အပိုင်း ၂၃
Viewers 11k

Chapter 23




“ယင်းချန်း ခင်ဗျား ကျွန်တော့်အမေကို နောက်တစ်ခေါက်ထပ်ရိုက်မယ်ဆိုရင် ခင်ဗျားကို ကျွန်တော် အလျှော့ပေးမှာမဟုတ်ဘူးနော်”


“ဘယ်ကလာမှန်းမသိတဲ့ခွေးကောင်က ငါ့ကို ခြိမ်းခြောက်ချင်နေတာလား” ယင်းချန်းက ယင်းမင်ကျန်းနှာခေါင်းကို သူ့လက်ညှိုးဖြင့်ထိုး၍ မျက်နှာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်သည့်အကြည့်က ရှိနေသည်။ 


“လာလေ အဲဒီလိုဆိုလည်း ငါ့ကို အလျှော့မပေးနဲ့ပေါ့ မင်းဘာလုပ်မှာလဲ ဟမ် ခွေးကောင်”


ယင်းမင်ကျန်းက သူ့ကို အေးစက်စွာဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည်။ ယခုတော့ ထိုလူနှင့် ဘာသွေးသားမှ ချည်နှောင်ထားခြင်းမရှိကြောင်းကို သိပြီးသည့်အတွက်ကြောင့် သူ့ကို နောက်ဆုတ်စေစရာ ဘာအကြောင်းမှ ထပ်မရှိတော့ပေ။ သူ့မျက်လုံးထဲတွင် ယင်းချန်းက သေသင့်တာကြာပြီဖြစ်သည့် ရုပ်ဆိုးသည့် ခွေးမသားကြီးသာဖြစ်ပေ၏။


ထိုကဲ့သို့သောကောင်းမွန်သည့်အရာများက သူ့ဆီတွင်ဖြစ်လာသည်ကို မယုံနိုင်လုနီးနီးပင်ဖြစ်ခဲ့သည်။ 


ထိုချီးထုပ်လူကြီးက သူ့အဖေမဟုတ်ဘူးတဲ့။


ထိုသည်က ရာစုနှစ်ပေါင်းများစွာတွင် သူကြားသိခဲ့ရသော အကောင်းမွန်ဆုံးသတင်းသာဖြစ်ပေသည်။


ယင်းချန်းက ရယ်လိုက်ပြီး “လာလေ သတ္တိမရှိဘူးလား ခွေးကောင်”


သူက ရောက်လာပြီး ကျိုးကျွမ်၏ဆံပင်ကို ထပ်ဆွဲပြန်သည်။ “ခွေးမ ငါမင်းကို ကိုယ်တုံးလုံးချွတ်ချပြီး သောက်လမ်းမပေါ်ကနေ ဆွဲခေါ်သွားပစ်မယ် အားလုံးကို မင်းက ဘယ်လိုမိန်းမပျက်လဲဆိုတာ သိစေရမယ်”


သူက ပြောနေရင်းနှင့် ကျိုးကျွမ်၏ အဝတ်အစားများကို စတင်ဆွဲချွတ်တော့သည်။


ကျိုးကျွမ်က ရုန်းကန်နေသည်။ 


“ယင်းချန်း ကျွန်မမလုပ်ခဲ့ဘူး ကျွန်မ ရှင့်ကို သစ္စာမဖောက်ခဲ့ပါဘူး ကျွန်မပြောတာကို နားထောင်ပါဦး”


သို့သော်လည်း ယင်းချန်းက ဒေါသများနှင့် မွှန်ထူနေခဲ့သည်။ သူမပြောတာကို လုံးဝ မကြားသလိုပင်ဖြစ်နေ၏။


ယင်းမင်ကျန်းက ကျိုးကျွမ်ကို ကာကွယ်ရန်ကြိုးစားသော်လည်း ယင်းချန်းက သူ့ကိုကော်လံကနေဆွဲပြီး ခေါင်းကိုဖိချကာ နံရံနှင့် ပစ်ဆောင့်လိုက်သည်။


သူက မျက်နှာပြင်ပေါ်သို့ ဝုန်းကနဲ ရိုက်မိသွားသည်။ ရိုက်ဆောင့်သည့်အသံက ဧည့်ခန်းထဲရှိ အပိုင်းအစများတစ်လျှောက်ကိုဖြတ်၍ ပဲ့တင်သံများ ဟိန်းသွားစေသည်။


ယင်းမင်ကျန်း၏ခေါင်းက စတင်၍ မူးနောက်လာခဲ့သည်။ သူ့ခေါင်းထဲက တစ်စုံတစ်ခုက စတင်တုန်လှုပ်ပြီး ဖောင်းပွသကဲ့သို့ဖြစ်လာသလို ခံစားလိုက်ရသည်။


ယခုတစ်ခေါက်ဖြစ်သည့် အကျိုးသက်ရောက်မှုက အရင်တစ်ခေါက်နှင့်မတူပေ။ အရင်က ခေါင်းထိခဲ့ဖူးသော်လည်း ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးချေ။ 


သူ့ရဲ့ ခန္ဓာကိုယ်ရှိအားများ အားလုံး လျော့ကျသွားပြီး သူ့ခေါင်းက မူးနောက်နေကာ မျက်ဝန်းများက မြေပြင်ပေါ် လဲကျမိချိန်တွင် မှုန်ဝါးဝါးဖြစ်နေခဲ့သည်။


ယင်းချန်း၏ပစ်မှတ်က ကျိုးကျွမ်ဖြစ်သည်။ သူမကို ထပ်၍ ဆွဲဖို့လက်လှမ်းလိုက်ပြန်သည်။


ယင်းချန်းက ကျိုးကျွမ်ကို ထပ်ရိုက်ဖို့ကြိုးစားနေသည်ကို မြင်သောအခါ ယင်းမင်ကျန်းက ခေါင်းခါ၍ ကြမ်းပြင်ပေါ်မှ တွားသွားပြီးထလာလေသည်။ သူက မီးဖိုခန်းထဲသို့ဝင်၍ ဓားကိုယူကာ ယင်းချန်း၏ ဦးတည်ရာကို လွှဲယမ်းနေလိုက်သည်။


“ထွက်သွား” ကျိုးကျွမ်က ယင်းချန်းကို ဘေးသို့ လျင်မြန်စွာ တွန်းလိုက်သည်။


ယင်းချန်းလည်း သေလောက်အောင် ကြောက်ရွံ့သွားသည်။ သူက ပြန်ထလာကာ အော်ဟစ်လိုက်သည်။ 


“မင်းရူးနေလား”


ယင်းမင်ကျန်းက ပြုံးရယ်လိုက်ပြီး ဝင်းလက်နေသည့် မီးဖိုချောင်သုံးဓားကို မြှင့်တင်လိုက်ချိန်တွင် သူ့မျက်ဝန်းများက ပကတိစိမ်းသက်နေခဲ့သည်။ 


“ယင်းချန်း ခင်ဗျားကိုမသတ်ခဲ့ရတဲ့အကြောင်းရင်းက ခင်ဗျားက ကျွန်တော့်အဖေဖြစ်နေလို့ပဲ ခင်ဗျားပြောလေ အခု ကျွန်တော် ခင်ဗျားကိုသတ်ဖို့ သတ္တိရှိပြီလို့ထင်လား”


ယင်းချန်းက အလွန်အမင်းကြောက်ရွံ့နေသည်။


ယင်းမင်ကျန်းက ဓားကို သူ့ဆီသို့ညွှန်လိုက်ပြီး “ကျွန်တော့်အမေရဲ့ခေါင်းပေါ်က ဆံပင်မွှေးတစ်မွှေးကို ထိရင်တောင်မှ ခင်ဗျားကို ကျွန်တော်သတ်မှာ”


ယင်းချန်းက ဒယီးဒယိုင်ဖြင့် အနောက်ပြန်ဆုတ်သွားလိုက်သည်။ သူ့ပုံစံက အလွန်အမင်း တွန့်ဆုတ်ကြောက်ရွံ့ပြီး သတ္တိနည်းနေခဲ့၏။


ယင်းမင်ကျန်းက ကျိုးကျွမ်ကို ကြမ်းပြင်ပေါ်မှထရန် ကူညီပေးလိုက်သည်။ 


“လာ မာမား ကျွန်တော် ဆေးရုံကိုပို့ပေးမယ်”


ကျိုးကျွမ်က ရုတ်တရက် သူ့ကိုတွန်း၍ အော်လိုက်သည်။ 


“သွားစမ်း ခွေးကောင် ထွက်သွား”


ယင်းမင်ကျန်းက လုံးဝ အံ့အားသင့်သွားရသည်။


ကျိုးကျွမ်က သူ့ကို ကြမ်းကြုတ်စွာဖြင့် စူးစူးစိုက်စိုက်ကြည့်နေပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ 


“ထွက်သွား”


ယင်းမင်ကျန်းက ဘာလုပ်ရမှန်း လုံးဝ မသိတော့ချေ။


သူက သူ့အဖေလို မကောင်းဆိုးဝါးခွေးလိုကောင်ကို မကြောက်ပေ။ ယင်းချန်းနှင့် ရန်ဖြစ်ရခြင်းကိုလည်း မကြောက်ပေ။ လှောင်ပြောင်သရော်ခံရပြီး ပစ်ပယ်ခြင်းခံရခြင်းမှလည်း မကြောက်ပေ။ သူ့အမေရှိနေသရွေ့ လုံလောက်ပြီသာဖြစ်၏။


အမေက သူ့အပေါ် အမြဲကောင်းပေးခဲ့သည်။ သူ့ကို တစ်ခါမှမရိုက်ခဲ့သလို ဆဲဆိုခြင်းလည်း မရှိခဲ့ပေ။


သူ့ကို နားလည်မှုလွဲပြီး စွပ်စွဲကာ မိမိကိုယ်တန်ဖိုးထားခြင်းမရှိဘဲထားခဲ့ပြီး အန္တရာယ်ကိုရင်ဆိုင်ရန် ထွက်ပြေးတတ်သော်လည်း… သူ့အမေသာဖြစ်ဆဲပင်။ သူမက သူ့ကိုကျောင်းထားပေးရန် အလုပ်ကြိုးစားပြီး ဖိနပ်အသစ်လည်းဝယ်ပေးကာ နွားနို့နှင့် ပေါင်မုန့်များကိုလည်း ဝယ်ပေးပြီး မုန့်ဖိုးလည်းပေးသည်။


သူ့အမေရှိနေသရွေ့ လုံလောက်ပြီသာဖြစ်ပေ၏။


သို့သော် အခုတော့ သူ့အမေက သူ့ကိုထွက်သွားဖို့ပြောနေသည်။ သူ့ကို ခွေးကောင်လို့တောင် ခေါ်နေ၏။


ကျိုးကျွမ်က မခံမရပ်နိုင်အောင် ခေါင်းကိုက်နေသည်။ ကိစ္စများကို ရှင်းရှင်းလင်းလင်းမလုပ်နိုင်လျှင် သူမ ဒီနေ့တွင်သေဆုံးခြင်းနှင့် အဆုံးသတ်သွားနိုင်သည်။ သူမက ချက်ချင်း ထရပ်လာပြီး ယင်းမင်ကျန်းကို တွန်းထုတ်လိုက်သည်။


ထိတ်လန့်သွားသည့် ယင်းမင်ကျန်းက မီးဖိုချောင်သုံးဓားလွတ်ကျသွားပြီး သူ့ခြေထောက်ကို ဖြတ်မိလုနီးပါးပင်ဖြစ်သွားသည်။


“မာမား…”


ကျိုးကျွမ်က သူ့ကို ခွန်အားများအားလုံးကို အသုံးပြု၍ တွန်းထုတ်ပစ်လိုက်သည်။ 


“ထွက်သွားစမ်းပါ ထွက်သွားလိုက်တော့”


ယင်းမင်ကျန်းကို တိုက်ထဲမှ တွန်းထုတ်ပြီးသည်နှင့် တံခါးကိုပိတ်၍ အသည်းအသန်လေရှုလိုက်ရသည်။


ယင်းချန်းက ထိုဖြစ်ရပ်ကြောင့် အံ့အားသင့်သွားရသည်။


ကျိုးကျွမ်က သူမမျက်နှာပေါ်က သွေးများကိုသုတ်လိုက်သည်။ သူက လျင်မြန်စွာဖြင့် ယင်းချန်းဆီသို့သွားကာ မီးဖိုခန်းထဲသို့ဆွဲခေါ်သွား၏။ 


“ယင်းချန်း ရှင်ကျွန်မပြောတာကို နားထောင်ပါ ကျွန်မပြောတာကို ရှင်ဘယ်သူ့ကိုမှသွားပြောလို့မရဘူးနော်”


ယင်းချန်းက သူ့မျက်နှာပေါ်က အမုန်းတရားကိုဖုံးကွယ်ရန်ပင် မကြိုးစားချေ။ 


“ပြော မင်းပြောတာကိုနားထောင်ပြီးမှ ငါဆုံးဖြတ်မယ်”


ကျိုးကျွမ်က အပြင်ကလူများက သူတို့ပြောတာကိုကြားရမည်မဟုတ်ကြောင်းခံစားမိသည့်အတွက် ပြောလိုက်သည်။ 


“ယင်းမင်ကျန်းက ရှင့်ကလေးလည်းမဟုတ်သလို ကျွန်မကလေးလည်းမဟုတ်ဘူး”


ယင်းချန်းက အံ့ဩသွားရသည်။ “ဘာ”


ကျိုးကျွမ်က ဆိုလိုက်သည်။ “သူက ဝေ့မိသားစုရဲ့ကလေးပဲ”


“ဝေ့မိသားစုဟုတ်လား” ယင်းချန်းက ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။ 


“ဝေ့မိသားစုဆိုတာ ဘာလဲ”


ကျိုးကျွမ်၏မျက်နှာက သွေးများနှင့် ဖုံးလွှမ်းနေခဲ့ပြီး မျက်ဝန်းများက ပိန်းပိတ်အောင်မှောင်မည်းနေကာ ဆံပင်များက ဖရိုဖရဲဖြစ်နေသည်။ သူမကို ဘယ်လိုပဲကြည့်ကြည့် မကောင်းဆိုးဝါးဝိညာဉ်နှင့်တူနေသည်။ ယင်းချန်းက သူ့လက်မောင်းပေါ်မှ ကျောချမ်းဖွယ်ရာခံစားချက်များကို ခံစားလိုက်ရသည်။


“ငါအဲဒီနှစ်မှာ ကလေးမွေးတုန်းက မသိမသာ ကလေးလဲလိုက်တာ”


“လဲတယ်… ကလေးကို ဟုတ်လား” ယင်းချန်း၏မေးရိုးများက တွဲကျသွားရသည်။


“အဲဒီတုန်းက ငါ့ဘေးက မိန်းမက ဝေ့မိသားစုကလေ ဝေ့မိသားစုလေ ဝေ့Groupကို ရှင်သိတယ်မလား အဲဒီဝေ့မိသားစုပဲ”


ယင်းချန်းက နောက်ပြန်ဆုတ်ပြီး အသက်ပြင်းပြင်းရှုလိုက်ရသည်။


ကျိုးကျွမ်က ဖြည်းဖြည်းချင်း အသေးစိတ်ပြန်ပြောပြသည်။ “သူက ကလေးမွေးပြီးသွားတော့ အိပ်ပျော်နေတာ ရှင်က အရက်တွေ အရမ်းသောက်ပြီးတော့ သောင်းကျန်းနေတာလေ ရှင်သောင်းကျန်းတာကို အခွင့်ကောင်းယူပြီး ဘယ်သူမှမသိအောင် ကလေးလဲလိုက်တာ”


“မင်း… ဘယ်လိုတောင်လဲ” ယင်းချန်းက ကျိုးကျွမ်ကို လက်ညှိုးထိုးပြီး ယုံရခက်နေသည်။


ကျိုးကျွမ်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ရှင်က အမြဲ ကျွန်မကိုရိုက်နေလို့လေ”


ကျိုးကျွမ်က ရုတ်တရက် အရှိန်အဟုန်ဖြင့် ပေါက်ကွဲတော့သည်။ သူမက ရှေ့တိုးလာပြီး ယင်းချန်းကို နောက်ဆုတ်စေကာ သူမ၏ခေါင်းကို ညွှန်ပြလိုက်သည်။ 


“အခု ကျွန်မ ဘယ်လောက်သွေးထွက်နေလဲတွေ့လား ရှင်တွေ့လား ကလေးကို ကောင်းကောင်းမရှင်သန်နိုင်မှာ ကျွန်မ ကြောက်နေခဲ့တာ ကျွန်မကလေးကို ကယ်တင်ချင်ခဲ့တယ် အဲဒါကြောင့် ကလေးလဲခဲ့တာ”


“ဒါဆို ငါတို့ကလေးက…” ယင်းချန်းက တွေဝေပြီး စိတ်ရှုပ်နေသည်။


“သူက ဝေ့မိသားစုနဲ့အတူရှိနေတာ သူအဆင်ပြေတယ်”


ကျိုးကျွမ်က သူမ၏ဖုန်းကိုထုတ်၍ ကင်မရာကိုဖွင့်နေချိန်တွင် တုန်ယင်နေခဲ့သည်။ 


“အွန်လိုင်းက ရှာတွေ့တဲ့ပုံတွေအားလုံးကို ကျွန်မသိမ်းထားတာ တွေ့လား ရှင်နဲ့တူတယ်မလား”


ယင်းချန်းက ဖုန်းကိုဆွဲယူလိုက်သည်။ သူက ကမန်းကတန်းနှင့် ဓာတ်ပုံများကိုကြည့်နေကာ အသက်ရှုသံများက ပို၍ပို၍ မြန်ဆန်လာခဲ့သည်။


ဖုန်းမှန်သားပြင်ပေါ်တွင် ပထမဆုံးမြင်ရသည့်ပုံက ကလေးငယ်လေးတစ်ယောက် မြင်းစီးဝတ်စုံနှင့် မြင်းစီးနေသည့်ပုံဖြစ်သည်။ ကလေးငယ်က အသက် ၅ နှစ် သို့မဟုတ် ၆ နှစ်လောက်ရှိသည်။ ဒုတိယပုံကတော့ ကလေးငယ်၏ နှင်းလျှောစီးနေသောပုံပင်ဖြစ်သည်။ ထိုကလေးငယ်က နှင်းလျှောစီးသည့် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားရှိပြီး အသက် ၇ နှစ် ၈ နှစ်လောက်ရှိသည်။ တတိယပုံကတော့ ကလေးငယ် ဆုရနေသည့်ပုံဖြစ်သည်။ ထိုပုံထဲတွင် သူ့အသက်က ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်လောက်ရှိပြီဖြစ်သည်။


ကလေးငယ်က ချောမောပြီး အလိုလိုက်ခံထားရပုံပေါ်ကာ ကောင်းမွန်စွာလည်း ဝတ်စားထား၏။ သူ၏ ပင်ကိုစရိုက်ကလည်း အလွန်ကောင်းမွန်သည့်ပုံပေါ်သည်။ သူ့ကို တစ်ချက်ကလေးကြည့်လိုက်ရုံနှင့် ချမ်းသာသည့်မိသားစုမှမွေးဖွားလာကြောင်းသိနိုင်သည်။ သို့သော်လည်း သူ့မျက်နှာက ယင်းချန်းနှင့် ၆ ပုံ ၅ ပုံလောက်တူသည်။


ဖခင်ဖြစ်ကြောင်းစစ်ဆေးရန်ပင်မလိုချေ။ သူတို့၏ ပုံစံအသွင်အပြင်ကိုကြည့်ရုံနှင့် အဖေနှင့်သားမှန်း တပ်အပ်ပြောနိုင်၏။


ယင်းချန်းက ပုံများကိုတွေ့ပြီးသည်နှင့် ကိစ္စရပ်၏အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံလာသည်။ ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုကိုစဉ်းစားမိ၍ သူ့မျက်ဝန်းများက ဝင်းလက်လာရ၏။


သူက ကျိုးကျွမ်ဘက်ကိုလှည့်ကြည့်ပြီး ရယ်မောလိုက်သည်။ “မင်းလို တုံးတဲ့မိန်းမက ဒီလိုညဏ်ကောင်းတဲ့လုပ်ရပ်မျိုး တစ်ခါတောင်လုပ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူးကွာ”


ကျိုးကျွမ်က သူမ၏ မူလရိုကျိုးသောပုံစံကို ပြန်လည်ရောက်ရှိသွားသည်။


ယင်းချန်းက ပြောလိုက်သည်။ “မင်းညဏ်မကောင်းလည်း ကိစ္စမရှိပါဘူး လိုအပ်တဲ့အချိန်တွေမှာပဲ ညဏ်ကောင်းရင်ရပြီ”


သူက ကျိုးကျွမ်၏ ဆံပင်များကို ချစ်ခင်နှစ်သက်စွာဖြင့် ပွတ်သပ်လိုက်သေးသည်။ 


“ဟူး ဘာလို့ ငါ့ကို အစောကြီးကတည်းက မပြောရတာလဲ ကြည့်ပါဦး နာနေလား”


ကျိုးကျွမ်က အနည်းငယ်ရှက်သွားပြီး ဝမ်းနည်းနေသည့်ပုံဖြသ့်ဆိုလိုက်သည်။ 


“ကျွန်မပြောလိုက်ရင် ရှင်တစ်ခုခုလုပ်မှာစိုးလို့”


“လာပါ ပေကျင်းကိုပြန်သွားပြီး ငါတို့သားနဲ့သွားတွေ့ရအောင်” 


ယင်းချန်းက ပြောလိုက်သည်။ ထိုစကားလုံးများက သူ့ပါးစပ်ထဲမှထွက်လာသည်နှင့် သူ့ပေါင်ကိုရိုက်ကာ စိတ်ပြောင်းသွားသည်။ 


“အာ နေဦး ငါတို့သားကို အမွေတွေ အရင်ဆုံး ဆက်ခံခိုင်းရဦးမယ်”


ကျိုးကျွမ်က ခေါင်းညိတ်လိုက်သည်။ 


“နည်းနည်းလောက် ထပ်စောင့်ရအောင်”


နှစ်ယောက်သားက အချင်းချင်းကြည့်လိုက်ကြချိန်တွင် သူတို့ရဲ့စိတ်သဘောဆန္ဒများကို သူတို့တွေ့ရှိသွားကြ၏။


တိုက်ခန်းအပြင်ဘက်တွင်တော့ ယင်းမင်ကျန်းက အခန်းပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူ့ခေါင်းက သေးငယ်ပြီး စွန့်ပစ်ခံထားရသောတိရစ္ဆာန်ကောင်ငယ်လေးကဲ့သို့ လေးလံတွဲကျနေစေသည်။


သူက ယင်းချန်း၏ကလေးမဟုတ်ကြောင်းသိရှိသွားသည့်အတွက် ပျော်မိသည်။ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ထိုစိတ်မချမ်းသာစရာနေရာမှ အမေဖြစ်သူနှင့်ထွက်သွားရန်သာဖြစ်သော်လည်း အမေက သူ့ထက် အဖေဖြစ်သူကိုရွေးချယ်ခဲ့ပြီး သူ့ကိုတွန်းထုတ်ပစ်ခဲ့သည်။


သူနားမလည်တော့ချေ။ သူလည်း အရမ်းနာကျင်ခံစားနေရ၏။


ပတ်ဝန်းကျင်က သုဿန်တစပြင်လို တိတ်ဆိတ်ခြောက်ကပ်နေ၏။ သူဘယ်သွားရမှန်းမသိသလို သူ့အနောက်က တံခါးကလည်း တင်းကျပ်စွာ စေ့ပိတ်ထားသည်။


တစ်လောကလုံးက သူ့ကိုစွန့်ပယ်ထားသလိုပင် ခံစားနေရသည်။


သူအခု ဘာလုပ်ရတော့မလဲ။


သူ့ဒဏ်ရာများက ခန္ဓာကိုယ်တစ်လျှောက်လုံးကို နာကျင်မှုလှိုင်းလုံးများ ပို့ပေးနေ၏။ ယင်းမင်ကျန်းက ယိုင်နဲ့နေသောခြေထောက်များဖြင့် ယိမ်းထိုးသွားပြီး ဓာတ်လှေကားကို ဦးတည်လိုက်ကာ အောက်ထပ်ကိုဆင်းလိုက်သည်။ အိမ်နီးချင်းများ၏ စူးစမ်းသောအကြည့်များအောက်ကနေ ထိုတိုက်ခန်းရှိရာဆီမှ သူထွက်လာခဲ့လိုက်သည်။


သူ ခြေဦးတည့်ရာ လမ်းလျှောက်နေမိ၏။ 


သူပင်ပန်းလာသည်နှင့် ခုံတန်းလျားပေါ်တွင်ထိုင်ပြီး ခေါင်းငိုက်စိုက်ချထားလိုက်သည်။ သူ့ဦးခေါင်းကလည်း နာကျင်မှုကြောင့် ထပ်ခါတလဲလဲ တဒုတ်ဒုတ် ကိုက်ခဲနေ၏။


ယင်းချန်းက သူ့သားမဟုတ်မှန်းသိသည်နှင့် ထိုးချက်များကို အားကုန်သုံးပစ်သည်။ ယင်းမင်ကျန်းက အရိုးကျိုးသွားသလားဆိုတာ သေချာမသိချေ။ သူ့နားစည်က လွန်လွန်ကဲကဲ စူးစူးရှရှခံစားနေရ၏။ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကလည်း နာကျင်နေသည်။


သို့သော် ထိုနာကျင်မှုများအားလုံးက ကျိုးကျွမ်ပြောခဲ့သည့်စကားများလောက် မဆိုးရွားပေ။ 


“ခွေးကောင် ထွက်သွား”


ပူနွေးသောမျက်ရည်များက သူ့မျက်နှာပြင်ပေါ်သို့ စီးကျလာခဲ့သည်။ ထိုမျက်ရည်များက ဒူးပေါ်တွင်တင်ထားသော သူ့လက်ခုံပေါ်သို့ ဆိုက်ရောက်သက်ဆင်းသွား၏။


ယင်းမင်ကျန်းက ထိုမျက်ရည်များကိုသုတ်ရန် လျင်မြန်စွာ လက်မြှောက်လိုက်သော်လည်း သူသုတ်လေ မျက်ရည်များက ပိုကျလေဖြစ်သည်။


ပုဝါတစ်ခုက သူ့မျက်နှာကိုကာကွယ်၍ ခေါင်းပေါ်မှ အုပ်မိုးခြင်းခံလိုက်ရသည်။


ယင်းမင်ကျန်းက မော့ကြည့်ပြီး သူ့ဘေးတွင်ရပ်နေသော စိုးရိမ်မှုအပြည့်နှင့်ဖြစ်နေသော ဆံပင်ရွှေအိုရောင်နှင့်ကောင်လေးအား တွေ့လိုက်ရသည်။ 


“ယင်းမင်ကျန်း မင်းအဆင်ပြေရဲ့လား”


ယင်းမင်ကျန်းက မျက်ရည်များကို ကပျာကယာသုတ်၍ မတ်တပ်ရပ်လိုက်သည်။ သူက ခေါင်းငုံ့ပြီး ထွက်သွားလိုက်သည်။


“မင်ကျန်း”


ရှုနဉ်က သူ့နောက်မှ လိုက်သွားသည်။


ယင်းမင်ကျန်းက ပို၍ မြန်မြန်လျှောက်တော့၏။ မခံမရပ်နိုင်သော ခေါင်းကိုက်မှုဝေဒနာက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။ ရုတ်တရက် သူ့အမြင်အာရုံများက မည်းမှောင်ကာ အရာအားလုံး မှေးမှိန်သွားတော့သည်။


သူသတိမမေ့ခင်ကြားရသည့်အသံမှာ သူ့နာမည်ကိုခေါ်နေသည့် ထိတ်လန့်တုန်လှုပ်နေသည့်အသံပင်ဖြစ်၏။



____


[ အားလုံးပဲ မင်ကျန်းလေးက နဥ်နဥ်လေးကိုဥပက္ခာပြုတယ်လို့ မခံစားကြပါနဲ့နော် နောက်ထပ်အပိုင်းနည်းနည်းဆို ရှုနဥ်ဂုဏ္ဏော အနန္တော ဆိုတဲ့ ခွေးပေါက်လေးမင်ကျန်းကိုတွေ့ကြရတော့မှာပါ ]


_____



Translated By IQ-Team.