အပိုင်း ၄၀
Viewers 9k

Chapter 40




ယင်းမင်ကျန်းက သူအမှားလုပ်ခဲ့လား မလုပ်ခဲ့လားဆိုတာကို သိချင်နေမိသည်။ ယင်းချန်းက ကျိုးကျွမ်ကို ရိုက်နှက်သည့်အချိန်တိုင်း သူ့ကို အမြဲတားလေ့ရှိပြီး သူမအစား ဝင်ခံပေးတတ်သည်။ ရလဒ်အနေဖြင့် ကျိုးကျွမ်ကတော့ အမှန်တရားကို မမြင်ခဲ့ပေ။ သူက ယင်းချန်းနှင့် မထိုက်တန်ကြောင်း ခံစားနေရသည်။ ယင်းချန်းက သူမကိုကယ်တင်ရန် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် နတ်သားလေးဟု ခံစားနေရ၏။


ဒါမှမဟုတ် ကွာရှင်းပြီး ဆုံးရှုံးလိုက်ခြင်းက အနိုင်ကျင့်ခံရခြင်းထက် ပိုဆိုးနေလို့များလား။


အရင်တုန်းက ကျိုးကျွမ်၏ရွေးချယ်မှုကို သူနားမလည်ခဲ့သော်လည်း လေးစားခဲ့ပါသေးသည်။ သို့သော်လည်း သေလုနီးပါး အရိုက်ခံရပြီးနောက်တွင် ကျိုးကျွမ်ကို သနားကြင်နာနိုင်ရန် ပို၍ပို၍ ခဲယဉ်းလာခဲ့သည်။ အတိတ်ကို ပို၍ အသေးစိတ်ကြည့်လေလေ သူ့စိတ်ထဲကို အတွေးများက ပို၍စီးဆင်းလာလေလေဖြစ်သည်။


ဥပမာဆိုလျှင် ကျိုးကျွမ် အရိုက်ခံရသည့်အချိန်တိုင်း သူ့အိပ်ခန်းဆီသို့ တန်းခနဲ လာတတ်သည်။ သူက ယင်းချန်းနှင့် ရန်ဖြစ်ဖို့ သုတ်ခြေတင်သွားသည့်အချိန်တိုင်း ကျိုးကျွမ်က အမြဲဘေးတွင်ရပ်နေပြီး မကူညီပေ။


ထို့အပြင် လုံလောက်စွာမရရှိခဲ့သည့် စားဝတ်နေရေးတွေလည်း ပါသေးသည်။ ရပ်ကွက်ကော်မတီထဲက လူများက သူတို့အိမ်တံခါးရှေ့သို့လာပြီး ယင်းမင်ကျန်းကို ကျောင်းထားပေးဖို့လိုကြောင်း ကျိုးကျွမ်အား သတိပေးပြောကြားတာကို သူမှတ်မိသေးသည်။ ကျိုးကျွမ်က သူမတွင် မည်သည့်ပိုက်ဆံစရာမှ သုံးဖြုန်းစရာမလိုတော့ကြောင်းကို သိပြီးနောက်မှသာ ကျောင်းထားပေးခဲ့ခြင်းဖြစ်သည်။


ယင်းမင်ကျန်းက မျက်စိမှိတ်လိုက်ပြီး ဆက်မတွေးတော့ပေ။


ကျိုးကျွမ်က ယင်းမင်ကျန်းကို သူမ၏ ခံစားချက်အစစ်အမှန်များအား ထုတ်ပြခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက သူနှင့်ရင်ဆိုင်ရန် အနည်းငယ် စိတ်မသက်သာသလို ခံစားနေရသည်။ ယင်းမင်ကျန်းကိုတွေ့သည့်အချိန်တိုင်း နောက်ထပ်ပြောင်းလဲသွားမှုများရှိနေသည်ဟု ခံစားနေရ၏။ သူမကိုပေးသည့် ခံစားချက်များက ယင်ချန်းနှင့် ပို၍ပို၍ တူလာသည်။ 


ယင်းမင်ကျန်းနှင့်အတူရပ်နေချိန်တိုင်း ယင်ချန်းနှင့် မျက်နှာချင်းဆိုင်နေသလို ခံစားရသည်။ စိတ်မသက်မသာဖြစ်ပြီး စိုးရိမ်ပူပန်ကာ ကြောက်ရွံ့မှုများကို ခံစားရ၏။


ယင်းချန်းနှင့် မျက်နှာချင်းဆိုင်နေရချိန်တွင်တော့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုကြောင့် ထိုကဲ့သို့ ခံစားရကြောင်းကို သိသော်လည်း ယင်းမင်ကျန်းရှေ့မှာတော့ ဘာလို့များ ထိုခံစားချက်များကို ခံစားနေရမှန်း နားမလည်နိုင်တော့ချေ။


ယင်းမင်ကျန်းက သူမ၏မှတ်ပုံတင်ကိုတောင်းကာ စတော့ဈေးကွက်အကောင့်ဖွင့်ပေးခဲ့သည်။ သူမက မငြင်းဆန်ပေ။


မျက်စိတစ်မှိတ်အတွင်း ဆောင်းရာသီပိတ်ရက်က ပြီးဆုံးသွားခဲ့ပြီး ကျောင်းပြန်ဖွင့်နေလေပြီဖြစ်သည်။


မြောက်ပိုင်းမှပြန်လာပြီးနောက်တွင် ရှုနဉ်သည် မစ္စချိုက်နှင့်အတူ အဘွားဖြစ်သူနှင့် အမျိုးများထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အမျိုးများအားလုံးထံသို့ လည်ပြီးနောက်တွင်တော့ အတန်းထဲမှ သူငယ်ချင်းများက တစ်ယောက်ပြီးတစ်ယောက် တွေ့ဖို့ချိန်းလာကြသည်။ ကျောင်းမခွင့်ခင်အထိ ဗီလိန်လေးနှင့်တွေ့ရန် အခွင့်အရေးတစ်စက်မှ မရခဲ့ပေ။


သူနှင့်တွေ့ရန် ဘယ်လိုသွားရမှန်းလည်း သူမသိချေ။


နောက်ဆုံးတွင်တော့ သူက ဗီလိန်ကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်ခဲ့မိပုံရသည်။


သူနှင့်နီးစပ်ဖို့ကြိုးစားလိုက်တိုင်း ရှုနဉ်က သူ့ကို စိတ်မကောင်းဖြစ်အောင် အမြဲလုပ်မိသွားသည်။ 


ရှုနဉ်က တကယ် အားအင်များ ကုန်ခမ်းလာရသည်။ သူနှင့် ဗီလိန်လေးက သဘာဝအလျောက် သဟဇာတမဖြစ်ကြပုံရသည်။ သူဘာပဲလုပ်လုပ် နှစ်ယောက်ကြား အကွာအဝေးကို မတားဆီးနိုင်ခဲ့ပေ။


ကျောင်းစဖွင့်ပြီးနောက် ရှုနဉ်က သူ၏အချိန်ပိုင်းအလုပ်မှ ပိုက်ဆံ အနည်းငယ်ရခဲ့သည်။ ပိတ်ရက်တုန်းက အမျိုးတွေဆီမှလည်း မုန့်ဖိုးတွေ အများကြီး ရခဲ့သေး၏။ 


ဒါတွေအားလုံးကို ထည့်ပေါင်းလိုက်မည်ဆိုလျှင် ဘီလီယံနာ အသေးစားလေး ထပ်ဖြစ်နိုင်ချေရှိသည်။ 


မစ္စချိုက်ကို ယွမ်ငါးထောင်ပြန်ပေးပြီးတာတောင် ဗီလိန်လေးကို ပျိုးထောင်ရန် ပိုက်ဆံများစွာက လုံလောက်တာထက် ပိုနေသေး၏။


ကျောင်းပြန်ဖွင့်သည်နှင့် ညွှန်းတမ်းစာအုပ်အသစ်များနှင့် အစားအသောက်များကို ဝယ်ယူရန် လိုအပ်လာသည်။ ရှုနဉ်က ကျိုးကျွမ်ကိုဖုန်းဆက်ပြီး သူ့ကိုပိုက်ဆံနှင့် စားစရာပေးပို့ရန်ပြောလိုက်သည်။ သူမကို စာရွက်ပေါ်တွင် လက်မှတ်လည်း ထိုးစေချင်သေး၏။


ယင်ချန်း၏ အဆက်မပြတ်ဖိနှိပ်မှုများ ကင်းမဲ့နေသောကြောင့် ကျိုးကျွမ်က စတင်၍ ပျင်းရိလာသည်။ သူမက အလုပ်မသွားတော့သည့်အတွက်ကြောင့် ရပ်ကွက်ထဲရှိ ရေကန်နားတွင်သာ ည ၇နာရီတွင်တွေ့ဖို့ ချိန်းလိုက်သည်။


ည ၇နာရီထိုးသည်နှင့် ရှုနဉ်က သူမကို အစားအသောက်များပေးပြီး စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းသည်။ သူမကို နွားနို့နှင့် ကယ်ဆီယမ်ဆေးပြားများလည်း ကမ်းပေးလိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။ 


“ယင်းမင်ကျန်းက အစားသေချာစားရဲ့လား နွားနို့သောက်ပြီး ကယ်ဆီယမ်ဆေးရော သောက်ရဲ့လား”


ကျိုးကျွမ်က ပြန်ပြောသည်။ “သောက်တယ် သောက်တယ် သောက်တယ် သူနေ့တိုင်း သောက်တယ်”


ရှုနဉ်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။


“ကောင်းပါပြီ နောက်တစ်ပတ် အင်္ဂါနေ့ကျရင်တွေ့မယ် ကျွန်တော်မလာနိုင်ရင် ကြိုပြောမယ်နော်”


ကျိုးကျွမ်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ”


ထို့နောက် နှစ်ယောက်သားက ကိုယ့်လမ်းကိုယ်ပြန်သွားကြသည်။ ရှုနဉ်က ချက်ချင်းပြန်လှည့်ပြီး ထွက်သွားသည်။ ကျိုးကျွမ်က နွားနို့နှင့် ဗီတာမင်များကို သူမ၏လက်ထဲတွင် ကိုင်ထားသည်။ သူမ၏ခြေလှမ်းများက အနည်းငယ် နှေးကွေးနေသည်။


ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရင်းနှီးသောအသံက သူမ၏အနောက်မှ ထွက်ပေါ်လာသည်။ 


“မာမား”


ကျိုးကျွမ်က လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ရပ်နေသော ယင်းမင်ကျန်းကိုတွေ့လိုက်ရသည်။ သူက အခုမှပြန်လာပုံရပြီး စာအုပ်ထည့်ထားသောအိတ်ကို ကိုင်ထားသည်။


သူအားလုံးကိုတွေ့လိုက်လား မတွေ့လိုက်လားဆိုတာကိုလည်း သူမ သေချာမသိချေ။


ကျိုးကျွမ်က ရှုနဉ်ပြန်သွားသောလမ်းအတိုင်း လှည့်ကြည့်လိုက်သည်။ ထိုကလေးလေးက သွားပြီဖြစ်၏။


“ကျွန်တော် ကူသယ်ပေးမယ်” ယင်းမင်ကျန်းက အနားရောက်လာသည်။


“အိုး ဟုတ်ပါပြီ” ကျိုးကျွမ်က သူ့ကို နွားနို့ဗူးလေး ပေးလိုက်သည်။


ယင်းမင်ကျန်းက နွားနို့ဗူးများကိုင်၍ သူမ၏ အရှေ့မှ လျှောက်နေသည်။ ကျိုးကျွမ်က ကြောက်ရွံ့စွာနှင့် သူ့အနောက်မှ လိုက်လာသည်။ 


“မင်ကျန်း…”


ယင်းမင်ကျန်းက ပြန်ဖြေသည်။


 “ဟင်”


ကျိုးကျွမ်က မမေးခင် အချိန်ယူ စဉ်းစားလိုက်သည်။ 


“အားလုံးကို တွေ့လိုက်လား”


ယင်းမင်ကျန်းက ပြန်ပြောသည်။ 


“ဘာကိုတွေ့တာလဲ”


စိုးရိမ်မှုကြောင့် ကျိုးကျွမ်က လိုအပ်သည်ထက်ပိုပြီး ရှင်းပြမိသွားသည်။ 


“ငါဒီဟာတွေကို သယ်ရတာ မနိုင်လို့ ရှုနဉ်က ခဏကူသယ်ပေးခဲ့တာ”


ယင်းမင်ကျန်းက ရေရွတ်လိုက်သည်။ 


“အင်း”


ကျိုးကျွမ်က သူ့မျက်နှာထားကို အနည်းငယ် လေ့လာလိုက်သည်။ သူ့မျက်နှာထားက မပြောင်းလဲတာကိုတွေ့သောအခါ သူမက ပူပန်မှုများကို လျှော့ချကာ ရယ်မောလိုက်သည်။ 


“လာ အိမ်ပြန်ကြရအောင်”


ယင်းမင်ကျန်းက စကားမပြောပေမယ့် သူ့မျက်ဝန်းများကမူ နက်မှောင်နေသည်။


သူအိမ်ပြန်ရောက်သောအခါ QQ ကိုဖွင့်၍ မှိုပုံတင်ထားသောအကောင့်ထဲသို့ ဝင်ကြည့်လိုက်သည်။ သူက အချိန်အတော်ကြာ နှုတ်ဆိတ်နေမိ၏။ 


သူဘာမှလည်း မပို့ပေ။


မည်သည့်သက်သေမှလည်း မရှိချေ။


ကျိုးကျွမ်က ထိုစားစရာများကိုဝယ်လာပြီး ရှုနဉ်ကို အကူညီတောင်းခဲ့ပုံရသည်။


အတွေးမလွန်နဲ့တော့…


ထိုပစ္စည်းတွေကိုပေးတာ ရှုနဉ်သာဆိုလျှင် ကျိုးကျွမ်အပေါ်ထားသည့် သူ၏ကျေးဇူးတရားများက ဘာဖြစ်သွားမလဲ။


ကျိုးကျွမ်၏အမြင်ထဲမှာ သူက ဘာဖြစ်နေခဲ့တာလဲ။


သူက အရင်ကတည်းက စွန့်ပစ်ခံထားရတာလား။


ယင်းမင်ကျန်းက လက်မခံနိုင်ဖြစ်နေသည်။


ကျိုးကျွမ်ကသာ သူ့ကို အမှန်တကယ် စွန့်ပစ်ခဲ့မည်ဆိုလျှင် သူက အမေမရှိ အဖေမရှိသည့် အမှိုက်စသာသာပဲဖြစ်လိမ့်မည်။


သူ့ကျေးဇူးတရား၊ သူ့ချစ်ခင်ကြင်နာမှုနှင့် အနာဂတ်အတွက် သူ့အိပ်မက်များအားလုံးသည် ကြီးမားသောပြက်လုံးကြီးတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။


သူက ဘယ်ကလာမှန်းမသိသည့်ကောင်ဖြစ်ပြီး ဘယ်သူမှမလိုချင်သည့် အမှိုက်စဖြစ်ကာ မတည်ရှိသင့်သည့်သူဖြစ်သွားလိမ့်မည်။ သူတကယ် သုံးစားမရသည့်သူဖြစ်သွားမည်ဖြစ်၏။ 


ရှုနဉ်က ဒီပစ္စည်းများကို ဒီနေ့ဝယ်လာပေးတယ်ဆိုရင်တောင်မှ အရင်က ပစ္စည်းတွေအားလုံးကလည်း ရှုနဉ်ဝယ်ပေးတယ်လို့ပြောလို့မရဘူးမလား။


မဟုတ်။ ကျိုးကျွမ်က သူ့ကို နှစ်သက်သည်။ 


သားအရင်းတစ်ယောက်လို မချစ်လျှင်တောင်မှ အခုထိ မေတ္တာရှိကာ နှစ်သက်ပေလိမ့်ဦးမည်ဖြစ်သည်။


ယင်းမင်ကျန်းက အသက်ပြင်းပြင်းရှု၍ ဖုန်းကိုချလိုက်သည်။ ထို့နောက် လပ်တော့ကိုဖွင့်ကာ ပရိုဂရမ် ဆက်ရေးနေလိုက်သည်။


ရပ်ကွက်ထဲမှ လူများ၏ ပိုက်ဆံကိုပြန်ပေးပြီးသော်လည်း ကျောင်းမှ လှူဒါန်းသည့် အလှူငွေ ယွမ်သုံးသောင်းကိုတော့ မပေးရသေးချေ။


သူပိုက်ဆံပြန်မပေးရမချင်း ရှုနဉ်၏ ခြေလှမ်းအောက်တွင်သာ ရှိနေဦးမည်ဖြစ်၏။


သို့သော်လည်း နှစ်ကူးပြီးသွားသည့်အတွက်ကြောင့် ပရိုဂရမ်မာများက အလုပ် အသီးအသီးပြန်လုပ်နေကြလေပြီဖြစ်သည်။ ဖိုရိမ်ပေါ်တွင် မည်သည့်အလုပ်ကမ်းလှမ်းမှုမှ မရောက်ရှိလာတော့သည့်အတွက်ကြောင့် အလုပ်ရှာရခဲယဉ်းလာသည်။


သူပိုက်ဆံရှာရန်အတွက် တခြားနည်းလမ်း စဉ်းစားရပေတော့မည်။


ယနေ့ဈေးကွက်ထဲတွင် ဘယ်လိုအလုပ်ဖြစ်နေကြောင်း သိနိုင်ရန် သရုပ်သကန်ဖန်တီးမှု ဆော့ဝဲကိုဖွင့်ကြည့်လိုက်သောအခါ အဆင်ပြေနေကြောင်းတွေ့ရသည်။ သူက ဒေတာယူရန်အတွက် သူကိုယ်တိုင်ရေးထားသည့် ပရိုဂရမ်ကို အသုံးပြုလိုက်သည်။ ထို့နောက် ဈေးကွက်ထဲတွင် နောက်ထပ်ခေတ်စားလာမည့်အရာများကို အကဲဖြတ်ရန်အတွက် ဒေတာကို စိစစ်လိုက်သည်။


နာမည်ကြီးသည့်ဝက်ဆိုက်များကနေ ပြည်တွင်းရော ပြည်ပတွင်ပါ လူအများ ရယူနိုင်မည့် ဆော့ဝဲကို သူကိုယ်တိုင်တီထွင်လိုက်သေးသည်။ ဒေတာကို တင်ပြီးသည်နှင့် ဆော့ဝဲကို ပြန်သိမ်းယူကာ အကျဉ်းချုပ်ပြီး ဒေတာများကို အမျိုးအစားခွဲနိုင်သည်။


ထို့နောက်မှသာ သူ့ဘာသာ ဒေတာထဲသို့ ဝင်နိုင်မည်။


အချိန်ခဏမျှ အသုံးပြုပြီးနောက်တွင်တော့ အလုပ်အရ အမှန်တကယ်ကို အသုံးဝင် အကျိုးရှိကြောင်း သူသိရှိသွားသည်။


ထိုအချိန်တွင် ကြီးမားသည့်စီးပွါးကုန်သွယ်မှု၊ ဆီ၊ ရွှေ၊ ငွေနှင့် ငွေကြေးစနစ်များက ဈေးကွက်တွင် ခေတ်ထလာသည်။ သူက ဈေးကွက်ကို စိစစ်ပြီး လမ်းကြောင်းလိုက်ဖို့ အချိန်ခဏကုန်ဆုံးခဲ့ရသည်။ မှန်သားပြင်ပေါ်တွင် မခိုင်မာသည့် မျဉ်းခုံးတစ်ခုကိုတွေ့သောအခါ ရုတ်တရက် ပြင်းထန်သည့် အလိုလိုသိစိတ်ရရှိသွားသည်။ ဆီဈေးက မကြာခင်တွင် တက်တော့မည်ဖြစ်၏။


ထိုကဲ့သို့ ထိုးထွင်းသိမြင်နိုင်စွမ်းက အလွန်အားကောင်းသည်။ 


သူအရင်က ဒီလိုမျိုး တစ်ခါမှမကြုံဖူးပေ။


သူ့ခေါင်းထဲက အသံများက ထိုသို့လုပ်ရန်ပြောနေသလိုနှင့်တူပြီး မလုပ်လျှင် နောင်တရလိမ့်မည်ဖြစ်ကြောင်းပြောကြားနေသလိုပင်။


ယင်းမင်ကျန်းက အနည်းငယ် မသေချာဟန်နှင့် မျက်မှောင်ကြုတ်လိုက်သည်။


တစ်ရက်လောက် တုံ့ဆိုင်းပြီးသည်နှင့် သူ့ခေါင်းထဲက အသံများက ပို၍အားကောင်းလာကာ အခွင့်အရေးက ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း သူ့ကိုပြောနေသည်။ နောက်ဆုံးတွင်တော့ သူ၏အသိစိတ်အတိုင်းလိုက်လုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူက တချို့ဆီဈေးကွက်များပေါ်တွင် ယွမ်သုံးသောင်းကို စတင်သုံးဖြုန်းလိုက်သည်။


ဆီဈေးကွက်က အရှိန်ပြင်းပြင်းနှင့် မြင့်တက်နေ၏။ ယင်းမင်ကျန်းက သူ့ခေါင်းထဲက အသံကို နောက်တစ်ကြိမ်ထပ်နားထောင်ပြီး ရောင်းချလိုက်ကာ ယွမ်ရှစ်ထောင် အမြတ်ရသွားခဲ့သည်။ သူက ဈေးကွက်ကို စုစုပေါင်း ယွမ်သုံးသောင်းရှစ်ထောင်ဖြင့်ရောင်းခဲ့၏။


သူ၏ပထမဆုံးအောင်မြင်မှုက သူ့ခေါင်းထဲမှအသံများက မှန်ကုန်ကြောင်း သိရှိနားလည်သွားစေသည်။


ထိုနည်းလမ်းက သူ့ကို မြန်ဆန်သည့်နည်းလမ်းဖြင့် ပိုက်ဆံရှာနိုင်ရန် အထောက်အကူဖြစ်စေခဲ့သည်။


သူက နိုင်ငံတကာကုန်သွယ်မှုအပါအဝင် ဒေတာအသေးစိတ်များကို ပြန်သိမ်းယူရန် ဆော့ဝဲနောက်တစ်ခုကို တီထွင်လိုက်သည်။ ထိုသို့ပြင်းထန်အားကောင်းသည့် ငွေကြေးကိစ္စများတွင်ပါဝင်ရန် သူ့ခေါင်းထဲမှပြောကြားသည့်အသံအတိုင်း လိုက်လုပ်ခဲ့ခြင်းဖြစ်သည်။


သူက ထိုစိတ်လှုပ်ရှားဖွယ်ကောင်းသောကစားနည်းကို ကြိုက်နှစ်သက်မှန်း သိရှိသွား၏။


သူဒဏ်ရာရပြီးစဉ်ကတည်းက သူ့စိတ်ခံစားချက်များက အလွန်မှုန်မှိုင်းနေခဲ့သည်။ သူ့စိတ်ဝင်စားမှုကို မြှင့်တင်ရန် နေရာတိုင်းတွင် အလွန်ခဲယဉ်းခဲ့သည်။ သူ့ခံစားချက်များအားလုံးကို ဆုံးရှုံးသွားပြီဟုထင်ခဲ့သော်လည်း အခုတော့ ယင်းက အရေးပါသည့်ကိစ္စမဟုတ်နိုင်ကြောင်းကို စတင်၍ အဖြေရှာတော့မည်ဖြစ်သည်။


ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းလေလေ သူ့နှလုံးခုန်သံများနှင့် သွေးကြောထဲမှ လှုပ်ခတ်မှုများကို ပိုခံစားရလေလေဖြစ်သည်။


သူစွဲလမ်းသွားသကဲ့သို့ပင်။ သူဖြစ်သွားသည့်ခံစားချက်များ၏ အရသာနောက်ကို လိုက်နေခြင်းဖြစ်သည်။


တစ်လလောက် တည်ငြိမ်အောင်လုပ်ပြီးသည်နှင့် ယွမ်သုံးသိန်းစုဆောင်းနိုင်ခဲ့သည်။


ယွမ်သုံးသိန်းဖြစ်သည်။ ထိုနှုန်းထားက သူတစ်ခါမှ အိပ်မက်ပင်မမက်ရဲခဲ့သည့် နံပါတ်ဖြစ်သည်။ သို့သော်လည်း သူ့အရှေ့တွင် အမှန်တကယ်ဖြစ်ပေါ်လာနေသည့်အခါကျတော့လည်း ကိန်းဂဏန်းသာသာပင်ဖြစ်ချေ၏။


အာ… အခု ငါ့မှာ ပိုက်ဆံရှိနေပြီ…


သို့သော် အရင်ကနှင့် သိပ်ကွာခြားမှုမရှိကြောင်းကို သူခံစားမိသည်။


ယင်းမင်ကျန်းက သူ့အကောင့်ကိုကြည့်နေမိသည်။ သူ့မျက်နှာပေါ်တွင် ခံစားချက်ဖြစ်ပေါ်သည့် သဲလွန်စပင် မတွေ့ရပေ။ နက်မှောင်သောမျက်ဝန်းနှစ်စုံက သလင်းကျောက်သကဲ့သို့ တည်ငြိမ်နေ၏။


သူ့တွင် ပျော်ရွှင်မှုများနှင့် ပီတိဖြာနေသည်ဟုထင်ခဲ့သော်လည်း ဘာမှမဟုတ်ချေ။ သူ့ခံစားချက်များက ယခုထိ ရေကန်ထဲမှ ရေသေလိုပင်ဖြစ်နေသည်။


အခြေချပြီးသည့်နောက် ကုန်သွယ်မှုကို သူရပ်တန့်လိုက်လေသည်။ သူက ကျိုးကျွမ်၏ကတ်ထဲသို့ ပိုက်ဆံထည့်လိုက်သည်။ ထို့နောက်မှ သူ့အကောင့်ထဲသို့ ပိုက်ဆံကို ပြန်လွှဲလိုက်သည်။ အတန်းထဲရှိ အဖွဲ့လိုက်စကားပြောခန်းတွင် သူကိုယ်တိုင်ရေးခဲ့သည့်ပရိုဂရမ်ကို အသုံးပြုကာ အားလုံးကို ချက်ချင်း ပိုက်ဆံပြန်ပေးလိုက်လေသည်။


အဖွဲ့လိုက်စကားပြောခန်းက လုံးဝ ပေါက်ကွဲမှုဖြစ်သွားရသည်။


[ယင်းမင်ကျန်း မင်းဘာလုပ်တာလဲ]


[အဲဲဲဒီပိုက်ဆံတွေက လှူတာလေ ချေးတာမှမဟုတ်တာ ဘာအတွက်ပြန်ပေးနေတာလဲ]


လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က အရင်ပေါ်ထွက်လာသူများဖြစ်သည်။


သူတို့၏စကားများက အတန်းဖော်များနှင့်အတူ ဟိန်းသွားခဲ့သည်။ 


[ယွမ်နှစ်ဆယ်ပဲဟာကို မင်းကတော့ ပြန်ပေးရလို့ ရှက်မှာမဟုတ်ပေမယ့် ငါကတော့ လက်ခံဖို့ အရမ်းရှက်မိတယ်]


[သူပြောတာမှန်တယ် ယင်းမင်ကျန်း မလုပ်ပါနဲ့]


ချမ်းသာသည့်အတန်းဖော်တစ်ချို့က ရေးကြီးခွင်ကျယ်လုပ်နေကြသော်လည်း အများစုကတော့ ပေါ်မလာကြပေ။


လှူဒါန်းခြင်းက အကျိုးဆောင်သောလုပ်ငန်းဖြစ်သော်လည်း တခြားအတန်းများက လှူပြီးကြပြီဖြစ်သည့်အတွက်ကြောင့်သာ အတန်းပိုင်ဆရာမက သူတို့ကို လှူစေချင်ခဲ့မှန်း သိသာသည်။ ထိုအခြေအနေများအောက်တွင် မလှူဒါန်းခဲ့လျှင် ထူးဆန်းနေလိမ့်မည်ဖြစ်၏။


မီးလောင်မှုဖြစ်သည်နှင့် ရန်ပုံငွေရှာဖွေပေးသူနှင့် အရင်စတင်ကြသည်။ ငလျင်လှုပ်သည်နှင့် ရန်ပုံငွေရှာဖွေပေးသူနှင့် အရင်စတင်ကြသည်။ နာမကျန်းသည့်ကလေးရှိသည်နှင့် ရန်ပုံငွေရှာဖွေပေးသူနှင့် အရင်စတင်တတ်ကြသည်။ မြေပြိုမှုဖြစ်သည်နှင့် ရန်ပုံငွေရှာဖွေသူနှင့် အရင်စတင်တတ်ကြသည်။ အာဏာရှိသည့်သူက စကားတစ်ခွန်းပြောလိုက်လျှင် လက်အောက်ငယ်သားများက အလှူအတန်းများ အသီးသီးလုပ်ပေးကြရသည်။


ထိုကဲ့သို့ ရန်ပုံငွေ ပေးကမ်းမှုများက ကျောင်းသားများသာမကဘဲ မိဘနှင့် ဆရာများကပါ စိတ်မသက်မသာဖြစ်ရသည်။ ပမာဏနည်းလျှင် ကျောင်းသားဖြစ်သူက သူတို့ကိုယ်ပိုင်စရိတ်ဖြင့် ပေးရသည်။ သူတို့၏ စရိတ်က နည်းနေလျှင် တိုင်ကြားမှုများရှိလာမည်မှာ မလွဲဧကန်ပင်ဖြစ်ချေသည်။


ထိုအကြောင်းအရာကို ဘယ်သူမှမပြောကြပေ။


အထူးသဖြင့် သာမာန်မိသားစုများကြားတွင်ဖြစ်တတ်သောကိစ္စဖြစ်သည်။ သူတို့၏ မုန့်ဖိုးများအတွက်ပါ ပို၍နာကျင်ရ၏။


အားလုံး၏အမြင်တွင် ယင်းမင်ကျန်းက အလွန်ထူးဆန်းနေသည်။ သူက လမ်းတကာကို သဝေထိုးပြီး လူဆိုးဂိုဏ်းဝင်လိုမျိုး ပြုမူခဲ့ဖူးသည်။ အရင်ကတော့ သူ့ဆံပင်က အဝါရောင်တောက်တောက်ဖြစ်သည်။ ထို့နောက် စူးရှသည့် ခရမ်းရောင်ဖြစ်သွားပြန်သည်။ သူလုပ်ခဲ့သည့်အရာများအားလုံးက အထူးအဆန်းသာဖြစ်သည်။ သူ့အဆင့်များကလည်း နည်းခဲ့ပြီး ပြစ်ဒဏ်ပေးခံရမှုများကိုလည်း ငြင်းဆန်ခဲ့သေးသည်။


ထို့နောက် သေမင်း၏ခံတွင်းဝတွင်ရောက်ခဲ့ပြီး ဆေးရုံတင်ခဲ့ရသည်။ သူကြုံတွေ့ခဲ့ရသည့်အရာများအားလုံးက သူ့ကို အလွန်သနားစရာကောင်းသောအလင်းတန်းများဖြင့် ရေးခြယ်သွားခဲ့သည်။ အားလုံးက တက်ကြွစွာဖြင့် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ကြသော်လည်း သူနိုးထလာသောအခါတွင် ကျေးဇူးတင်စကားမပြောခဲ့ပေ။


တခြားသူများသာဆိုပါလျှင် သူတို့ကိုယ်သူတို့ မျက်ရည်များဖြင့်ဖွဲ့စည်းထားသကဲ့သို့ ကင်မရာရှေ့တွင် ငိုနေလိမ့်မည်ဖြစ်ပြီး သူငယ်ချင်းများနှင့် အိမ်နီးချင်းများအား အဆက်မပြတ် ကျေးဇူးတင်နေလိမ့်မည်သာဖြစ်သည်။ သို့သော်လည်း ယင်းမင်ကျန်းကတော့ ထိုသို့မလုပ်ခဲ့ပေ။ သူက ကျေးဇူးတင်ကြောင်း တစ်ခွန်းတစ်လေပင် မပြောခဲ့ချေ။


သူ့ကို ဘယ်အရာများနှင့် ဖွဲ့စည်းတည်ဆောက်ထားသလဲဆိုတာ ဘယ်သူမှမသိချေ။ 


သူတို့တွင် သူ့ကိုညွှန်းဆိုရန် စကားတစ်ခွန်းသာရှိ၏– ထူးဆန်းတယ်။


အခုလည်း သူက ရုတ်တရက်ကြီး အားလုံးကို လျော်ကြေးပြန်ပေးနေသည်။


သူက ဘယ်လိုလူလဲဆိုတာကို သူတို့ပိုပြီး သေချာမသိနိုင်တော့ချေ။


ထို့အပြင်

ယွမ်သုံးသောင်းဆိုသည့်ပမာဏကို သူက ချက်ချင်း ဘယ်လိုလုပ်ရှာနိုင်ခဲ့ရတာလဲ။ ပိုက်ဆံကို ဘယ်ကရလဲဆိုသည်ကလည်း မေးခွန်းတစ်ရပ်ဖြစ်ပေ၏။


အတိုချုပ်ပြောရလျှင်တော့ ယင်းမင်ကျန်းနှင့်ပက်သက်သည့်အရာများအားလုံးက ထူးဆန်းပြီး စိတ်ရှုပ်ထွေးဖွယ်ကောင်းသည်။