ်ရသေးဘူး” ယင်းမင်ကျန်းက ဂရုမစိုက်စွာဖြင့်ဖြေလိုက်သည်။


အတန်းကိုယ်စားပြုသူက မျက်လုံးကိုလှန်လိုက်ကာ ဆက်မမေးတော့ပေ။ သူက ယခုလိုမျိုးကို ကြုံဖူးနေကျနှင့်တူပြီး လှည့်ထွက်သွားသည်။


ဗီလိန်လေးအတွက် အိမ်စာမလုပ်တာက ပုံမှန်သာဖြစ်သည်။ နောက်ဆုံးတန်းမှာထိုင်နေသာ ကျောင်းသားဆိုးများ အိမ်စာမလုပ်ခြင်းက ဖြစ်တတ်လေ့ရှိမြဲဖြစ်သည်။


ရှုနဉ်က မျက်မှောင်ကြုတ်လိုက်သည်။


ပထမအတန်းတွင် မနေ့က သင်္ချာသင်ခန်းစာများသာ ပြန်လုပ်ကြသည်။ ဗီလိန်က ၃၅ မှတ်ရရှိပြီး အတန်း၏နောက်ဆုံးနေရာအဖြစ် အောင်မြင်စွာ အဆုံးသတ်သွားသည်။


ထို့အပြင် သင်္ချာဘာသာတွင်ရခဲ့သော ၃၅ မှတ်က သူ့စာမေးပွဲအမှတ်များထဲတွင် အမြင့်ဆုံးအမှတ်သာဖြစ်သည်။


ပုံမှန်အားဖြင့် သင်္ချာဆရာက သူ့ကိုခေါ်ပြီး အနည်းငယ်ဆူတတ်လေ့ရှိသည်။ ဗီလိန်လေးက စိတ်မပါသောဟန်ဖြင့်ရပ်နေ၏။ 


သူ့ပုံစံက ထိုသို့ပြောနေပုံရ၏“အမှတ်နည်းတော့ရော ဘာဖြစ်လဲ”


ထိုပုံစံက သင်္ချာဆရာကို အလွန်စိတ်တိုစေသည့်အတွက် သွေးတိုးရောဂါကိုပင် ခံစားရမလိုဖြစ်သွားသည်။


ရှုနဉ်က ပို၍ပင် မျက်မှောင်ကြုတ်သွားမိသည်။


မူလတန်းကျောင်းကတည်းက ဗီလိန်လေး၏ ပညာရေးက ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် အဆင့်တစ်ခုလုံး၏ အောက်ခြေကိုတောင်ရောက်နေပြီဖြစ်သည်။ 


သူဒီလိုသာဆက်သွားနေမယ်ဆိုရင် သူ့အနာဂတ်က ဘယ်လိုဖြစ်မလဲ။ 


သူသာ ဝေ့မိသားစု၏ အမွေကိုဆက်ခံခဲ့လျှင် သူ့အနာဂတ်က ကောင်းမွန်လိမ့်မည်ဖြစ်သည်။ စားစရာနှင့် အဝတ်စားများအတွက်လည်း ဘဝတစ်လျှောက်လုံး ပူပန်စရာမလိုတော့ပေ။


သို့သော်လည်း ဝေ့မိသားစုက ပညာရေးနှင့် ကြီးပြင်းတိုးတက်ခြင်းကို တန်ဖိုးထားသည်။ သို့မဟုတ်လျှင် တကယ့်သခင်လေးနှင့် သခင်လေးအတုကြားတွင် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ ဗီလိန်၏ ပညာရေးက အလွန်အားနည်းနေလျှင် ဝေ့မိသားစု၏ အထင်သေးခြင်းကိုများ ခံရလေမလား။


ရှုနဉ်ရဲ့ ဖခင်ပမာဖြစ်သောနှလုံးသားက စိုးရိမ်မှုဖြင့် မွစာကြဲနေရသည်။


တခြားတစ်ဖက်တွင်လည်း ဗီလိန်၏ဒဏ်ရာများနှင့်ပက်သက်ပြီး စိတ်ပူနေမိသည်။ တစ်ဖက်တွင်လည်း ဗီလိန်၏ပညာရေးကို ပူပန်ပေးနေမိ၏။


အတန်းပြီးသောအခါ ဝမ်ရှန်ရှန်က ရှုနဉ်နှင့် စကားပြောရန်လှည့်လာသည်။ ယင်းမင်ကျန်း၏မျက်နှာပေါ်ရှိ ဒဏ်ရာများကိုတွေ့သောအခါတွင် သူက သိချင်စိတ်ဖြင့်မေးလိုက်သည်။ 


“ကောကော ဒီတစ်ခေါက် ဘယ်သူနဲ့ရန်ဖြစ်ခဲ့တာလဲ”


ယင်းမင်ကျန်းက သူ့ကိုလျစ်လျူရှုလိုက်သည်။


ဝမ်ရှန်ရှန်က ရဲရင့်ပြီး ကျီစယ်တတ်သည်။ သူက ဆက်မေးပြန်၏။


“ကောကောကလည်း မလျှိုစမ်းပါနဲ့ ပြောပြပါ ဒီတစ်ခေါက် ဘယ်သူနဲ့ရန်ဖြစ်တာလဲဆိုတာ”