အပိုင်း ၃၂
Viewers 9k

Chapter 32

 သူ ဉာဏ်ရည်ထက်မြတ်တဲ့အဆင့်ကို ရောက်ရှိသွားပြီ။


__



ရှုနဉ်က ဗီလိန်လေးကိုစောင့်ရှောက်ဖို့ နောက်ထပ်အစောင့်တစ်ယောက်ကို ငှါးရမ်းခဲ့သည်။ ကျိုးကျွမ်က ယင်းချန်း၏အရေးကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် ယင်းမင်ကျန်းကိုဂရုစိုက်ဖို့ အချိန်မရှိပေ။


သူမက ယင်းမင်ကျန်းကို ဂရုမစိုက်မှန်း ရှုနဉ်သိသည့်အတွက် သူ့ကိုဂရုစိုက်ဖို့ တွန်းအားမပေးချေ။


နေ့တိုင်း ကျောင်းဆင်းလျှင် ရှုနဉ်က ဆေးရုံကိုသွား၍ ဗီလိန်လေးကိုကြည့်သည်။ ဗီလိန်လေးတွင် ထက်မြက်သည့်မှတ်ညဏ်ရှိကြောင်း သူသိရှိခဲ့သည်။ စာကြောင်းကို တစ်ခေါက် သို့မဟုတ် နှစ်ခေါက် အသံထွက်၍ဖတ်လိုက်သည်နှင့် ဗီလိန်က စကားလုံးတိုင်းကို လိုက်မှတ်နိုင်၏။


ထိုကဲ့သို့သောကြောက်စရာကောင်းသည့်မှတ်ညဏ်က သူ့ဆီမှာ နဂိုကတည်းက ရှိပြီးသားလား၊ ဆေးရုံတက်ပြီးမှ ရရှိလာခြင်းလားဆိုတာကို ရှုနဉ်မသိချေ။


တွေးကြည့်ပြီးသည့်နောက်တွင်တော့ သူဆေးရုံတက်ပြီးမှရရှိခဲ့သည့်ပုံပေါ်သည်။ အရင်တုန်းကသာ ထိုကဲ့သို့မျိုးမှတ်ညဏ်ရှိခဲ့လျှင် ဘက်စုံဗဟုသုတဘာသာတွင် အမှတ်မနည်းလောက်ပေ။


တခြားနည်းဖြင့်ဆိုရလျှင် အားလုံးအမှတ်ကောင်းမွန်နိုင်သည်။ သေလုနီးပါးအထိ အရိုက်ခံခဲ့ရပြီး အရောင်များကိုမြင်နိုင်စွမ်းဆုံးရှုံးခဲ့သော်လည်း ပြိုင်ဘက်ကင်းပြီး အတုမရှိသည့်မှတ်ညဏ်များကို ရရှိခဲ့သည်။


ထို့ကြောင့် သူ့အမှတ်များနှင့်ပက်သက်၍ စိတ်ပူစရာမလိုတော့ပေ။


ကျယ်ပြောသည့်သင်ယူလေ့လာခြင်းက မှတ်ညဏ်မှတစ်ဆင့် ဆောင်ရွက်ရခြင်းသာဖြစ်သည်။ လေ့လာသင်ယူရန်အတွက် တခြားလိုအပ်သည့်လုပ်နိုင်စွမ်းများကတော့ ကျိုးကြောင်းဆီလျော်စွာ ခွဲဝေပိုင်းခြားနိုင်ခြင်းဖြစ်၏။ ထိုလုပ်နိုင်စွမ်းများထဲမှတစ်ခုကို မြှင့်တင်နိုင်သရွေ့ သင်ယူခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းများက လျင်မြန်စွာ တိုးတက်ပြောင်းလဲလာနိုင်သည်။ 


ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာရှိသည့်ကလေးများတွင် ညဏ်ရည်မြင့်မားပြီး ဦးနှောက်ထိထားသည့်သူများတွင်လည်း ဘာသာစကားပိုင်းတွင် ကျွမ်းကျင်နိုင်ကြောင်း သတင်းများတွင်တွေ့ရတတ်သည်။


ဗီလိန်လေးကလည်း ကံကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ။


အရောင်တွေကို သူမမြင်နိုင်တော့တာကတော့ နှမျောစရာပင်ဖြစ်၏။ သူ့အတွက်တော့ ကမ္ဘာကြီးဟာ အရင်ကထက်ပိုပြီး အရောင်မွဲကာမှုန်မှိုင်းနေတော့မည်ဖြစ်သည်။


ဗီလိန်လေး၏ဖုံးကွယ်ထားသောလုပ်နိုင်စွမ်းကို သူသိပြီးသည်နှင့် ရှုနဉ်က သူ့ကို ပျိုးထောင်စောင့်ရှောက်ရန် ပို၍ပို၍ပင် စိတ်ဝင်စားလာသည်။ သူ့ကို အရပ်ပိုရှည်ပြီး ပိုသန်မာလာသည့်ပုံစံကို မြင်တွေ့နိုင်ကာ ပိုချောလာပြီး ပိုတော်လာတော့မည့် ရှေ့ပြေးပုံစံကိုလည်း တွေ့မြင်နိုင်တော့မည်။ 


ဒီဖေဖေက အရမ်းကိုပျော်နေပြီနော်။


ဗီလိန်လေး၏မှတ်ညဏ်က သာမာန်ထက်ပိုနေသောကြောင့် သင်ယူရမည့်နည်းလမ်းကလည်း ပြောင်းလဲရန်လိုလိမ့်မည်ဖြစ်သည်။


အင်္ဂလိပ်စာအတွက်တော့ ရှုနဉ်က အဘိဓာန်ကိုယူ၍ စကားလုံးများ၏ အရင်းအမြစ်နှင့် အနက်အဓိပ္ပာယ်ကို ဦးစွာအရင် အာရုံစိုက်လိုက်သည်။ သူက အင်္ဂလိပ်စကားလုံးအရင်းအမြစ်များအတွက် အဘိဓာန်ကိုလှန်လှောကြည့်ကာ ဗီလိန်လေးကြားရစေရန်အတွက် ဝေါဟာရတိုင်းကို အော်ဖတ်ပြလိုက်သည်။


သူ့အသံထွက်ကို မတိကျမှာစိုးသည့်အတွက် အသံဖိုင်တွဲလျက်ပါသည့်စာအုပ်ကိုပါ ဝယ်ယူခဲ့သည်။ ထို့နောက် ဗီလိန်၏ဖုန်းထဲသို့ ပို့လိုက်ကာ အားလပ်ချိန်တိုင်းတွင် ထိုအသံဖိုင်ကိုနားထောင်ရန် ပြောလိုက်သည်။


ဗီလိန်လေး၏ဖုန်းက သိပ်မဆံ့သလို ဖုန်းမှန်ကလည်း အက်ကွဲလျက်ရှိကာ နည်းပညာပိုင်းဆိုင်ရာတွင် သိပ်အလုပ်မဖြစ်ပေ။ သူစာလုပ်ရန်အတွက် လုံးဝ မကောင်းသည့်ဖုန်းပင်ဖြစ်သည်။


ရှုနဉ်က ထိုအကြောင်းကို အနည်းငယ်စဉ်းစားမိပြီး သူပိုက်ဆံအနည်းငယ်ရသည်နှင့် ဗီလိန်အတွက် ဖုန်းဝယ်ပေးရန် ဆုံးဖြတ်လိုက်၏။


ကျောင်းဆင်းသောအခါတွင် ရှုနဉ်က ဗီလိန်လေး သူနှင့်စာလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဘိဓာန်စာအုပ်ကို ယူလာခဲ့စမြဲသာ။


အစပိုင်းတော့ ရှုနဉ်က ဗီလိန်လေးကို သူခိုင်းထားသည့်အတိုင်းလုပ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း သူစစ်လိုက်သောအခါတွင် ဗီလိန်လေးက အမှန်တကယ် စာလုပ်ထားတာဖြစ်ကြောင်းကို သိရှိသွားရသည်။


ကလေးတစ်ယောက်ကို ပျိုးထောင်ရခြင်း၏ အကောင်းဆုံးအပိုင်းကတော့ ကိုယ့်ကလေးက ချစ်ဖို့ကောင်းပြီး စကားနားထောင်သည့်အချိန်တွင်သာဖြစ်သည်။ မိဘတိုင်း၏ သားသမီးများအပေါ်ထားရှိသည့် ဆန္ဒက စကားနားထောင်ရန်သာဖြစ်၏။


ရှုနဉ်က မျက်ရည်ဝဲလုနီးပါးပင်ဖြစ်သွားရသည်။


သို့သော်လည်း ဝေါဟာရကို သင်ယူရုံနှင့် မလုံလောက်သည့်အတွက် ရှုနဉ်က ဗီလိန်လေးအတွက် ကိုးကားမှီငြမ်းထားသည့်စာအုပ်များစွာကို ထက်ဝယ်ပေးလိုက်သည်။ ထိုအထဲတွင် သဒ္ဒါ၊ ဝေါဟာရသမိုင်းနှင့် ဖတ်ခြင်း၊ ရေးခြင်းများစွာ ပါဝင်သည်။


ဗီလိန်လေးက ထိုအကြောင်းအရာများကို ရက်အနည်းငယ်နှင့် ဖတ်ရှုလေ့လာပြီးသွားချေ၏။


သူက လျင်မြန်စွာဖတ်ရှုနိုင်ပြီး တစ်ခုမှမမေ့ချေ။ သာမာန်လူများက ဝတ္ထုကိုဖတ်၍ လျင်မြန်စွာဖြင့် အပေါ်ယံဖတ်ရှုလေ့လာလိုက်သလိုနှင့်တူသည်။ သို့သော်လည်း သာမာန်လူများကတော့ ခဏကြာရင် မေ့နိုင်သော်လည်း ဗီလိန်လေးကတော့ တစ်ချက်ကြည့်ရုံဖြင့် အားလုံးကိုမှတ်မိနိုင်သည်။


“မင်းဒါတွေအားလုံးကို ဘယ်လိုလုပ်အလွတ်ရနေတာလဲ” ရှုနဉ်က ဗီလိန်လေးကို သိချင်စိတ်ဖြင့် မေးလိုက်သည်။


ဗီလိန်လေးက ဖြေသည်။ “မသိဘူး ဒီတိုင်းဖတ်လိုက်တာပဲ”


ဟုတ်နေပါပြီ။


ဉာဏ်ထက်မြတ်ပြီး ပါရမီရှိတဲ့သူတွေက တကယ့်ကိုမတူကွဲပြားတဲ့ပုံစံနဲ့ မွေးဖွားလာကြတာပဲ။


အင်္ဂလိပ်စာတွင် အချိန်အနည်းငယ်ကုန်ဆုံးပြီးနောက် ရှုနဉ်က ဗီလိန်လေးကို သင်္ချာဘာသာရပ်အား စတင်သင်ကြားပြသပေးလိုက်သည်။ ထို့နောက် ရှုနဉ်က ဗီလိန်လေးသည် ဖြတ်ထိုးဉာဏ်အလွန်ကောင်းကြောင်း သိရှိသွားရသည်။ သူက အဓိကအချက်များကို လျင်မြန်စွာ ဆုပ်ကိုင်နိုင်ခဲ့၏။


တစ်ခါတစ်ရံတွင် ရှုနဉ်ကို အကျပ်ရိုက်သွားစေသည့် ပုစ္ဆာများရှိခဲ့သော်လည်း ဗီလိန်လေးကတော့ ထိုပုစ္ဆာများကို လျင်မြန်စွာဖြင့် ဖြေရှင်းနိုင်ခဲ့၏။


ရှုနဉ် - “...”


ထိုသို့ဖြစ်လာတိုင်း အနည်းငယ်တော့ ရှက်စရာကောင်းသွားရသည်။


အဆုံးသတ်တွင်တော့ ရှုနဉ်က နှုတ်ထွက်လုနီးနီးပင်ဖြစ်ခဲ့ရသည်။ သူဗီလိန်လေးကို ကူညီချင်ရုံသာမကပဲ တစ်ခါတစ်ရံတွင် ဗီလိန်၏ အကူအညီကိုလည်း ရယူရန် လိုအပ်ခဲ့သည့်အချိန်များလည်းရှိသေးသည်။


တချို့ပုစ္ဆာများက အလွန်ခဲယဉ်း၏။ ရှုပ်ထွေးခက်ခဲလွန်းပြီး နောက်ပြန်စဉ်းစားရသည့် အတွေးအခေါ်များ လိုအပ်သည်။ အဓိကအချက်များကို လိုက်မလုပ်နိုင်လျှင် ပုစ္ဆာကို ဘယ်တော့မှဖြေရှင်းနိုင်မည်မဟုတ်ချေ။


ရှုနဉ်က ထိုပုစ္ဆာရပ်များကို အမှတ်မထင် တွေ့ရှိခဲ့ပြီး ဗီလိန်လေးကသာ သူ့ကိုကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။


ရှုနဉ်က ထိုအရာကို အလွန်ကြီးမားသည့် အလှည့်အပြောင်းဟု ခံစားမိချေသည်။


ဗီလိန်လေး၏ တွက်ချက်နိုင်စွမ်းက အံ့မခန်းပင်ဖြစ်သည်။ အပေါင်း၊ အနုတ်၊ အမြောက်၊ အစားကို ချက်ချင်းဆိုသလိုပင် တွက်ချက်နိုင်စွမ်းရှိသည်။ ဂဏန်းပေါင်းစပ်ကို မှီခိုအသုံးပြုရန်ပင်မလိုချေ။ 


ရက်ပေါင်းများစွာ စစ်ဆေးပြီးသည့်နောက်တွင် ဗီလိန်လေး၏ မှတ်ညဏ်နှင့် တွက်ချက်နိုင်စွမ်းက ကြောက်စရာကောင်းလောက်သည့်ပမာဏအထိ တိုးတက်သွားကြောင်းကို ရှုနဉ်က အတည်ပြုလိုက်နိုင်သည်။ သူက လူသား ကွန်ပျူတာနှင့်ပင်တူနေသည်။ သူ့ကိုသာ အနည်းငယ်သောအချက်အလက်များ ဖြည့်သွင်းပေးလိုက်သည်နှင့် ချက်ချင်း အဖြေပြန်ပေးနိုင်သည်။


သူ၏ဖြတ်ထိုးဉာဏ်ကလည်း အလွန်သန်မာအားကောင်းပြီး ဦးနှောက်ထိခိုက်ပြီးနောက်တွင် ပို၍ပင် တိုးတက်လာသေးသည်။


ဗီလိန်လေး၏ မှတ်ညဏ်က ပျမ်းမျှအဆင့်ထက်ပိုသည်ဟု ယူဆနိုင်သည်။ (ကြက်သီးမွေးညင်းထလောက်စရာကောင်းသည့် စာမေးပွဲတွင်ရရှိခဲ့သော အလွန်မြင့်မားသည့်အဆင့်များ) ဦးနှောက်ထိခိုက်ပြီးနောက်တွင် သူ့မှတ်ဉာဏ်က ထူးချွန်ထက်မြက်သည့်အဆင့်ကို ရောက်ရှိသွားချေပြီ။


ဗီလိန်လေးက သူ့ကို တတိယအကြိမ်မြောက် နားလည်လားဟု မေးလာလျှင် ရှုနဉ်မှာ တိတ်တဆိတ် ပြန်ဖြေရသည်။ 


“အင်း” သူ့တွင် ဗီလိန်လေးကို သင်္ချာဆက်သင်ပေးရန် ယုံကြည်ချက်မရှိတော့ပေ။


ဗီလိန်လေးက အိပ်ရာပေါ်တွင် ထိုင်နေသည်။ သူက ရှုနဉ်ကိုငေးကြည့်ပြီး ပြောလာသည်။ 


“မင်းနားမလည်ရင် ငါသင်ပြပေးလို့ရတယ်”


ရှုနဉ်က ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားပြီး သူ့အိမ်စာကိုသာ နှုတ်ဆိတ်စွာဖြင့် ဆက်လုပ်နေလိုက်သည်။ ဗီလိန်လေး၏ မျက်ဝန်းနောက်ကွယ်မှ ဖုံးကွယ်ထားသော အပြုံးရိပ်လေးကိုတော့ သူသတိမထားမိလိုက်ချေ။


မျက်စိတစ်မှိတ်အတွင်းတွင် ပညာသင်နှစ်၏ နှစ်ဝက်စာသင်ကာလအဆုံးပိုင်းကို ရောက်ရှိလာချပြီ။


ခွဲစိတ်ပေးတဲ့ ဆရာဝန်က ဗီလိန်လေးကို ဆေးရုံဆင်းလို့ရပြီဖြစ်ကြောင်း ရှုနဉ်ကို ပြောပြသည်။


ရှုနဉ်က လှူဒါန်းထားသည့် ရန်ပုံငွေများကို စစ်ဆေးလိုက်သောအခါတွင် ပိုက်ဆံတစ်ချို့ကျန်နေသေးကြောင်း တွေ့ရှိလိုက်ရသည်။ 


သူဒီပိုက်ဆံများနှင့် ဘာလုပ်ရမှန်း သေချာမသိချေ။


ထိုရက်ပိုင်းများအတွင်းတွင် ကျိုးကျွမ်က ရဲစခန်းကို အခေါက်ခေါက်အခါခါ သွားလိုက်ပြန်လိုက်ဖြင့် ပြေးလွှားလှုပ်ရှားနေရသည်။ ယင်းချန်းက တစ်သက်လုံးထောင်ကျနိုင်သလို သေဒဏ်ပေးခံရနိုင်ကြောင်းကို ရဲစခန်းက သူမအားပြောပြခဲ့သည်။ သို့သော်လည်း ပြစ်မှုက သူ့ကလေးကောင်းဖို့အတွက် ကျူးလွန်ခဲ့ခြင်းဖြစ်သည့်အတွက်ကြောင့် ပြစ်ဒဏ်က အခြေအနေပေါ်မူတည်၍ လျော့ပါးနိုင်ချေရှိသည်။ ထိုတုံ့ပြန်မှုကို ရရှိပြီးသည့်နောက်တွင် ကျိုးကျွမ်က စိတ်သက်သာရာရမှုဖြင့် သက်ပြင်းချလိုက်သည်။ ထိုအခါမှသာ ဆေးရုံတွင် သူမ၏ကလေးရှိသေးကြောင်းကို သတိရသွားတော့၏။


သူမက အမြန်ပြေးသွားချိန်တွင် ရှုနဉ်က ယင်းမင်ကျန်းဆေးရုံဆင်းရန်အတွက် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်လုပ်ဆောင်နေပြီးဖြစ်သည်။ 


ဆရာဝန်များကက ရှုနဉ်၏ ယင်းမင်ကျန်းအပေါ် လုပ်ကိုင်ပေးခဲ့မှုများကိုသိရှိပြီး ယင်းမင်ကျန်း၏မိဘများက ဘာမှမလုပ်ပေးခဲ့ခြင်းကိုသိသည့်အတွက်ကြောင့် ဆေးရုံဆင်းသည့်လမ်းစဉ်များက အလွန်ညက်ညောပြေပြစ်ခဲ့သည်။ 


ကျိုးကျွမ်က ဆေးရုံတွင် အနည်းငယ်စိတ်မသက်မသာသလိုခံစားနေရသည်။ သူမက ဘာလုပ်ရမှန်းမသိသည်နှင့် ယင်းမင်ကျန်းကို မေးလိုက်၏။


“မင်ကျန်း မာမားက ပါပါးကိစ္စကြောင့်နဲ့ ဒီရက်ပိုင်း အရမ်းအလုပ်ရှုပ်နေလို့ သားကို လာမကြည့်နိုင်ခဲ့တာနော် သားက မာမားကို စိတ်မဆိုးဘူးမလား ဟင်”


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။ 


“ရပါတယ် ကျွန်တော် နားလည်တယ်”


ကျိုးကျွမ်က စိတ်သက်သာရာရမှုဖြင့် သက်ပြင်းချလိုက်ပြီး သူ့ရဲ့ နေ့စဉ်အသုံးဆောင်ပစ္စည်းများကို ဝိုင်းကူထုပ်ပိုးပေးလိုက်သည်။ သူမက အံဆွဲထဲမှ ဆေးရုံစရိတ်ကိုဆွဲယူပြီး စုစုပေါင်းကျသင့်ငွေကို တွက်ချက်ရန် ဖုန်းထုတ်ကြည့်လိုက်သည်။ သူမက ပေါ့ပါးစွာဖြင့် မေးလိုက်သည်။ 


“မင်ကျန်းရေ ငါတို့ ဒီတစ်ခေါက် ဘယ်လောက်ကုန်သွားတာလဲ”


ယင်းမင်ကျန်းက ပြောသည်။


 “ကျသင့်ငွေစာရင်းတွေအားလုံးက အံဆွဲထဲမှာရှိတယ်”


“ဒါအကုန်လား”


ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။


ကျိုးကျွမ်က တစ်ခုချင်းစီကိုထည့်ပေါင်းပြီး အားလုံးကို လျင်မြန်စွာ တွက်ချက်လိုက်သည်။ 


“စုစုပေါင်းကျတဲ့ ဆေးရုံစရိတ်က ယွမ် ၂၃၄,၃၅၀ တဲ့ ဟေး ငါတို့မှာ အာမခံလည်းရှိတယ် ရှုနဉ်က ဆေးရုံဆင်းဖို့ကိစ္စတွေကို လုပ်ပေးနေတာလား အိုး သူအာမခံလျော်ကြေးကိုလည်း တောင်းဖို့လိုတယ်”


“မာမား ကျွန်တော့်ကို အရင်တစ်ခေါက်တုန်းက ကျန်းမာရေးအာမခံကတ် ပေးထားခဲ့တယ်လေ” ယင်းမင်ကျန်းက တည်ငြိမ်စွာပြောလိုက်သည်။ 


“သူဆေးရုံဆင်းဖို့ကိစ္စတွေသွားလုပ်တဲ့အချိန်မှာတော့ သူ့ကိုကျန်းမာရေးအာမခံကတ်ပေးလိုက်တာပဲ”


ကျိုးကျွမ်က ရုတ်တရက် သတိရသွားပြီး သူမခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ 


“အာ ကြည့်ပါဦး လုံးဝ မေ့တော့မလို့”


“အာမခံက ဘယ်လောက်ပေးမှာလဲ အာမခံကြေးပါထည့်တွက်လိုက်မယ်ဆိုရင်တော့ ယွမ်နှစ်သိန်းထက် ပိုကုန်တော့မှာမဟုတ်ဘူး” ကျိုးကျွမ်က ဆေးရုံစရိတ်ကျသင့်ငွေစာရွက်ကို သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ 


“အာမခံကြေးက ဆေးရုံစရိတ်ရဲ့ ၆၀ ရာခိုင်နှုန်း ပေးမယ်လို့ကြားတယ် ဒါဆိုရင် တစ်သောင်းထက် နည်းသွားမှာမလား”


ကျိုးကျွမ်၏မျက်နှာထားက သူမ၏ စိတ်လှုပ်ရှားပျော်ရွှင်နေမှုအနည်းငယ်ကို ပြသနေသည်။ ကြီးမားသည့် လျှော့ဈေးကိုရရှိတော့မည့် ရပ်ကွက်ထဲမှ အမျိုးသမီးနှင့်တူနေသည်။


ယင်းမင်ကျန်းက တစ်ခါမှ ထိုကိစ္စနှင့်ပက်သက်၍ အာရုံမစိုက်ဖူးပေ။ မည်သို့ပင်ဖြစ်စေ သူတို့က အလွန်ညစ်နွမ်းဆင်းရဲကြသည်မဟုတ်ပါလား။ ပိုက်ဆံလေး အနည်းငယ်လောက်ကို စုမိခြင်းကတောင်မှ သူတို့အတွက် တစ်ပတ်စာပျော်ရွှင်မှုကို ပေးနိုင်စွမ်းရှိသည်။ 


သို့သော်လည်း ကျိုးကျွမ်က ဒီတစ်ခေါက်တွင်တော့ သူမ၏ပိုက်ဆံတစ်ပြားတစ်ချပ်မှကို မသုံးခဲ့ဘဲ ကုန်ကျစရိတ်အနည်းငယ်လေးကိုတောင်မှ တွက်ချက်ရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။ ယင်းက လုံးဝ မသင့်လျော်ပေ။


ယင်းမင်ကျန်း သူဘယ်လိုခံစားနေရကြောင်းကို ရှင်းလင်းစွာဖော်ပြနိုင်ရန် ခက်ခဲနေသည်။ သူက မျက်လွှာချထားပြီး ရှည်လျားသောမျက်တောင်များကမူ အနည်းငယ် တုန်ယင်နေခဲ့သည်။


သူက ယင်ချန်းကို အရိုးထဲထိအောင်မုန်းသော်လည်း ကျိုးကျွမ်အပေါ်တွင်တော့ အခုထိ မေတ္တာများစွာရှိနေဆဲဖြစ်သည်။ 


“မင်ကျန်း ငါဆေးရုံဆင်းဖို့လုပ်ပြီးပြီ” 


ရှုနဉ်က ဆေးရုံအခန်းထဲသို့ လက်ထဲတွင် လက်ကျန်ငွေဖိုင်တွဲများအပုံလိုက်ကို ကိုင်ဆောင်ပြီး ဝင်လာခဲ့သည်။


ကျိုးကျွမ်က လျင်မြန်စွာသွား၍ မေးလိုက်သည်။ 


“ရှုနဉ် စုစုပေါင်း ဘယ်လောက်ကုန်လဲ အာမခံက ဘယ်လောက်ထိပေးခဲ့ရလဲ”


ရှုနဉ်က သူမကြောင့် အနည်းငယ်စိတ်ပျက်အံ့အားသင့်သွားရသည်။ သူက ယင်းမင်ကျန်းကိုလှမ်းကြည့်ပြီး ကျိုးကျွမ်ထံသို့ ကျသင့်ငွေစာရွက်စာတမ်းများကို ကမ်းပေးလိုက်သည်။ 


“စုစုပေါင်း ယွမ် ၁၇၈,၀၀၀ ကျတယ်”


“ဒီလောက်တောင်လား” 


ကျိုးကျွမ်က လက်ခံရရှိငွေစာရွက်စာတမ်းများကိုကြည့်ကာ ကိန်းဂဏန်းက အမှန်တကယ် ၁၇၈,၀၀၀ ရေးထားကြောင်းကိုတွေ့လိုက်ရသည်။ ရလဒ်ကိုတွေ့သောအခါတွင် သူမက မတတ်သာဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ 


“ဒီဆေးရုံက ငါတို့ပိုက်ဆံတွေကို လိမ်လည်ဖို့ကြိုးစားနေတာလား ငါတို့ရဲ့ ကျန်းမာရေးအာမခံက ၆၀ ရာခိုင်နှုန်းအထိ ပေးထားတာကို ဘာလို့ ဒီလောက်ထိ ကုန်ကျသွားရတာလဲ”


ရှုနဉ်က မသက်မသာဖြင့် ပြောလိုက်သည်။


 “မစ္စကျိုး ဆရာဝန်နဲ့ သူနာပြုတွေက အရင်ကလည်း ရှင်းပြပြီးပါပြီ တစ်ချို့ကုန်ကျစရိတ်တွေက အာမခံနဲ့ မဆိုင်ဘူးလို့ပြောထားတယ်လေ တစ်ချို့နေရာတွေပဲ တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးထားတာ အာမခံကလည်း ကျသင့်ငွေအားလုံးကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”


ကျိုးကျွမ်က သက်ပြင်းချလိုက်သည်။ 


“အဲဒါကြောင့် ငါတို့တွေ ဆေးရုံမသွားသင့်ဘူးလို့ပြောသားဘဲ ဆေးရုံထဲဝင်ပြီဆိုတာနဲ့ ငါတို့စုထားတဲ့ပိုက်ဆံထဲက တစ်ဝက်လောက်ကို လုယက်သွားကြတော့မှာ ဒီက ဆရာဝန်တွေက ပိုက်ဆံယူဖို့ကြီးပဲ…”


ရှုနဉ်က သူမ၏ တတွတ်တွတ်ပြောနေသောစကားများကိုနားထောင်ရင်း ပျင်းရိလာသည်။ သူက ယင်းမင်ကျန်းကို ကုတင်ပေါ်မှ ထနိုင်ရန် ကုတင်ဘေးကိုသွား၍ ကူညီပေးလိုက်သည်။ 


“ဖြည်းဖြည်းထပါ မလောနဲ့”


ကျိုးကျွမ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူမက မေးလိုက်သည်။ 


“ရှုနဉ် လှူဒါန်းငွေတွေကရော ဘယ်လိုလဲ မင်းစီစဉ်ထားတဲ့ ပရဟိတအဖွဲ့အစည်းက

ယွမ် ၁၈၀,၀၀၀ ပဲ ထောက်ပံ့တာတွေ့တယ် ငါတို့ရပ်ကွက်ထဲက လူတွေက ယွမ် ၆၀,၀၀၀ လှူတယ်လို့လည်းကြားထားတယ် ဒါတွေအားလုံးကိုပေါင်းလိုက်မယ်ဆိုရင် ယွမ် ၂၇၀,၀၀၀ ဖြစ်သွားမှာ ကျန်တဲ့ပိုက်ဆံ ငါ့ကိုပေးရမယ်နော်”