အပိုင်း ၂၉
Viewers 9k

Chapter 29

ယင်းချန်း လူသတ်မှုကျူးလွန်ခဲ့တယ်



ရှုနဉ်က သူချန်ဟွေ့ကို ဖမ်းမမိနိုင်ဘူးဆိုတာကို တွေ့လိုက်သည့်အခါ ယင်းမင်ကျန်း၏အခြေအနေကို စစ်ဆေးရန် ဆေးရုံခန်းဘက်သို့ ပြန်လှည့်လိုက်သည်။


ယင်းမင်ကျန်းက သူ့လည်ပင်းကို ပွတ်ရင်း ချောင်းဆိုးနေရင်း သူ့မျက်နှာမှာ အနီစက်တွေပေါ်လာသည်။


“မင်ကျန်း မင်းအဆင်ပြေရဲ့လား”ရှုနဉ်က သူနာပြုကိုခေါ်သည့် ခလုတ်ကို ဖိထားပြီး ထပ်ခါထပ်ခါ နှိပ်နေသည်။


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။သူ့မျက်လုံးများက ချောင်းဆိုးထားရသောကြောင့် မျက်ရည်ဝဲနေသည်။သူက နုနယ်သည့် elf (နတ်သူငယ်)တစ်ကောင်ကဲ့သို့ လှပလွန်းနေ၏။


“အဆင်ပြေပါတယ်”သူကတိုးတိုးလေးဖြေလိုက်သည်။


“ငါ မနာပါဘူး”


ရှုနဉ်က ဖိထားသည့်ခလုတ်ကို လွှတ်လိုက်သည်။ သူခေါင်းငိုက်စိုက်ကျသွားပြီး ပြောလိုက်သည်။


“ငါတောင်းပန်ပါတယ်”


ယင်းမင်ကျန်း၏မျက်လုံးများက ရှုပ်ထွေးမှုကိုဖော်ပြနေသည်။


”ဘာလို့တောင်းပန်တာလဲ။”


ရှုနဉ်ကပြောလိုက်သည်။


”ငါမင်းကိုကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ဘူး။”


ယင်းမင်ကျန်းက စကားမပြောဘဲ ရှုနဉ်ကိုသာစိုက်ကြည့်နေသည်။ခဏအကြာ၌ သူပြောလိုက်သည်။


“မင်းငါ့ကိုဂရုစိုက်ပေးစရာမလိုပါဘူး ငါတို့က အတန်းဖော်တွေပဲလေ”


ရှုနဉ် အံ့အားသင့်သွားသည်။ ထို့နောက် သူခေါင်းငုံပြီး ကုတင်အစွန်း၌ တိတ်တိတ်လေးထိုင်လိုက်သည်။


အရင်ကလည်း ယင်းမင်ကျန်းက သူနှင့် စကားအများကြီးမပြောပေ။အခုတော့ ရှုနဉ်က “အတန်းဖော်ပဲ” ဟု သူပြောလာပြီဖြစ်သည်။ 


ထိုအရာက ရှုနဉ် သူ့ကို ဂရုစိုက်တာကိုမလိုချင်တာကြောင့်များလား။


ဖြစ်နိုင်တာက သူမိသားစုကပဲ သူ့ကို ဂရုစိုက်ပေးတာကိုလိုချင်တာလား။


ဟုတ်တာပေါ့။ ရှုနဉ်သာ သူနေရာမှာဆိုရင်လဲ နေမကောင်းဖြစ်နေသည့်အချိန်မှာ တချိန်က အနိုင်ကျင့်ခဲ့ဖူးသည့် အတန်းဖော်က ဂရုစိုက်မှာထပ်စာရင် မိသားစုက ဂရုစိုက်တာကို လိုချင်မှာဖြစ်သည်။


ခြေသံများက တဖြည်းဖြည်းနီးကပ်လာပြီး အလျင်အမြန်ပဲ တံခါးဝမှာ သူနာပြုဆရာမ ပေါ်လာသည်။


“ဘာဖြစ်တာလဲ။”


“တစ်ယောက်ယောက် ဝင်လာပြီး ယင်းမင်ကျန်းကို လည်ပင်းညှစ်တယ်”ရှုနဉ်က သူ့အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး သူနာပြုကို ဘာဖြစ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်သည်။


အခုအခြေအနေတွင် အရေးအကြီးဆုံးက ယင်းမင်ကျန်း၏လုံခြုံရေးသာဖြစ်သည်။သူ့ခံစားချက်သေးသေးလေးများက အရေးမပါပေ။


သူနာပြုက ထိတ်လန့်သွားသည်။”လူနာက အဆင်ပြေရဲ့လား။”


“ကျဲသူ့ကို စစ်ဆေးကြည့်သင့်တယ်” ရှုနဉ်က ဘေးဖယ်ပေးလိုက်သည်။


သူနာပြုက လူခေါ်သည့်ခလုတ်ကို ထပ်နှိပ်လိုက်သည်။ထိုအချိန်တွင်တော့ ခလုတ်က တခြားဘက်ရှိ သူနာပြုရုံးခန်းနှင့် ချိတ်ဆက်မိသွားသည်။


“ကျေးဇူးပြုပြီး ဒေါက်တာကျန်းကို အခန်း115 ကိုလာဖို့ပြောပေးပါ လူနာက တိုက်ခိုက်ခံထားရတယ်”


ခဏအကြာတွင် ဆရာဝန်က သူနာပြုတစ်ယောက်ကိုခေါ်ပြီး ယင်းမင်ကျန်းအခြေအနေကို စစ်ဆေးရန် ရောက်လာသည်။


ရှုနဉ် အခန်းအပြင်သို့ထွက်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။သူ ချန်ဟွေ့ကို တွေ့ခဲ့ရသည့် သုံးခါလုံးကို သူပြန်စဉ်းစားကြည့်လိုက်သောအခါ ချန်ဟွေ့၌စိတ်ပိုင်းဆိုင်ရာ ပြသနာရှိနေတာကို သူ သဘောပေါက်သွားသည်။သူ့အပြုအမူများက အရမ်းကိုထူးဆန်းလွန်းနေသည်။


ဒီလိုလူမျိုးက သူဘာတွေ လုပ်ပြီး သူဘာတွေ ဆက်လုပ်မလဲဆိုတာမျိုးကို မခန့်မှန်းနိုင်သည့်အတွက် အရမ်းကို အန္တရာယ် များလွန်းသည်။


ယင်းမင်ကျန်းကို အချိန်တိုင်းစောင့်ကြည့်ပေးနိုင်သည့် လူတစ်ယောက်ကို သူလိုအပ်သည်။


ယင်းမင်ကျန်းဒဏ်ရာမရလိုက်ဘူးဆိုတာ သေချာသွားပြီးနောက် ဆရာဝန်ထွက်သွားသည့်အခါမှ ရှုနဉ် သက်ပြင်း ချနိုင်သွားသည်။


ဆေးရုံခန်းအတွင်း၌ လူနှစ်ယောက်သာ ကျန်နေခဲ့သည်။ရှုနဉ်က ခဏလောက်တွေဝေနေပြီးနောက် မေးလိုက်သည်။


“ယင်းမင်ကျန်း မင်း...မင်း ကိုငါဂရုစိုက်ပေးနေတာကို မလိုချင်ဘူးလား”


ယင်းမင်ကျန်း ခေါင်းမော့လိုက်သည်။ သူ့တွင် အလွန်နက်ရှိုင်း အေးစက်သည့် မျက်၀န်းများရှိပြီး သူ့ကို သူစိမ်းတစ်ယောက်လို့တောင် ထင်သွားစေနိုင်သည်။


“ ငါအမေ့ကိုလွမ်းတယ်။”


သူက ယင်းစကားကိုပဲဆိုလာသည်။


ကိုးနာရီ၌ လူနာစောင့်ရောက်လာသည့်အခါ ရှုနဉ် စောစောပြန်လာခဲ့သည်။သူအိမ်ပြန်ရောက်သည်နှင့် ကျိုးကျွမ်ကို ဖုန်းဆက်လိုက်သည်။


“အခုလေးတင်ပဲ လူတစ်ယောက်က ဆေးရုံထဲကို ဖောက်ဝင်လာပြီး ယင်းမင်ကျန်းကို တိုက်ခိုက်ခဲ့တယ်။”


ကျိုးကျွမ် ထိတ်လန့်သွားသည်။


“တကယ်လား မင်ကျန်းရော အဆင်ပြေရဲ့လား။”


“ဆရာဝန်က သူ့ကို စစ်ဆေးပြီးတော့ အဆင်ပြေတယ်လို့ပြောတယ်။”


ကျိုးကျွမ်က သက်ပြင်းတစ်ချက်ချပြီး ထပ်မေးလိုက်သည်။


 “ ဘယ်သူလဲ ဘာလို့သူက မင်ကျန်းကိုတိုက်ခိုက်ရတာလဲ။”


“အဲ့ဒါက ချန်ဟွေ့ပဲ မစ္စကျိုး ကျွန်တော်ထင်တာတော့ ခင်ဗျား ယင်းမင်ကျန်းကို စောင့်ကြည့်ပေးသင့်တယ် ချန်ဟွေ့က သူ့ကို နောက်တစ်ကြိမ်ထပ်တိုက်ခိုက်မှာ ကျွန်တော်စိတ်ပူတယ်။”


“ဒါကတော့ ၊ မင်းလဲ ငါ့အခြေအနေက ဘယ်လိုဆိုတာကို သိတာပဲ။” ကျိုးကျွမ် အနည်းငယ် တွေဝေနေသည်။


ရှုနဉ်က အံကြိတ်ရင်း ပြောလိုက်သည်။


“ကျွန်တော်ခင်ဗျားကို တစ်ရာပေးမယ် မဟုတ်သေးဘူး တစ်ရက်ကို ယွမ်နှစ်ရာပေးမယ် အဆင်ပြေလား။”


ကျိုးကျွမ်က သူမပိုက်ဆံရမည်ဟု ကြားလိုက်သည်နှင့် သူမအသံက ပေါ့ပါးသွားသည်။


“ငါ ယင်းချန်းကိုမေးလိုက်မယ်”


ခဏအကြာတွင် ကျိုးကျွမ်က ယင်းချန်းနှင့် ဆွေးနွေးပြီးသွားသည်။


“ကောင်းပြီလေ ငါမနက်ဖြန်မနက် သွားလိုက်မယ်။”


ရှုနဉ်၏မျက်နှာအမူအရာက မှောင်မိုက်သွားသည်။သူ ကျိုးကျွမ်ကို ယွမ် နှစ်ထောင် လွှဲပေးလိုက်သည်။


နောက်တစ်နေ့တွင် ကျိုးကျွမ်က ယင်းမင်ကျန်းကို စောင့်ရှောက်ရန် ဆေးရုံသို့ မနက်အစောကြီး ထွက်လာခဲ့သည်။


သူက အိပ်ယာဘေးရှိ စားပွဲခုံပေါ်သို့ မနက်စာကို တင်ပြီး မေးလိုက်သည်။


“ရှုနဉ်ပြောတော့ ချန်ဟွေ့က မင်းကို တိုက်ခိုက်ခဲ့သေးတယ်ဆို အမှန်ပဲလား။”


ယင်းမင်ကျန်း ခေါင်းညိတ်လိုက်သည်။


ကျိုးကျွမ်က အစားအသောက်ဘူးကို ထုတ်ယူပြီး စပ်စုလိုက်သည်။


“ဘာလို့ သူက မင်းကိုတိုက်ခိုက်ရတာလဲ။”


ယင်းမင်ကျန်းက သူမကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။သူမရဲ့ စပ်စုမှုက စပ်စုရုံသက်သက်ပဲ...စပ်စုရုံပဲ။


တစ်စုံတစ်ယောက် တိုက်ခိုက်ခံရတာကို သတင်းကြားလိုက်သည့် အပြင်လူတစ်ယောက်ကဲ့သို့ သူမက ပြုမူနေခဲ့တာဖြစ်သည်။သူမ သတင်းမေးရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူမရဲ့ စပ်စုလိုစိတ်ကို ကျေနပ်စေရန်သာဖြစ်ပြီး တခြား မည်သည့်အကြောင်းပြချက်မှ မရှိပေ။


“ကျွန်တော်လဲမသိဘူး” ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။


ကျိုးကျွမ်က စိတ်လွတ်လက်လွတ်ပဲ ပြောလိုက်သည်။


“ရူးနေတာများလား”


ယင်းမင်ကျန်းက ခဏလောက်တိတ်ဆိတ်သွားသည်။ ထို့နောက် သူတိုးတိုးလေးပြောလိုက်သည်။ 


“ သူပြောတာတော့ သွေးသားစစ်ဆေးချက်ကို ပို့လိုက်တာက သူပဲတဲ့”


ချလွင် 


ကျိုးကျွမ်လက်ထဲမှ အစားအသောက်ဘူးက ပြုတ်ကျသွားပြီး အထဲရှိ ဆန်ပြုတ်များက ကြမ်းပြင်ပေါ်သို့ ဖိတ်ကျသွားတော့သည်။

 

__



“မား” 


ယင်းမင်ကျန်း၏ အသံက လေထဲတွင် မိုးမခရွက်များ မျောလွင့်နေသကဲ့သို့ နူးညံ့လွန်းလှသည်။ထိုအခိုက်အတန့်တွင် သူ မည်မျှ အားနည်းနေတာကို လူတိုင်းတွေ့နိုင်သည်။


“အိုး...ဒါက မတော်တဆဖြစ်သွားတာပါ” 


ကျိုးကျွမ်က အာရုံပြန်ရသွားပြီး ကြမ်းပေါ်ရှိ ညစ်ပတ်နေသည်များကိုရှင်းရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။သူမက တုန်လှုပ်ခြောက်ခြားစွာ မေးလိုက်သည်။


“သူဘာတွေပြောခဲ့သေးလဲ။”


“သူပြောတာက သူကျွန်တော့်ကို နောက်တစ်ခေါက် ထပ်လာတွေ့မယ်တဲ့။”


ယင်းမင်ကျန်းက သူ့ခေါင်းကိုငုံ့လိုက်ပြီး သူ့မျက်တောင်များက လှုပ်ခတ်နေသည်။


“သူက ကျွန်တော်တို့ကြောင့် ကလေးသူငယ်လိင်စိတ်တပ်မက်သူဆိုတာ ပေါ်သွားတယ် သူကအဲ့ဒါကိုမခံနိုင်လို့ ကျွန်တော်တို့မိသားစုကိုလက်စားချေချင်နေတာ”


ကျိုးကျွမ်ရဲ့မျက်နှာက ဖြူဖျော့သွားပြီး သူမ၏အမူအရာက ဒေါသဖြင့် တုန်လှုပ်နေသည်။


“သူဘယ်လိုတောင်လုပ်ရဲတာလဲ”


“သူ သေချာပေါက်ပြန်လာလိမ့်မယ် ကျွန်တော်တို့ ပါးကို ခေါ်ထားသင့်လား”ယင်းမင်ကျန်းက မေးလိုက်သည်။


ကျိုးကျွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။


“ဟုတ်သားပဲ ဒါပေါ့။”


ကျိုးကျွမ်က ဆေးရုံခန်းထဲမှ ထွက်လာပြီး လျှောက်လမ်းအဆုံးကို သွားလိုက်သည်။ထို့နောက် လက်ရမ်းတွင်မှီပြီး ယင်းချန်းကို ဖုန်းခေါ်လိုက်သည်။


ယင်းချန်းက ဟိန်းဟောက်ဆဲဆို၍မေးလာသည်။


”ဘာဖြစ်တာလဲ”


ကျိုးကျွမ်က ဘေးဘီကို ကြည့်ပြီး အသံတိုးကာပြောလိုက်သည်။


”သွေးသားရင်းစစ်ဆေးချက်ကို ပို့လိုက်တဲ့သူက ချန်ဟွေ့လို့ ယင်းမင်ကျန်းက ပြောတယ်။”


“ဘာလဲဟ...သူလား”ယင်းချန်း ဒေါသထွက်သွားသည်။


“ချန်ဟွေ့က ယင်းမင်ကျန်းကို သူကိုယ်တိုင်ပြောပြတာ သူကယင်းမင်ကျန်းကို အဝေးကိုခေါ်သွားချင်နေတာ ကျွန်မရှင့်ကိုပြောသားပဲ ဘယ်သူကမှ အကြောင်းပြချက်မရှိဘဲ သွေးသားရင်းစစ်ဆေးချက်ကိုလုပ်မှာမဟုတ်ဘူးလို့ ချန်ဟွေ့က လူယုတ်မာပဲ အရူးတစ်ယောက်က ဘာမဆို လုပ်နိုင်စွမ်းရှိတယ်” ကျိုးကျွမ်က ပြောလိုက်သည်။


ယင်းမင်ကျန်းက ကလေးလဲသည့်ကိစ္စကို မသိထားသောကြောင့် ကျိုးကျွမ်က ယင်းမင်ကျန်းလိမ်သည်ဟု သံသယမဝင်မိပေ။ထို့အပြင် သူတို့၌ ရန်သူ သို့မဟုတ် တခြားအရာများ မရှိသောကြောင့် တခြားသူက အဘယ့်ကြောင့် သွေးသားရင်းစစ်ဆေးချက်ကို ပြုလုပ်နိုင်ပါ့မလဲ။


အခုတော့ ချန်ဟွေ့က သံသဝင်ဖို့ အကောင်းဆုံးသူဖြစ်နေပုံရသည်။သူက စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေပြီး လူယုတ်မာလဲဖြစ်သေးသည်။သူ့ကို ပုံမှန်စိတ်နေသဘောထားဖြင့် နားလည်နိုင်မည်မဟုတ်ပေ။


ယင်းချန်း ဒေါသထွက်သွားသည်။


ကျိုးကျွမ်က ပြောလိုက်သည်။ 


“မင်ကျန်းပြောတာကတော့ ချန်ဟွေ့က ထပ်လာဦးမှာတဲ့ သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်လို့ ကျွန်မတို့ကို လက်စားချေမလို့တဲ့။”


“ဘာ” ယင်းချန်းက ယခုအကြိမ်၌ တကယ်ကြီးဒေါသထွက်သွားသည်။


“သူသာ သွေးသားရင်းစစ်ဆေးမှုကို မဖော်ထုတ်ခဲ့ဘဲနဲ့ ငါတို့ကို ပြသနာမရှာခဲ့ဘူးဆိုရင် အခုလိုကိစ္စမျိုးတွေဖြစ်လာမှာမဟုတ်ဘူး သူက လက်စားချေချင်တာလား ငါကသာ လက်စားချေချင်နေတဲ့ သူဖြစ်ရမှာ”


ကျိုးကျွမ်ကအကြံပြုလိုက်သည်။


” ရှင်ဘာလို့ဆေးရုံကိုလာပြီး မစောင့်ကြည့်တာလဲ ဒါဆို ချန်ဟွေ့ ဘာတွေသိထားလဲဆိုတာကို ကျွန်မတို့မေးလို့ရတယ်လေ ကလေးတွေကိုလဲထားတယ်ဆိုတာကို ကျွန်မတို့ ဘယ်သူ့ကိုမှ သိခိုင်းလို့မရဘူး။”


ယင်းချန်းက ပြန်ပြောလိုက်သည်။


“ငါအခုပဲ ထွက်လာနေပြီ”


ကျိုးကျွမ်က ဖုန်းချပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ ဆေးရုံခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ယင်းမင်ကျန်းက ပြန်ပြီး အိပ်မောကျနေတာကို တွေ့လိုက်ရသောကြောင့် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရန် အစောင့်အား ခေါ်လိုက်သည်။


ခဏအကြာတွင် ယင်းချန်းက သူ့လက်တွင် ဘီယာတစ်ပုလင်း ကိုင်လျက်သားဖြင့် အလျင်စလို ရောက်လာသည်။သူတံခါးဝမှဝင်လာသည်နှင့် စတင်အော်ဟစ်တော့သည်။


”ချန်ဟွေ့ပေါ်လာသေးလား”


“ရှူး...တိုးတိုး”ကျိုးကျွမ်ကပြောလိုက်သည်။


“ဟမ့် ငါအသံကျယ်တော့ရော ဘာဖြစ်လဲ”


ယင်းချန်းက ပြောနေရင်းဖြင့် ဘီယာပုလင်းကို ဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။


“မား”ဆေးရုံကုတင်ပေါ်ရှိကောင်လေးက မျက်လုံးပွင့်လာသည်။


“ကျွန်တော်ဗိုက်ဆာတယ်”


ကျိုးကျွမ်က ဆန်ပြုတ်များ ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားကြောင်းကို သတိရသွားသည်။ယင်းမင်ကျန်းက ယခုထိ မနက်စာ မစားရသေးပေ။ထို့ကြောင့် သူမပြောလိုက်သည်။ 


“အမေစားစရာတစ်ခုခု သွားဝယ်လိုက်မယ်။”


သူမ မသွားခင် ယင်းချန်းအား “စောင့်ကြည့်ထားဦး”ဟု သတိပေးခဲ့သေးသည်။


ထို့နောက် မနက်စာဝယ်ရန် အောက်ထပ်သို့ အမြန်ဆင်းသွားသည်။


ယင်းချန်းက မျက်ဖြူလှန်ပြပြီး ဘီယာဆက်သောက်နေသောကြောင့် ဆေးရုံခန်းအတွင်း၌ အရက်နံများ ထွက်နေသည်။


ယင်းမင်ကျန်းက အားနည်းနေသည့်အသံဖြင့် ခေါ်လိုက်သည်။


“ပါး”


“ပါးစပ်ပိတ်ထားစမ်း ငါက မင်းရဲ့အဖေမဟုတ်ဘူး။”


ယင်းမင်ကျန်းက အမှန်ပြင်ပြီး ပြောလိုက်သည်။


“ဦးလေး ယင်း ဆေးရုံခန်းထဲမှာ ခင်ဗျားဘီယာသောက်လို့မရဘူး မိသွားရင် ဆရာဝန်နဲ့သူနာပြုတွေက ခင်ဗျားကို အော်လိမ့်မယ်"


“ကိုယ်ကိစ္စကိုယ်ပဲ အာရုံစိုက်စမ်းပါ” ယင်းချန်းက ခုံပေါ်တွင်ထိုင်ရင်း ဆက်သောက်နေသည်။


“သူတို့ခင်ဗျားကို တကယ်ဆူလိမ့်မယ် ပြီးတော့ ကျွန်တော်လဲ အရက်နံ့မခံနိုင်ဘူး”ယင်းမင်ကျန်းက ဆက်ပြောလိုက်သည်။


“ခင်ဗျား ဘယ်ဘက်ကို လျှောက်သွားမယ်ဆိုရင် လျှောက်လမ်းရဲ့အဆုံးကို ရောက်သွားလိမ့်မယ် အဲ့ဒီမှာ လှေကားရှိတယ် အဲ့ဒီမှာ များသောအားဖြင့် လူလဲမရှိဘူး စောင့်ကြည့်ကင်မရာလဲမရှိဘူးအဲ့ဒီကိုသွားသောက်လိုက်ပါ။”


ယင်းချန်းက နှာခေါင်းရှုံ့ပြီး သူ့ကိုလျစ်လျူရှုလိုက်သည်။


ယင်းမင်ကျန်းက သူ့ကိုဆက်ပြောသည်။


“ခင်ဗျား ဆက်သောက်နေဦးမယ်ဆိုရင် ကျွန်တော် သူနာပြုကို ခေါ်ရလိမ့်မယ်။”


“ယီးလိုပဲ” ယင်းချန်းက သူ့ကို ဒေါသတကြီးအော်ဟစ်ဆဲဆိုပြီးနောက် ဘီယာပုလင်းကိုဆွဲကာ အခန်းထဲမှ ထွက်သွားသည်။


ခဏအကြာတွင် ယင်းမင်ကျန်း ဆေးရုံကုတင်ပေါ်မှ ထလိုက်သည်။သူ့မျက်လုံးများက အဆုံးမရှိသည့်တွင်းနက်ကြီးကဲ့သို့ မဲမှောင်နေပြီး နားမလည်နိုင်အောင် နက်ရှိုင်းနေသည်။


ဆေးရုံခန်း၏တည်နေရာက အတော်လေး ဝေးသည်။ရှုနဉ်က သူအနှောင့်အယှက်မဖြစ်စေရန် အထူးသီးသန့်တစ်ယောက်ခန်းကို ရွေးချယ်ပေးထားခဲ့သည်။စင်္ကြံလမ်း၏ ဘယ်ဘက်ခြမ်းက အတော်လေး ကျဉ်းသည်။လျှောက်လမ်း၏အဆုံးသို့ သွားရသည်ကလည်း အတော်လေး တိုတောင်းသည်။


ယင်းမင်ကျန်းက သူ့IV ချိတ်ထားသည့်တိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး လျှောက်လမ်းအဆုံးဘက်သို့ လျှောက်လာလိုက်သည်။သူလှေကားပေါ်သို့ တက်နေစဉ် လှေကားလက်ရမ်းကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။


ဆေးရုံရှိ အရေးပေါ်လှေကားများက ဖြုတ်နိုင်တတ်နိုင်သည့် လှေကား (လှေကားအရှင်) များဖြစ်သည်။တံခါးကိုဖွင့်နိုင်ရန်အတွက် ခွန်အားအများကြီးလိုအပ်သည်။တံခါးကိုဖွင့်လိုက်သည်နှင့် အနောက်သို့ ပြန်ကန်ပြီး အသံနှင့်အတူ ပိတ်သွားမည်ပင်။


ထို့ကြောင့် လူအများစုက လှေကား၌ လူရှိမရှိ အသံကိုနားထောင်၍ ဆုံးဖြတ်တတ်ကြသည်။


ယင်းမင်ကျန်းက တံခါးကို ဖြေးဖြေးချင်းတွန်းဖွင့်လိုက်သည်။ထိုဖြစ်စဉ်တစ်ခုလုံး၌ သူအသံတစ်သံမှ မထွက်ခဲ့ပေ။


ဟထားသည့် တံခါးကြားမှတဆင့် လှေကားထိပ်နားတွင်ထိုင်ကာ ဘီယာသောက်နေသည့် ယင်းချန်းကို သူတွေ့လိုက်ရသည်။ထိုသူက တံခါးကို ကျောပေးထားသည်။


အကွာအဝေး၊အနေအထား ၊အရာအားလုံးက သူ့တွက်ချက်မှုထဲတွင်ရှိနေသည်။


ယင်းမင်ကျန်းက သတ္ထုIV တိုင်ကို အဟကြားတွင် ထည့်လိုက်ပြီး အရှေ့သို့ တွန်းလိုက်သည်။


သူ့ကို ကျောပေးထားတဲ့ ယင်းချန်းက လုံးဝ သတိမထားမိချေ။သူကအော်ဟစ်ရင်းလှေကားအောက်ခြေသို့ ပြုတ်ကျသွားသည်။


လှေကားက မတ်စောက်သည်။သူလှေကားအောက်ခြေရောက်ဖို့ အတော်လေး အချိန်ယူလိုက်ရပြီး နံရံနှင့် ခေါင်း ဆောင့်ကာ ကြယ်တွေလတွေ မြင်သွားသည်။သူထိုနေရာတွင်ပဲ သတိလစ်မလိုဖြစ်သွားသည်။


ယင်းချန်းက ညည်းညူနေရင်းမှ ပူနွေးသည့် သွေးများက သူခေါင်းမှ ပါးပေါ်သို့ စီးကျနေသည်။


အရင်ကတည်းက သူမူးနေခဲ့တာဖြစ်သည်။သူ့ခန္ဓာကိုယ်တွင်းရှိ အရက်များက ခေါင်းသို့ ဆောင့်တက်လာသည်။သူ့ခေါင်းက မီးပုံးပျံတစ်ခုကဲ့သို့ ယောင်ယမ်းလာသည်ဟု သူခံစားလိုက်ရသည်။သူ့စိတ်အခြေအနေတစ်ခုလုံး လုံးဝပေါက်ကွဲထွက်သွားသည်။


သူ့ခြေထောက်များ တုန်ယင်နေပြီး ခေါင်းကလည်း မူးဝေနေသည်။သူကျိန်ဆဲနေရင်း မတော်တဆ ဘီယာပုလင်းကို နင်းမိသွားကာ ဒူးထောက်လျက် ချော်ကျသွားသည်။သူ့မျက်နှာက လှေကားထောင့်စွန်းနှင့် ရိုက်မိသွားပြီး နှာခေါင်းမှ သွေးများတစက်စက်ကျလာသည်။


“ငါရိုးပဲ”


ယင်းချန်းက အော်ဟစ်ကျိန်ဆဲလိုက်သည်။သူ့အသံက မှောင်မဲနေသည့်လှေကားတဝိုက်တွင် ပဲ့တင်ထပ်နေ၏။


သူလှေကားထိပ်သို့ရောက်သည်အထိ လေးဘက်ထောက်၍တက်လာခဲ့လိုက်သည်။သူက တံခါးအရှင် ကို ဘန်းကနဲမည်အောင် ဆောင့်ဖွင့်လိုက်ပြီး ခန်းမအလယ်သို့ လဲကျသွားကာ ကျိန်ဆဲရင်း လျှောက်လာသည်။အထွေထွေ လူနာဆောင်နားသို့ရောက်လာသည်နှင့် လူနာများနှင့် သူတို့မိသားစုဝင်များကို သူတွေ့လိုက်ရသည်။


အခြားလူနာများနှင့် သူတို့မိသားစုဝင်များက ထိတ်လန့်သွားပြီး သူ့လမ်းမှ ရှောင်သွားကြသည်။


ယင်းချန်းက မူးဝေနေမှုများ ပျောက်သွားရန် သူ့ခေါင်းကို ခါယမ်းလိုက်သည်။သူ့လက်တစ်ဖက်က နံရံကို ကိုင်ထားပြီး ယင်းမင်ကျန်း အခန်းရှိရာ အခန်းနံပါတ် 115 သို့ ဦးတည် သွားနေသည်။


ကျိုးကျွမ်က မနက်စာဝယ်ပြီး ပြန်ရောက်သည်နှင့် ပလတ်စတစ် အိတ်ကိုဖွင့်ကာ ပေါက်စီများကို ထုတ်လိုက်သည်။ယင်းချန်းမျက်နှာတစ်ခုလုံး သွေးများထွက်နေတာကိုတွေ့လိုက်ရသောအခါ သူမ တုန်လှုပ်သွားသည်။


“ယင်းချန်း ရှင်ဘာတွေဖြစ်လာတာလဲ။”


ယင်းချန်းကို ကူတွဲပေးရန် သူမ ပေါက်စီများကို လွှတ်ချလိုက်သည်။


“ငါအဆင်ပြေတယ်”


ယင်းချန်းက သူမကို ဒေါသတကြီး တွန်းထုတ်လိုက်သည်။


”အခုပဲ ငါ့ကို တစ်ယောက်ယောက် တွန်းချလိုက်တယ်။”


“ဘယ်သူတွန်းတာလဲ”ကျိုးကျွမ်ကမေးလိုက်သည်။


“ငါမသိဘူး ငါသူ့ကို သတ်ရမယ်ဆိုတာပဲ သိတယ်။”


ယင်းချန်း၏မျက်လုံးများက သွေးနီရောင် သမ်းနေသည်။


ယင်းမင်ကျန်းက ကုတင်ပေါ်သို့ အားနဲစွာ လဲကျသွားသည်။


” ချန်ဟွေ့များဖြစ်နေမလား”


ယင်းချန်းဒေါသပေါက်ကွဲသွားသည်။


“အဲ့ကောင်ပဲ သေစမ်း...အဲ့ကောင်ပဲဖြစ်လိမ့်မယ်။”


သူ့ကိုဘယ်သူက အကြောင်းပြချက်မရှိဘဲ တွန်းချမှာလဲ။


သူအခုမှ ဆေးရုံကိုရောက်လာတာလေ။


သူ့မှာ ရန်သူမှ မရှိတာကို။


“ငါသူ့ကို သတ်ရလိမ့်မယ် ငါသူ့ကို သတ်မှဖြစ်မယ်။”


ယင်းချန်းက ထိုသို့ပြောပြီး နံရံကို လက်သီးနှင့် ထိုးလိုက်သည်။