အပိုင်း ၃၃
Viewers 11k

Chapter 33

ကလေးက စာလုပ်ဖို့လိုတယ်



ရှုနဉ်က နေရာမှာတင် အေးခဲသွားရပြီး လုံးဝ မှင်တက်သွားရသည်။ 


“ဘာလို့ပေးရမှာလဲ”


“အဲဒါက…”


 ကျိုးကျွမ်က သူ့တုံ့ပြန်မှုကြောင့် အကြံအိုက်သွားရသည်။


“ဘာလို့ ငါ့ကို မပေးရမှာလဲ မင်ကျန်းနဲ့ငါက အနာဂတ်ကိုရှေ့ဆက်ဖို့အတွက် ပိုက်ဆံလိုသေးတယ်လေ”


“မာမား ကျွန်တော်တို့မှာ ခြေထောက်နဲ့လက်တွေရှိတယ် ကျွန်တော်တို့ ကိုယ့်ဘာသာရှာဖွေနိုင်တယ်” 


တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် ယင်းမင်ကျန်းမှာ သူ့မျက်ဝန်းအကြည့်များက ကျိုးကျွမ်ကိုသာ မမှိတ်မသုန်ကြည့်နေခဲ့သည်။


 “အားလုံးက ကျွန်တော့်ဒဏ်ရာကိုကုသဖို့အတွက် လှူဒါန်းပေးခဲ့ကြတာ ကျွန်တော်တို့နေထိုင်စရိတ်အတွက် လှူခဲ့ကြတာမဟုတ်ဘူး” 


ကျိုးကျွမ်က တစ်ခုခုပြောရန် နှုတ်ဟလိုက်သော်လည်း သူမ၏ ကြောက်ရွံ့တတ်သည့်ပင်ကိုစရိုက်အရ ပြောရန်သတ္တိမရှိတော့ပေ။ သူမက ဒီအတိုင်း ရှုနဉ်ကိုသာကြည့်နေပြီး သူမဘက်တွင်ရပ်တည်ဖို့ မျှော်လင့်နေမိသည်။


ယင်းမင်ကျန်းက ရှုနဉ်၏လက်ကို ပုတ်လိုက်ပြီး ညင်သာသောလေသံဖြင့်ပြောသည်။ 


“အဲဒီပိုက်ဆံတွေကို လှူဒါန်းပေးကြတဲ့ ပရဟိတအဖွဲ့အစည်းဆီကို ပြန်ပေးလိုက်ပါ ဒါနဲ့…”


သူက ခေတ္တရပ်တန့်သွားခဲ့သည်။ ထို့နောက် ဆက်၍ဆိုသည်။ 


“ကျောင်းနဲ့ ငါတို့ ရပ်ကွက်ထဲက လှူဒါန်းတဲ့စာရင်းတွေ မင်းဆီမှာရှိတယ်မလား အဲဒါကို ငါ့ကိုပေးနိုင်မလား”


ရှုနဉ်က ပြန်ဖြေသည်။


“ပေးနိုင်ပါတယ် ဘာမှမဖြစ်ဘူး”


ရပ်ကွက်ထဲက အလှူစာရင်းများက မစ္စချိုက်ဆီတွင်ပေးပို့ထားခြင်းဖြစ်ပြီး ရှင်းလင်းသည့်မှတ်တမ်းများရှိသည်။ ကျောင်းမှ လှူဒါန်းသည့် မှတ်တမ်းများလည်းရှိသေး၏။ လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က ထိုစာရင်းများအားလုံးကို ဇယားကွက်ဖြင့် မှတ်တမ်းတင်ထားကြသည်။ ရှုနဉ်ကလည်း မိတ္ထူကူးထားပြီးသည့်စာရွက်စာတမ်းရှိသည်။


“မာမား ကျွန်တော်တို့ ဂုဏ်သိက္ခာရှိရှိနေမှဖြစ်မယ် ပိုက်ဆံနည်းနည်းရှာနိုင်ပြီဆိုတာနဲ့ သူတို့လှူထားတဲ့ပိုက်ဆံတွေကို ပြန်ပေးသင့်တယ်” ယင်းမင်ကျန်းက ကျိုးကျွမ်ကို ပြောလိုက်သည်။


ကျိုးကျွမ်၏ မျက်လုံးများက ပြူးကျယ်သွားရသည်။ 


“ပြန်-ပြန်ပေးရမယ် ဟုတ်လား”


ဘယ်အလှူဒါနကများ ပြန်ပေးစရာလိုလို့လဲ။


ရှုနဉ်က သူ့ကိုတားမြစ်ရန် အလျင်စလိုသွားလိုက်သည်။ 


“မင်ကျန်း မင်းပိုက်ဆံတွေကို ပြန်ပေးစရာမလိုပါဘူး”


ယင်းမင်ကျန်းက ပြုံးလိုက်သည်။ 


“ငါပြန်ပေးချင်ရင်တောင်မှ အခုချိန်မှာ မပေးနိုင်သေးပါဘူး”


ရှုနဉ်နှင့် ကျိုးကျွမ်က စိတ်သက်သာရာရသည့်အနေဖြင့် သက်ပြင်းချလိုက်ကြသည်။ သို့သော်လည်း ထိုနောက်ပိုင်းတွင်တော့ ၎င်းတို့၏ခံစားချက်များက အလွန့်အလွန်ကွာခြားသွားကြသည်။ ကျိုးကျွမ်က ပိုက်ဆံပြန်ပေးရမည်ကိုကြောက်ရွံ့နေသည့်ခံစားချက်က စွဲကျန်လျက်ရှိနေစဉ်တွင် ရှုနဉ်ကတော့ ဗီလိန်လေးကို လေးစားအားကျနေမိသည်။


ယင်းမင်ကျန်းက ကျန်ရှိနေသေးသည့်ပိုက်ဆံများကို ငြင်းဆန်လိုက်ခြင်းကပင် အလွန်အံ့အားသင့်စရာကောင်းနေခဲ့သည့်အပြင် လှူဒါန်းခဲ့သည့်ပိုက်ဆံများကိုတောင် ပြန်ပေးချင်နေသေးသည်။ ယင်းမင်ကျန်းက ကျိုးကျွမ်နှင့် ယင်ချန်း၏ပျိုးထောင်ခြင်းကနေ ကြီးပြင်းလာရခြင်းဖြစ်သော်လည်း ထိုကဲ့သို့သော လေးစားဖွယ်ကောင်းသည့်လူမျိုးအဖြစ် ကြီးပြင်းခဲ့လေသည်။ ထိုသည်ကပင် သူ၏စရိုက်အတွက် သက်သေအထောက်အထားပင်ဖြစ်ချေ၏။


ထိုသို့သောလူမျိုးက ဥက္ကဌကြီးရဲ့အသည်းကျော်လေး၀တ္ထုရဲ့ ဗီလိန်ဖြစ်နေတာကို ရှုနဉ်မယုံကြည်နိုင်သေးပေ။


ကျိုးကျွမ်က လုံးဝ စိတ်မပါဖြစ်နေပြီး ယင်းမင်ကျန်းကလည်း ယင်းကို တွေ့မြင်နိုင်သည်။ သူက ဆက်၍ပြောသည်။ 


“မာမား ကျွန်တော်တို့ တခြားသူတွေဆီက အမြတ်ယူလို့မဖြစ်ဘူးလေ”


ကြည်လင်ရှင်းတောက်နေသည့် မျက်ဝန်းနှစ်စုံအောက်တွင် ကျိုးကျွမ်က သက်ပြင်းချလိုက်သည်။ 


“ဟုတ်ပါပြီ ငါတို့ ပိုက်ဆံကို ပြန်ပေးကြမယ်လေ”


ယင်းမင်ကျန်းက ဖိနပ်စီးရန်အတွက် ကုန်းလိုက်စဉ်တွင် ရှုနဉ်က သူ့ကိုကူညီပေးရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။


ယင်းမင်ကျန်းက သူ့ခေါင်းအနောက်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေသည်။ ထိုအချိန်တွင် သူဘာတွေးနေလဲဆိုတာကို သေချာမသိချေ။


ဖိနပ်စီးပြီးသောအခါ ယင်းမင်ကျန်းက မတ်တပ်ရပ်လိုက်သည်။ ရှုနဉ်က အနားလာပြီး ကူပေးချင်သော်လည်း ယင်းမင်ကျန်းက ခေါင်းခါကာ ပြောလိုက်သည်။ 


“ငါ့ဘာသာလျှောက်ပါ့မယ် ငါ့ကို တစ်ဘဝလုံး မင်းတွဲသွားပေးလို့မှမရတာ”


ရှုနဉ်က ရယ်စရာအဖြစ်ပြောလိုက်သည်။ 


“ဖြစ်နိုင်မယ်ဆိုရင် ငါကပျော်တာထက်တောင် ပိုနေဦးမှာ”


အနက်ရောင်သီးသန့်ဂျာကင်ဝတ်ဆင်ထားသော ကောင်လေးက ရပ်တန့်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လာပြီး ရှုနဉ်ကို လှပသောမျက်ဝန်းများဖြင့်ကြည့်ကာ လက်ဆန့်ထုတ်လိုက်သည်။


 “ငါ့ကိုကိုင်ပေး”


ရှုနဉ် - “...”


ရှုနဉ်တွင် ဘာရွေးချယ်စရာမှမရှိသဖြင့် သူ့ကိုဆေးရုံအခန်းထဲမှ ခေါ်လာရတော့သည်။


သူတို့သုံးယောက်က နေထိုင်ရာရပ်ကွက်ထဲသို့ အထုပ်အပိုးများစွာဖြင့် ပြန်လာကြသည်။ 


ယင်ချန်း၏ အရှုပ်ထုပ်များမပါတော့သဖြင့် ဗီလိန်နှင့် သူ့အမေနှစ်ယောက်တည်းသာဆိုလျှင် အရင်ကထက် ပိုကောင်းသည့်ဘဝတွင်နေနိုင်လိမ့်မည်ဟု ရှုနဉ်က ယုံကြည်သည်။ ထိုအနေအထားဖြင့်ဆိုလျှင် သူ့ရဲ့နောက်ဆုံးစာမေးပွဲကို ပူပန်ခြင်းမရှိဘဲဖြေဆိုနိုင်သွားသည်။ ယခုရက်ပိုင်းတွင် အတန်းများစွာကို သူပျက်ထားခဲ့သည်။ ထို့အပြင် ကျောင်းပြီးလျှင်လည်း ဗီလိန်လေးကို ဂရုစိုက်ရန် ဆေးရုံသို့ အပြေးသွားရသေးသည်။ အိမ်တွင်ရှိသည့် သူဌေးကြီးနှစ်ယောက်က ထိုကိစ္စနှင့်ပက်သက်ပြီး လုံးဝ မကြိုက်ကြချေ။


အိမ်တွင်ရှိသည့် သူဌေးကြီးနှစ်ယောက်ကို နှစ်သိမ့်ရန်အတွက် အမှတ်ကောင်းကောင်းရရန်ကြိုးစားဖို့လိုသည်။ ထို့အပြင် သူ၏အားလပ်ရက်အစီအစဉ်ကလည်း ပြီးဆုံးသွားနိုင်သည်။


သူတို့ ရလဒ်ကိုကြေညာသည့်နေ့တွင် အတန်းတစ်တန်းလုံးက ထိတ်လန့်သွားရသည်။ ရှုနဉ်က တစ်တန်းလုံးတွင် ဒုတိယရသည်။ သူ့အမှတ်က ချိန်ရှောင်ယွီနှင့် နှစ်မှတ်သာကွာသည်။


ရှုနဉ်က သိပ္ပံဘာသာရပ်နှင့်ဆိုင်သည့် ဘာသာများတွင် အမှတ်ပြည့်နီးပါးရခဲ့သည်။ သူ၏ စာပေဟောပြောပွဲအမှတ်ကတော့ အနည်းငယ် နည်းသည်။ သူရွတ်ပြရန်လိုခဲ့သည့် ကဗျာတစ်ဝက်ကိုမေ့ခဲ့သည်။ 


သူမှတ်မိသည့် စာသားကတော့ “နွေဦးရာသီအိပ်စက်ခြင်းမှာ အရုဏ်ဦးအချိန်ကို သတိမမူမိခဲ့ဘူး” သာဖြစ်ပြီး ကျန်သည့်စာသားတစ်လျှောက်တွင်မူ ကမောက်ကမဖြစ်ခဲ့သည်။


ထိုသို့ဖြစ်ခဲ့သော်လည်း ယခင်ရခဲ့သောစာမေးပွဲအမှတ်များထက် သာလွန်နေဆဲပင်။ သူက နေရင်းထိုင်ရင်း အတန်း ၃ Grade 7 တွင် အထင်ကြီးစရာအကောင်းဆုံးလူဖြစ်သွားရသည်။


သူ့မိဘများလည်း အခုတော့ ပျော်နေလောက်ချေပြီ။


သူက ထိုအတွေးနှင့် အိမ်သို့ပြန်ကာ မစ္စချိုက်ထံသို့ သူ့အဆင့်များကို ပျော်ရွှင်စွာ တင်ပြလိုက်သည်။ ရလဒ်အနေဖြင့် မစ္စချိုက်က ချီးမြှင့်သည့်အနေနှင့် သူ့ကို ရက်စက်ကြမ်းကြုသည့်ဟစ်အော်သံများနှင့်အတူ ခွင့်လွှတ်ရန် တောင်းပန်သည်အထိ ရိုက်နှက်တော့၏။


“ဘယ်သူက လိမ်ခိုင်းလို့လဲ ဘယ်သူက လိမ်ခိုင်းလို့လဲ ဟမ်”


“ငါ့ကို အရူးလို့ထင်နေလား”


“အမှတ်ပြည့်ဟုတ်လား ငါ့ကို မနေ့ကမှ မွေးလာတဲ့သူလို့ထင်နေလား”


သူတို့အိမ်က ချက်ချင်းဆိုသလိုပင် ခြေမကိုင်မိ လက်မကိုင်မိ အနေအထားဖြစ်သွားရသည်။ ရှုနဉ်က သူ မလိမ်ခဲ့ကြောင်းရှင်းပြဖို့ကြိုးစားရင်း ဘယ်ညာရှောင်တိမ်းနေသော်လည်း မစ္စချိုက်က သူ့ကို လုံးဝ မယုံချေ။ သူမက ရှုနဉ်၏အကြောင်းကို အသေးစိတ်ကအစ အကုန်သိသည်။ သူ့အဆင့်များက ဘယ်လိုပုံစံရှိလဲဆိုတာကို သူမ ဘယ်လိုလုပ်မသိပဲနေပါ့မလဲ။


ထိုအဆင့်တွေနှင့် အမှတ်ပြည့်ကို သူဘယ်လိုများရသွားရတာလဲ။


သူက အရိုက်ခံရဖို့တောင်းဆိုနေတာပဲ။


__



လိမ်လည်ခြင်းကြောင့်ဖြစ်သည့် တိုက်ခိုက်ပွဲက ပါပါးရှု အိမ်ပြန်ရောက်လာသောအခါတွင် ပြီးဆုံးသွားခဲ့သည်။


ပါပါးရှုက အလွန်သဘောထားကြီးပြီး ခွင့်လွှတ်တတ်၏။ သူ၏ကြီးမားသောလက်ဖြင့် ကာပြလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဆုံးဖြတ်လိုက်သည်။ 


“သူလိမ်လိမ် မလိမ်လိမ် သူမလိမ်သလိုဘဲ ငါတို့နေကြမယ် ကဲ ကဲ ဆုပေးမယ်”


ရှုနဉ်က ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ 


“ပါပါး ကျွန်‌တော် တကယ် မလိမ်ပါဘူးဆိုမှ”


“ကောင်းပြီ ငါ့သားကတော်တယ် မင်းဒုတိယဆုရတယ်ဆိုတော့ ယွမ်ငါးထောင် မုန့်ဖိုးပေးမယ်” ပါပါးရှုက သူ့ဖုန်းကိုထုတ်ကာ ပိုက်ဆံကို WeChat ကနေ လွှဲပေးလိုက်သည်။


မစ္စချိုက်၏ စိန်းစိန်းဝါးဝါးအကြည့်များအောက်တွင် ရှုနဉ်၏ဖုန်းက ယွမ်ငါးထောင် ငွေလက်ခံရရှိကြောင်း အကြောင်းကြားစာတက်လာကာ တုန်ခါသွားသည်။ 


ရှုနဉ်က ပါပါးရှုကို အကြိမ်ကြိမ်အခါခါ အလေးပြုလိုက်သည်။ 


“ကျေးဇူးတင်ပါတယ် သူဌေး နောက်နောင်လည်း သူဌေးကို ပိုက်ဆံတွေ အများကြီး အများကြီးရလာဖို့ မျှော်လင့်ပါတယ်ခင်ဗျ အရာအားလုံး အဆင်ပြေချောမွေ့ပြီး သူဌေးလည်း အများကြီးပိုပြီး ကျန်းမာချမ်းသာပါစေနော်”


ပါပါးရှုက ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။


မစ္စချိုက်က တစ်ခုခုပြောချင်နေသည့်အတွက် ပါပါးရှုက သူမအနားသို့သွားလိုက်ကာ သူမ၏ခါးကို လက်ဖြင့် ရစ်ပတ်ကာ ပွေ့ဖက်လိုက်သည်။ 


“ရှောင်ချိုက် ငါတို့သားက အမြဲတမ်းတော်တာပဲကို သူ့အတန်းထဲမှာ ဒုတိယဆုရတာက လုံးဝပုံမှန်ပဲမဟုတ်ဘူးလား အခုချိန်မှာ ငါတို့က သူ့ကို အပြစ်ပေးတာထက် အားပေးရမှာလေ သူစာမေးပွဲမှာ အမှတ်ကောင်းရင် ငါတို့ သူ့ကို ဆုပေးမယ် အမှတ်မကောင်းရင်တော့ အပြစ်ပေးမယ် သူတကယ်လိမ်တာဆိုရင် ငါတို့ သူ့ကိုပိုပြီးအပြစ်ပေးမှာပေါ့ သူသာ စာတော်ရင် ချင်းဟွာတက္ကသိုလ် ဒါမှမဟုတ် ပီကင်း တက္ကသိုလ်ကိုရအောင်လုပ်ပြီး လိမ်ဖို့ကြိုးစားတောင်ရတယ်”


ရှုနဉ်က သူ့အခန်းထဲမှထွက်၍ တံခါးပိတ်လိုက်သည်။ ထို့နောက် သူက သူ့ထိုင်ခုံတွင်ထိုင်၍ စတင်တွေးတောတော့သည်။


သူ့အကောင့်ထဲတွင် လက်ကျန်ငွေက ယွမ်တစ်သောင်းကျန်သေးကြောင်းကို ပြနေ၏။ ရှုနဉ်က သူ့ကွန်ပျူတာကိုဖွင့်၍ အွန်လိုင်းမှရောင်းချသည့် ဖုန်းများကို ရှာဖွေလိုက်သည်။ ဗီလိန်လေး၏ဖုန်းက သုံးစွဲ၍မရကာ ဓာတ်ပုံကြည်လင်မှုကလည်း အလွန်လျော့နည်းသည်။ သူ့အတွက် ဖုန်းအသစ်ဝယ်ပေးရတော့မည့်အချိန်ပင်ဖြစ်၏။


ပိုကောင်းသည့်ဖုန်းနှင့်မှ သူ့အတွက် စာလုပ်ရခြင်းက ပိုလွယ်ကူလိမ့်မည်ဖြစ်သည်။ ယခုဆိုလျှင် ကလေးငယ်တွင် ကောင်းမွန်သည့်မှတ်ညဏ်ရှိနေသည်။ ကလေးငယ်၏ ပညာရေးနှင့်ပက်သက်ပြီး တခြားအရာများ ဝင်ရောက်စွက်ဖက်ခြင်းကို ခွင့်မပြုနိုင်ချေ။


…ဟင်း


သူအခုတွေးမိမှ စာလုပ်ဖို့အတွက် ဖုန်းသုံးဖို့ ဘာကြောင့်လိုအပ်ခြင်းဖြစ်မလဲ။


ရှုနဉ်က ရုတ်တရက် နားလည်သွားရသည်။ အွန်လိုင်းမှတစ်ဆင့် ဗီဒီယိုများကြည့်ပြီး စာဖတ်မည်ဆိုလျှင် လပ်တော့ သို့မဟုတ် tablet အသုံးပြုခြင်းက ပိုမကောင်းပေဘူးလား။ 


လုပ်ဆောင်မှုများကိုကြည့်လျှင်တော့ လပ်တော့က ပိုကောင်းသည်။


ထိုသို့ဆိုလျှင် သူ လပ်တော့လည်း ဝယ်ပေးမှဖြစ်ပေတော့မည်။


သူက ကျင်းတုံကိုဖွင့်၍ လျှပ်စစ်ပစ္စည်းများနှင့်ပက်သက်သည့်စာမျက်နှာကို တွေ့ရှိသွားခဲ့သည်။ ထို့နောက် သူက ဖုန်းများအတွက် ခလုတ်ကိုနှိပ်ကြည့်လိုက်သည်။


ဖုန်းမှန်သားပြင်ပေါ်တွင် များစွာသောဓာတ်ပုံများပေါ်ထွက်လာခဲ့သည်။ သူ့ရဲ့ ကန့်သတ်ထားသည့်ရန်ပုံငွေများကို စဉ်းစားမိလိုက်ပြီးနောက် ရှုနဉ်က ဈေးသက်သာသည့် ထုတ်ကုန်အမျိုးအစားကို ရွေးလိုက်သည်။ 


ဈေးပိုသက်သာသည့်ဖုန်းများက ဈေးကွက်ထဲတွင် လုံလောက်သည်ထက်ပိုနေ၏။ ဂိမ်းဆော့ဖို့ သိပ်မသင့်လျော်သော်လည်း လိုအပ်သည့်လုပ်ဆောင်ချက်များစွာရှိပါသေးသည်။ ထို့ကြောင့် နောက်ဆုံးတွင်တော့ ရှုနဉ်က လက်ရှိလျှော့ဈေးဖြင့်ရောင်းချနေသည့် ရှောင်းမီဖုန်းကိုဝယ်လိုက်သည်။ မူရင်းဈေးနှုန်းက ယွမ် ၁၇၀၀ ထက်ပိုပြီး လျှော့ဈေးဖြင့် ရောင်းချနေသည်က ယွမ် ၁၄၀၀ သာရှိသည်။ ဖြတ်ပိုင်းကူပွန်များစွာကို အသုံးပြုပြီးနောက်တွင် သူက ဈေးနှုန်းက ယွမ် ၁၂၀၀ အထိ လျှော့ချ၍ ဝယ်ယူနိုင်ခဲ့သည်။


ရှောင်းမီဖုန်းကို သူ၏ဈေးဝယ်တွန်းလှည်းထဲထည့်ပြီးနောက်တွင် ရှုနဉ်က ကွန်ပျူတာများရှိသော စာမျက်နှာထဲသို့ဝင်ရောက်ကာ ရွေးချယ်မှုများကို စတင်၍ဆန်းစစ်တော့သည်။


ကွန်ပျူတာများက ဖုန်းများထက် ပို၍ဈေးကြီးသည်။ ရှုနဉ်က ဈေးသက်သာသည့်လပ်တော့ကို မရွေးချယ်ခင် သေချာကြည့်၍ စူးစမ်းနေရသေးသည်။ ဖွဲ့သည်းပုံက မဆိုးလှသော်လည်း လျှော့ဈေးချနေသည်မှာ ယွမ် ၂၀၀၀ ရှိ၏။


သူက ဗီလိန်လေးအတွက် အလွန်ကောင်းမွန်သည့်လပ်တော့ကို ဝယ်ပေးရန် မစီစဉ်ထားပေ။ ကွန်ပျူတာက အလွန်ကောင်းနေလျှင် ဗီလိန်လေးက ဗီဒီယိုဂိမ်းများကို စွဲသွားမည်စိုးသောကြောင့်ဖြစ်သည်။ အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင် သူညည်းညူနေလို့တောင် ရတော့မည်မဟုတ်ချေ။ နောက်ဆုံးတော့လည်း ဗီလိန်လေးကို လပ်တော့ဝယ်ပေးသူက သူသာဖြစ်နေသည်မဟုတ်ပါလား။


Battle Elites ဟုခေါ်သောဂိမ်းက ယခုအချိန်တွင် အလွန်နာမည်ကြီးနေကြောင်း ရှုနဉ်သိသည်။ ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က သူတို့အားလပ်ချိန်တိုင်း အင်တာနက်ဆိုင်ကို သွားကြလေ့ရှိသည်။ ရှုနဉ်လည်း ထိုနေရာကို အချိန်တိုင်းလိုလိုသွားဖူး၏။


ဟမ့် ဗီလိန်လေးက သူတို့ရဲ့ မကောင်းတဲ့ ဥပမာယူပြီး လိုက်လုပ်လို့မဖြစ်ဘူး…


ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် ကျင်းတုံက ပွဲကျင်းပနေခြင်းဖြစ်သည်။ ပထမဆုံးဝယ်ယူသူများက ၎င်းတို့၏ ဝယ်ယူခြင်းမှ ယွမ် ၁၀၀ သက်သာနိုင်သည်။ အကြွေးဝယ်ကတ်ပြားကို အသုံးပြုခြင်းက ဝယ်ယူခြင်းမှ နောက်ထပ် ယွမ် ၁၀၀ သက်သာနိုင်သေးသည်။ ထို့အပြင် ဝက်ဆိုက်တစ်ခုလုံးကလည်း လက်ရှိတွင် လျှော့ဈေးဖြင့် ရောင်းချနေခြင်းဖြစ်၏။ ယွမ် ၁၀၀၀ ပြည့်အောင် ဝယ်ယူပြီးတိုင်း အများဆုံး ယွမ် ၃၀၀ ကနေ ယွမ် ၁၀၀ အထိ လျှော့ချနိုင်သည်။


“ချီးပဲ ငါအများကြီး စုမိသွားတာပဲ” ရှုနဉ်က အလွန်စိတ်လှုပ်ရှားပြီးပျော်သွားသဖြင့် မူးမေ့မလိုတောင်ဖြစ်သွားရသည်။


ရှုနဉ်က ဝယ်ယူသူအသစ်ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ သူက အကြွေးဝယ်ကတ်ကိုလည်း အသုံးပြုပြီး ကူပွန်များအားလုံးကိုလည်း ရိုက်နှပ်ခဲ့သေးသည်။ မူရင်းဈေးဖြစ်သည့် ယွမ် ၄၀၀၀ ထက်ပိုနေသော‌ဈေးက ချက်ချင်းဆိုသလိုပင် ယွမ် ၃၀၀၀ ဆီသို့ ကျဆင်းသွားသည်။


ပထမဆုံးအကြိမ်ဖြင့် ရှုနဉ်က လက်လီရောင်းချခြင်း၏ပုံစံကို ကြိုက်နှစ်သက်သွားရသည်။ သူက ပျော်ရွှင်စွာဖြင့် မှာယူလိုက်သည်။


ဈေးဝယ်ယူခြင်းက ထိုကဲ့သို့ပျော်စရာကောင်းမှန်း သူမသိချေ။ အထူးသဖြင့် ပိုက်ဆံတွေ အများကြီးစုဆောင်းမိသောအခါ ပို၍ပျော်ရသည်။ သူက အလွန်အမင်းပျော်ရွှင်နေတော့၏။


အမျိုးသမီးများက Single’s Day တွင် ဈေးဝယ်ထွက်ရခြင်းကို ဘာကြောင့် အရူးအမူးဖြစ်နေရသလဲဆိုသည့် အကြောင်းရင်းကို ရှုနဉ် စတင်နားလည်လာသည်။


 (Single’s Day - ၁၉၉၀ ခုနှစ်တုန်းက လူလွတ်အမျိုးသမီးများအတွက် ကျင်းပသော တရုတ်အားလပ်ရက်ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက်နေ့တွင်ကျင်းပခြင်းဖြစ်ပြီး Double 11လို့လည်းခေါ်ပါတယ်။ 11.11 sale ကိုပြောတာပါ။) 


အရင်ကတော့ ပိုက်ဆံတွေအများကြီးစုပြီး Single’s Day ရောက်လာတိုင်းတွင် စတိုးဆိုင်များဆီသို့ သူ့ကိုခေါ်၍ ယွမ်အနည်းငယ် စုဆောင်းရန်အတွက် တန်းစီခြင်းကို သူနားမလည်ခဲ့ပေ။ သူတကယ် နားမလည်ခဲ့ပေ။


ပျော်စရာကောင်းသည့်အပိုင်းက ဈေးဝယ်ထွက်ခြင်းမဟုတ်ပဲ ပိုက်ဆံစုဆောင်းခြင်းသာဖြစ်သည်။


ကျင်းတုံ၏ ကုန်စည်ပို့ဆောင်ခြင်းက အလွန်မြန်သည်။ သူမှာထားသည့်ပစ္စည်းများက နောက်တစ်နေ့တွင် ရောက်ရှိလာခဲ့သည်။ ရှုနဉ်က အခက်တွေ့နေရသည်။ ပစ္စည်းများကို အိမ်သို့မသယ်လာရဲပေ။ မမလေးချိုက်သာသိသွားလျှင် သူ့ကိုယ်သူ အပြစ်ပေးဖို့ လက်ထိုးခံလိုက်သလိုဖြစ်သွားပေလိမ့်မည်။ ဂရုမစိုက်ဘဲ ပိုက်ဆံများဖြုန်းခြင်းကြောင့် သေချာပေါက် အဆူခံရလိမ့်မည်သာဖြစ်၏။


ထို့အပြင် မမလေးချိုက်က ပစ္စည်းများကို ဘယ်မှာထားလဲမေးလျှင် ရှုနဉ်က ထိုပစ္စည်းများကို တခြားသူကိုပေးလိုက်ကြောင်းပြောဖို့ လုံးဝ သတ္တိရှိမည်မဟုတ်ချေ။


ထို့ကြောင့် သူ့ပစ္စည်းရောက်ပြီးသည်နှင့် သူ၏ကြီးမားသောသေတ္တာနှစ်လုံးကို သယ်ဆောင်ကာ အဆောက်အအုံ၏ အောက်ထပ်တွင် စောင့်နေလိုက်သည်။ အေးစက်သောဆောင်းရာသီ၏လေထုကြားတွင် ၈ နာရီထိုးသည်အထိ စောင့်နေခဲ့၏။


၈ နာရီထိုးသောအခါတွင် ကျိုးကျွမ်က ရပ်ကွက်ထဲသို့ ပြန်လာသည်။


သူက ကွန်ပျူတာနှင့် ဖုန်းထည့်ထားသော အထုပ်အပိုး အပြင်ပိုင်းကို ဆွဲဖြဲလိုက်သည်။ သူက သေချာစစ်ကြည့်လိုက်ပြီး သူနှင့်ဆိုင်သောအချက်အလက်များမရှိကြောင်းကို သေချာသိမှ ကျိုးကျွမ်ကို ကမ်းပေးလိုက်သည်။


“ဒီမှာက ဖုန်းနဲ့ လပ်တော့ နှစ်သက်လက်ဆောင်လို့သာ သဘောထားလိုက်ပါ” ရှုနဉ်က ပြောသည်။ 


“သူ့ကိုတော့ လှူတာလို့မပြောပါနဲ့ အန်တီကိုယ်တိုင်ဝယ်လာပေးတာလို့ပြောလိုက်ပါ”


ကျိုးကျွမ်က သေတ္တာကို ပြုံး၍ ယူလိုက်သည်။ 


“ငါနားလည်ပါတယ် တကယ် ဘာမှမပြောပါဘူး”


“ဒါနဲ့ ကျွန်တော် ပေကျင်းကို ခဏလောက်သွားမလို့ နောက်မှ ငွေလွှဲလိုက်မယ် ပြီးတော့ စာရွက်ပေါ်မှာလက်မှတ်ထိုးတာကတော့ ကျွန်တော်ပြန်လာရင် လုပ်ပေးလို့ရတယ်”


“ကောင်းပါပြီ ကိစ္စမရှိပါဘူး” ကျိုးကျွမ်က ပြောလိုက်သည်။


“ကျွန်တော်မသွားခင် အန်တီကို ဆက်သွယ်ပါ့မယ် ပေါင်မုန့် နွားနို့နဲ့ ကျန်တာတွေအားလုံးကို ဝယ်ပေးထားခဲ့မယ်” ရှုနဉ်က ပြောလိုက်သည်။ 


“ယင်းမင်ကျန်းက ဒီရက်ပိုင်း အရပ်ရှည်လာတယ် သူဖွံ့ဖြိုးလာတာနဲ့အမျှ အစားအသောက်အာဟာရကလည်း ဆက်ထိန်းသိမ်းထားမှဖြစ်မှာ ပြီး‌တော့ ဒီရက်ပိုင်းမှာ သူက ဆေးရုံတက်ထားရတာဆိုတော့ ကောင်းကောင်းမစားခဲ့ရဘူး သူ့ကို အစားအသောက်ကောင်းကောင်းမွန်မွန် ကျွေးဖို့လုပ်ပါ…”


သူက ဆက်ပြီးဆက်တိုက်ပြောနေသောအခါတွင် ကျိုးကျွမ်က နည်းနည်းစိတ်မရှည်ဖြစ်လာသည်။ 


“ကောင်းပြီ ကောင်းပြီ ငါသိပြီ”


ကွန်ပျူတာနှင့် ဖုန်းအသုံးပြုပုံကို အရေးကြီးသည့်အဓိကအချက်များအား အပေါ်ယံရှင်းပြပြီးသည့်နောက်တွင် ရှုနဉ်က အိမ်ပြန်လာခဲ့လိုက်သည်။


ယခုပုံစံနှင့်ဆိုလျှင် သူအေးခဲပြီး သေသွားနိုင်ချေရှိသည်။