Chapter 38
ဝေ့မိသားစုကိုရှာတွေ့ပြီ-၃
သူ မဟာဩဂတ်ကို ပြန်ကြည့်ခဲ့သည်။ အရင်တုန်းက ထိုရှိုးတစ်ခုလုံးထဲတွင် စိတ်နှစ်ထားတတ်လေ့ရှိသည်။ ဇာတ်လမ်း၏ အတက်အကျကြောင့် သူ့စိတ်ခံစားချက်များကလည်း မြင့်တက်နေလေ့ရှိသည်။ သြဂတ် ၏ ဝတ်စားပြောဆိုပုံများကိုတောင် လိုက်တုသည်အထိဖြစ်ခဲ့ရသည်။
ယခု ထိုရုပ်ရှင်ကိုပြန်ကြည့်သောအခါတွင် သူ့စိတ်ခံစားချက်များက အလွန်တည်ငြိမ်နေသည်။ အာရုံစိုက်မှုကလည်း ရုပ်ပုံကားချပ်ကိုသာဖြစ်သည်။ ဥပမာအားဖြင့်ဆိုရလျှင် အရင်က ဩဂတ်၏ အဝတ်အစားများက တစ်ခါတစ်ရံပြောင်းလဲတတ်ကြောင်း လုံးဝ သတိမမူမိခဲ့ပေ။ ဇာတ်ဝင်ခန်းတစ်ခုနှင့်တစ်ခုအကြားရှိ ဖြတ်တောက်မှုများကိုလည်း မသိခဲ့ပါချေ။ မင်းသား၏ညာဘက်လက်တွင် ဝတ်ထားသည့်လက်အိတ်က အခု ဘယ်ဘက်လက်မှာရှိနေကြောင်းကိုလည်း အရင်က လုံးဝ သတိမထားမိခဲ့ချေ။
အခုတော့ သူအားလုံးကို မြင်နိုင်ပြီဖြစ်၏။
အရင်ကထက်ပိုပြီး အသေးစိတ်အကြောင်းအရာများကို သတိထားမိနိုင်သော်လည်း သူ့စိတ်ခံစားချက်များကတော့ တည်ငြိမ်နေသည်။ ရေကန်က အေးခဲသွားပြီး စီးဆင်းနေသောမြစ်က ခြောက်သွေ့သွားကာ သစ်ပင်ပေါ်မှ သစ်ရွက်များက တစ်ရွက်ပြီးတစ်ရွက် ကြွေကျလာသလိုပင်။
ထိုခံစားချက်များအားလုံးကို ဆုံးရှုံးလိုက်ရသလိုပင်။
“ဒါဆို ဖုန်းချလိုက်တော့မယ်နော်” ရှုနဉ်က ပြောလိုက်သည်။
“အင်း” ယင်းမင်ကျန်းက ဘာပြောရမှန်းမသိချေ။
သူတို့ ဆက်ပြောနေလျှင် ပိုပြီးထူးဆန်းလာမည်သာဖြစ်သည်။
ရှုနဉ်က ဖုန်းချလိုက်ပြီးနောက် ယင်းမင်ကျန်းက ကျိုးကျွမ်ကို ဖုန်းပြန်ပေးလိုက်သည်။
ယင်းမင်ကျန်းက ခေါင်းငုံ့ထားပြီး အိုးထဲတွင် ဆူပွက်နေသော ဖြူဖျော့သည့်ကြက်စွပ်ပြုတ်အား ဆက်ကြည့်နေမိသည်။ သူ့မျက်တောင်များက တုန်ယင်နေပြီး သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။
တခြားသူများက နှစ်ကူးကိုကျင်းပနေကြချိန်တွင် ယင်းမင်းကျန်းက အလုပ်လုပ်နေသည်။
တရုတ်နှစ်ကူးတွင် ကုမ္ပဏီအများစုက ဝန်ထမ်းများလျှော့ချတတ်ကြသည့်အတွက်ကြောင့် ပြဿနာကြုံလာလျှင် Pegasus Forum ပေါ်သို့ အကူအညီလာရှာတတ်ကြသည်။ ယင်းမင်ကျန်းက များစွာသော အရေးပေါ်တောင်းဆိုမှုများကို လက်ခံခဲ့ပြီး ယွမ်ပေါင်းထောင်ချီကို ရှာနိုင်ခဲ့သည်။
တစ်ပတ်ကြာသောအခါ ကျိုးကျွမ်က သူမ၏ဇာတိမြေကိုပြန်ဖို့ ပြင်ဆင်နေ၏။
ယင်းမင်ကျန်းက သူမနှင့်အတူလိုက်ရန် ငြင်းဆိုလိုက်သည်။ သူက အဓိပ္ပာယ်မရှိသည့်အရာများအပေါ်တွင် အချိန်မကုန်ဆုံးချင်ပေ။ အရင်တုန်းကတော့ ကျိုးကျွမ်ခေါ်လျှင် မငြင်းခဲ့သော်လည်း ဒဏ်ရာရပြီးနောက်ပိုင်းတွင်တော့ ကျိုးကျွမ်၏ခံစားချက်များကို သိပ်ပြီးဂရုမစိုက်တော့ပုံပေါ်သည်။
သူမအား ထည့်တွေးစဉ်းစားပေးလိုခြင်းမရှိတော့ပေ။
ကျိုးကျွမ်က အလွန့်အလွန်ဒေါသထွက်နေ၏။ သူမနှင့်အတူ သူ့ကို တကယ်လိုက်စေချင်နေသည်။ အရင်တုန်းကလိုသာဆိုလျှင် ယင်းမင်ကျန်းက သေချာပေါက် သဘောတူမှာဆိုပေမယ့် အခုတော့ သူက မလိုက်ချင်ပေ။
သူ့ခံစားချက်များကိုဆုံးရှုံးပြီးသည်နှင့် ပိုပြီး စဉ်းစားချင့်ချိန်တတ်လာ၏။
ထို့ကြောင့် သူက ရိုးရှင်းစွာပင် ငြင်းဆိုလိုက်သည်။
သေးငယ်ပြီးကျဉ်းမြောင်းသည့် အိပ်ခန်းထဲတွင် သူတစ်ယောက်တည်းထိုင်နေပြီး ကွန်ပျူတာပေါ်တွင် စာရိုက်နေသည်။
နှစ်ကူးပြီးလို့ တစ်ပတ်နီးပါးတောင်ရှိပြီဖြစ်သည်။ လူအများစုက မြို့ပေါ်သို့ပြန်ရောက်လာကြပြီး အလုပ်သွားရန် အဆင်သင့်ဖြစ်နေကြလေပြီ။ မြို့ထဲတွင် စတင်၍ ဆူညံလာပြန်ပြီဖြစ်၏။ ရပ်ကွက်ထဲတွင် မီးအိမ်များ ချိတ်ဆွဲထားလေသည်။ ကလေးများက ပွဲတော်ဝတ်စုံများဝတ်ကာ ရပ်ကွက်ထဲတွင် ပြေးလွှားဆော့ကစားနေကြသည်။
ယင်းမင်ကျန်းက ပရိုဂရမ်မင်းလုပ်ရခြင်းကို ပင်ပန်းလာသည်။ သူက ပြတင်းပေါက်နားသွားပြီး ငုံ့ကြည့်လိုက်သောအခါ အနက်ရောင်နှင့် အဖြူရောင်ဖြစ်နေသော ကမ္ဘာကြီးကိုမြင်တွေ့လိုက်ရသည်။
သစ်ပင်များကလည် မီးခိုးရောင်နှင့် အနက်ရောင်ရောစပ်ထားခြင်းဖြစ်ပြီး ညတာက ပိန်းပိန်းပိတ်အောင် မည်းမှောင်နေကာ ပြေးလွှားနေသောကလေးများက မီးခိုးရောင်ဖျော့ဖျော့ဖြစ်နေပြီး မီးရှုးမီးပန်းများက လုံးလုံးလျားလျားဖြူစွတ်နေကာ လမ်းမီးများက အဖြူဖျော့ဖျော့ဖြစ်သည်။
သူက မျက်တောင်ခတ်လိုက်ကာ ကုဒ်ဆက်ရေးဖို့ အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။
“ဖောင်း”
မီးပန်းများက မြို့ထဲရှိကောင်းကင်ပေါ်တွင် တစ်ခုပြီးတစ်ခု မြင့်တက်သွားကြသည်။ ထို့နောက် မီးပွါးများအဖြစ် ဖြာထွက်သွားကြကာ ယင်းက မြို့ကိုအုပ်စိုးသောအစိုးရ၏ ကျင်းပပြုလုပ်သည့် မီးရှုးမီးပန်းများဖြစ်ပေ၏။
ချူကျိုးတွင် နေထိုင်ကြသော မြို့သူမြို့သားအများစု မြင်တွေ့နိုင်ကြသည်။
ယင်းမင်ကျန်းက သူ့လပ်တော့ပေါ်တွင် အာရုံစိုက်ထားသည်။ သူ့ပြတင်းပေါက်အပြင်ကတော့ ပိန်းပိတ်အောင်မှောင်မည်းသော အနက်ရောင်ဖြစ်သည်။ ထိုနေရာတွင် ဘာမှမရှိချေ။
နှစ်ကူးပြီး ၁၇ ရောက်မြောက်နေ့တွင် ရှုနဉ်က မစ္စချိုက်နှင့် ပါပါးရှုနှင့်အတူ ချူကျိုးသို့ ပြန်လာခဲ့သည်။ သူမြောက်ပိုင်းတွင် နေခဲ့ခြင်းက အလွန်ပျော်စရာကောင်းခဲ့သည်။ ရှုနဉ်က တစ်ဝမ်းကွဲများနှင့် နှင်းလျှောစီးနည်းကို သင်ယူခဲ့သည်။ သူ့မျက်နှာတွင် ဒဏ်ရာရလာခဲ့ပြီး လက်သည်းများက အအေးဒဏ်ကြောင့် နီရဲနေ၏။ သူဦးထုပ်ဆောင်းထားခဲ့လို့သာ တော်သေးသည်။ မဟုတ်လျှင်တော့ သူ့ခေါင်းကွဲနိုင်လောက်သည်။
တခြားသူက ဘယ်လိုများများ လွယ်ကူအောင်လုပ်ပြီး နှင်းလျှောစီးနိုင်ကြလဲဆိုတာကို သူမသိချေ။ ရှုနဉ်က နှင်းလျှောစီးသည့်စကိတ်ပေါ်တွင် ပင်ဂွင်းလေးနှင့် တူနေ၏။ သုံးမီတာထက်ပိုပြီး သူစီးခဲ့လျှင် လဲကျမှာသေချာသည်။ ထိုသို့ဆိုလျှင် ဆင်ခြေလျှောအတိုင်း ပြုတ်ကျသွားနိုင်၏။ တစ်ခါလဲကျပြီးသည်နှင့် ပြန်မထနိုင်သည့်အတွက်ကြောင့် အလွန်နာကျင်ခဲ့ပြီး လှိမ့်ပဲလှိမ့်နေခဲ့ရသည်။ နောက်မှ တစ်ဝမ်းကွဲညီအစ်ကိုများ သင်ပြပေးမှုကြောင့် တဖြည်းဖြည်းနှင့် လုပ်နိုင်သွားခဲ့သည်။
သူလုပ်နိုင်ပြီးသည်နှင့် ဗီလိန်ကို နှင်းလျှောစီးသင်ပေးဖို့တွေးမိသည်။ သူအရင်က တစ်ခါိမှ နှင်းကျတာကို မတွေ့ဖူးဘူးမလား။
အိမ်ပြန်ရောက်သောအခါ ရှုနဉ်က သူ့သတ္တိများကို ဆင့်ခေါ်လိုက်ကာ ဗီလိန်လေးကို ကြက်ဥချောင်းနှင့် အရှေ့မြောက်ဘက်မှထွက်သော ဒေသထွက်ကုန်များကိုပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူက တံခါးခေါက်ပြီး ဖုန်းနံပါတ် သို့မဟုတ် တစ်ခုခုတောင်းရန်လုပ်ခဲ့သည်။ သို့သော်လည်း သူအပြင်ပင်မထွက်ရသေးခင် သူ့တံခါးကို လာခေါက်နေတော့သည်။
ရှုနဉ်က တံခါးဖွင့်လိုက်သောအခါ ဗီလိန်လေးက အပြင်တွင်ရပ်နေကြောင်းကို တွေ့လိုက်ရသည်။ သူက အနက်ရောင်ချည်သားဂျာကင်ကို ဝတ်ထားသည်။ သူက သေးသွယ်ပြီး ပိန်ပါးကာ သူ့ပုံစံက နူးညံ့သည်။ သူက ဓာတ်ပုံထဲကသကဲ့သို့ ပြီးပြည့်စုံ၏။
“ယင်းမင်ကျန်း” ရှုနဉ်က ခဏမှင်တက်သွားရသည်။
မီလီယံနှစ်ပေါင်းများစွာအထိတောင်မှ ဗီလိန်က သူ့အိမ်တံခါးဝတွင် ပေါ်လာမည်ဟု မမျှော်မှန်းထားခဲ့ပေ။
ယင်းမင်ကျန်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“ရှုနဉ်”
“အာ ဝင်လာလေ” ရှုနဉ်က သူ့ကို အိမ်ထဲသို့ခေါ်လိုက်သည်။
ဗီလိန်လေးက တိတ်တဆိတ်ဝင်လာ၏။
ရှုနဉ်က တံခါးပိတ်လိုက်သည်။
“တိုက်ဆိုင်လိုက်တာ ငါလည်း အခုပဲပြန်ရောက်တာ”
“တိုက်ဆိုင်တာမဟုတ်ဘူး” ဗီလိန်လေးက ဆို၏။
ရှုနဉ်က နားမလည်နိုင်ဖြစ်သွားရသည်။
“ဟမ်”
“မင်းဘယ်အချိန်ပြန်လာမလဲဆိုတာ ငါသိတယ်” ဗီလိန်လေး၏အသံက တိုးညှင်းသည်။
ရှုနဉ်က အံ့ဩသွားရ၏။ “မင်းက ဘယ်လိုသိတာလဲ”
ယင်းမင်ကျန်းက မပြောပေ။
သူက အဖွဲ့လိုက်စကားပြောခန်းတွင်တွေ့ပြီး နေ့စွဲကို မှတ်ထားခဲ့ခြင်းဖြစ်သည်။
“အန်တီချိုက်ရှိလား” ဗီလိန်လေးက မေးလာသည်။
အိုး ဒါဆို သူက ငါ့ကို လာတွေ့တာမဟုတ်ဘူးပေါ့…
ရှုနဉ်က မီးဖိုခန်းဆီသို့ အော်ခေါ်လိုက်သည်။
“မား”
“ဘာဖြစ်လို့လဲ”
မစ္စချိုက်၏အသံက ဓားလှီးနေသောအသံနှင့်အတူ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ သူတို့ပြန်မလာခင် သူ့အဘွားက ကြီးမားသောအိတ်ကြီးဖြင့်ထည့်ထားသော နံရိုးများအပါအဝင် အသင့်လုပ်ပြီးသား အသားငါးများကို အတင်းထိုးထည့်ပေးခဲ့သည်။
“ယင်းမင်ကျန်းက မားကိုရှာနေတာ”
ချိုက်ချင်က မီးဖိုခန်းထဲမှ အလျင်အမြန်ထွက်လာပြီး ခါးစည်းဖုံးအဝတ်ပေါ်သို့ လက်သုတ်လိုက်သည်။ ဗီလိန်လေးကိုတွေ့သောအခါ သူမမျက်နှာက အံ့အားသင့်မှုဖြင့်ဖုံးလွှမ်းသွား၏။
“ယင်းမင်ကျန်း.. အန်တီ့ကိုတွေ့ချင်တာ ဘာဖြစ်လို့လဲ”
ယင်းမင်ကျန်းက အဝင်ပေါက်နားတွင် ဖရိုဖရဲပုံစံဖြင့် ရပ်နေသဖြင့် ချိုက်ချင်က သူ့ကို လက်ယမ်းပြလိုက်သည်။
“တံခါးနားမှာ ဘာရပ်လုပ်နေတာလဲ ဝင်လာလေ ဝင်လာ...”
ရှုနဉ်က လက်ထဲတွင် ကြက်ဥချောင်းများ ကိုင်ထားဆဲဖြစ်သည်။ ချိုက်ချင်က ထိုသို့ပြောမှ သူလည်း မယဉ်မကျေးဖြစ်သွားကြောင်း သတိထားမိလိုက်သည်။ သူက ဝင်ပေါက်နားက ဘီရိုပေါ်တွင် ကြက်ဥချောင်းများကို အမြန်တင်လိုက်ကာ အားနာနာဖြင့်ပြောလိုက်သည်။
“ဝင်လာလေ”
ယင်းမင်ကျန်းက သူ့အတန်းဖော်များ၏နေအိမ်သို့ သွားလည်လေ့မရှိပေ။ ရှုနဉ်၏ ဧည့်ခန်းက ကျယ်ပြန့်ပြီး အလင်းရောင်ရကာ သန့်ရှင်းသပ်ရပ်သည်။ သူတို့အိမ်မှ ဧည့်ခန်းနှင့် လုံးဝ တခြားစီသာဖြစ်၏။ သူက ခေါင်းခါလိုက်သည်။ သူတို့၏ ဖြူစင်ပြီး သန့်ရှင်းသည့် ကြွေပြားများပေါ်သို့ သူ့ဖိနပ်ကြောင့် မညစ်ပတ်စေလိုပေ။
“မဝင်တော့ပါဘူး”
ယင်းမင်ကျန်း၏အသံက အလွန်တည်ငြိမ်နေသည်။
“အန်တီချိုက် ကျွန်တော်ပိုက်ဆံပြန်ပေးဖို့ လာတာပါ ပေးပြီးတာနဲ့ ပြန်မှာပါ”
“ပြန်ပေးမယ် ဘယ်ပိုက်ဆံကို ပြန်ပေးမှာလဲ”
ချိုက်ချင်က နားမလည်နိုင်ဖြစ်သွားရသည်။
ဗီလိန်လေးက သူတို့အိမ်ကိုလာလည်တာ နေ့တိုင်းလည်းမဟုတ်ချေ။
ရှုနဉ်က သူ့ကို ဘယ်လိုများ ဒီလိုထားထားနိုင်ရမှာလဲ။
သူက ဖိနပ်စင်မှ ဖိနပ်အပါးတစ်ရံကို ယူရန်ပြင်နေသော်လည်း လက်လျှော့လိုက်ရသည်။ ထိုအစား သူက အရှေ့တိုးလာကာ ယင်းမင်ကျန်း၏လက်မောင်းကို ဆွဲလိုက်သည်။
“အိမ်က နဂိုကတည်းက ညစ်ပတ်နေပြီးသားပါ မင်းဖိနပ်လည်း စီးစရာမလိုဘူး ဒီတိုင်း ဝင်လာခဲ့”
ယင်းမင်ကျန်းက အရှေ့ကို ခြေနှစ်လှမ်း အဆွဲခံလိုက်ရသည်။ သူ့ရှုးဖိနပ်ကြောင့် ကြွေပြားပေါ်တွင် ခြေရာအနည်းငယ် ထင်ကျန်သွားခဲ့၏။
ရှုနဉ်က ပြောလိုက်သည်။
“ငါက အိမ်မှာ ကြမ်းတိုက်နေကျပါ ဘာမှစိတ်မပူနဲ့ ရတယ်”
ချိုက်ချင်ကလည်း လာပြီး သူ့ကိုကြိုဆိုသည်။
“ငါတို့ ဒီည ဝက်နံရိုးနှပ်စားကြမလို့ ညစာပါ တစ်ခါတည်း စားသွားလေ”
ယင်းမင်ကျန်းက တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း အမေရောသားရော ဆွဲခေါ်မှုကြောင့် ဧည့်ခန်းထဲသို့ ပါလာရသည်။ ထို့နောက် သူတို့က ဆိုဖာပေါ်သို့ သူ့ကို အတင်းထိုင်ချစေသည်။
ချိုက်ချင်က ရှုနဉ်ကို ခိုင်းလိုက်သည်။
“သူ့ကို ရေတိုက်ဖို့ သွားယူလိုက်”
“ဟုတ်”
ရှုနဉ်က ကော်ဖီစားပွဲပေါ်မှ တစ်ခါသုံးခွက်ကိုယူလိုက်ကာ ရေထုတ်စက်ဆီသို့ လျှောက်သွားလိုက်သည်။ ခွက်ထဲသို့ ရေနွေးထည့်နေရင်း ဗီလိန်ကိုချောင်းကြည့်လိုက်သောအခါ ခေါင်းငုံ့ပြီး ဆိုဖာပေါ်တွင် ထိုင်နေကြောင်းတွေ့ရသည်။ သူ၏ တည်ငြိမ်ပြီး လိမ္မာယဉ်ကျေးသောပုံစံသည် အထူးသဖြင့် ကြေကွဲဖွယ်ကောင်းစေသည်။ ရှုနဉ်က မတတ်သာဘဲ သူ့ကိုပိုပြီး ဂရုစိုက်ပေးချင်လာသည်။ သူက အသီးအနှံ့တစ်ချို့ကိုယူပြီး ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ဗီလိန်က ဘာလို့ အခုထိ ဒီလောက်ပိန်နေရတာလဲ။
သူက ခွက်ကို ဗီလိန်လေးထံသို့ကမ်းပေးလိုက်ကာ ဗီလိန်လေးက လက်နှစ်ဖက်နှင့် လက်ခံယူလိုက်ပြီး လက်ဖဝါးထဲသို့ ထည့်ကိုင်ထားသည်။ ခွက်ဆီမှ နွေးထွေးမှုက သူ့လက်ဆီသို့လာပြီး သူ့ရင်ဘတ်အထိရောက်လာကာ မရင်းနှီးသောပတ်ဝန်းကျင်တွင် ရုတ်တရက်ရောက်လာရခြင်းကြောင်း မသက်မသာဖြစ်မှုကို အဝေးသို့တွန်းပို့ပေးနေသည်။
“သားအမေရော မပါဘူးလား သူအိမ်မှာဆိုရင် သူ့ကိုပါခေါ်လိုက်လေ အတူတူညစာစားလို့ရတာပေါ့”
ချိုက်ချင်က နွေးထွေးစွာဖြင့် ဖိတ်ခေါ်မှုကို တိုးချဲ့လိုက်လေသည်။
“မားက သူ့ဇာတိကို ပြန်သွားတယ်”
ဗီလိန်လေး၏အသံက အလွန်နူးညံ့နေသည်။
ချိုက်ချင်က အံ့ဩသွားရသည်။
“အိမ်မှာ သားတစ်ယောက်တည်းလား”
ယင်းမင်ကျန်းက ခေါင်းမော့လာသည်။
“ကျွန်တော် သူနဲ့ လိုက်မသွားချင်လို့”
ချိုက်ချင်က ပို၍ပင် အံ့ဩသွားရသည်။
“ဘာလို့လဲ”