အပိုင်း ၃၅
Viewers 9k

Chapter 35

ညီလေး ကောကိုထပ်ပြီးကူညီပေးနိုင်မလား



ထိုအခြေအနေများအောက်တွင် ကျိုးကျွမ်က ဗီလိန်လေး၏မွေးနေ့ကို ကျင်းပပေးနိုင်ခဲ့မည်မဟုတ်ချေ။ ထိုအချိန်တုန်းက မီဒီယာအမှုထမ်းများရဲ့ ခြိမ်းခြောက်အပြစ်တင်ခဲ့ခြင်းများသာရှိသည်။


ရှုနဉ်က တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။


ဗီလိန်လေး၏မွေးနေ့က ပြီးသွားခဲ့လေပြီ။ သူဘာလုပ်သင့်လဲ။


အခုမှ သူ့ကိုမွေးနေ့ဆုတောင်းပေးနေလျှင် နောက်မှသိရတာနဲ့တူနေမလား။ ဘာပဲဖြစ်ဖြစ် လတစ်ဝက်ပင်ကျော်နေပြီလေ။


ရှုနဉ်က သူ့ဖုန်းကို စားပွဲပေါ်တွင်တင်ထားကာ အစားဆက်စားနေလိုက်သည်။ သူက တစ်ကိုက်ပြီးတစ်ကိုက်စားနေသော်လည်း သူ့ရင်ထဲတွင်တော့ အနည်းငယ် စိတ်မသက်မသာသလိုခံစားနေရ၏။


ဘယ်သူမှ သူ့ကိုမွေးနေ့ဆုမတောင်းပေးခဲ့လို့ ဗီလိန်လေးက စိတ်မကောင်းဖြစ်နေလောက်မလား။


သူက ဖုန်းကိုထပ်ကြည့်လိုက်ပြီး တုံ့ဆိုင်းနေရပြန်သည်။ နောက်ဆုံးတော့ သူတို့အတန်းရှိ အဖွဲ့လိုက်စကားပြောခန်းမှ ယင်းမင်ကျန်း၏နာမည်ကိုနှိပ်လိုက်သည်။ 


ထို့နောက် သူက “မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဟု ပို့လိုက်သည်။


ယင်းမင်ကျန်းက အဖွဲ့လိုက်စကားပြောခန်းထဲတွင် သိပ်ပြောလေ့မရှိပေ။ အခါအားလျော်စွာပေးတတ်သော အိမ်စာ သို့မဟုတ် ကြေညာစာတစ်ခုခုမရှိလျှင် အဖွဲ့လိုက်စကားပြောခန်းထဲတွင် မပြောပေ။ သူက ရသေ့နှင့်ပင်တူနေသည်။ တခြားသူများကလည်း သူ့ကို ပစ်ပယ်ထားကာ သူကလည်း တခြားသူများကို ပစ်ပယ်ထားတတ်သည်။


ဗီလိန်လေး၏အကောင့်က မီးခိုးရောင်ဖြစ်နေသည်။ သူအွန်လိုင်းပေါ်တွင်မရှိပေ။ 


ရှုနဉ်က သူစာပို့ထားတာကို တွေ့မတွေ့ မသိရပေ။


ဗီလိန်လေး၏မွေးနေ့ကိုသာသိခဲ့လျှင် သူ့ကို သေချာပေါက် အံ့အားသင့်စရာတစ်ခု လုပ်ဆောင်ပေးလိမ့်မည်ပင်ဖြစ်၏။


 သူဘယ်လောက်အထိ အသာစီးရသွားမလဲဆိုတာကို ခန့်မှန်းကြည့်ပါဦး။ 


ဗီလိန်လေးရဲ့ WeChat နှင့် QQ အကောင့်ကိုလည်း အပ်ထားနိုင်မှာသေချာသည်။ အခုနှင့်မတူ၊ ဗီလိန်လေးရဲ့ဖုန်းနံပါတ်ကိုတောင်မှ မသိချေ။


ရှုနဉ်က ဗီလိန်လေးနှင့် သူဘယ်တော့မှ လက်ကိုင်နိုင်မလဲဆိုတာကို မသိချေ… မဟုတ်သေးဘူး၊ ဗီလိန်လေးနှင့် ဘယ်တော့မှ သူငယ်ချင်းဖြစ်နိုင်မလဲဆိုတာကိုမသိချေ။


ဗီလိန်၏မွေးနေ့ကိုလွတ်သွားတာက ထီမပေါက်သည်နှင့်ပင်တူနေ၏။ ရှုနဉ်က အလွန်စိတ်တိုသွား၍ စားတောင်မစားချင်တော့ပေ။ သူက ပိုက်ဆံရှင်းလိုက်ပြီး လေဆိပ်ဆီသို့ စိတ်ဓာတ်ကျစွာဖြင့် ဦးတည်သွားလိုက်သည်။


လေဆိပ်တွင် စစ်ဆေးမှုများ ခံယူပြီးနောက် ရှုနဉ်က လယ်သာဆိုဖာကိုတွေ့ကာ ပလုံခနဲ ထိုင်ချလိုက်သည်။ မအိပ်ခင်တွင် သူ့ဖုန်းတွင် နှိုးစက်ပေးထားလိုက်၏။ 


သူက QQ ကို နောက်ဆုံးတစ်ခေါက်ဝင်ကြည့်လိုက်သေးသော်လည်း ဘာကိုမှတော့ မမျှော်လင့်ထားချေ။ ထို့နောက် သူက ချက်ချင်းအံ့အားသင့်သွားရသည်။


ဗီလိန်လေးက သူ့ကိုစာပြန်ထား၏။


[ကျေးဇူးပါ]


ထိုစကားလုံးတစ်လုံးကတင် ရှုနဉ်ကို အားအင်များပြည့်စေနိုင်သည်။ ဗီလိန်လေးက အမှန်တကယ်ကို ကျေးဇူးတင်ကြောင်းပြောထားသည်။ ယင်းက တကယ်မလွယ်ကူပေ။


ကြောင်လေးက သူ့သခင်ကို သူ့ဗိုက်ပေါ်သို့ ပွတ်သပ်ခွင့်ပေးလိုက်သလိုနှင့်တူနေသည်။ သူ့ကြိုးစားအားထုတ်မှုများက နောက်ဆုံးတော့ အလုပ်ဖြစ်ခဲ့ချေပြီ။


သူ့ကလေးက အရမ်းတော်တာပဲဟ


ဘယ်လိုတောင် လိမ္မာတဲ့သားလေးလဲ။ မင်းရဲ့မှတ်ပုံတင်ကို ယူလာပေးဖို့ ဖေဖေ့ကို စောင့်နေပါဦး။ မင်းအမြဲနေထိုင်ချင်ခဲ့တဲ့ဘဝမှာပဲ နေထိုင်စေရဖို့ သေချာပေါက်လုပ်ပေးပါ့မယ်။


ရှုနဉ်က မျက်လုံးမက်စ်ကို ကပ်လိုက်ပြီး ဆိုဖာပေါ်တွင် အိပ်ပျော်သွားတော့သည်။


ညနေ ၄ နာရီအချိန် ကြက်ကင်ဆိုင်တွင် စားသုံးသူအများကြီးမရှိပေ။ အလုပ်သမားများက စားပွဲပေါ်တွင် စိမ်ပြေနပြေထိုင်ကာ စကားပြောနေကြပြီး သူဌေးနှင့်စကားပြောနေသော ချောမောသည့်ကောင်လေးကို ပြုံး၍ကြည့်နေ၏။


“မင်းအသက်က ဘယ်လောက်လဲ” ဆိုင်ရှင်က ယင်းမင်ကျန်းကို အပြစ်ရှာနေသည့်ပုံစံနှင့် ခေါင်းအစ ခြေအဆုံးကြည့်လိုက်သည်။


ယင်းမင်ကျန်းက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။


 “၁၆ နှစ်”


“၁၆ နှစ်လား မင်းက ဆောင်းရာသီပိတ်ရက်မှာ အလုပ်လိုချင်လို့လား” ဆိုင်ပိုင်ရှင်က ပြောသည်။ 


“ကောင်းပြီ လစာကတော့ တစ်နာရီကို ယွမ် ၁၀ အဆင်ပြေလား”


ယင်းမင်ကျန်းက မေးလိုက်သည်။


 “နည်းနည်း ပိုပေးလို့မရဘူးလား”


“ယွမ် ၁၀ ဆိုတာ မျှတတဲ့ လုပ်အားခပဲလေ” 


ခိုင်ခံသည့်ပုံရှိသော စားသောက်ဆိုင်ပိုင်ရှင်က ခေါင်းယမ်းလိုက်သည်။ 


“အလုပ်ကြိုးစားတယ်ဆိုတဲ့ အဓိပ္ပာယ်က အခုခေတ်ကလေးတွေ မသိကြဘူး ပိုက်ဆံရှာရတာကို လွယ်တယ်များထင်နေလား မင်းပတ်ဝန်းကျင်ကိုကြည့်လိုက်ဦး တွေ့လိမ့်မယ် လူအများစုက တစ်လမှာ ယွမ်နှစ်ထောင်ပဲ ရကြတာ တစ်နာရီကို ယွမ် ၁၀ ဆိုတာက မျှတတဲ့ လုပ်အားခပဲ”


ယင်းမင်ကျန်းက ခဏနှုတ်ဆိတ်နေမိသည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့မျက်ဝန်းများက နက်ရှိုင်းပြီး မှောင်မိုက်နေ၏။ 


“ဆရာ ဒီထက်ပိုလစာကောင်းတဲ့အလုပ်ကို ရနိုင်မလား ကျွန်တော့်မှာ ပြန်ပေးစရာရှိလို့ ပိုက်ဆံမြန်မြန်လိုနေလို့ပါ”


“ပိုလစာကောင်းတဲ့အလုပ်လား” သူဌေးက ရယ်မောလိုက်သည်။


 သူက ကန့်သတ်ချက်တွေကိုမသိသေးသော ကလေးငယ်အား မထီမဲ့မြင်ပြုလိုက်သည်။


 “ကောင်းပြီလေ ငါတို့က အလုပ်ကောင်းကောင်းအကြောင်းကိုပြောနေကြတာဆိုတော့ ပရိုဂရမ်မာတွေဆိုရင် တစ်လကို ယွမ်တစ်သောင်းရတယ် မင်းစီးပွားရေးလုပ်မယ်ဆိုရင် ယွမ်တစ်ထောင် တစ်သောင်းထိရနိုင်သလို တစ်နှစ်တည်းမှာတင် မီလီယံနဲ့ချီပြီးတောင် ရနိုင်သေးတယ် ငွေရေးကြေးရေးအပိုင်းကိုလုပ်မယ်ဆိုရင်တော့ တစ်လကို ယွမ်တစ်သောင်းရမယ် ကုန်ပစ္စည်းတွေဆိုရင်တော့ ယွမ်တစ်သောင်းထိရနိုင်တယ်… မင်းဘာသာကြိုးစားလို့ရနိုင်တယ် ငါ့အထင်”


“ပိုက်ဆံအများကြီးရနိုင်တဲ့ မတော်တရော်အလုပ်တွေလည်းရှိသေးတယ် ကလပ်မှာရှိတဲ့ ကြည့်ကောင်းတဲ့ ယောက်ျားလေးတွေ မိန်းကလေးတွေဆိုရင် တစ်ညတည်းနဲ့တင် ယွမ်တစ်သောင်းရတယ် မင်းပုံစံကလည်း မဆိုးပါဘူး လူချမ်းသာအမျိုးသမီးတစ်ယောက်ကိုသာ အဖော်ပြုပေးနိုင်မယ်ဆိုရင် အများကြီးရမှာ”


ယင်းမင်ကျန်းက ကြားဖြတ်ပြောလိုက်သည်။


 “ကျွန်တော် သင့်တော်တဲ့အလုပ်ပဲလိုချင်တာ”


စားပွဲနားတွင်ထိုင်နေကြသော ဝန်ထမ်းများက ရယ်မောလိုက်ကြသည်။


“သင့်တော်တဲ့အလုပ်လား” သူဌေးကလည်း ကြောင်ပေါက်စလေးကို စနေသကဲ့သို့ ရယ်မောလိုက်သည်။ 


“လုပ်အားခမြင့်တဲ့အလုပ်တွေဆိုတာ ငါခုနကပြောခဲ့တဲ့ဟာတွေပဲလေ ဒါပေမယ့် အများစုကတော့ ပညာရေးနဲ့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာတွေလိုအပ်တယ် မင်းမှာရှိလား”


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။ 


“ဒါဆို အဲဒါတွေမလိုအပ်တဲ့အလုပ်တွေက ဘာတွေလဲ”


ဝန်ထမ်းများက ကျယ်လောင်စွာ ရယ်မောလိုက်ကြပြန်၏။


သူဌေးကလည်း စပ်ဖြီးဖြီးနှင့်ပြောသည်။ 


“ရှိတာပေါ့ ရှိတာပေါ့ ရှိတာပေါ့ မင်းကိုယ်ပိုင်စီးပွားရေး စလုပ်လို့ရတာပဲ စတော့ဈေးကွက်မှာ မင်းကြိုးစားကြည့်လိုက် ဒါမှမဟုတ် ထီပေါက်ရင်ပေါ့… ဘယ်ဟာကိုရွေးမှာလဲ”


ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးပါ”


သူက တိတ်တဆိတ် ကြက်ကင်ဆိုင်မှ ထွက်လာခဲ့လိုက်သည်။ ရယ်မောသံများက သူ့အနောက်မှ ပဲ့တင်ထပ်စွာ ကျန်ခဲ့လေ၏။


“အခုခေတ်ကလေးတွေ ဘာဖြစ်နေကြတာလဲ အမြင့်ကိုမျှော်မှန်းကြပေမယ့် လုပ်နိုင်ကြောင်းကို မပြနိုင်ကြဘူး သူက ချက်ချင်းကြီး လစာမြင့်တဲ့အလုပ်ကိုလိုချင်နေတာ ဟားဟားဟား”


ထိုနေရာသည် ယင်းမင်ကျန်း ၅ ကြိမ်မြောက်ရောက်ခဲ့သည့်နေရာဖြစ်သည်။ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ သန့်ရှင်းရေးအလုပ်… ထိုအတွက် လုပ်အားခများအားလုံးက အလွန်နည်းကြသည်။ ထို့အပြင် သူက ငယ်သေးကြောင်းကို သိသွားကြသည့်အတွက် လုပ်အားခကို ပို၍ပင် နှိမ်ချကြသေး၏။


ဒီနှုန်းနဲ့ဆိုရင် ပိုက်ဆံတွေကို ပြန်ပေးဖို့ နှစ်ပေါင်းအတော်ကြာသွားလိမ့်မယ်။


ပရိုဂရမ်မင်း၊ စတော့၊ ငွေကြေး…


ယင်းမင်ကျန်း၏မျက်နှာက နက်နဲတည်ကြည်စွာစဉ်းစားနေသည့် မျက်နှာထားကို ဖော်ပြနေသည်။


သူက မြို့ထဲရှိစာကြည့်တိုက်သို့သွားရန် ဘတ်စ်ကားစီးလိုက်သည်။ ထို့နောက် သူက ပရိုဂရမ်မင်းနှင့်ပက်သက်သည့် စာအုပ်တစ်ချို့ကိုတွေ့သွားပြီး နေရာယူကာထိုင်လျက် စတင်ဖတ်ရှုတော့သည်။


တဖြည်းဖြည်းနှင့် စာဖတ်ခြင်းထဲနှစ်မြုပ်နေရင်း ညတာက ကုန်ဆုံးလာခဲ့သည်။ သူက ဖုန်းထုတ်၍ အွန်လိုင်းပေါ်တွင် အနည်းငယ်ရှာဖွေလိုက်၏။ ထို့နောက် QQ ကိုဖွင့်ကာ အတန်းပိုင်ဆရာမက ဘာများကြေညာထားလဲဆိုတာကိုကြည့်လိုက်သည်။


မရင်းနှီးသည့် မှိုပုံစံနှင့်တစ်ယောက်က သူ့ကို စာပို့ထားသည်။


ယင်းမင်ကျန်းက ခဏကြောင်ကြည့်မိသွားသည်။ ထို့နောက် သူက ထိုမှိုပုံစံကို နှိပ်ကြည့်လိုက်သည်။


[မွေးနေ့မှာ ပျော်ရွှင်ပါစေ]


ယင်းမင်ကျန်းက ထိုစာကိုကြည့်ပြီး ဒီအတိုင်းထားထားလိုက်သည်။ ထို့နောက် သူက အတန်းထဲရှိ အဖွဲ့လိုက်စကားပြောခန်းကိုနှိပ်လိုက်ကာ ထိုမှိုပုံစံနှင့်လူကို ရှာလိုက်သည်။ 


ပုံဘေးတွင်တော့ ဖော်ပြထားသည့်နာမည်က


 [ရှုနဉ်]


ယင်းမင်ကျန်း၏နှုတ်ခမ်းက ဖြည်းဖြည်းချင်းကွေးညွတ်သွားပြီးနောက် မှိုပုံစံကိုနှိပ်လိုက်သည်။ သူက စာလိုက်ရိုက်သော်လည်း ခဏကြာတော့ ဖျက်လိုက်ပြန်သည်။ နောက်ဆုံးတော့ သူက စာပြန်လိုက်သည်။ 


[ကျေးဇူးပါ] 


ယင်းမင်ကျန်းက အတန်းထဲရှိ အဖွဲ့လိုက်စကားပြောခန်းမှ တခြားစာများကို လျင်မြန်စွာကြည့်လိုက်ပြီးနောက် ထွက်လိုက်သည်။ သူ့မျက်နှာက နဂိုအတိုင်း ခံစားချက်မရှိသည့်ပုံစံ ပြန်ဖြစ်သွားသည်။ သူက ခေါင်းငုံ့ပြီးနောက် စာကိုသာ ဆက်ဖတ်နေလိုက်၏။


စာကြည့်တိုက်ထဲတွင် ည ၇ နာရီအထိ သူနေခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင် ခါးစည်းအဝတ်ကိုပတ်၍ စတင်၍ ဟင်းချက်တော့သည်။ သူက ကျိုးကျွမ်နှင့်အတူတူစားရန် သူအိမ်ပြန်လာသည်အထိ စောင့်နေလိုက်သည်။ ညစာစား၊ ပန်းကန်ဆေး၊ အိမ်ရှင်းပြီးသည်နှင့် သူ့အခန်းထဲသို့ ပြန်ကာ လပ်တော့ကိုဖွင့်လိုက်သည်။ သူက ပရိုဂရမ်မင်းကို အွန်လိုင်းပေါ်တွင် သင်ယူရန် တောက်ပေါင်တွေ ယွမ် ၁၀ အကုန်ခံခဲ့သည်။ ထို့နောက် သူက ဗီဒီယို၏အရှိန်ကို နှစ်ကြိမ်မျှနှေးအောင်လုပ်လိုက်သည်။


ယင်းမင်ကျန်းက မျက်တောင်မခတ်ဘဲ မှန်သားပြင်ပေါ်ကိုသာ ကြည့်နေသည်။ သူက အိပ်ရာမဝင်ခင် ည ၁၁ နာရီခွဲအထိ ကြည့်နေခဲ့သည်။


နောက်တစ်နေ့တွင် သူစာကြည့်တိုက်ကိုပြန်သွားပြီး ဖတ်ရှုလေ့လာပြန်လေသည်။ စာကြည့်တိုက်ထဲတွင်သာ တစ်နေ့လုံး တိတ်ဆိတ်စွာထိုင်နေပြီး နေ့လယ်စာစားသည့်အချိန်ရောက်မှ ထလာသည်။ ကျိုးကျွမ်က သူ့ကို အခုချိန်ထိ အပတ်တိုင်း ယွမ် ၂၀၀ ပေးသည်။ ထိုအတွက်နှင့်ပင် သူကျေးဇူးတင်မိပါ၏။


အခုဆိုလျှင် ယင်ချန်းမရှိတော့သည့်အတွက် ကျိုးကျွမ်က သူမ၏ပိုက်ဆံများအားလုံးကို ဆုံးရှုံးစရာမရှိတော့ပေ။ ပိုက်ဆံနှင့်ပက်သက်လျှင် သူတို့အတွက် ပိုလျှံနေသေးသည်။


နေ့လယ်စာစားပြီးနောက်တွင် စာကြည့်တိုက်မှာသာ ဆက်နေလိုက်ပြီး မြင့်မားသောစာအုပ်အပုံလိုက်ကြီးကလည်း သူ့ဘေးတွင်ရှိနေသည်။


သူက ထိုလုပ်နေကျပုံစံကိုသာ ရက်ပေါင်းများစွာအထိ လုပ်ခဲ့၏။


“အာ သေစမ်း”


ယင်းမင်ကျန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မျက်မှန်တပ်ထားသောလူက သူ့ဆံပင်ကိုဆွဲနေပြီး အလွန်အမင်း စိတ်ပျက်နေပုံရသည်။ သူက အချိန်အကြာကြီး ညည်းတွားနေခဲ့သည်။ သူက တတွတ်တွတ်ရေရွတ်နေခဲ့သဖြင့် အနားကလူများကိုပါ စိတ်တိုလာစေသည်။


ယင်းမင်ကျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မတ်တပ်ထရပ်လိုက်ပြီး သန့်စင်ခန်းသို့သွားရန် ထိုလူအနားသို့ဖြတ်သွားလိုက်သည်။ သူ့မျက်လုံးထောင့်တွင် ထိုလူ၏ကွန်ပျူတာပေါ်ရှိမှန်သားပြင်ပေါ်မှ များပြားသောကုဒ်များကိုတွေ့လိုက်ရသည်။


သန့်စင်ခန်းမှပြန်လာပြီးနောက်တွင် ယင်းမင်ကျန်းက ထိုလူအနားမှဖြတ်လျှောက်ကာ ခုနကနေရာတွင်သာရှိနေကြောင်းကို တွေ့လိုက်ရသည်။


“ငါဘယ်နားမှားသွားလို့လဲ…” သူ့ပုံစံက သူ့ဆံပင်များအားလုံးကို ဆွဲနုတ်တော့မလိုပင်ဖြစ်နေ၏။


ယင်းမင်ကျန်းက ခဏလောက်ကြည့်နေလိုက်သည်။ ထို့နောက် သူက မှန်သားပြင်ပေါ်ရှိနေရာကို ထောက်ပြကာ တိတ်တဆိတ်ထွက်သွားသည်။


ထိုလူက သူ့မျက်မှန်ကိုပင့်တင်ပြီး အရှေ့သို့ကုန်းပြီး အနားကပ်ကြည့်လိုက်သည်။ 


“ချီး ငါဘယ်လိုလုပ် ဒီလောက်ရှင်းတဲ့ဟာကိုမှ တစ်ယောက်တည်းရှုပ်နေရတာလဲ”


သူက မော့ကြည့်လာသည်။


 “ကျေးဇူးပါ သူ…”


ယင်းမင်ကျန်းက ဆယ်ကျော်သက်သာရှိသေးကြောင်းကိုသိလိုက်သောအခါတွင် “သူဌေး” ဆိုသည့်စကားက သူ့လည်ချောင်းထဲတွင်တစ်သွားရသည်။ သူက ပြောလက်စကို ချက်ချင်းပြောင်းလိုက်၏။


 “ညီလေး”


ယင်းမင်ကျန်းက သူ့နေရာသို့ တိတ်တဆိတ်ပြန်သွားကာ စာပြန်ဖတ်နေလိုက်သည်။


ထိုလူက ကွန်ပျူတာခလုတ်ခုံပေါ်တွင် ဆက်လက်၍ ရိုက်နှိပ်နေသေးသည်။ ခဏကြာသောအခါ ရပ်လိုက်ပြီး သူ့ဆံပင်များကို စတင်၍ဆွဲပြန်သည်။


“မဟုတ်ဘူး မမှန်သေးဘူး အခုထိ မမှန်သေးဘူး”


သူက လက်ဆန့်ထုတ်လိုက်ပြီး ယင်းမင်ကျန်းကို တိတ်တခိုးလေး လေ့လာလိုက်သည်။ ထို့နောက် သူ့ဘေးတွင်အပုံလိုက်ကြီးရှိနေသော ပရိုဂရမ်မင်းစာအုပ်များကိုကြည့်လိုက်ကာ အသံတိုးတိုးဖြင့်ပြောလာသည်။ 


“ညီလေး ကောကိုထပ်ပြီး ကူညီပေးနိုင်မလား”

 

__



ရှုနဉ်က မနက် ၄ နာရီနောက်ပိုင်းတွင် မြို့ထဲသို့ရောက်ရှိသည်။ သူ့အဝတ်အိတ်ကိုဆွဲရင်း တခြားခရီးသွားများနှင့်အတူ ထွက်လာကာ အားလုံးကလည်း ပင်ပန်းနွမ်းနယ်ကာ ခရီးပန်းလာကြပြီဖြစ်၏။ သူက တက်စီငှား၍ ဘွတ်ကင်ကြိုလုပ်ထားသောဟိုတယ်ကို ဦးတည်သွားလိုက်သည်။ စစ်ဆေးမှုများခံယူပြီးသည့်နောက် အခန်းကတ်ကိုယူ၍ ကျဉ်းကြုတ်သည့်တစ်ယောက်အိပ်ကုတင်ပေါ်သို့ လှဲချလိုက်သည်။


ပိုက်ဆံစုဖို့အတွက် ဈေးအပေါဆုံးဟိုတယ်ကို ရွေးခဲ့ရ၏။ အခန်းက သေးငယ်ပြီး ကျဉ်းမြောင်းကာ ပြတင်းပေါက်မရှိသော်လည်း တစ်ညကို ယွမ် ၁၀၀ ကုန်ကျသည်။


မြို့ထဲတွင် အမှန်တကယ်ဈေးကြီးတယ်လို့ ချဲ့ကားပြောဆိုကြခြင်းမဟုတ်ချေ။


ရှုနဉ်က ရေမချိုးတော့ပေ၊ အိပ်ရာသာ တန်းဝင်လိုက်၏။ သူက နောက်တစ်နေ့ နေ့လယ်အထိအိပ်ခဲ့ပြီးနောက် ဟိုတယ်မှ ထွက်လာသည်။ သူ့ကတ်ထဲတွင် တကယ်ပိုက်ဆံမကျန်တော့ခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ သူနေထိုင်ရာနှင့် သိပ်မဝေးသည့် လူငယ်အဆောင်တွင်နေခဲ့သည်။


ကုတင်က နှစ်ထပ်ကုတင်ဖြစ်ပြီး တစ်ညကို ယွမ် ၄၀ ကုန်ကျသည်။ သို့သော်လည်း ပတ်ဝန်းကျင်က ထင်ထားသည်ထက် ပိုကောင်းသည်။ ကျန်သည့်နေထိုင်သူများက ယောက်ျားလေးများသာဖြစ်သည်။


တစ်ယောက်တည်းခရီးထွက်နေသည့်သူများလည်းရှိပြီး အလုပ်ရှာနေသည့်သူများလည်းရှိကာ ပိတ်ရက်တွင် ဘာကြောင့်အလုပ်ရှာနေကြောင်းသိသည့်သူများလည်းရှိသည်။ 


ထို့အပြင် သူတို့၏တွေးခေါ်ပုံများက အတော်လေးကို စိတ်ကူးယဉ်ဆန်သည်ဟု ထင်မိသည်။ သူတို့က ငယ်ရွယ်ပြီး ပျော်စရာကောင်းကာ ရင်းနှီးရန်အတွက် ဖော်ရွေကြသည်။ သူတို့အပေါ်ထင်မြင်ချက်က ကောင်းခဲ့ပြီး ရှုနဉ်အပေါ်ကိုလည်း ထင်မြင်ချက်ကောင်းကြသည်။


နောက်ဆုံးတွင်တော့ ၁၄ နှစ်အရွယ်ကောင်လေးက မြို့ပေါ်ကို တစ်ယောက်တည်းတက်လာခြင်းက နေ့စဉ် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ချေ။ တခြားသူများအမြင်တွင်တော့ ရှုနဉ်က တစ်မူထူးခြားနေတော့သည်။


သူက နေသားတကျဖြစ်ရန်အတွက် တစ်ရက်ကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့တွင် ရှုနဉ်က စာရွက်စာတမ်းအိတ်များကို ကိုင်ဆောင်ကာ ဝေ့အဖွဲ့အစည်းထံသို့ ဦးတည်လာလိုက်သည်။


ဝေ့အဖွဲ့အစည်းဌာနချုပ်က အတော်လေးကြီးမားသည်။ ဝေ့အဖွဲ့အစည်းတည်ရှိသည့်နယ်မြေက များစွာသောကုမ္ပဏီခွဲများနှင့် ပြည့်နေ၏။ အတော်လေးကို လူသိများသည့်နယ်မြေပင်ဖြစ်သည်။


ရှုနဉ်က ဝေ့အဖွဲ့အစည်းဌာနချုပ်ကိုသွားရန်အတွက် မြေအောက်ရထားစီးရသည်။ အဆောက်အအုံထဲသို့ဝင်ရန်အတွက် မှတ်ပုံတင်လိုအပ်ပြီး နေရာတိုင်းတွင်လည်း လုံခြုံရေးများရှိနေသည်။


ရှုနဉ်က သူတို့ကို အကြာကြီးတောင်းဆိုကြည့်သော်လည်း ဝင်ခွင့်မပြုပေ။ နောက်ဆုံးတွင်တော့ သူက စိတ်ဓာတ်ကျစွာဖြင့် အဆောက်အအုံထဲမှ ထွက်လာခဲ့လိုပ်သည်။


သို့သော်လည်း သူလက်မလျှော့ပေ။ သူက ဆက်ပြီး အဆောက်အအုံအနားတွင် ရစ်သီရစ်သီလုပ်နေလိုက်သည်။ အထဲကိုဝင်မရသည့်အတွက် သူတို့ထွက်လာမည်ကို စောင့်နေရုံသာတတ်နိုင်သည်။ ဝေ့မိသားစု၏ အရေးကြီးသည့်အဖွဲ့ဝင်များ၏မျက်နှာများကို သူမှတ်ထားခဲ့သည်။ သူတို့ထဲမှ တစ်ယောက်ဆီသို့ ပြေးသွားရန်အခွင့်အရေးရှိဖို့သာ လိုအပ်သည်။


ရလဒ်အနေဖြင့် နှစ်ရက်လုံးလုံး ဝဲလည်လည်လုပ်နေခဲ့ပေမယ့် အခုထိ သူတို့၏ ဆံချည်တစ်မျှင်ကိုတောင် မတွေ့ရသေးချေ။ တစ်ဖက်တွင်တော့ မျှော်ရလွန်းလို့ အစိုင်အခဲအဖြစ် အေးခဲတောင့်တင်းသွားတော့မည်သာဖြစ်သည်။


မြောက်ပိုင်းရှိ ဆောင်းရာသီက အမှန်တကယ် စင်စစ် အေးစက်လွန်း၏။


သူလွတ်သွားခဲ့တာလား၊ ဝေ့မိသားစုကပဲ အလုပ်ကိုပေါ်မလာတာလားဆိုတာကို သူမသိတော့ချေ။ 


ရှုနဉ်က အပြင်ဘက်တွင် မှိုလေးသဖွယ် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ သူ့ရဲ့တည်ရှိပုံက လုံခြုံရေးများအတွက်တော့ အမှန်တကယ်ကို စိတ်တိုစရာကောင်းစေသွားသည်။ သူ့ကို အကြိမ်ပေါင်းများစွာ လာမေးကြ၏။ 


“ဟေး ကလေး မင်းတကယ် ဘာလိုချင်တာလဲ”


ရှုနဉ်က တုန်ခိုက်နေရှာသည်။ သူ့မျက်နှာက အအေးဒဏ်ကြောင့် ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ 


“ဥက္ကဌဝေ့နဲ့ တွေ့ချင်လို့ CEO ဝေ့နဲ့ သခင်မဝေ့ကိုပါ”


လုံခြုံရေးက သူ့ကို အရူးတစ်ယောက်လို ကြည့်လာသည်။


ထိုကဲ့သို့ သုံးရက်တိတိ ဆောင့်ကြောင့်ထိုင်စောင့်ခဲ့ပြီးနောက်တွင်တော့ အေးခဲ၍ သေဆုံးသွားနိုင်ချေပင်ရှိလာသည်။ သူ၏ ရိုးသားမှုက လုံခြုံရေးများကို စိတ်ပြောင်းစေခဲ့တာလား ဒါမှမဟုတ် လုံခြုံရေးများက ငယ်ရွယ်သည့်ကလေးကို သနားသွားလို့များလား။ နောက်ဆုံးတွင်တော့ လုံခြုံရေးများက သူ့ကို သနားကရုဏာသက်သွားကြသည်။ 


“ဝေ့မိသားစုကို တကယ်တွေ့ချင်တယ်ဆိုရင် သူတို့ကို ကားပါကင်မှာစောင့်နေလို့ ရတယ်”


ရှုနဉ်က ကြက်သေသေသွားရသည်။


အာ ငါဘယ်လောက်တောင် တုံးလိုက်သလဲ…


ရှုနဉ်က သူ၏ရူးမိုက်မှုကြောင့် မျက်ရည်ဝဲလုပင်ဖြစ်သွားရသည်။ ဝေ့မိသားစုက ကားပါကင်က ဓာတ်လှေကားမှတစ်ဆင့် အဆောက်အအုံထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ သူတို့က ဘာလို့ အရှေ့အပေါက်ကနေ ဝင်စရာအကြောင်းရှိမှာလဲ။


“ကျေးဇူးအများကြီးတင်ပါတယ်”


ရှုနဉ်က စာရွက်စာတမ်းအိတ်များကို သယ်ဆောင်ကာ ကားပါကင်ဝင်ပေါက်သို့ ဦးတည်သွားလိုက်သည်။ ထို့နောက် သူ့အနောက်ကနေ လုံခြုံရေးများ ချက်ချင်းလိုက်လာကြသည်။


အဝတ်စားကို ထူထဲစွာဝတ်ဆင်ထားသည့် သတင်းထောက်တစ်ယောက်က သူ့အနောက်ကနေ လုံခြုံရေးများ လိုက်လာတာကိုတွေ့သွားသည်။