အပိုင်း ၂၀
Viewers 9k

Chapter 20

အဖေဖြစ်ကြောင်းစစ်ဆေးမှု




ယင်းမင်ကျန်းက စိတ်မရှည်စွာဖြင့် ဝမ်ရှန်ရှန်၏ထိုင်ခုံကိုကန်လိုက်ကာ ပြောလိုက်သည်။ 



“မင်းစကားအရမ်းများတာပဲ ဘာလို့ ငါ့မျက်နှာကိုပဲ အာရုံစိုက်နေတာလဲ ငါ့ဖိနပ်ကိုလည်းကြည့်”


ဝမ်ရှန်ရှန်က လျင်မြန်စွာငုံ့ကြည့်လိုက်ပြီး သူ့ဖိနပ်ကိုကြည့်လိုက်သည်။ ထို့နောက် သူက နောက်ပြောင်ကျီစယ်ကာ မျက်နှာချိုသွေးလိုက်သည်။ 


“ဝိုး Nikes အသစ်ပဲ”


ယင်းမင်ကျန်းက အနည်းငယ်ပြုံးကာ ယုံကြည်ချက်ရှိရှိဖြင့်ပြောလိုက်သည်။ 


“အဲဒါ အတုကြီး”


ရှုနဉ်က သူ့ဖိနပ်ကိုငုံ့ကြည့်လိုက်သည်။


ယင်းမင်ကျန်းက သူ့ဖိနပ်ကိုကြည့်နေတာတွေ့သောအခါ ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်လျက် သူ့ခြေထောက်ကို ထောက်ကန်ထားလိုက်သည်။ သူက အပြာရောင်ရှုးဖိနပ်လေးကိုပြကာ ပြောလိုက်သည်။ 


“တွေ့လား Nikes အတုကြီး တစ်စုံမှ ယွမ်နှစ်ဆယ်ပဲပေးရတာ”


အတန်းဖော်အများစု အားပေးပြောဆိုကြသည်။ 


“ရို ကောကောက အရမ်းမိုက်တာပဲ”


တချို့သောအတန်းဖော်များက မျက်လုံးများ ပေကလပ်ပေကလပ်ဖြစ်သွားကြသည်။ 


“သူက ဘာအတွက်ပြောနေသေးတာလဲ အတုဆိုပြီးတော့”


ယင်းမင်ကျန်းက ရှုနဉ်ကိုမေးလိုက်သည်။ 


“ကြည့်ကောင်းလား”


ရှုနဉ်က အပြုံးလေးဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ 


“ကောင်းတယ်”


သူသေချာဂရုတစိုက်ရွေးထားခဲ့သော ရှုးဖိနပ်ပင်ဖြစ်သည်။ 


ဘယ်လိုလုပ်ပြီး ကြည့်မကောင်းဘဲနေလိမ့်မလဲ။


ကလေးငယ်က ချောမောသည့်အတွက် ဘယ်အရာနှင့်မဆို ကြည့်ကောင်းသည်။


“ငါ့အမေ ဝယ်ပေးတာ” ဗီလိန်လေးက ဘဝင်ခိုက်စွာနှင့်ပြောလိုက်သည်။


အတန်းထဲက လူများအားလုံးက စို့နင့်သွားကြ၏။ သူ့ပုံစံက ဖိနပ်ကိုပြချင်သည်ထက် သူ့အမေဝယ်ပေးကြောင်းကို ပြောပြချင်နေသည့်ပုံပေါ်သည်။


အတန်းထဲက ကျောင်းသားများက အချင်းချင်းကြည့်လိုက်ကြသည်။ 


သူတို့အဝတ်အစားတွေအားလုံးကိုလည်း သူတို့မိဘတွေဝယ်ပေးကြတာမဟုတ်ပါလား။


“သူက ငါ့ကို ဘောင်းဘီလည်းဝယ်ပေးတယ်” 


ဗီလိန်လေးက ကျောင်းဝတ်စုံ၏ဘောင်းဘီကို အပေါ်သို့ခေါက်တင်ကာ အောက်မှာထပ်ဝတ်ထားသောဘောင်းဘီကို ပြလိုက်သည်။


အားလုံးက အလိုက်တသင့်ပြောကြသည်။ 


“လှတယ်”


ဝမ်ရှန်ရှန်က ခေတ္တမျှ သူ့ဖိနပ်ကိုကြည့်နေ၏။ ထို့နောက် သူက သံသယဝင်သွားမိသည်။ 


“ကောကောရဲ့ဖိနပ်က အတုနဲ့မတူဘူးနော်”


“အတုကြီးပါ” ဗီလိန်လေးက သူ့ဘောင်းဘီကို ညင်သာစွာပြန်ချလိုက်ပြီး လက်ကာပြလိုက်သည်။ 


သူက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ 


“အခုကစပြီး ငါ့မျက်နှာကိုမကြည့်နဲ့ ငါ့ဖိနပ်နဲ့ ဘောင်းဘီကိုပဲကြည့် ဟုတ်ပြီလား”


ဝမ်ရှန်ရှန် “ဟုတ် ဟုတ် ဟုတ်”


ရှုနဉ်က ခဏစောင့်နေလိုက်သည်။ နောက်ဆုံးတော့ သူက မထိန်းနိုင်ဘဲ မေးလိုက်မိသည်။ 


“အဝတ်စားတွေကရော”


ဗီလိန်လေးက လှည့်ကြည့်လာပြီး နားမလည်သည့်ပုံဖြင့် ကြည့်နေသည်။


ရှုနဉ်က ဆက်ပြောသည်။ 


“သူက ဖိနပ်နဲ့ ဘောင်းဘီပဲဝတ်ပေးတာလား အင်္ကျီမဝယ်ပေးဘူးလား”


ဂျာကင်တစ်ထည်ကိုလည်း သူဝယ်ပေးခဲ့သည်။ အလွန်ပေါ့ပါးပြီး နူးညံ့ပွရွသည့်ဂျာကင်ဖြစ်ပြီး ဈေးအကြီးဆုံးလည်းဖြစ်သည်။ ယွမ် ၇၅၀ တောင်ပေးခဲ့ရ၏။


ဗီလိန်လေးက သရော်ပြောလိုက်သည်။ 


“အင်္ကျီမလိုပါဘူး”


ရှုနဉ်က မျက်နှာပျက်သွားရသည်။ ဗီလိန်လေးက ဖိနပ်နှင့် ဘောင်းဘီကိုဝတ်ပြီး အားလုံးရှေ့မှာတောင် ထုတ်ပြခဲ့သည်။ ဂျာကင်မဝတ်စရာ အကြောင်းမရှိပေ။


တစ်ခုခုတော့ မှားနေပြီဖြစ်သည်။


နေ့လယ်စာစားချိန်ရောက်သောအခါတွင် ဗီလိန်က မလှုပ်ရှားကြောင်းကို ရှုနဉ်သိသွားသည်။ သူက အော်ခေါ်လိုက်သည်။ 


“ယင်းမင်ကျန်း နေ့လယ်စာသွားစားကြမယ်လေ”


ဗီလိန်က သူ့ကို လျစ်လျူရှုထားသည်။


ရှုနဉ်က သူ့ကို အတင်းအကျပ်မပြောပေ။ သူက စားသောက်ဆိုင်ကို လုံချောင်းနှင့်ဝမ်ရှန်ရှန်နှင့်အတူ သွားလိုက်သည်။ သူစားနေစဉ်တွင် ဗီလိန်ပေါ်လာမလားဆိုပြီး အလိုအလျောက်ရှာနေမိပေမယ့် မတွေ့ပေ။


သူက စားစရာများအားလုံးကို ထိုးသိပ်ထည့်စားပြီးနောက် စာသင်ခန်းကို လျင်မြန်စွာပြန်သွားပြီး ထိုနေရာတွင်သာထိုင်နေသော ဗီလိန်ကိုတွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ပေါင်မုန့်လိပ်ရှိနေပြီး တစ်တိတိဖြင့် စားနေ၏။ သူ့ပုံစံက လုံးဝ ကျေနပ်တင်းတိမ်နေပုံရသည်။


ရှုနဉ်က လျှောက်သွားပြီး မေးလိုက်သည်။ 


“နေ့လယ်စာမစားဘူးလား”


“ဗိုက်မဆာဘူး” ဗီလိန်က မော့မကြည့်ပေ။


ဗိုက်မဆာဘူးတဲ့လား။


အမှန်တကယ်မဖြစ်နိုင်ပေ။


သူက ပုံမှန်ဆို ကောင်းမွန်စွာစားလေ့ရှိသော်လည်း ရုတ်တရက်ကြီး ဘာလို့များ ဗိုက်မဆာရသလဲ။


ရှုနဉ်၏ မျက်နှာပေါ်ကအကြည့်က ပို၍မှောင်မည်းလာသည်။ သူက စာသင်ခန်းထဲမှထွက်လာပြီး ကျိုးကျွမ်ကိုဖုန်းခေါ်ဖို့ လှေကားဆစ်ချိုးနားကိုလာလိုက်သည်။


ကျိုးကျွမ်၏ဘက်တွင် အလွန်ဆူညံနေသည်။ စူပါမားကတ်ထဲရောက်နေသလိုပင်။


“ယင်းမင်ကျန်းရဲ့မျက်နှာပေါ်က ဒဏ်ရာက ဘာဖြစ်တာလဲ သူမနေ့ညက ယင်းချန်းနဲ့ ရန်ဖြစ်ခဲ့တာလား”


ကျိုးကျွမ်က လမ်းလျှောက်နေပုံရသည်။ အလွန်လျင်မြန်စွာလျှောက်နေပုံရပြီး ဆူညံသံက ပျောက်ကွယ်သွားလေသည်။ သူမက တိတ်ဆိတ်တဲ့နေရာကို ရှာတွေ့သွားပြီထင်သည်။


“ဟုတ်တယ် သူတို့ရန်ဖြစ်ခဲ့ကြတာ” ကျိုးကျွမ်က ပြန်ပြောလိုက်သည်။


ရှုနဉ်က မအံ့ဩပေ။ သူက ဆက်မေးသည်။ 


“ဒီနေ့ ယင်းမင်ကျန်းက ဖိနပ်နဲ့ ဘောင်းဘီပဲဝတ်လာတယ် ဂျာကင် ဝတ်မလာဘူး ကျွန်တော်သူ့ကိုမေးတော့ ဂျာကင်မရဘူးလို့ပြောတယ် ဘာရှင်းပြဦးမလဲ”


ကျိုးကျွမ် - “...”


ရှုနဉ်က ဆက်ပြောနေသည်။ “သူဒီနေ့ နေ့လယ်စာလည်းမစားဘူး ကျွန်တော်မနေ့က နေ့လယ်စာအတွက် ပိုက်ဆံပေးခဲ့တယ်မလား”


ကျိုးကျွမ် - “...”


ရှုနဉ်က စေ့ဆော်လိုက်သည်။ “ရှင်းပြလေ”


ခဏကြာသောအခါတွင် ကျိုးကျွမ်က နေရခက်စွာနှင့်ပြောသည်။


“ရှုနဉ် ငါမင်းကို ပြောပြမလို့ပါပဲ မင်းမနေ့ကပေးခဲ့တဲ့ပိုက်ဆံကို ယင်းချန်းက ယူသွားတယ် မင်ကျန်းက ပြန်ပေးဖို့တောင်းတယ် ဒါပေမယ့် သူက မပေးဘူး အဲဒီတော့ နှစ်ယောက်သားက ရန်ဖြစ်ကြရော နောက်ဆုံးတော့လည်း ယင်းချန်းက ပိုက်ဆံပြန်မပေးခဲ့ပါဘူး ငါ့ပိုက်ဆံလည်း သူ့ဆီပါသွားတယ်…”


ရှုနဉ်က ယခုလိုမျိုးဖြစ်ဖို့ လုံးဝ မျှော်မှန်းမထားခဲ့ပေ။ သူက ဖုန်းကိုတင်းကျပ်စွာကိုင်လိုက်ပြီး တံတွေးထွေးလိုက်သည်။ 


“ယင်းချန်းကို ပိုက်ဆံပေးလိုက်တယ် ဟုတ်လား”


ဗီလိန်လေး နေ့လယ်စာမစားရတာ အံ့ဩစရာမရှိပေ။


ကျိုးကျွမ်က သူမကိုယ်သူမ လျင်မြန်စွာကာကွယ်ပြောဆိုလိုက်သည်။ 


“ယင်းချန်းက အတင်းလုယူသွားတာ ငါသူ့ကိုပြန်ပေးဖို့တောင်းပေမယ့် မပေးဘူး ယင်းချန်း ဘယ်လိုလူလဲဆိုတာ မင်းသိတာပဲ ငါက ဘယ်လိုလုပ် ပိုက်ဆံကိုပြန်ရနိုင်မှာလဲ”


“အဲဒီပိုက်ဆံတွေကို သီးသန့်ခွဲထားဖို့ ကျွန်တော်မပြောခဲ့ဘူးလား အိမ်ပြန်ရောက်တာနဲ့ ယင်းမင်ကျန်းကို ချက်ချင်းပေးဖို့ ပြောထားတယ်‌လေ ယင်းချန်းမသိအောင်လုပ်ရမှာလေ” ရှုနဉ်က အလွန်စိတ်တိုနေ၍ ဆံပင်များပင် ထောင်လုနီးပါးဖြစ်နေသည်။


“...” ကျိုးကျွမ်က ခေတ္တမျှ နှုတ်ဆိတ်နေသည်။ ထို့နောက် သူမက ပြောသည်။ 


“ငါမနေ့ညက သေချာဂရုမစိုက်လိုက်မိတာပါ”


ရှုနဉ်က အမှန်တကယ် ဆွံ့အနေရသည်။ သူ ထပ်မေးလိုက်သည်။


“ဂျာကင်ကရော”


ကျိုးကျွမ်က သက်ပြင်းချလိုက်သည်။ 


“ယင်းချန်း ယူသွားတာ သူက ဖိနပ်နဲ့ ဘောင်းဘီမတော်လို့ ယင်းမင်ကျန်းကိုပေးလိုက်တာ မဟုတ်ရင် ယင်းမင်ကျန်း ဘာမှရမှာမဟုတ်ဘူး”


ရှုနဉ်က စိတ်ပင်မတိုရသေးခင် ကျိုးကျွမ်က စတင်၍ ငိုတော့သည်။ သူမက ငိုကြွေးမြည်တမ်းနေ၏။ 


“တောင်းပန်ပါတယ် ငါ့အမှားပါ ငါ့ရဲ့သနားစရာကောင်းတဲ့သားလေး ယင်းမင်ကျန်း…”


ရှုနဉ်က အံ့ဩသွားရသည်။ သူက အသက်ပြင်းပြင်းရှု၍ မေးလိုက်သည်။ 


“ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”


သူက ထိုကိစ္စတွေကို ဆက်ပြီး မစစ်ဆေးချင်တော့ပေ။ 


အရေးကြီးဆုံးက ဘယ်လိုဖြေရှင်းရမလဲဆိုတာသာဖြစ်သည်။


ကျိုးကျွမ်က ငိုတာကိုရပ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ 


“ငါလည်း မသိဘူး မင်းလည်း ယင်းချန်းက ဘယ်လိုလူလဲဆိုတာကို သိနေတာပဲ ငါတို့ ပိုက်ဆံပြန်ရဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး… ငါတကယ် ပိုက်ဆံကို ငါ့အတွက် မယူခဲ့ပါဘူး ငါလုပ်နိုင်တာဆိုလို့ တကယ် ဘာမှမရှိဘူး”


“တကယ် လုပ်နိုင်တာ ဘာမှမရှိဘူးလား” ရှုနဉ်က မေးလိုက်သည်။ 


“ကိုယ့်ကလေးကို အငတ်ထားမလို့လား တကယ် တစ်ပြားမှတောင် မရှာနိုင်ဘူးလား သူက ၁၄ နှစ်ပဲရှိသေးတာ ထွားကျိုင်းနေတဲ့အရွယ်ကိုရောက်နေတာ သူဒီလိုသာ နေ့တိုင်းငတ်ပြတ်နေမယ်ဆိုရင် နောက်ကျရင် ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လိမ့်မယ်”


ကျိုးကျွမ်က ခေတ္တမျှ နှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူမက မေးလိုက်သည်။ 


“ငါတို့ကို တစ်ခုကူညီပေးနိုင်မလား ရှုနဉ် မင်းလုပ်ပေးနိုင်မလား…”


သူမက ထိုတောင်းဆိုမှုကိုပြုလုပ်ရန် ရုန်းကန်နေရပုံရသည်။ 


“နောက်ထပ် ယွမ်နှစ်ရာပေးနိုင်မလား”


ရှုနဉ်က လက်သီးဆုပ်လိုက်သည်။ 


ဒီအမျိုးသမီးက သူ့ကို ATM စက်များ ထင်နေသလား။


ရှုနဉ်၏နှလုံးသားက အေးစက်သွားရသည်။ 


သူ ဒီအမျိုးသမီးနှင့် အချိန်ကုန်မခံသင့်ပေ။


ထိုအမျိုးသမီးက ပြဿနာကို ဖြေရှင်းရန်ကြိုးစားနေသည်မဟုတ်ပဲ ဖြေရှင်းရန်ဟန်ဆောင်နေခြင်းကို သူမယုံနိုင်ပေ။


ရှုနဉ်က အေးစက်စွာပြောလိုက်သည်။


“ခင်ဗျားက တကယ်ပဲ ယင်းချန်းနဲ့အတူနေမှဖြစ်မှာလား”


“အာ” 


သူမက အလွန်စိတ်ရှုပ်ထွေးနေပုံရသည်။


“သူ့မှာ လက်နဲ့ခြေရှိတာပဲ ဒါတောင် အလုပ်မှမလုပ်တာ ခင်ဗျားကိုပဲ အားလုံးမှီခိုနေတာ သူနဲ့ တကယ်အတူနေချင်လို့လား ကျွန်တော့်ကိုသာမေးရင် နည်းနည်းကြိုးစားလိုက်ရင် သူ့ထက်ကောင်းတဲ့သူကိုတွေ့မှာ တကယ်ပဲ သူဖြစ်မှရမှာလား”


ကျိုးကျွမ်က စိတ်ပျက်အံ့အားသင့်သွားရသည်။ 


“ကွာရှင်းစေချင်တာလား လုံးဝ မဖြစ်ဘူး”


“ဘာလို့ မရရတာလဲ”


တိတ်ဆိတ်မှုက ခေတ္တကြီးစိုးသွားခဲ့သည်။ ထို့နောက် သူမက တည်ငြိမ်စွာနှင့်ပြောသည်။ 


“မင်ကျန်းက အဖေမရှိဘဲ မဖြစ်ဘူး”


ရှုနဉ်က ချွေးထွက်မလိုတောင်ဖြစ်သွားသည်။ ဗီလိန်က ဘာကြောင့် အမြဲလိုလိုဆဲတတ်လဲဆိုတာကို စတင်၍ နားလည်လာသည်။ ထိုကဲ့သို့သောမိဘများရှိလျှင် မဆဲလျှင်တောင်မှ ထူးဆန်းနေလိမ့်ဦးမည်ဖြစ်သည်။ 


“မစ္စကျိုး ကျွန်တော်မေးတာကိုမဖြေခင် စဉ်းစားကြည့်ပါဦး တကယ်ပဲ ယင်းမင်ကျန်းအတွက်လား”


ကျိုးကျွမ်က ဖြေသည်။ “ဒါပေါ့ တခြားဘာရှိဦးမှာလဲ”


ဘယ်သူသိနိုင်မှာလဲ…


ယင်းမင်ကျန်းက သူမ၏သားအရင်းမဟုတ်ကြောင်းကို ရှုနဉ်မသိခဲ့လျှင် သူမပြောသည့်စကားကို ယုံမိလိမ့်မည်ဖြစ်သည်။


“ကောင်းပြီ ကျွန်တော်သိပြီ ကျွန်တော် ဒီညလာခဲ့မယ် ယင်းချန်းကိုပါ အတူခေါ်လာခဲ့ပါ”


“သူ-သူက ငါ့စကားဆို နားမထောင်ဘူး”


ရှုနဉ်က သူ့ဒေါသကို ထိန်းချုပ်ထားရသည်။ 


“သူ့ကို တစ်ယောက်ယောက်က အရက်တိုက်ချင်တယ်လို့သာပြောလိုက်”


ထို့နောက် သူက ဖုန်းချလိုက်သည်။ ရှုနဉ်က အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်းရှုနေမိ၏။


သူမနှင့်သာ ဆက်ပြီးစကားပြောနေလျှင် နေရာမှာတင် ချက်ချင်း သွေးအန်သွားနိုင်သည်။


အရင်တုန်းကတော့ ယင်းမင်ကျန်း၏မိသားစုအခြေအနေကို တိုးတက်စေချင်ခဲ့သည်။ ထိုကစ၍ ယင်းမင်ကျန်းက ဝေ့မိသားစုနှင့် ဆက်သွယ်ခဲ့ပြီး ဝေ့မိသားစုက သူ့ကိုလာခေါ်စေလိမ့်မည်။ သို့သော်လည်း ယခုမူ ရှုနဉ်က ကျိုးကျွမ်နှင့် ယင်းချန်းက လူစိတ်မရှိကြောင်းကို တဖြည်းဖြည်း သိရှိလာရသည်။


ယင်းမင်ကျန်းသာ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဆက်နေနေမည်ဆိုလျှင်...ရှုနဉ် စိတ်ကူးပင်မယဉ်ကြည့်ချင်တော့ပေ။


သူက ပြတ်သားသည့်ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူက ယင်းမင်ကျန်းကို အမှန်တိုင်းပြောပြရန် ဆုံးဖြတ်လိုက်ပြီး ထိုအိမ်မှထွက်သွားရန်ပြောတော့မည်ဖြစ်သည်။ ထို့နောက် ယင်းမင်ကျန်းနေထိုင်ရန် တခြားနေရာကို ရှာပေးမည်ပင်ဖြစ်၏။ ထိုနည်းလမ်းဖြင့်သာ ထိုအမှိုက်နှစ်စကြောင့် စိတ်အနှောင့်အယှက်မရနိုင်မည်ဖြစ်သည်။


အရင်တုန်းက ယင်းမင်ကျန်းကို အမှန်တိုင်းပြောပြရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ယင်းမင်ကျန်း လက်မခံမည်ကို စိတ်ပူနေခဲ့သည့်အတွက်ကြောင့် လက်လျှော့ခဲ့သည်။


 သူက ဝေ့မိသားစုဘက်ကို အရင်ဆုံးအမှန်တိုင်းထုတ်ဖော်ရန် စီစဉ်နေခဲ့သော်လည်း အခုတော့…သူ ထပ်ပြီး မစောင့်နိုင်တော့ပေ။


ဝေ့မိသားစုနှင့်ပက်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာကိုလည်း သူသေချာမသိတော့ချေ။ သူတို့ ဘယ်အချိန်မှ ယင်းမင်ကျန်းကို လာခေါ်မလဲဆိုတာ သူမသိပေ။


ရှုနဉ်က ထိုဆုံးဖြတ်ချက်ကိုချခဲ့သော်လည်း အနာဂတ်မှာ ဗီလိန်က ဘယ်လိုတုံ့ပြန်ပြီး ဘာဖြစ်မလဲဆိုတာကိုတော့ သူမသိ။


ရှုနဉ်က ထိုရှုပ်ထွေးသောအတွေးများဖြင့် အတန်းထဲသို့ ပြန်လာသည်။ သူက ယင်းမင်ကျန်းကို ချီတုံချတုံဖြင့်ကြည့်လိုက်သည်။


ယင်းမင်ကျန်းက သူကြည့်ပုံကို နေသားမကျသလိုခံစားနေရသည်။ 


“ဘာကြည့်နေတာလဲ”


“ဘာမှမဟုတ်ပါဘူး” ရှုနဉ်က အဝေးသို့အကြည့်လွှဲလိုက်သည်။


ယင်းမင်ကျန်းက ပြန်မလှည့်ခင် သူ့ကို သံသယဝင်စွာဖြင့် ကြည့်နေသည်။


ရှုနဉ်က သူ့ကိုယ်သူထိန်းချုပ်ရန်ကြိုးစားနေသော်လည်း အကြာကြီးမလုပ်နိုင်ခဲ့ပေ။ နောက်ဆုံးအတန်းချိန်ပြီးသောအခါ ရှုနဉ်က ဆုံးဖြတ်ပြီး ဗီလိန်ကိုမေးလိုက်သည်။ 


“ယင်းမင်ကျန်းက မင်းဆံပင်က ရှည်လာတာလား’'


ယင်းမင်ကျန်းက ခေါင်းမော့ပြီး မျက်ဝန်းများဖြင့်မေးလိုက်သည်။


“မင်းဘာဖြစ်နေတာလဲ”


“ငါကြည့်ကြည့်မယ်” 


ရှုနဉ်က အပြုံးနှင့်လျှောက်လာပြီး သူ့ဆံပင်တုကို ဂရုတစိုက်ဖြင့် လှမ်းကိုင်လိုက်သည်။


သူ့လက်ရောက်သည်နှင့် ကျားအမြီးကို လှမ်းဆွဲနေရသလိုမျိုး ဗီလိန်၏အမူအရာကို ဆက်တိုက်စောင့်ကြည့်နေမိသည်။


ဗီလိန်လေးက မလှုပ်ပေ။ ရှုနဉ်ကိုသာ ထူးဆန်းစွာကြည့်နေ၏။ ရှုနဉ်က တစ်နေ့လုံး ထူးဆန်းသလို ပြုမူနေတတ်ပြီး သူ့မျက်ဝန်းများက ထူးဆန်းသောပုံစံဖြင့် ချောင်းကြည့်နေတတ်သည်။ ထိုပုံစံက သူ့ကို ကျောချမ်းစေ၏။


ရှုနဉ်သည် ယင်းမင်ကျန်းက ထိုလူကြီးကို နောက်ဆုံးတစ်ကြိမ်ထိုးနှက်ခဲ့သလိုမျိုး အထိုးခံရမည်ကို သေလောက်အောင်ကြောက်နေမိသည်။ သူ့နှလုံးခုန်သံများက တစ်မိနစ်ကို မိုင်ပေါင်းများစွာ ခုန်လှုပ်နေရသည်။


ထာဝရကြာရှည်နေသလိုခံစားရပြီးနောက်တွင်တော့ ဗီလိန်လေး၏ဆံပင်တုကိုကိုင်၍ ညင်သာစွာ ချွတ်လိုက်လေသည်။


ဗီလိန်လေးက သူ့ရဲ့လက်သည်းများကို ထုတ်မပြရုံသာမက ရိုက်လည်းမရိုက်နှက်ခဲ့ပေ။ 


ထို့အစား သူ့အကြည့်က “မင်းရူးနေလား” ဟုပြောချင်နေသည့်ပုံစံဖြင့်ဖြစ်နေ၏။


ရှုနဉ်က မျက်ရည်များထွက်ကျတော့မလိုပင်ဖြစ်သွားရသည်။ သူပျိုးထောင်ထားခဲ့သည့် ဝံပုလွေသားပေါက်လေးက နောက်ဆုံးတော့ သူ့ကိုကိုင်ခွင့်ပေးလိုက်ပြီ။


သူက ယင်းမင်ကျန်း၏ဆံပင်ကိုကြည့်၍ တမင်ပြောလိုက်သည်။ 


“မင်းမှာ ဆံပင်ဖြူပေါက်နေတယ်ထင်တယ်”


ဗီလိန်လေးက သူဘာအတွက် ပြောနေမှန်းမသိချေ။ သူက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ 


“အဲဒီတော့ ဘာဖြစ်လဲ”


“ငါနှုတ်ပေးမယ်” ရှုနဉ်က သူ့ဆံပင်ကိုယူ၍ နှုတ်လိုက်သည်။


“မင်းသောက်ရူးပဲ” 


ယင်းမင်ကျန်းက သည်းမခံနိုင်တော့သဖြင့် ထရပ်လာကာ သူ၏လှပသောပုံစံက မျက်မှောင်ကြုတ်ထားမှုကြောင့် အရေးအကြောင်းများပေါ်နေသည်။ သူက ရှုနဉ်ဆီမှ ဆံပင်တုကိုဆွဲယူလိုက်ကာ သူ့ခေါင်းပေါ် ပြန်တင်လိုက်သည်။


ထိုလူက ရူးနေခြင်းဖြစ်လိမ့်မည်။


ပထမတော့ သူ့ကိုထူးဆန်းစွာကြည့်ပြီး နောက်တော့ ဆံပင်ကိုကိုင်ကြည့်ချင်နေသည်။


ရှုနဉ်က ပုခုံးတွန့်၍ ပြန်ထိုင်လိုက်ကာ သူ့လက်ထဲမှ ဆံပင်စအနည်းငယ်ကိုကိုင်ထားသည်။


ခဏကြာသောအခါ ရှုနဉ်က မေးလိုက်သည်။ 


“ယင်းမင်ကျန်း ငါမင်းကိုမေးချင်နေတာ တစ်ခုရှိတယ်”


ဗီလိန်လေးက သူ့ဒေါသကိုထိန်း၍ လေမှုတ်ထုတ်လိုက်သည်။


ထိုပုံစံက သူနားထောင်ချင်နေသည့်ပုံဖြစ်သည်။


ရှုနဉ်က မေးလိုက်သည်။ 


“ကမ္ဘာပေါ်မှာ သဘောအကောင်းဆုံးလူက ဘယ်သူလို့ထင်လဲ”


“ငါ့အမေ” ဗီလိန်လေးက တွန့်ဆုတ်နေခြင်းမရှိပေ။


သူ့အမေ…


ရှုနဉ်က သက်ပြင်းချလိုက်မိသည်။


ရှုနဉ်က ခဏစဉ်းစားလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ 


“ငါမင်းစိတ်တိုစေမယ့်စကားကို ပြောပြမယ် မစ္စကျိုးက မင်းကိစ္စတွေကိုစီစဉ်တာ မသင့်တော်ဘူးလို့ ငါထင်တယ်…”


“အဲဒါ မင်းအလုပ်မဟုတ်ပါဘူး” ဗီလိန်လေးက သည်းမခံနိုင်တော့ချေ။ 


“ငါ့အမေကိုစိတ်ဝင်စားနေမှာထက် တခြားလုပ်စရာမရှိဘူးလား”


ရှုနဉ်က တစ်ခုခုပြောချင်နေသော်လည်း နောက်ဆုံးတော့ သက်ပြင်းသာချလိုက်ရသည်။


ဗီလိန်၏အမြင်တွင်တော့ ကျိုးကျွမ်က သူ့အတွက် အကောင်းဆုံး အယုံကြည်ရဆုံးသူဖြစ်နေသည်မဟုတ်ပါလား။


ထို့အပြင် ဘယ်ကလေးက သူတို့အမေကို မယုံဘဲနေပါ့မလဲ။


ထိုညနေက ရှုနဉ်က ရေပန်းဘေးရှိ ခုံတန်းလျားတွင် ထိုင်စောင့်နေသည်။



___


Translated By IQ-Team.