အပိုင်း ၂၁
Viewers 9k

Chapter 21

စိတ်တိုလာပြီ



ည ၁၀ နာရီရောက်သောအခါတွင် မစ္စချိုက်က သူဘယ်ရောက်နေကြောင်းကို ဖုန်းဆက်မေးသည်။ ရှုနဉ်က သူမမေးသည့်မေးခွန်းများကို ချိုသာပြေပြစ်သည့်စကားများဖြင့် မြှောက်ထိုးပင့်ကော်လုပ်လိုက်သည်။ နောက်ဆုံးတော့ ကျိုးကျွမ်နှင့် ယင်းချန်းက ရောက်ရှိလာခဲ့သည်။


ယင်းချန်းက လျှောက်လာရင်းနှင့် ကျိုးကျွမ်ကို ဆဲဆိုကာ မကောင်းပြောဆိုနေသည်။


ကျိုးကျွမ်က သူ့သူ့ကိုဆက်ပြီး ရှင်းပြနေသည်။


သူတို့ပုံစံကိုကြည့်၍ ရှုနဉ်က ကျိုးကျွမ်တွင် အနှိပ်စက်ခံရခြင်းတွင်သာယာသည့်ရောဂါများရှိနေသလားဟု သံသယဝင်မိသွားသည်။ တချို့သောအကြောင်းပြချက်များကြောင့် သူမသည် ထိုလူ၏ နေ့တိုင်းရိုက်နှက်ခြင်းနှင့် အလုပ်မလုပ်ဘဲ စကားကောင်းမပြောသည့်ဒဏ်များကို နေ့တိုင်းခံနေရ၏။


“ငါ့ကိုရှာနေတာလား” ယင်းချန်းက ရှုနဉ်ကိုတွေ့သောအခါ သံသယဖြင့်မေးလိုက်သည်။


ရှုနဉ်က မတ်တပ်ရပ်လာပြီး အနီရောင်ဝိုင်ပုလင်းကိုယူကာ ယင်းချန်းကိုပေးလိုက်ပြီး သူက အပြုံးနှင့်ပြောလိုက်သည်။ 


“တစ်ယောက်ယောက်က ခင်ဗျားကို ဒီဟာပေးခိုင်းလို့”


ယင်းချမ်းက လမ်းမီးအားကိုးဖြင့် ဝိုင်ပုလင်းကိုကြည့်လိုက်သည်။ သူက မူးရူးနေခြင်းဖြစ်၏။ သူက အရက်အကြောင်းကို အနည်းငယ်သိပြီး ထိုအနီရောင်ဝိုင်ပုလင်းက ဈေးကြီးကြောင်းကိုပြောနိုင်သည်။ သူ၏မပျော်ရွှင်သောအမူအရာက ချက်ချင်းပျောက်ကွယ်သွားရသည်။ သူက ပျော်ရွှင်စွာဖြင့် ပုလင်းကို လှည့်ပတ်ကာ ဘေးဘက်တွင်ရေးထားသော စာသားများကိုကြည့်နေသည်။


ပုလင်းပေါ်ရှိစာများကိုဖတ်ပြီးနောက်တွင် ရှုနဉ်ကို သံသယဝင်စွာဖြင့်မေးလိုက်သည်။ 


“ဘယ်သူပေးတာလဲ”


ရှုနဉ်က ခေါင်းခါပြလိုက်သည်။ 


“ကျွန်တော်မသိဘူး… ဦးလေးက ဝိုင်ဘယ်လိုသောက်ရမလဲသိလား”


“သိတာပေါ့” ယင်းချန်းက ဝိုင်အကြောင်းကို စကားစလာသောအခါတွင် စိတ်ပါဝင်စားစွာဖြင့်ပြောလိုက်သည်။ 


သူက ရှုနဉ်ကို ပုလင်းပေါ်က စာသားများပြလိုက်သည်။ 


“အရင်ဆုံး ဝိုင်ကို အနည်မပါအောင် ဖြည်းဖြည်းချင်း လောင်းထည့်ပါ ထည့်ပြီးရင်…”


ရှုနဉ်က ကြားဖြတ်ပြောလိုက်သည်။ 


“ဦးလေး ခေါင်းပေါ်မှာ တစ်ခုခုပေနေတယ်”


သူက လက်ဆန့်ပြီး ယင်းချန်း၏ခေါင်းပေါ်မှ ဆံပင်တစ်ချို့ကို ဆွဲလိုက်သည်။


ယင်းချန်းက သူ့ကိုမူးစရာအရည်ပေးသောသူဆိုလျှင် အလွန်ဖော်ရွေပေသည်။ သူက စိတ်မတိုပေ။ ထိုအစား သူသိသည့် ဝိုင်အကြောင်းများကိုပင် ဆက်ပြောပြနေလိုက်သေးသည်။


ရှုနဉ်၏ဖုန်းက မြည်လာသည်။ မစ္စချိုက်က ထပ်ခေါ်နေခြင်းဖြစ်၏။


ရှုနဉ်က ယင်းချန်းနှင့် ကျိုးကျွမ်ကိုပြောလိုက်သည်။ 


“ကျွန်တော့်အမေ ဖုန်းခေါ်နေလို့ ဦးလေးတို့လည်း အိမ်ပြန်ကြတော့နော်”


“ဝိုင်အတွက် ကျေးဇူးပါ” ယင်းချန်းက သူ့လက်ထဲမှ ဝိုင်ပုလင်းကို ဝေ့ယမ်းပြလိုက်သည်။


လမ်းမီးများတစ်လျှောက်တွင် ရှုနဉ်က ယင်းချန်း၏ချောမောမှုကိုတွေ့လိုက်ရသည်။ သူ့တွင် ဆွေးမြည့်နေသောအကျင့်စရိုက်ရှိသော်လည်း ရုပ်ရည်ချောမောသည်။ ထို့ကြောင့် ကျိုးကျွမ်က သူ့ကို မထားခဲ့နိုင်ခြင်းများလား။


သူတို့နှစ်ယောက်လုံး၏ ဆံပင်များကို အောင်မြင်စွာရရှိပြီးသည့်နောက်တွင် ရှုနဉ်က အိမ်ပြန်လာလိုက်သည်။ သူက မစ္စချိုက်၏ မိုးခြိမ်းသံကဲ့သို့ တဖျစ်တောက်တောက်ပြောခြင်းများကို လျစ်လျူရှုထားပြီး အခန်းထဲသို့လာကာ ဆံပင်များကို ပလက်စတစ်အိတ်ဖြင့် ထုတ်လိုက်သည်။ နောက်တစ်နေ့တွင် ဗိုက်အောင့်ချင်ယောင်ဆောင်ပြီး ကျောင်းမှလစ်ပြေးလိုက်သည်။ ထို့နောက် သူက တက္ကစီငှား၍ အနီးနားက DNA စင်တာဆီသို့သွားလိုက်သည်။


တစ်နာရီခွဲကြာပြီးသောအခါ မီးခိုးရောင်အဆောက်အအုံရှေ့တွင်ရပ်နေပြီး ဆိုင်းဘုတ်ပေါ်ရှိ ကြီးမားသည့်စာလုံးများကိုကြည့်လိုက်သည်။ 


“အဖေဖြစ်ကြောင်း စစ်ဆေးမှု” သူက အထဲသို့မဝင်ခင် ခေတ္တတုံ့ဆိုင်းသွားရသည်။

__


ပိုက်ဆံစုဖို့အတွက် ရှုနဉ်က နေ့စဉ်လုပ်နေကျအလုပ်တိုင်းကို ဂျီးမများနိုင်တော့ပေ။


နောက်ဆုံးတော့လည်း သူကအခုထိ ဗီလိန်လေးကိုပျိုးထောင်ဖို့လိုသေးသည်။


သူက ကျိုးကျွမ်ကို ပိုက်ဆံပေါင်းများစွာပေးခဲ့ပြီး ယင်းမင်ကျန်း၏နေ့လယ်စာဖိုးအတွက်ပေးရန် ပြောဆိုခဲ့သည်။


ယင်းမင်ကျန်းက နေ့လယ်စာပြန်စားနေပြီဖြစ်၏။ ရှုနဉ်က အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားရသည်။


ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်က ၄ ရက်ကြာပြီးနောက် ထွက်လာခဲ့သည်။ တနင်္ဂနွေနေ့တွင် ရှုနဉ်က DNA စစ်ဆေးမှုစင်တာဆီသို့သွားခဲ့ပြီး ဖခင်ဖြစ်ကြောင်းစစ်ဆေးသည့်လက်မှတ်ကိုယူခဲ့သည်။ ကျွမ်းကျင်ဝေါဟာရအသုံးအနှုန်းများနှင့်ပြည့်နေသော ပါးလွှာသည့်စာရွက်တစ်ချို့သာဖြစ်သည်။


ရှုနဉ်က နောက်ဆုံးစာမျက်နှာအထိ သေချာဂရုတစိုက်ဖတ်နေသည်။ နောက်ဆုံးစာမျက်နှာက အရေးအပါဆုံးပင်ဖြစ်၏။ 


“စစ်ဆေးမှုများအရ ယင်းချန်းနှင့် ယင်းမင်ကျန်းတို့သည် သွေးသားမတော်စပ်ကြောင်း အတည်ပြုရပါသည်။”


XX စစ်ဆေးမှုစင်တာမှ လက်မှတ်လည်းပါရှိပြီး လတ်လတ်ဆတ်ဆတ် တံဆိပ်ခေါင်းဖြင့်လည်း ရိုက်နှိပ်ထားသေးသည်။


ရှုနဉ်က ထိုရလဒ်ကို မျှော်မှန်းပြီးဖြစ်၏။


သူက ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။


သူက ဘေးအခန်းရှိ မိတ္တူဆိုင်တွင် များစွာသောမိတ္တူများကိုကူးယူပြီး ပလတ်စတစ်အိတ်ဖြင့် ပတ်ထားလိုက်သည်။


သူက ယင်းမင်ကျန်းနှင့် ကျိုးကျွမ်၏ DNA စစ်ဆေးမှုကိုမယူခဲ့ခြင်းက ယင်းမင်ကျန်းက သူမအပေါ် ဘယ်လောက်သံယောဇဉ်ရှိနေကြောင်းကို မသေချာသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ထို့အပြင် ယခုအရွယ်ကလေးများက ၎င်းတို့၏မိခင်အပေါ်ကို အလွန်မှီခိုတတ်ကြသည်။


ကျိုးကျွမ်က သူအနှစ်သက်ဆုံးနှင့် အယုံကြည်ရဆုံးသူဖြစ်ကြောင်းကို ယင်းမင်ကျန်း တစ်ခါပြောဖူးသည်။


ရှုနဉ်က တစ်ချိန်တည်းတွင် မိဘနှစ်ပါးလုံးဆုံးရှုံးရခြင်းက အလွန်ကြီးမားသည့်ဆုံးရှုံးမှုဖြစ်မည်ကို ကြောက်ရွံ့နေမိ၏။


ထို့ကြောင့် သူက ယင်းချန်းနှင့် ယင်းမင်ကျန်းကြားတွင်သာ ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုကိုသာယူခဲ့ခြင်းဖြစ်သည်။ ထိုနည်းလမ်းအတိုင်းဆိုလျှင် အလွန်ထိတ်လန့်စရာကောင်းလိမ့်မည်မဟုတ်ပေ။ အချိန်ကျလာလျှင် ကျိုးကျွမ်က သူမဘာသာ အားလုံးကိုရှင်းပြနိုင်လိမ့်မည်။ အရာအားလုံးက ယခုလိုနည်းလမ်းနှင့်သာ ဖြေရှင်းနိုင်လျှင် ပိုကောင်းနိုင်လိမ့်မည်။


ရှုနဉ်က စာရွက်စာတမ်းများကို အနှံ့ကြည့်ပြီး ဖိုင်ကိုသိမ်းထားလိုက်သည်။ ထို့နောက် သူက ထိုဖိုင်များကို cloud storage ထဲသို့ တင်လိုက်သည်။ နောက်ဆုံးတွင်တော့ ထိုစာရွက်စာတမ်းများကို လျှိုသွင်းလိုက်ပြီး တက္ကစီငှားကာ ရပ်ကွက်ထဲသို့ ပြန်လာလိုက်သည်။


ထိုအချိန်က ညနေ ၄ နာရီအချိန်ပင်ဖြစ်သည်။ ကောင်းကင်ကြီးက မှောင်ရိပ်သန်းပြီး ပြာနှမ်းနေသည်။ ရှုနဉ်က ကြိုတင်ပြင်ဆင်ပြီးဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယင်းမင်ကျန်းနှင့် ယင်းချန်းက အိမ်တွင်ရှိသောအချိန်တွင် ကျိုးကျွမ်က အလုပ်တွင်ရောက်နေတတ်သည်။ 


စစ်ဆေးမှုလက်မှတ်ကို နှစ်ယောက်ထဲက တစ်ယောက်ယောက်ရသွားလည်း ကိစ္စမရှိပေ။ ရလဒ်က အတူတူပင်ဖြစ်လိမ့်မည်။


ရှုနဉ်က ဦးထုပ်ဆောင်းလိုက်ပြီး ပဝါကို မျက်နှာတွင်ပတ်လိုက်ကာ တိုက်နံပါတ် ၄၀၄ ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူက တံခါးဝရှိ လူခေါ်ခေါင်းလောင်းကို ဘဲလ်တီးလိုက်သည်။


ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုကိုပေးပြီးသည်နှင့် ပြန်ယူလို့မရတော့ပေ။ သူက ရုတ်တရက် အကြောက်တရားများကို ကျော်လွှားနိုင်ပြီး ကြက်သီးမွေးညင်းများက သူ့အရေပြားပေါ်တွင် စတင်၍ မြင့်တက်လာတော့သည်။


သူက ခေတ္တမျှ တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင်‌တော့ အံကြိတ်ကာ ဘဲလ်ခလုတ်ကို အားပြင်းပြင်းဖြင့် နှိပ်ချလိုက်သည်။ ထို့‌နောက် သူက တံခါးကို ရိုက်ဆောင့်ပြီး အထဲကလူများကို စိတ်တိုစေလိုက်သည်။


ယင်းမင်ကျန်းကိုသာ ဒီမှာဆက်နေစေမည်ဆိုလျှင် ယင်းမင်ကျန်း၏ဘဝက ပြီးဆုံးသွားလိမ့်မည်။ သူက နေ့တိုင်း အရိုက်ခံနေရ၏။ 


အလွန်ဆိုးရွားသည့်အရာ တစ်ခုခုဖြစ်လာခဲ့လျှင် ဘယ်လိုလုပ်မလဲ။


ဝတ္ထုထဲတွင်ဖြစ်ခဲ့သည့်အရာများအားလုံးက အမှန်တကယ်ဖြစ်လာနိုင်တယ်ဟု သူမယုံနိုင်ပေ။ နောက်ဆုံးတွင်‌တော့ သူက ဝတ္ထုထဲသို့ ဝိညာဉ်ကူးပြောင်းခဲ့ရပြီး ဗီလိန်ကလည်း ကျောင်းမထွက်ဘဲ ကိစ္စအတော်များများက ပြောင်းလဲသွားခဲ့သည်။ 


သူက ထိုစွန့်စားမှုကို မစွန့်လွှတ်ချင်ပေ။


အထဲမှ ဆူညံသံများကို သူကြားလိုက်သောအခါတွင် ရှုနဉ်က စစ်ဆေးမှုရလဒ်ကို တံခါးနားတွင်ထားခဲ့ပြီး လျင်မြန်စွာပြေးထွက်လာလိုက်သည်။


ဓာတ်လှေကားက ထောင့်နားတွင်သာရှိသည့်အတွက် ရှုနဉ်က ထိုနေရာတွင် ပုန်းနေလိုက်သည်။ သူက တိတ်တဆိတ်ဖြင့် သူ့ဖုန်းက ကင်မရာကိုဖွင့်လိုက်ကာ ထောင့်နားကိုချောင်းကြည့်ရန် ကင်မရာကိုကပ်လိုက်သည်။ ထိုနည်းလမ်းဖြင့်ဆိုလျှင် သူ့ကိုလွယ်လွယ်နှင့် ရှာမတွေ့နိုင်ပေ။


ကင်မရာမှတစ်ဆင့် အခန်း ၄၀၄ ၏ အရှေ့တံခါးပွင့်လာသည်ကို တွေ့လိုက်ရ၏။ ယင်းချန်းက ဖိနပ်အပါးကိုစီးထားပြီး တံခါးလာဖွင့်ချိန်တွင် ဆဲဆိုနေခဲ့သည်။ သူက ပတ်ပတ်လည်ကိုကြည့်ပြီး တံခါးနားတွင် ဘယ်သူမှမရှိကြောင်းကိုတွေ့သွားသည်။ သူအထဲသို့ပြန်ဝင်ရန်လုပ်သောအချိန်တွင် အောက်ကိုငုံ့ကြည့်လိုက်သောအခါ ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို တွေ့သွားခဲ့သည်။ ထို့နောက်…


ထို့နောက် သူက ခြေထောက်မြှောက်ကာ ထိုစာရွက်ကို ဘေးသို့ကန်လိုက်၏။


ရှုနဉ် - “...”


ယင်းချမ်းက အော်ဟစ်လိုက်သည်။ 


“ဘယ်ကောင် ကြော်ညာတွေ လာဝေနေတာလဲ @#%@#”


ရှုနဉ် - “...”


သူက ကြော်ညာစာရွက်ဟုထင်သွားခဲ့ခြင်းဖြစ်၏။


အရှေ့တံခါးက ဝုန်းကနဲ ဆောင့်ပိတ်ခံလိုက်ရသည်။


ရှုနဉ်သည် အခုချိန်တွင် အမှန်တကယ် စိုးရိမ်နေခဲ့သည်။ သူက ထိုနေရာတွင်သာ ခဏနေနေလိုက်သည်။ ထို့နောက် ပြန်ထလာပြီး တံခါးကိုထပ်သွားခေါက်သည်။


အထဲက လှုပ်ရှားသံများကိုကြားသောအခါ ရှုနဉ်က လျင်မြန်စွာ ပြေးထွက်သွားပြန်သည်။


“သောက် @#@#” 


ယင်းချန်းက တံခါးကိုဖွင့်၍ အပြင်းအထန်ဒေါသထွက်ကာ အော်ဟစ်ကျိန်ဆဲနေသည်။ တံခါးရှေ့တွင် ဘယ်သူ့ကိုမှမတွေ့ရဘဲ စာရွက်တစ်စောင်ကိုသာတွေ့လိုက်ရသောအခါ စိတ်တိုတိုဖြင့် ဆွဲယူ၍ ကြည့်လိုက်သည်။


“စစ်ဆေးမှုများအရ ယင်းချန်းနှင့် ယင်းမင်ကျန်းတို့သည် သွေးသားမတော်စပ်ကြောင်း အတည်ပြုရပါသည်။”


ထိုစာရွက်ပေါ်တွင် အနက်ရောင်နှင့် အဖြူရောင်ဖြင့် ထင်ထင်ရှားရှားရေးထားသည်။ 


‘ယင်းမင်ကျန်းက ယင်းချန်း၏ သားအရင်းမဟုတ်ပါ’


စာလုံးက မည်းနက်ပြီး ထင်ရှားသည်။ အကြောင်းအရာများက တစ်ချက်လေးကြည့်လိုက်ရုံဖြင့် ပေါ်လွင်ထင်ရှားနေ၏။


ယင်းချန်း၏မျက်နှာက အေးခဲသွားသည်။ သူက လျင်မြန်စွာဖြင့် စာရွက်ပေါ်မှ အကြောင်းအရာများကို နှံ့စပ်အောင်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ်က စတင်၍ တုန်လှုပ်လာတော့သည်။


“ယင်းမင်ကျန်း ယင်းမင်ကျန်း ဒီကို မြန်မြန်ထွက်လာစမ်း”


သူက တံခါးပင်ပိတ်ဖို့ သတိမရတော့ချေ။ လက်ထဲမှစာရွက်ဖြင့် အထဲသို့ လျင်မြန်စွာဝင်သွားပြီး ဝုန်းဒိုင်းကြဲသည့် ဆူညံသံများက တိုက်ခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ 


သေစမ်း…


ယင်းချန်းက ယင်းမင်ကျန်းကို ရိုက်မှာတော့မဟုတ်ဘူးမလား…


ရှုနဉ်က စိတ်ပူသဖြင့် ပုန်းနေရာမှ ထထွက်လာခဲ့သည်။ သူက လျင်မြန်စွာဖြင့် ယင်းချန်းကို ဝင်တားလိုက်ချင်သော်လည်း ဖခင်ဖြစ်ကြောင်း စစ်ဆေးမှုရလဒ်ကိုထားခဲ့သူမှာ သူဖြစ်နေကြောင်းကို သိရှိသွားမှာ စိုးရိမ်ကြောက်ရွံ့နေမိသည်။ ယင်းချန်းဆီက အရိုက်ခံရခြင်းက စိတ်ပူမှုအနည်းဆုံးသာဖြစ်သည်။ ယင်းမင်ကျန်းက သူ့မိသားစုကိုဖျက်ဆီးဖို့ကြိုးစားနေသူဟုထင်ပြီး သူ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ။


ရှုနဉ်က လက်သီးဆုပ်ထားလိုက်သည်။


တစ်ယောက်ယောက်က ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ ရှုနဉ်က လျင်မြန်စွာသွားလိုက်ပြီး ထိုဦးလေးကို လှမ်းဆွဲလိုက်ပြီး သူ အမြန်ပြောလိုက်၏။ 


“ဦးလေး အခန်းနံပါတ် ၄၀၄ မှာ ရန်ဖြစ်နေကြတယ်ထင်တယ် ကျွန်တော့်အတန်းဖော်က အရိုက်ခံနေရတယ် သူ့ကိုသွားပြီး ကူညီပေးနိုင်မလား”


ဦးလေးက တုံ့ဆိုင်းသွားရသည်။ 


“၄၀၄ လား အဲဒါ ယင်းချန်းရဲ့အခန်းမလား”


“ဟုတ်တယ်” ရှုနဉ်က သူ့ကိုပို၍ ဆွဲထားရန်ကြိုးစားလိုက်သည်။


“မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး ငါဘာမှမလုပ်နိုင်ဘူး” 


ထိုဦးလေးက ခေါင်းကိုကြိမ်ဖန်များစွာခါ၍ လျင်မြန်စွာ ထွက်သွားသည်။


ယင်းချန်း၏မိသားစုက ထိုသေးငယ်သောရပ်ကွက်ထဲတွင် နေ့တိုင်းရန်ဖြစ်ခြင်းနှင့်ပက်သက်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသလို ရုတ်ရုတ်သဲသဲဖြစ်စေသည်။ 


ဘယ်သူက သူတို့ကိစ္စကို ဝင်ပါချင်ပါ့မလဲ။


ထိုဦးလေးထွက်သွားသည်ကိုမြင်သည်နှင့် ရှုနဉ်က စိုးရိမ်မှုဖြင့် ခြေဆောင့်နေမိသည်။ သူက ချက်ချင်း ရဲကိုဖုန်းဆက်လိုက်၏။ ရဲကိုဖုန်းဆက်ပြီးနောက်တွင်တော့ မြေအိမ်ရာစီမံခန့်ခွဲရေးကိုလည်း အကြောင်းကြားလိုက်သည်။


မြေအိမ်ရာစီမံခန့်ခွဲရေးက ကြားဝင်ဖျန်ဖြေရန် တုံ့ဆိုင်းနေခဲ့သည်။ ထိုသည်က မိသားစုအရေးကိစ္စဖြစ်၏။ သူတို့ကြားဝင်ရန် မသင့်လျော်သော်လည်း ထိုကိစ္စကို ဒီတိုင်းထားခဲ့ဖို့လည်း မလျော်ကန်ပေ။


ရှုနဉ်က အလျင်လိုနေခဲ့သည်။ သူက လိမ္မာပါးနပ်စွာဖြင့် ထပ်ပြောလိုက်သည်။ 


“နောက်ဆုံးတစ်ခေါက် သူတို့ရန်ဖြစ်ကြတုန်းက ဘီယာပုလင်းတွေပစ်ပေါက်ပြီး တစ်ယောက်ယောက်ကိုတောင် ထိမိတော့မလို့ မြန်မြန်လေး သူတို့ကို လာတားပေးကြပါ ပစ္စည်းတွေပစ်ပေါက်ပြီး တစ်ယောက်ယောက်ကို ထိမိသွားရင် ဘယ်လိုလုပ်မလဲ မြေအိမ်ရာစီမံခန့်ခွဲရေးမှာလည်း တာဝန်ရှိသွားမှာ”


ဖုန်းထဲမှ တစ်ဖက်လူက ဆုံးဖြတ်ချက်ချလိုက်သည်။ 


“ကောင်းပါပြီ ကျွန်တော်တို့ နားလည်ပြီ”


“ခွေးကောင်လေး မင်းကို ငါနဲ့မတူပါဘူးလို့ အမြဲတွေးနေခဲ့တာ မျိုးမစစ်ကောင် မင်းက တကယ် ငါ့သားမဟုတ်ဘူးဘဲ”


ယင်းချန်းက တံခါးမပိတ်ထားပေ။ သူ့အော်သံက မိုင်ပေါင်းများစွာကနေတောင် ကြားရနိုင်သည်။


ရှုနဉ်က ထိုအော်ဟစ်သံကိုကြားသောအခါတွင် နှလုံးခုန်နှုန်းများက လျင်မြန်လာရသည်။ ယင်းမင်ကျန်း လတ်တလောရရှိထားသည့် ဒဏ်ရာများကို ပြန်အမှတ်ရမိပြီး ရှုနဉ်က မျက်လုံးကို မှိတ်လိုက်သည်။


“ကောင်းတာပေါ့ ခင်ဗျားကိုလည်း ကျွန်တော့်အဖေလို့ တစ်ခါမှမတွေးဖူးဘူး” ယင်းမင်ကျန်း၏ အူမြူးနေသည့်အသံက တိုက်ခန်းထဲကနေ ထွက်လာ၏။


“မင်းသောက်ခွေး @#@#” ယင်းချန်းက အော်ဆဲတော့သည်။


“ခင်ဗျားကမှ သောက် @#@#” ယင်းမင်ကျန်းကလည်း ပြန်အော်ဆဲသည်။


သွေးသားမတော်စပ်ကြသည့် အဖေနှင့်သားက ရန်ဖြစ်နေရင်းနှင့် ဆဲဆိုနေကြကာ တခြားသူများ၏ ဖျန်ဖြေမှုကို မလိုချင်ကြပေ။ ဆဲဆိုသည့်အသံများနှင့် ရိုင်းပျသောစကားလုံးများက အခန်းကိုကျော်ဖြတ်၍ ပစ္စည်းများ ကျကွဲသောအသံဖြင့် သံကုန်ဟစ်နေကြသည်။ အလွန့်အလွန် ပရမ်းပတာဖြစ်နေကြသောရန်ပွဲဖြစ်၏။


ယင်းမင်ကျန်း၏ တက်ကြွနေသည့်အသံကိုကြားလိုက်ရသောအခါ ရှုနဉ်က စိတ်သက်သာရာဖြင့် သက်ပြင်းချလိုက်သည်။


ခဏကြာသောအခါတွင် တိုက်ခန်းရှိ လုံခြုံရေးများက အရင် ရောက်လာကြသည်။ 


ရှုနဉ်က ဒီတိုင်းဖြတ်သွားသည့်လူလို ဟန်ဆောင်လိုက်သည်။ 


လုံခြုံရေးက သူ့ကိုလျစ်လျူရှုကာ ဆူညံသောအသံများအတိုင်း အခန်းနံပါတ် ၄၀၄ သို့ ဝင်သွားသည်။


ထို့နောက် တိတ်ဆိတ်သွားကြသည်။


ယင်းချန်းက ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုတော့သည်။ 


“ကျိုးကျွမ် လူလိမ်မ”


ထိုအသံက ပတ်ဝန်းကျင်ရှိလူများအားလုံးကို ထိတ်လန့်သွားစေသည်။


ရှုနဉ်က ထိုအသံကိုကြားသောအခါတွင် ငိုရမလား၊ ရယ်ရမလား မသိတော့ချေ။


ယင်းချန်းက အမှန်တကယ် သန်စွမ်းသည့် ပင်ကိုစရိုက်ရှိသည်။ ဖခင်ဖြစ်ကြောင်း စစ်ဆေးမှုရလဒ်ကိုတွေ့သောအခါတွင် တရားဝင်ဖြစ်မဖြစ်ကို မေးခွန်းမထုတ်ဘဲ ကျိုးကျွမ်ကိုလည်း အမှန်တရားဟုတ်မဟုတ် မမေးခဲ့ပေ။ ထိုအစား သူ့သားနှင့်သာ တိုက်ရိုက်ရန်ဖြစ်ခဲ့သည်။ ထင်ထားသည့်အတိုင်း သူက စဉ်းစားညဏ်ကင်းမဲ့ပြီး အဖြစ်မရှိသည့်သူသာဖြစ်သည်။


ခဏကြာသောအခါတွင် ရဲနှစ်ယောက်ရောက်လာပြီး အခန်းနံပါတ် ၄၀၄ ထဲသို့ ဝင်သွားသည်။ ရှုနဉ်ကလည်း တိတ်တဆိတ်လိုက်လာခဲ့လိုက်ပြီး အခန်းဝင်ပေါက်ကနေ အထဲကိုချောင်းကြည့်နေသည်။


ရဲနှစ်ယောက်၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ရှိသည်။ ထိုမိန်းမက ယင်းမင်ကျန်း၏မျက်နှာပေါ်မှ ဒဏ်ရာများကိုတွေ့သောအခါ သူမမျက်နှာက ခက်ထန်သွားပြီး ယင်းချန်းကို ပြစ်တင်ပြောဆိုလိုက်သည်။ 


“ရှင်လုပ်ခဲ့တာက အိမ်တွင်းအကြမ်းဖက်မှုလို့ ယူဆလို့ရတယ်နော်”


“ယီးကို အိမ်တွင်းအကြမ်းဖက်လား” 


ယင်းချန်းက ရဲဝန်ထမ်း၏ဘေးတွင်ရပ်နေသော ယင်းမင်ကျန်းကို လက်ညှိုးထိုးလိုက်သည်။ ယင်းချန်း၏မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းသည်အထိ ပြူးကျယ်လာပြီး တံတွေးထွေးလိုက်သည်။ 


“ဒီခွေးမသားက ငါ့သားတောင်မဟုတ်တာကို ငါ့ကို အိမ်တွင်းအကြမ်းဖက်လို့ လာမပြောနဲ့”


ရဲဝန်ထမ်းက အံ့အားမှင်တက်သွားရသည်။ 


“ဒီခွေးကောင်လေးကို ငါသတ်ပစ်မယ် @#@#”


ယင်းချန်းက အလျင်စလိုဖြစ်ပြီး ယင်းမင်ကျန်းကို ထပ်မံရိုက်ဖို့လုပ်နေပြန်သော်လည်း ရဲဝန်ထမ်း၏တားမြစ်ခြင်းကို ခံလိုက်ရသည်။


သူ့စိတ်ခံစားချက် မတည်ငြိမ်သေးသည်ကိုတွေ့ပြီးနောက် အမျိုးသမီးရဲဝန်ထမ်းက လုံခြုံရေးကို အကြောင်းစုံသွားမေးလိုက်သည်။ လုံခြုံရေးနှစ်ယောက်က ဘာဖြစ်ခဲ့သလဲဆိုတာကိုသိသဖြင့် သူမကို လျင်မြန်စွာပြောပြလိုက်သည်။


ဇာတ်လမ်းတစ်ခုလုံးကိုကြားပြီးနောက်တွင်တော့ ရဲဝန်ထမ်းနှစ်ယောက်က အံ့အားသင့်သွားရသည်။


လုံခြုံရေးများကလည်း ၎င်းတို့၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သောအမူအရာများရှိနေကြသည်။


ရဲဝန်ထမ်းက ယင်းချန်းကို တိုက်တွန်းပြောဆိုလိုက်သည်။ 


“စိတ်ငြိမ်ငြိမ်ထားပါ အလျင်စလိုမလုပ်ပါနဲ့”


လုံခြုံရေးက ကရုဏာသက်စွာဖြင့်ပြောလိုက်သည်။


“သူဘာလို့ စိတ်တိုနေလဲဆိုတာကို ကျွန်တော်နားမလည်လို့ မဟုတ်ပါဘူး”


ယင်းချန်းက လုံခြုံရေး၏အားပေးစကားကိုကြားသောအခါ ကျယ်လောင်စွာပြောလိုက်သည်။ 


“မင်းတို့အားလုံး နားလည်ကြတယ်မလား ဒီခွေးကောင်လေးက @#@#”


အမျိုးသမီးရဲဝန်ထမ်းက ယင်းချန်းကိုပြောလိုက်သည်။ 


“ဖခင်ဖြစ်ကြောင်း စစ်ဆေးမှုရလဒ်ကို ကျွန်မကြည့်ပါရစေ”


ယင်းချန်းက အော်လိုက်သည်။ 


“ငါ့ကိုလွှတ်”


ရဲဝန်ထမ်းက ပြောသည်။ “စိတ်ငြိမ်ငြိမ်ထားပါ”


“ကောင်းပြီ ကောင်းပြီ သိပြီ” ယင်းချန်းက ဆက်ပြောလိုက်သည်။ 


“မင်းတို့ အဲဒီခွေးကောင်လေးကို ခေါ်သွားပြီး အကျဉ်းချထားလိုက် ငါဂရုစိုက်ခဲ့တာတွေအားလုံးအတွက် သူ့ကို သေဒဏ်ပေးလိုက် သူရော ကျိုးကျွမ်ရော နှစ်ယောက်လုံး သောက် @#@#”


သူက ကော်ဖီစားပွဲရှိရာကို ယိမ်းထိုးသွားလိုက်ပြီး အရှုပ်များကြားကို မွှေနှောက်ရှာလိုက်သော်လည်း ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုလက်မှတ်ကို မတွေ့ပေ။ 


“ဘယ်ရောက်သွားတာလဲ”


တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် ယင်းမင်ကျန်းက ရုတ်တရက် အရှေ့သို့လှမ်းလာပြီး တွန့်ကြေနေသောစာရွက်ကို အမျိုးသမီးရဲဝန်ထမ်းဆီသို့ ကမ်းပေးလိုက်သည်။ 


“ဒီမှာ”


အမျိုးသမီး ရဲဝန်ထမ်းက မိတ္တူကိုကြည့်၍ ပြောလိုက်သည်။ 


“ဒါက မိတ္တူပဲရှိသေးတာ မူရင်းကရော ဘယ်မှာလဲ”


“မရှိဘူး” ယင်းချန်းက အော်ပြောလိုက်သည်။


ယင်းမင်ကျန်းက ပြောသည်။ 


“တစ်ယောက်ယောက်က အဲဒီစာရွက်ကို ကျွန်တော်တို့တံခါးရှေ့မှာ လာထားသွားတာ”


အမျိုးသမီး ရဲဝန်ထမ်းက ပြောလိုက်သည်။ 


“ကျွန်မတို့ ဒီနားကိုသွားကြည့်ပြီး သဲလွန်စရှိမလား ရှာကြည့်ပေးမယ်”


ရှုနဉ်က မူရင်းစာရွက်ကို လျှောက်လမ်းပေါ်တွင် တိတ်တဆိတ်ပစ်ချထားပြီး ထွက်ပြေးလာလိုက်သည်။


သူက ဒီတိုင်း သူတို့ဘယ်လိုဆုံးဖြတ်ပြီး ကိုင်တွယ်ကြမလဲဆိုတာကို စောင့်ကြည့်မည်သာဖြစ်သည်။