Chapter 37
ဝေ့မိသားစုကိုရှာတွေ့ပြီ-၂
__
ဝမ်အန်းရှီက ယင်းမင်ကျန်း၏ပခုံးကို ပုတ်လိုက်ပြီး“ငါမင်းကိုယုံတယ် Darker လည်း သူနာမည်ကြီးတုန်းက အသက် ၁၅ နှစ်ပဲရှိသေးတာ အခုတော့ သူက Pegasus ရဲ့ နည်းပညာအကြီးအကဲဖြစ်နေပြီ မင်းလည်း နောက်ထပ် Darker ဖြစ်နိုင်မယ်လို့ ငါထင်တယ်”
ယင်းမင်ကျန်းက ပြောသည်။ “အိုး”
ယင်းမင်ကျန်းအိမ်ပြန်ရောက်သည်နှင့် သူက Pegasus Forum ထဲသို့ ဝင်လိုက်သည်။ လူအများစုဟာ အကြောင်းအရာများစွာကို တင်ထားကြပြီး မေးခွန်းများမေးထားကြတာသေချာသည်။ ယင်းမင်ကျန်းကတော့ ပုန်းလျှိုးကွယ်လျှိုးဖြင့် သူများတင်တာတွေကို အရင်ကြည့်နေလိုက်သည်။
ဖိုရမ်ပေါ်တွင် လက်တွေ့မေးခွန်းနှင့်အဖြေများရှိသည့်အတွက်ကြောင့် စာအုပ်ဖတ်ပြီးလေ့လာခြင်းထက် ဖိုရမ်ပေါ်တွင် သင်ယူရခြင်းက ပို၍ထိရောက်ကြောင်းကို သူနားလည်သွားသည်။ အဖြေများအားလုံးက သူတို့၏တွေးခေါ်မျှော်မြင်မှုကိုယ်စီရှိကြသည်။ အယ်လဂိုရီသမ်များကို နှိုင်းယှဉ်ပြီး မတူညီချက်များကိုရှာကာ မတူညီသောလူများ၏ အတွေးအခေါ်နှင့် တုံ့ပြန်မှုများကို သိနိုင်သည်။
ယင်းမင်ကျန်းက ထိုဖိုရမ်ကို လုံးဝ စွဲမက်သွားရသည်။
အစပိုင်းတွင်တော့ ဆွေးနွေးပွဲများထဲတွင် မပါဝင်ခဲ့သလို မေးခွန်းများကိုလည်း မဖြေခဲ့ပေ။ သူ့ကိုယ်ပိုင်ပို့စ်ကိုမတင်ဘဲ သူများ၏တုံ့ပြန်ချက်များကိုသာ ဖတ်တတ်သည်။ ထို့နောက်တွင်တော့ မေးခွန်းများကို စတင်ဖြေဆိုလာပြီး သူ့ကိုယ်ပိုင်ကုဒ်ကို တင်ဖို့ ကြိုးစားလိုက်သည်။
သူ့ကုဒ်ကိုတင်လိုက်သောအခါတွင် ဟီဟီဟုခေါ်သည့် အကောင့်ပိုင်ရှင်က ကွန်မန့်ပေးလာသည်။ ယင်းမင်ကျန်းကုဒ်အောက်ရှိ ကွန်မန့်များအားလုံးတွင် ဟီဟီ၏ကွန်မန့်က ထိုးထွင်းအမြင်အရှိဆုံးဖြစ်သည်။
ထို့ကြောင့် သူ့အကောင့်ထဲသို့ဝင်၍ တခြားသူများကိုပေးထားသည့် ကွန်မန့်များအားဖတ်လိုက်သည်။ သူ့ကွန်မန့်နှင့်တုံ့ပြန်ချက်များအားလုံးက ကောင်းမွန်ပြီး အတွေးအခေါ်လည်းကောင်းသည့်အတွက်ကြောင့် ယင်းမင်ကျန်းက သူ့ကို စာသွားပို့လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက စာပြန်မပြန်ကိုတော့ အာမမခံနိုင်ချေ။
ယင်းမင်ကျန်းက စိတ်မပျက်ပေ။ သူက ကုဒ်ကိုပြန်ပြင်လိုက်ပြီး ပြန်တင်လိုက်ပြန်သည်။
ဟီဟီက သူ့ကုဒ်ကိုပြန်ကြည့်ပြီး တော်ကြောင်းကိုချီးမွမ်းလာသည်။
ယင်းမင်ကျန်းက ထိုလောက်အထိ စိတ်မထည့်ထားခဲ့ပေ။ သူ့ပရိုဂရမ်ကို ဆက်ရေးနေပြီး အွန်လိုင်းပေါ်တွင်ကြည့်ရှုနိုင်ရန်အတွက် တင်လိုက်သည်။ ပထမတော့ ဖိုရမ်ပေါ်ရှိလူများသည် တချို့ပြဿနာများကို ထောက်ပြနိုင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ထိုသေးငယ်သည့်အမှားများက ပိုပို၍ ကြိမ်ဖန်နည်းလာသည်။ နောက်ဆုံးတော့ သူတို့ ဘာအမှားကိုမှ ရှာမတွေ့တော့ချေ။
ပထမတော့ ယင်းမင်ကျန်းက လေ့ကျင့်မှုအနည်းငယ်ရအောင် အလကားတောင်းဆိုမှုများကို ခံယူသည်။ ရိုးရှင်းသည့်တောင်းဆိုမှုများကို ပို၍လျင်မြန်သင့်တင့်စွာ ရေးသားနိုင်လာသည်။
ယင်းမင်ကျန်း၏ကုဒ်က အမြဲသပ်ရပ်ပြီး အလွန်အသုံးဝင်သည့်အတွက်ကြောင့် တခြားသူများ၏ အာရုံစိုက်ခြင်းကို လျင်မြန်စွာပင် ရရှိသွားသည်။
သူက နောက်ဆုံးတော့ ပိုက်ဆံပေးသည့်အလုပ်မှ ကမ်းလှမ်းခြင်းကို ခံလာရသည်။ အနည်းငယ်ညှိနှိုင်းပြီးသည်နှင့် ယင်းမင်ကျန်းက ဆော့ဝဲအသေးစားလေးကို ယွမ်တစ်ထောင်ဖြင့် လက်ခံလိုက်သည်။
ယင်းမင်ကျန်းက ရေးသားလိုက်ပြီး တစ်ဖက်လူကိုပို့လိုက်သည်။ ထိုသို့လှုပ်ရှားပြီးနောက်တွင် တစ်ဖက်လူက ယွမ်တစ်ထောင်လွှဲလာသည်။
သူက ဖိုရမ်ပေါ်တွင် ဆက်ပြီး လေ့လာဖတ်ရှုကာ မေးခွန်းများကိုဖြေခဲ့သည်။ သူဖြေရှင်းနိုင်ခဲ့သည့် ခက်ခဲသောမေးခွန်းများရှိခဲ့ပြီး လူအများ၏ သဘောကျခြင်းကို ခံရသည်။
ဟီဟီက နောက်ဆုံးတော့ သူ့စာကိုပြန်လာသည်။ သူတို့က ပရိုဂရမ်မင်းအကြောင်းကို လိုက်လျောညီထွေစွာ ပြောလာကြသည်။
ယင်းမင်ကျန်းက သူနားမလည်သည့်အကြောင်းအရာများကို သူ့ကိုမေးနိုင်သည်။ ဟီဟီက သူ့ကို အခုမှ ပရိုဂရမ်မင်း စလေ့လာနေကြောင်းသိသောအခါ ချက်ချင်းပြောလာသည်။
[မင်းငါ့ဆီလာသင့်တယ် ငါမင်းကို သင်ပေးနိုင်တယ် ကောင်းလိုက်တာ အခုမှ စသင်တဲ့သူလေးတွေဆိုတာ စာရွက်ပြောင်လိုပဲ ငါ့ရဲ့ အမွေအနှစ်တွေကို ဆက်ခံဖို့အတွက် ပြီးပြည့်စုံတဲ့သူပဲ]
မှိုစားရတာကြိုက်သူ - [ကျွန်တော်က ကျောင်းတက်ရမှာ]
ဟီဟီ - [... မင်းက အသက်ဘယ်နှနှစ်လဲ]
မှိုစားရတာကြိုက်သူ - [ကျွန်တော်အသက် ဘယ်နှနှစ်လဲဆိုတာ အရေးကြီးလို့လား]
ဟီဟီ - [အရေးမကြီးပါဘူး အရေးကြီးတာက မင်းရဲ့ အရည်အချင်းပဲ]
မှိုစားရတာကြိုက်သူ - [၁၅ နှစ်]
ဟီဟီ - [...]
ဟီဟီ - [မင်းက ငါငယ်ငယ်တုန်းကနဲ့ တော်တော်တူတာပဲ]
မှိုစားရတာကြိုက်သူ - [?]
ဟီဟီ - [ငါက Darker]
မှိုစားရတာကြိုက်သူ - [အိုး...]
ဟီဟီ - [အိုး?]
မှိုစားရတာကြိုက်သူ - [?]
ဟီဟီ - [ကောင်းပါပြီ မင်းက ငါ့တုန်းကလိုပဲ အေးတိအေးစက်နဲ့ မင်းကိုငါ့ရဲ့ တပည့်အဖြစ်လက်ခံတယ်]
မှိုစားရတာကြိုက်သူ - [ကျွန်တော်ပိုက်ဆံရှာချင်တယ်]
ဟီဟီ - [ငါမင်းကိုပေးမယ်လေ ဟုတ်ပြီလား ငါ့အတွက် ကုဒ်တစ်ခုလုပ်ပေး]
မှိုစားရတာကြိုက်သူ - [ကောင်းပါပြီ]
ဟီဟီက မော်ဂျူးများကိုပို့ပြီး သူ့လိုအပ်ချက်များကို ရှင်းပြလိုက်သည်။
[မင်းပြီးပြီဆိုတာနဲ့ ငါမင်းကို ယွမ်တစ်သောင်းပေးမယ်]
မှိုစားရတာကြိုက်သူ - [ဟုတ်ပါပြီ]
ယင်းမင်ကျန်းက ကွန်ယက်အထုပ်ကို ယူလိုက်ကာ Visual Basic ကိုအသုံးပြု၍ ရေးလိုက်လေသည်။ နေ့တစ်ဝက်လောက်အထိ အလုပ်လုပ်ပြီးနောက်တွင် ဟီဟီထံသို့ ပို့လိုက်သည်။
ဟီဟီ - [မင်းက ပြီးပြီလား]
မှိုစားရတာကြိုက်သူ - [ပြီးပြီ]
ဟီဟီ - [မြန်လှချည်လား]
မှိုစားရတာကြိုက်သူ - [နောက်တစ်ခါ နှေးနှေးလုပ်ပေးလည်းရတယ်]
ဟီဟီ - [မလိုပါဘူး]
ဟီဟီက ဘာစာမှထပ်မပို့တော့ချေ။ ယင်းမင်ကျန်းကလည်း ထိုလောက်မျှထိ စိတ်ထဲမထားပေ။ သူက လပ်တော့ကို စာကြည့်တိုက်သို့သယ်လာကာ ဆက်ပြီးစာလုပ်နေလိုက်သည်။ သန့်စင်ခန်းသို့သွားသောအခါတွင် စတော့ဈေးများကို ဖုန်းပေါ်တွင်ကြည့်နေသာလူအားတွေ့သဖြင့် ရပ်လိုက်သည်။
သန့်စင်ခန်းမှပြန်လာပြီးနောက်တွင် စတော့နှင့် ငွေကြေးပိုင်းဆိုင်ရာများကို စတင်ဖတ်ရှုတော့သည်။
နောက်တစ်နေ့တွင် ဟီဟီက စာပို့လာသည်။
[မင်းရဲ့ ဘဏ်အကောင့်ပြော]
မှိုစားရတာကြိုက်သူ - [မရှိဘူး]
ဟီဟီ - [ငါ့ကို WeChat ကနေ အပ်လိုက်]
သူ့ကို WeChat ပေါ်တွင်အပ်ပြီးနောက် ဟီဟီက ယွမ်တစ်သောင်းလွှဲပေးလာသည်။
ယင်းမင်ကျန်းက မနက်ပိုင်းတွင် စတော့နှင့် ရင်းနှီးမြုပ်နှံမှုများအကြောင်းကို လေ့လာခဲ့ပြီး နေ့လယ်ပိုင်းတွင်တော့ ဆော့ဝဲလ်တိုးတက်မှုများအကြောင်းကို ဖတ်ရှုလေ့လာခဲ့သည်။ ညနေပိုင်းတွင်တော့ သူစာလုပ်ချင်စိတ်ဖြစ်သည့်အခါမှ လုပ်မည်ဖြစ်သည်။ ကျိုးကျွမ်က သူနှင့်ပက်သက်ပြီး မူမမှန်သည်များကို မခံစားရပေ။ သူမက မနက်အစောကတည်းက အိမ်မှထွက်ရပြီး အမြဲလိုလို နောက်ကျမှပြန်လာတတ်သည်။
တစ်နေ့တွင် ကျိုးကျွမ်က သူ့ကို တရားရုံးသို့သွားရမည်ဖြစ်ကြောင်းပြောလာသည်။ ယင်ချန်း၏အမှုက လက်ရှိတွင် တရားရုံးတွင်ရင်ဆိုင်နေရပြီး သူမက ယင်းမင်ကျန်းကိုပါ လိုက်ခဲ့စေချင်နေသည်။
ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။
“ကျွန်တော်မသွားဘူး”
သူကျရှုံးနေသည့်အချိန်တွင် သူ့ကို ကန်မထုတ်ခဲ့ခြင်းက ယင်းမင်ကျန်းဟာ အခုထိ ယင်ချန်းအိမ်တွင် နေနေရဆဲကြောင့်ဖြစ်သည်။ သူက ယင်းမင်ကျန်းကို တရားရုံးမှာ ကာကွယ်ပေးစေချင်နေတာလား။
အိပ်မက်မက်နေလိုက်လေ…
ကျိုးကျွမ်က အလွန်စိတ်ပျက်သွားရသည်။ သူမက ဒေါသထွက်စွာဖြင့် တရားရုံးသို့ ထွက်သွားလေ၏။
ယင်းမင်ကျန်း၏နှလုံးသားက နည်းနည်းလေးတောင် အတက်အကျမဖြစ်ပေ။ ယခု သူ့ခံစားချက်များက အနည်းငယ် မှိန်ဖျော့နေသည်။ ကျိုးကျွမ်အပေါ်ထားရှိခဲ့သည့် ချစ်ခြင်းမေတ္တာများက အပိုင်းအစများဆီသို့ ဖြည်းဖြည်းချင်း လျော့ကျလာခဲ့သည်။ တစ်ခါတစ်ရံတွင် ကျိုးကျွမ်ကို ဂရုစိုက်ခြင်းတောင်မရှိတော့ပေ။
ဒဏ်ရာရခဲ့သောကြောင့် ထိုသို့ဖြစ်သွားလား၊ ကျိုးကျွမ်က ဆေးရုံလာပြီး တာဝန်မကျေခဲ့ခြင်းကိုသိသွားလို့လားဆိုတာကိုတော့ သူမသိတော့ချေ။ နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်သည်။ ကျိုးကျွမ်က လက်ဆောင်များဝယ်ပေးပြီး ပြုစုပျိုးထောင်ခဲ့သော်လည်း ယင်းမင်ကျန်းက ထိုခံစားချက်များကို ထိတွေ့ခံစားကြည့်ဖို့ ပို၍ပို၍ခဲယဉ်းလာသည်ဟု ခံစားမိသည်။ တစ်ခါတစ်ရံတွင် သူမပြောသည့်စကားများနှင့် လုပ်သည့်လုပ်ရပ်များက သူ့ကို တကယ်ရွံရှာစက်ဆုပ်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ယခုရက်ပိုင်းတွင်ဖြစ်သည်။ လတ်တလောတွင် ယင်ချန်း၏ကိုယ်စား ယင်းမင်ကျန်းကို အသနားခံပေးဖို့ ကြိုးစားနေခြင်းက သူမကို ပိုပိုပြီး စက်ဆုပ်လာစေသည်။
မှန်တစ်ချပ်ကွဲပြီးတာနှင့် ပြန်ဆက်ဖို့ဆိုတာ အလွန်ခဲယဉ်းသွားပြီဖြစ်သည်။
မကြာမီတွင် ဂျူရီအဖွဲ့၏အဆုံးအဖြတ်က ဆိုက်ရောက်လာခဲ့သည်။ နောက်ဆုံးတော့ ယင်ချန်းက တစ်သက်တစ်ကျွန်း ထောင်ကျသွားခဲ့သည်။
ယင်းမင်ကျန်းက ဂျူရီအဖွဲ့၏အဆုံးအဖြတ်ကို တကယ်ဂရုမစိုက်ပေ။ ဗဟုသုတကိုလေ့လာရှာဖွေပြီး ပိုက်ဆံရှာကာ ထိုပိုက်ဆံနှင့် သူ့ဘဝတိုးတက်အောင်လုပ်နေရသည့်အတွက် အလွန်အလုပ်ရှုပ်နေရသည်။
ရှုနဉ်ကိုလည်း မဆက်သွယ်ဖြစ်ပေ။ QQ တွင်ရှိသော အဖွဲ့လိုက်စကားပြောခန်းကိုဖွင့်ကြည့်လိုက်သောအခါ မှိုပုံစံလေးနှင့်တစ်ယောက်က သူ့အတန်းဖော်များနှင့်အတူ စနောက်ပျော်ပါးနေတာကိုတွေ့ရတတ်သည်။ သူက တိတ်တဆိတ်သာကြည့်နေမိပြီး တစ်ခုခုပြောချင်သော်လည်း ဘာပြောရမှန်းမသိပေ။
သူတို့က သူနှင့်မတူညီသည့် တခြားကမ္ဘာတွင် နေထိုင်နေသလိုပင်။ ထိုမှိုအမျိုးအစားက ကမ္ဘာပေါ်တွင် အတောက်ပဆုံး အရွှင်မြူးဆုံးဖြစ်ပြီး များစွာသောမှိုသေးသေးလေးများကလည်း သူ့နားတွင် ဝန်းရံထားသေး၏။ ထိုကမ္ဘာက သူမဝင်ရောက်နိုင်သည့်ကမ္ဘာပင်ဖြစ်သည်။
မှိုလေးက ဝေးဝေးကိုသွားနေပြီး သူက နှစ်သစ်ကို အရှေ့မြောက်ပိုင်းတွင် ကုန်ဆုံးနေ၏။
တစ်ခါတစ်ရံတွင် သူက သစ်ကတိုးပင်ပုံများကို တင်တတ်လေ့ရှိသည်။ ထိုပုံများကြားမှ ကမ္ဘာငယ်လေးက ဝင်းလက်တောက်ပကာ သန့်စင်ပြီး နှိုင်းယှဉ်မရအောင် လှပသည်။ ယင်းက သူတစ်ခါမှမတွေ့ဖူးသည့် ကမ္ဘာဖြစ်၏။
သေချာတာကတော့ မှိုလေးက တခြားကမ္ဘာမှလာခြင်းဖြစ်သည်။ သူနေထိုင်သည့်ကမ္ဘာက သန့်ရှင်းကြည်လင်ကာ အပြစ်အနာအဆာမဲ့၍ စင်ကြယ်သည်။
ယင်းမင်ကျန်းက အကြည့်များကိုလွှဲလိုက်ပြီး QQ မှ ထွက်လာလိုက်သည်။ သူ့ဖုန်းမှန်သားပြင်က အနက်ရောင််ဖြစ်သွား၏။
နှစ်သစ်က နီးကပ်လာပြီဖြစ်သည်။ မြို့ထဲတွင် ဗြောက်အိုးနှင့် မီးရှုးမီးပန်းများကို လက်မခံသည့်အတွက် နေထိုင်သူအများစုက နှစ်ကူးကိုကျင်းပရန် တခြားနေရာသို့ ပြောင်းရွေ့သွားကြသည်။ မြို့ထဲတွင် အနည်းငယ်အေးစက်ပြီး လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။
ယင်းမင်ကျန်းက တစ်ယောက်တည်းနေနေကျဖြစ်သည့်အတွက် သိပ်ပြီး သက်ရောက်မှုမရှိပေ။
သူက မီးဖိုခန်းထဲတွင် ဟင်းချက်နေပြီး အနံ့အသက်က ဧည့်ခန်းထဲသို့ စီးဆင်းလာနေသည်။
ကျိုးကျွမ်က မီးဖိုခန်းထဲမှရသည့်အနံ့အတိုင်း လိုက်လာသည်။
“အနံ့လေးက မွှေးနေတာပဲ မှိုနဲ့ကြက်သားပဲလား”
ယင်းမင်ကျန်း၏ မျက်တောင်များက အနည်းငယ် တုန်ယင်သွားသည်။
“အင်း”
ဖုန်းက မြည်လာခဲ့သည်။ ကျိုးကျွမ်က ဖုန်းကိုင်ရန် ဧည့်ခန်းထဲသို့ ပြေးထွက်သွား၏။
“…အာ ကျွန်မပြန်လာပြီး တစ်ပတ်လောက်နောက်ရင် ထပ်လာတွေ့ပါ့မယ် ဟုတ်တယ် ကျွန််မခင်ပွန်းမိသားစုနဲ့အတူ နှစ်ကူးလုပ်မလို့ပါ မပူပါနဲ့ သေချာပေါက်လာလည်ပါ့မယ်…”
ယင်းမင်ကျန်းက ခဏနားထောင်နေလိုက်သည်။ ထို့နောက် သူက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ဂတ်စ်မီးဖိုနားသို့သွားလိုက်ကာ ချက်နေသည့်စွပ်ပြုတ်ကို မွှေလိုက်သည်။ အိုးထဲတွင် ရေနွေးငွေ့များက မျက်နှာကြက်ဆီသို့ ပွက်ပွက်ဆူတက်သွားပြီး အနံ့က သူ့နှာခေါင်းနားတွင် ဝဲလည်ခတ်နေသည်။
ကျိုးကျွမ်က ဘာလို့ သူမရဲ့မိသားစုထံသို့ နှစ်တိုင်းလိမ်နေသလဲဆိုတာ သူနားမလည်ချေ။ သူမ ဘဝတစ်လျှောက်လုံးတွင် အရိုက်ခံခဲ့ရသော်လည်း မိသားစုဝင်များက ခေါ်သောအခါ အမြဲလိုလို အဆင်ပြေကြောင်းပြောတတ်သည်။
သူမ၏ ဂုဏ်သတင်းက အမှန်တကယ် အရေးကြီးသည်လား။
ပိုပြီးရယ်စရာကောင်းသည့်အရာကတော့ ယင်ချန်း၏အလုပ်ကိုပင် လိမ်ထားခြင်းဖြစ်သည်။ သူက စီးပွါးရေးလုပ်သည်ဟု ပြောထား၏။ သူက သူဌေးဖြစ်ပြီး သူမက သူဌေးကတော်ဖြစ်ကြောင်းကိုပင် ပြောပြထားသေးသည်။ ၁၅ နှစ်လုံးလုံး ကျိုးကျွမ်က ယင်ချန်းနှင့် ယင်းမင်ကျန်းကို သူမ၏ဇာတိမြေသို့ ဆွဲခေါ်သွားတတ်၏။ သွားတိုင်းလည်း အကောင်းဆုံးသောအဝတ်အစားများကို ဝတ်ကာ သူမ၏ဇာတိမြေမှ ရွာသူရွာသားများ၏ အထင်ကြီးခြင်းကို ခံရတတ်သည်။
ယင်းမင်ကျန်းက ထိုကဲ့သို့ အနှစ်သာရကင်းမဲ့ပြီး ဘဝင်မြင့်သည့်လုပ်ရပ်များကို နားမလည်နိုင်ချေ။
ကျိုးကျွမ်နှင့် ယင်ချန်းတို့ကတော့ သူနားမလည်သည့်ကိစ္စများနှင့်ပက်သက်ပြီး အလွန်ခေါင်းမာကြပုံရသည်။
ကျိုးကျွမ်က ဖုန်းခေါ်ဆိုမှုများကို အများကြီးဖြေဆိုခဲ့သည်။ ဖုန်းခေါ်မှုများအားလုံးက သူမ၏ဇာတိမြေဆီမှဖြစ်၏။
ယင်းမင်ကျန်းက သူမဆီမှ အနည်းငယ်ကြားရသည့်အသံကို နားထောင်ပြီး တိတ်တဆိတ် ဟင်းချက်နေသည်။
“… မင်ကျန်း”
ယင်းမင်ကျန်းက လှည့်ကြည့်လာသည်။
ကျိုးကျွမ်က ဖုန်းကိုင်၍ မီးဖိုခန်းထဲသို့ လျှောက်လာသည်။
“သားရဲ့အတန်းဖော်”
အတန်းဖော်တဲ့လား…
ယင်းမင်ကျန်းက ခေါင်းခြောက်သွားရသည်။
သူ့တွင် အလွန်ဆိုးရွားသည့်ဂုဏ်သတင်းရှိသည့်အတွက်ကြောင့်ဘယ်အတန်းဖော်ကမှ နှစ်ကူးတွင် ဖုန်းခေါ်လေ့မရှိပေ။
ယင်းမင်ကျန်းက ခါးစည်းအဝတ်နှင့် လက်သုတ်လိုက်ကာ ကျိုးကျွမ်ဆီက ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို”
“ယင်းမင်ကျန်း ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ” ရင်းနှီးသည့်အသံက ဖုန်းထဲမှထွက်ပေါ်လာခဲ့သည်။
“ငါမင်းဖုန်းနံပါတ်ကို မသိလို့ မစ္စကျိုးရဲ့ဖုန်းကိုပဲ ခေါ်လိုက်တာ”
ယင်းမင်ကျန်း၏ပုံစံက ကျောက်တုံးသကဲ့သို့ဖြစ်သွားရသည်။ သူက လုံးဝ အေးခဲတောင့်တင်းသွားရ၏။
“ယင်းမင်ကျန်း မင်းဒီနှစ် သေချာပေါက်ပျော်အောင်နေရမယ်နော်” ရယ်သံများက ထွက်ပေါ်လာပြန်သည်။
ထိုရယ်သံများက ငှက်ငယ်လေးများနှင့်တူ၏။ ဖုန်းစပီကာမှ ပျံသန်းလာခဲ့ပြီး ယင်းမင်ကျန်း၏နှလုံးသားထဲသို့ တိုက်ရိုက် ပြေးဝင်လာသလိုပင်။
သူက ပါးစပ်ဟကာ နူးညံ့စွာပြောလိုက်၏။
“ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ”
တကယ်တော့ သူလည်း ရှုနဉ်လိုမျိုး ကျယ်ကျယ်လောင်လောင်နှင့် ခံစားချက်ပါပါ ပြောချင်သော်လည်း မပြောနိုင်ခဲ့ပေ။ ကိုမာဖြစ်ပြီးနောက် နိုးထလာသောအခါ အရောင်များကို မမြင်နိုင်တော့ခြင်းသာမကဘဲ ခံစားချက်များလည်း ဆုံးရှုံးသွားပုံရသည်ဟု တဖြည်းဖြည်း သိနားလည်လာရသည်။ အရာအားလုံးပေါ်တွင်ထားရှိသည့် သူ၏တုံ့ပြန်မှုက အလွန်အလွန် ငြီးငွေ့ဖွယ်ကောင်းနေခဲ့သည်။
အတိတ်မှာတုန်းက ချန်ဟွေ့က သူ့ကိုခြိမ်းခြောက်သောအခါ အော်ဟစ်ပြီး ဒေါသထွက်ကာ သောင်းကျန်းခဲ့သည်။ သူ့ဒေါသက ပူဖောင်းသကဲ့သို့ ဖောင်းပွလာပြီး သူ့ခေါင်းထဲသို့ တိုက်ရိုက်သွားတတ်သည်။ သို့သော်လည်း ယခုတော့ ဒီလိုမခံစားရတာကြာပြီဖြစ်သည်။
အရင်တုန်းကတော့ တစ်ဖက်လူ၏ မျက်နှာအမူအရာနှင့် ရန်လိုမှုများအပေါ်တွင် အလွန်ဆတ်ဆတ်ထိမခံဖြစ်တတ်ခဲ့သည်။ သူ့ခံစားချက်များက အမြဲလိုလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတတ်သည်။ ခြေထောက်နှံ့ပြီး ရင်ကော့ကာ တစ်ကမ္ဘာလုံးကို ရင်ဆိုင်ချင်ခဲ့သည်။ ယခုမူ ထိုလုပ်ရပ်များကို မလုပ်နိုင်တော့ချေ။ သူက အခုထိ တခြားသူများ၏ မျက်နှာထားနှင့် ရန်လိုမှုများကို သတိထားတတ်သေးသော်လည်း အရင်ကလိုမျိုး ဂရုစိုက်သည့်ပုံမျိုးအား သူ့ကိုယ်သူပင်မမြင်ရတော့ချေ။