အပိုင်း ၃၆
Viewers 9k

Chapter 36

ဝေ့မိသားစုကိုရှာတွေ့ပြီ



အဝတ်စားကို ထူထဲစွာဝတ်ဆင်ထားသည့် သတင်းထောက်တစ်ယောက်က သူ့အနောက်ကနေ လုံခြုံရေးများ လိုက်လာတာကိုတွေ့သွားသည်။


“သူတို့က အရမ်းတင်းကျပ်တယ် ဟုတ်တယ်မလား မင်းဝေးဝေးပြေးဖို့လိုတယ် မဟုတ်ရင် မောင်းထုတ်ခံရလိမ့်မယ်”


ရှုနဉ် - “...”


ရှုနဉ်က လက်ထဲမှ စာရွက်စာတမ်းအိတ်ကိုကိုင်လျက် သတင်းထောက်နှင့်အတူ ဆောင့်ကြောင့်ထိုင်လိုက်သည်။


သတင်းထောက်က မေးသည်။ 


“ကလေး မင်းက ဘယ်သူ့ကိုစောင့်နေတာလဲ”


ရှုနဉ်က ပြန်ပြောသည်။ 


“ဥက္ကဌဝေ့ CEO နဲ့ သခင်မဝေ့… ဘယ်သူပဲဖြစ်ဖြစ်ရတယ်”


သတင်းထောက်က သူ့ကို လေးစားအားရစွာဖြင့် ကြည့်လိုက်သည်။ 


“သူတို့ကို ဘာအတွက်တွေ့ချင်တာလဲ”


ရှုနဉ်က ခေါင်းခါလိုက်သည်။ သူက အမှန်တရားကို သာမာန်ကာလျှံကာ ပြောလိုက်လို့မဖြစ်ပေ။ ပြောလိုက်မိလျှင် အခြေအနေက ပိုပြီးကိုင်တွယ်ရ ခဲယဉ်းသွားပေလိမ့်မည်။ ယခုလိုမျိုး ချမ်းသာတဲ့မိသားစုများက စဉ်းစားစရာတွေ အမြောက်အများရှိ၏။ သူတို့ကို အရင်ဆုံး သိုသိုသိပ်သိပ် ဆက်သွယ်ပြီးမှ သူတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုကြည့်တာ အကောင်းဆုံးဖြစ်သည်။


သူ့အတွက် မြောက်ပိုင်းက ဆောင်းရာသီနှင့် နေသားကျအောင်လုပ်ဖို့ အလွန်ခက်ခဲသည်။ ကံကောင်းသည်က အထူဆုံးဂျာကင်ကိုယူလာခဲ့ခြင်းဖြစ်သည်။ ခဏလောက်ခုန်ပေါက်ပြီးနောက် သူ့ကိုယ်သူနွေးထွေးစေရန် သွေးလည်ပတ်မှုကောင်းအောင်လုပ်ရမည်။ အလွန်အေးနေလျှင် အဆောက်အအုံ၏ ဧည့်သည်စောင့်ခန်းတွင် အနွေးဓာတ်သွားယူလို့ရသည်။ မဟုတ်လျှင်တော့ နှင်းထဲတွင်သာ အေးခဲပြီး သေသွားနိုင်၏။


သို့သော်လည်း ဝေ့မိသားစုကို လွတ်သွားမည်စိုးသည့်အတွက်ကြောင့် အထဲတွင် အကြာကြီးမနေချေ။ နွေးထွေးစေရန် အထဲတွင် ခေတ္တမျှသာ နေခဲ့ခြင်းဖြစ်သည်။


သတင်းထောက်က အအေးဒဏ်မခံနိုင်တော့၍ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှုနဉ်ကသာ နှင်းထဲတွင်ကျန်ခဲ့သူဖြစ်၏။ ဝေ့မိသားစုစီးကြသည့် ကားအမျိုးအစားကို သူမှတ်မိသည်။ ဇိမ်ခံကားတစ်စီးကိုတွေ့တာနှင့် ဝေ့မိသားစုဟုတ်မဟုတ်ကို ပြေးကြည့်ရသည်။


တစ်နေ့လုံးကုန်ဆုံးသွားပြီးနောက်တွင် အဆောက်အအုံထဲရှိလူများအားလုံးက ဝေ့မိသားစုကိုစောင့်နေသည့်ကလေးတစ်ယောက်ရှိကြောင်းကို သိသွားကြသည်။


ထိုညနေက ဇိမ်ခံကားတစ်စီးက ကားပါကင်ထဲမှ မောင်းထွက်လာခဲ့သည်။ ရှုနဉ်က ကားကိုတားရန် အလျင်အမြန် ရှေ့သို့သွားလိုက်သည်။ ကားမှန်ပြတင်းပေါက်က ပွင့်လာပြီးနောက် အိုမင်းပြီး တည်ကြည်လေးနက်သောမျက်နှာက ပေါ်ထွက်လာခဲ့သည်။


“အကြီးအကဲဝေ့” 


ရှုနဉ်က သူသတင်းထဲတွင်မြင်ဖူးနေကျဖြစ်သောမျက်နှာကို တွေ့လိုက်ရသောအခါတွင် အလွန်ပျော်သွားရ၏။ နောက်ဆုံးတော့ ဘုရားသခင်က သူ့ဆုတောင်းစကားများကို အဖြေပေးလာချေပြီ။


သူက လျင်မြန်စွာဖြင့် နှုတ်ဆက်လိုက်၏။ 


“ကျွန်တော့်နာမည်က ရှုနဉ်ပါ တစ်ယောက်ယောက်က လူကြီးမင်းကို ဒီစာရွက်စာတမ်းတွေ ပေးခိုင်းလိုက်လို့ပါ အဲဒီလူက ဒီစာရွက်စာတမ်းတွေက အရမ်းအရေးကြီးတယ်လို့ပြောပါတယ် အဲဒါကြောင့် သေချာပေါက် ဖတ်ပေးပါနော်”


သူက ပြောရင်းနှင့် ကားမှန်ပြတင်းပေါက်ကနေ စာရွက်စာတမ်းကို ကမ်းပေးလိုက်သည်။


ဝေ့ရှန်ဟဲက သူ့ကို တည်ကြည်သောမျက်နှာထားဖြင့် ခေါင်းအစခြေအဆုံးကြည့်နေသည်။ ရှုနဉ်က ကလေးတစ်ယောက်သာဖြစ်ပြီး ခြိမ်းခြောက်နေခြင်းမဟုတ်ကြောင်း ခံစားမိလိုက်သည့်အတွက်ကြောင့် စာရွက်စာတမ်းအိတ်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူ့ဘေးက လက်ထောက်ကို လက်ဆင့်ကမ်းပေးလိုက်သည်။


ပြတင်းပေါက်က ပြန်ပိတ်သွားပြီး အနက်ရောင်ကားက မောင်းနှင်ထွက်ခွာသွားသည်။ ရှုနဉ်က လက်သီးဆုပ်လိုက်မိကာ သူ့မျက်နှာက စိတ်လှုပ်ရှားမှုများစွာနှင့် ပြည့်နှက်သွားသည်။


သူနောက်ဆုံး‌တော့ အောင်မြင်သွားချေပြီ။


ထို့နောက် သူက ပြန်လှည့်ပြီး ဌာနချုပ်မှ ထွက်သွားသည်။ ရာသီဥတုက အေးစက်လွန်းနေ၏။ လူငယ်အဆောင်ကို အမြန်ပြန်သွားဖို့လိုသည်။


ကားအထဲတွင်တော့


လက်ထောက်က စာရွက်စာတမ်းအိတ်ကိုဖွင့်ကြည့်လိုက်သည်။ နမူနာဆံချည်မျှင်တစ်မျှင်ထည့်ထားသည့် ပလတ်စတစ်အိတ်က ဘယ်သူမှ သတိမထားမိဘဲ အောက်သို့ ပြုတ်ကျသွားသည်။


လက်ထောက်က အထဲက စာရွက်စာတမ်းများကို ဆွဲထုတ်လိုက်သည်။ ပထမဆုံးစာမျက်နှာတွင်ပြောထားသည်က - ထိုလူဟာ ဝေ့မိသားစု၏ သားအရင်းဖြစ်ပါသည်။


ဒုတိယစာမျက်နှာပေါ်တွင်တော့ ရှုထောင့်မျိုးစုံမှရိုက်ထားသည့် ကောင်လေး၏ဓာတ်ပုံများကိုတွေ့ရသည်။ ပုံထဲမှ ကောင်လေးက အနက်ရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး အနက်ရောင်ဆံပင်ရှိသည်။ သူ့တွင် ကောင်းမွန်သည့် အသားအရေရှိပြီး ပုံစံက နတ်သားများကဲ့သို့ နူးညံ့လှပသည်။ ဒရမ်မာဇာတ်လမ်းထဲမှ ထွက်လာသလိုနှင့်ပင်တူ၏။


လက်ထောက်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် နောက်ထပ်စာမျက်နှာကို လှန်လိုက်သည်။ တတိယစာမျက်နှာတွင်တော့ ဝူရှန့်ဆေးရုံတွင် လွန်ခဲ့သည့် ၁၅ နှစ်က ကလေးနှစ်ယောက် လဲလှယ်ထားသည့် ဇာတ်ဆန်လွန်းသော အသေးစိတ်အကြောင်းအရာများကို ဖော်ပြထားသည်။ ပုံထဲက ကောင်လေးကသာ ဝေ့မိသားစု၏ အမွေဆက်ခံမည့်သူအစစ်ဖြစ်သည်။ သူ့နမူနာဆံပင်ကလည်း စာရွက်စာတမ်းအိတ်ထဲတွင်ပါရှိသည့်အတွက်ကြောင့် ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုကို သူတို့ခံယူကြည့်လို့ရနိုင်သည်။


လက်ထောက်က စာရွက်စာတမ်းအိတ်ထဲကို စမ်းကြည့်သော်လည်း ဆံပင်နမူနာကို မတွေ့ပေ။ သူ့မျက်ခုံးက ပို၍တွန့်ကြုတ်သွားခဲ့သည်။ သူက လျင်မြန်စွာ အောက်ငုံ့ပြီးရှာလိုက်သောအခါ ကား၏ကြမ်းပြင်ပေါ်တွင်ရှိသော ပလတ်စတစ်အိတ်ကိုတွေ့သွားခဲ့သည်။ ထိုအထဲတွင် ဆံပင်နမူနာရှိ၏။


ဝေ့ရှန်ဟဲက အနားယူရန် မျက်လုံးမှိတ်ထားသည်။


 “ဘာတဲ့လဲ”


လက်ထောက်က ပြောလိုက်သည်။ 


“ဝေ့မိသားစုရဲ့ အမွေဆက်ခံသူက မွေးကတည်းက ကလေးအလဲခံထားရတာလို့ ပြောပါတယ်”


ဝေ့ရှန်ဟဲက ထိုတုံ့ပြန်ချက်ကို မျှော်မှန်းမထားခဲ့ပေ။ သူက မျက်လုံးဖွင့်ကာ လှည့်ကြည့်လိုက်သည်။ 


“မွေးကတည်းက ကလေးအလဲခံထားရတာ ဟုတ်လား”


လက်ထောက်က သူ့ကို စာရွက်စာတမ်းများအား ကမ်းပေးလိုက်သည်။ ဝေ့ရှန်ဟဲက အကြောင်းအရာများကိုဖတ်ကာ ဓာတ်ပုံကို အကြာကြီးကြည့်နေမိ၏။


 “သူက ငါနဲ့ လုံးဝ မတူဘူး”


ဝေ့မိသားစုဝင်များက ရဲစွမ်းသတ္တိရှိသည့်ပုံစံရှိပြီး ဓာတ်ပုံထဲက ကောင်လေးကတော့ မိန်းကလေးသကဲ့သို့ လှပနေသည်။ သူက သခင်မဝေ့နှင့်လည်း မတူပေ။


“ယင်းမင်ကျန်း အတန်း ၃ Grade 7 ချူကျိုးက လုံပန်းရှန် အလယ်တန်းကျောင်း…”


ဝေ့ရှန်ဟဲက တံတွေးထွေးလိုက်သည်။


 “ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ဟာတွေလဲ” သူက စာရွက်စာတမ်းများကို သူ့လက်ထောက်ထံသို့ ပစ်ပေးလိုက်သည်။ 


“ဒီလူတွေ တဖြည်းဖြည်းနဲ့ တရားလွန်လာကြပြီ ဒီတစ်ခေါက်ရော ဘယ်က တရားမဝင်တဲ့ ကလေးလဲ ဟမ်”


လက်ထောက်က သတိကြီးစွာဖြင့်မေးလိုက်သည်။


 “ဒါဆိုရင် ဒီစာရွက်စာတမ်းတွေက…”


“ဒီစာရွက်စာတမ်းတွေကြောင့် ငါ့ကို စစ်ဆေးမှုခံယူစေချင်နေတာလို့တော့ မပြောနဲ့နော် လွှင့်ပစ်လိုက်”


“ဟုတ်ကဲ့ပါ ဆရာ”


လက်ထောက်က လိမ္မာယဉ်ကျေးသောအပြုအမူဖြင့် စာရွက်စာတမ်းများကို ရုံးသုံးလက်ဆွဲအိတ်ထဲသို့ ထည့်လိုက်သည်။ သူက ပြည့်နှက်နေပြီးဖြစ်သည့် ဗီရိုထဲသို့ သော့ပိတ်သိမ်းထားရန် စီစဉ်လိုက်သည်။


အကြီးအကဲဝေ့က လွှင့်ပစ်ရန်ပြောသော်လည်း အမှန်တကယ် လွှင့်မပစ်ရဲပေ။


အရင်တုန်းက ထိုကဲ့သို့သော တရားမဝင်ကလေးများနှင့်ပက်သက်သည့်ကိစ္စများကို သူအမြဲကိုင်တွယ်ခဲ့ရသည်။ အကြီးအကဲဝေ့က တရားမဝင်ကလေးများကိုမုန်းသည်။ ဝေ့မိသားစု၏ တရားဝင်မိသားစုဝင်များသကဲ့သို့ သူတို့ကို ဘယ်တော့မှ အသိအမှတ်မပြုခဲ့ချေ။


ထိုသည်က နောက်ထပ်နည်းလမ်းအသစ်ဖြစ်ပေလိမ့်မည်။ သူတို့က ထိုကဲ့သို့သော ဇာတ်ဆန်လွန်းသည့်အကြောင်းအရာများနှင့် အကြီးအကဲဝေ့ကို ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုခံယူရန် တွန်းအားပေးတတ်ကြသည်။ ထိုနည်းလမ်းဖြင့် ဝေ့မိသားစုထဲသို့ သင့်တင့်လျောက်ပတ်စွာ ဝင်နိုင်မည်ဖြစ်၏။ ဝေ့မိသားစု၏ အမွေဆက်ခံသူကို ထိုသို့သောနည်းလမ်းများဖြင့်လည်း လာရှုပ်တတ်ကြသေးသည်။ သူတို့တွင် သေချာပေါက် သတ္တိရှိသည်။


သူက စာရွက်စာတမ်းများကို လွှင့်မပစ်ရဲပေ။ အကယ်၍ နောက်မှလိုအပ်လာလျှင် ဘယ်လိုလုပ်မလဲ။


စာရွက်စာတမ်းများကို ကမ်းပေးပြီးသည်နှင့် ရှုနဉ်က ကမ္ဘာပေါ်ရှိအရာအားလုံးကို မှန်ကန်သည်ဟု ခံစားမိလိုက်သည်။ ထိုညတွင် သူ့အမေကို အိမ်ပြန်လာဖို့ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဖုန်းဆက်ပြောလိုက်၏။


မစ္စချိုက်က သူနှင့် အချိန်ခဏကြာသည်အထိ စကားပြောကာ မေးမြန်းခဲ့ပြီးနောက် ဖုန်းချလိုက်သည်။


ရှုနဉ်က သူ့တွင်ရှိသော ပိုက်ဆံများအားလုံးကို အတော်လေးသုံးဖြုန်းခဲ့မိသည်။ သူမပြန်သေးလျှင် သေချာပေါက် ပိုက်ဆံများကုန်တော့မည်ဖြစ်၏။ ကံဆိုးသည်က သူဘယ်လောက်ထိကြာအောင် နေဖို့လိုအပ်သလဲဆိုတာကို သေချာမသိသည့်အတွက် ပြန်ဖို့လက်မှတ်ကို မဝယ်ခဲ့သေးပေ။ လေယာဉ်လက်မှတ်များက အခုချိန်တွင် အလွန်အရေးကြီးနေသည့်အတွက်ကြောင့် ရှုနဉ် ငိုချင်လာမိသည်။ 


သူလုပ်နိုင်သည့်အရာက ဘာမှမရှိပေ။ အကုန်အကျခံနိုင်ရန်အတွက် မစ္စချိုက်ကို ပိုက်ဆံလှမ်းတောင်းရန်သာတတ်နိုင်သည်။ 


မစ္စချိုက်က မေးလိုက်သည်။ 


“မင်းအကောင့်ထဲမှာ အခုထိ ယွမ်တစ်သောင်းကျန်သေးတယ်လေ မာမားက ဘယ်တော့မှ မုန့်ဖိုးကို မလျှော့ပါဘူး ဘယ်လိုဖြစ်လို့ ထပ်တောင်းနေရတာလဲ”


သူက ဗီလိန်လေးကို မွေးမြူနေသည့်အကြောင်းအား ရှုနဉ် လုံးဝ ပြောပြလိုက်လို့မဖြစ်ပေ။ သူက အထစ်ထစ်အငေါ့ငေါ့နှင့်ပြောကာ ဆင်ခြေပေးလိုက်သည်။ 


“အတန်းဖော်တချို့ကို ပိုက်ဆံချေးလိုက်လို့ပါ ချိုက်ချိုက်ရယ် အခု ခဏလေး ချေးပေးလို့ရမလား နောက်ကျရင် ပြန်ပေးမယ်လေနော်”


မစ္စချိုက်က သူ့ကို ယွမ်ငါးထောင်ပေးလိုက်သည်။ ရှုနဉ်က ချူကျိုးကိုပြန်လာဖို့ လေယာဉ်လက်မှတ်ဝယ်လိုက်သည်။ အပူချိန် သုညဒီဂရီထက်ကျော်လွန်သည့်နေရာသို့ ပြန်ရောက်လာသည့်အခါမှသာ ဘဝမှာ အသက်ပြန်ရှင်ရသလို ခံစားလိုက်ရ၏။



****

ယင်းမင်ကျန်းက စာကြည့်တိုက်ထဲတွင် စာအုပ်ထိုင်ဖတ်နေပြီး ခပ်လှမ်းလှမ်းရှိစားပွဲဆီမှ လှုပ်ရှားမှုအသံတချို့ကိုကြားလိုက်ရသည်။


သူမော့ကြည့်လိုက်သောအခါတွင် ဆံပင်ကောက်ကောက်နှင့်ကောင်လေးက သူ့အရှေ့တွင် လာထိုင်နေပြန်သည်။ သူက ယင်းမင်ကျန်းထံသို့ အပြုံးများ ပစ်လွှတ်လိုက်၏။ 


“ဟိုင်း”


ယင်းမင်ကျန်းက ပြန်ငုံ့ကြည့်ပြီး စာအုပ်ကိုသာ ဖတ်နေလိုက်သည်။


ဆံပင်ကောက်ကောက်နှင့် ကောင်လေးက ပြောသည်။ 


“ဟေး မင်းပိုက်ဆံမရှာချင်ဘူးလား”


ထိုအခါတွင်တော့ ယင်းမင်ကျန်းက ခေါင်းမော့ကာ ထိုကောင်လေးကို ကြည့်လိုက်သည်။


သူ့မျက်ဝန်းများက နက်နဲပြီး မတွေးတတ်လောက်အောင် ခက်ခဲနက်နဲလွန်းသည့်ပုံက လူတစ်ယောက်၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသလိုပင်ဖြစ်သည်။


လူငယ်လေးက ပြောလိုက်သည်။


“ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ ငါ့နာမည်က ဝမ်အန်းရှီပါ ဟုတ်တယ် ကဗျာလိုမျိုး ဝမ်အန်းရှီပဲ”


ယင်းမင်ကျန်းက သူ့ကိုဆက်ကြည့်နေသည်။


ဝမ်အန်းရှီက ကမ်းလှမ်းလိုက်သည်။


“ငါ့ကို ကွန်ပျူတာ စက်ချွတ်ယွင်းမှုတစ်ချို့ကိုကူရှာပေးနိုင်ရင် ပိုက်ဆံပေးမယ်ဆိုရင်ရော”


ယင်းမင်ကျန်းက မေးလိုက်သည်။ 


“ဘယ်လောက်လဲ”


“ဟမ်”


“ဘယ်လောက်လဲ”


ယင်းမင်ကျန်းက သဘောတူကြောင်းကိုသိသွားသောအခါ ဝမ်အန်းရှီက သူ့မျက်မှန်ကိုပင့်တင်၍ ပြောလိုက်သည်။ 


“ကောင်းပြီလေ ယွမ်တစ်ရာဆိုရင်ရော ဘယ်လိုလဲ ငါ့အတွက် ကုဒ်ရှာပေး”


“ရတာပေါ့”


ဝမ်အန်းရှီက ကွန်ပျူတာကို အမြန်ဖွင့်လိုက်သည်။


 “ဒီမှာကြည့်”


ယင်းမင်ကျန်းက သူ့အနောက်ကလိုက်လာကာ ခလုတ်အတိုင်းနှိပ်လိုက်သည်။ 


“ဒီမှာ ဒီမှာ ဒီမှာ…”


ဝမ်အန်းရှီက မေးရိုးများတွဲကျသွားရသည်။ 


“အဲဒီလောက်တောင် အမှားတွေများနေတာလား”


ယင်းမင်ကျန်းက ပြန်ပြောသည်။


 “ရေးမှတ်ပြီးပြန်ရှာရင် ကောင်းမယ်ထင်တယ်”


ဝမ်အန်းရှီ - “...”


ယင်းမင်ကျန်းက ဆိုသည်။


 “ဒါတွေအားလုံးကို ပြန်ပြင်ဖို့ဆိုရင် ဒုက္ခရောက်လိမ့်မယ်”


ဝမ်အန်းရှီ - “...”


ယင်းက အနည်းငယ်ကြီးမားသည့် အထင်သေးမှုကြီးစွက်နေသလိုဖြစ်နေ၏။


“ဒီလိုမျိုး ရှုပ်နေတဲ့ အယ်လဂိုရီသမ်က မလိုဘူးလေ”


ဝမ်အန်းရှီ - “...”


ယင်းမင်ကျန်းက ကမ်းလှမ်းလိုက်သည်။ 


“ကျွန်တော့်ကို ဒီထက်ပိုပေးမယ်ဆိုရင် ကျွန်တော်ရေးပေးမယ်”


ဝမ်အန်းရှီက ပြောသည်။


 “... ယွမ်ငါးရာ”


“ကောင်းပြီ”


ဝမ်အန်းရှီက မတ်တပ်ရပ်လိုက်ပြီး ဘေးတွင်ရပ်လိုက်သည်။ ယင်းမင်ကျန်းက ထိုင်ခုံတွင်ထိုင်၍ ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်သည်။


အရင်က ကွန်ပျူတာမသုံးဖူးသည့်အတွက် စာရိုက်သည့်နေရာတွင်တော့ မမြန်ဆန်ပေ။ ကီးဘုတ်နှင့်လည်း အလွန်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးပေ။ အိမ်မှာတောင်မှ ဗီဒီယိုကြည့်ရင်းနှင့်သာ အချိန်ကုန်ဆုံးတတ်သည့်အတွက် စာရိုက်သည့်နေရာတွင် အချိန်အများကြီးမကုန်ဆုံးခဲ့ပေ။


သို့သော်လည်း စာရိုက်ကြည့်လေလေ ပို၍မြန်လာလေလေသာဖြစ်သည်။


ဝမ်အန်းရှီက သူစာရိုက်တာကို ခဏကြည့်နေမိသည်။ နောက်ဆုံးတွင်တော့ မကြည့်နိုင်တော့သဖြင့် ထပြောတော့သည်။


 “မင်းက လက်ညှိုးနဲ့ စာရိုက်နေတာလား အဲဒီလိုရိုက်နေရင် ပြီးမှာမဟုတ်တော့ဘူး”


ယင်းမင်ကျန်းက အရင်က ဘယ်လိုစာရိုက်ရမှန်း မသင်ယူရသေးချေ။ ဘယ်သူမှ သူ့ကို စာရိုက်ခြင်းအား မသင်ပေးထားခဲ့သည့်အတွက် သူ့ဘာသာသင်ယူခဲ့ရပြီး ကီးဘုတ်ကို လက်ညှိုးနှစ်ဖက်နှင့် ညွှန်ပြနေခြင်းဖြစ်သည်။


ယင်းမင်ကျန်း၏လက်များက အေးခဲသွားရသည်။ သူက လှည့်ကြည့်လာပြီး သိချင်စိတ်ကြောင့် အသံထွက်ပြောလိုက်သည်။ 


“ဘယ်လိုရိုက်ရမှာလဲ”


ဝမ်အန်းရှီက လက်နှစ်ဖက်လုံးကို သူ့အရှေ့တွင်ထားပြလိုက်သည်။ “လက်ဆယ်ချောင်းလုံးနဲ့ပေါ့ အွန်လိုင်းပေါ်မှာ စာရိုက်တဲ့နည်းလမ်းတွေရှိတယ် နည်းနည်းလေ့ကျင့်လိုက်ရင်ရပြီ အဲဒါအပြင် နည်းလမ်းမှန်မှန်နဲ့ရိုက်ရင် အနာတရလည်းဖြစ်မှာမဟုတ်ဘူး”


ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။ 


“ကျေးဇူးပါ”


ထို့နောက် သူက ဆက်ပြီး ကီးဘုတ်ပေါ်သို့ လက်ညှိုးနှစ်ချောင်းဖြင့်ရိုက်နေသည်။ ဝမ်အန်းရှီက သူ့ကိုကြည့်ရင်း အလွန်စိုးရိမ်လာမိပြီး သူသာစာရိုက်နိုင်လျှင် ပိုကောင်းမည်ဟု ထင်မိသည်။


တစ်နာရီခွဲကြာပြီးသောအခါတွင် ယင်းမင်ကျန်းက ကုဒ်ကိုရိုက်နှိပ်ခြင်းအား ပြီးသွားချေပြီ။


ဆံပင်ကောက်ကောက်နှင့် ကောင်လေးက သူ့မျက်မှန်ကိုပင့်တင်လိုက်ကာ အနီးကပ်ကြည့်ဖို့ အရှေ့တိုးလိုက်သည်။ သူပိုကြည့်လေလေ ပိုပြီးအံ့ဩလာလေလေဖြစ်သည်။


 “ရို...မိုက်လိုက်တာ ဒီအယ်လဂိုရီသမ်က တကယ်ပိုကောင်းတယ်”


ယင်းမင်ကျန်းက တိတ်တဆိတ်ထရပ်လိုက်ပြီး သူ၏ ပိန်းပိတ်အောင်နက်မှောင်သည့်မျက်ဝန်းများက ဆံပင်ကောက်ကောက်နှင့်လူအား မလှုပ်မယှက်ကြည့်နေသည်။


ဝမ်အန်းရှီက ချက်ချင်းနားလည်သွားပြီး သူ့ဖုန်းကိုဆွဲထုတ်လိုက်သည်။ 


“လာလေ ငါ့ကို WeChat ကနေ ငါ့ကိုအပ်လိုက် ငါပိုက်ဆံလွှဲပေးလိုက်မယ်”


သူတို့က ဆက်သွယ်ရန် အသေးစိတ်အကြောင်းအရာများကို လဲလှယ်လိုက်ကြသည်။


*တောင်*


ယင်းမင်ကျန်း ပထမဆုံးရရှိခဲ့သည့်ပိုက်ဆံအနည်းငယ်သာဖြစ်ချေသည်။ ပရိုဂရမ်မာဖြစ်ရခြင်းက အမှန်တကယ်ကို အမြတ်ရနိုင်ကြောင်း သိရှိသွားခဲ့သည်။


“ဟေး မင်းပရိုဂရမ်မင်းကို သင်နေတာ ဘယ်လောက်ကြာပြီလဲ” ဝမ်အန်းရှီက ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။


ယင်းမင်ကျန်းက ပြန်ဖြေလိုက်သည်။ “တစ်ပတ်”


ဝမ်အန်ရှီက ရပ်တန့်လိုက်ပြီး ယုံရခက်စွာဖြင့် မော့ကြည့်လာသည်။


 “ဘယ်လောက်ကြာတာ...”


“တစ်ပတ်”


ဝမ်အန်းရှီက သူ့ရဲ့အနက်ရောင်အနားကွပ်ထားသောမျက်မှန်ကို ပင့်တင်လိုက်သည်။ သူ့နှုတ်ခမ်းသားများက အနည်းငယ်ခြောက်သွေ့သွားသလို ခံစားလိုက်ရ၏။


 “ဒါဆို မင်းကို ဘယ်သူသင်ပေးတာလဲ”


“ကျွန်တော့်ဘာသာသင်တာ”


ဝမ်အန်းရှီက သွေးပင်အန်ချင်သွားရသည်။ 


“မင်းဘာသာသင်တာ ဟုတ်လား”


ယင်းမင်ကျန်းက ခေါင်းညိတ်သည်။


ဝမ်အန်းရှီက ဟန်ပါပါနှင့် နောက်ဆုတ်လိုက်ကာ ပြောလာသည်။ 


“ဘုရားရေ သူငယ်ချင်း မင်းက အရမ်းတော်တာပဲ”


ယင်းမင်ကျန်းက တိတ်ဆိတ်စွာရပ်နေသည်။


ဝမ်အန်းရှီက သက်ပြင်းချတာကိုရပ်လိုက်ပြီး ယင်းမင်ကျန်း၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။


“ရို့...မင်းမှာ အလားအလာတွေ အများကြီးရှိတာပဲ မင်းကို ငါဒီဝက်ဆိုက်အကြောင်း မိတ်ဆက်ပေးမယ် ငါဒီမှာ အကောင့်ဖွင့်ထားတာမကြာသေးဘူး အဲဒီမှာ အလုပ်တွေအများကြီးရှာလို့ရတယ် ကုမ္ပဏီကြီးတွေက မင်းကို လာအပ်ရင် ကိုယ့်တန်ဖိုးကိုယ်သတ်မှတ်လို့ရတယ်”


ယင်းမင်ကျန်းတွင် တောက်ပသည့်အနာဂတ်ရှိကြောင်းကို ဝမ်အန်းရှီက ခံစားမိလိုက်သည်။ ယင်းမင်ကျန်းက တကယ်ကို ထိပ်ဆုံးသို့ရောက်နိုင်သည့်အတွက် ဝမ်အန်းရှီကလည်း အချိတ်အဆက်လုပ်ချင်သည်။ 


“မင်းအောင်မြင်ပြီး ချမ်းသာသွားရင် ငါ့ကို သတိရနော်”


ယင်းမင်ကျန်းက ပေါ့ပါးစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။


ဝမ်အန်းရှီက ပြုံးလိုက်သည်။ ထို့နောက် သူက ယင်းမင်ကျန်းကို ဝက်ဆိုက်အကြောင်းပြောပြလိုက်သည်။ သူ့အကောင့်အတွက် နာမည်နှင့် လျှို့ဝှက်နံပါတ်ကိုတောင် ပေးလိုက်သေး၏။


ယင်းမင်ကျန်းက လင့်ခ်ကိုနှိပ်လိုက်ပြီး Pegasus Forum ဆိုသည့် စကားလုံးက ပေါ်ထွက်လာခဲ့သည်။


“အဲဒါက ဆော့ဝဲလ်တိုးတက်ဖို့အတွက် ဖိုရမ်ပဲ မင်းမေးခွန်းတွေမေးလို့ရတယ် တခြားသူတွေနဲ့ အပြန်အလှန် အကျိုးပြုဆက်နွှယ်လို့ရတယ် ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပရောဂျက်ကို တင်လို့ရတယ် ပရောဂျက်ကို အလကားတင်လည်းရသလို ပိုက်ဆံတောင်းလည်းရတယ် မင်းရဲ့ကုဒ်က အံဝင်ခွင်ကျဖြစ်ပြီး အသုံးဝင်တယ်ဆိုရင် တချို့တွေရဲ့အာရုံစိုက်မှုအကြီးကြီးကိုခံရမှာ ပြီးတော့ သူတို့က မင်းကိုအလုပ်အပ်ဖို့အတွက် ဆက်သွယ်လိမ့်မယ် ဈေးနှုန်းအတွက်ကတော့ မင်းဘာသာ ညှိနှိုင်းလို့ရတယ် မင်းနာမည်ရလာပြီဆိုတာနဲ့ အဲဒီလောကထဲမှာ အေးဆေးဖြစ်သွားမှာ အဲဒီလိုဖြစ်ပြီဆိုတာနဲ့ နှစ်တိုင်း သိန်းတစ်ထောင် တစ်ရာကနေ ဘီလီယံအထိတောင်ရဦးမှာ ဖိုရမ်ထဲက လူတိုင်းက ဒီနည်းအတိုင်းပဲ ကျွမ်းကျွမ်းကျင်ကျင်လုပ်သွားတာ”



_____


Translated By IQ-Team.