Chapter 30
ယင်းချန်း လူသတ်မှုကျူးလွန်ခဲ့တယ်-2
“ယင်းချန်း ရှင်ဒဏ်ရာတွေကို မြန်မြန်ဆေးထည့်လိုက်ဦး”
ကျိုးကျွမ်က စိုးရိမ်တကြီးပြောလိုက်ချိန်တွင် ယင်းချန်းက ဟိန်းဟောက်ဆဲဆိုလိုက်သည်။
“ယီးပဲကွာ ငါနဲ့ဝေးဝေးနေစမ်း မင်းကိုမြင်ရတာ စိတ်ကုန်နေပြီ။”
ကျိုးကျွမ်က စကားဆက်မပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။
ယင်းချန်းက နာကျင်မှုနှင့်ဒေါသ နှစ်ခုစလုံးကို ခံစားနေရသည်။သူ့ခေါင်းက အရက်ကြောင့်မူးဝေနေပြီးသားဖြစ်ပြီး ယခုတော့ ပေါက်ထွက်မတတ် တုန်လှုပ်နေသည်။
“ချန်ဟွေ့ ဘယ်မှာလဲ အဲ့ဒီစောက်ကောင်ချန်ဟွေ့က ဘယ်မှာလဲ။”
ယင်းမင်ကျန်းက တိုးတိုးလေးပြောလိုက်သည်။
“ခင်ဗျားသူ့ကို လှေကားနားမှာ သွားရှာကြည့်ပါလား”
“ကောင်းပြီ သေစမ်း သူကလှေကားနားမှာပုန်းနေတာပဲဖြစ်ရမယ်။”
ယင်းချန်းက ခွေးရူးတစ်ကောင်လို သွေးတွေပေနေသည့် ခေါင်းဖြင့် အခန်းထဲမှ အလျင်စလို ပြေးထွက်သွားသည်။
ကျိုးကျွမ်က အနည်းငယ်စိတ်ပူနေသဖြင့် သူ့နောက်မှ လိုက်သွားတော့မလို လုပ်နေသည်။
ယင်းမင်ကျန်းက ပြောလိုပ်သည်။
”မသွားပါနဲ့ မားကို သူရိုက်လိမ့်မယ်။”
ကျိုးကျွမ်ခဏလောက်တွေဝေသွားသည်။ထို့နောက် သူမက ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်။
ယင်းချန်းက လှေကားရှိရာသို့ အမြန်ပြေးသွားလိုက်သည်။သူလှေကားကို အတက်အဆင်းလုပ်ပြီးသော်လည်း လူတစ်ယောက်မှ မတွေ့ပေ။သူအော်ဟစ် ကျိန်ဆဲပြီးနောက်တွင် လှေကားအောက်မှ ဆူညံသံကို ကြားလိုက်ရသည်။
သူက လက်ရမ်းမှ အောက်ကို ခေါင်းငုံ့ကြည့်လိုက်သည်။
အောက်တွင် လှေကားတက်လာရသောကြောင့် မောဟိုက်စွာ အသက်ရှုနေသည့် အနက်ရောင်ဂျာကင် ဝတ်ထားသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ယင်းချန်းက လှေကားအတက်အဆင်းမှ စောင့်နေသည့်အတွက် လမ်းကြောင်းတလျှောက် ထိုသူ၏မျက်နှာက သူ့မြင်ကွင်းထဲ၌ ဖြည်းဖြည်းချင်း ပေါ်လာသည်။
ထိုသူက မျက်မှန်တပ်ထားကာ သူ့မျက်နှာပုံသဏ္ဍာန်က ပုံမှန်ဆန်ပြီး နူးညံ့သည်။
ရင်းနှီးနေသည့် မျက်နှာပင်။
ယင်းချန်းက ချန်ဟွေ့နှင့်တွေ့ဖူးသည်။နောက်ပိုင်းတွင် ယင်းမင်ကျန်း နှင့်ချန်ဟွေ့တို့ကြာအဖြစ်အပျက်ကြောင့် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သေးသည်။ထိုကိစ္စကြောင့် ယင်းချန်းနှင့်ချန်ဟွေ့တို့ အကြိမ်ပေါင်းများစွာတွေ့ခဲ့ကြရသည်။
ချန်ဟွေ့က ယင်းမင်ကျန်းကို ဘယ်လိုသဘောထားလဲဆိုသည့် ကိစ္စက သူ့ကိုမျက်နှာပျက်စေသည်ဟု ယင်းချန်းက တွေးမိသည်။ချန်ဟွေ့က ဘယ်လောက်တောင်ရွံစရာကောင်းတဲ့ လူယုတ်မာလဲဟု သူတွေးမိသည်။ထိုလူက သွေးသားအရင်း စစ်ဆေးချက်ကိုယူ၍ ဘယ်လိုတောင် သူတို့မိသားစုကို ဝရုန်းသုန်းကားဖြစ်စေခဲ့လဲဆိုတာကို သူတွေးမိသည်။ထိုလူက အခုလေးတင်ပဲ သူ့ကို တွန်းချခဲ့သည်ဆိုတာကိုလည်း သူတွေးမိလိုက်သည်။
နာကြည်းမှုအသစ်များနှင့် အဟောင်းများက ရောပြီး စုပြုံလာပြီး သူ့နှလုံးသားအတွင်း၌အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။
သူ့ဒဏ်ရာများက မခံမရပ်နိုင်အောက် နာကျင်လာပြီး သူ့ခေါင်းတစ်ခုလုံး အရက်အရှိန်ကြောင့် မူးဝေတုန်လှုပ်နေသည်။
ယင်းချန်း၏မျက်လုံးများက အနီရောင်ပြောင်းသွားသည်။သူ့တွင် မိန်းမနှင့်ကလေးများကို ရိုက်နှက်တတ်သည့်အလေ့အထရှိတယ်ဆိုကတည်းက သူ့ဒေါသကို အကြမ်းဖက်မှုဖြင့်ဖြေဖျောက်နေသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်။
သူက ရှင်းပြဖို့တောင် အချိန်မပေးဘဲလှေကားမှ အမြန်ပြေးဆင်းသွားကာ ချန်ဟွေ့ရှိရာနေရာကို ပြင်းပြင်းထန်ထန် ကန်လိုက်ပြီး ချန်ဟွေ့မှာ ချက်ချင်းပဲ လှေကားမှပျံကျသွားသည်။
အမှန်ပါပဲ... သူလှေကားမှ ပျံလျက် ကျသွားတာပင်။
သူ့ခေါင်းအနောက်ဘက်က လှေကားဖြင့်ဆောင့်မိပြီး သူ့လည်ပင်းက တခြားဘက်သို့ လိမ်သွားသည်။ကန်လိုက်သည့်အရှိန်ကြောင့် သူ့ခန္ဓာကိုယ်က လှေကားမှ ဆက်ပြီးလိမ့်ကျနေသည်။
ယင်းချန်းရဲ့ဒေါသက အခုထိမပြေသေးပေ။သူထိုနေရာသို့ အမြန်သွားပြီး ချန်ဟွေ့ခေါင်းကိုဆွဲမလိုက်သည်။ထို့နောက် သူက ကျိုးကျွမ်နှင့် ယင်းမင်ကျန်းကို လုပ်ခဲ့သလိုမျိုး သူ့ခေါင်းကို နံရံနှင့် ရိုက်လိုက်သည်။
“ကယ်ကြပါ ကယ်ကြပါဦး။”
ချန်ဟွေ့၏မျက်မှန်က ယခင်ကထဲက ပြုတ်ကျသွားပြီဖြစ်သည်။သူက မျက်လုံးကိုမှေး၍ အားစိုက်ကြည့်ပြီး သူ့ကိုကိုင်ထားသည့် ယင်းချန်းလက်များကို ဖယ်ရှားရန်ကြိုးပမ်းနေသည်။သူကအားနည်းဖျော့တော့စွာ အော်လိုက်သည်။
“လွှတ်ပေးပါ ငါသေတော့မယ် လွှတ်ပေးပါ။”
“ငါ့ကိုခြိမ်းချောက်လို့ရမယ်လို့ မင်းကိုဘယ်သူကပြောလဲ ဟမ် ငါ့ကို နောက်တစ်ခါ တွန်းချဖို့ ကြိုးစားကြည့်စမ်းပါ လာစမ်းပါ”ယင်းချန်းက ဒေါသူပုန်ထနေသည်။
သူက လက်တစ်ဖက်ဖြင့် ချန်ဟွေ့၏လည်ပင်းကို ကိုင်ထားပြီးတခြားတစ်ဖက်ဖြင့်ထိုလူ၏ခေါင်းကို နံရံနှင့် ကိုင်ဆောင့်နေသည်။
“ယင်းမင်ကျန်းက လာဖို့ပြောတာပါ သူကငါ့ကို ဆယ်နာရီ ဒီမှာတွေ့မယ်လို့ပြောတာ” ချန်ဟွေ့မျက်နှာက ခရမ်းရောင်ပင်ပေါက်နေချေပြီ။
သူက ယင်းချန်းလက်ကို ဖြည်ဖို့ ကြိုးစားနေသည်။
”လွှတ်ပေးပါ”
ယင်းချန်း၏မျက်လုံးများက သွေးရောင်ကဲ့သို့နီရဲနေပြီး”ငါ့ကိုလာလိမ်မနေနဲ့ မနေ့ညက မင်းသူ့ကိုလည်ပင်းညှစ်ဖို့ကြိုးစားခဲ့တာ"
“လွှတ််ပေးပါ လွှတ်ပေးပါ။” ချန်ဟွေ့ကပြောလိုက်သည်။
“သူက ငါနဲ့လိုက်မယ်လို့ ပြောခဲ့တယ် ဒါ့ကြောင့် ငါလွှတ်ပေးခဲ့တာ။”
“တော်စမ်း၊မင်းက သူ့ကိုသတ်ချင်နေတာလေ မင်းက ငါ့ကိုရော သတ်ချင်နေတာမလား သွားသေလိုက်တော့။”
ယင်းချန်းက သူပြောတာကို လုံးဝနားမဝင်တော့ချေ။သူပိုပြီးစကားပြောလေလေလေ ယင်းချန်းက ဒေါသပိုထွက်လာလေလေ ဖြစ်သည်။သူ့ခေါင်းကိုဆွဲမ လိုက်ပြီး နံရံနှင့် ဆက်ပြီး ဆောင့်တိုက်နေလိုက်သည်။
တစ်ခါပြီးတစ်ခါ
အကြိမ်တစ်ဒါဇင်ထပ်ပိုပြီး သူ့ခေါင်းကို ရိုက်နှက်နေလိုက်သည်။
ချန်ဟွေ့ရဲ့လက်တွေက ဘေးကို ဖြေးဖြေးချင်းလျောကျသွားပြီး သူခန္ဓာကိုယ်လဲ ပျော့ခွေ သွားသည်။
သို့သော်လည်း ယင်းချန်းကတော့ ထိုအရာများကို သတိမမူမိပေ။အရက်နှင့်နာကျင်မှုတို့က သူ့သွေးကြောများသို့ ဖြတ်သန်း၍ လောင်မြိုက်နေသည်။သူ့တကိုယ်လုံး မယုံနိုင်လောက်အောင် တုန်ခါနေပြီး သူက ချန်ဟွေ့ကို နံရံနှင့် ဆက်ဆောင့်ရိုက်လိုက်သည်။
“ငါမင်းကိုသတ်မယ် သေစမ်း သေစမ်း သေစမ်း။”
ဆေးရုံခန်းထဲတွင်တော့
ကျိုးကျွမ်က စိုးရိမ်တကြီးပြောလိုက်သည်။
“မင်းအဖေက ဘာလို့အခုထိပြန်မလာသေးတာလဲ။”
ယင်းမင်ကျန်းက ဆေးရုံကုတင်ပေါ်၌ လှဲနေသည်။သူက အရမ်းပ်ိန်လွန်းသောကြောင့် စောင်ထဲတွင် မြုပ်နေသကဲ့သို့ ဖြစ်နေသည်။
“သူစိတ်ဆိုးပြေသွားတာနဲ့ ပြန်လာလောက်မှာပါ။”
ကျိုးကျွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
“အခုငါနည်းနည်း စိတ်မသက်မသာ ခံစားနေရတယ်။”
သူမ မတ်တပ်ရပ်လိုက်ပြီး အခန်းနားတဝိုက် တွင်လမ်းလျှောက်ရင်း သူမကို အာရုံပြောင်းစေမည့်တစ်ခုခုကို ရှာဖွေနေသည်။ကုတင်ဘေးရှိစားပွဲပေါ်တွင် ပလတ်စတစ်အိတ်ကို တွေ့သောအခါ သိမ်းဆည်းရန် အံဆွဲကိုဖွင့်လိုက်သည်။
သူမအံဆွဲကိုဖွင့်လိုက်သည်နှင့် အထဲတွင် ပိုင်ကျိုးအရက်ပုလင်းတစ်လုံးကိုတွေ့လိုက်ရသည်။
“အရက်ပုလင်းက ဒီမှာဘာလို့ရှိနေတာလဲ”ကျိုးကျွမ်က ထိုဟာကို ထုတ်ပြီးကြည့်လိုက်သည်။
ထိုသည်က မူလလက်ဟောင်း ပိုင်ကျိုးဖြစ်ပြီး အရက်ပါဝင်မှုနှုန်းထားမြင့်သည့်အမျိုးအစားဖြစ်ပြီး ယင်းချန်းမကြာခဏသောက်လေ့ရှိသည်။
“အဲ့ဒါအဖေ့အတွက်ပါ”
ယင်းမင်ကျန်း၏မျက်တောင်များက အနည်းငယ်တုန်လှုပ်သွားပြီး မဲမှောင်နေသည့် သူ့မျက်လုံးများကို ဖုံးကွယ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ ဒါကိုသုံးစရာမလိုတော့ဘူး။”
“ဒါက ဘာကိုဆိုလိုတာလဲ”
ကျိုးကျွမ်က ပုလင်းကို ယူပြီးသူမ အိတ်ထဲသို့ ထည့်လိုက်သည်။
”ငါတို့ ဒါကို အိမ်ပြန်ယူသွားရမယ် မင်းအဖေတော့ အရမ်းပျော်နေတော့မှာပဲ။”
တံခါးက ရုတ်တရက်ကြီးပွင့်လာသည်။
ကျိုးကျွမ်လန့်သွားသည်။ သူမလှည့်ကြည့်လိုက်သောအခါ တစ်ကိုယ်လုံးသွေးတွေပေနေသည့် ယင်းချန်းကို မြင်လိုက်ရသည်။သူက ကြောက်ဖို့ကောင်းသည့်အမူအရာဖြင့် အခန်းထဲသို့ အလျင်စလို ပြေးဝင်လာသည်။
“ယင်းချန်း”
ကျိုးကျွမ်ကယင်းချန်းရဲ့ကြောက်စရာအသွင်အပြင်ကို မြင်ပြီးသည့်နောက် သူမအရိုက်အနှက်ခံရသည့်မှတ်ဉာဏ်များ စိတ်ထဲ၌ပြန်လည်ပေါ်ပေါက်လာသည်။သူမ ထိတ်လန့်တုန်လှုပ်သွားရသည်။
ယင်းချန်းက သူမကို တိတ်တဆိတ်စိုက်ကြည့်နေပြီး သူ့အကြည့်များက အရမ်းထူးဆန်းနေသည်။
“ယင်းချန်း”
ယင်းချန်းက ရုတ်တရက်ကြီး သူမလက်ကို အလျင်စလို ဆုပ်ကိုင်လိုက်သည်။
“သွားကြရအောင် မြန်မြန်လုပ် ပေကျင်းကိုသွားကြမယ်။”
ကျိုးကျွမ်က သူ့ဆီက အဆွဲခံလိုက်ရသဖြင့် ထိတ်လန့်သွားရသည်။
“ဘာကိစ္စရှိလို့လဲ ဘာလို့ငါတိုက ပေကျင်းကိုသွားရမှာလဲ။”
“သွားကြရအောင်။”
ယင်းချန်းက သူမကို ဆေးရုံခန်းတွင်းမှ လျှောက်လမ်းသို့ ဆွဲခေါ်သွားသည်။
အနီးအနားရှိလူများက သူတို့ကို အလန့်တကြားစိုက်ကြည့်နေကြသည်။
ကျိုးကျွမ်က သူ့လက်ကို ဆွဲဖယ်လိုက်သည်။
“ယင်းချန်း ရှင်ဘာတွေလုပ်နေတာလဲ။”
ယင်းချန်းက သူမကို ပုခုံးဖက်ပြီး ဆွဲခေါ်လိုက်သည်။သူ့အမူအရာက မယုံနိုင်လောက်အောင် ထူးဆန်းနေသည်။
“ဝေ့မိသားစုကိုရှာပြီး ငါတို့သားကို သွားရှာရမယ် သူတို့ကတော့ ငါ့ကို သေချာပေါက် ကယ်နိုင်လောက်တယ်။”
“ရှင်စိတ်လွတ်သွားပြီလား”
ကျိုးကျွမ်က အော်ဟစ်လိုက်သည်။သူမက ဘေးဘီသို့ အမြန်ကြည့်လိုက်သည်။
ထို့နောက် သူမက သူ့ကိုလျှောက်လမ်းအဆုံးသို့ ဆွဲခေါ်သွားလိုက်သည်။
“ငါတို့မသွားနိုင်ဘူး။”
“သွားကြမယ် ငါတို့သွားမှဖြစ်မယ်။”ယင်းချန်းကပြောလိုက်သည်။
“မသွားနိုင်ဘူး”
“ကျိုးအာ..”
ယင်းချန်းက သူမနံမည်ကို အော်ဟစ်လိုက်သည်။သူက သူမကိုစိုက်ကြည့်ပြီး သူ့မျက်နှာပေါ်၌ မျက်ရည်များကျလာသည်။
“ငါလူသတ်လိုက်တယ်။”
ကျိုးကျွမ် လုံးဝ ရှော့ရ သွားသည်။
“ငါတကယ်ကြီး လူသတ်လိုက်မိတယ် ငါထောင်ကျမှာ သေချာတယ်။”
ယင်းချန်းက ရုတ်တရက်ကြီး မျက်ရည်ဝဲလာသည်။
ထိုအချိန်က သူငိုနေတာကို ကျိုးကျွမ်မြင်ဘူးသည့် ပတမဆုံးအကြိမ်ဖြစ်သည်။ကလေးတစ်ယောက်ကဲ့သို့ နှာရည်များ၊မျက်ရည်များဖြင့် မျက်နှာတစ်ခုလုံး ပေပွနေသည်။
“လူသတ်သမားရှိနေတယ် တစ်ယောက်ယောက်က လူသတ်သွားတယ်။”
ကျယ်လောင်သည့်အော်ဟစ်သံက ဆေးရုံတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ဆေးရုံအစောင့်က လျှောက်လမ်းအတွင်းသို့ အလျင်စလိုပြေးလာပြီး ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
“လှေကားမှာ လူတစ်ယောက် သေနေတယ်။”
__
ယင်းချန်းကို ရဲများဖမ်းဆီးခေါ်ဆောင်သွားသည်။
ယင်းချန်းကကျိုးကျွမ်ကိုလှည့်ကြည့်နေချိန်တွင်သူ့မျက်လုံးများကနီရဲလာသည်။
“ကျွမ်အာ ငါ့ကိုကယ်ပါဦး မင်းငါ့ကိုကယ်မှဖြစ်မယ်။”
ကျိုးကျွမ်က အော်ဟစ်လိုက်သည်။
ယင်းမင်ကျန်းက ဆေးရုံခန်းထဲမှ တဖြေးဖြေးလမ်းလျှောက်ရင်းထွက်လာသည်။
သူက သူမဘေးတွင်ရပ်ရင်း မေးလိုက်သည်။
“မား ဘာဖြစ်တာလဲ။”
ကျိုးကျွမ်က သူ့ဘက်ကိုလှည့်လာပြီး သူ့ကိုဖက်ကာ ငိုနေသည်။
“မင်ကျန်း မားမှာ မင်းတစ်ယောက်ပဲရှိတော့တယ်။”
ယင်းမင်ကျန်းက သူမကိုပြန်ဖက်ရင်း သူမ ပုခုံးကို နူးနူးညံ့ညံ့လေး ပုတ်ပေးလိုက်သည်။သူက အပြစ်ကင်းစင်စွာရယ်မောလိုက်သည်။
“အမ်း...ကျွန်တော်တို့ နှစ်ယောက်ပဲ အချင်းချင်း ရှိတော့တယ်”
နေ့လည်ခင်းကျောင်းအားလပ်ချိန်တွင် ရှုနဉ်က ဘာသာပြန်အလုပ်မှ တစ်ယောက်နှင့် QQတွင် စကားပြောနေသည်။ဝမ်ရှန်ရှန်၏ကြောက်လန့်တကြားအော်ဟစ်သံကိုကြားလိုက်ရသည့် အချိန်မှာပဲ သူရမည့် ယွမ်ရှစ်ရာကို လက်ခံရရှိခဲ့သည်။ဝမ်ရှန်ရှန်က မက်တပ်ထရပ်လိုက်ပြီး ရုတ်တရက်ကြီးအော်ဟစ်လိုက်သည်။
“ဘုရားရေ။”
“ယင်းချန်းက လန်ကျိုးဆေးရုံမှာ လူတစ်ယောက်ကိုသတ်လိုက်တယ်။”
ရှုနဉ်ခေါင်းမော့ပြီးမေးလိုက်သည်။
“ဘယ်သူ...”
ဝမ်ရှန်ရှန်က သူ့ဘက်ကိုလှည့်လိုက်ကာ လက်တစ်ဖက်က သူ့ဖုန်းကိုကိုင်ထားပြီး တစ်ခြားတစ်ဖက်က ရှုနဉ်၏ဘေးခုံကို လက်ညှိုးထိုးလိုက်သည်။
“ယင်းချန်း ယင်းမင်ကျန်းရဲ့အဖေ…မွေးစားအဖေ”
ရှုနဉ်က မေးလိုက်သည်။
“တကယ်ကြီး ယင်းချန်းလား ”
“ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ ဝေ့ပေါ်မှာတောင် ရေပန်းစားတဲ့စာရင်းထဲဝင်နေပြီ”
ထိုသို့ကြားလိုက်သည်နှင့် အတန်းဖော်များအားလုံး ချက်ချင်းပဲ ဆူညံလာကြသည်။
“ဘာလဲ တကယ်ကြီးလား။”
“တကယ်ဟ ဝိုး...”
“ဘယ်မှာလဲ ဘယ်မှာလဲ ငါ့ကိုလည်းပြဦး”
ဝမ်ရှန်ရှန်၏အနားတွင် လူများစုဝေးလာသည်။လူအများ၏ခေါင်းလေးများက ဝမ်ရှန်ရှန်၏ဖုန်းမျက်နှာပြင်ကို စုရုံးစိုက်ကြည့်နေကြသည်။
အတန်းထဲရှိ အခြားသူများကတော့ ဖုန်းထုတ်ပြီး ဝေ့ပေါ်ကိုဖွင့်လိုက်ကြသည်။လုံပန်းရှန်အလယ်တန်းကျောင်းတွင် ဖုန်းများကို အရမ်းတင်းကြပ်ထားခြင်းမရှိပေ။တခြားကျောင်းများကဲ့သို့ အမှန်တကယ် ဖုန်းသိမ်းလိုက်ခြင်းမျိုးလည်းမရှိချေ။စာညံ့သည့်ကျောင်းသားများနှင့်ပြည့်နေသည့် သတ္တမတန်း၊တန်းခွဲ3လို အခန်းမျိုးတွင်တော့ ပို၍ပင် ဂရုမစိုက်တော့ပေ။
ရလဒ်အနေနှင့် ကျောင်းသားများက နှစ်ယောက်တွဲ၊သုံးယောက်တွဲ စုစည်းနေကြပြီး ဖုန်းပွတ်နေကြသည်။များသောအားဖြင့် အမှန်တကယ် စာကျက်၊အိမ်စာလုပ်သည့် ကျောင်းသားတချို့တော့ အနည်းဆုံးရှိနေတတ်သော်လည်း ထိုသတင်းက တော်တော်လေးကို မယုံနိုင်စရာဖြစ်နေသည်။အမြဲတမ်းလိုလို ဝီရိယရှိသည့် အတန်းခေါင်းဆောင် ချိန်ရှောင်ယွီတောင်မှ အိမ်စာလုပ်ခြင်းကို လက်လျော့လိုက်သည်။
သတင်းဖတ်ရန် သူမထိုင်ခုံဖော်နှင့် အတူပူးကပ်၍ထိုင်နေချေပြီ။
လူသတ်သမားက ယင်းချန်းဆိုတာကို ရှုနဉ်ကြားလိုက်သည်နှင့် သူ့ဝေ့ပေါ်ကိုဖွင့်လိုက်သည်။
ရေပန်းအစားဆုံးစာရင်းမှ ဆယ်ခုမြောက်နေရာသို့သူ့ဖုန်းမျက်နှာပြင်ကို ဆွဲချလိုက်သည်။
" အကြမ်းဖက်တတ်သည့် ဖခင် မှ ကလေးများကိုလိင်ပိုင်းဆိုင်ရာ တပ်မက်သူအား သတ်ပစ်ခြင်း "
“အကြမ်းဖက်တတ်သည့်”နှင့် “ကလေးများကို လိင်ပိုင်းဆိုင်ရာတပ်မက်သူ”စသည့် ခေါင်းစီး စကားလုံးများကပင် မျက်စိကျစရာဖြစ်နေသော်လည်း စာပိုဒ်အတွင်းရှိ အကြောင်းအရာများက ပို၍ပင် ဒရမ်မာဆန်နေသေးသည်။ထိုအကြောင်းအရာက ရေပန်းစားသည့်စာရင်းထဲတွင် ဆက်လက်မြင့်တက်နေပြီး ထိပ်တန်းဆယ်ခုအတွင်းသို့ပင် ဝင်သွားခဲ့သည်။
ထိုစာပိုဒ်ကို ဖတ်ကြည့်လိုက်လျှင်:::::ချူကျိုးရှိ လန်ကျိုးဆေးရုံ၌ ကလေးများကို လိင်ပိုင်းဆိုင်ရာတပ်မက်သူက အိမ်တွင်းအကြမ်းဖက်မှု၌ နစ်နာသူကို တိုက်ခိုက်ခဲ့သည်။
ထိုကောင်လေး၏အဖေက ကလေးများကို လိင်ပိုင်းဆိုင်ရာတပ်မက်သူကို ဒေါသတကြီးရိုက်နှက်ခဲ့ရာ ရလဒ်အနေဖြင့် ထိုသူသေဆုံးသွားခဲ့သည်။ပို၍ထူးဆန်းသည်က ထိုကောင်လေး ပထမဆုံးဆေးရုံတက်ခဲ့ရခြင်းမှာ သူ့အဖေက အလွန်အကျွံရိုက်နှက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ရှုနဉ်က ပူးတွဲဖော်ပြထားသည့်ပုံများကိုကြည့်ရန် နှိပ်လိုက်သည်။ပထမပုံက ယင်းချန်း၏ပုံဖြစ်သည်။သူ့ဆံပင်များက ရှုပ်ပွနေပြီး ရဲများက သူ့ကိုဖမ်းဆီးသွားသောကြောင့် သူ့မျက်နှာတစ်ခုလုံး အကြောက်တရာအပြည့်နှင့် ဖြစ်သည်။သူက ရှုနဉ်ဗီလိန်လေးအတွက်ဝယ်ပေးထားသည့် အပြာရောင်ဂျာကင်ကို ဝတ်ဆင်ထားသည်။
သံသယရှိစရာမလိုလောက်အောင်ဘဲ ထိုသူက ယင်းချန်းပင် ဖြစ်သည်။
ဒုတိယပုံက လှေကားထိပ်မှရိုက်ထားခြင်းဖြစ်သည်။မှောင်မဲနေသည့် လှေကားနေရာတွင် အနက်ရောင်အဝတ်အစားဖြင်း လူတစ်ယောက် လဲလျောင်းနေသည်။သူ့လက်များက ဘေးသို့ ကားနေပြီး သူ့လက်တစ်ဖက်တွင် အပူလောင်ထားသည့် အနာတစ်ခုပင်ရှိနေသေးသည်။ထိုအရာကို ကြည့်ရတာ ရင်းနှီးနေသလိုရှိ၏။
ထိုသူ၏မျက်နှာကို mosaic(ဝါးနေသည့်လေးထောင့်ကွက်များ)ဖြင့် ဖုံးကွယ်ထားသည်။သူ့ခြေထောက်တွင် အနက်ရောင် သားရေဖိနပ်ကို စိီးထားပြီး အနီးအနားရှိလှေကားထစ်များတွင် သွေးများဖုံးလွှမ်းနေသည်။