အပိုင်း ၂၈
Viewers 9k

Chapter 28

( ချန်ဟွေ့ ဘာပြောခဲ့တာလဲ)


__



“မင်းနိုးလာတာ ကောင်းတဲ့အရာပဲ” 


သူ့ဆေးရုံကုတင်ဘေးမှအဖွားက ပျော်ရွှင်စွာ ပြောသည်။


“ယင်းမင်ကျန်း ဒီမှာရှိနေတဲ့ မင်းရဲ့အတန်းဖော်ကို တကယ်ကျေးဇူးတင်ရမယ် သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် မင်းဘယ်အချိန်မှနိုးလာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။”


သူမက ကျိုးကျွမ်ကို အဓိပ္ပါယ်အပြည့် ပါသောအကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။


“တချို့သူတွေကတော့ မိဘဖြစ်ဖို့ တကယ့်ကို မထိုက်တန်ကြဘူး ရိုးရိုးသားသားပြောရရင် ဒီနိုင်ငံမှာ မိဘဖြစ်ချင်တဲ့သူတွေကို စမ်းသပ်ချက်လုပ်ဖို့တောင်လိုနေပြီ ဒီနည်းသုံးမှ အရည်အချင်းပြည့်ဝတဲ့သူတွေပဲ မိဘဖြစ်လာနိုင်မှာလေ တချို့မိဘတွေလိုမျိုး သားသမီးကို ဟိုဘက်ဒီဘက် စွန့်ပစ်တတ်တဲ့ သူတွေသာများလာရင် ငါတို့နိုင်ငံတော့ ဘယ်လိုတွေဖြစ်လာမလဲမသိဘူး”


သူမပြောတာကို ကြားလိုက်သောအခါ ကျိုးကျွမ် ရှက်သွားသည်။


ယင်းချန်း သန့်စင်ခန်းမှ ပြန်လာချိန်၌ အဖွား ထောက်ပြမှတ်ချက်ပေးနေသည်များကို ကြားလိုက်ရပြီး ဒေါသတကြီးပြောလိုက်သည်။


“ခင်ဗျားကိစ္စ ဘာပါလို့လဲ”


ဆေးရုံခန်းအတွင်း၌ ဆေးရုံကုတင် သုံးလုံးရှိသည်။သုံးခုမြောက်ကုတင်ပေါ်ရှိ ဦးလေးကြီးကလဲ ဝင်ပြောလိုက်သည်။


“ဘာလဲ ငါတို့က အမှန်တရားကို မပြောရတော့ဘူးလား”


ယင်းချန်းက မသိချင်ယောင်ဆောင်နေလိုက်သည်။


ကျိုးကျွမ်၏မျက်နှာက အရှက်တရားဖြင့် လောင်မြိုက်နေသည်။


လူတိုင်းက သူ့ကိုလေးလေးနက်နက် စိုက်ကြည့်နေကြသောကြောင့် ယင်းချန်းက အော်ပြောလိုက်သည်။


“သူက ငါ့ကလေးလဲ မဟုတ်ဘူး ငါနေ့တိုင်း ဆေးရုံကိုလာပြီး သူ့ကို ပြုစုပေးနေတာပဲ တော်လှပြီ မင်းတို့က ငါ့ကို ဘာလုပ်စေချင်တာလဲ။”


ကျိုးကျွမ်က ယင်းချန်းပြောတာကိုကြားလိုက်သည်နှင့် ယင်းမင်ကျန်းကို အမြန် ရှင်းပြလိုက်သည်။


“မင်ကျန်း၊မင်းကိုငါ ပြောစရာရှိတယ် မင်းက ငါတို့ရဲ့သားအရင်းမဟုတ်ဘူး မင်းကိုမွေးစားထားတာပါ။”


ရှုနဉ်က ကျိုးကျွမ်ကို မျက်စောင်းထိုး လိုက်သည်။ သူအံကိုကြိတ်ပြီး ပြောလိုက်သည်။


“မင်ကျန်းက အခုမှ နိုးလာတာလေ ခင်ဗျားက အခုပဲ သူ့ကိုစိတ်ပျက်အောင်လုပ်မလို့လား”


ထို့နောက် သူက ယင်းမင်ကျန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။သို့သော်လည်း ယင်းမင်ကျန်းက ထိုသတင်းကို လုံးဝ ဂရုမစိုက်ပုံရသည်။သူနိုးလာသည့် အချိန်ကထဲက အမူအရာပြောင်းလဲမှု အများကြီးကို မဖော်ပြခဲ့ပေ။


ရှုနဉ် ရင်တုန်သွားသည်။သူ့ဦးနှောက်ရဲ့ ခံစားချက်ဖော်ပြတဲ့နေရာများ ထိခိုက်သွားတာလား။


ယင်းချန်းနှင့်ကျိုးကျွမ်တို့ကလည်း ယင်းမင်ကျန်း၏အမူအရာကို စောင့်ကြည့်နေကြသည်။ သူတို့ကြည့်နေစဉ်မှာပဲ ယင်းမင်ကျန်းက ဝမ်းနည်းမှု ၊ဒေါသ၊ထိတ်လန့်မှု စသည့်အမူအရာများကို မဖော်ပြကြောင်း သတိပြုမိလိုက်ကြသည်။သူ့မျက်နှာပေါ်၌ အမူအရာ တစ်ခုလေးပင် မရှိဘဲ ဆေးရုံကုတင်ကို ကျောမှီ၍ ထိုင်နေသည်။ သူတို့ ဇဝေဇဝါ ဖြစ်သွားကြသည်။


“သူက တကယ်ကြီး ကျပ်မပြည့် ဖြစ်သွားတာလား”ယင်းချန်းက သူ့ဟာသူ ရေရွတ် ပြောဆိုလိုက်သည်။


ကျိုးကျွမ်က သူ့ခါးကို ဆိတ်ဆွဲပြီး သူမ မျက်လုံးဖြင့် အချက်ပြလိုက်သည်။


“အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ မင်ကျန်းက အကုန်လုံးကောင်းတယ် ဘာပြသနာမှ မရှိဘူး။”


နောက်ဆုံးတော့ ယင်းချန်းလည်းအချက်ပြမှုကို နားလည်သွားသည်။ ယင်းမင်ကျန်းသာ အမှန်တကယ် စိတ်ကျန်းမာရေး ချို့ယွင်းသွားပါက သူထောင်ကျပေလိမ့်မည်။ထို့ကြောင့် သူအမြန် ပါးစပ်ပိတ်နေလိုက်သည်။


ရှုနဉ်က ယင်းချန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။


ယင်းချန်းက ထိုသို့စိုက်ကြည့်ခံရသောကြောင့် မသက်မသာ ခံစားလိုက်ရပြီး သူ့အသံကို မြှင့်၍ပြောလိုက်သည်။


“မင်းက ဘာတွေလာကြည့်နေတာလဲ ဟမ် ၊ ယင်းမင်ကျန်း ကောင်းနေပြီဆိုတာ မင်းလဲ တွေ့နေရတာပဲ သူက မင်းသူ့အတွက် စိတ်ပူပေးနေတာကို မလိုဘူး ငါလည်းထောင်ကျမှာမဟုတ်ဘူး အခုကစပြီးတော့ မင်းကိစ္စတွေကိုပဲ မင်းအာရုံစိုက်လို့ရပြီ။”


ယင်းမင်ကျန်းက သူ့မျက်လုံးတွေကို ဖြေးဖြေးချင်းမှိတ်လိုက်သည်။


“မဆူကြနဲ့တော့”


အခု ယင်းမင်ကျန်း နိုးလာပြီဆိုတာ သေချာတော့ ယင်းချန်းက ပြောလိုက်သည်။


“ငါအိမ်ပြန်တော့မယ် ကျိုးကျွမ် မင်းလဲ မြန်မြန်လာပြီး အလုပ်ပြန်သွားတော့ ကျပ်မ..ခွေးကောင်လေး အနားမှာပဲ ဂရုစိုက်ပေးဖို့တွယ်ကပ်မနေနဲ့တော့။”


ကျိုးကျွမ်က ထရပ်ပြီး ပြောလိုက်သည်။


“ကောင်းပြီလေ ငါဆေးရုံဆင်းဖို့ လိုအပ်တာတွေ ပြင်ဆင်လိုက်မယ်။”


ရှုနဉ်က သူမကို အမြန်တားလိုက်သည်။


“မင်ကျန်းက အခုမှနိုးလာတာလေ ခင်ဗျားက သူ့ကိုဘာလို့ ဆေးရုံဆင်းခိုင်းမှာလဲ။”


ကျိုးကျွမ်က တုံ့ဆိုင်းသွားသည်။


“ဒါပေမဲ့ ငါက အလုပ်လုပ်ရဦးမှာလေ သူ့ကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး။”


ရှုနဉ် သူ့ဒေါသများကို ဗိုက်ထဲသို့ မျိုချလိုက်သည်။


“ခင်ဗျား သူ့ကို စောင့်ရှောက်ပေးဖို့ မလိုပါဘူး ခင်ဗျား ပိုက်ဆံပေးဖို့လဲ မလိုဘူး ဟုတ်တယ်မလား ကျွန်တော်ပဲ ကိုင်တွယ်လိုက်မယ်။”


ထိုအရာကပဲ ကျိုးကျွမ် အတိအကျ လိုအပ်နေသည့်အရာ ဖြစ်သည်။သူမက အပြုံးကလေးနှင် ပြောလိုက်သည်။


“ရှုနဉ်၊ ကျေးဇူးတင်ပါတယ်”


သူတို့စကားပြောပြီးသည်နှင့် သူမက ယင်းချန်းနှင့်အတူ ဆေးရုံမှ ထွက်ခွာသွားသည်။


သူတို့နှစ်ယောက်လုံးထွက်သွားသည်နှင့် ယင်းမင်ကျန်းစိတ်ပျက်သွားမည်ကို ရှုနဉ် စိတ်ပူသွားသည်။ သူက ကုတင်ဘေးအစွန်းတွင် ဝင်ထိုင်လိုက်ပြီး လိမ္မော်သီးတစ်လုံးကို ယူ၍အခွံခွါလိုက်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


“သူတို့စကားတွေကို စိတ်ထဲထားမနေပါနဲ့ မင်းအမေ ၊သူမ က တကယ့်ကို အလုပ်ရှုပ်နေလို့ပါ”


ယင်းမင်ကျန်း မျက်လုံးဖွင့် မလာပေ။


ယင်းမင်ကျန်းက သူ့အမေကို အရမ်း ချစ်ခင်မှန်း သူသိသည်။ သူ အမှန်တရားကို လက်မခံနိုင်မည်ကို စိုးရိမ်သည့်အတွက် သူမအပေါ် သူ့ရဲ့ ရွံရှာမှုတွေကို ဖုံးကွယ်ထားလိုက်သည်။


”သူမက မင်းကို အရမ်းဂရုစိုက်ပါတယ်။”


ယင်းမင်ကျန်းက သူ့မျက်လုံးတွေမှိတ်ထားပေမဲ့ တကယ်ကြီး အိပ်မပျော်သေးပေ။သူ့ခေါင်းကိုက်နေတုန်းဖြစ်ပြီး သူ့ ခေါင်းရှိ တချို့နေရာများက ယောင်ယမ်းနာကျင်နေသည်။ယင်းချန်းနှင့် ကျိုးကျွမ်၏စကားများက သူ့ကို လုံးဝမတုန်လှုပ်စေချေ။သူ ICU ခန်းမှာရှိနေစဉ်က သူနာပြုများက သူ့ရှေ့တွင်ပြောနေခဲ့ကြသည်။သူတို့က လူတိုင်းကို သူဟာ သူတို့၏သားအရင်းမဟုတ်ကြောင်း ပြောခဲ့ပြီး သူ့ကို မည်သို့ဆက်ဆံသည်ဆိုတာကိုပါ သူသိနေခဲ့ပြီးပြီဖြစ်သည်။ရှုနဉ်က သူ့အတွက် ပိုက်ဆံစုဆောင်းရန် နေရာအနှံ့လျှောက်သွားနေတာကိုလဲ သူသိနေခဲ့ပြီး ဖြစ်သည်။


သူ အထွေထွေ လူနာဆောင်သို့ ပြောင်းရသည့်အခါတွင်လည်း သူကို စောင့်ရှောက်ပေးနေသည့်သူမှာ ရှုနဉ်သာဖြစ်သည်။နောက်ပိုင်းတွင်တော့ ကျိုးကျွမ်ပေါ်လာသည်။သူမက သူ့ကုတင်ဘေးတွင် အမြဲငိုနေတတ်သော်လည်း သူမပြောသည့်စကားများက သူ့နှလုံးသားကို အေးစက်သွားစေ၏။


“မင်ကျန်း၊ ကျေးဇူးပြုပြီး နိုးလာပါတော့ မင်း မနိုးလားဘူးဆိုရင် မင်းအဖေ ထောင်ကျလိမ့်မယ်”


တခြားလူနာများနှင့် သူတို့၏ မိသားစုဝင်များ ပြောဆိုနေကြသည့်စကားဝိုင်းမှတစ်ဆင့် ရှုနဉ်က ယင်းချန်းကို ရဲတိုင်ထားကြောင်း သူသိလိုက်ရသည်။အကယ်၍ သူသာနိုးမလာဘူးဆိုလျှင် ယင်းချန်းက အဖမ်းခံပြီး ထောင်ကျမည်ဖြစ်သည်။


သူဆေးရုံသို့ရောက်လာရသည့် အကြောင်းရင်းတစ်ခုလုံးက ကျိုးကျွမ်ကို ကာကွယ်ရန် အတွက် ဖြစ်သည်။


သူ ဘယ်တုန်းကမှ သူ့အပေါ်ထားသည့် ကျိုးကျွမ်ရဲ့ အချစ်ကို သံသယမဝင်ခဲ့ဘူးပေ။သို့သော်လည်း ဆေးရုံသို့ရောက်ပြီး ရက်အနည်းငယ်အကြာတွင်တော့ သူစတင်ပြီး မသေမချာဖြစ်လာသည်။


ကျိုးကျွမ်သူ့ကို စောင့်ရှောက်ခဲ့သည့်နှစ်ရက်အတွင်း သူမက သူ့ကို ရှုနဉ်လောက်တောင် အာရုံမစိုက်ခဲ့ပေ။


လူတစ်ယောက် သင့်အပေါ် ကောင်းသည် ဆိုးသည်ကို နှိုင်းယှဉ်ကြည့်လိုက်မှသာ သိလာမည်ဖြစ်သည်။အသေးစိတ်အချက်များမှ တဆင့် သိသာလာနိုင်ပေသည်။


သူက မွေးစားသားဖြစ်နေလို့များလား...


ယင်းမင်ကျန်းနားမလည်နိုင်ခဲ့ဘူး...


သူကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ရသည်။ သူမလှုပ်နိုင် စကားမပြောနိုင်ဖြစ်နေတာကိုပဲ ကျေးဇူးတင်ရမည်။မဟုတ်ပါက သူဘာလုပ်ရမလဲ တကယ်မသိပေ။


မလှုပ်ရှားနိုင်သည့်ကာလအတွင်း သူ့တွင် စူးစမ်းလေ့လာပြီး တွေးတောရန် အချိန် အများကြီး ရှိလာခဲ့သည်။နောက်ဆုံးတွင်တော့ သူအဖြေတစ်ခုရလာခဲ့သည်။ 


သူ့အမေက သူ့ကိုမချစ်ဘူး...


သို့ပေမဲ့ မတိုင်ခင်လေးကမှ သူရလာခဲ့တဲ့ နွေးထွေးမှုလေးကရော။ အတုအယောင်ပဲလား။


ဒါမှမဟုတ် သူက သူတို့ရဲ့သားအရင်းမဟုတ်တာကြောင့် အခုလို ပစ်ချထားခဲ့ရတာလား...


သူတို့သာ သူ့ကို သဘောမကျဘူးဆိုရင် ဘာလို့ အစကထဲက သူ့ကိုမွေးစားခဲ့ရတာလဲ...


ယင်းမင်ကျန်း၏စိတ်က ရှုပ်ထွေးနေသည်။


ရုတ်တရက်ကြီး သူ့ဘေးမှာ လှုပ်သွားသည်။ ထိုဟာက သူ့ဆီးအိတ်ကို ရှုနဉ် လဲပေးနေခြင်းဖြစ်သည်။ယင်းမင်ကျန်း ငြိမ်နေလိုက်သည်။


ရှုနဉ်ကလည်း ဘာတွေဖြစ်နေတာလဲ...


သူ့ရဲ့မွေးစားမိဘတွတောင် သူ့ကိုလက်လျော့လိုက်ပြီပဲ ရှုနဉ်က ဘာလို့ သူ့ကို ဂရုစိုက်ပေးနေရသေးတာလဲ ...


သူ့မှာ ဘာရည်ရွယ်ချက်ရှိလို့လဲ...


ယင်းမင်ကျန်း နားမလည်နိုင်တော့‌ေပ။


သူက ကျိုးကျွမ်ကိုရော ရှုနဉ်ကိုပါ နားမလည်နိုင်တော့ပေ။


သူ့ကမ္ဘာကြီးက ပြိုလဲသွားပြီးနောက် သူ့အလိုလို ပြန်လည် တည်ဆောက်နေရသည်။ရင့်ကျက်လာဖို့ တွန်းအားပေးခံရပြီး ရင့်ကျက်လိုစိတ်လည်း ထက်သန်နေသည်။


သူ့အမေကိုပဲ လိုချင်နေသည့် ကလေးတစ်ယောက်လိုနေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သူပထမဆုံးအကြိမ်အဖြစ် နားလည်လိုက်သည်။


ဘာကြောင့်လဲဆိုတော့ သူ့မှာ အမေဆိုတာ ထပ်မရှိတော့လို့ပဲ...


သူ အရွယ်ရောက် ကြီးပျင်းလာမှ ဖြစ်မယ်...


ရှုနဉ်က ယင်းမင်ကျန်းကိုပြုစုဖို့ ဆေးရုံမှာ မနေခဲ့ချေ။ယင်းမင်ကျန်းရဲ့ ဆွေမျိုးရင်းချာလည်း မဟုတ်တာကြောင့် အချိန်အကြာကြီးတွယ်ကပ်နေလို့ မသင့်တော်သလို သူ့ကို ကောင်းပေးသည့် သူ့မိဘတွေကို တခြားသူကြောင့် စိတ်မထိခိုက်စေချင်ပေ။


သူက ဗီလိန်လေးကို ကယ်တင်ချင်တာကြောင့် ဝတ္တုထဲကို ကူးပြောင်းလာခဲ့တာဖြစ်သော်လည်း ထိုအရာက ရှုနဉ်၏ရည်ရွယ်ချက် တစ်ခုလုံးတော့ မဟုတ်ပေ။


ယခုကမ္ဘာတွင် ရှုနဉ်၌ မိဘနှင့်ဆွေမျိုးများရှိသည်။ယင်းမင်ကျန်းအတွက်တည်းကြောင့်ဖြင့် သူက ထိုသူများကို လျစ်လျူရှု မထားနိုင်ချေ။


သူ့မိဘတွေ ဆန္ဒရှိသည့်အတိုင်း သူက ကျောင်းသွားပြီး ယင်းမင်ကျန်းကို စောင့်ရှောက်ရန် လူနာစောင့် ငှါးပေးထားမည်ဖြစ်သည်။သူကျောင်းဆင်းသည့်အချိန်ရောက်မှသာ ယင်းမင်ကျန်းအနားသို့ လာမည်ဖြစ်သည်။အခန်းမျှသုံးခြင်းက သူ့အနားယူမှုကို အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် ရှုနဉ်က တစ်ယောက်အခန်းယူရန် ဖောင်တင်ထားလိုက်သည်။


ထိုနည်းလမ်းဖြင့် ယင်းမင်ကျန်းက သူအလိုရှိသလောက် ကောင်းကောင်း အိပ်နိုင်မည်ဖြစ်သည်။


သူနိုးလာသည့်အခါတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ရန်အတွက် အိပ်ယာမှထကာ သူ့စိတ်ကြိုက်လှုပ်ရှား နိုင်မည်ဖြစ်သည်။


ကျောင်းဆင်းပြီးနောက် ရှုနဉ်က ယင်းမင်ကျန်းကို ကူညီကာ ဆေးရုံလျှောက်လမ်း၌ ဖြေးဖြေးချင်း လမ်းလျှောက်ပေးနေသည်။ သူတို့လမ်းလျှောက်နေစဉ်အတွင်း ရှုနဉ်က ယင်းမင်ကျန်းကို ကျောင်းမှ စိတ်ဝင်စားစရာ အဖြစ်အပျက်များကို ပြောပြနေ၏။


ကျောင်းဖိုရမ်ပေါ်မှ သူ့(YMZ)အကြောင်း ပို့စ် တချို့ကိုလည်း ပြနေသည်။သူက ယင်းမင်ကျန်းကို ဂရုချက်မှ စာများ၊လှုဒါန်းမှုများနှင့် အရာအားလုံးကို ကို ပြောပြခဲ့သည်။


”ငါတို့ ဆရာတွေနဲ့ အတန်းဖော်တွေအကုန်လုံးက မင်းကိုအရမ်းသတိရနေကြတယ်”


“ကမ္ဘာကြီးက အရမ်းကို ကောင်းတဲ့နေရာပဲ”


“လူတိုင်းက မင်းဖြစ်ပျက်ခဲ့တာတွေကို ကိုယ်ချင်းစာနေကြတယ်”


“မင်း ဖောက်ထွင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ ကိစ္စကိုလဲ ဖြေရှင်းပြီးသွားပြီ”


ယင်းမင်ကျန်းက ရပ်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။


သူ ဝိတ်အများကြီး ကျသွားသည်။ သူက နဂိုကထဲက ပိန်သော်လည်း ယခုတော့ လေတိုက်လျှင်ပင် လဲသွားတော့မလို ဖြစ်နေသည်။ဆေးရုံအပြင်ဘက်ဝန်းတွင် မိုးဖွဲဖွဲလေး ရွာနေသည်။ဆောင်းဦးရဲ့ကောင်းကင်ကြီးက မှောင်မဲနေပြီး ခုနှစ်နာရီ မထိုးသေးခင်မှာပဲ မှောင်စပျိုးလာပြီ ဖြစ်သည်။ဆေးရုံလျှောက်လမ်းတွင် တောက်ပနေသည့်မီးရောင်များ ထွန်းထားသည်။နူးညံ့သည့် မီးရောင်များက ကျလာသည့် မိုးရေစက်များကို ထိသွားပြီး အလင်းပြန်နေသည်။


ကောင်လေးရဲ့ မျက်နှာက ဖြူဖျော့ပြီးနူးညံ့သည်။သူ့မျက်လုံးတွေက ညကောင်းကင်ရဲ့ အရောင်လို နက်ရှိုင်းပြီးအေးချမ်းနေကာ သူ့နောက်တွင် မိုးဖွဲလေးများက အဆက်မပြတ် ရွာသွန်းနေကြသည်။


ရှုနဉ်က သူဘာမေးချင်တာလဲ ဆိုတာကို သိတာကြောင့် ပြုံးပြီးဖြေလိုက်သည်။


”ချန်ဟွေ့ရဲ့ ဇနီးဟောင်း အားလုံက ချန်ဟွေ့က ကလေးသူငယ်တွေကို လိင်စိတ်တပ်မက်သူဆိုတာ ပြောပြခဲ့တယ် ရက်ကွက် ဂရုချက်ထဲက လူတိုင်းသိသွားပြီးတော့ ခေါင်းစဉ်က မင်းဆီကို တနည်းနည်းနဲ့ဦးတည်ပြီး အဆုံးသတ်သွားတယ်။”


ယင်းမင်ကျန်းခေါင်းငုံ့လိုက်တော့ သူ့မျက်တောင်တွေရဲ့အရိပ်က သူ့ပါးပေါ်ကိုဖြာဆင်းသွားသည်။


“တကယ်လဲ ငါမင်းနဲ့ ချန်ဟွေ့ကို စူပါမားကပ်မှာ တစ်ခါတွေ့ဖူးပြီး မင်းတို့ပြောနေတာကို နည်းနည်းလောက်ကြားခဲ့ရတယ် မင်းက တကယ့်ကို ခံရသူဆိုတာကို ငါသဘောပေါက်သွားလို့ သူတို့ကို နည်းနည်းလောက် ပြောပြခဲ့တယ် ချန်ဟွေ့က မင်းကိုကျောင်းမှာလာနှောင့်ယှက်တဲ့ ဗီဒီယိုကိုလဲ တစ်ယောက်ယောက်က ရိုက်ထားပေးလို့ ငါသူတို့ကို ပို့လိုက်တယ် အခုတော့ လူတိုင်းက မင်းကို အရင်တုန်းက မှားယွင်းစွပ်စွဲခဲ့မိတယ်ဆိုတာကို သိသွားကြပြီ။”


ရွှေရောင်ဆံပင်နှင့်ကောင်လေးက မသက်မသာခံစားလိုက်ပြီး သူ့မျက်တောင်များကို တဖျတ်ဖျတ်ခတ်ရင်း မေးလိုက်သည်။


“မင်းငါ့ကို မပြစ်မတင်ဘူးမဟုတ်လား ဘယ်လိုလုပ်မှာလဲ”


ထို ဆေးရုံအလွှာတွင် ဦးခေါင်းဒဏ်ရာဖြင့် လူနာများနှင့် ပြည့်နေသည်။လူနာများနှင့် သူတို့၏မိသားစုဝင်များက အလွန်တိတိဆိတိနေကြသည်။လျှောက်လမ်းမှာ လူအများကြီး ရှိမနေချေ။သူတို့နားတွင်ရှိသည့်တစ်ဦးတည်းသောသူက ဆေးများ တစ်ခါသုံးပစ္စည်းများနှင့်ပြည့်နေသည့် လက်တွန်းလှည်းကိုတွန်းကာ လျှောက်လမ်းတလျှောက် ဆူညံသံပေး၍တဟုန်ထိုး ဖြတ်လျှောက်သွားသည့် သူနာပြုဆရာမသာဖြစ်သည်။


“မတင်ပါဘူး”သူပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။


ရှုနဉ်ခေါင်းမော့လိုက်ကြည့်လိုက်သည့်အခါ ကောင်လေးရဲ့ ပိန်ပါးတဲ့မေးရိုးကို တွေ့လိုက်ရသည်။


ထူးဆန်းလိုက်တာ...သူ မတွေ့ရတဲ့ အချိန်လေးအတွင်းမှာပဲ ယင်းမင်ကျန်းကိုကြည့်ရတာ ပိုပြီးအရပ်ရှည်လာပုံပဲ။


အခုလိုဒဏ်ရာအပြင်းအထန် ရပြီးတာတောင်မှ သူက အရပ်ရှည်လာနိုင်သေးတာလား။


သူက သေချာပေါက် အရမ်းကို တက်ကြွနေသည်။ယင်းကပဲ သူအမြန်ပြန်ကောင်းလာသည့် အကြောင်းပြချက်ဖြစ်နိုင်သည်။


ရှုနဉ်က သူ့အခြေအနေကို ဆရာဝန်အား မေးခဲ့သည်။ယင်းမင်ကျန်းက ယခု ကြည့်ရတာ ကောင်းနေပုံပေါ်သော်လည်း ဦးနှောက် ဆိုသည်မှာ အရမ်း သိမ်မွေ့သည့်အရာဖြစ်သောကြောင့် တချို့ပြသနာများကိုဖြေရှင်းရန် အချိန်ယူရမည့်အတွက် နည်းနည်း ကြာကြာလေး စောင့်ကြည့်ရန် အချိန်လိုဦးမည်ဖြစ်သည်။


ရှုနဉ်က ဆရာဝန်ပြောသမျှ အရာအားလုံးကို ဂရုတစိုက် မှတ်ထားသည်။


တိတ်ဆိတ်နေသည့်လျှောက်လမ်း၊ဖွဲဖွဲလေးရွာနေသည့်မိုး၊တောက်ပနေသည့် မီးရောင်အောက်တွင် လူငယ်လေးနှစ်ဦးက တစ်ဦးကိုတစ်ဦး အမှီသဟဲပြုကာ ဆေးရုံခန်းအတွင်းသို့ ဖြေးဖြေးချင်းလျှောက်လာနေကြသည်။ယနေ့တွင် ယင်းမင်ကျန်းက ဆေးသောက်ပြီးနောက် အိပ်ပျော်သွားသည်။ရှုနဉ်က လျှပ်စစ်ရေနွေးအိုးကို ယူပြီး ရေဖြည့်ရန် ရေပန်းဆီသို့ထွက်လာခဲ့သည်။ရေဖြည့်ပြီးပြန်ယူလာသည့်အချိန်က ဆယ်မိနစ်ထပ် မပိုပေ။ သို့သော်လည်း သူအခန်းထဲသို့ပြရောက်သည့်အခါ အခန်းတံခါးက အနည်းငယ်ဟနေတာကို တွေ့လိုက်ရသည်။


သူခဏရပ်လိုက်သည်။ထို့နောက် သူတံခါးကိုတွန်းဖွင့်လိုက်ပြီး ၀င်လိုက်ချိန်တွင်အမဲရောင်ဂျက်ကပ်ဝတ်ထားသည့်လူတစ်ယောက်က ဆေးရုံကုတင်ဘေး၌ရပ်နေတာကို တွေ့လိုက်ရသည်။ထိုသူက ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ သူ့လက်နှစ်ဖက်ဖြင့် ယင်းမင်းကျန်း၏လည်ပင်းကို ညှစ်ထားသည်။


“ဘယ်သူလဲ။”


ရှုနဉ် စိတ်လွတ်သွားသည်။ သူရှေ့သို့အမြန်ပြေးသွားပြီး လျှပ်စစ် ရေနွးအိုးဖြင့် ထိုသူ၏ကျောကို ရိုက်နှက်လိုက်သည်။ထိုသူက ယင်းမင်ကျန်းကို လွှတ်ပြီး နောက်လှည့် ကြည့်လိုက်သည်။


ဂျာကင်အင်္ကျိီရဲ့ခေါင်းစွပ်က လျောကျသွားပြီး နူးညံ့သည်ဟုထင်ရသည့် သာမန်မျက်နှာတစ်ခု ပေါ်ထွက်လာသည်။


ရှုနဉ်မျက်လုံးပြူးသွားသည်။ “ချန်ဟွေ့”


ချန်ဟွေ့က သူ့ကိုတွန်းထုတ်ပြီး တံခါးဆီသို့ပြေးကာ သော့ပိတ်လိုက်သည်။ရှုနဉ်က နံရံပေါ်တွင်ကပ်ထားသည့် တီဗီကိုယူပြီး သူ့ဆီပစ်ပေါက်လိုက်သည်။တီဗီ ထောင့်စွန်းနှင့် သူ့မျက်နှာကို ခြစ်မိသွားပြီး နာကျင်သွားသည်။


ရှုနဉ်က လျှပ်စစ်ရေနွေးအိုးကိုဖွင့်ပြီး ရေပူများကို ချန်ဟွေ့၏ကျောဆီသို့ ပက်လိုက်သည်။


ထူထဲသည့် အင်္ကျီက အပူအများစုကို ကာဆီးပေးပြီး အဖြူရောင်အငွေ့များထွက်လာသည်။ရေပူတချို့

က ချန်ဟွေ့လက်ပေါ်သို့ စင်သွားသည်။ချန်ဟွေ့က အော်ဟစ်ပြီး အခန်းတွင်းမှ အမြန်ပြေးထွက်သွားသည်။


ရှုနဉ်က သူ့နောက်မှပြေးလိုက်ပြီး အော်ဟစ်လိုက်သည်။


“တစ်ယောက် ယောက် ကူညီကြပါဦး သူ့ကိုဖမ်းပေးကြပါ။”


ချန်ဟွေ့က အမြန်ပြေးထွက်သွားသည်။




xxxxxx