Chapter 34
ယင်းမင်ကျန်းက အိမ်တွင်ရှိနေပြီး အခန်းရှင်းနေသည်။ သူက တစ်အိမ်လုံးရှိနေရာတိုင်းကို စေ့စေ့စပ်စပ်ရှင်းလင်းနေပြီး ဧည့်ခန်းထဲရှိနေရာတိုင်းကို သုတ်သင်နေသည်။ တစ်အိမ်လုံးတွင် ယင်ချန်း၏အငွေ့အသက်တိုင်းကို လိုက်၍ပိုးသတ်နေသလိုနှင့်ပင်တူသည်။
အမှန်တွင်သော သူက ယင်ချန်းကို အဝေးသို့ပို့ချင်ခဲ့သော်လည်း ကျိုးကျွမ်က သဘောမတူခဲ့သောကြောင့်ဖြစ်သည်။
ဖြစ်နိုင်လျှင်တော့ ယင်ချန်း၏အိမ်တွင် လုံးဝ မနေချင်ပေ။
ထို့အပြင် လှူဒါန်းသည့်ပိုက်ဆံကလည်း…
ယင်းမင်ကျန်းက ဆိုဖာပေါ်သို့ အဝတ်စုတ်နှင့်သုတ်လိုက်ကာ သူ့ဘာသာ တိတ်တဆိတ် စဉ်းစားလိုက်သည်။
ငါပိုက်ဆံရှာပြီး လှူထားတဲ့ပိုက်ဆံတွေကို ပြန်ပေးရမယ်…
ဆောင်းရာသီပိတ်ရက်က ရောက်လာတော့မည်ဖြစ်သည်။ ကျောင်းက သူ့ကို နားခွင့်ပေးထားသည့်အတွက် ဤတစ်ခေါက်ပိတ်ရက်ကို သူစောစောရတော့မည်ဖြစ်သည်။ သူတကယ်လည်း ကျောင်းမသွားချင်ပေ။
သူအလုပ်ရနိုင်တာပဲမလား။
တံခါးလော့ဖွင့်သည့်အသံကို ဝင်ပေါက်ကနေ ကြားလိုက်ရသည်။ တံခါးက ပွင့်လာပြီး ကျိုးကျွမ်က အထဲသို့လျှောက်လှမ်းလာသည်။ သူမက လက်ထဲတွင်လည်း သေတ္တာနှစ်လုံးကို ကိုင်ဆောင်ထားသေး၏။
“မာမား” ယင်းမင်ကျန်းက ထရပ်လာသည်။
ကျိုးကျွမ်က သူ့ကိုတွေ့သောအခါ အပြုံးနှင့်ပြောလိုက်သည်။
“မင်ကျန်း ဒီကိုလာ မာမားသားကို ပစ္စည်းကောင်းလေးတွေ ပေးစရာရှိတယ်”
ယင်းမင်ကျန်းက ခဏမှင်တက်သွားရသည်။ ထို့နောက် သူ့မျက်ဝန်းများက သူမ၏ခြေထောက်နားရှိ သေတ္တာများဆီသို့ ရောက်သွားသည်။ သေတ္တာအကြီးတစ်လုံးနှင့် အသေးတစ်လုံးဖြစ်သည်။
ကျိုးကျွမ်က သေတ္တာများကိုယူ၍ ထမင်းစားစားပွဲဝိုင်းပေါ်သို့ တင်လိုက်သည်။ သူမက ဗုံးအသေးကိုဖွင့်လိုက်ကာ အထဲမှ အနက်ရောင်ဖုန်းလေးကိုယူ၍ သူ့ထံ ကမ်းပေးလာသည်။
“ကြည့်...သားဖုန်းလိုချင်နေတာမလား မာမားအသစ်ဝယ်လာပေးတယ် ဒါကို နောက်ကျမှရတဲ့ မွေးနေ့လက်ဆောင်လို့ပဲ သဘောထားလိုက်နော်”
ယင်းမင်ကျန်းက သူမ၏ပြုံးနေသောမျက်နှာကို ငေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ဖုန်းကိုပြန်ရောက်သွားပြီး နွေးထွေးသည့်ခံစားချက်က သူ့နှလုံးသားထဲတွင် စတင်၍ မြင့်တက်လာသည်။
သူက ကော်ဖီစားပွဲပေါ်တွင် အဝတ်စုတ်ကိုထားလိုက်သည်။ ယင်းမင်ကျန်းက သူ့လက်ကို ခါးစည်းဝတ်ထားသောအဝတ်နှင့်သုတ်လိုက်ပြီး ဖုန်းကိုလှမ်းယူလိုက်သည်။
ယောက်ျားလေးများက သဘာဝအားဖြင့် လျှပ်စစ်ပစ္စည်းများကို စိတ်ဝင်စားကြသည်။ ယင်းမင်ကျန်း အရင်က စိတ်မဝင်စားခဲ့သည့်အကြောင်းရင်းက သူ၏စိတ်ဝင်စားမှုကို အရသာတွေ့ရန် အလွန်ဆင်းရဲနွမ်းပါးနေသောကြောင့်ဖြစ်သည်။ သူက မိသားစု၏ ဝန်ထုပ်ဝန်ပိုးကို မကြီးလေးစေချင်ခဲ့ပေ။
ဖုန်းဝယ်ဖို့တွေးလိုက်တဲ့အတွေးကတောင် ပြစ်မှုတစ်ခုနှင့်တူနေသည်။
တံဆိပ်နှင့် ပုံစံကိုတွေ့ပြီးနောက်တွင် ယင်းမင်ကျန်းက အသက် ၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက်တွင်ရှိသင့်သည့် အပြုံးတစ်ခုကိုဖော်ပြလိုက်သည်။
“ကျေးဇူးပါ မား”
ကျိုးကျွမ်က မလုံမလဲဖြစ်သောစိတ်ဖြင့် ပြောလိုက်သည်။
“မာမားက မင်းပါပါးကိစ္စနဲ့ အလုပ်များနေပြီး သားကို ပစ်ထားမိသွားတယ် သားစိတ်မဆိုးဘူးမလား ဟင်”
ယင်းမင်ကျန်းက ပြုံး၍ ခေါင်းခါလိုက်သည်။
သူ့မွေးနေ့ဆိုလျှင် တစ်ခါတစ်ရံ မိဘများက မှတ်မိသော်လည်း တစ်ခါတစ်ရံတွင်တော့ မေ့နေတတ်သည်။ ပုံမှန်ဆိုလျှင်တော့ သူ့အတွက် မွေးနေ့လက်ဆောင်က ကြက်ဥသာဖြစ်ခဲ့၏။
တခြားကလေးများလို မွေးနေ့ကိတ်နှင့် လက်ဆောင်များတောင်းလျှင် အလွန်အမင်း အဆူခံရတတ်သည်။
ထို့ကြောင့် သူ့မွေးနေ့ဆိုလျှင် မျှော်လင့်ချက် သိပ်မထားတတ်ခြင်းဖြစ်သည်။
ယခုနှစ်တွင်တော့ သူက မွေးနေ့ကို ဆေးရုံမှာပင်ကျင်းပခဲ့ရသည်။ ပုံမှန်နှင့် သိပ်မကွာခဲ့ပေ။ တစ်ယောက်တည်းကျင်းပခဲ့ရပြီး ဘယ်သူမှ သူ့မွေးနေ့ကိုလည်း မမှတ်မိခဲ့ကြပေ။ တခြားသူများ သတိရမရကိုလည်း သူဂရုမစိုက်ပေ။ သူ့ကိုယ်သူသာမွေးနေ့ဆုတောင်းပြီး သူ့ကိုယ်သူကြီးမားသည့် မွေးနေ့လက်ဆောင်ပေးခဲ့သည်။
သူကျေနပ်ခဲ့လေ၏။
သူ့ကို အံ့အားသင့်စေသောအနေဖြင့် ကျိုးကျွမ်က သူ့ကို မွေးနေ့လက်ဆောင်ပေးခဲ့သည်။ ဘာလက်ဆောင်မှရလိမ့်မည်မဟုတ်ကြောင်း သူ့ကိုယ်သူလက်ခံထားခဲ့သော်လည်း အနည်းငယ် စိတ်လှုပ်ရှားရုံမှလွဲ၍ မတတ်နိုင်ပေ။
“ကျေးဇူးပါ”
ယင်းမင်ကျန်းက ခေါင်းမော့လိုက်ချိန်တွင် သူ့မျက်ဝန်းများက ကြင်လင်ပြီး တောက်ပနေသည်။
“ကျွန်တော် တကယ်ပျော်တယ် ဒါက ကျွန်တော်ရတဲ့ ဒုတိယမွေးနေ့လက်ဆောင်ပဲ”
“ဒုတိယလား” ကျိုးကျွမ်က အသံထွက်၍ပင် အံ့ဩမှင်တက်သွားရသည်။
“ဘယ်သူက လက်ဆောင်ပေးခဲ့တာလဲ ရှုနဉ်လား”
ယင်းမင်ကျန်းက ခေါင်းခါပြီး ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။
ကျိုးကျွမ်လည်းပြုံးလိုက်သည်။ သူမက တခြားသေတ္တာကို ယူလိုက်ပြီး မေးသည်။
“ဒီအထဲမှာရော ဘာရှိတယ်ထင်လဲ”
ယင်းမင်ကျန်းက ပါကင်ထုပ်ထားသောအပေါ်မှပုံကိုတွေ့ပြီး အံ့အားသင့်မှုကြောင့် မျက်တောင်ခတ်မိသွားသည်။
“လပ်တော့လား”
“ဟုတ်တယ်” ကျိုးကျွမ်က အထုပ်အပိုးကို ဖြည်လိုက်သည်။
သူမက ပါးလွှာသည့်လပ်တော့ကိုဆွဲယူ၍ သူ့ထံသို့ ကမ်းပေးလိုက်သည်။
“မာမားက သိပ်မရွေးတတ်လို့ သားကြိုက်မကြိုက်တော့ မသိဘူး”
ယင်းမင်ကျန်းက ကွန်ပျူတာကိုကြည့်နေပြီး ရင်တဒုတ်ဒုတ်ခုန်နေခဲ့သည်။ သူက ခေါင်းမော့ပြီး ကျိုးကျွမ်ကို မေးလိုက်သည်။
“မာမားရယ် ဖုန်းနဲ့တင် လုံလောက်နေပါပြီ ဘာလို့ လပ်တော့ပါ ဝယ်ပေးတာလဲ ကျွန်တော်တို့မှာ ပိုက်ဆံမှမရှိတာ…”
“ရပါတယ် ဘာပဲဖြစ်ဖြစ် ဝယ်လာခဲ့ပြီးပြီပဲ”
ကျိုးကျွမ်က ပြောလိုက်သည်။
“မာမားသေချာပြောပြမယ် မာမားက သားကို နှစ်သစ်လက်ဆောင်ပါ တစ်ခါတည်းပေးလိုက်တာ တရုတ်နှစ်သစ်ကူးလာရင် နှစ်သစ်မုန့်ဖိုးရမှာမဟုတ်တော့ဘူးနော်”
နှစ်တိုင်းတွင် ကျိုးကျွမ်က ယင်းမင်ကျန်းကို တရုတ်နှစ်သစ်ကူးချိန်တိုင်းတွင် ယွမ် ၅၀ မှ ၁၀၀ အထိ ပေးတတ်လေ့ရှိသည်။
ယင်းမင်ကျန်းက ဆိုသည်။
“မာမား ကျွန်တော့်ကို နှစ်သစ်ကူးမုန့်ဖိုးပေးစရာမလိုတော့ပါဘူး ကျွန်တော် အရွယ်ရောက်နေပါပြီ”
ထိုကွန်ပျူတာက ယွမ် ၃၀၀၀ လောက် အဖိုးတန်သည်။ ထိုသည်က အလွန်သေးငယ်သည့် ယွမ် ၅၀ ထက် အများကြီးဈေးကြီးသည်။ သူ့အမေက ထိုကဲ့သို့သောဈေးကြီးသည့်လက်ဆောင်ကို ပေးခဲ့လေသည်။
သူဘယ်လိုလုပ်ပြီး နှစ်သစ်ကူးမုန့်ဖိုးကို တောင်းရက်ပါ့မလဲ။
“တော်တယ်” ကျိုးကျွမ်က ယင်းမင်ကျန်း၏ အမူအရာများကို လေ့လာလိုက်သည်။
သူ၏ ပျော်နေသည့်မျက်နှာထားကိုတွေ့သောအခါ စိတ်သက်သာရာရမှုဖြင့် သက်ပြင်းချလိုက်လေသည်။
ပြန်ကြည့်မည်ဆိုလျှင် ယင်းမင်ကျန်းဆေးရုံတင်နေသောအချိန်တွင် သူမက သေချာမလုပ်ဆောင်ပေးခဲ့ရပေ။ သူမကိုင်တွယ်ဖြေရှင်းခဲ့ပုံက အလွန်ဆိုးဝါးခဲ့သည်။ သူမပြုမူခဲ့သည့်ပုံက ဘယ်သူ့ကိုမဆို နာကျင်စေနိုင်သည်။
သူမသည် လက်ရှိတွင် ကျောက်တုံးနှင့် ခက်ခဲသောနေရာတွင် ပိတ်မိနေခြင်းဖြစ်သည်။ ယင်းမင်ကျန်းက အခုထိ သူမ၏သားအမည်ခံသာဖြစ်သည်။ သူ့ကိုရှင်းထုတ်လိုက်လို့မဖြစ်ပေ။ သို့သော်လည်း သူမကို မုန်းတီးစိတ်များဖြစ်သွားမည်ကိုတော့ စိုးထိတ်မိသည်။
ကံကောင်းစွာဖြင့် ရှုနဉ်က သူမ၏ခေါင်းကိုက်စရာကိစ္စကို ကူညီ၍ဖြေရှင်းပေးခဲ့သည်။
“ကြိုက်ရဲ့လား မကြိုက်ရင် မာမားတို့တွေ…”
သူမက နောက်ဆုံးစကားကို မျိုသိပ်လိုက်သည်။ ရှုနဉ်က လပ်တော့ကို ဘယ်မှာဝယ်လာမှန်း သူမ မသိမှန်း ရုတ်တရက် သတိရသွားခဲ့သည်။ သူမ ပြန်ပေးချင်ရင်တောင် ပိုက်ဆံပြန်ရမည်တော့မဟုတ်ချေ။ လပ်တော့ကို ပြန်မပေးခြင်းက ပိုကောင်းပေလိမ့်မည်။
“ကျေးဇူးပါ အရမ်းကြိုက်တယ်”
ယင်းမင်ကျန်းက စိတ်ရင်းအတိုင်းပြောလိုက်သည်။ လပ်တော့၏ ဒီဇိုင်းကို သူတကယ်ကြိုက်နှစ်သက်သည်။ အရောင်များကိုတော့ သူမမြင်နိုင်တော့သည့်အတွက် သိပ်ကိစ္စမရှိပေ။ ပန်းရောင်တောက်တောက်ဆိုလျှင်တောင်မှ သူလက်ခံနိုင်သည်။
ကျိုးကျွမ်က သူ့အတွက် ဖုန်းနှင့်လပ်တော့ ဝယ်ပေးဖို့ ပိုက်ဆံတွေ အများကြီးသုံးခဲ့သည်။ သူမ၏ ရိုးရှင်းသည့် ရည်ရွယ်ချက်ကို သူသဘောကျလက်ခံသည်။
သူခံစားခဲ့ရသည့် မပျော်ရွှင်မှုများကိုလည်း လက်လွှတ်သင့်သည်။ ကျိုးကျွမ်က လူသားပင်ဖြစ်ပေ၏။ လူသားများလည်း အမှားလုပ်ကြသလို အပြစ်အနာအဆာများလည်း ရှိတတ်ကြသည်။
သူအရမ်း အပြစ်မရှာသင့်ပေ။
သူ့ကိုဆေးရုံတက်နေစဉ်အတွင်း သူမက ပစ်သွားလျှင်တောင်မှ ၁၅ နှစ်တာလုံး သူ့ကိုမွေးမြူပျိုးထောင်ခဲ့ခြင်းက အရေးမပါသလိုထားလိုက်လို့ရသည့်အရာမဟုတ်ပေ။
ထို့အပြင် သူ့အတွက် ဆေးရုံကိုလာ၍လည်း ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။
ယင်ချန်းကတော့ သူတို့နှင့် ဆက်ပြီးပက်သက်စရာအကြောင်းမရှိတော့ပေ။ သူတို့၏ နေထိုင်မှုဘဝက အခုကစပြီး ပိုပို၍ကောင်းမွန်လာတော့မည်သာဖြစ်သည်။
ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုကတော့ အတိတ်က မပျော်ရွှင်ခဲ့မှုများကို မေ့ပျောက်ပြီး ငြိမ်းချမ်းပြီး ပျော်ရွှင်သည့်ဘဝကို စတင်နေထိုင်ရန်သာဖြစ်သည်။
“မာမား နောက်ကျရင် ကျွန်တော် မာမားကို ရှာကျွေးမှာပါ” ယင်းမင်ကျန်းက ကွန်ပျူတာကိုကိုင်ရင်း ပြောလိုက်သည်။
ကျိုးကျွမ်၏မျက်ဝန်းများက ရယ်မောသံများနှင့်အတူ ရှုံ့တွသွားခဲ့သည်။
“လူလိမ္မာလေးပဲ”
သို့သော်လည်း သူမ၏အတွေးများက မြို့ပေါ်တွင်ရှိသော သူမ၏သားအရင်းဆီသို့ မျောပါသွားခဲ့သည်။ ပျော်ရွှင်သည့်အနာဂတ်အတွက် မှီခိုရမည့်သူက သူမ၏သားအရင်းသာဖြစ်ချေသည်။
သူ့ကို ဖုန်းနှင့် လပ်တော့ပေးပြီးနောက်တွင် ကျိုးကျွမ်နှင့် ယင်းမင်ကျန်း၏ ဆက်ဆံရေးက သိသိသာသာ တိုးတက်လာခဲ့သည်။ ဆောင်းရာသီပိတ်ရက်က မျက်စိတစ်မှိတ်အတွင်းတွင် ရောက်ရှိလာ၏။
ရှုနဉ်က ပေကျင်းကိုသွားရန်အတွက် အခွင့်အရေးရှာနေရလို့ အလုပ်ရှုပ်နေသည်။ သူနှင့် မစ္စချိုက်က ပေကျင်းကို ဝမ်ရှန်ရှန်နှင့်အတူသွားရန် သဘောတူခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် သူက ဝမ်ရှန်ရှန်ကို အကာအကွယ်ယူရန်လိုအပ်သည်။
ဝမ်ရှန်ရှန်ကို ရွေးခဲ့ရသည့်အကြောင်းပြချက်ကတော့ သူက လုံတန်းရပ်ကွက်တွင် မနေထိုင်သောကြောင့်ဖြစ်သည်။ မစ္စချိုက်က သူပေကျင်းသွားမသွားကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းနိုင်မည်မဟုတ်ချေ။
ဝမ်ရှန်ရှန်က ပြောသည်။
“ရှုကော ကျွန်တော် ကာပြောပေးနိုင်တယ် ဒါပေမယ့် ပါပါးကိုတော့ ရုတ်တရက်ကြီး သွားပြောလို့မရဘူး”
ရှုနဉ်က ဟန့်တားလိုက်သည်။
“စိတ်မပူပါနဲ့ ငါ့မှာ အကြံရှိပါတယ်”
နောက်တစ်နေ့တွင် ဝမ်ရှန်ရှန်က သူ့အိမ်တံခါးဝတွင် အထုပ်တစ်ထုပ်ကို လက်ခံရရှိသည်။ သူဖွင့်ကြည့်လိုက်သောအခါ အသံပြောင်းစက်ဖြစ်နေကြောင်းတွေ့လိုက်ရ၏။
__
မစ္စချိုက်နှင့် ပါပါးရှုကို အနည်းငယ် မျက်နှာချိုသွေးကာ ချော့မြူပြီးသည့်နောက်တွင်တော့ ရှုနဉ်က ပေကျင်းကို ဝမ်ရှန်ရှန်နှင့်အတူသွားဖို့ လက်ခံယုံကြည်လာအောင် ပြောဆိုနိုင်ခဲ့လေသည်။
သို့သော်လည်း မစ္စချိုက်က ဝမ်ရှန်ရှန်ကို ရှုနဉ်ပြောတာတွေအားလုံးမှန်ကန်ကြောင်း အတည်ပြုရန် ဖုန်းခေါ်လိုက်လေသည်။
ဝမ်ရှန်ရှန်က သူမကို သူ့အဖေ၏ဖုန်းနံပါတ်အားပေးပြီးသည်နှင့် သူမက ဝမ်ရှန်ရှန်၏အဖေကို ဖုန်းခေါ်လိုက်သည်။
“ဟယ်လို ဘယ်သူပါလဲ”
သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
မစ္စချိုက်က ပြောလိုက်သည်။
“မင်္ဂလာပါ ရှုနဉ်ရဲ့အမေပါ”
“အိုး ရှုနဉ်ဆိုတာ ဝမ်ရှန်ရှန်နဲ့ တွဲသွားတွဲလာလုပ်တဲ့ အတန်းဖော်ကောင်လေးထင်တယ် မင်္ဂလာပါဗျာ မင်္ဂလာပါ” ထိုလူက တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။
“ပေကျင်းကို အလုပ်ကိစ္စနှင့် ခရီးသွားမယ်လို့ ကျွန်မကြားထားလို့ရှင့်”
“ဟုတ်တယ် ဖြစ်ချင်တော့ ဆောင်းရာသီပိတ်ရက်ဖြစ်သွားတယ်ဗျာ အဲဒါကြောင့် ကျွန်တော့်သားကိုပါ ပျော်ရအောင်လို့ ခေါ်သွားပေးမလို့ ရှုနဉ်လည်း ပေကျင်းကို သွားချင်နေတာလို့ကြားတယ် အဲဒီတော့ ကလေးနှစ်ယောက်ကို အတူတူခေါ်သွားပေးမလားလို့”
“ကျွန်မက သူ့ကို ကျွန်မဘာသာခေါ်သွားပေးမလို့ လုပ်ထားတာပါ ဒါပေမယ့် ဒီရက်ပိုင်း အရမ်းအလုပ်ရှုပ်နေလို့ အချိန်မပေးနိုင်ဖြစ်နေတာ ကလေးကလည်း ဒီရက်ပိုင်း ပေကျင်းကိုသွားချင်တယ်ပဲ ပြောနေတာ …” မစ္စချိုက်က ရှုနဉ်ကို စူးစိုက်စွာဖြင့် လှမ်းကြည့်လိုက်သည်။
ရှုနဉ်က လူမသိအောင် လျှာကိုက်ထားမိသည်။
မစ္စချိုက်က စကားအဆုံးမသတ်ခင် ခဏလောက်တိုင်ကြားချင်သေးသည်။
“...ဘာပဲဖြစ်ဖြစ် ကလေးကိုစောင့်ရှောက်ပေးဖို့ အကူအညီတောင်းရတော့မှာပါပဲ”
“ကိစ္စမရှိပါဘူး လုံးဝ ကိစ္စမရှိဘူး တစ်နေရာတည်း အတူတူသွားကြမှာပဲဆိုတော့လေ”
နှစ်ယောက်သားက ခဏလောက် အာလာပသလ္လာပစကားစမြည်ပြောလိုက်ကြပြီးနောက် ရှုနဉ်၏ ပေကျင်းသို့သွားမည့်ခရီးစဉ်က ထိုကဲ့သို့ ဆုံးဖြတ်ပြီးဖြစ်သွားခဲ့သည်။
မစ္စချိုက်က ဖုန်းပြောပြီးသည်နှင့် ရှုနဉ်ကလည်း သူမအနားကိုလာကာ လက်ဆန့်ထုတ်လိုက်သည်။
သူက ဆိုလိုက်သည်။
“ချိုက်ချိုက် ကျွန်တော့်ကို အိမ်ထောင်စုစာရင်းပေးပါတော့”
“ဟမ်”
မစ္စချိုက်က သူ၏ပေရေနေသောလက်လေးကို ဘေးသို့ ရိုက်ပုတ်လိုက်သည်။
“ဒါမင်းယူသွားရမယ့်ပစ္စည်းမဟုတ်ဘူးလေ”
ရှုနဉ်က အလျှော့မပေးချေ။
“ကျွန်တော့်မှာ မှတ်ပုံတင်မရှိသေးဘူးလေ အဲဒီတော့ အိမ်ထောင်စုစာရင်းလိုမှာပေါ့ စိတ်မပူပါနဲ့ ချိုက်ချိုက်ရယ် ရဲစခန်းမှာအရင်သွားပြီး မိတ္ထူယူလိုက်ပါ့မယ် အဲဒီလိုဆိုရင် မူရင်းကိုလည်း မပျောက်တော့ဘူးပေါ့”
“အိုဟို မင်းတကယ် သေချာစဉ်းစားခဲ့တာပဲ ဟုတ်တယ်မလား ဘယ်အချိန်ကတည်းက အစီအစဉ်ဆွဲခဲ့တာလဲ”
ရှုနဉ်က ပြန်ပြောသည်။
“မသိသာလွန်းဘူးလား ပေကျင်းကိုသွားချင်တယ်ဆိုတာ ဟိုးအရင်ကတည်းက ပြောဖူးတယ်လေ စိတ်မပူပါနဲ့ ချိုက်ချိုက်ရယ် ချိုက်ချိုက်ရဲ့သားက အရမ်းတော်တာပါနော် အားလုံးပြင်ဆင်ပြီးသွားပြီ”
မစ္စချိုက်က သူနှင့်အတူ အိမ်ထောင်စုစာရင်းမိတ္ထူဆွဲရန်အတွက် လိုက်ပါပြင်ဆင်ပေးခဲ့သည်။ ထို့နောက် သူမက ခရီးသွားပစ္စည်းများအားလုံးကိုလည်း ဝယ်ပေးသည်။ ဆောင်းရာသီပိတ်ရက်နှင့် နွေဦးပွဲတော်က မကြာမီတွင် ရောက်ရှိလာတော့မည်ဖြစ်သည်။ လေယာဉ်လက်မှတ်ဈေးနှုန်းများကလည်း အထက်လေထုအထိ တစ်ဟုန်ထိုးတက်သွားခဲ့ပြီး ဝယ်လို့ရသည့်လက်မှတ်များအကုန်လုံးသည် ပြောင်စင်သွားပြီဖြစ်သည်။
ရှုနဉ်က သူ့ဖုန်းထဲမှ လက်ကျန်ငွေကိုကြည့်လိုက်သောအခါတွင် ယွမ်တစ်ထောင်ကျော်ကျော်လေးသာ ကျန်တော့ကြောင်းကိုတွေ့လိုက်ရသည်။ ရှုနဉ်က ဗီလိန်လေးအတွက် ဝယ်ပေးစရာများ များပြားနေသေးပြီး ခရီးစရိတ်ကိုလည်း တွက်ချက်ရသေးသည့်အတွက် အံကြိတ်လိုက်ကာ ဈေးပေါသည့် အနီရောင်မျက်လုံးနှင့် လေယာဉ်ပေါ်သို့တက်လိုက်သည်။ မနက်တစ်နာရီတွင် ထွက်ခွာမည်ဖြစ်၏။
သူက ချိုက်ချင်ကို အမှန်တိုင်းမပြောရဲသည့်အတွက်ကြောင့် လိမ်လည်ခဲ့ပြီး လေယာဉ်ကို ညနေ ၆ နာရီဟု ပြောခဲ့သည်။
မထွက်ခွာခင်တွင် သူက ဈေးဝယ်ထွက်ရန်အတွက် စူပါးမားကတ်ဆီသို့သွားခဲ့သည်။ ဗီလိန်လေးအတွက် တရုတ်နှစ်သစ်ကူးတွင် ဘာမှမဝယ်ပေးနိုင်ကြောင်းကို စဉ်းစားမိပြီး ရှုနဉ်က နာမည်ကြီးလူကြိုက်များနေသည့် ကြက်ဥချောင်းတစ်ချို့နှင့် မုန့်တစ်ချို့ကိုဝယ်ယူလိုက်သည်။ ထို့နောက် သူက ကျိုးကျွမ်ထံသို့ အားလုံးကို ပေးလိုက်သည်။
နောက်တစ်နေ့ ကုန်လွန်ပြီးနောက်တွင် ညနေ ၄ နာရီတွင် သူ့အဝတ်အိတ်ကို ထားခဲ့သည်။ ထို့နောက် သူ့လေယာဉ်ကို ညနေ ၆ နာရီဟုပြောခဲ့၏။ သူက ဘာမှမလုပ်နိုင်ဘဲ စောစောထွက်ရုံသာတတ်နိုင်သည်။ ချိုက်ချင်နှင့် ပါပါးရှုတို့က သူ့ကိုလိုက်ပို့ရန် အလွန်အလုပ်ရှုပ်နေကြသည့်အတွက် ရှုနဉ်က သူ့ဘာသာ ထွက်လာနိုင်ခဲ့သည်။
သူက အဝတ်အိတ်ကိုသယ်ယူကာ လေဆိပ်နားက လမ်းများတွင် လှည့်ပတ်နေလိုက်သည်။ သူက စားကောင်းမည်ထင်ရသည့်စားသောက်ဆိုင်ကိုရွေးလိုက်ကာ ညစာအတွက် ဝင်စားလိုက်၏။ သူစားနေစဉ်တွင် ရယ်မောသံများက မလှမ်းမကမ်းမှ ဆူညံလာခဲ့သည်။
“မွေးနေ့မှာ ပျော်ရွှင်ပါစေ”
ကျောင်းသားအများစုက ရယ်မောပြီး အားပေးချီးမြောက်နေကြကာ အတူတကွ ပွဲကျင်းပနေကြ၏။ သူတို့ဝိုင်းနားရှိစားပွဲပေါ်တွင် မွေးနေ့ကိတ်တင်ထားလျက်ရှိသည်။
ရှုနဉ်က နှစ်ကြိမ်မြောက်ချက်ထားသည့် ဝက်သားကိုစားနေရင်း သူက ဗီလိန်လေး၏ မွေးနေ့ကို ရုတ်တရက် စဉ်းစားမိသွားသည်။
သူ့မွေးနေ့က ပိတ်ရက်ပြီးရင် လာမည်ဖြစ်သည်။
ဗီလိန်၏မွေးနေ့က သူ့မွေးနေ့မတိုင်ခင်လား၊ သူ့မွေးနေ့ ပြီးမှလား။
ဗီလိန်လေး၏မွေးနေ့ကို စာအုပ်ထဲတွင် တစ်ခါမှမရေးသားထားချေ။ ရေးထားလျှင်တောင်မှ ဘယ်သူက ဗီလိန်ရဲ့မွေးနေ့ကို ဂရုစိုက်နေမှာလဲ။ ရှုနဉ်ကလည်း သူကိုယ်တိုင်တောင်မှ ဗီလိန်၏မွေးနေ့ကို သိချင်စိတ်မရှိခဲ့ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။
သူက ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူက ကျိုးကျွမ်ထံသို့ WeChat မှ စာပို့လိုက်သည်။
[ယင်းမင်ကျန်းရဲ့မွေးနေ့က ဘယ်တော့လဲ]
သူ့မွေးနေ့ရောက်လာလျှင် ရှုနဉ်က လက်ဆောင်ပြင်ဆင်ဖို့လိုပြီး ဗီလိန်လေး၏အကြိုက်များကို လေ့လာပေတော့မည်။
ကျိုးကျွမ်က လျင်မြန်စွာ စာပြန်လိုက်သည်။
[ဇန်နဝါရီ ၁၀ ရက်နေ့]
“ဟမ်” ရှုနဉ်က စာကိုကြည့်ပြီး တစ်ယောက်တည်း ရေရွတ်မိလိုက်သည်။
ဇန်နဝါရီ ၁၀ ရက်နေ့ဟာ ကုန်လွန်သွားခဲ့တာကြာပြီဖြစ်သည်။ သူက ဖုန်းမှ ပြက္ခဒိန်ကိုဖွင့်ကြည့်လိုက်ကာ ဇန်နဝါရီ ၁၀ ရက်က လတစ်ဝက်ကျော်ကြာနေပြီဖြစ်ကြောင်းကို သိလိုက်ရသည်။
နေ
ပါဦး ဇန်နဝါရီ ၁၀ ရက်လား…
ရှုနဉ်က တစ်စုံတစ်ခုကို သတိရလိုက်ပြီး ဓာတ်ပုံထဲတွင်ရှိသော screenshot ရိုက်ထားသည့်ပုံအားတွေ့လိုက်ရသည်။
“...ဇန်နဝါရီ ၁၀ ရက်နေ့ မနက်မှာ လန်ကျိုးဆေးရုံတွင် လူသတ်မှုဖြစ်ပွား…”
ချီးပဲ…
ယင်ချန်းက ချန်ဟွေ့ကိုသတ်ခဲ့သောနေ့ပင်ဖြစ်သည်။
ဒါက…