Chapter 27
ဝေ့ပေါ်မှ ရှုနဉ်ဝယ်ထားသည့်ကြော်ငြာကလဲ အကျိုးသက်ရောက်မှုရှိသည်။လှူဒါန်းမှုပလက်ဖောင်းမှတဆင့် ယွမ်တစ်သိန်းကောက်ခံနိုင်ခဲ့ပြီး ထိုမျှလောက်က ဘာမှမဟုတ်ပေ။ယွမ်တစ်သန်း သို့မဟုတ် ယွမ်သောင်းနှင့်ချီ၍လှုဒါန်းငွေရရှိသည့် သတင်းကတော့ အရမ်းကို ရှားပါးလွန်းလှသည်။ဤမျှ များပြားသည့်ငွေပမာဏကိုတော့ အချိန်နှင့်အခြေအနေအရသာ ကောက်ခံနိုင်မည်ဖြစ်သည်။သို့သော်လည်း ပလက်ဖောင်းက ရန်ပုံငွေများကို ဖြည်းဖြည်းချင်းဆက်လက်ကောက်ခံပေးနေမည်ဖြစ်သည်။
ငွေကြေးပြသနာက နောက်ဆုံးတွင် ပြေလည်သွားပြီဖြစ်သည်။ရှုနဉ်လည်း စိတ်သက်သာပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
အရေးကြီးသည့် ပြသနာပြေလည်သွားပြီးနောက် ယင်းမင်ကျန်းလဲ အထွေထွေလူနာအဆောင်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။ရှုနဉ်က လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့သည့် ယင်းချန်းကိုတိုင်ကြားရန် ရဲစခန်းကိုဖုန်းခေါ်ခဲ့သည်။
ရဲများက ထိုအမှုကိုလက်ခံပြီး အခြေအနေကိုစုံစမ်းစစ်ဆေးခဲ့သည်။ယင်းချန်းက အိမ်တွင်းအကြမ်းဖက်မှု လုပ်လေ့ရှိသည် ဟူသော သတင်းအချက်အလက်များကို သူတို့တွေ့ရှိခဲ့သည်။ထပ်ပေါင်းပြောရမည်ဆိုလျှင် ယင်းမင်ကျန်းကစိုးရိမ်ရသည့်ဒဏ်ရာဖြင့်ဆေးရုံတက်နေရသောကြောင့် ယင်းချန်း တစ်ယောက် ထောင်ကျနိုင်ချေ မြင့်သည်။ယင်းချန်းက အရမ်းကို ကြောက်လန့်တုန်လှုပ်နေသည်။
ယင်းချန်းထောင်ကျနိုင်သည်ဟု ကြားသောအခါ ကျိုးကျွမ်က ဆေးရုံသို့ ရောက်လာသည်။ယင်းမင်ကျန်း၏ဆေးရုံကုတင်ရှေ့၌ ထိုင်ပြီး စတင်ငိုယိုတော့သည်။
“မင်ကျန်း ၊ကျေးဇူးပြုပြီး သတိရပါတော့ ငါတောင်းပန်ပါတယ်။”
“မင်းနိုးမလာဘူးဆိုရင် မင်းအဖေကထောင်ထဲဝင်ရတော့မယ် မင်းအမေ့ကို ဘာဖြစ်စေချင်တာလဲ”
ယင်းမင်ကျန်း၏ခန္ဓာကိုယ်ကို သန့်ရှင်းသုတ်သင်ပေးနေသည့် ရှုနဉ်က ခပ်ရွဲ့ရွဲ့မေးလိုက်သည်။
“ယင်းချန်းထောင်ထဲ သွားရတော့မှာသာမဟုတ်ရင် ခင်ဗျား ယင်းမင်ကျန်းကို လာတွေ့မှာမဟုတ်ဘူး ဟုတ်တယ်မလား။”
ကျိုးကျွမ်က သူ့ကိုလျစ်လျူရှုလိုက်ပြီး သူမမျက်နှာကို လက်ဖြင့်အုပ်ပြီး ဆက်ငိုနေသည်။
ရှုနဉ်ခေါင်းခါလိုက်သည်။သူက ရေဇလုံကို ရေချိုးခန်းထဲသို့သယ်သွားပြီး လောင်းထည့်လိုက်သည်။သူအခန်းထဲသို့ပြန်ရောက်သည့်အချိန်အထိ ကျိုးကျွမ်က ငိုနေဆဲဖြစ်သည်။သူအရမ်းအံ့ဩသွားပြီးပြောလိုက်သည်။
“မစ္စကျိုး၊ ယင်းချန်းထောင်ကျတာ အဲ့လောက်တောင်ဆိုးလား သူခင်ဗျားကိုမရိုက်နိုင်တော့ဘူး ခင်ဗျားပိုက်ဆံတွေကိုလဲ ခင်ဗျားစိတ်တိုင်းကျသုံးလို့ရပြီ အိမ်မှာလဲ ကိုယ့်ဘာသာ နေလို့ရတယ် ဒါက ပိုမကောင်းဘူးလား။”
ကျိုးကျွမ် ခေါင်းမော့လာသည်။ သူ့နှာခေါင်းများက နီရဲနေသည်။သူမက ခေါင်းခါပြီးပြောလိုက်သည်။
“မင်းနားမလည်ပါဘူး။”
ဒါပေါ့...ရှုနဉ်က နားမလည်နိုင်သလို နားလဲ မလည်ချင်ပါဘူး။
သူမရဲ့အပြုအမူက သူ့အတွက်တော့ လုံးဝနားမလည်နိုင်စရာဖြစ်နေသည်။
နှစ်ယောက်လုံး ဆေးရုံ၌ ညနေစောင်းသည်အထိ နေနေကြသည်။မစ္စချိုက်က သူ့ကို ကြိမ်ဖန်များစွာတိုက်တွန်းပြီးနောက် ရှုနဉ်အိမ်သို့ပြန်ခဲ့သည်။ယင်းမင်ကျန်းကို ဂရုစိုက်ပေးနေရသောကြောင့် သူအတန်းတွေ အများကြီးလွတ်သွားပြီး မစ္စချိုက်ကို အနဲငယ်မပျော်မရွှင်ဖြစ်စေသည်။
သူလုပ်နေတာအားလုံးကို သူမ မသိချင်ယောင်ဆောင်ပေးနိုင်ပေမဲ့ ကျောင်းတက်ဖို့ကိုတော့ ညှိနှိုင်း၍မရနိုင်ချေ။
ချိုက်ချင်နှင့်ပါးပါးရှုက သူဘာကြောင့် ယင်းမင်ကျန်းကို အရမ်းကောင်းပေးရသလဲ ဆိုတာ နားမလည်နိုင်ကြပေ။
သည်းမခံနိုင်တော့သည့် မိဘနှစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ ရှုနဉ်လုပ်နိုင်သည့် တစ်ခုတည်းသောအရာက တိတ်တဆိတ် လက်လျော့ခြင်းသာဖြစ်သည်။ကလေးတစ်ယောက်ဖြစ်ရခြင်း၏ အဆင်မပြေဆုံး အချက်မှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိခြင်းဖြစ်သည်။
ယင်းမင်ကျန်း မကြာခင်မှာပဲနိုးထလာနိုင်ရန် သူမျှော်လင့်မိသည်။
ရဲများက သက်သေအထောက်အထားများ စုဆောင်းပြီးပြီဖြစ်သည်။ယခုအခါ သူတို့က တရားရုံးတွင် စွဲချက်တင်ရန် စောင့်ဆိုင်းနေကြသည်။ကျိုးကျွမ်နှင့်ယင်းချန်းတို့က ယခုတော့ အမှန်တကယ် ထိတ်လန့်နေကြသည်။ယင်းမင်ကျန်း မကြာခင် နိုးလာရန်မျှော်လင့်ကာ သူတို့က ဆေးရုံသို့ နေ့တိုင်းလာနေကြသည်။
ရှုနဉ်က ယင်းချန်းရဲ့ကြောက်လန့်နေသည့်ကြောင်တောင်တောင် ပုံစံကိုမြင်သည့်အခါတိုင်း ရွံရှာစက်စုပ်မိတာကို မထိန်းနိုင်ပေ။သူ့ကို ကျိန်ဆဲတဲ့စကား ထုတ်ပြောဖိူ့တောင် မလုပ်နိုင်ဘူး။လူတချို့က လုံးဝ မျိုသိပ်ထားသင့်တယ်...ဘာလို့ဆို သူ့ကို စကားပြောမိရင် အချိန်ဖြုန်းလိုက်တာပဲ။
သူတို့ဘယ်က ကြားလာသည်ကို မသိသော်လည်း ယင်းမင်ကျန်း နိုးလာပြီး အမှုကို ပိတ်ပေးသရွေ့ ယင်းချန်းကို ရဲများက ဖမ်းဆီးမည် မဟုတ် ဟု သေချာနေကြသည်။
ဥပဒေမှာထိုကဲ့သို့သောအချက်များ ရှိနေသေးလား။
ရှုနဉ်က အွန်လိုင်းပေါ်၌ထိုအကြောင်းကို အထူးတလည်ရှာဖွေခဲ့ပြီး ထိုအရာက အမှန်ဖြစ်ကြောင်းရှာတွေ့ခဲ့သည်။
ထပ်ပြောရလျှင် ယင်းမင်ကျန်းနိုးလာသည်နှင့် သူ၏ “ပြင်းထန်သည့်ဒဏ်ရာ”မှ “အသေးစားဒဏ်ရာ”အဖြစ် ပြောင်းလဲသွားနိုင်သည်။ကျိုးကျွမ်ကပါ ဝင်ပါနေသဖြင့် တကယ်တမ်းတွင် ယင်းချန်းထောင်မကျနိုင်သကဲ့သို့ဖြစ်နေသည်။
ထို့ကြောင့်ပဲ ယင်းချန်းနှင့်ကျိုးကျွမ်က ဆေးရုံသို့ စိတ်အားထက်သန်စွာ နေ့တိုင်းလာရောက်နေသောကြောင့် ရှုနဉ်၏တာဝန်များကို များစွာ သက်သာစေခဲ့သည်။သူက ယင်းမင်ကျန်းကို ဂရုစိုက်ရမည်ဖြစ်သောကြောင့် သိပ်ဂရုမစိုက်ခဲ့သော်လည်း ပါးပါးရှုနှင့် ချိုက်ချင်တို့ကတော့ ကျောင်းပျက်နေသောကြောင့် အနည်းငယ် မပျော်မရွှင်ဖြစ်နေကြသည်။သူက ကျောက်တုံးနှင့် မာကျောသည့်မြေပြင်ကြားတွင် ညပ်နေခဲ့သည်။ယခုတော့ ယင်းချန်းနှင့်ကျိုးကျွမ်တို့က ယင်းမင်ကျန်းကိုဂရုစိုက်ရန် ဆန္ဒရှိသောကြောင့် သူ လက်လွှတ်နိုင်ခဲ့သည်။
အစိုးရရှေ့နေရုံးမှ ယင်းချန်းကို ရာဇဝတ်မှုဖြင့် စွဲချက်တင်တော့မည့်အချိန်တွင် ရှုနဉ်အား ဆေးရုံမှ ဖုန်းဆက်လာသည်။ဖုန်းလာသည့်အချိန်၌သူက စာပေအတန်းတက်နေချိန်ဖြစ်သည်။ယင်းမင်ကျန်းနိုးလာပြီဖြစ်ကြောင်း ဆေးရုံမှ သူ့ကို အကြောင်းကြားလာသည်။
“တကယ်လား” ရှုနဉ် ဝမ်းသာအားရဖြစ်သွားသည်။
ကျောင်းဆင်းသည်နှင့် သူအတန်းထဲက ထွက်လာပြီး ဆေးရုံသို့ အမြန်ပြေးသွားသည်။
လုံချောင်နှင့်ဝမ်ရှန်ရှန် က အချင်းချင်း ကြည့်လိုက်သည်။
“ရှုကောက ယင်းမင်ကျန်းကို နည်းနည်းလေး ကောင်းလွန်းမနေဘူးလား”
“ငါ မနာလိုဖြစ်မိတော့မယ်။”
ကျောင်းသားတချို့က ဆေးရုံရှိ ယင်းမင်ကျန်းဆီသို့ လာရောက်လည်ပတ်ခဲ့ကြသော်လည်း ဘယ်သူကမှ ရှူနဉ်ကဲ့သို့ နေ့တိုင်း မသွားကြပေ။ကံကောင်းထောက်မစွာနှင့် ဆေးရုံက အရမ်းမဝေးသောကြောင့် သွားရလာရတာ အဆင်မပြေ မဖြစ်ခဲ့ပေ။
လန်ကျိုးဆေးရုံသို့ ရောက်သည်နှင့် ရှုနဉ်က လူနာဆောင်သို့ ဓါတ်လှေကားနှင့် တက်သွားသည်။ဖွင့်ထားသည့် တံခါးတစ်ဝက်ကို ဖြတ်၍ ကုတင်ပေါ်၌ထိုင်နေသည့် ယင်းမင်ကျန်းကို သူတွေ့လိုက်သည်။ခေါင်းပေါ်၌ပါတ်တီးများ ပတ်ထားပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။သူ့ရဲ့ မျက်လုံးလှလှလေးများကို ဖွင့်ထားသည်။
ရှုနဉ်က သူ့ဆီကိုတိတ်တိတ်လေး ချဉ်းကပ်လာသည်။ သူ့မျက်လုံးများကို ယင်းမင်ကျန်းဆီမှ မခွါပဲ ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။သူအရမ်းနီးကပ်လာလျှင် ယင်းမင်ကျန်းက သူ့မျက်လုံးများက်ို ပိတ်ပစ်လိုက်မည်ကို သူကြောက်ရွံ့ နေမိသည်။
ယင်းမင်ကျန်းက သူ့ကို တိတ်တဆိတ် ပြန် စိုက်ကြည့်နေသည်။
“မင်ကျန်း မင်းနိုးလာပြီလား။”
ရှုနဉ်က စမ်းသပ်သလို မေးလိုက်သည်။
ခဏလောက်အကြာတွင်တော့ ယင်းမင်ကျန်း စကားပြောလာသည်။
“ ရှုနဉ်”
ထို စကားတစ်ခွန်းကပင် ရှုနဉ် ပျော်ရွှင်မှုကြောင့် မျက်ရည်များကျလာရန် လုံလောက်သည်။သူက အနားတိုးကာ ယင်းမင်ကျန်းကို ပွေ့ဖက်လိုက်ချင်သော်လည်း သူယင်းမင်ကျန်း အနားသို့ရောက်သွားသောအခါ သူ့ခေါင်းပေါ်ရှိ ပါတ်တီးများကို မြင်ပြီး သူ့လက်များကို အမြန်ဖယ်လိုက်သည်။
“မင်း…” သူခဏလောက် တွေဝေသွားသည်။
ထို့နောက် သူက ဆေးရုံကုတင်ရှေ့၌ရပ်ပြီးမေးလိုက်သည်။
“မင်း မသက်သာတဲ့နေရာရှိလား။”
ယင်းမင်ကျန်း ခေါင်းခါလိုက်သည်။
ပန်းသီးစားနေတဲ့ ကျိုးကျွမ်ကို ရှုနဉ်မေးလိုက်သည်။
“ဆရာဝန်က ဘာပြောသေးလဲ။”
ကျိုးကျွမ်က ဝမ်းသာအားရဖြစ်နေသည်။
“ဆရာဝန်ပြောတာတော့ ဘာပြသနာမှ မရှိဘူးတဲ့ သူအခု နိုးလာပြီဆိုတော့ အကုန်လုံးကောင်းနေပြီ။”
“တကယ်ဘာပြသနာမှ မရှိဘူးလား။” ရှုနဉ်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
ကျိုးကျွမ်က သူ့အကြည့်ကို ရှောင်လိုက်ပြီး လက်ထဲရှိကျန်နေသေးသည့်ပန်းသီးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဟုတ်တယ်။”
ရှုနဉ်က သူမဘယ်လိုအကျင့်ရှိသည်ကို သိသည်။သူက ဆေးရုံကုတင်အစွန်း၌ဝင်ထိုင်လိုက်ပြီး စိတ်ပူစွာမေးလိုက်သည်။
“ယင်းမင်ကျန်း၊ ဘာမှားနေလို့လဲ ငါ့ကို ပြောပြလို့ရမလား။”
ယင်းမင်ကျန်းက ခဏလောက် တိတ်ဆိတ်သွားသည်။ ထို့နောက် သူပြောလိုက်သည်။
“ငါမမြင်ရဘူး”
“ဘာ...”
ရှုနဉ် အံ့ဩသွားပြီး သူ့တကိုယ်လုံး တုန်ယင်လာသည်။
“မင်းမမြင်ရဘူးလား မင်းမျက်လုံးကန်းသွားတာလား။”
ရှုနဉ်က သူ့လက်ကို ယင်းမင်ကျန်း၏မျက်နှာရှေ့တွင် လှုပ်ယမ်းလိုက်သည်။
“မင်းဒါကို တွေ့ရလား။”
ထို့နောက် သူက လက်နှစ်ချောင်းထောင်လိုက်သည်။
“ငါလက်ဘယ်နှစ်ချောင်းထောင်ထားလဲ။”
သူအခန်းတွင်းသို့ဝင်လာခဲ့သည့်အချိန်က ယင်းမင်းကျန်း သူ့ကို သေသေချာချာ ကြည့်နေသည်။သူ့မျက်လုံးများက တောက်ပပြီး ကြည်လင်နေသည်။
သူဘယ်လိုလုပ် ကန်းသွားရမှာလဲ။
စိုးရိမ်မှုမီးတောက်က သူ့ရင်ဘတ်ထဲမှာ တောက်လောင်နေသည်။ယင်းမင်ကျန်းသာ တကယ်ကြီး မျက်လုံးကန်းသွားတာဆိုရင် သူအနာဂတ်မှာ ဘယ်လိုလုပ်ရပါ့မလဲ။သူက ဆယ့်ငါးနှစ်ပဲရှိသေးသည်။တစ်သက်လုံး မျက်စိမမြင်ဘဲ ဘယ်လိုနေရပါ့မလဲ။
“နှစ်ချောင်း” ယင်းမင်ကျန်းက ပြောလိုက်သည်။
ရှုနဉ် အံ့ဩသွားပြီး လက်လေးချောင်းထောင်လိုက်သည်။
”လက်ဘယ်နှစ်ချောင်းလဲ။”
“လေးချောင်း”
“မင်းမြင်ရတယ်။” ရှုနဉ် အရမ်းအံ့ဩသွားသည်။
ယင်းမင်ကျန်းက ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။”
“မင်းပြောတော့ မင်းမမြင်နိုင်တော့ဘူးဆို “
ရှုနဉ်က သူ့မျက်နှာကို လက်ဖြင့် ဖုံးလိုက်သည်။
သူ့မျက်သားများ နီရဲလာပြီး
“ ငါ ထင်လိုက်တာက …..”
“ငါအရောင်တွေကို မမြင်နိုင်ဘူး”
ယင်းမင်ကျန်းက ထပ်ပြောလိုက်သည်။
ရှုနဉ်က မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်။
”ဘာ”
ယင်းမင်ကျန်းက ဖြေးဖြေးချင်းပြောလာသည်။
“ငါဘာအရောင်ကိုမှ မမြင်ရဘူး။”
သူ့မျက်လုံးတွေထဲမှာ အဖြူနှင့်အနက်သာရှိသည်။
ကမ္ဘာကြီးက အရင်ကလို အရောင်အသွေးစုံလင်စွာဖြင့် ခမ်းနားမှု မရှိတော့ပေ။
ရှုနဉ် ပြောစရာ စကားမရှိတော့ပေ။ အကယ်၍သူဆုံးရှုံးလိုက်ရသည့် တစ်ခုတည်းသောအရာက အရောင်များကို မြင်နိုင်စွမ်း သာ ဖြစ်လျှင် ၎င်းကို “ပြင်းထန်သောဒဏ်ရာ” ဟု စွဲချက်တင်ရန် ခက်ခဲမည်ဖြစ်သည်။
ယင်းချန်း ထောင်ကျရန် မသေချာတော့ပေ။သို့သော်လည်း ယင်းမင်ကျန်းက အလွန်ကြမ်းတမ်းသည့် အခြေအနေကို ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ အရောင် အမြင်အာရုံတစ်ခုတည်းသာ ဆုံရှုံးခဲ့ရသည်မှာ အလွန်ကံကောင်းနေပြီ ဖြစ်သည်။ထိုဟာကပဲ ဝမ်းသာစရာကောင်းနေပါပြီ။
“တခြားပြသနာရော ရှိသေးလား စကားလုံးတွေကိုရော မင်းမှတ်နိုင်သေးလား မှတ်ဉာဏ်ပျောက်နေတာတွေရော ရှိသေးလား။”
ယင်းမင်ကျန်းခေါင်းခါလိုက်သည်။”
အကုန်လုံးအဆင်ပြေပါတယ်။”
ရှုနဉ်အရမ်းပျော်သွားပြီး ငိုလိုက်သည်။သူ့မျက်ရည်တွေကို မြန်မြန်သုတ်ပြီး ပြုံးပြလိုက်သည်။
“ကောင်းတာပေါ့ ကောင်းတာပေါ့။”
ယင်းမင်ကျန်း ပေါ့ပါးစွာပြုံးလိုက်သည်။ သူ့ရဲ့ အရောင်အမြင်အာရုံ ဆုံးရှုံးရုံတင်မကဘဲ သူ့ဦးနှောက်မှာလဲ အပြောင်းအလဲတွေရှိခဲ့သည်။
ထို့အပြင် သူICUထဲ၌ရှိနေသည့် အချိန်ကထဲက သူနိုးနေခဲ့သည်။ယင်းချန်းနှင့် ကျိုးကျွမ်တို့က သူ့ကိုစွန့်ပစ်ထားခဲ့တာကိုလဲ သူသိ၏။
__
xxxxxxxx