အပိုင်း ၂၂
Viewers 9k

Chapter 22

ကျိုးကျွမ် အရိုက်ခံရပြီ



အမျိုးသမီးရဲဝန်ထမ်းက တိုက်ခန်းထဲမှထွက်လာပြီး‌ လျှောက်လမ်းပေါ်ရှိ စာရွက်စာတမ်းထည့်ထားသောအိတ်ကို တွေ့သွားသည်။ သူမက လျင်မြန်စွာဖြင့် ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို တွေ့ရှိကာ ကြည့်ရှုစစ်ဆေးလိုက်သည်။


အမျိုးသမီး ရဲဝန်ထမ်းက တိုက်ခန်းထဲသို့ မူရင်းစာရွက်ကိုကိုင်၍ ပြန်ဝင်လာပြီး ယင်းချန်းနှင့် ယင်းမင်ကျန်းကို ပြောလိုက်သည်။ 


“မူရင်းစာရွက်ကို ကျွန်မ ကြည့်ပြီးပြီ ဒီမှာ တံဆိပ်တုံးလည်း ထုထားတယ် ဆက်သွယ်ရမယ့်အချက်အလက်တွေလည်းပါတယ် မေးချင်တာရှိရင် သူတို့ကိုဖုန်းဆက်ပြီး မေးလို့ရတယ်”


“ရှင်တို့ အကြမ်းဖက်ပြီး လက်ပါလို့မရဘူး ဒါက ကျွန်မတို့ ဝင်စွက်ဖက်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူး အမျိုးသမီးဖြစ်သူနဲ့ ပြောကြည့်တာ ပိုကောင်းပါတယ်”


ယင်းချန်းက အမြင်မှန်ရသွားသည့်ပုံစံဖြစ်နေသည်။ သူက လျင်မြန်စွာဖြင့် ဖုန်းကိုထုတ်ကာ ကျိုးကျွမ်ကို ခေါ်လိုက်သည်။


ကျိုးကျွမ်က ဖုန်းမကိုင်ပေ။ ယင်းချန်းးက စိတ်တိုတိုဖြင့် ကော်ဖီစားပွဲကို ကန်လိုက်သည်။ သူက ချက်ချင်းနာကျင်မှုကြောင့် အော်ဟစ်ပြီး ဆိုဖာပေါ်လဲကျသွားသည်။ သူ့ပုံစံက အားအင်များ ပြတ်လပ်သွားပုံရ၏။


အခန်းထဲရှိ လုံခြုံရေးနှင့် ရဲဝန်ထမ်းများက မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ ယင်းချန်းက သူတို့အတွက် အနည်းငယ်ကြောက်ရွံ့စရာကောင်းသော်လည်း ခေါင်းစားစေလောက်သည့်လူသာဖြစ်သည်။ ယခုတော့ မည်သို့ပင်ဆိုစေကာမူ သူ့ပုံစံက အနည်းငယ် သနားချင့်စဖွယ်ကောင်းပြီး ရယ်စရာလည်းကောင်းနေသည်ဟု ခံစားမိ၏။


သူတို့က တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါပြီး အခန်းထဲမှထွက်လာရုံသာတတ်နိုင်သည်။ ယင်းမင်ကျန်းက ယင်းချန်း၏ သားအရင်းမဟုတ်ကြောင်း ကောလဟာလသည် တိုက်ခန်းတွင် ပျံ့နှံ့သွားပြီး မကြာမီတွင် ရပ်ကွက်တစ်ခုလုံးသိရှိသွားကြသည်။


တစ်စုံတစ်ယောက်က ရပ်ကွက်၏ group chat ထဲတွင် သတင်းကို ဖြန့်လိုက်သည်။ သူတို့က အခန်းနံပါတ် ၄၀၄ တွင် ရန်ဖြစ်ခဲ့ကြောင်းကိုပြောလိုက်သည်။


[ယင်းချန်းတို့မိသားစုလား သူတို့ထပ်ပြီး ရန်ဖြစ်နေကြပြန်ပြီလား] 


[သူတို့မိသားစုက အမြဲတမ်းရန်ဖြစ်နေကြတာပဲ ပြီးတော့ သူတို့က ရန်ဖြစ်ရင် ပစ္စည်းတွေလည်း ပစ်ပေါက်ကြသေးတယ် တစ်ခါတုန်းက ငါတောင်မှ ခေါင်းကိုထိမိတော့မလို့]


[ယင်းချန်းက လူမဟုတ်ဘူး သူက အမြဲတမ်း သူ့မိန်းမနဲ့ သူ့ကလေးကို ကိစ္စအသေးအဖွဲလေးလိုမျိုးတွေမှာတောင်မှ ရိုက်နှက်နေတာ]


[ဒီတစ်ခေါက်တော့ ယင်းချန်းကို တကယ် အပြစ်မတင်နိုင်တော့ဘူး သူ့မိန်းမက သူ့ကို ဖောက်ပြန်ခဲ့တာလို့ကြားတယ် သူ့သားကတောင်မှ သားအရင်းမဟုတ်ဘူးတဲ့]


[ဟယ် တကယ်ကြီးလား]


[*ရုပ်ပုံလေးများ*]


မစ္စချိုက်က ဆိုဖာပေါ်တွင်ထိုင်၍ ဖုန်းပွတ်နေသည်။ ရပ်ကွက်၏ group chat က ပေါ်လာသည်ကိုတွေ့သောအခါတွင် သူမလည်း လျင်မြန်စွာနှင့် ဘာတွေဖြစ်နေလဲဆိုတာကိုကြည့်လိုက်သည်။ သတင်းကိုတွေ့သောအခါ သူမက ထိတ်လန့်သွားရ၏။ သူမက ပါးစပ်ပိတ်၍ အံ့အားသင့်နေသည်။ 


“ဘုရားရေ”


ရှုနဉ်က အိမ်ပြန်လာလာပြီး သူမအော်သည်ကိုကြားသောအခါတွင် သူက မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ မာမား” 


“ယင်းမင်ကျန်းက ယင်းချန်းရဲ့သားမဟုတ်ဘူးတဲ့” 


မစ္စချိုက်က စိတ်လှုပ်ရှားစွာနှင့် အတင်းပြောလိုက်သည်။


ရှုနဉ်က အံ့အားသင့်သလိုဟန်ဆောင်လိုက်၏။ 


“ဘာ...တကယ်ကြီးလား”


“တကယ်တဲ့ ဖခင်ဖြစ်ကြောင်း စစ်ဆေးမှုရလဒ်တောင်ပါသေးတယ်တဲ့”


ရှုနဉ်က ဝေဖန်ပြောဆိုလိုက်သည်။ 


“ဒါဆို သက်သေက ခိုင်မာတာပဲ”


မစ္စချိုက်က သဘောတွေ့စွာနှင့် အတင်းပြောနေသည်။ 


“အခန်းနံပါတ် ၄၀၄ က အခုပဲ ရန်ဖြစ်နေကြတာ ကြည့်ရတာ ယင်းချန်းက ယင်းမင်ကျန်းက သူ့သားအရင်းမဟုတ်တာကိုသိသွားတာထင်တယ် ကျိုးကျွမ်ကလည်း ပြန်မလာသေးဘူး ကျိုးကျွမ် ပြန်မလာမချင်း ငါတို့အမှန်တရားကို မသိနိုင်ဘူးလေ”


ရှုနဉ်က ပြန်ပြောလိုက်သည်။ 


“အိုး”


မစ္စချိုက်က ဆက်ပြောသည်။ 


“မာမားလည်း ထူးဆန်းတယ်လို့တော့ထင်တယ် ယင်းမင်ကျန်းက အရမ်းချောပြီးတော့ ကျိုးကျွမ်နဲ့လည်းမတူသလို ယင်းချန်းနဲ့လည်း လုံးဝ မတူဘူး သူ့သားအရင်းမဟုတ်ဘူးလို့ပြောလာရင်တော့ ယုံမိမှာပဲ”


ရှုနဉ်က တွေးလိုက်သည်။ 


ဒါပေါ့ သူက ဘယ်တူမလဲ ငါ့ရဲ့ဗီလိန်လေးက ဝေ့မိသားစုရဲ့ကလေးပဲဟာကို…


မိန်းမဖြစ်သူက လင်ယောက်ျားအား ဖောက်ပြန်ခြင်းနှင့်ပက်သက်သည့် အတင်းအဖျင်းစကားကိုကြားရခြင်းလောက် ကမ္ဘာပေါ်တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးပင်မရှိ။ ယင်းမိသားစုသည် ရပ်ကွက်ထဲတွင် လူသိများကြပြီး အလွန်နာမည်ကြီးကြသည့်အတွက် အားလုံးက သူတို့သတင်းကို ကြားဖူးကြသည်။


တခြားရပ်ကွက်မှနေထိုင်သူကလည်း ထိုသတင်းကိုကြားသိခဲ့ပြီး သူ့မိသားစုကိုပြန်ပြောကြသည်။ ထို့နောက် သူတို့ကလေးများက ကြားသိသွားကြပြီး ရလဒ်အနေဖြင့် လုံပန်းရှန်အလယ်တန်းကျောင်းကလည်း သိသွားကြ၏။


လုံချောင်းက ရှုနဉ်ကို ဖုန်းခေါ်လိုက်သည်။ 


“ရှုကော ရှုကော သိပြီးပြီလား ယင်းမင်ကျန်းက ယင်းချန်းရဲ့သားအရင်းမဟုတ်ဘူးတဲ့”


ရှုနဉ် - “ငါ့အမေပြောတယ်”


လုံချောင်း - “ချီးပဲ ချီးပဲ ချီးပဲ”


ရှုနဉ် - “မင်းစကားပြောဆင်ခြင်စမ်းပါ”


လုံချောင်းက သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန်ကြိုးစားလိုက်သည်။ 


“ဒါဆို ယင်းမင်ကျန်းရဲ့အဖေအရင်းက ဘယ်သူလဲ ကျိုးကျွမ်က ဒီလိုလုပ်ရဲမယ်လို့တော့ ငါမထင်ပါဘူး နေ့တိုင်းအရိုက်ခံနေရတာကို ဖောက်ပြန်ဖို့ သတ္တိရှိသေးလို့လား”


ရှုနဉ်က သူ့ဘာသာမရယ်ချင်ဘဲ ရယ်လိုက်မိသည်။


လုံချောင်းက တတွတ်တွတ်ပြောသည်။ 


“မဟုတ်ဘူး အဲဒါ အမှန်မဟုတ်ဘူး ငါသာ နေ့တိုင်းအရိုက်ခံရရင် ငါလည်း ဖောက်ပြန်မိမှာပဲ ဟေး ကျိုးကျွမ်က ယင်းချန်းကို လက်စားချေဖို့‌ ဖောက်ပြန်မယ်ထင်လား သူက အမြဲရိုက်နှက်နေတာလေ အဲဒီတော့ သူ့ကို မကောင်းတဲ့ကလေးပြန်ပေးပြီး လက်တုံ့ပြန်တာများလား”


ရှုနဉ်၏မျက်နှာက လေးနက်လာသည်။ 


“မင်းပြောတာကို ဆင်ခြင် ငါတို့အားလုံးက အတန်းဖော်တွေလေ သူ့ကို အဲဒီလိုမခေါ်ပါနဲ့”


“ဟူး တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဒီတိုင်း… ငါပြောချင်တာကို သိတယ်မလား”


“သိပါတယ်”


နှစ်ယောက်သားက ဆက်လက်၍ စကားပြောနေကြသည်။


ပိတ်ရက်ပင်ဖြစ်၏။ အားလုံးက တက်ကြွခြင်းမရှိကြသလိူ ဘာမှကောင်းကောင်းလုပ်စရာမရှိပေ။ ကျိုးကျွမ် အိမ်ပြန်လာလျှင် ဘာဖြစ်မလဲဆိုတာကို အားလုံးက စောင့်နေကြသည်။


ထိုအချိန်တွင် ကျိုးကျွမ်က သူမနေထိုင်ရာရပ်ကွက်ထဲသို့ ပြန်လာခဲ့သည်။ သူမက ဖြစ်ပျက်ခဲ့သည်များကို အခုထိ မသိသေးချေ။



ကျိုးကျွမ် ရပ်ကွက်ထဲသို့ ပြန်လာသောအခါ လူများက သူမကို ထူးဆန်းစွာကြည့်နေကြကြောင်း သတိပြုမိလိုက်သည်။ ထိုအကြည့်များက သူမကို စိတ်မသက်မသာဖြစ်စေ၏။


သူမ အမြန်အိမ်ပြန်သွားလိုက်သည်။ သူမက အနက်ရောင် ချည်ထည်အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး အနက်ရောင်မိန်းမဝတ် ဘောင်းဘီကျပ်ကို ဝတ်ဆင်ထားသည်။ အိုဟောင်းပြီး နွမ်းပါးနေသော်လည်း ညစ်ပတ်ပြီး နေရာတကျမရှိဖြစ်နေခြင်းမဟုတ်ပေ။


ကျိုးကျွမ်က အလွန်ထူးဆန်းနေသလို ခံစားရ၏။


လူတစ်ယောက်တည်းကသာ သူမကို ထူးထူးဆန်းဆန်းကြည့်နေလျှင် စိတ်ထဲထားမိမည်မဟုတ်ချေ။ သို့သော်လည်း အားလုံးက သူမကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြ၏။ ကျိုးကျွမ်က လုံးဝ ခေါင်းရှုပ်သွားရသည်။


“ကျိုးကျွမ်” ကလေးလက်တွန်းလှည်းဖြင့်ရောက်လာသော ဆံပင်ဖြူနေသည့်အဘွားက သူမကို နှုတ်ဆက်လာသည်။ 


“ဟိုင်း” ကျိုးကျွမ်က ခေါင်းညိတ်ပြလိုက်သည်။


“မင်းမြန်မြန်အိမ်ပြန်တာ ကောင်းလိမ့်မယ်” အဘွားက သူမကို ပါးနပ်စွာဖြင့် အရိပ်အယောင်ပြောလိုက်သည်။ သူမ၏မျက်ဝန်းများကလည်း သိချင်စိတ်များဖြင့် ဖုံးလွှမ်းနေ၏။


မြန်မြန်အိမ်ပြန်ရမယ်တဲ့လား…


ယင်းချန်းက ပြဿနာထပ်ရှာပြန်ပြီလား။


ဒါမှမဟုတ် ယင်းချန်းက ယင်းမင်ကျန်းနဲ့ထပ်ပြီး ရန်ဖြစ်ပြန်ပြီလား။


“အိမ်မှာ တစ်ခုခုဖြစ်ပြန်ပြီလား” ကျိုးကျွမ်က မေးလိုက်သည်။


အဘွားက ပြောသည်။ “ဟုတ်တယ် ယင်းချန်းနဲ့ ယင်းမင်ကျန်းက ရန်ဖြစ်ကြတာ”


ကျိုးကျွမ်က စိတ်သက်သာရာဖြင့် သက်ပြင်းချလိုက်သည်။ ထိုကိစ္စရပ်က သူမနှင့် ဘာမှမဆိုင်ပေ။ သူမက အဘွားကို အိမ်မြန်မြန်ပြန်မည်ဟု ပြောပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။


သူမ လမ်းလျှောက်နေရင်းနှင့် ထပ်ပြီး စိတ်ရှုပ်ထွေးလာခဲ့သည်။ သူတို့မိသားစုက အချိန်တိုင်းရန်ဖြစ်နေကြပြီး ရပ်ကွက်ထဲက လူများက နေသားကျနေသည်မှာ အချိန်ကြာပြီပင်ဖြစ်၏။ 


သို့သော်လည်း သူတို့ပုံစံက ဒီနေ့ သူမမိသားစု၏အခြေအနေကို စိတ်ဝင်စားနေကြပုံပေါ်သည်။ မူမမှန်တာတစ်ခုခုများ ဖြစ်ခဲ့လို့လား။


“သူ့ကို အဲဒီလိုလူမျိုးမှန်း မထင်ထားဘူး ကြည့်ရတာတော့ သူတခြားသူနဲ့စေ့စပ်ထားတာထင်တယ်…”


“ဟုတ်တယ် သူ့ကို တကယ် အဲဒီလိုမှန်းမထင်ထားခဲ့ဘူး”


အဘွားနှင့် တခြားလူများ၏ စကားသံများက သူမ၏နောက်ကွယ်မှပေါ်လာခဲ့သည်။ သူတို့အသံတွင် အထင်သေးခြင်းများက နေရောင်သကဲ့သို့ ကြည်လင်နေ၏။


ကျိုးကျွမ်က ထိတ်လန့်သွားပြီး အဘွားကို လှည့်ကြည့်လိုက်မိသည်။ အဘွားက သူမကြည့်နေမှန်းသိသောအခါ လျင်မြန်စွာ ပါးစပ်ပိတ်လိုက်ပြီး ဆက်လျှောက်သွားသည်။


ကျိုးကျွမ်က ပို၍ပို၍ ပျာယာခတ်လာသည်။ ထိုစကားလုံးများက ဘယ်သူ့ကို ရည်ညွှန်းတာလဲ။


သူမကို ရည်ညွှန်းပြောဆိုခြင်းများလား။


တခြားသူဆိုတာရော ဘယ်သူများလဲ။


သူမက ဘယ်သူနဲ့မှ စေ့စပ်ခဲ့ခြင်းမရှိချေ။


သူတို့ တစ်ခုခုကိုများ နားလည်မှုလွဲနေကြတာလား။


သူမက အဆောက်အအုံ ၃ ထဲသို့ဝင်၍ ဓာတ်လှေကားဖြင့် ၄ လွှာကို တက်သွားလိုက်သည်။ သူမ ဓာတ်လှေကားစောင့်နေစဉ်တွင် များစွာသောအိမ်နီးချင်းများက လျှပ်တစ်ပြက် လှမ်းကြည့်နေကြသည်။ သူမကို ထူးဆန်းသောအကြည့်များဖြင့်ကြည့်ကြရင်းနှင့် နှုတ်ဆက်ကြလေသည်။


ကျိုးကျွမ်က ပိုပို၍ ကြောက်ရွံ့လာသည်။ သူမက ခေါင်းငုံ့ပြီး ဓာတ်လှေကား၏ထောင့်နေရာတွင် ခန္ဓာကိုယ်ကို ကျုံ့ထားလျက်နေလိုက်သည်။ သူမက လေးလွှာကို ရောက်သည်နှင့် လျင်မြန်စွာ ထွက်သွားတော့သည်။


အခန်းနံပါတ် ၄၀၄ ကို သူမရောက်သောအခါ တံခါးက ဖွင့်ထားလျက်ရှိ၏။ ဘယ်သူမှ တံခါးမပိတ်ကြပေ။


သူမ ဝင်ပြီးသွားသည်နှင့် တံခါးကိုပိတ်လိုက်လေသည်။ သူမအထဲရောက်သည်နှင့် ပို၍ စိတ်သက်သာရာရသွားသလို ခံစားရသည်။


ဧည့်ခန်းက ရှုပ်ပွနေလေ၏။ မှန်ကွဲစများက နေရာတိုင်းတွင်ရှိနေပြီး ကုလားထိုင်များက မှောက်ခုံဖြစ်ကာ ကော်ဖီစားပွဲကလည်း ဘေးသို့ ကန်ချခံထားရသည်။ ပစ္စည်းများအားလုံးက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။


သူတို့၏ဖြစ်နေကျတိုက်ပွဲက ဒီနေ့တော့ ပြင်းထန်သည့်ပုံပေါ်သည်။


ထင်ထားသည့်အတိုင်း ယင်းချန်းနှင့် ယင်းမင်ကျန်းက ရန်ဖြစ်ထားကြခြင်းဖြစ်သည်။


အရင်တုန်းကတော့ ပရိဘောဂပစ္စည်းများကို မပျက်စီးစေရန် ဂရုစိုက်ခဲ့ကြသည်။ သို့သော်လည်း ဒီနေ့မှာတော့ ဂရုမစိုက်ကြတော့သည့်ပုံပေါ်သည်။ ပကတိအတိုင်းရှိနေသည့်ပစ္စည်းဆိုလို့ တစ်ခုမှမရှိပေ။


ယင်းမင်ကျန်းက ထိုင်ခုံပေါ်တွင်ထိုင်နေသည်။ ထိုင်ခုံအနောက်က တံခါးနှင့်မျက်နှာချင်းဆိုင်လျက်ရှိပြီး ခေါင်းကို ထိုင်ခုံအနောက်တွင်မှီထားသည်။ သူက ပြုံးနေသော်လည်း မျက်နှာပေါ်တွင် ဒဏ်ရာများစွာရှိနေသည်။ သူက တော်တော်လေးပျော်နေပုံရ၏။ တစ်ဖက်တွင်တော့ ယင်းချန်းက ဆိုဖာပေါ်တွင် ချည့်နဲ့စွာနှင့် လဲလျောင်းနေသည်။ သူ့မျက်ဝန်းများက ကျိုးကျွမ်ကိုကြည့်နေချိန်တွင် သူ့မျက်ဝန်းထဲမှအကြည့်က ကြောက်မက်ဖွယ်ကောင်း၏။


“ဘာဖြစ်တာလဲ ဘာ-ဘာလို့ နှစ်ယောက်သား ရန်ဖြစ်ကြတာလဲ” ကျိုးကျွမ်က ယင်းမင်ကျန်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ ယင်းချန်းကိုတော့ မမေးဝံ့ပေ။


ယင်းမင်ကျန်းက ရွှင်ပျစွာဖြင့်ခေါ်လာသည်။ 


“မား”


ကျိုးကျွမ်က မေးလိုက်သည်။ 


“မင်ကျန်း ပါပါးကို စိတ်ဆိုးအောင်လုပ်ပြန်ပြီလား”


ယင်းမင်ကျန်းက ပြုံးရယ်ကာ ဘဝင်ခိုက်စွာဖြင့် ပြောလိုက်သည်။


“အဲဒီလိုပြောလည်း ရမယ်လို့ထင်တာပဲ”


သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အမူအရာများရှိနေသည်။


ကျိုးကျွမ်က စိတ်ပျက်အံ့အားသင့်သွားရသည်။ သူမက ယင်းချန်းကိုကြည့်လိုက်သောအခါတွင် ယင်းချန်း၏ ရက်စက်သောအကြည့်များဖြင့် ကြုံလိုက်ရသည်။ သူ့မျက်ဝန်းများက ဆာလောင်နေသော ဝံပုလွေနှင့်တူနေပြီး သူမကို ခုန်အုပ်ပြီး တစ်စစီ ဆုတ်ဖြဲပစ်ချင်နေသည့်ပုံပေါ်နေ၏။


ကျိုးကျွမ်က ထိတ်လန့်သွားပြီး လျင်မြန်စွာမေးလိုက်သည်။ 


“ယင်းချန်း ရှင့်ကို ယင်းမင်ကျန်းက ဘာစိတ်ဆိုးအောင်လုပ်လို့လဲ”


ယင်းချန်းက ရုတ်တရက် ဆိုဖာပေါ်ကနေ ယုန်တစ်ကောင်ကဲ့သို့ ခုန်ပေါက်ထလာ၏။ သူက ကျိုးကျွမ်ဆီကို ခြေလှမ်းအနည်းငယ်နှင့် လျင်မြန်စွာသွားလိုက်သည်။ ထို့နောက် သူမဆံပင်ကိုဆွဲ၍ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။ 


“မင်းခွေးမ @#@#”


“အား” ကျိုးကျွမ်က အသည်းအသန်ရုန်းကန်နေရင်း အော်ဟစ်တော့သည်။


ယင်းမင်ကျန်းက ထိုင်ခုံပေါ်မှထလာပြီး ယင်းချန်းကိုတားရန် ခြေလှမ်းလိုက်သည်။ 


“သွားစမ်း ကျွန်တော့်အမေကို မရိုက်နဲ့”


နှစ်ယောက်သားက စတင်၍ ရန်ပွဲဖြစ်ကြလေတော့သည်။ ကျိုးကျွမ်က ကြောက်ရွံ့မှုဖြင့် ဘေးဘက်တွင် ပုန်းနေ၏။ သူမ၏ ဆံပင်များက ရှုပ်ပွနေပြီး နှုတ်ခမ်းထောင့်ကလည်း သွေးထွက်နေသည်။


“ခွေးမ ငါ့ကို ဘယ်လိုတောင် လှည့်စားရက်တာလဲ မင်းခွေးမ” 


ယင်းချန်းက ယင်းမင်ကျန်း၏ ဆုပ်ကိုင်ထားမှုမှ လွတ်၍ ကျိုးကျွမ်ဆီသို့ လျင်မြန်စွာ ဦးတည်လာသည်။ သူမ၏ခေါင်းကိုကိုင်၍ နံရံနှင့် ရိုက်ဆောင့်လိုက်သည်။ 


သူက အားအများကြီးသုံးထားခြင်းဖြစ်၏။ သဲသဲကွဲကွဲ မကြားရသော ထုနှက်သံများရှိနေသည်။ ထို့နောက် ကျိုးကျွမ်၏ ဦးရေပြားက စတင်၍ သွေးထွက်လာတော့သည်။


ယင်းချန်း၏မျက်ဝန်းများက ပြူးကျယ်သွားပြီး နားထင်သွေးကြောများက ဖောင်းကြွလာသည်။ လည်ပင်းပေါ်ရှိသွေးကြောများက ပွင့်ထွက်လာခဲ့၏။ သူက အလွန်အမင်း ဒေါသထွက်နေခြင်းဖြစ်သည်။


“အား” ကျိုးကျွမ်က စတင်၍ ရုန်းကန်တော့သည်။


“ခွေးမ မင်းငါ့ကိုလှည့်စားလို့ ဒီလိုပြန်ခံရတာ ဒါပြန်ခံရတာပဲ” 


ယင်းချန်းက သူမကိုဆွဲ၍ ဆက်ပြီး နံရံနှင့် ဆောင့်ရိုက်ချလိုက်သည်။ သူ့ပုံစံက လုံးဝ စိတ်လွတ်နေသည့်ပုံပေါ်သည်။ အကြောင်းပြချက် တစ်ခုမှမရှိဘဲနှင့် ပေါက်ကွဲနေသလိုပင်။


“ကျွန်မ မလုပ်ခဲ့ပါဘူး ကျွန်မ မလုပ်ခဲ့ပါဘူး” ကျိုးကျွမ်က ငိုကြွေးနေသည်။


“မာမား” ယင်းမင်ကျန်းက သူမဆီကိုပြေးသွားပြီး ယင်းချန်းကို အဝေးသို့တွန်းပို့လိုက်ကာ ယင်းချန်းကို တံခါးနှင့် ခလုတ်တိုက်မိအောင် အားဖြင့် တွန်းချလိုက်သည်။


ယင်းမင်ကျန်းက ကျိုးကျွမ်ကို ကူ၍ ထစေလိုက်သည်။ စိုးရိမ်မှုဖြင့် သူမကိုမေးလိုက်၏။ 


“မာမား အဆင်ပြေရဲ့လား”


ကျိုးကျွမ်၏ ဦးခေါင်းက အဆက်မပြတ် သွေးထွက်နေသည့်အတွက် အသိစိတ်က အနည်းငယ် လွတ်နေသည်။


“မား”


“ကျိုးကျွမ် ငါ့ကို အခုပြော ယင်းမင်ကျန်းက ဘယ်သူ့ကလေးလဲ”


ယင်းချန်းက ယိမ်းထိုးသွားပြီး သူမကို စိတ်တိုတိုဖြင့် စိစစ်မေးတော့သည်။ သူက ဖခင်ဖြစ်ကြောင်း စစ်ဆေးမှုရလဒ်ကို ကျိုးကျွမ်ရှေ့သို့ ပစ်ချပြလိုက်သည်။


ကျိုးကျွမ်၏ မျက်ဝန်းများက ပြူးကျယ်သွားရ၏။ သူမက မျက်နှာပေါ်က သွေးများကိုသုတ်၍ ယင်းချန်း၏လက်ထဲမှ စစ်ဆေးမှုရလဒ်ကို လှမ်းယူရန် လက်ကမ်းလိုက်သည်။ လက်မှတ်ပေါ်တွင်ရေးထားသောစာများကို သူမဖတ်နေစဉ်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လာခဲ့သည်။


“မဟုတ်ဘူး… အဲဒီလိုမဟုတ်ဘူး…” သူမက ကြောက်ရွံ့ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါနေသည်။


“မဟုတ်ဘူးတဲ့လား”


ရှုနဉ်က ယင်းမင်ကျန်းအတွက်ဝယ်ပေးခဲ့သည့် အပြာရောင်ဂျာကင်ကို ယင်းချန်းက ဝတ်ဆင်ထားဆဲဖြစ်သည်။ သူက သူမကိုလက်ညှိုးညွှန်ပြပြီး တံတွေးထွေးလိုက်သည်။ 


“ဒါဆို မင်းမှာ နောက်ထပ်စစ်ဆေးဖို့ရှိသေးလား”


“မဟုတ်ဘူး မဟုတ်ဘူး” ကျိုးကျွမ်က လျင်မြန်စွာဖြင့် သူ့ဆီသွားပြီး ခြေထောက်ဖက်လိုက်သည်။ 


“ယင်းချန်း ကျွန်မရှင့်ကို မလှည့်စားခဲ့ပါဘူး တကယ်မလုပ်ခဲ့ပါဘူး ကျေးဇူးပြုပြီး ယုံပေးပါ”


“သွားစမ်း” ယင်းချန်းက သူမကို ဆောင့်ကန်ချလိုက်သည်။ 


“မင်းငါ့နောက်ကွယ်ကနေ တခြားကောင်နဲ့ ဘယ်လိုတောင် ဖောက်ပြန်ရဲတာလဲ ယင်းမင်ကျန်းက အမြဲတမ်း ငါ့သားမဟုတ်ဘူးလို့ ထင်နေခဲ့တာ အခုတော့ အားလုံးသိသွားကြပြီ ငါပဲမသိခဲ့တာ သေစမ်း မင်းဝန်မခံချင်ရင် ငါတို့ နောက်တစ်ခေါက် သွားစစ်လို့ရတယ်”


ယင်းချန်းက ရက်စက်ကြမ်းကြုတ်စွာဖြင့် အော်ဆဲလိုက်သည်။


ယင်းမင်ကျန်းက အလွန်လှပနေ၏။ သူ့ခန္ဓာကိုယ်မှ မျက်နှာအစိတ်အပိုင်းများထိ မည်သည့်အရာတစ်ခုကမှ သူနှင့်မတူချေ။ သူ၏အလွန်လှပသည့်ပုံစံက ယင်းချန်းကို ယင်းမင်ကျန်းက သူ့အသားအရင်းမဟုတ်မှန်း သံသယဝင်စေသည်။ သို့သော်လည်း ကျိုးကျွမ်က ဒီလိုမျိုးလုပ်လိမ့်မည်မဟုတ်ကြောင်းကိုလည်း ခံစားမိသဖြင့် တစ်ခါမှထုတ်မမေးခဲ့ချေ။


ယခုတော့ သူမှားသွားခဲ့ပြီဖြစ်သည်။ ယုံကြည်မှုလွန်သွားတာကြောင့် မှားယွင်းသွားခြင်းပင်ဖြစ်ပေ၏။


ကျိုးကျွမ်က မျက်ရည်များလျှံကျနေသည်။


ယင်းမင်ကျန်းက ယင်းချန်းဆီက ကာကွယ်ရန် ကျိုးကျွမ်အရှေ့တွင် လက်ဆန့်ထုတ်လိုက်သည်။ သူက တည်ကြည်လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။