Chapter 24
မင်ကျန်းဆေးရုံတက်နေရပြီ
__
တိုက်ခန်းနံပါတ် ၄၀၄ တွင် စုံတွဲတစ်တွဲက သဘောတူညီချက်ရရှိသွားပြီဖြစ်သည်။
ယင်းချန်းက ထိုသို့သောကောင်းမွန်သည့်အရာများက သူ့ထံတွင်ဖြစ်လာလိမ့်မည်ကို တစ်ခါမှ မျှော်မှန်းမထားခဲ့ချေ။ သူက စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်သပ်နေပြီး မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုက ရှင်းလင်းစွာမြင်နေရသည်။ ထိုသည်က ဝေ့မိသားစုပင်ဖြစ်၏။ ဝေ့မိသားစု၏ အကြွင်းအကျန်အနည်းငယ်လေးကတောင်မှ သူတို့ဘဝတစ်လျှောက်လုံးအတွက် သက်သောင့်သက်သာနေဖို့ လုံလောက်သည်။
သားဖြစ်သူဆိုတာ မိဘများကို ဂရုစိုက်စောင့်ရှောက်ရမည်သာဖြစ်၏။ ထို့အပြင် သူတို့က ဖြစ်နိုင်ချေရှိသည်များကို ထည့်တွေးပြီးဖြစ်သည့်အတွက်ကြောင့် သူတို့သားကလည်း ကောင်းမွန်သည့်ဘဝတွင် နေထိုင်နိုင်ခဲ့သည်။ သူတို့သား၏ ကျေးဇူးသိတတ်မှာသာဖြစ်ပေမည်။
သူတို့ကြောင့်သာမဟုတ်ရင် သူကဒီလိုဘ၀မျိုးမှာနေနိုင်မှာတဲ့လား။
ယင်းချန်းက စောင့်ကြိုနေသော စည်းစိမ်အပြည့်ဖြင့်ဘဝကို စိတ်ကူးယဉ်လိုက်သည်။ ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံသည့် အိမ်ရာ၊ မကုန်ခန်းနိုင်သောအရက်သေစာနှင့် ငယ်ရွယ်ပြီး လှပသော အမျိုးသမီး…
“ယင်းချန်း…”
ကြောက်ရွံ့သည့်အသံက ယင်းချန်း၏စိတ်ကူးယဉ်မှုများကို ကြားဖြတ်သွားခဲ့သည်။ သူက မကျေနပ်ချက်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အရှေ့က ဖိုသီဖတ်သီဖြစ်နေသောအမျိုးသမီးကို မျက်စိမှေးကြည့်လိုက်သည်။ သူက စိတ်ဆိုးချင်သော်လည်း တစ်ချက်တွေးပြီးနောက်တွင် ဒေါသကို ပြန်ထိန်းလိုက်ကာ ပြောသည်။
“ကျွမ်အာ”
သူ့ဆီက ချစ်ခင်ကြင်နာသောနာမည်ပြောင်ကိုကြားသောအခါ ကျိုးကျွမ်၏မျက်ဝန်းများက ပြူးကျယ်သွားရသည်။ ယင်းချန်းက သူမကို အရင်က တစ်ခါမှ နူးနူးညံ့ညံ့မပြောဖူးသည့်အတွက်ကြောင့် မယုံကြည်နိုင်လိုလိုပင်ဖြစ်သွားရသည်။ သူမကို ခွေးမ သို့မဟုတ် နာမည်အပြည့်အစုံဖြင့် ခေါ်တတ်လေ့ရှိသည်။
သူမ၏နှလုံးသားက တုန်ယင်သွားရသော်လည်း ကျိုးကျွမ်က သို့လောသို့လောဖြင့် ထုတ်ဖော်ပြောလိုက်သည်။
“ယင်းချန်း ဘာလို့ ရှင်က ရုတ်တရက်ကြီး ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုကို ခံယူချင်ခဲ့ရတာလဲ”
ယင်းချနိးက ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“ငါမလုပ်ဘူး တစ်ယောက်ယောက်က တံခါးမှာ အဲဒီလက်မှတ်ကို ထားသွားတာ”
ထိုသို့ပြောရင်းနှင့် သူက ထိုကိစ္စကို ချက်ချင်းသိနားလည်သွားသည်။ သူက မီးဖိုခန်းထဲမှထွက်ပြီး ပတ်ပတ်လည်ကို စတင်ရှာဖွေတော့သည်။ နောက်ဆုံးတော့ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စာရွက်တစ်ချို့ကိုတွေ့သွားပြီး လျင်မြန်စွာ ကောက်ယူလိုက်သည်။ သူက ကျိုးကျွမ်ကိုပြောလိုက်သည်။
“ချီီးပဲ ယင်းမင်ကျန်းက ငါ့ကလေးမဟုတ်ဘူးဆိုတာကို တစ်ယောက်ယောက်က သိနေတာပဲ”
ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုကို ယင်းချန်းမလုပ်နိုင်မှန်းလည်း ကျိုးကျွမ် မျှော်မှန်းထားပြီးဖြစ်သည်။ ထိုသည်က သူမအတွက် ကြီးကျယ်သောထိတ်လန့်မှုဖြစ်စေသည်။ သူမကလည်း မီးဖိုခန်းထဲမှ လျင်မြန်စွာထွက်၍ ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို ယူကြည့်လိုက်သည်။
“ဘယ်သူလဲ အဲဒါ ဘယ်သူလဲ”
သူမက ထိုလျှို့ဝှက်ချက်ကို ၁၅ နှစ်တာလုံးလုံး မြှုပ်နှံထားခဲ့ခြင်းဖြစ်ပြီး ထိုတစ်ချိန်လုံးတွင် ဘယ်သူမှ သူမ၏လျှို့ဝှက်ချက်ကို မသိခဲ့ပေ။ သို့သော်လည်း အမည်ဖော်ပြခြင်းမရှိသည့်တစ်ယောက်ယောက်က ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို တံခါးနားတွင် လာထားသွားခဲ့သည်။
ထိုလူက သူမ ကလေးလဲခဲ့ကြောင်းကို သိနေတာလား။ ဝေ့မိသားစုက တစ်ယောက်ယောက်များလား။
ကျိုးကျွမ်က ထိုအကြောင်းကို ပိုတွေးလေလေ ပိုပြီး ကြောက်ရွံ့လာလေလေဖြစ်သည်။ သူမ၏မျက်နှာက စာရွက်ကဲ့သို့ ဖြူဖျော့နေပြီး သူမ၏ပါးပြင်ပေါ်မှ သွေးစများလည်း ခြောက်ကပ်သွားချေပြီဖြစ်သည်။ သူမ၏ပုံစံက သရဲတစ္ဆေနှင့်ပိုတူနေ၏။
“တစ်ယောက်ယောက်သိသွားတာလား” ယင်းချန်းလည်း ထိုသို့တွေးမိလိုက်သည်။ ယင်းချန်းက ပြင်းပြင်းထန်ထန်မေးလိုက်သည်။
“မင်းဘယ်သူ့ကိုပြောလိုက်သေးလဲ”
ကျိုးကျွမ်က လျင်မြန်စွာဖြင့် ခေါင်းခါသည်။
“မပြောဘူး ဘယ်သူ့ကိုမှ တစ်ခါမှမပြောဖူးဘူး”
ယင်းချန်း၏မျက်နှာက ပိုပိုပြီး မှောင်မိုက်လာသည်ကိုတွေ့သောအခါ အလျင်စလို ရှင်းပြရန် ပြင်ဆင်လိုက်သည်။
“သူက အမှန်တရားကိုမသိလောက်ပါဘူး မဟုတ်ရင် ဒီအမှန်တရားကို ထုတ်ဖော်ဖို့ ၁၅ နှစ်လုံးလုံးစောင့်နေခဲ့မှာမဟုတ်ဘူးလေ အဲဒါက ဝေ့မိသားစုလည်းမဟုတ်လောက်ဘူး ဝေ့မိသားစုသာဆိုရင် ပွဲကြီးလုပ်ပြီး ရှေ့နေတွေအားလုံးကိုပို့လိုက်မှာပေါ့ ကြည့်ရတာ… ကြည့်ရတာ အဲဒီလူက ရှင်တို့နှစ်ယောက်က အဖေနဲ့သားမဟုတ်ဘူးဆိုတာကို မတော်တဆသိသွားတာဖြစ်မယ်… ကြည့်”
ကျိုးကျွမ်က ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ရဲ့ နောက်ဆုံးစာမျက်နှာကို လှန်လိုက်သည်။
“ရှင့်နာမည်ပဲပါတာ ကျွန်မနာမည်မပါဘူး အဲဒီအဓိပ္ပာယ်က ကျွန်မနဲ့ယင်းမင်ကျန်းရဲ့ဆက်ဆံရေးကို သူမသိဘူးဆိုတဲ့သဘောဘဲ”
ယင်းချန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကိုယူ၍ ဖတ်လိုက်သည်။
“အဲဒီလိုလည်းဖြစ်နိုင်တယ်”
“ဖြစ်နိုင်တာကတော့…” ကျိုးကျွမ်က သူမ၏ ပုံမှန်သတ္တိနည်းသည့်ပုံစံကိုပြန်ရောက်သွားပြီး သတိရှိရှိဖြင့်ပြောလိုက်သည်။
“ဖြစ်နိုင်တာကတော့ အဲဒီလူက တခြားရပ်ကွက်က လူတွေလိုပဲ ထင်နေတာဖြစ်မယ်”
“ဘာလဲ” ယင်းချန်းက နှာမှုတ်၍ ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို အဝေးသို့ပို့လိုက်သည်။
“ဒီတစ်ခေါက်ရော အိမ်နီးချင်းတွေက ဘာပြောကြလို့လဲ”
ကျိုးကျွမ်က တံတွေးမျိုချပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောလိုက်သည်။
“သူ-သူတို့က ကျွန်မက ရှင့်ကို သစ္စာဖောက်တယ်ထင်နေတာ ပြီးတော့ ယင်းမင်ကျန်းက တခြားလူရဲ့ကလေးလို့ထင်နေကြတာ”
“ဘာ” ယင်းချန်းက သူမနားကိုသွား၍ တွန်းလိုက်သဖြင့် ကျိုးကျွမ်ကို နောက်ပြန်ဆုတ်ရင်း ခလုတ်တိုက်မိသွားစေသည်။
“ငါ့အကြောင်းကိုများ ဒီလိုပြောရဲကြတယ်ပေါ့”
သူက ယင်းမင်ကျန်းနှင့်ရန်ဖြစ်နေရင်း ကျိုးကျွမ်ကို သစ္စာမရှိသူလို့ပြောနေသူဟာ သူသာဖြစ်နေခဲ့တာကိုအလုံးစုံမေ့သွားပြီဖြစ်သည်။
ကျိုးကျွမ်က မရဲတရဲအကြံပြုပြောဆိုလိုက်သည်။
“ယင်းမင်ကျန်းက ဘယ်သူလဲဆိုတာကို ဘယ်သူ့ကိုမှပေးသိလို့မရဘူး ပြီးတော့ ကျွန်မတို့သားနဲ့လည်း ပြန်ဆက်သွယ်လို့မဖြစ်သေးဘူး ကျွန်မတို့တွေ ဒီတိုင်း… လိုက်လျောညီထွေပဲနေလိုက်ကြရအောင်လား”
“ဘာ” ယင်းချန်းက မျက်လုံးပြူး၍ သူမနှာခေါင်းကိုညွှန်ပြလိုက်သည်။
“ငါ့ကို သောက်ဖောက်ပြန်ခံရတယ်ဆိုပြီး ဝန်ခံခိုင်းနေတာလား”
ယင်းချန်းက သူမကို ထပ်ရိုက်တော့မည်ကိုတွေ့သောအခါတွင် ကျိုးကျွမ်က လျင်မြန်စွာဖြင့် ချွေးသိပ်လိုက်သည်။
“ဒါဆို ယင်းမင်ကျန်းကို မွေးစားထားတာလို့ပဲပြောလိုက်ရအောင် သူက ရှင့်ကလေးလည်းမဟုတ်သလို ကျွန်မကလေးလည်း မဟုတ်ဘူးလေ”
“အဲဒါက ပိုအဆင်ပြေသေးတယ်” ယင်းချန်းက သူ့လက်သီးဆုပ်ကိုဘေးဖယ်ကာ သရော်လိုက်သည်။
သူက လက်ကို တင်ပါးပေါ်သို့တင်၍ ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ သူပိုတွေးလေလေ ရလဒ်ကို ပိုပြီးကျေနပ်လေလေဖြစ်သည်။
သူ့သားအရင်းက ဝေ့မိသားစုတွင် ဆက်လက်နေထိုင်နိုင်ပြီး ရှက်စရာကောင်းသည့်ကိစ္စဖြစ်သော ဖောက်ပြန်ခံရခြင်းကိုလည်း ဝန်ခံစရာမလိုပေ။
“ယင်းမင်ကျန်းကို မွေးစားထားတာလို့သာပြောလိုက်” သူက လက်ယမ်းပြပြီး ထိုပုံစံအတိုင်းပဲနေနေသည်။
“ဝူး—”
“ဘာအသံလဲ” ယင်းချန်းက ထိုအသံကြားရသောအခါတွင် တစ်စုံတစ်ခုကိုတွေးနေခြင်းဖြစ်သည်။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ဝိုင်ပုလင်းကို ကြမ်းပြင်ပေါ်သို့ကန်လိုက်သည်။
ကျိုးကျွမ်ကလည်း ပြောရင်းနှင့် တုန်ယင်နေ၏။
“အဲ-အဲဒါက အရေးပေါ်ကားသံထင်တယ်”
“ကျစ်” ယင်းချန်းက နှာမှုတ်လိုက်သည်။
သူက ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကို စာရွက်လုံးလေးသကဲ့သို့ တွန့်ခြေပြီးပြောလိုက်သည်။
“ပြီးတော့ ဒီစစ်ဆေးမှုရလဒ်ကိုပို့တဲ့သူကိုလည်း ငါတို့ရှာရမယ် အရာအားလုံးကို အဖျက်ဆီးမခံနိုင်ဘူး”
ရှုနဉ်က ဆေးရုံထဲရှိ အပြာရောင်ပလတ်စတစ်ထိုင်ခုံတွင် သူ့ လက်ကိုနဖူးပေါ်တင်ထားလျက် ကွေးညွတ်၍ ထိုင်နေသည်။ သူ့အနားက လေထုက မှောင်ရိပ်သန်းပြီး စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေသည်။
“ယင်းမင်ကျန်းရဲ့မိသားစုဝင် ဒီမှာရှိလား” သူနာပြုက အရေးပေါ်ခွဲစိတ်ခန်းထဲကနေ စာရွက်ကိုင်၍ ထွက်လာပြီး ရှာဖွေနေသည်။
ရှုနဉ်က ထိုင်ခုံမှထလာပြီး လျင်မြန်စွာ လျှောက်သွားပြီး သူက ပြန်ဖြေလိုက်သည်။
“ဒီမှာရှိပါတယ် ဒီမှာရှိပါတယ်”
သူနာပြုက သူ့ကို သံသယဝင်စွာဖြင့်ကြည့်လိုက်သည်။
“မိသားစုဝင်လား”
ရှုနဉ်က ပြန်ပြောသည်။ “ကျွန်တော်တို့က အတန်းဖော်တွေပါ အိမ်နီးချင်းလည်းဟုတ်ပါတယ် တကယ်သူငယ်ချင်းတွေပါ”
သူနာပြုက ပတ်ရှာသော်လည်း ဘယ်သူ့ကိုမှမတွေ့ချေ။ သူမက ရှုနဉ်ကိုမေးလိုက်သည်။
“မိသားစုဝင်တွေက ဘယ်မှာလဲ”
“သူတို့ ဒီမှာမရှိပါဘူး”
“အခုထိ မလာသေးဘူးလား” သူနာပြုပုံစံက ပျော်ရွှင်နေပုံမရချေ။
“သူ့မိသားစုဝင်နဲ့ဆက်သွယ်ပေးနိုင်မလား ဆေးရုံကို ချက်ချင်းလာခဲ့ဖို့ပြောပေးပါ”
“ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်” ရှုနဉ်က လျင်မြန်စွာဖြင့် ဖုန်းကိုထုတ်၍ ကျိုးကျွမ်ကိုခေါ်လိုက်သည်။
“လူနာက ဦးနှောက်မှာ သွေးထွက်လွန်နေပြီး ICU ကို ချက်ချင်းပို့ရပါမယ် မိသားစုဝင်ကို ယွမ်တစ်သိန်း ပြင်ဆင်ထားပေးဖို့ပြောလိုက်ပါနော်”
ဦးနှောက်မှာ သွေးထွက်လွန်တယ်တဲ့လား… ICU တဲ့လား…
ရှုနဉ်က ထိုအံ့အားသင့်စရာသတင်းကြောင့် မှင်တက်နေချိန်တွင် ဖုန်းခေါ်နေသည့်မြည်သံကိုနားထောင်နေသည်။ ချက်ချင်းဆိုသလိုပင် တစ်ယောက်ယောက်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်ခံစားရ၏။ ခေါင်းမူးပြီး တစ်ကိုယ်လုံး ထုံထိုင်းသွားရသည်။
“ဟယ်လို” ခေါ်ဆိုမှုက ချိတ်ဆက်မိသွားပြီး ကျိုးကျွမ်ရဲ့အသံက ဖုန်းထဲမှထွက်ပေါ်လာသည်။
သူ့မျက်ဝန်းပတ်ပတ်လည်က နီရဲလာသည်။ ရှုနဉ်က အသိပြန်ဝင်ပြီး ရှင်းပြလိုက်သည်။
“မစ္စကျိုး ယင်းမင်ကျန်း အခုပဲ မေ့လဲသွားလို့ ကျွန်တော် သူ့ကို ဆေးရုံပို့ထားတယ် ဆရာဝန်က သူ့ကို ဦးနှောက်သွေးထွက်လွန်နေတာလို့ပြောတယ် ဒီကို မြန်မြန်လာပေးပါ”
“ဦးနှောက်သွေးထွက်လွန်တာလား ကောင်းပြီ ငါလာခဲ့မယ်”
ကျိုးကျွမ်ဖုန်းချတော့မည်ကိုသိသောအခါ ရှုနဉ်က မြန်မြန်ပြောလိုက်သည်။
“ခဏလေး ဆရာဝန်က ယွမ်တစ်သိန်းယူခဲ့ဖို့လည်းပြောတယ်”
“ယွမ်တစ်သိန်း ဟုတ်လား” ကျိုးကျွမ်၏အသံက သူ့နားစည်ကိုဖောက်ထွင်းနိုင်လောက်သည်အထိ စူးရှကျယ်လောင်သွားသည်။
“ဟုတ်တယ် ယွမ်တစ်သိန်း”
ရှုနဉ်က ဖုန်းကိုင်ထားမှုကို ဖြည်းဖြည်းချင်းလျှော့လိုက်ပြီး အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင်ကြိုးစားလိုက်သည်။
“လန်ကျိုးဆေးရုံကို မြန်မြန်လာပေးပါ”
နောက်ဆုံးစကားကို တိုတိုနှင့်လိုရင်းပြောပြီးသည်နှင့် ရှုနဉ်က ဖုန်းချလိုက်ပြီး မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ထိုင်ချလိုက်မိသည်။
သူ့အမှားများလား။
ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုရလဒ်ကြောင့်များလား။ ထိုရလဒ်ကြောင့် ယင်းချန်းက ယင်းမင်ကျန်းကိုရိုက်နှက်ပြီး ယင်းမင်ကျန်းကို ဦးနှောက်သွေးထွက်လွန်သွားစေတာလား။
ရှုနဉ်၏ တစ်ကိုယ်လုံးက ရေခဲကဲ့သို့ အေးစက်နေသည်။
အရေးပေါ်ခွဲစိတ်ခန်းတံခါးက ပွင့်လာပြီး ဆေးဘက်ဆိုင်ရာအမှုထမ်းများက လက်တွန်းလှည်းကိုတွန်းလာပြီး လျှောက်လာကြသည်။
ရှုနဉ်က ကြောက်လန့်နေသောတိရစ္ဆာန်သကဲ့သို့ ခုန်ထလာပြီး လျင်မြန်စွာဖြင့် လမ်းရှင်းပေးလိုက်သည်။
လှည်းပေါ်တွင် ယင်းမင်ကျန်းက အောက်ဆီဂျင်မျက်နှာဖုံးကို မျက်နှာပေါ်တွင်အုပ်ထားပြီး ဆားဓာတ်ဆေးပုလင်းကို ဘေးတွင်ချိတ်ထားသည်။ သူ၏လှပသောမျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများက တင်းကျပ်စွာ ပိတ်ထားသည်။
ရှုနဉ်က ဆရာဝန်နောက်ကိုလိုက်လာပြီး မေးလိုက်သည်။
“ဆရာ ယင်းမင်ကျန်း ဘယ်လိုနေလဲ”
ဆရာဝန်က ရပ်လိုက်ပြီး နှာခေါင်းစည်းကိုချွတ်လိုက်ပြီး မေးသည်။
“အတန်းဖော်လား”
ရှုနဉ်က လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဆရာဝန်၏မျက်နှာက အလွန်လေးနက်နေသည်။
“ယင်းမင်ကျန်းက တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရထားတယ် သူ့ခေါင်းကလည်း ဒဏ်ရာရထားလို့ ဦးနှောက်ထဲမှာ သွေးခဲဖြစ်နေတယ် ဒီနေ့လည်း သူခေါင်းထပ်ထိထားပြန်တယ် အဲဒီတော့ သွေးခဲက ပေါက်ထွက်သွားတာ အဲဒါကြောင့် ဦးနှောက်မှာ သွေးထွက်လွန်သွားတာ… ကျွန်တော်သိချင်တာက ဒီဒဏ်ရာတွေကို သူဘယ်လိုရလာလဲဆိုတာပဲ”
သူ့ခန္ဓာကိုယ်ပေါ်မှအဝတ်များကိုချွတ်ပြီး ခန္ဓာကိုယ်တစ်လျှောက်တွင် ဒဏ်ရာများရှိနေသည်ကိုတွေ့သောအခါ အရေးပေါ်အခန်းထဲမှ လူများအားလုံးက လန့်ဖျပ်သွားကြသည်။
လူနာက အသက် ၁၄ နှစ်ကလေးအရွယ်သာရှိသေးသည်။
ရှုနဉ်က ပြင်းထန်သည့်ဒေါသူပုန်ထခြင်းများနှင့် လွှမ်းမိုးနေပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ထားမိသည်။ သူက အမှန်တရားကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိတော့ပေ။
“သူ့အဖေက သူ့ကိုရိုက်တာပါ”
ဆရာဝန်က ခေတ္တမျှ မှင်တက်သွားရပြီးနောက် သူက ပြောဆိုတော့သည်။
“ဒါက အိမ်တွင်းအကြမ်းဖက်တာပဲ ဒါက လုံးဝ အိမ်တွင်းအကြမ်းဖက်တာပဲ သူအရင်က ရခဲ့တဲ့ ဒဏ်ရာတွေကလည်း အရှင်းမပျောက်သေးဘူး သူ့ကို ဒီနေ့ဆေးရုံကိုသာ မပို့လာခဲ့ရင် တစ်နေ့နေ့မှာ ရုတ်တရက် သေတောင်သွားနိုင်တယ် သွေးခဲက ဘယ်လောက်ပြင်းထန်လဲဆိုတာကိုရော သိရဲ့လား”
ဆရာဝန်က စိတ်တိုစွာဖြင့် သူ့ခေါင်းကိုညွှန်ပြသည်။
“အဲဒါက ကိုယ့်ဦးနှောက်ထဲမှာ အချိန်နဲ့ တစ်ချက်ချက်မြည်နေတဲ့ ဗုံးတစ်ခုကိုထည့်ထားရသလိုပဲ အစပိုင်းတော့ ဘာမှမဆိုသာပေမယ့် ကြာလာရင် အသေးအဖွဲလေးကတောင်မှ ဦးနှောက်သွေးထွက်လွန်တာဖြစ်တတ်တယ် ဦးနှောက်သွေးထွက်လွန်တဲ့အကျိုးဆက်က အရမ်းပြင်းထန်တယ် လေဖြတ်သွားတာ မဟုတ်ရင် သေတာတောင်ဖြစ်နိုင်တယ်”
ရှုနဉ်၏နှလုံးက လည်ချောင်းဝဆီသို့ ခုန်ပေါက်လာရသည်။
“ဒါဆို ယင်းမင်ကျန်း…”
ဆရာဝန်က အာမခံပြောဆိုလိုက်သည်။
“သူက ငယ်ပါသေးတယ် သူဖြတ်ကျော်နိုင်မှာပါ”
“ဘယ်လိုတောင်မကောင်းတဲ့လူလဲ” ဆရာဝန်က စိတ်တိုတိုဖြင့် ထပ်ပြောလိုက်သည်။
“အခုထိ သူ့ဦးနှောက်ထဲမှာ သွေးခဲရှိနေသေးတယ် ဆရာတို့ အခုသူ့ကို ငါးလွှာမှာရှိတဲ့ခွဲစိတ်ခန်းမှာ ဦးခေါင်းခွံခွဲစိတ်မှုကို စတင်မယ် ဆေးရုံစရိတ်သွင်းပြီးရင် မိသားစုဝင်တွေကို အဲဒီကိုခေါ်လိုက်ပါ”
“ဟုတ်ကဲ့” ရှုနဉ်က ပြောနေရင်းနှင့် တုန်ယင်နေသည်။
“ကျွန်တော် ဆေးရုံစရိတ်ကိုပေးထားနိုင်ပါတယ်”
ဆရာဝန်က နှာခေါင်းစည်းပြန်တပ်၍ လျင်မြန်စွာ ထွက်သွားသည်။
ရှုနဉ်က ဆေးရုံတက်ရန်လူနာအတွက် စောင့်ရှောက်မှုကို ဖောင်ဖြည့်နေလိုက်သည်။ သူက ဆေးရုံက အလုပ်လုပ်ပုံများနှင့် သိပ်မရင်းနှီးသဖြင့် အားလုံး အခြေချပြီးသည်အထိ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ့တွင်ရှိသည့် ယွမ်နှစ်သောင်းကို ဆေးရုံစရိတ်အကြိုအနေနှင့် သွင်းထားလိုက်သည်။
အားလုံးဖြေရှင်းပြီးသည်နှင့် ကျိုးကျွမ်က သူ့ကိုဖုန်းဆက်ပြီး သူမဆေးရုံကိုရောက်ပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။
ရှုနဉ်က သူမကိုတွေ့ရန် လျင်မြန်စွာသွားလိုက်သည်။ အရေးပေါ်ဌာန၏တံခါးတွင် ကျိုးကျွမ်ကိုတွေ့သွားပြီး ယင်းချန်းကလည်းရောက်လာသည်။
“မင်ကျန်း အဆင်ပြေရဲ့လား” ကျိုးကျွမ်က သူမခေါင်းပေါ်က ဒဏ်ရာကိုဖုံးအုပ်ရန် ကြီးမားသည့် ဦးထုပ်ကိုဆောင်းထားသည်။
သူမပုံစံက မျက်နှာပေါ်က ဒဏ်ရာအနည်းငယ်မှလွဲ၍ လုံးဝ သာမာန်လိုသာဖြစ်သည်။
“ဦးနှောက်သွေးထွက်လွန်တယ်ဆိုတာက ဘာကိုပြောတာလဲ ငါတို့က ဘာလို့ ယွမ်တစ်သိန်းယူလာဖို့လိုတာလဲ”
ယင်းချန်းက နှာမှုတ်လိုက်သည်။
ရှုနဉ်က ယင်းချန်းကိုရိုက်နှက်ချင်သည့်ဇောကပ်မှုကို ထိန်းချုပ်ပြီး ကျိုးကျွမ်ကိုပြောလိုက်သည်။
“အဲဒါ ယင်းချန်းကြောင့်ပဲ ဆရာဝန်က သူအရင်က ရထားတဲ့ဒဏ်ရာတွေကြောင့် သွေးခဲနေတယ်ပြောတယ် ဒါပေမယ့် အရင်က ဘယ်သူမှ သတိမထားမိကြဘူး ဒီနေ့ အရိုက်ခံရပြီးမှ သွေးခဲက ပေါက်ထွက်ပြီး ဦးနှောက်သွေးထွက်လွန်သွားတာ…”
“ငါနားမလည်ဘူး ဆေးအသုံးအနှုန်းတွေကို ငါနားမလည်ဘူး” ကျိုးကျွမ်က သူမလက်ကို ခဏခဏခါပြသည်။
ရှုနဉ်က လက်သီးဆုပ်လိုက်သည်။ “ပြောချင်တာက သူ့ခေါင်းက အရင်ကတည်းက ဒဏ်ဖြစ်နေတာ ပြီးတော့ ခင်ဗျားတို့ သူ့ကိုဆေးရုံတောင်မပို့ခဲ့ကြဘူးလေ ဒီနေ့လည်း သူ့ကို ထပ်ရိုက်တော့ သူ့ဦးနှောက်မှာသွေးထွက်လွန်နေပြီ”
သူ့မျက်ဝန်းများက ကျိုးကျွမ်ကိုမေးခွန်းထုတ်နေရင်း နီရဲနေသည်။
“ယင်းမင်ကျန်းက အခုထိငယ်သေးတယ် အဲဒါတောင် အကြိမ်ပေါင်းများစွာ အရိုက်ခံနေရတာ သူ့ကို ဘာလို့ ဆေးရုံကိုခေါ်မသွားတာလဲ”
ကျိုးကျွမ်က ဘယ်လိုတုံ့ပြန်ရမှန်းမသိချေ။ သူ့ကို မျက်စိဆုံအောင်မကြည့်ရဲဘဲ တိမ်းရှောင်ရင်းနှင့် တုံ့ပြန်လိုက်သည်။
“ငါအရိုက်ခံရတုန်းကလည်း ဆရာဝန်ကိုသွားမပြခဲ့ပါဘူး ဆေးရုံတွေက အခုနောက်ပိုင်း အရမ်းဈေးကြီးနေတာ ပြီးတော့ ဆရာဝန်တွေဆိုတာလည်း ယုံရတာမဟုတ်ဘူး လုံးဝကောင်းနေတယ်ဆိုရင်တောင်မှ နေမကောင်းဘူးလို့ပြောနေကြဦးမှာ သူတို့လုပ်တာဆိုလို့ စစ်ဆေးမှုတွေအများကြီးလုပ်ခိုင်းပြီး ဆေးပေးတာကြီးပဲ…”
ရှုနဉ်က သူမနှင့်ဆက်ပြီး စကားမပြောချင်တော့သဖြင့် သူနှင့်ဘာမှလုပ်စရာမလိုသည့်သူလိုနေနေသည့် ယင်းချန်းကိုပဲ အာရုံစိုက်လိုက်သည်။
“ဘာလို့ သူ့ကိုရိုက်ရတာလဲ သူက ကလေးပဲရှိသေးတာ ခင်ဗျားက အရမ်းရက်စက်လွန်းတယ် ခင်ဗျားမှာ အသိတရားရောရှိသေးရဲ့လား”
ရှုနဉ်၏စွပ်စွဲချက်များကို ယင်းချန်းကြားသောအခါ သူ့မျက်နှာထားက ခက်ထန်သွားသည်။
“သူစကားနားမထောင်ရင် ငါက မရိုက်ရဘူးလား အဖေက သားကို ရိုက်တာ သဘာဝပဲ”
ရှုနဉ်က တံတွေးထွေးလိုက်သည်။ “သူသေရင် ခင်ဗျားထောင်ထဲသွားရမှာပဲ”
ရှုနဉ်က ထောင်အကြောင်းပြောလိုက်သည်နှင့် ယင်းချန်းနှင့် ကျိုးကျွမ်က သေလောက်အောင် ကြောက်ရွံ့သွားကြသည်။
“မဖြစ်နိုင်တာ”
“ဒါဆိုလည်း ယင်းမင်ကျန်းကို မသေဖို့ ဆုတောင်းနေကြပေါ့”
ရှုနဉ်က ထိုအမှိုက်နှစ်စနှင့်အတူ ထပ်ပြီး စကားမပြောချင်တော့ပေ။ သူက လှည့်သွားပြီး မာဆတ်ဆတ်ပြောလိုက်သည်။
“သွားရအောင် သူက ငါးလွှာက ခွဲစိတ်ခန်းမှာ ခွဲစိတ်မှု ခံယူနေတယ် ဆေးရုံစရိတ်သွားသွင်းရအောင်…”
ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် နှစ်ယောက်လုံးက သူ့နောက်က လိုက်မလာကြကြောင်းသိလိုက်သည်။ ရှုနဉ်က လှည့်ကြည့်ပြီး မြင့်တက်လာသောဒေါသကို ဖိချရန် ကြိုးစားနေရသည်။
“လာလေ ဘာရပ်လုပ်နေတာလဲ”
ကျိုးကျွမ်နှင့် ယင်းချန်းက မလှုပ်ပေ။
ရှုနဉ်က ရုတ်တရက် သူ့ခန္ဓာကိုယ်အပူချိန်က ဒီဂရီအနည်းငယ် ကျဆင်းသွားသလိုခံစားလိုက်ရသည်။ သူ့မျက်ဝန်းများက ဖြည်းဖြည်းချင်း ပြူးကျယ်သွားသည်။
“ခင်ဗျားတို့…”
“ငါ-ငါတို့မှာ ပိုက်ဆံမရှိဘူး” ကျိုးကျွမ်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“မင်းလည်း ငါတို့အခြေအနေ ဘယ်လိုလဲဆိုတာကို သိတာပဲ ငါတို့မှာ တစ်သိန်းမပြောနဲ့ တစ်ထောင်တောင် မရနိုင်ဘူး”
ယင်းချန်းက အရစ်ရှည်လိုက်သေးသည်။
“ငါ့ဆီမှာ တစ်ထောင်ရှိတယ်ဆိုရင်တောင်မှ သူ့အတွက် မသုံးပါဘူး သူက ငါ့ကလေးမှမဟုတ်တာ ဘာလို့ သူ့အတွက်ပေးရမှာလဲ”
ကျိုးကျွမ်က ခေတ္တတုံ့ဆိုင်းနေပြီး ရှုနဉ်ကို ရှင်းပြလိုက်သည်။
“ရှုနဉ် တကယ့်အမှန်တရားက လူတိုင်းထင်နေကြသလိုမဟုတ်ပါဘူး ယင်းမင်ကျန်းက ယင်းချန်းရဲ့ကလေးမဟုတ်သလို ငါ့ကလေးလည်းမဟုတ်ဘူး ငါ့မှာ တခြားယောင်္ကျားနဲ့လည်း ဆက်နွယ်မှုမရှိဘူး ယင်းမင်ကျန်းက မွေးစားထားတာပါ”
ရှုနဉ်က သူတို့ပြောချင်တာကို နားလည်သွားခဲ့သည်။
“ခင်ဗျားတို့က တာဝန်မယူဘူးပေါ့”
“သူက ငါ့ကလေးမှမဟုတ်တာ ဘာလို့ သူ့ကို သောက်တာဝန်ယူရမှာလဲ” ယင်းချန်းက ကိုက်ခဲနေသည့် သူ့မျက်နှာကိုပွတ်နေရင်းနှင့် ပြင်းထန်စွာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ရှုနဉ်၏မျက်နှာက ဒေါသများနှင့် သွေးရောင်သန်းနေသည်။
“သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တာ ခင်ဗျားလေ သူဆေးရုံကုတင်ပေါ်မှာလဲနေရတာ ခင်ဗျားကြောင့်လေ”
__
Translated By IQ-Team.