အပိုင်း ၃၉
Viewers 9k

Chapter 39




ယင်းမင်ကျန်းက လိမ်လည်သည့်နေရာတွင် မတော်သောကြောင့် နှုတ်ဆိတ်နေ၍သာ နေလိုက်သည်။ သူမလိုက်သွားချင်ရသည့် အကြောင်းအရင်းက ကျိုးကျွမ်က သူမ၏ဇာတိမြေတွင် ပြုမူပြောဆိုပုံများကို မကြိုက်သောကြောင့်ဖြစ်သည်။ ရွာသားများကို သူမ လိမ်သောအခါ သူလည်း အတူတူပါဝင်ပြီး လိမ်ပေးရတတ်သည်။ ထိုကဲ့သို့ ကိစ္စမျိုးက ပါးစပ်ကထုတ်ပြောလျှင်တောင် ရှက်စရာကောင်းသည့်အတွက် ရှုနဉ်အရှေ့တွင် မျက်နှာမပျက်ချင်ပေ။


သူနှုတ်ဆိတ်နေသည်နှင့် ရှုနဉ်က သူမဖြေချင်မှန်းသိလိုက်ပြီး စကားများကို အဆင်ချောအောင် အလျင်စလို၀င်ပြောလိုက်သည်။ 


“မင်ကျန်းက နေသိပ်မကောင်းလို့လေ အဲဒါကြောင့် အိမ်မှာပဲ နားနားနေနေ နေနေတာ”


ချိုက်ချင်က သူ့အပေါ် အနည်းငယ် သနားကြင်နာမိသွားသည်။ 


“အန်တီက ဒီရက်ပိုင်း အိမ်မှာပဲရှိနေတာ တစ်ယောက်တည်းဖြစ်နေရင် အမြဲတမ်း ညစာလာစားလို့ရတယ်နော်”


ရှုနဉ်၏နှလုံးသားက စိတ်လှုပ်ရှားမှုများကြောင့် ခုန်ပေါက်လာရသည်။ သူက ချိုက်ချင်ကို ကျေးဇူးတရားနှင့် လေးစားမှုများအပြည့်ဖြင့် ကြည့်လိုက်သည်။ ဗီလိန်လေးက အိမ်တွင် တစ်ယောက်တည်းရှိနေကြောင်းကို ကြားသိရသောအခါ သူ့ကို ဘယ်လိုဖိတ်ခေါ်ရမလဲဟု စတင်တွေးတောမိသည်။ ချိုက်ချင်က အရင်စပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသည်က သူ့ကို ဒုက္ခများစွာကနေ ကယ်တင်ပေးလိုက်သလိုပင်။


ယင်းမင်ကျန်းက အနည်းငယ် အံ့ဩသွားပုံရပြီး ခေါင်းခါလိုက်သည်။ 


“အန်တီချိုက် ကျွန်တော် အန်တီ့ကို WeChat မှာ အပ်လို့ရမလား”


ချိုက်ချင်က ပြုံး၍ ပြန်ဖြေသည်။ 


“ဒါပေါ့ ရတာပေါ့”


နှစ်ယောက်သားက ဖုန်းများထုတ်လိုက်ကြပြီး ဆက်သွယ်ရန်နံပါတ်များကို လဲလှယ်လိုက်ကြသည်။ ရှုနဉ်က ဘေးတွင်ရပ်ပြီး အမြီးနှံ့နေရသည်။ သူတို့နှစ်ယောက်ကို မျှော်လင့်ချက်ရော စိုးရိမ်ပူပန်များနှင့်ပါ ကြည့်နေရ၏။ သူလည်း ဗီလိန်လေး၏ WeChat ကို အပ်ချင်သော်လည်း ကံမကောင်းစွာဖြင့် နှစ်ယောက်လုံးက သူ့ကို လျစ်လျူရှုထားကြသည်။


သူမေးမလို့ တုံ့ဆိုင်းနေသည့်အချိန်တွင် ယင်းမင်ကျန်းက ပြောလာသည်။ 


“အန်တီချိုက် အရင်တစ်ခေါက်တုန်းက ပိုက်ဆံလှူပေးဖို့ စီစဉ်ပေးတာကို ကျေးဇူးတင်ပါတယ် အခု ကျွန်တော့်လက်ထဲမှာ ပိုက်ဆံရှိနေတာဆိုတော့ ရပ်ကွက်ထဲက လူတွေကို ပြန်ပေးဖို့ ကူညီပေးနိုင်မလားဗျ ဒါမှမဟုတ် ကျွန်တော့်ကိုပဲ group chat ထဲထည့်လိုက်ပြီး ကျွန်တော့်ဘာသာ ပေးလိုက်လည်း ရပါတယ်”


“အာ” ချိုက်ချင်က အံ့အားမှင်တက်သွားရသည်။ 


“သားဘာတွေပြောနေတာလဲ အဲဒီပိုက်ဆံတွေက အန်တီတို့ လှူထားတာလေ ဘာလို့ ပြန်ပေးမှာလဲ”


ရှုနဉ်လည်း အံ့ဩသွားရသည်။ သူဆေးရုံဆင်းသည့်နေ့တွင် ဗီလိန်က ပိုက်ဆံတွေကို ပြန်ပေးချင်ကြောင်း ပြောခဲ့သည်။ ရှုနဉ်က သူ့ကို စနောက်နေတယ်ဟုသာ ထင်ခဲ့မိသည်။ သူ့ကို တကယ်ပြန်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ဒါ့အပြင် ဒီလောက်အချိန်တိုလေးအတွင်းမှာ ပိုက်ဆံတွေ အများကြီးကို သူဘယ်လိုများရခဲ့တာလဲ။


ဗီလိန်လေးက တိတ်တဆိတ် သူ့ဖုန်းကိုယူလိုက်သည်။ 


*တောင်* 


ချိုက်ချင်က ငုံ့ကြည့်လိုက်ရာ ယွမ်၇သောင်းက သူမအကောင့်ထဲသို့ လွှဲပြောင်းလာကြောင်းကိုတွေ့လိုက်ရသည်။


ချိုက်ချင်က လန့်ဖျပ်သွားရသည်။ သူမကို သူတကယ် ပိုက်ဆံပြန်ပေးခဲ့ခြင်းဖြစ်၏။


“မပေးပါနဲ့ မပေးနဲ့ မပေးနဲ့”


“အန်တီချိုက် သဘောမတူရင် ကျွန်တော် သူတို့ကို တစ်ယောက်ချင်းစီလိုက်ပြီး ပြန်ပေးလိုက်မယ်”


ဗီလိန်လေးက ထိုစကားကိုပြောသောအခါ အလွန်အလေးအနက်ဖြစ်နေခဲ့သည်။ သူစနောက်နေတာမဟုတ်ကြောင်းကို လူတိုင်းသိနိုင်သည်။ သူ့စကားလုံးများက ခံစားချက်အများအပြား မပါဝင်သော်လည်း အလွန်လေးနက်သည်။ ချိုက်ချင်က သူတကယ်လုပ်မည်ဖြစ်ကြောင်းကို နားလည်သွားရသည်။


ရှုနဉ်နှင့် ချိုက်ချင်က အချင်းချင်းကြည့်လိုက်ကြသည်။


“ပိုက်ဆံတွေကို ဘယ်လိုရလာတာလဲ” 


ချိုက်ချင်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။


သူတို့မိသားစု၏ စီးပွားရေးအခြေအနေက ဘယ်လိုလဲဆိုတာကို လူတိုင်းသိသည်။ ထိုယွမ်၇သောင်းနှင့် ပက်သက်ပြီး တစ်ခုခု မသင်္ကာဖွယ်ရာရှိနေသည်။


ရှုနဉ်လည်း အလွန်စိတ်လှုပ်ရှားသွားရ၏။ သူ့နှလုံးခုန်သံများက ဗုံတီးသကဲ့သို့ မြန်ဆန်နေသည်။ ဗီလိန်လေးတွင် ယွမ်၇သောင်းရှိနေခြင်းက ဖြစ်နိုင်ချေသိပ်မရှိပေ။


“ကျွန်တော့်ဘာသာရှာထားတာပါ” ဗီလိန်လေးက ပြောလိုက်သည်။


ချိုက်ချင်နှင့် ရှုနဉ်က မယုံပေ။


ရှုနဉ်က သူလမ်းမှားရောက်သွားမည်ကို စိုးထိတ်သွားရသည်။ သူက မေးလိုက်သည်။


 “မင်းဘယ်လိုရှာခဲ့တာလဲ”


ဗီလိန်လေးက သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။


 “ဆော့ဝဲလ်”


ရှုနဉ်က ထပ်မေးလိုက်သည်။


 “ဘယ်လိုဆော့ဝဲလ်လဲ”


ရှုနဉ်က ထိုအချိန်တွင် သူ့စိတ်ထဲတွင် သက်တူရွယ်တူချင်း ချေးငှားခြင်းအား စဉ်းစားမိသွားသည်ဟု ဝန်ခံသည်။ ဗီလိန်လေးတွင် ဂုဏ်သိက္ခာရှိကြောင်းကို သိသည့်အတွက်ကြောင့် အကယ်၍ သူက လှူဒါန်းထားသည့်ပိုက်ဆံများကို အွန်လိုင်းပေါ်တွင် ငှားရမ်းခဲ့လျှင် ဘယ်လိုလုပ်မလဲ။


 ဒါဆိုရင် သူဘာလုပ်သင့်သလဲ။


ယင်းမင်ကျန်းက သူ့မျက်ဝန်းထဲမှ မယုံကြည်မှုများကို မြင်တွေ့နိုင်သည်။ သူက နှုတ်ခမ်းကို စုဝိုင်းပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


“တရားဝင် အလုပ်ပါ”


ထို့နောက် သူက ထရပ်ကာ ကျေးဇူးတင်ကြောင်း နောက်တစ်ခေါက်ပြော၍ ထွက်သွားရန်ပြင်နေသည်။


ထိုပိုက်ဆံများကို သူ့ဘာသာရှာထားသည်ဟု မပြောသင့်ပေ။ ဘယ်သူမျှ သူ့ကိုယုံလိမ့်မည်မဟုတ်။ ဘယ်သူသိနိုင်မည်လဲ၊ ရှုနဉ်လည်း သူ့ကို ဥပဒေနှင့် မကင်းလွတ်သည့်အလုပ်တစ်ခုခုလုပ်ခဲ့သည်ဟု ထင်နိုင်သည်။ မည်သို့ပင်ဆိုစေ သူက ပြစ်မှုကျူးလွန်ထားသည့်လူ၏ သားဖြစ်ပေသည်။ ထိုလူက သူ့အဖေအရင်းမဟုတ်လျှင်တောင်မှ ပြစ်မှုကျူးလွန်ထားသည့်လူ၏ ပျိုးထောင်ခြင်းကို သူခံခဲ့ရလေသည်။ တခြားလူများအားလုံးက သူ့ကို ထိုအမြင်များနှင့် ကြည့်နေကြခြင်းသာဖြစ်၏။


ရှုနဉ်က ထိုကိစ္စကြောင့် ထိတ်လန့်သွားရသည်။ 


သူ့အနောက်ကို ပြေးလိုက်သွားပြီး


“မင်ကျန်း ညစာစားမသွားတော့ဘူးလား”


ယင်းမင်ကျန်းက သူ့ကို နှုတ်ဆိတ်စွာဖြင့် ကြည့်နေသည်။ ထို့နောက် သူက တံခါးနားသို့သွားပြီး ဖွင့်ကာ ထွက်သွားတော့သည်။


ရှုနဉ်ကသာ တစ်ယောက်တည်း တံခါးနားတွင် ကြောင်တောင်တောင်နှင့် ကျန်ခဲ့ရ၏။ ဗီလိန်လေးက အနည်းငယ်စိတ်တိုနေပြီး ဝမ်းနည်းနေသလို ခံစားရသော်လည်း ရှုနဉ်က သူဘာဆက်လုပ်ပေးရမှန်း မသိတော့ချေ။


ခဏကြာသောအခါတွင် စိတ်ဓာတ်ကျစွာဖြင့် ဧည့်ခန်းထဲသို့ သူပြန်လာလိုက်သည်။ စားပွဲပေါ်ရှိခွက်သည် အခုထိ ပြည့်နေဆဲဖြစ်သည်။ 


ဗီလိန်လေးက တစ်ငုံတောင် မသောက်သွားချေ။


သူ့ကို ကြက်ဥချောင်းများလည်း မပေးလိုက်ရပေ။


သူ့ WeChat ကိုလည်း မအပ်လိုက်ရချေ။


ဘယ်လိုတောင် ကြီးမားတဲ့ ကျရှုံးမှုကြီးလဲ…


နောက်ဆုံးတွင်တော့ ချိုက်ချင်က ယင်းမင်ကျန်း တောင်းဆိုသကဲ့သို့ အလှူငွေပိုက်ဆံများကို လှူဒါန်းသူများထံသို့ ပြန်ပေးခဲ့သည်။ အဖွဲ့လိုက်စကားပြောခန်းထဲမှ လူများသည် အလွန့်အလွန် အံ့အားသင့်နေကြပြီး ယင်းမင်ကျန်းအပေါ်ထားရှိသည့် သူတို့၏အမြင်များကလည်း အများကြီး ပြောင်းလဲသွားကြသည်။


အရင်ကတော့ သူ့ကို သနားကြင်နာခဲ့ကြသော်လည်း အခုတော့ သူ့ကို‌ လေးစားအတုယူနေကြသည်။


ယင်းမင်ကျန်း၏ ဂုဏ်ပုဒ်က လုံးဝ ပြောင်းလဲသွားရသည်။


ယင်းမင်ကျန်းက အိမ်ပြန်ပြီး အလုပ်များ ထပ်လက်ခံရန်ပြင်လိုက်သည်။ သူက သူ့ကိုယ်သူ ဗဟုသုတပင်လယ်ထဲတွင် နစ်မြုပ်စေလိုက်သည်။


မြို့ထဲရှိ စာကြည့်တိုက်က ဖွင့်နေပြီဖြစ်သည်။


သူလုပ်နေကျအတိုင်းကို ပြန်လုပ်ကာ မနက်ပိုင်းတွင် စာကြည့်တိုက်သို့သွားပြီး ညဘက်တွင် အိမ်ပြန်လာခဲ့သည်။


သူပိုပြီး သန်မာဖို့လိုလာသည်။ သူသန်မာလာမှသာ တခြားကမ္ဘာသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ မဟုတ်လျှင် ရှုနဉ်အရှေ့တွင် သူဘယ်တော့မှ ခေါင်းမော့နိုင်မည်မဟုတ်ချေ။


အရင်က သူနှင့် တန်းတူညီစွာ ရပ်တည်ခဲ့သော်လည်း ယင်းမင်ကျန်းက သူဆုံးရှုံးခဲ့သည့် ဂုဏ်သိက္ခာအပိုင်းအစများကို နည်းနည်းချင်းစီ ပြန်လည်ကောက်ယူရန်လိုအပ်သည်။ 


မျက်စိတစ်မှိတ်အတွင်းတွင် ကျောင်းပြန်ဖွင့်လာပြီး ကျိုးကျွမ်ကလည်း သူမ၏ဇာတိမြေမှ ပြန်လာချေပြီ။


ယခုနှစ်တော့ အရင်ကထက်ပို၍ စောစောပြန်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ မျက်နှာထားက မသာယာပေ။ အလွန်မောပန်းပြီး ခရီးပန်းလာခဲ့ပုံပင်။


ယင်းမင်ကျန်းက သူမကို ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ မမေးသလို သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူ မပါလာမှုကို ဘယ်လိုရှင်းပြခဲ့လဲဆိုတာကိုလည်း မမေးချေ။


ကျိုးကျွမ်က ဆိုဖာပေါ်တွင် အကြာကြီးထိုင်နေသည်။ နောက်ဆုံးတော့ သူမက ယင်းမင်ကျန်း၏အခန်းဆီသို့သွားကာ ပြောလာသည်။


 “မင်ကျန်း”


ယင်းမင်ကျန်းက မော့ကြည့်လာသည်။ သူ့မျက်ဝန်းများက နက်မှောင်ပြီး လေးနက်နေသည်။


ကျိုးကျွမ်က ပြောသည်။


“အဘွားက ဖုန်းခေါ်ပြီး ပါပါးအကြောင်းမေးရင် သူက တခြားမြို့မှာ စီးပွားရေးသွားလုပ်နေလို့ ပြန်မလာနိုင်သေးတာလို့ ပြောနော် နားလည်လား”


ယင်းမင်ကျန်းက သူမကို ဖျော့တော့သောအပြုံးဖြင့်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။


ကျိုးကျွမ်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့ကို ထပ်ပြီး သတိပေးလာသည်။


“တခြားတစ်ယောက်ယောက်မေးရင်လည်း အဲဒီလိုပဲဖြေနော်”


ယင်းမင်ကျန်းက ပြန်ပြောသည်။ 


“ဟုတ်”


ကျိုးကျွမ်က အခန်းထဲမှ ထွက်သွား၏။


ယင်းမင်ကျန်းက မျက်နှာထားပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိဘဲ ပရိုဂရမ်ကို ဆက်လုပ်နေလိုက်သည်။


ထို့နောက် နေ့ရက်များက ထိုသို့နှင့်သာ ကုန်ဆုံးလာသည်။ ကျိုးကျွမ်က မျိုးစုံသော ယောက်ျားလေးများကို စတင်၍ အိမ်ပေါ်ခေါ်တင်လာသော်လည်း ယင်းမင်ကျန်းက ဘာမှမပြောချေ။


ယောက်ျားတစ်ယောက်ပြန်သွားသည်နှင့် ကျိုးကျွမ်က ညစာစားပွဲတွင် ညည်းညူကာ စားသောက်နေရင်း မျက်ရည်များ သုတ်လေ့ရှိသည်။


“ငါဒီလိုကောင်းတဲ့ယောက်ျားကို ဘယ်လိုရှာရမှာလဲ” သူမက ရှိုက်ငိုနေတတ်သေးသည်။


 “ငါသိတယ် ယင်ချန်းက အကောင်းဆုံးပဲ”


ယင်းမင်ကျန်း၏ တူများက ရပ်တန့်သွားရသည်။ 


“ဘယ်လိုယောက်ျားမျိုးကို ရှာနေတာလဲ”


ကျိုးကျွမ်က မို့ဖောင်းနေသောမျက်ဝန်းများဖြင့် ပြောသည်။ 


“ကြည့်ကောင်းပြီး အိမ်ရှိတဲ့သူ ပိုက်ဆံရှိရင်တော့ အကောင်းဆုံးပေါ့ ဒါပေမယ့် မရှိလည်း ရပါတယ်”


ယင်းမင်ကျန်းက ပြောသည်။ 


“အဲဒီလိုအပ်ချက် နှစ်ခုပဲမဟုတ်လား အဲဒီလောက်မခက်ပါဘူး”


ကျိုးကျွမ်က ခေါင်းခါသည်။


“အိမ်ပိုင်ပြီး ကြည့်ကောင်းတဲ့ယောက်ျားကိုရှာဖို့က မလွယ်ဘူး အဲဒီလိုယောက်ျားမျိုးရှိရင်တောင်မှ များသောအားဖြင့်က ငါ့ကို အထင်သေးကြတာ ငါက အသက်ကြီးပြီး ကြည့်မကောင်းဘူး အလုပ်လည်းမရှိဘူး ဘွဲ့လည်းမရဘူး အဲဒီလို ယောက်ျားမျိုးက ငါ့ကို ဘယ်လိုလုပ်ကြိုက်မှာလဲ”


“အသက်ကြီးတဲ့ ယောက်ျားဆိုရင်ရော”


“မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး” ကျိုးကျွမ်က ခေါင်းခါလိုက်သည်။ 


“ငါ့ဇာတိမြေကို အသက်ကြီးတဲ့ယောက်ျားကိုသာ ခေါ်သွားမယ်ဆိုရင် အလှောင်ခံရမှာပေါ့”


“မာမားခေါ်လာတဲ့ ဒုတိယမြောက်ယောက်ျားတစ်ယောက်က‌တော့ အဆင်ပြေပါတယ်”


ကျိုးကျွမ်က ပြောသည်။


 “သူ့မှာ ကလေးနှစ်ယောက်ရှိတယ်”


“မာမားမှာလည်း ကလေးရှိတာပဲမဟုတ်ဘူးလား”


“မတူဘူး‌လေ မင်းက ငါ့သားအရင်းမှမဟုတ်တာ” ကျိုးကျွမ်က ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။ ထို့နောက် သူမက အချိုးမကျစွာနှင့် လိုက်ညှိပြောပြန်သည်။


 “ဟူး ငါပြောချင်တာက မိထွေးဖြစ်ပြီး တခြားသူရဲ့ကလေးတွေကို မမွေးချင်ဘူးလို့ ပြောတာ”


ယင်းမင်ကျန်းက အစားစားဖို့ ခေါင်းငုံ့ထားသည်။ သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။


ကျိုးကျွမ်က သူ့ကို ခဏစောင့်ကြည့်နေမိသည်။ သူစိတ်မဆိုးကြောင်းကိုတွေ့သောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။


“မင်ကျန်း ငါဘာလို့ ယင်ချန်းနဲ့ နေနေလဲဆိုတာကို မင်းနားမလည်ဘူးလား


ယင်းမင်ကျန်းက တူကိုချပြီး သူမကို တည်ငြိမ်စွာကြည့်လိုက်သည်။


ကျိုးကျွမ်က သက်ပြင်းချပြီး ပြောသည်။ 


“အားလုံးက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက စတင်ခဲ့တာပဲ ငါက ကျေးလက်ဒေသကလာတယ်ဆိုတာကို မင်းသိတယ်မလား ငါတို့မိသားစုက တော်တော်ဆင်းရဲတယ် ငါတို့ရွာမှာလည်း အဲဒီအတိုင်းပဲ တခြားရွာသားတွေက ငါတို့ကို အထင်သေးကြတယ် ငါ့မှာ အစ်မကြီးတစ်ယောက်ရှိတယ် သူက မြို့ပေါ်က ယောက်ျားတစ်ယောက်နဲ့လက်ထပ်ပြီး ကောင်းကောင်းမွန်မွန်နေရတယ် ငါလည်း မြို့ပေါ်က ယောက်ျားကိုပဲ လက်ထပ်ချင်ခဲ့တာ အရမ်းတော်တဲ့ ယောက်ျားကိုရှာပြီး အထင်ကြီးခံချင်ခဲ့တယ်”


“ငါအထက်တန်းကျောင်းတက်ရတုန်းက အတန်းဖော်နဲ့ ချစ်ကြိုက်ခဲ့တယ် သူ့ရဲ့မျိုးရိုးနာမည် ထန်းလို့ထင်တာပဲ ငါကိုယ်ဝန်ရသွားခဲ့တယ် ထန်းမိသားစုက အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ချမ်းသာတဲ့မိသားစုလို့ သတ်မှတ်ခံရတယ် သူ့ကလေးကိုသာ ငါရသွားမယ်ဆိုရင် သူ့ကိုလက်ထပ်နိုင်ပြီး ချမ်းသာတဲ့မိသားစုထဲရောက်မယ်လို့ထင်ခဲ့ပေမယ့် သူတို့က ကလေးကို ငြင်းခဲ့တယ်”


ထိုအချိန်တွင် ကျိုးကျွမ်က စတင်၍ ငိုကြွေးတော့သည်။ သူမ၏မျက်ရည်များက မျက်နှာတစ်လျှောက်ကို စီးဆင်းလာခဲ့သည်။


“သူတို့က ငါ့ကို အထင်သေးကြတယ် ငါ့မိသားစုက ငါ့ကို အထင်သေးကြတယ် တခြားရွာသားတွေကတောင်မှ ငါ့ကို သရော်ကြတယ် အဲဒီတော့ ငါထွက်ပြေးခဲ့တယ် ငါအရာအားလုံးကိုပြောင်းလဲပစ်မယ်လို့ ကိုယ့်ကိုယ်ကို ကျိန်ဆိုခဲ့တယ် ချမ်းသာပြီး ရုပ်ချောတဲ့ယောက်ျားနဲ့လက်ထပ်ဖို့ လုပ်ခဲ့တယ် ငါ့ကို လှောင်ကြတဲ့လူတွေအားလုံးကို ပြသဖို့လုပ်ခဲ့တယ်”


“ဒါပေမယ့်… မင်ကျန်း မနက်ကနေ ညအထိ အလုပ်လုပ်ရတာက ဘယ်လောက်ခက်ခဲသလဲဆိုတာ မင်းမသိပါဘူး မင်းလို ကလေးမျိုးက လက်တစ်ချောင်း‌တောင် မ,စရာမလိုဘူး မင်းကိုမိဘတွေက ကျွေးမွေးပြီး ဝတ်စားဆင်ယင်ပေးကြတယ် ဒါက ဘယ်လောက်ခက်ခဲလဲဆိုတာကို မင်းမသိဘူး ဘာပဲဖြစ်ဖြစ် မင်းကြီးလာရင် နားလည်ပါလိမ့်မယ်…”


“နှစ်ပေါင်းအကြာကြီး အလုပ်လုပ်ပြီးတာတောင်မှ ပိုက်ဆံ အဲဒီလောက်မရခဲ့ဘူး ငါတွေ့ခဲ့တဲ့ ယောက်ျားတိုင်းက ဆိုးရွားတယ် ပြီးတော့ ငါလည်း တဖြည်းဖြည်းနဲ့ အသက်ကြီးလာခဲ့တယ် မင်းသိလား မိန်းမတစ်ယောက် အသက် ၂၅ ကျော်သွားပြီဆိုတာနဲ့ ဘယ်သူမှ သူ့ကို လက်မထပ်ချင်ကြတော့ဘူး အဲဒီမိန်းကလေးက ဘယ်တော့မှ လက်ထပ်လို့ရမှာမဟုတ်တော့ဘူး သူ့ဘဝက ပြီးဆုံးသွားမှာ ငါစိုးရိမ်ခဲ့တယ် အဲဒါကြောင့် ချူကျိုးကိုရောက်လာ‌တော့ ယင်ချန်းနဲ့တွေ့ခဲ့တယ်”


“ယင်ချန်းက အရမ်းကြည့်ကောင်းတယ် ငါ့ရဲ့ရည်းစားဟောင်းတွေထက် သူက အများကြီး ချောတယ် သူက ဒေသခံဖြစ်ပြီး အိမ်လည်းရှိတယ်” ကျိုးကျွမ်က အတိတ်က အကြောင်းအရာများကို အသေးစိတ်ပြန်ပြောရင်းနှင့် စိတ်လှုပ်ရှားလာခဲ့သည်။ 


“အဲဒီနောက်တော့ ငါအရမ်းကံကောင်းခဲ့တယ်လို့ ထင်ခဲ့တယ် သူက ငါ့ကိုကယ်တင်ခဲ့တာလို့ပြောရင်တောင်ရတယ်”


ယင်းမင်ကျန်း၏မျက်ဝန်းများက မှိန်ဖျော့နေသည်။ 


“အဲဒီတော့ သူ့ကို လက်ထပ်ခဲ့တာပေါ့”


ကျိုးကျွမ်က ခေါင်းညိတ်သည်။


“ဟုတ်တယ် အိုး မင်းမသိပါဘူး ငါယင်ချန်းကို ငါ့အိမ်ကိုခေါ်သွားပြ‌တုန်းက အားလုံးက ငါ့ကို မနာလိုဖြစ်နေကြတာလေ ငါ့ဘဝတစ်လျှောက်လုံးမှာ အဲဒီလောက်ထိ ခံစားချက်မကောင်းခဲ့ဖူးဘူး ထန်းမိသားစုဆိုတာက မြို့သေးသေးလေးက လူချမ်းသာလောက်ပဲရှိတာ မြို့ကြီးက ယောက်ျားတစ်ယောက်နဲ့ သူတို့ဘယ်လိုများနှိုင်းယှဉ်နိုင်ရတာလဲ ငါ့ရည်းစားဟောင်းက ယင်ချန်းလောက်တောင် မချောဘဲနဲ့… ငါ့အစ်မဆို မြို့သားနဲ့လက်ထပ်တဲ့အကြောင်းကို အမြဲငါ့ကိုထုတ်ကြွားနေတာ ဒါပေမယ့် ငါကတော့ အဆပေါင်းတစ်ရာကျော်သာတဲ့လူကို ရခဲ့တယ်လေ”


ယင်းမင်ကျန်းက ပြောသည်။


“ဒါဆို မာမားက ယင်ချန်းကို စီးပွားရေးလုပ်ငန်းပိုင်ရှင်ဆိုပြီး လိမ်ခဲ့တာလား”


ကျိုးကျွမ်က အဆင်မပြေသည့်ပုံစံဖြင့် တူကိုညစ်လိုက်မိသည်။ သူမက ကိုယ့်ကိုယ်ကို ကာကွယ်ချင်သော်လည်း ယင်းမင်ကျန်းက ငယ်ငယ်ကတည်းက သူမလုပ်ခဲ့သည့်အရာများအားလုံးကို မြင်တွေ့ပြီးဖြစ်သည်။ ငြင်းဆန်ရန်မဖြစ်နိုင်သည့်အတွက်ကြောင့် သူမက ရေရွတ်လိုက်၏။ 


“ထင်-ထင်တာပဲ”


“ဘာပဲဖြစ်ဖြစ်ပါ” ယင်းမင်ကျန်းက ဆက်ပြောသည်။


“မာမားရဲ့ဇာတိမြေက လူတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ဒါပေမယ့် မာမားကိုကြည့်ရတာ အိမ်ပိုင်တဲ့ မြို့ပေါ်က လူတစ်ယောက်ယောက်ကို လိုချင်နေပုံပဲ ကွာရှင်းပြီး အသစ်ရှာလိုက်လို့မရဘူးလား”


ကျိုးကျွမ်က ခေါင်းခါသည်။ 


“ကွာရှင်းတယ်ဆိုတာက ရွေးပိုင်ခွင့်မဟုတ်ဘူး ငါလာတဲ့နေရာမှာဆို ကွာရှင်းတာတွေ မလုပ်ကြဘူး ငါသာ ကွာရှင်းလိုက်ရင် လူကြားထဲမှာ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာမဟုတ်ဘူး”


ယင်းမင်ကျန်းက မျက်တောင်ခတ်လိုက်သည်။


“အိုး ဒါဆိုရင်လည်း ဒီရက်ပိုင်း ဘာလို့ အိမ်ကို ယောက်ျားတွေ ခေါ်လာတာလဲ”


ကျိုးကျွမ်က ရှက်သွားရသည်။ သူမက ဆိုလာသည်။ 


“ငါ့မှာအခုရွေးစရာမရှိတော့ဘူး ယင်ချန်းက တစ်သက်တစ်ကျွန်းထောင်ကျနေပြီ ငါ့ဘဝတစ်လျှောက်လုံး သူ့ကိုပဲ‌ စောင့်မနေနိုင်ဘူးလေ ဟုတ်တယ်မလား ယင်ချန်းလိုလူမျိုးကိုရှာတွေ့တာနဲ့ ငါကွာရှင်းလိုက်လို့ရပြီ အဲဒီလိုနဲ့ပဲ ငါအိမ်ကို ပြန်တင်ပြတဲ့အခါမှာ ငါ့ကိုယ်ငါ ပြသနိုင်မှာ”


ယင်းမင်ကျန်းက သိပ်နားမလည်ပေ။


 “အိမ်ကိုပြန်တင်ပြတာ ဟုတ်လား”


ကျိုးကျွမ်က ရှင်းပြလိုက်သည်။ 


“အရင်ယောက်ျားထက်ပိုပြီးကောင်းတဲ့ လူနဲ့ပဲ လက်ထပ်ချင်တာ ငါ့အစ်မရဲ့ ယောက်ျားထက် ကောင်းတဲ့လူနဲ့ပေါ့ ဒါကိုပဲ ငါ့ဘဝတစ်လျှောက်လုံး ရည်ရွယ်ထားခဲ့တာ နားလည်ပြီလား”


ယင်းမင်ကျန်းက နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။


ကျိုးကျွမ်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူမက ထပ်ပြီး စိတ်ပူလာပြန်သည်။ 


“ငါ့အခြေအနေက မကောင်းဘူး ပြန်စဖို့အတွက်ဆိုရင် ငါက ယင်ချန်းအတွက် မကောင်းဘူး အခုဆို ငါက အသက်ကြီးပြီး အိုစာနေပြီ ယင်ချန်းလိုလူမျိုးကို ငါဘယ်မှာသွားရှာရမလဲ”


သူမက ရုတ်တရက် ထပ်ပြီး ငိုကြွေးလာပြန်သည်။


ယင်းမင်ကျန်းက ခဏရပ်လိုက်သည်။ 


“မာမား မာမားအတွက် မကောင်းတဲ့လူက ယင်ချန်းပဲ”


ကျိုးကျွမ်က လျင်မြန်စွာ ခေါင်းခါသည်။


“ငါကိုယ်ဝန်ဖျက်ချခဲ့ဖူးတယ် ငါဘွဲ့မရခဲ့ဘူး ငါ့မိသားစုက ဘယ်ကမှန်းမသိတဲ့ ရွာကလူတွေ ငါက ဘယ်လိုလုပ် ယင်ချန်းနဲ့ ကိုက်ညီနိုင်မှာလဲ သူငါ့ကို ထားမသွားတာကဘဲ ငါ့အတွက် တော်တော်လေးကိုကောင်းနေပါပြီ မင်းကတော့ သူ့ကို အရက်သောက်ပြီး ရိုက်နှက်လို့ မုန်းတာကိုသိပေမယ့် အနည်းဆုံးတော့ သူပိုက်ဆံတွေမချေးခဲ့ဘူး သူက လူကောင်းဖြစ်ခဲ့တာပါ သူသာ တစ်သက်တစ်ကျွန်း ထောင်မကျခဲ့ရင် ငါသေချာပေါက် သူနဲ့ပဲနေမှာ…”


ယင်းမင်ကျန်းက ပန်းကန်လုံးနှင့် တူကိုချလိုက်သည်။ 


“ဗိုက်ပြည့်ပြီ”


ကျိုးကျွမ်၏ ငိုကြွေးသံများကို သူမကြားချင်တော့။ သူတကယ်ကို နားမလည်နိုင်တာကြောင့်ပင်။


___



Translated By IQ-Team.