အပိုင်း ၃၁
Viewers 9k

Chapter 31

သူကအကုန်လုံးကို မှတ်မိနိုင်တယ်




ခေါင်းစဉ်တွင်ပါသည့် ကလေးများကို လိင်ပိုင်းဆိုင်ရာတပ်မက်သူ ဟူသော စကားလုံးကို စဉ်းစားမိသောအခါ ရှုနဉ် မျက်လုံးပြူးသွားသည်။


“ချန်ဟွေ့”


“ယင်းချန်းက ချန်ဟွေ့ကို သတ်လိုက်တာလား”


“တကယ် အစစ်ကြီးလား”


“ဘုရားရေ ယင်းချန်းက နောက်ဆုံးတော့ လူသတ်လိုက်ပြီတဲ့လား”လုံချောင်က ရှုနဉ်၏အနောက်မှ အော်ဟစ်လိုက်သည်။


ရှုနဉ်က ထိုင်နေရာမှ ထခုန်မိတော့မလိုဖြစ်သွားသည်။သူက အနောက်သို့လှည့်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။


“မင်းကသရဲလား ဘာလဲ ဘယ်လိုဖြစ်လို့ အသံလေးတောင်မပေးဘဲ ရောက်လာရတာလဲ”


လုံချောင်ကပြောစရာစကားမဲ့သွားသည်။


“ရှုကော ကျွန်တော်အစ်ကို့နောက်မှာတချိန်လုံးရပ်နေတာလေ သတိမပြုမိတာ အစ်ကိုအမှားပဲ အခုဘာလို့ကျွန်တော့်ကိုလာပြီး အပြစ်တင်နေရတာလဲ”


လုံချောင်က ဗီလိန်လေးရဲ့စားပွဲပေါ်မှာ ခြေထောက်ချိတ်၍တက်ထိုင်လိုက်ပြီး သူ့မျက်နှာက စိတ်လှုပ်ရှားနေသည်။


“ယင်းချန်းကအမြဲတမ်းသေမလိုသောက်ပြီး သူ့မိန်းမကိုရိုက်နေတာ သူ့လိုလူက ရာဇဝတ်မှုကျူးလွန်မိဖို့ဆိုတာ အချိန်တစ်ခုလေးပဲ လိုတော့တာ ကြည့်ပါလား အခု သူ လူသတ်လိုက်ပြီလေ”


“သူအရက်တွေအရမ်းသောက်ပြီး မိန်းမကိုရိုက်နှက်တက်ရုံလေးနဲ့တော့ လူတစ်ယောက်သတ်ဖို့အထိ မလိုပါဘူး”ရှုနဉ်ကခေါင်းခါလိုက်သည်။


ယင်းချန်းဘီယာပုလင်းကို ပြတင်းပေါက်က လွှင့်ပစ်လိုက်သည့် ညကို သူသတိရသွားသည်။သူနှင့်သူ့အဖေတို့ မေးမြန်းရန်ရောက်သွားသည့်အခါ ယင်းချန်းက ယင်းမင်ကျန်းကို အပြစ်ပုံချလိုက်ပြီး သူက အိပ်ခန်းထဲသို့ ဝင်ပုန်းနေသည်။ထိုသို့ သူရဲဘောကြောင်သည့် လူစားမျိုးက လူသတ်ရန် သတ္တိရှိနေမည်ဟု ရှုနဉ်တော့ မထင်မိပေ။


ကျိုးကျွမ်နှင့် ယင်းမင်ကျန်းကို ရိုက်နှက်ပြီးဒေါသဖြေဖျောက်ခြင်းကပင် သူလုပ်နိုင်သည့် အဆိုးဆုံးအရာဖြစ်သည်။သူ့ထက်ပိုသန်မာသည့်သူနှင့် ရင်ဆိုင်ရသည့်အခါတွင် ထိုသူက ကြက်ကလေးတစ်ကောင်ကဲ့သို့ ကြောက်နေမည်ဖြစ်၏။


သူသောက်ထားလို့များလား။


ရှုနဉ် ရုတ်တရက်ကြီးတွေးလိုက်မိသည်။


အရက်ကိုပေါင်းထည့်လိုက်ပါက သူရဲဘောကြောင်သည့်လူတစ်ယောက်က မယုံနိုင်စရာကိစ္စများကိုပင် လုပ်နိုင်သည်။


ယင်းချန်းက ဆေးရုံမှာပင် အရက်သောက်နေသည်ဆိုပါက သူ့၌စိတ်ရှုပ်စရာအမြောက်အများရှိနေမှာ သေချာသည်။


“ဘာလို့မဖြစ်နိုင်ရမှာလဲ သူအရက်သောက်တဲ့အခါတိုင်း သူ့မိန်းမကိုရိုက်တယ် ငါ့အမေကပြောဖူးတယ် မင်းသာတခြားသူတွေကို ခဏခဏရိုက်နေမယ်ဆိုရင် အဲ့ဒါက အလေ့အကျင့် ဖြစ်သွားလိမ့်မယ်တဲ့။


လုံချောင်က စားပွဲကိုရိုက်ပြီးပြောလိုက်သည်။


“မင်းအိမ်မှာ အကြမ်းဖက်တာကို ကျင့်သားရနေမယ်ဆိုရင် အပြင်မှာပြသနာဖြစ်တဲ့အခါလဲ အကြမ်းဖက်မှုကိုပဲ သုံးဖို့ရွေးမိလိမ့်မယ်”


လုံချောင်က ဆက်ပြောသည်။


“ငါအဖေက ယင်းချန်းတော့ အနှေးနဲအမြန်ဆိုသလို ပြသနာတက်တော့မှာပဲလို့တစ်ခါကပြောဖူးတယ် ကြည့်ပါလား သူပြောတာမှန်သွားပြီ”


ဝမ်ရှန်ရှန်က ထိုင်ခုံကို လှမ်းဆွဲလိုက်သည်။သူက မိန့်ခွန်းပြောမည့် ပညာရှိတစ်ယောက်ကဲ့သို့ စဉ်းစားဆင်ခြင်နေသည့် အမူအရာဖြစ်နေသည်။


“ဒါက ငါတို့အတွက် သင်ခန်းစာပဲ အရက်မသောက်နဲ့ မိန်းမနဲ့ကလေးကိုမရိုက်နဲ့။”


“အိုး ဒါနဲ့...သေသွားတဲ့သူက ဘယ်သူလဲ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာတပ်မက်သူတဲ့လား”


ရှုနဉ်က သေချာသည့်အသံဖြင့်ပြောလိုက်သည်။


“ချန်ဟွေ့”


“ချန်ဟွေ့က ဘယ်သူကြီးလဲ” လုံချောင်ကကြည့်လာသည်။


ထို့နောက် ခဏအကြာတွင် သူ့မျက်လုံးအစုံကပြူးကျယ်သွားသည်။


“ဘုရားရေ...သူပဲ ယင်းမင်ကျန်းကို လိမ်လည်စွပ်စွဲခဲ့တဲ့သူ မဟုတ်လား”


သူတို့မျက်စောင်းထိုးနေရာတွင်ထိုင်နေသည့်ကောင်မလေးကလည်း လှမ်းပြီး အတင်းပြောလိုက်သည်။


“ဟုတ်တယ် သူပဲ အဲ့ဒီလူက မကြာသေးခင်ကမှ ယင်းမင်ကျန်းကို ကျောင်းမှာလာနှောင့်ယှက်သေးတယ် သူတို့ကျောင်းပေါက်ဝမှာတောင် ရန်ဖြစ်နေကြသေးတယ်”


“သူပဲ...သူပဲ။”ထိုကောင်မလေး၏ထိုင်ခုံဖော်က ဝင်ပြောလိုက်သည်။


“သူက ကလေးသူငယ်လိင်ပိုင်းဆိုင်ရာတပ်မက်သူပဲလေ ငါကြားတာတော့ သူ့မိန်းမက သိသွားလို့ ကွာရှင်းခွင့်တောင်းတာ ခံလိုက်ရတယ်တဲ့ သူ ဟန်ကျိုးမှာ ကောင်လေးတစ်ယောက်ကိုလဲ နှောင့်ယှက်ခဲ့သေးတယ်ဆိုတာ သေချာတယ် အဲ့ဒီကိစ္စဖြစ်ပြီးလို့ သူက ချန်ကျိုးကို ပြန်ပြေးလာတာ သူက တကယ့်ကို ရွံစရာကောင်းတယ်”


“ယင်းချန်းက ဘာလို့ချန်ဟွေ့ကို သတ်ချင်ရတာလဲ”ရှုနဉ်က သူ့မေးစိကိုပွတ်ရင်း တအံ့တဩဖြစ်နေသည်။


ယင်းချန်းနှင့်ယင်းမင်ကျန်းက ရေနဲ့ဆီလိုပဲ။သူတို့က သွေးသားမတော်စပ်ဘူးဆိုတာကို သိပြီးတဲ့နောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပိုလို့တောင် ရန်လိုနေကြသေးသည်။ယင်းမင်ကျန်း သတိမေ့ပြီး ဆေးရုံပို့လိုက်ရသည့်အချိန်ကတောင် ယင်းချန်းက လုံးဝဂရုမစိုက်ခဲ့ဘူး။ယင်းမင်းကျန်းကြောင့် ယင်းချန်းက ချန်ဟွေ့ကို သတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။


အပြင်လူတွေကတော့ ချန်ဟွေ့က ယင်းမင်ကျန်းကို တွယ်ကပ်နေတာကြောင့် ယင်းချန်းက ဒေါသထွက်ပြီး သူ့ကို မတော်တဆ သတ်လိုက်မိသည်ဟု ထင်ကြပေလိမ့်မယ်။


သူတို့ရဲ့ဆက်ဆံရေးကို သေသေချာချာသိနေသည့် ရှုနဉ်ကတော့ ထိုသို့ဖြစ်သွားခဲ့သည်ဟု လုံးဝမထင်မိပေ။


ထိုကိစ္စတစ်ခုလုံးမှာ သံသယဝင်စရာများရှိနေသည်။


ရလဒ်အနေဖြင့် ပြောရမည်ဆိုလျှင် ဗီလိန်လေးကိုနှောင်ယှက်နေသည့် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာတပ်မက်သူက သေသွားပြီဖြစ်သည်။သူကဗီလိန်လေးကို ဘယ်တော့မှ နှောင့်ယှက်နိုင်တော့မည်မဟုတ်ပေ။ဗီလိန်လေးကို နေ့တိုင်းရိုက်နှက်နေသည့် ယင်းချန်းကလဲ ထောင်ကျနိုင်၊သေဒဏ်ပေးခံရနိုင်သည်။သူက ဗီလိန်လေးကို နောက်ထပ် ဘယ်တော့မှ ရိုက်နှက်နိုင်တော့မည် မဟုတ်ပေ။


အမှိုက်နှစ်ကောင်ကို တကြိမ်တည်းဖြင့် အပြီးသတ် နှိမ်နင်းလိုက်နိုင်သည်။အဖြစ်မှန်က ဘာတွေပဲဖြစ်ဖြစ် ရှုနဉ်က ထိုသို့မြင်တွေ့ရတာကိုပဲ ပျော်ရွှင်နေပြီဖြစ်၏။


ကျောင်းဆင်းသည်နှင့် သူကလွယ်အိတ်ကိုလွယ်ပြီးကျောင်းမှထွက်လာခဲ့လိုက်သည်။ထို့နောက် လန်ကျိုးဆေးရုံသို့တက္ကစီငှါးသွားလိုက်သည်။


အခန်း115သို့ သူရောက်သောအခါ တစ်ခန်းလုံးတိတ်ဆိတ်နေပြီး ကျိုးကျွမ်ကလဲ အခန်းထဲမှာမရှိပေ။


ကျိုးကျွမ်ကို ဗီလိန်လေးကိုစောင့်ရှောက်ပေးနေသောကြောင့် ရှုနဉ်က လူနာစောင့်ကို ထုတ်လိုက်သည်။ကျိုးကျွမ်အပြင်သွားသည်နှင့် အခန်းထဲတွင်ကျန်နေသည့် တစ်ယောက်တည်းသောသူက ဗီလိန်လေးသာဖြစ်သည်။


အဖြူရောင်နံရံ၊အဖြူရောင် အိပ်ယာခင်းနှင့်အဖြူရောင်စောင်...ဗီလိန်လေးက ဆေးရုံကုတင်ပေါ်တွက်လှဲနေပြီး သူ့ခေါင်းပေါ်တွင် ပတ်တီးစည်းထားသည်။စောင်ထဲမှထွက်ပေါ်နေသည့်တစ်ခုတည်းသောအရာက သူ့ခေါင်းလေးသာ ဖြစ်ပြီး သူ့ဆံပင် ကမဲနက်ပြီးတောက်ပနေသည်။


“မင်ကျန်း ဒီနေ့ရော ဘယ်လိုနေသေးလဲ”


ရှုနဉ်က ဆေးရုံကုတင်နားသို့ဖြေးဖြေးချင်းလျှောက်လာရင်းမေးလိုက်သည်။


ဗီလိန်လေးက သူ့ကိုမမြင်ချင် သူဂရုစိုက်ပေးတာကို မလိုချင်သော်လည်း ရှုနဉ်က အရှက်မရှိ ရောက်ချလာသည်။သူက ဗီလိန်လေး စိတ်ဆိုးသွားမလား စိုးရိမ်နေမိသည်။


“အရမ်းကောင်းတယ်”


ယင်းမင်ကျန်း၏အပြုအမူက တည်ငြိမ်နေပြီး သူ့မျက်လုံးများကမူ မှင် ကဲ့သို့နက်မှောင်နေသည်။


သူခန္ဓာကိုယ်က သေးသွယ်ပိန်ပါးပြီး သူ့အသားအရေကလဲ ဖြူဖွေးနေသည်။ မသိပါလျှင် အဖြူရောင်ဆေးရုံခန်းအတွင်းသို့ သူ့တကိုယ်လုံး ပျော်ဝင်နေသလိုပင်။သို့သော်လည်း သူ့ဘေးတွင် ပုံမှန်နှင့်မတူဘဲ ထူးဆန်းသည့်အငွေ့အသက်များဝန်းရံနေတာကို တွေလိုက်ရသည်။လက်ရှိသူ့ပုံစံက ယခင်တွေ့ဖူးတာထက်ပင်ပို၍ မယုံနိုင်လောက်အောင် သန်မာနေပုံရသည်။


ထိုအချိန်ခဏ၌သူကဒဏ်ရာရနေသည့်မြေခွေးတစ်ကောင်နှင့်တူသည်ဟုပင် ရှုနဉ်ခံစားလိုက်ရသည်။သူက ပိန်ပြီးအားနည်းနေသော်လည်း မယုံနိုင်လောက်အောင် အန္တရာယ်များသည့်ပုံ ပေါက်နေ၏။


ရှုနဉ်ကသူ့ရဲ့ ရယ်စရာအတွေးများကို စိတ်ထဲမှမောင်းထုတ်လိုက်သည်။


သူက အမူအကျင့်ကောင်းတဲ့ဝံပုလွေလေးဆိုတာ သိသာနေတာပဲ။


ဝတ္ထုထဲတွင်တော့ သူကရူးသွပ်ပြီးရက်စက်တယ်လို့ ဖော်ပြထားသော်လည်း ထိုဟာက အနာဂတ်တွင်ဖြစ်သည်။သူက ရက်စက်ပြီးယုတ်မာတက်သူ ဖြစ်ရင်တောင် ယခုအချိန်တွင်တော့ သူက ကလေးပဲရှိသေးသည်။သူတတ်နိုင်သမျှအစွမ်းကုန်တိုက်ခိုက်ပေးမည်ဆိုလျှင် ပျက်စီးမှု သိပ်ရှိမည်မဟုတ်ပေ။


ရှုနဉ်က သူထိုနေရာ၌ရှိနေသည့်အကြောင်းပြချက်ကို ပြောပြလိုက်သည်။


“ငါတို့အတန်းဖော်တွေက မင်းနေမကောင်းလို့ ကျောင်းမတက်နိုင်ဘူးဆိုတာကို သိလို့ ပိုက်ဆံစုပြီး မင်းအတွက် ကိုးကားချက်စာအုပ်တွေဝယ်ပေးလိုက်တယ်။”


ရှုနဉ်က အိတ်ကိုကုတင်ဘေးရှိ စားပွဲပေါ်တင်လိုက်ပြီး အသစ်စက်စက်စာအုပ်များကို ထုတ်ယူလိုက်သည်။


ထိုစာအုပ်များက သတ္တမတန်းစာစီစာကုံးလမ်းညွှန်၊သတ္တမတန်းသင်္ချာခွဲခြမ်းစိတ်ဖြာခြင်း၊လော့ကျင်းယွမ်၏သတ္တမတန်းအင်္ဂလိပ်စာနှင့် သတ္တမတန်းသိပ္ပံစာအုပ်များစုစည်းမှုတို့ဖြစ်သည်။


ရှုနဉ်က စာအုပ်ဆိုင်မှ ထိုစာအုပ်များကို အထူးတလည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ထိုစာအုပ်များက အလွန်ရိုးရှင်းပြီး အခြေခံအားနည်းသည့် ဗီလိန်လေးနှင့် အလွန်သင့်တော်သည်။


ဗီလိန်လေး ဆေးရုံတွင် ဘယ်လောက်ကြာကြာဆက်နေရဦးမည်ကို သူမသိပေ။သူက စာအများကြီး နောက်ကျကျန်ခဲ့ပြီး ဖြစ်သည်။အကယ်၍ သူသာ မပြင်ဆင်ပေးထားပါက အနာဂတ်တွင် ပိုဆိုးလာမှာ သေချာသည်။


ဆေးရုံခန်းတွင်းသို့ သူဝင်ကထဲက ချန်ဟွေ့အကြောင်းကို မဆိုနှင့် ကျိုးကျွမ်နှင့် ယင်းချန်းတို့အကြောင်းကိုပင် တစ်ခွန်းမှမပြောခဲ့ပေ။တခြားပုံမှန်နေ့များကဲ့သို့ပင် သူ့အမူအရာကတည်ငြိမ်ပြီး သူ့အသံကလည်း ပေါ့ပါးနေသည်။


ယင်းမင်ကျန်းက သူ့ကို တိတ်တိတ်လေးစိုက်ကြည့်နေသည်။


ရှုနဉ်က သတ္တမတန်းစာစီစာကုံးလမ်းညွှန်စာအုပ်ကို ယူပြီးဖွင့်လိုက်သည်။


“ဒီစာအုပ်ထဲက စာစီစာကုံးတွေက တကယ့်ကို ကောင်းကောင်းရေးထားတာလို့ ငါထင်တယ် စာတစ်ပိုဒ်ဆီတိုင်းမှာ မှတ်ချက်တွေနဲ့ ရှင်းပြချက်တွေ ပါလို့ အခုမှ စလေ့လာမဲ့သူတွေအတွက် အရမ်းကောင်းတယ်”


ယင်းမင်ကျန်းက ဘာမှမပြောဘဲ နေနေဆဲပင်။


ရှုနဉ် အနည်းငယ်မသက်မသာ ခံစားလိုက်ရသော်လည်း သူက ယခုကဲ့သို့ ကသိကအောင့် အခြေအနေမျိုးကို မည်သို့ လျစ်လျူရှုရမလဲ ဆိုတာက အရင်ကထဲက သင်ယူပြီးသားဖြစ်သည်။သူက ထိုင်ခုံကိုအတင်းဆွဲထိုင်ပြီး စကားဆက်ပြောလိုက်သည်။


“မနေ့ကတုန်းက အတန်းပိုင်ဆရာမက ငါတို့ရှုခင်းအကြောင်း ရေးခိုင်းထားတယ် ဒီမှာ ဒါက ရှုခင်းနဲ့ဆိုင်တဲ့စာစီစာကုံး “နွေဦးနေ့၏ရေကန်”ပဲ"


သူက ကုတင်ပေါ်တွင်လှဲနေသည့် ဗီလိန်လေးကို ကြည့်လိုက်သည့်အခါ ဗီလိန်လေးက တစ်ဖက်ကို လှည့်သွားသည်။ဗီလိန်လေး၏မျက်လုံးများက မျက်နှာကြတ်ကို စိုက်ကြည့်နေပြီး စိုးရိမ်နေသည့်အမူအရာဖြစ်နေသည်။


ဗီလိန်လေးက သူ့ကိုသဘောမကျမှန်း ရှုနဉ်သိသဖြင့် သက်ပြင်းသာချလိုက်မိသည်။သူက စာစီစာကုံးစာအုပ်ကို လက်ထဲတွင်ကိုင်ထားပြီး “နွေဦးရေကန်”ကို အသံထွက်၍ဖတ်လိုက်သည်။


“လွန်ခဲ့သောမတ်လက ကျွန်တော်အဖေနှင့်အတူ အဖွား၏အိမ်သို့ အလည်သွားခဲ့သည်။ ကျွန်တော့်အဖွား၏အိမ်က ကျေးလက်တွင် တည်ရှိသည်။ ထိုအိမ်က အရမ်းကြီးမားပြီး အိမ်ရှေ့တွင် ရေကန်ကြီးတစ်ကန်ရှိ၏။”


ရှုနဉ်၏အသံက အရမ်းတည်ငြိမ်ပြီး သူ့စကားတစ်လုံးချင်းစီတိုင်းတွင် စိတ်ခံစားချက်များ ထည့်သွင်းထားသည်။စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီးသည်နှင့် သူက စာအုပ်တွင်ပါဝင်သည့် မှတ်ချက်များနှင့် ကျက်ရမည့်စကားလုံးများကိုလည်း ဖတ်ပြသည်။


ဥပမာအားဖြင့် မှတ်ချက်က ထိုသို့ဆိုလျှင် “ရှုခင်းအကြောင်း ရေးသားတဲ့အခါ ရည်ရွယ်တဲ့ အကြောင်းအရာကို အဝေးကနေ အရင်ချဉ်းကပ်ပြီး နောက်မှ အနီးကပ် အာရုံကိုစွဲဆောင်ရမယ် ရည်ရွယ်ထားတဲ့ စိတ်ကူးစိတ်သန်းက ရှင်းလင်းရမယ်”


“စာကြောင်းက စာဖတ်တဲ့သူကို နေရာအကြောင်းကို အသေးစိတ်နားလည်စေရမယ်”


“စာပိုဒ်မှာရှိတဲ့ အသေးစိတ်အချက်အလက်တွေကို စာရေးသူရဲ့ခံစားချက်နဲ့အညီ ဖော်ပြနိုင်ရမယ်”


စသည့် တခြားသောအချက်အလက်တွေ အကုန်လုံးထောက်ပြပေးလိုက်၏။


ဗီလိန်လေးက တချို့အကြောင်းအရာများ မှတ်မိနိုင်ရန် ရှုနဉ်မျှော်လင့်ထားမိသည်။သူက စာသီစာကုံး ဗလာမထပ်လိုက်တာကိုဘဲ ရှုနဉ်လိုချင်သည်။


စာစီစာကုံးတစ်ပုဒ်စီတိုင်းက စာလုံးရေ 500သာရှိသော်လည်း ရှုနဉ်က စာစီစာကုံးရော မှတ်ချက်များကိုရောပါ ဖတ်ပြခဲ့သည်။သူတစ်နာရီလုံးအသံထွက် ဖတ်ပြပြီးနောက် သူ့ပါးစပ်များပင် ခြောက်သွေ့လားတာကို ခံစားလိုက်ရသည်။


ထိုအချိန်တစ်နာရီအတွင်း ယင်းမင်ကျန်းက စကားတစ်ခွန်းလေးတောင်မှ မပြောခဲ့ပေ။မျက်နှာကြတ်ကိုစိုက်ကြည့်နေသည့် သူ့မျက်လုံးများကိုပင် အကြည့်မလွှဲခဲ့ပေ။


ရှုနဉ်က တကိုယ်တော်ရှိုးပွဲကျင်းပနေရသည်ဟုပင် ခံစားလိုက်ရသည်။နည်းနည်းအထီးကျန်နေသလိုမျိုးတော့ ခံစားလိုက်ရသည်။


သို့သော်လည်း သူက စိတ်ဓါတ်တော့ ကျမသွားပေ။ဗီလိန်လေးက သူ့ကို အေးစက်စက် ဆက်ဆံတာက ပထမဆုံးအကြိမ်မဟုတ်ပေ။သူက စာစီစာကုံးတစ်ခုလုံးကို နောက်တစ်ကြိမ်ထပ်ဖတ်ပြပြီး ဗီလိန်လေးနှင့် စကားပြောဆိုရန် ကြိုးစားလိုက်သည်။


“မင်ကျန်း မင်းဒီစာစီစာကုံးဖွဲ့စည်းပုံကို ဘယ်လိုထင်လဲ။”


တုံ့ပြန်မှုမရှိဆဲပင်။


“ဒါဆိုလည်း တခြားတစ်ပုဒ် ဖတ်ကြည့်လိုက်ရအောင်”


ဗီလိန်လေးက သူ့ကို ဆက်မသိချင်ယောင်ဆောင်နေလိမ့်မည်ဟု ရှုနဉ်ထင်ထားခဲ့သည်။သူနောက်တစ်ပုဒ်ကို ထပ်ဖတ်တော့မည့်အချိန်မှာပဲ ကုတင်ပေါ်တွင်လှဲနေသည့်သူက ရုတ်တရက်ကြီး ထပြောသည်။


“လွန်ခဲ့သောမတ်လက ကျွန်တော်အဖေနှင့်အတူ အဖွား၏အိမ်သို့ အလည်သွားခဲ့သည်။ကျွန်တော့်အဖွား၏အိမ်က ကျေးလက်တွင် တည်ရှိသည်။ထိုအိမ်က အရမ်းကြီးမားပြီး အိမ်ရှေ့တွင် ရေကန်ကြီးတစ်ကန်ရှိသည်။”


ရှုနဉ်ရုတ်တရက်ခေါင်းမော့ကြည့်လိုက်မိပြီးသူ့မျက်လုံးများထဲ၌အံ့ဩမှုများ ပြည့်နေသည်။


ဗီလိန်လေး၏မျက်လုံးများက မျက်နှာကြတ်ကိုသာ စိုက်ကြည့်နေသေးသော်လည်း သူ့ပါးစပ်ကမူ ရှုနဉ် ရွတ်ပြသကဲ့သို့ စာစီစာကုံးကို ဖြေးဖြေးချင်း ရွတ်ဖတ်နေသည်။


သူအသံထွက် ရွတ်ပြနေတာကို နားထောင်ရင်း မူလစာအုပ်ထဲမှ ပြောသည့် စာသားများနှင့် နှိုင်းယှဉ်နေမိသည်။သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုက ပို၍ထင်ရှားလာသည်။


ဗီလိန်လေး ရွတ်ဆိုပြသည့် အရာအားလုံးက မူလစာသားများနှင့် အတိအကျ တူညီနေခဲ့သည်။စကားလုံးလေးတစ်လုံးတောင်မှ သူ မမှားပေ။


ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။


သူက စာစီစာကုံးကို နှစ်ကြိမ်သာ ဖတ်ပြခဲ့တာဖြစ်ပြီး ဗီလိန်လေးက အကြောင်းအရာအကုန်လုံးကို မှတ်မိနေ၏။



____



Translated By IQ-Team.